Thursday, April 27, 2023

မန်ကျည်းရွက် သုတ်သော နေ့


 ❝ မန်ကျည်းရွက် သုတ်သော နေ့ ❞


ဥသြတွန်သံ ချိုချိုမြ ကြောင့် နွေ သည် ပူသည် မထင်ရ ။ 


မန်ကျည်းပင်ရိပ် တွင် ပုံ ထားသော လက်ကျန် ကောက်လှိုင်းများမူ မည်သို့ နေမည် မသိ ။ ကိုင်၍ မရ အောင် ကြွပ် နေပြီလား ၊ ကျွမ်း နေပြီလား ရီးဆေးရိုး မမှန်းဆ တတ် ။ လူ မူ နေစရာ မရှိ ။ မန်ကျည်းပင် အောက် လည်း ပူသည် ။ အိမ် အောက် လည်း ပူသည် ။ ကုက္ကိုပင် အောက် လည်း သက်သာရာ မရ ၊ နေ့လယ် လောက် တွင် နေ ပူ လျှင် နေဝင်ချိန် ၌ သက်သာတန် ကောင်း၏ မျှော်လင့်သော်ငြား အပူ မလျော့ ။ ညဉ့် ဦး တွင် အအေးဓာတ် မဝင်သော် ငြား လင်းကြက် တွန်ချိန် ကလေး တစ်ချက် မူ သက်သာတန်ရာ ၏ မျှော်ကိုး ၏ ။ ဖြစ် မလာ ။ တစ်ဆက်တည်း တစ်စပ်တည်း ပူ နေ သည် ။ သည်မျှ အပူ ကဲ နေစဉ်တွင် ဥသြတွန်သံ ချိုချို မြ သည် လေးထပ်ကျောင်း ထန်းတော ဘက် မှ ပျံပဲ လာ ၏ ။ အပူ သည် ချက်ချင်း လျှောညှို့ သွားလေသည် ။ 


ရီးဆေးရိုး သည် နွားစာ စဉ်း ရန် နန်းတိုင်ဘေး ရောက် နေပြီး ဓား ကို တစ်ဖက် ၊ ကောက်ရိုး ကို တစ်ဖက် ဆုပ်ကိုင် ထား မိပြီ ၊ သို့သော် မစဉ်းဖြစ်သေး ။ ဥဩ တွန်သံ တွင် မိန့်မူး နေ မိသည် ။ ဆွတ်ပျံ့ သာမောသော

ဥသြ တွန်သံ ကြောင့် နွေ သည် ပင် အပူ ယုတ်လျော့ သွားပြီ ထင် နေဆဲ ။ စီခနဲ စီခနဲ အိမ်ပတ်ဝန်းကျင် မှ အသံများ ထွက်လာ၏ ။ ရင်ကွဲကောင် ( ပုစဉ်းရင်ကွဲ ) တို့ ၏ အသံများ ဖြစ်သည် ။ ရီးဆေးရိုး မျက်နှာ ရှုံ့မဲ့ မိ သည် ။ ပူအိုက်ခြင်း သည် ဆတက် ထမ်းပိုး တိုး လာ ရုံ သာ မက စိတ်ပါ ညစ်ညူးရလေတော့၏ ။ 


“ ဒီကောင်တွေ သေတော့မှာပဲ ”


ပူလောင်ခြင်း ကို တိုးမြှင့် ပေး သော ထို သတ္တဝါ သည် ကြီးကြီးမားမား မဟုတ် ။ ယင်မမည်းရိုင်း အရွယ် ၊ မှက် အရွယ် မျှ သာ ရှိသည် ။ အကောင် သေး သလောက် အသံ ကျယ်သည် ။ စူးသည် ။ လိုက်လံ ရှာဖွေရန် မလွယ် ။ လူ လာ လျှင် အသံ တိတ်သွား၏ ။ နေ တော့ လည်း နေရာ အနှံ့  ၊ ကင်ပွန်းခါးပင် အပွေး ကြား တွင် ရှိမည် ။ မန်ကျည်းခေါက် နှင့် တစ်ရောင်တည်း တစ်သွေးတည်း ကပ်နေမည် ။ ချောင်းကမ်းပါး က သင်္ဘော မန်ကျည်းပင် တွင် လည်း ရှိကြလိမ့်မည် ။ သို့ကြောင့် သူတို့ ကို လိုက်လံ ရှာဖွေ ကာ ဖယ်ရှား ပစ် လိုသည့် အကြံ ကို ရီးဆေးရိုး လက်လျှော့ လိုက် ရသည် ။ ကောက်ရိုးဆုပ် ကို နန်းတိုင် ခွကြား သို့ အစွန်းထွက် ရုံမျှ ထိုး သွင်းကာ စတင် စဉ်းသည် ။ သုံးချက် သာ ခုတ်ရ သေးသည် ။ ချွေးပြိုက်ပြိုက် ကျလေပြီ ။ နဖူး ၊ ပခုံး ၊ ရင်ဘတ် ၊ လက်မောင်း တို့ မှ တစ်ပြိုင်တည်း ယိုစိမ့် လာသော ချွေး ။


ရီးဆေးရိုး နား လိုက်ရ၏ ။ သည်မျှ ပူလောင်သော အခါ မိုး ကို မျှော် ကြည့် ကြသည်မှာ ဓမ္မတာ ပင် ။ ရီးဆေးရိုး လည်း ချောင်းပြင် ဖွေးဖွေး ပေါ် အုပ်ဆိုင်း ဖိ ထား သော မိုးပြာပြာ ကို မျှော် ကြည့် မိသည် ။ တိမ်ဖြူ ကလေး ကြက်မ တစ်ဝပ်စာ သော် မျှ မရှိ ။ ရမ်းဘိုကုန်း ရွာ ဆီ သို့ လေ ဖြစ်စေ ၊ မိုး ဖြစ်စေ စုဆောင်း ပေးပို့ လေ့ ရှိသော စနေထောင့် သို့ လှမ်း ကြည့်ပြန်၏ ။ ကြည်လင်ဘိသည့် စနေ ထောင့် ။ တိမ်လိပ် ဆင် လာမည့် အရိပ်အယောင် သော်မျှ မမြင် ။ ကြည့်ရင်း ကြည့်ရင်း ရီးဆေးရိုး စိတ် ထဲ တွင် ပို၍ ပူအိုက် လာသည် ထင်၏ ။ ယင်းသို့ ငေး ကြည့်နေစဉ် တွင် တိမ်မည်းမည်း တစ်စ သည် သူ့ မြင်ကွင်း ထဲ သို့ ဝင် လာသည် ။ 


“ အင်း မဆိုးဘူးဟ ” 


တိမ် သည် တိမ် အဖြစ်ပင် နေဦး ၊ မိုးရည်မိုးစက် တစ်ပေါက် တစ်စက် မျှ ရွာ မချချင် နေပါစေ ။ တိမ် တောင်တိမ်လိပ် တိမ်စိုင်တိမ်ခဲများ အဖြစ် ဖြင့် ပျံ့လွင့် နေ လျှင်ပင် တော်လှပါပြီ ။ အပူ သက်သာရာ သက်သာ ကြောင်း ကို သည် တိမ်တွေ က ကူညီသည် မဟုတ်လား ။ 


“ ဟေး ဆေးရိုး ”


ရီးဆေးရိုး ဝိုင်းဝ သို့ ငဲ့စောင်း ကြည့်၏ ။ ဦးဘသောင်း ဖြစ်၏ ။ ရီးဆေးရိုး နှင့် ကျောင်း နေဖက် အသက် ၆ဝ ကျော် သည် အထိ အရက် တမြမြ ရှိ နေဆဲ ဦးဘသောင်း ။


ရီးဆေးရိုး သည် ကျောင်းနေဖက် ပေမင့် ၊ ငယ်သူငယ်ချင်း ပေမင့် ဦးဘသောင်း ရောက် လာသည် ကို မနှစ်မြို့လှ ။ အရက်သမား ပီပီ ပေါက်ပန်းဈေး ပြော သည် ။ ထမင်း စား ချိန်မှန်း ဘာမှန်း မသိ ။ လေ ရှည် နေ လေ့ ရှိသည် ။ ဧည့်သည် ကို တန်းလန်း ထားပြီး ရီးဆေးရိုး စိတ် မရဲ ။ အားနာသည် ။ ထမင်း စား နေခိုက် တွင် ဧည့်သည် စောင်သည် ရောက် လာလျှင်ပင် ‘ ထမင်း စားပါဦး ’ ခေါ် ရသော ယဉ်ကျေးမှု အစဉ်အလာ ရှိ ရာ ရီးဆေးရိုး သည် ဦးဘသောင်း အား ထိုသို့ လည်း မခေါ် ဝံ့ ။ မတော်တဆ တကယ် ဝင် စား လျှင် မည်သို့ လုပ် မည်နည်း ။ သည့်အပြင် ရီးဆေးရိုး အကြောက်ဆုံး မှာ အရက်ဖိုး ပိုက်ဆံ ချေးငှားမည့် ၊ တောင်းရမ်းမည့် ကိစ္စ ပင် ဖြစ်သည် ။ ထို့ကြောင့် ဦးဘသောင်း အား ရီးဆေး ရိုး မနှစ်မြို့ ။ စိတ် ထဲ မှ သဘော မကျသော်ငြား “ ဟေး ဘသောင်း ပါလား ၊ ဘယ်က လှည့်လာလဲ ” ဟု ဖော်ရွှေ သံ ဖြင့် တုံ့ပြန်၏ ။


“ ဟိုဘက်ပိုင်း က ပြန် လာတာပါကွာ ။ မင့် မြင်တာနဲ့ ”


“ မတွေ့တာ ကြာလို့ မင့် ကို သေပြီ ထင် နေတာ ။ အခုတော့ မသေသေးဘဲ ကိုး ။ ခုနစ်ရက် သားသမီး စိတ်ညစ်လှပြီ ၊ မသေသေးဘူးလား ” 


ခပ်မှန်မှန် နေ လိုက်မည် တင်းထား ငြား ရီးဆေးရိုး သူ့ ပါးစပ် သူ မထိန်းနိုင် ။ ငယ်သူငယ်ချင်း ကို တွေ့ရ သောအခါ ငယ်ကျင့် က သိက္ခာ ဣန္ဒြေ ဝတ်ရုံ ကို ဆုတ် ဖြဲကာ ထွက် လာ၏ ။


ဦးဘသောင်း တဟဲဟဲ ရယ်လိုက်ကာ “ သေမင်း က သူ သောက်တဲ့ အရက်တွေ လု သောက်မှာ စိုးလို့ မခေါ်ချင်ဘူး တဲ့ ကွ ” ပြန် ပြောလိုက်ရာက “ ဟ ခုထက် ထိ ကောက်လှိုင်းတွေ ဘာ လုပ်ထားတာလဲ ဟ ” မေး သည် ။


“ ပျင်းနေတာပေါ့ကွ ”


“ ဖြုန်းခနဲ မိုးရွာ လို့ ဟုတ်ပေ့ ဖြစ်နေမယ်နော် ” 


“ အေးကွာ ဟုတ်ပါရဲ့  ၊ ဒါလေး လက်စသတ်ဦးမှပါ ”


သုံးလေးချက် ခုတ်ထား လက်စ ကောက်ရိုးဆုပ် နှင့် ဓား ကို နန်းတိုင် တွင် သည် အတိုင်း ချ ထား လိုက်ကာ ရီးဆေးရိုး ထ ၍ ပုဆိုး ပြင် ဝတ်သည် ။ ဦးဘသောင်း လည်း ရီးဆေးရိုး ရွေ့လျားရာ သို့ လိုက်ပါ လာ၏ ။ 


ဆွမ်းခံ ပင် မဝင်သေး ။ ရီးဆေးရိုး လည်း မည်မည် ရရ ဘာမျှ မလုပ်ရသေး ။ သို့ရာတွင် မွဲညိုရှုံ့တွဲ နေ သော ကျောပြင်ကြီး ၌ ချွေးစက်ချွေးပေါက်များ ရွှဲနေပြီ ။ ရှုံ့တွ ပိန်ခွက် နေ သော ရင်ဘတ် တွင် လည်း ချွေးစို့ ကလေးတွေ သံမှို နှက် နေသည့် အလား စီ နေ ချေပြီ ။


ရီးဆေးရိုး တို့ အိမ်ဝိုင်း မှာ တလင်း လုပ်လောက် အောင် မကျယ်ဝန်းပေ ။ ယင်းသို့ မကျယ်ဝန်းပါပဲ လျက် ယခု အိမ်ဝိုင်း ထဲ တွင် တလင်း လုပ် ထား၏ ။ ရီးဆေးရိုး တို့ အိမ်ဝိုင်း သည် ရှေးရိုးစဉ်လာ စပါးနယ် သော နည်း ကို အသုံး ပြုသော တလင်း ပြုလုပ်ရန် အတွက် မူ လုံလောက်ခြင်း ၊ ကျယ်ဝန်းခြင်း မရှိပေ ။ ယနေ့ နည်း အရမူ တလင်း လုပ်၍ ဖြစ်၏ ။ ကောက် လှိုင်း ပုံစရာ နေရာ သာ ရှိ ၊ တလင်း လုပ် လောက်သည် ။ ရှေးနည်း က နွား ဖြင့် နယ်ရသည် ။ ကောက်ပြန့် ပြန့် သော နေရာ အကျယ်အဝန်း ပင် ' တစ်စိတ်စိုက် ’ လောက် နေရာ ကုန်သည် ။ ပြီးတော့ ခေတ် ကလည်း ရှိ သေး၏ ။ စပါး ပြီးလျှင် ဘာမျှ မလုပ် ဟု ဆိုလောက်သော ခေတ် ဖြစ်ရာ ၊ စပါး နယ်ရာ တွင် နွား ပင်ပန်းမည် မစိုးရိမ်ရ ၊ ဖြည်းဖြည်းအေးအေး နယ်မည် ။


ဟော စပါး အပြီး တွင် ချည်မျှင်ရှည် ဝါ က ကျော နား မှာ ကပ်ပြီး ပါ လာသော အခါ နွား အတွက် သက် သာရာ သက်သာကြောင်း လမ်း ရှာသည် ။ နည်း ရှာ သည် ။ နည်း တွေ့သည် ။ မခက် ။ ရိုးရိုးကလေး ။ ရှင်း ရှင်းကလေး ။ လှည်းဘီး ကို ပက်လက် လှန် ထားကာ ငြိမ်အောင် သစ်တုံး ခု ထားပြီး စပါးစေ့ ရိုက် ခြွေသော နည်းဖြစ်သည် ။


သည် နည်း မှာ ပဝေသဏီ ကတည်း က ရှိ သော နည်း ။ ပေါ်ဦးပေါ်ဖျား ကောက်သစ် ကို အမွန်အမြတ် လှူဒါန်းရန် အတွက် လယ် ထဲ တွင် ‘ တံစဉ်ကိုင် နတ်ပြည်မွှေး ’ စသည့် ‘ ဝက်သဆီ ’  စသည့် ၊ ‘ ငချိပ် ’ စသည့် ကောက်ညှင်းများ လယ်ကွက်သေးသေး တွင် စိုက်ခဲ့ကြ သည် ။ အခြား စပါးများ ဖုံးချိန်လုံးချိန် တွင် ကောက်ညှင်းစပါး က ရင့်မှည့်ပြီ ။ ကောက်လှိုင်း သယ်ရန် လှည်းလမ်း က မပေါက်သေး ။ အကြောင်း မဟုတ် ၊ သည်အချိန် တွင် အချို့ လယ်သမားများ ကောက်ရိုး ကုန်ပြီ ။ သူတို့ သည် ကောက်ညှင်း ပေါ် သော လယ်သမား ထံ တစ်ရိတ် တစ်ထမ်း လာရောက် တောင်းရမ်းကြ ကာ ရိတ်နိုင် သလောက် ရိတ်ပြီး ကောက်ညှင်းရှင် လယ်သမား အိမ် သို့ သယ် လာ ကြသည် ။ ကောက်ညှင်းရှင် သည် ရိုင်ပတ် ပတ် ကာ လှည်း မှ ဘီး ကို ချွတ်ပေး လိုက်ရုံသာ ရှိ၏ ။ သူ တစ်ချက် ငါ တစ်ချက် ရိုက်ခါပြီး အစိုဓာတ် အချိုဓာတ် မကုန့် တကုန် ကောက်ညှင်း ကောက်ရိုး ကို ရွက်ကာ ပိုးကာ ပြန် သွား ကြ လေ၏ ။ အခြေအနေ က တောင်းဆို လာ သော အခါ ယနေ့ ပြန် ပေါ် လာရသည် ။ ဝါထွန်ရေး အတွက် နွား အားမွေးချိန် ရစေရန် ရီးဆေးရိုး တို့ ကြံဆ ရာ မှ ထွက်ပေါ် လာသော ငယ်မူပြန် တစ်သစ် ဆန်း ။


မန်ကျည်းပင် ရင်း တွင် ကောက်လှိုင်း များများ မရှိတော့ပါ ။ သို့သော် မိုးရိပ်လေရိပ် ကြောင့် ရီးဆေးရိုး မပျင်းသာ ။ ပုတ် ရပြီ ။ သူ့ ခါးခန့် အမြင့် ခန့်တွင် တန်း ပစ် ထားသော ပျဉ်ပြား ပေါ် သို့ လှိုင်းဝက် တစ်ကိုင် ကို လွှဲကာ လွှဲကာ ပုတ်ခြွေ လိုက်သည် ။ စပါးစေ့များ သည် ဖျောခနဲ ဖျောခနဲ ရိုင်ပတ် ကို ပြေး မှန်ကြ၏ ။ အချို့

စပါးစေ့များ မူ ရီးဆေးရိုး ၏ ပလွေရိုး ခြေသလုံး ကို စပ်ဖျဉ်း နာကျင်အောင် ထိမှန်ကြ၏ ။ တစ်လှိုင်း ၏ တစ်ဝက် ‘ တစ်ကိုင် ’  ကို သုံးကြိမ် မျှ နေရာ ပြောင်းပြီး ပုတ် လိုက်လျှင် စပါးစေ့များ စဉ် သွား တော့သည် ။ 


“ ကဲ မင်း လည်း စပါး ပုတ်ကွာ ။ ငါ လည်း မန် ကျည်းရွက် တက် ခူး လိုက်ဦးမယ် ”


ဦးဘသောင်း သည် တစ်အောင့် မျှ ရပ် နေ ပြီးနောက် မန်ကျည်းပင် ကို မော့ ကြည့်လိုက်သည် ။


“ ဟေ့ကောင် ဟေ့ကောင် ၊ ဟုတ်မှ လည်း လုပ်ပါ ကွာ ။ မတော်တဆ ခြေချော် လက်ချော် နဲ့ လိမ့်ကျ မှ ဖြင့် သေတော် ခေါ်နေပါ့မယ် ကွာ ”


“ မင်းပါးစပ် ရေဆေး ပစ်လိုက်စမ်း ။ ခွေးပါးစပ် ဝက်ပါးစပ် ၊ ပါးစပ်ပုပ် ပါးစပ်ယုတ် ”


“ အိမ်ဝိုင်း ထဲ တစ္ဆေ ခြောက် မှာ စိုးလို့ ပြော နေတာ ”


ဦးဘသောင်း ပြန် မပြောပြီ ။ တက်စရာ နေရာကို လှည့်ပတ် ရှာရင်း ပုဆိုးတိုတို ဝတ်သည် ။ ခါးပိုက်ထောင့် အကြီးကြီး လုပ်သည် ။ သည် ခါးပိုက်ထောင့် ကြီး ကြည့် ကာ ရီးဆေးရိုး ရယ်မော၏ ။ ရယ် လည်း ရယ်စရာ ပါ ပေ ။ ပုဆိုးစ သည် ပေါင်လယ် သို့ ရောက် နေကာ ခါးပိုက်ထောင့် မူ ဒူးခေါင်း ထိ အောင် တွဲကျနေ

၏ ။


“ မန်းကျည်းရွက် ဖြင့် ဘယ် မှာ နေမှန်း မသိသေး ဘူး ။ ခါးပိုက်ထောင့် လုပ် တာက အရင် ကိုး ကွ ။ သစ်ပင် ပေါ် ရောက် မှ လုပ်တော့ ဘာဖြစ်လဲ ” 


“ အသာ နေစမ်းပါကွာ ”


ဦးဘသောင်း သည် လက်ယမ်း ပြရင်း ပင်စည် ကို ဖက်ကာ ခြေကန် ၍ စတင် တက်သည် ။ သို့သော် ထို အပင် သည် သည် အိမ်ဝိုင်း တွင်း ရှိ မန်ကျည်း သုံးပင် အနက် မှ အလယ် ပင် ဖြစ်နေ၏ ။ သို့ကြောင့် ရီးဆေးရိုး မှာ ကပျာကယာ သတိ ပေး ရပြန်၏ ။ 


“ ဟကောင် အဲဒါ အချိုပင်ကြီး ကွ ”


“ စောစောက ပြောပါတော့လား ကွ ”


ခွကြား ကို လက် လှမ်း ကိုင် မိ မှ ပြော သဖြင့် ဦးဘသောင်း ခုန်ချ ရ ကာ စိတ်ဆိုးမာန်ဆိုး ဖြင့် ဆဲသည် ။ 


“ အကောင်း လည်း ပြောရသေး ။ မပြောဘဲ နေ လိုက်ရ ကောင်းသား ”


သို့စဉ်တွင် ဦးဘသောင်း တောင်ဘက်ဖျား အပင် ရင်း သို့ ရွှေ့သွား၏  ၊


“ အဲဒီအပင် က “ ပနီ ” ကွနော် ၊ မပြော မရှိနဲ့ ” 


သို့ပါလျက် နှင့် ရီးဆေးရိုး အဆဲ ခံရ မလွတ် ။ 


“ ခုနက ဘာပြုလို့ တစ်လက်စတည်း မပြောလဲ ” 


ရီးဆေးရိုး ရယ်မောရ တော့သည် ။ မန်ကျည်းပနီ မှာ အခြား မန်ကျည်းမျိုး ထက် အခေါက် ပို နီသည် ။ အရွက် ပို နီ သည် ။ အရွက်ရော အသီးပါ အဖန်ဓာတ် ပါသည့် အတွက် နားလည်သူ များ ရှောင် ကွင်းသည် ။ ကိုင်းခြောက်များ ၊ သီးပုပ်များ တဖွဲဖွဲ ကျ လာစဉ်တွင် ရီးဆေးရိုး ဆက်လက်ပြီး စပါး ပုတ်သည် ။ ပုတ်ပြီးသား ကောက်လှိုင်းများ ကို အလှိုင်း ဖြစ်အောင် ပြန်လည် စည်းနှောင်သည် ။


“ ဆွမ်းတော် ခင်ဗျာ့ ”


ဘာလိုလို နှင့် ဆွမ်းခံ တောင် လာပါပေါ့လား ဟူ သော အသိ နှင့် အတူ လင်း ကတည်း က ဘာမျှ ဟုတ် ဟုတ် ဟတ်ဟတ် မလုပ်ရသေးပါကလား ဟု သတိ ရ လာ၏ ။ သို့သော် ဆွမ်းရပ်သံ ကို ရီးကျီးဒန် ကြား မှ ကြားပါလေစ ဟု အိမ် ပေါ် သို့ မျှော် ကြည့်၏ ။ ပန်းကန် ဆေးသံ ဟု ထင် ရသော ရေသံ ကြား ရသည် ။ ဆွမ်းခူး အပြီး တွင် ယောက်မ ကို ရေအင်တုံ ပေါ် ပစ်ချသံ ထင် ရသော ယောက်မ ကျ သံ လည်း ကြားရငြား နင်း လျှောက် လာသံ ချိုးချိုးချွတ်ချွတ် မျှ မကြား ။


“ ကျီးဒန် ဆွမ်း ရပ်နေတယ် ဟ ”


အိမ် ပေါ် သို့ လှမ်း ပြော နေရာမှ တစ်ဆက် တည်း အိမ်ဝိုင်းဝ သို့ မျက်နှာ လှည့်ကာ “ ရပ်တော်မူပါဦး ဘုရား ” အော် လိုက်သည် ။ အော်ပြီး ကာ မှ ပင် ဆွမ်းရပ် ဆွမ်းအော်သူများ ထဲ တွင် ရီးဆေးရိုး ရိုသေရမည့် ရဟန်းသာမဏေ မပါသည် ကို မြင် ရ၏ ။ ရှေ့ဆုံး က အဖုံး ပါသော သပိတ် ကို ပိုက် ထားသည့် ကျောင်းသား နှင့် အဖုံး မပါသော သပိတ် ကို တံတောင်ဆစ် ကွေး ပြီး ထမ်း ထားသော နောက်လိုက် ကျောင်းသား သုံးယောက် ဖြစ်သည် ။


“ ကျီးဒန် ကြားလား ဟ ” 


ထပ်မံ အော်ငေါက်တော့ မှ “ ကြားပါတယ်တော် ၊ အရေးထဲမှာ ပန်းကန် မှောက်ကျ နေလို့ပါ ” အောင့် အောင့် အည်းအည်း ပြောသံ ကြားရ၏ ။ ရီးကျီးဒန် ထွက် လာလျှင် ကပြင် မှ ဆီး ယူကာ လောင်း ရန် ရီးဆေးရိုး ကပြင် အစပ် သို့ သွား နေ၏ ။ ဆွမ်းရပ် နေသူ များ သည် ရိုသေရမည့် သူများ မဟုတ်သော်ငြား သူတို့ ကိုယ်စား ပြု ထားကြသူများ ကား ရိုသေရမည့် သူများ ဖြစ်၏ ။ သူတို့ ပခုံး ပေါ် မှ သပိတ်များ မှာ ရတနာ သုံးပါး ၌ ပါဝင်သော သံဃာတော်မြတ် တို့ ပရိက္ခရာ မဟုတ်ပါလား ။


အငွေ့ တထောင်းထောင်း နှင့် ပန်းကန် ပူပူ လောင်လောင်ကြီး ကို ဆီး ယူကာ ရီးဆေးရိုး ပြေး လာ၏ ။ ပြေး ရင်း ဖြင့် ပန်းကန် ကို ဘယ်ညာ ပြောင်း ရသည် ။ ခြေဖဝါး နှစ်ခု ပူးလျက် စုံ ရပ်ကာ ပန်းကန် ကို လက် နှစ်ဖက် ဖြင့် ကိုင်ပြီး ရိုသေစွာ လောင်းချ စဉ် သပိတ် ထဲ မှ ဆွမ်း အခြေအနေ ကို မြင်ရ၏ ။ ဆွမ်း ညိုညစ်ညစ် နီ ကျင်ကျင် နှင့် ဖြူဖြူစင်စင် လုံးထွေး ရော နေပေ၏ ၊ သို့သော် ဆွမ်း အရ နည်းသည် ။ သပိတ် တစ်ဝက် မပြည့် ၊ နေ့စဉ် မြင်နေရသော ကလေးတွေ မို့ မည်သည့် ဘုန်းတော်ကြီးကျောင်း မှ ဆွမ်း ရပ်သည် ကို ရီးဆေးရိုး သိသည် ။ သည် ကလေးတွေ သည် ပြည်စိုးကုန်း မြောက်ကျောင်း က ။


ပြည်စိုးကုန်းမြောက်ကျောင်း ၏ ဆွမ်းခံ ရွာစဉ် မှာ သရက်တော ၊ စက်ဝိုင်း ၊ ညောင်ပင်ဝိုင်း ၊ ရွာသစ်ကြီး နှင့် ရမ်းဘိုကုန်း တို့ ဖြစ်သည် ။ သရက်တော ၊ စက်ဝိုင်း နှင့် ညောင်ပင်ဝိုင်း သုံးနေရာ ပေါင်း လျှင်ပင် အိမ်ခြေ တစ်ရာ ကျော် လောက်သည် ။ အိမ်ခြေ တစ်ရာ လုံး မလောင်း စေဦးတော့ ၊ တစ်အိမ် လျှင် အကြမ်းပန်းကန်လုံး ဖြင့် တစ်လုံး ပင် လောင်းဦး ၊ ရှေ့ သပိတ် ပြည့် လောက်သည် ။ ယခုသော် ရွာသစ်ကြီး အပါအဝင် အိမ်ခြေ တစ် ရာ့ခြောက်ဆယ်ကျော် ကို ဖြတ်သန်းခဲ့ပြီး ပါ လျက် နောက်လိုက် သပိတ်များ ထဲ တွင် လေးငါးဇွန်းစာ မျှ သာ ရှိသော ဆွမ်း ကို တွေ့ရသည် ။ ရှေ့သပိတ် တွင် တစ်ဝက် မရှိတတ်သေး ။ ကျောင်းသားတွေ နောက်တွင် ကျန် ခဲ့သော ဖုန်တန်းကလေး ကို ရီးဆေးရိုး ငေး နေ မိ သည် ။ “ ဆွမ်း အရ နည်းလိုက်တာ နည်းလိုက်တာ ” ဟု စိတ် က ရေရွတ် နေ မိလေသည် ။ ယင်းသို့ စိတ်မကောင်းစွာ ရေရွတ် နေရာမှ ရမ်းဘိုကုန်း တွင် ဆွမ်းခံ သော ကျောင်းများ ကို ရေတွက်မိ ပြန်၏ ။


“ တစ်ကျောင်း ၊ နှစ်ကျောင်း အင်း ခြောက်ကျောင်း ” သည် ခြောက်ကျောင်း အနက် သရက်ချင်မြောက် ကျောင်း မှာ ပျောက်ကွယ် သွားပြီ ။ ဘုန်းကြီးကျောင်း တွေ ပျောက်ကွယ်ကုန်ခြင်း မှာ ကျောင်းအရာမ် နှင့် ကျောင်း ကို စောင့်ရှောက် နိုင်သော ပုဂ္ဂိုလ် ဆက် ပြတ် သွားသော ကြောင့် ဖြစ်၏ ။ ယင်းသို့ အဆက်ပြတ် လာ ရခြင်းသည် လူတွေ သာသနာတော် ၌ ကြည်ညိုသဒ္ဓါ ဆွံ့ အ လာကြသောကြောင့် လော ။ ရီးဆေးရိုး မသိ တော့ပြီ ။ သူ ဆက် မတွေးတတ်ပြီ ။ သူ့ မြေးတွေ သည် ဘ နှင့် အမေကြီး ၊ အဖေ နှင့် အမေ တို့ ကို သာ ကြောက်ရွံ့ ရိုသေ ရန် သိသည် ။ အခြား လူကြီး သူမ ကို ရိုသေ လေးစားရန် ဝန် လေးသည် ။ ဘုန်းကြီး ရဟန်း နှင့် လည်း စကား မပြောတတ် ။


“ ဟာ ငါ့ ဟာတွေ လည်း ကုန်ပါပြီ"


ရီးဆေးရိုး ဆက်လက် တွေးတော ရန် အင်အား ကုန်ခန်း သွားသည် ။ ပန်းကန် ကို ကိုင်လျက် အိမ်ဘက် သို့ မျက်နှာ လှည့် လိုက် လျှင် “ နေပူကြီး ထဲ မှာ ဘာလုပ် နေတာလဲ တော့ ” အော်သည် ။


ရီးဆေးရိုး အဖြေ မပေး ။ ပန်းကန် ကို ကြမ်းပြင် ပေါ် လှမ်း တင်ပြီး ၊ စပါးပုတ် လက်စ နေရာ ရိုင်ပတ် တွင်းသို့ ဝင် လာ၏ ။


“ ဒါက ဘာ လုပ်တာလဲ စပါး ပုတ် မလို့ဟုတ်လား ”


“  အေး ”


“ နွားစာ ကော စဉ်း ပြီးပြီလား ”


“ ညည်း ထမင်း ကျက် မှ စဉ်း ပေါ့ အေ ။ မတော်တဆ မိုး ရွာ လာရင် ကောက်လှိုင်း လည်း မနိုင် ၊ စပါး လည်း မနိုင် နဲ့ ဖြစ်ကုန်မှာ စိုးလို့ ”


“ ကြံ ကြောက်နေ ကြောက်နေ ၊ ဒါလောက် ကြောက် ရင်လည်း ငှား လိုက်ပေါ့တော် ကောင်မလေး တွေ အားနေကြတဲ့ ဟာ ကို ”


“ ဘာဖြစ်လို့ ငှားရမှာလဲ ဟ ”


ရီးဆေးရိုး ခပ်ဆတ်ဆတ် ပြောရင်း ကောက်လှိုင်း တစ်စည်း ကို ဖြေ နေ၏ ။


“ ကောက်လှိုင်း တစ်ရာ ကို ပုတ်ခ ငါးကျပ်တောင် ပေးမယ့် အစား ငါ့ ဘာသာ ပုတ်ပြီး အဲဒီ ပိုက်ဆံ ကို အမဲ သား ဝယ် စား မှာပေါ့ ”


“ အမဲသား ဝယ် စားရအောင် တော့် မှာ သွား ရှိလို့လား ”


ရီးကျီးဒန် မေးဆတ် ပြောရင်း သွားဖုံးညိုညိုတွေ ပေါ် လာ အောင် ပြုံး နေ မိသည် ။


“ ကြံဖန်ပြီး သွားဖုံး နဲ့ ကြိတ်ရတာပေါ့ ဟာ ” 


ရီးကျီးဒန် သည် ခင်ပွန်း ဖြစ်သူ ၏ အပြော ကို သဘောကျမြဲ ကျ လျက် နွားတင်းကုပ် ဘက်သို့ လျှောက် သွား လေသည် ။ ခဏ ကြာ လျှင် နွားစာ စဉ်း ခုတ်သံ ပေါ် လာ၏ ။


“ ကျီးဒန် နွားစာ စဉ်းနေပါကလား ” ဟု ရီးဆေးရိုး လှည့် မကြည့်ဘဲ သိ လိုက်သည် ။ သူ လည်း တစ်လှိုင်း ပုတ်လိုက် ၊ ပုတ်ပြီး သား ပြန် စည်း လိုက် နှင့် မပင်မပန်း အလုပ် တွင် နေသည် ။ စပါးစေ့ ပုတ်ခြွေ ပြီး သား ကို ကောက်လှိုင်းရိုး ခေါ်သည် ။ ပြန်လည် မစည်း နှောင်ဘဲ ထား လျှင် ရှုပ် ကုန်မည် စိုးရသည် ။ ကောက်ရိုး လည်း စပါးစေ့ ‌ခြွေ ပြီးသား ကောက်ပင်များ ပင် ဖြစ်စေကာမူ ကောက်ရိုး ဖြစ်စ တွင် ကိုင် ၍ မကောင်း ၊ စဉ်း၍ မ ကောင်းပေ ။ အသားသေ သွား မှ စဉ်းရ ကိုင်ရ ကောင်း လာသည် ။ ကောက်လှိုင်းရိုးတွေ ရှုပ်ထွေး ကုန် လျှင် ကား ကောက်ရိုး ရိုးရိုး ထက် အကိုင်အတွယ် ခက်မည် ၊ ရှင်းရှင်းကလေး တစ်ချောင်း စီ နေသော အခါတွင် အကိုင် ရ လွယ်သည် ။ စဉ်း ၍ ကောင်းသည် ။ သို့ကြောင့် ပြန်လည် စည်းနှောင်ရခြင်း ဖြစ်ပေသည် ။


စည်းလိုက် ဖြေလိုက် ပုတ်လိုက် နှင့် မန်ကျည်းပင် အောက် မှ ကောက်လှိုင်း တစ်ရာခန့် မှာ တစ်ပက် ကျိုး သွားပြီ ။ ရီးကျီးဒန် လည်း အိမ် ပေါ် ပြေး တက်ကာ ဆွမ်းခူး လောင်းလိုက် ၊ နွားစာ ပြန် စဉ်းလိုက် နှင့် ခြေ ကုန် လက်ပန်း ကျ သွားဟန် တူ၏ ။ အိမ်ရိပ် တွင် ထန်းဖုံးဖတ် ဖင် ခု ထိုင်ကာ ဆေးလိပ် သောက် နေ ပေသည် ။ 


“ ဝတ်ခွက် ခင်ဗျာ ” 


“ ကလေးရေ ကန်တော့ ဟေ့"


“ ဟင် ” ခနဲ ဆိုကာ ရီးဆေးရိုး သည် ရီးကျီးဒန် အား လှည့် ကြည့်၏ ။


“ ညည့် ဟာ က ဆွမ်းတော့ ရပြီး ဝတ်ခွက် မရဘူး လို့ ” ဆက်ပြော၏ ။


ဝတ်ခွက် ကား ဆွမ်းဟင်း ကို ခေါ်ခြင်း ဖြစ်၏ ။ 


ဝတ်ခွက် ခံသော ကျောင်းသား သည် ဆွမ်း နှင့် အတူ မလိုက်ပေ ။ မီးဖိုချောင် တို့ သဘော မှာ ထမင်း ပြီး မှ ဟင်း ချက် တတ်ရာ ဟင်းကျက် ချိန် ကို မှန်းဆ ကာ နောက်ကျ ခံပြီး ရောက်လာ လေ့ ရှိ၏ ။ ထို့ပြင် ဆွမ်း ခံ သော ကျောင်း ငါးကျောင်းလုံး လည်း ဝတ်ခွက် မခံပေ ။


ပရိသတ် များလွန်းသော ကျောင်းများ က သာ ဖြန့်ကြက်ပြီး ဝတ်ခွက် ခံသည် ။ မည်သို့ပင် ဖြစ်စေ ရီးဆေးရိုး

မကျေနပ် ။ သည်သို့ မကျေနပ်သော အကြည့် ကို ရီးကျီးဒန် ဖြေရပေမည် ။


“ ငရုတ်သီး ထောင်း အကျန် နဲ့ စား ဖို့ ပဲဟင်းချို ချက် ထား တာ တော် ရဲ့ ။ သူ့ ဒန်အုပ်သေးသေးကလေး ထဲ လောင်း လိုက် ရင် ဘယ် လောက် မှ လည်း ပါ မှာ မဟုတ်ဘူး ၊ ဖိတ် ကုန် ဦးမှာ ”


ဤအခါ ရီးဆေးရိုး ကျေနပ်ရ ပေပြီ ။ သို့သော် ကျေနပ် သလို ရှိပြီး ကာ မှ ရီးကျီးဒန် ၏ နောက်ဆက် တွဲစကား “ ဝတ်ခွက် က မန်ကျည်းရွက် သုပ် ပြီး မှ လာ ရင် လည်း အကောင်းသား ” ကြောင့် မျက်လုံး ပြူး ရ လေ၏ ။ “ ဘာ ” ဟု အော်ရလေ၏ ။


“ မန်ကျည်းရွက် သုပ် ဖို့ မန်ကျည်းရွက် တောင်းရ အောင် စောင့် နေ တာလေ ။ ပဲဟင်း ချက် တာ နဲ့ အတော်ပဲ မဟုတ်လား ”


ရီးကျီးဒန် တို့ မန်ကျည်းရွက် မှာ ပဲဟင်း ရှိ ရန်သာ အရေး ကြီးသည် ၊ ပဲဟင်းချို ရှိ လျှင် ငါးပိဖုတ် နှင့် ကြက်သွန် မှာ မခက်ခဲတော့ပေ ။


“ နေပါဦး ၊ သည် မန်ကျည်းရွက်သုပ် ကို ဘယ်သူ စား မှာလဲ ”


“ တော် နဲ့ ကျုပ် စားမှာပေါ့ တော် ရဲ့ ”


“ ညည့် မန်ကျည်းရွက်သုပ် ကို ဘယ် က သွား နဲ့ စား မှာလဲ ဟင် ။ နင် ဝါးပြီး ခွံ့ မှာ လား ” 


ရီးကျီးဒန် သည် လည်ပင်း ရှည်ပြီး တစ်ချက် ကြည့် လိုက်၏ ။


“ စောစောက တော် ပြောတဲ့ အမဲသား တုန်း က တော့ ညည်း ဝါး ခွံ့မလား တစ်ခွန်း မမေးဘူး ၊ ကြံဖန် ပြီး ကြိတ်ဝါးရမှာ ပေါ့ တဲ့ ။ ခုလည်း ကြံဖန်ပြီး ကြိတ် မှိတ် ဝါး ပေါ့ တော် ”


မျက်စောင်း တစ်ချက် ထိုး ပြီး မှ တစ်ဖက် သို့ လှည့် သွား ရာ ရီးဆေးရိုး မှာ ပြုံးတုံးတုံး လုပ် နေလိုက်ရ တော့၏ ။


◾ဆင်ဖြူကျွန်းအောင်သိန်း 


📖 ကိုဆေးရိုး ဝတ္ထုတို ပေါင်းချုပ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment