Monday, April 10, 2023

မခြွေပါနဲ့ ... နွေ


 

❝ မခြွေပါနဲ့ ... နွေ ❞

( ၁ )

ပူပြင်း ခြောက်သွေ့တဲ့ အညာနွေ အောက် မှာ မိုး ကို မျှော် နေကြ တဲ့ ပုရစ်ဖူးစ အပင်တွေ က လည်း မြင်လေရာ တိုင်း မှာ ယိုင်ထိုးလို့ ။ နွေလယ် မိုးလေး ကျလာ ချိန် မှာ ရွက်သစ်ဝေ ဖို့ အားယူ နေခဲ့တဲ့ အပင်လေးတွေ ကို မြင်ရတာ နွေ ရဲ့ကျက်သရေ တစ်ခုပါပဲ ။ မန်ကျည်းပင် ၊ ကုက္ကိုပင် ၊ ညောင်ပင် စသည် တို့ ရဲ့ ရွက်နုလေးတွေ ကို ကျွန်မတို့ အညာ မှာ တော့ ဟင်း အဖြစ် ပြုတ်သုပ်စား ကြတယ် ။

အရသာလေးတွေ က စိမ့်ပြီး သိပ် ကို စား ကောင်းတဲ့ ရာသီစာ ဟင်းရွက်သုပ်လေး တွေ ပေါ့ ။ မောင် သိပ် ကြိုက်ခဲ့တဲ့ အစားအစာလေး တွေ ။ ဒီအချိန် ရောက်တိုင်း ကျွန်မ နှလုံးသားတွေ နာကျင်မျက်ရည် ဝဲ ရ စမြဲ ၊ အတိတ်တွေ ဟာ ဘာကြောင့် အတိတ် မှာ ပဲ ကျန် မနေခဲ့ပါလိမ့် မောင် ရယ် ။ ကျွန်မ မောင့် ကို သိပ် မုန်းတယ် ။

•••••   •••••   •••••   •••••

( ၂ )

အထက်အညာ ဒေသ လို့ လူ အများ သိကြတဲ့ စစ်ကိုင်းတိုင်း ဒေသကြီး အတွင်း က နယ်မြို့လေး နဲ့ မနီးမဝေး မှာ တည်ရှိတဲ့ ကျွန်မတို့ ရွာကလေး မှာ အိမ်ခြေ နှစ်ရာခန့် ရှိတယ် ။ ရွာကလေး ဆိုပေမယ့် ခေတ်မီဖွံ့ဖြိုး တဲ့ ရွာကလေး ပါ ။ အဓိက အသက်မွေးဝမ်းကြောင်း အလုပ် က တော့ လယ်ယာလုပ်ငန်း ကို လုပ်ကိုင် ကြတယ် ။ မိန်းမပျိုလေး တွေ အများစု က တော့ ရက်ကန်းချည်ထည် တွေ ရက်လုပ် ကြတယ် ။ အပူပိုင်း အညာဒေသ ဖြစ်လို့ မိုးခေါင်တာ လည်း များတယ် ။

ဒါကြောင့် ဝင်ငွေ ပုံမှန် ရတဲ့ ကွမ်း စိုက်ပျိုးခြင်း ကို လည်း လုပ်ကိုင်ကြတယ် ။ ရက်ကန်း ရက် တာ နဲ့ ကွမ်း စိုက်ပျိုးခြင်း က ကျွန်မတို့ ရွာသူရွာသား မိသားစုတွေ အတွက်တော့ ဘုရားပေးတဲ့ ဆုလဘ် တစ်ခု ပါ ။ ကျွန်မ နာမည် က မြထားညို ၊ ကျွန်မ အဖေ နာမည် က ဦးညို ၊ ကျွန်မ အမေ နာမည် က ဒေါ်ခင်ထား ၊ ကျွန်မ က တစ်ဦး တည်း သော သမီး ။ အဖေ နဲ့ အမေ က ကျွန်မ ကို အရိပ် တကြည့်ကြည့် သိပ် ချစ်ကြတာပေါ့ ။ ကျွန်မတို့ မိသားစု ဟာ ရွာမှာ သာမန် နေနိုင် စားနိုင် ရုံ အဆင့်ပဲ ရှိပါတယ် ။ အဖေ က စာပေဝါသနာ ပါ သူ ပီပီ ရွာ မှာ စာအုပ် အငှါးဆိုင်လေး တစ်ဆိုင် ဖွင့် ထားတယ် ။ အမေ က တော့ အိမ်ခြံဝိုင်း ထဲ မှာ ရာသီ ပေါ် စားပင် ၊ သီးပင်လေးတွေ စိုက်ပျိုး ကာ ရွာ ရဲ့ မနက်ခင်းဈေး လေး မှာ ရောင်းချ ရင်း ကျွန်မ တို့ နေ့စဉ် ဘဝ ကို ဖြတ်သန်း ကြတယ် ။ ကျွန်မ က တော့ အဝေးသင် မြန်မာစာ နဲ့ ဘွဲ့ရ ပြီး ပေမယ့် အဖေ နဲ့ အမေကို မခွဲနိုင်တာကြောင့် အိမ် မှာ ပဲ အဖေ့ စာအုပ်ဆိုင်လေး ကို ကူ ရင်း တစ်ဖက် က လည်း ရပ်ကွက် ထဲ က နွမ်းပါးတဲ့ ကလေး လေး တွေ ကို ပညာဒါန အဖြစ် စာ သင် ပေးတယ် ။ အဖေ ရော အမေ ပါ ပျော်နေကြတာ မြင်တော့ ကျွန်မ လည်း သိပ် ကို ပျော်ရွှင်မိတယ် ။

မောင် ကျွန်မတို့ ဘဝ ထဲ ကို ရောက် မလာခင် ချိန် ထိ အရာ အားလုံး ဟာ အေးအေးချမ်းချမ်း နဲ့ အဆင် ပြေ နေခဲ့ပါတယ် ။ စီးပွားဥစ္စာ မချမ်းသာ ပေမယ့် စိတ်အေးချမ်းသာစွာ နဲ့ ကျွန်မတို့ မိသားစုလေး ဟာ တကယ့် ပျော်ရွှင်မှုတွေ အပြည့် နဲ့ ပါ ။ မောင် နဲ့ အတူ လှည့်စားမှုတွေ ပါလာခဲ့ မှာ သိခဲ့ရင် ကျွန်မ မောင့် ကို ပတ်သက်ခဲ့ မိ မှာ မဟုတ်ဘူး ။ နောင်တ ဆိုတာ နောင် မှ ရ တတ်တယ် တဲ့ ၊ ခုချိန် မှာ တော့ အရာ အားလုံး ဟာ နောက်ကျ ခဲ့ပြီ ။ ဝေ့တက် လာတဲ့ မျက်ရည်တွေ ကို သိမ်းဆည်း ရင်း အာရုံတွေ က ဟိုး အတိတ် ဆီ သို့ ။

•••••   •••••   •••••   •••••

“ ထားရေ  ... ထား ”

“ အေး မိဝေ  ... ငါ အိမ်နောက်ဘက် မှာ လာခဲ့လေ ”

ကျွန်မ နဲ့ ဟိုး ငယ် ကတည်း က ကျောင်းနေဖက် သူငယ်ချင်း ဝေဝေ ရဲ့ ခေါ်သံ ကြောင့် အိမ် နောက်ဘက် စိုက်ခင်း မှာ ပေါင်းပင်တွေ ရှင်း ရင်း အသံ ပြု လိုက်တယ် ။

“ ထား ... နင် ဘာတွေ လုပ်နေတာလဲ ”

“ နင် က လည်း ဒီမှာ ငါ ပေါင်းပင် နှုတ်နေတာ မြင်သားနဲ့ ”

“ အေးပါဟယ် နင် ကလည်း စိတ်ချည်းပဲ ... ငါ နင့် ကို လာ ခေါ်တာ ”

“ ဟင် ဘယ်ကိုလဲ ”

“ နင် ဘာမှ မသိဘူးလား မိထား ”

“ ငါ က ဘာကို သိရမှာလဲ မိဝေ ရယ် ... စကား ကို လိုရင်းသာ ပြောစမ်းပါ ”

ကျွန်မ စိတ် မရှည်သလို ပြောလိုက် မှ မိဝေ လည်း မျက်နှာပိုး သပ်ကာ စကား ကို ဆက် တော့သည် ။

“ ဒီလိုဟ တို့ရွာ ဆေးခန်း အတွက် မြို့ ပေါ် က ဆရာဝန် တစ်ယောက် ချထား ပေးတယ် တဲ့ ၊ အဲဒါ အခု အဲဒီ ဆရာဝန်လေး တို့ရွာ ရောက် နေပြီ တဲ့ ”

“ ဟယ် ဟုတ်လား ... တို့ရွာ အတွက် ဝမ်းသာစရာပေါ့ ၊ တို့ ရွာ မှာ ဆေးခန်း ရှိပေမယ့် ဆရာဝန် မရှိလို့ ပိတ်ထား ရတာ အတော် ကို ကြာ နေပြီ မဟုတ်လား ”

“ အေးလေ အဲဒါကြောင့် ငါ က နင့် ကို သတင်းကောင်း လာ ပြောတာ ၊ ပြီးတော့ အဲဒီ ဆရာဝန်လေး က ငယ်ငယ်ချောချောလေး တဲ့ အဟိ ”

“ ဟွန့် မိဝေ နင့် အကြောင်း ငါ အသိဆုံး နော် .. ဒါမျိုးဆို သွက်လက် နေတာပဲ ။ ကိုယ့် ကိုယ် ကိုယ် မိန်းကလေး ဆိုတာ လည်း သတိထားဦး ”

ကျွန်မ ဟန့် လိုက်မှ မိဝေ လည်း မျက်နှာလေး တည် သွား ကာ -

“ အဲဒါ ငါတို့ အဲဒီ ဆရာဝန်လေး ကို သွား ကြည့် ရအောင် နင် လိုက် မလားလို့ လာ ခေါ်တာ ထား ရဲ့ ”

“ ဟယ် မိဝေ ရယ် သိက္ခာလေး ဘာလေး ထိန်းပါဦး ၊ တော်ကြာ နင့် ကို ကြောက်ပြီး ဆရာဝန်လေး ပြန် ပြေးမှဖြင့် တို့ ရွာလေး ဒုက္ခ ရောက် နေပါ့မယ် နော် ။ သွား ချင်ရင် နင် ဘာသာ သွား ငါ တော့ မလိုက်ဘူး ”

ကျွန်မ စကားကြောင့် မိဝေ တစ်ယောက် စိတ်ကောက် သွားတယ် ။ မျက်နှာကြီး သုန်မှုန် လို့ ခြေဆောင့် ပြီး ပြန် သွားတယ် ။

•••••   •••••   •••••   •••••

( ၄ )

“ ဦးလေး ကျွန်တော် စာအုပ် ငှါးချင်လို့ပါ ခင်ဗျ ”

“ ဪ အေး ... ရတာပေါ့ ငါ့ တူ ရဲ့ ၊ ဆိုင် ထဲ မှာ ကြိုက်ရာ စာအုပ် ဝင် ကြည့်ပါ ၊ ဒါနဲ့ ငါ့ တူကြီး ကို ဦးလေး တစ်ခါ မှ မမြင်ဖူးဘူး ၊ ဧကန္တ ဒီ ရွာ ကို အလည် လာတဲ့ ဧည့်သည် ထင်တယ် ”

“ ဟုတ်ကဲ့ ခင်ဗျ ကျွန်တော် ဒီ ရွာ ဆေးခန်း ကို တာဝန် ကျ တာပါ ၊ နာမည် က မောင်လင်းခန့် လို့ ခေါ် ပါတယ် ။ အုပ်ချုပ်ရေးမှူး က ဆရာလေး ပျင်းတဲ့ အခါ စာအုပ် ဖတ်ချင် ရင် ရွာနောက်ပိုင်း မှာ စာအုပ်ဆိုင်လေး ရှိတယ် ဆိုလို့ အဲဒါ မေးမြန်း ရင်း စာအုပ် လာ ငှါးတာပါ ”

“ ဟာ ဒါဆို ဆရာဝန်လေးပေါ့ ... အုပ်ချပ်ရေးမှူး အစည်းအဝေး ခေါ် တဲ့ နေ့ က ဦးလေး တို့ မိသားစု ခရီး လွန် နေလို့ အစည်းအဝေး မတက်လိုက် နိုင်တာ ။ ဒါကြောင့် ဆရာလေး ကို မသိ လို့မေး မိတာ စိတ် မရှိပါနဲ့ ကွယ် ”

“ ဟုတ်ကဲ့ ရပါတယ် ဦးလေး ရဲ့ ကျွန်တော် လည်း ရွာ အခြေအနေလေး ကြည့်ရင်း လူကြီးမိဘ ရွာသူရွာသား အားလုံး နဲ့ လည်း ရင်းနှီး နွေးထွေးစွာ နေချင် လို့ ပါ ”

“ ကောင်းပါလေ့ ဆရာလေး ရယ် ... ဟေ့ မိခင် ရေ ဒီမှာ ဆရာဝန်လေး ရောက် နေတယ် ထွက်ခဲ့ပါဦး ။ သမီးလေး ကိုလည်း ရေနွေးကြမ်းအိုး နဲ့ စားစရာ တစ်ခုခု လုပ်ခိုင်း ခဲ့ ပါကွယ် ”

အဖေ့ စကား သံ ကြောင့် အမေ က အိမ် အပြင် ဘက် ရောက်သွား နှင့် ပြီ ။ ကျွန်မ လည်း ရေနွေး ဖြည့် ကာ စားစရာ အဖြစ် ဟင်းရွက်သုပ် ကို တိုက်ပန်းကန်ပြား ထဲထည့် ၊ ဇွန်းလေး တပ် ကာ အိမ် အပြင် ဘက် က ကွပ်ပျစ်လေး ထံ ထွက်လာ ခဲ့တယ် ။

ကွပ်ပျစ် ထက် မှာ ထိုင် နေတဲ့ ပုံရိပ်ကလေး က ကျွန်မ အာရုံ ကို ချက်ခြင်း ဖမ်းစား သွားခဲ့တယ် ။ အသားအရေ က ကြည်လင် ဝင်းသန့်ပြီး အေးချမ်း တဲ့ မျက်နှာလေး ထက် က အပြုံးချိုချိုလေး ၊ အခိုက်အတန့် မင်သက် မိ သွားခဲ့ရတယ် ။ ရေနွေးကြမ်းအိုး နဲ့  ဟင်းရွက်သုပ် ပန်းကန်လေး ကို ချ ရင်း ကျွန်မ သူ့ ကို ပြုံးပြ လိုက် မိတယ် ။

•••••   •••••   •••••   •••••

( ၅ )

ဆရာလေး လင်းခန့် ကျွန်မ တို့ ရွာ ရောက် ပြီးမှ ရွာ က အရင်က ထက် ပို တိုးတက် လာ ခဲ့တယ် ။ ရွာသူရွာသား တွေလည်း ကျန်းမာရေး အသိတွေ ပိုမို သိရှိ လိုက်နာ နိုင်ခဲ့ကြတယ် ။ ရွာ အပေါ် မှာ ထားတဲ့ ဆရာလေး ရဲ့ မေတ္တာ စေတနာတွေ ကြောင့် ရွာ က ဆရာလေး ကို သိပ် တန်ဖိုးထား လေးစား သလို ချစ်မြတ်နိုး ကြတယ် ။ ဆရာလေး ရွာ ရောက်ပြီး သုံးနှစ် ပြည့် မှာ ကျွန်မ ကို ချစ်ခွင့် ပန် ခဲ့တယ် ။ ကျွန်မ လက်ခံ ခဲ့တယ် ။

အဲဒီနောက် ချစ်သူတွေ ဖြစ်ခဲ့ကြတယ် ။ ရွာ က လည်း ကျွန်မ တို့ အတွက် ဝမ်းသာ မဆုံး တပြုံးပြုံး ၊ အဖေ နဲ့ အမေ ဆို ပီတိတွေ နဲ့ ပြုံးချို လို့ ။

ဒီလိုနဲ့ ကျွန်မတို့ လက်ထပ်ကြ ဖို့ မောင် က ကျွန်မ မိဘတွေ ထံ ခွင့်ပန်တယ် ။ အဖေ က ရပ်ရွာ လူကြီး မိဘတွေ နဲ့ နေ့ကောင်း ရက်သာ ရွေးကာ ကျွန်မ တို့ မင်္ဂလာပွဲ အတွက် စီစဉ် ပေးပါတယ် ။

“ ဦးလေး ကျွန်တော် မန္တလေးဆင်း ပြီး ဖေဖေ နဲ့ မေမေ ကို ခေါ် ရင်း လိုအပ်မယ့် ပစ္စည်းလေးတွေ သွား ဝယ်ချင်တယ် ။ မေမေ က လည်း မင်္ဂလာဆောင် အတွက် ပစ္စည်း စာရင်းတွေ လိုမှာ စိုးလို့တဲ့ ခေါ် နေတာ ဖိန်းနွှဲခါ မင်္ဂလာပွဲ ဆိုတော့ ကျွန်တော် သန်ဘက်ခါ ပြန်ဆင်း လာခဲ့မယ် ”

“ ဟုတ်ကဲ့ပါ ဆရာလေး ရယ် ... အမြန်သာ ပြန်လာခဲ့နော် ”

“ စိတ်ချပါ ဦးလေး ”

“ ညို  ... မောင် အချိန်မီ ပြန်လာခဲ့မယ် နော် ”

“ အင်းပါ ညို စောင့်နေမယ် ”

ကျွန်မ ကို ကတိတွေ ပေးခဲ့ ပေမယ့် တကယ်တမ်း ကျ ကျွန်မ ထံ မောင် ပြန်ရောက် မလာခဲ့ပါဘူး ။ မြို့ မှာ နယ်ပယ်တူ ဆရာဝန်မလေး တစ်ယောက် နဲ့ လက်ထပ် လိုက်တယ် ဆိုတဲ့ သတင်း က သာ ရောက် လာ ခဲ့တာပါ ။ မောင် သိပ် ကို တော်ခဲ့တယ် ။ ကျွန်မ ရဲ့မာနတွေ သိက္ခာတွေ ကို ချနင်း ပစ် ခဲ့တယ် ။ ကျွန်မ ဆီ ကို စာလေး တစ်စောင် နဲ့ ဖြေသိပ် ခဲ့တယ် ။

“ အရာအားလုံး အတွက် မောင် တောင်းပန်ပါတယ် ” တဲ့လား ။

•••••   •••••   •••••   •••••

( ၆ )

နွေ မှာ မောင် နဲ့ ဆုံခဲ့တယ် ။ နွေ မှာ ကျွန်မ နာကျင်ခဲ့ ရတယ် ။ နွေ ကြောင့် ပဲ .. မျက်ရည်ပူတွေ ခဏတိုင်း ကြွေခဲ့ရတယ် ။ ဖြေရှင်းမှု ကင်းမဲ့ တဲ့ စာ တစ်စောင် နဲ့ နွေ မှာ ကျွန်မ ကျန်ခဲ့ရတယ် ။ ပင်ယံ ထက် က ဥဩသံ ဟာ ကျွန်မ နှလုံးသား မှာ သာ၍ ကွဲအက်စွာ ။

◾မေပျို

📖 နှလုံးသားဖြင့် စီရင်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment