🔳 ဇာတ်လမ်း အဖွင့်
ကျွန်ုပ်တို့ အမိမြန်မာ ရွှေပြည်တော် သည် အနှစ် တစ်ရာ ကျော် ထိန် နေသော ပဋိသန္ဓေ မှ လွတ်လပ်ရေး ရတနာ ကို ပြင်းပြသော ဝေဒနာ ဖြင့် ခဲယဉ်း ကြပ်တည်းစွာ ဖွားမြင်ရ ရှာပြီး ၊ သွေးသစ် မလောင်းရသေးမီ ၊ ဝမ်းဆွဲဆရာတို့ စိတ်ဝမ်း ကွဲပြားကြကာ စေတနာ ရေစီးကမ်းပြို ဖြင့် ဒီ သားရတနာ ကို ဟိုနည်း နှင့် ပြုစုမည် ဒီနည်း နှင့် ပြုစုမည် ဟု အချင်းချင်း ပဋိပက္ခ ဖြစ်ကြ၍ ၊ ပြည်တွင်းစစ်မီး ဟုန်းဟုန်း တောက်လောင်ကျွမ်း နေသော ကာလ ... ကိုယ့် အတတ် နှင့် ကိုယ် ဆန်းပြီး မှ ငြိမ်းချမ်းရေး လိုချင်ကြ ပြန်၍ “ စေစပ်ရေး လက်ခံပါ ” “ လက်နက်ချပါ ” ဟု တစ်ဘက် နှင့် တစ်ဘက် ဈေးခေါ် နေသော အချိန် ... ဖဆပလခေတ် ၁၉၅× ခုနှစ် လဆန်း လောက် တွင် ကိုယ့် တိုင်းပြည် နှင့် ကိုယ့် အမျိုးချစ်သည် မှ တစ်ပါး အခြားမည်သည့် အသွင် ကို မျှ မဆောင်သော နိုင်ငံကျော် စာရေးဆရာ သော်တာစိန် သည် မိမိ ၏ ကိုယ်ရေး ကိုယ်တာ ကိစ္စ တစ်ခု အတွက် ရန်ကုန်မြို့ မှ လေယာဉ်ပျံ ဖြင့် မြစ်ကြီးနား သို့ ရောက်ခဲ့ပြီး ထိုမှ တဖန် ကသာ သွား မီးရထား ဖြင့် ခရီးဆက်ခဲ့လေ၏ ။
( ၁ )
🔳 မိုးကောင်း ဘူတာ
နံနက် ( ၁၀ ) နာရီ ခန့် ၊ မြောက်တူရူ မှ ဥဩသံ ဟိန်း ၍ ဝင်လာသော မီးရထားကြီး အား ဘူတာရှိ ခရီးသည် တို့ သည် ရုတ်ရုတ်သဲသဲ နှင့် ဆီးကြိုကြကာ ရထား အရှိန် မသတ်မီ ပင် နေရာကောင်း ရရန် အလုအယက် တက်ကြ လေသည် ။
မီးရထား သည် မြစ်ကြီးနား မှ နံနက် စောစော က ထွက်ခဲ့ သဖြင့် ခရီးထောက် အရ ယခု ဘူတာ မှာ ခရီးသည်များ ထမင်း စားခြင်း ၊ မီးရထားစက်ခေါင်း အားသစ် လောင်းခြင်းများ ပြုရန် ၊ အချိန် အတော်ကြာ ရပ်နားမည် ဖြစ်သောကြောင့် တက်သူများ တိုးရှိုး သလောက် ဆင်းသူများ က အေးဆေး နှေးကွေး လှ ပေသည် ။
အထက် မြန်မာပြည် တွင် မိုးကောင်းမြို့ သည် ကာမိုင်းကျောက်စိမ်းတွင်း လုပ်ငန်းများ ရှိခြင်းကြောင့် မြစ်ကြီးနား နှင့် ကသာ အကြား မှာ ခရီးသွား ခရီးလာ အများဆုံး သော ဘူတာ တစ်ခု ဖြစ်၏ ။
အညာ သို့ ဤ အခါသာ ပထမအကြိမ် ရောက်ခြင်း ဖြစ်သော သော်တာစိန် မှာ ဤ ဘူတာ က ပရိသတ် ကို ကြည့် ၍ အံ့ဩမိလေသည် ။ အကြောင်း မှာ မြစ်ကြီးနား က ထွက်လာ ကတည်း က လမ်း မှာ ရပ်ခဲ့သော ပိတောင်း ၊ နမ်တီး စသော ဘူတာ ငယ်ကလေးများ တွင် တွေ့ ရသော လူများ နှင့် လုံးဝ ခြားနားနေ၏ ။ ထို ဘူတာငယ်ကလေးများ မှာ ဆိုလျှင် အများအားဖြင့် ဆင်းရဲသား ကချင် ၊ ဂဒူး ၊ ဂဏန်းများ သာ ဖြစ်လျက် ယခု မိုးကောင်း ဘူတာတွက် မူ တောက်ပသော မြန်မာများ ၊ ရှမ်းများ ကို မြင်ရလေသည် ။ အထူးသဖြင့် မိန်းကလေးတွေ ကြည့်ရသည် မှာ အဝတ်အစား အပြင်အဆင် တွင် ရန်ကုန် မန္တလေးသူ များ နှင့် ဘာမျှ မခြားနားချေ ။ စကားပြောသံ ကြားမှ သာလျှင် ယော် - ပ - ညင် ညယ် ဟူသော အသုံးအနှုန်းများ ဖြင့် တစ်မျိုးတစ်ဖုံ ဖြစ် နေသည် ။
ဤ ပရိသတ် ကို ကြည့်ရင်း သော်တာစိန် သည် မိုးကောင်းမြို့ ရှိ လူချင်း တစ်ခါမျှ မတွေ့ဖူးသော မိမိ ၏ ကလောင် မိတ်ဆွေများ ကို သတိရ၏ ။ မှတ်မှတ်ရရ တစ်ယောက် က “ မောင်ထွန်းခိုင် ” ၊ တစ်ယောက် က “ မြိုင် ” ဆိုသော မိန်းကလေး တစ်ယောက် ဖြစ်၏ ။ အကယ်၍ မိမိ ကြို၍ စာ ရေးထား ပါ က သူတို့ ကြည်ညို ချစ်ခင် နေသော စာရေးဆရာ ကို ဝမ်းသာအားရ လာ တွေ့ကြပေလိမ့်မည် ။ လူချင်း တစ်ခါဘူး မျှ မမြင်ဖူးတော့ ကိုယ့် မှာ အမှတ်အသား မှာ ထားချက် နှင့် ရှာ ရမည်ဖြစ်၍ အတော် ပျော်စရာ ကောင်းသော အလုပ် တစ်ခု ဖြစ်ပေသည် ။ မြစ်ကြီးနား တွင် လေယာဉ်ပျံ ပေါ် က ဆင်း စဉ် က မိမိ ရင်ဘတ် တွင် ပန်းနီနီ ထိုး ထားခြင်းဖြင့် တစ်ခါမျှ မမြင်ဖူးသော စာချင်းသာ သိသည့် ကလောင် မိတ်ဆွေ ကိုခင်ဦး က “ ဦးသော်တာစိန် ” ဟု ဝမ်းသာအားရ ပြေးလာ ခေါ်ကာ “ ကျွန်တော် ခင်ဦး ဘဲ ”
ကိုခင်ဦး မှာ ထိုစဉ်က အစိုးရ ဆပ္ပလိုင်း အရာရှိ တစ်ယောက် ဖြစ်၍ သူ့ ဇနီး ဒေါ်ညွန့်ညွန့် ပါ သော်တာစိန် ၏ စာဖတ် ပရိသတ်များ ဖြစ်ကြသည် ။ သူတို့ သဘောကျသော စာရေးဆရာ ကို ဝမ်းသာအားရ ပြုစု ကြ၏ ။ မြန်မာပြည် ၏ အသာယာဆုံး ရှုခင်း တစ်ရပ် ဖြစ်သော ဧရာဝတီမြစ် ၏ အစ မေခ နှင့် မလိခ တို့ ပေါင်းစပ်ရာ “ မြစ်ဆုံ ” ဒေသ ကို လိုက်ပြရန် စီမံကြ၏ ။ သို့သော် သော်တာစိန် မှာ မိမိ ရည်ရွယ်ရင်း ကိစ္စ က နေ့ရက် ကန့်သတ်ပြီး နေ၍ အချိန် ကုန် မခံနိုင်တော့ဘဲ မြစ်ကြီးနား မှာ နှစ်ရက် မျှ သာ နေပြီး ခရီး ဆက်ခဲ့ခြင်း ဖြစ်ပေ၏ ။
ဒေါ်ညွန့်ညွန့် က မိုးကောင်းဘူတာ မှာ ကု,လားထမင်းဆိုင် သာ ရှိ၍ ကု,လားစာ မကြိုက်သော သော်တာစိန် အတွက် ထမင်းဟင်း ချက်ပြုတ် ပေးလိုက်သေးသည် ။
သော်တာစိန် သည် ပတ်ဝန်းကျင် ကို ကြည့်ရှု ပြီးနောက် လူဆင်း လူတက် အေးဆေး ငြိမ်သက်သွားသည် နှင့် ထမင်း စားရန် ပြင်ဆင် လေသည် ။ သို့ ရှိစဉ် - ရုတ်တရက် နောက်ကျောဘက် မှ ပခုံး ကို လက်ဝါး ဖြင့် ဗျမ်းခနဲ ချ လိုက်ပြီး -
“ ဟေ့ ဘလှိုင် - မင်း ဘယ်ကနေ ဘယ်သွားမလို့ ဒီ ရထား ပေါ် ရောက် နေတာလဲကွ ...”
သူ့ အသံ မှာ ရင်းနှီးခြင်း ၊ စိုးပိုင်ခြင်း ရှိလှသည် ။ သူ့ မေးခွန်း က လည်း တစ်ခုတည်း နှင့် သုံးမျိုး ကို ဖြေ ရမည် ။
သော်တာစိန် သည် ထမင်းချိုင့် ကို ကိုင်ရင်း ထို လူ ကို လှည့်ကြည့် မိလိုက်သည် ၌ လွန်စွာ အံ့အား သင့်သွားသည် ။ အကြောင်းမှာ သူ့ တစ်သက်တာ တွင် ယခင်က တစ်ခါမျှ တွေ့မြင်ခဲ့ဖူးသော မျက်နှာမျိုး မဟုတ် ၊ ရုပ်ရည် သားသားနားနား ရှမ်းကပြား နှင့် တူသည် ။ အသားဖြူ ၍ မိမိ နှင့် အသက်အရွယ်တူ ဟု ခန့်မှန်း ရသည် ။
ဤ လူ မူ မည်သို့မျှ ထူးခြားခြင်း မရှိဘဲ သူ့ ပခုံး ပေါ် က အထုပ်ကို ဖုတ်ခနဲ ချ လိုက်ပြီး သော်တာစိန် နဘေး မှာ ဝင် ထိုင်လျက် ...
“ မင်း နဲ့ မတွေ့ရတာ အတော် ကြာသွားပြီ ၊ မင့် ဟို ကောင်မလေး ကိစ္စ ကော ဘယ့်နယ်လဲ... မင့် ဆီ အပါ မခေါ်နိုင်တော့ဘူးလား .….”
သော်တာစိန် မှာ ပိုမို အံ့အား သင့်လျက် ထို လူ့ မျက်နှာ စေ့စေ့ ကြည့် ပြီး -
“ ခင်ဗျား လူ မှားနေပြီဗျ ၊ ကျွန်တော့် နာမည် ဘလှိုင် လဲ မဟုတ်ဘူး ၊ နို့ပြီး ကျွန်တော် ဒီ အရပ်သား လဲ မဟုတ်ဘူး ”
ဤတွင် မှ ထို လူ သည် သော်တာစိန် မျက်နှာ ကို သေသေချာချာ ကြည့်ပြီး အလွန်တရာ အံ့ဩစွာနှင့် ...
“ ဟာ ...ကျွန်တော့် သူငယ်ချင်း ဘလှိုင် နဲ့ တူလိုက်တာဗျာ ... အသံချင်း ဘဲ ကွဲတယ် ၊ တကယ်လို့ ကျွန်တော် သာ အသံချင်း မခွဲခြားနိုင်ဘူး ဆိုရင် ခင်ဗျာ့ စကား ကို ကျွန်တော် ယုံ မှာ မဟုတ်ဘူး ၊ ဘလှိုင် က ကျွန်တော့ ကို နောက် နေတယ် အောက် မေ့မှာဘဲ ... တကယ်ဗျာ ရုပ်ချင်း က ဖြင့် ရွေး မရအောင် တူပါပေတယ် ၊ လောက မှာ လူတူ မရှား ဆိုတဲ့ စကား ရှိပေမဲ့ ကျွန်တော့် ကိုယ်တွေ့ ဖြင့် ဒီတစ်ခါဘဲ ကြုံရသေးတယ် ... ”
ဟု ပြောပြီး မှ ထိုင်ရာ က ထကာ
“ တောင်းပန်ပါတယ်ဗျာ ... ”
“ ခင်ဗျာ့ ပခုံး ကို ရိုက်ပြီး ခင်ဗျာ့ခုံ ဝင် ထိုင်မိတာ ”
ဟု ဆို ရင်း သူ့ အထုပ် သူ ပြန်ကောက်၍ သွားရန် ဟန်ပြင်သည် ၌ ၊ သော်တာစိန် မှာ ထို လူနှင့် မိတ်ဆွေ ဖြစ်သွားရသော် စကား ပြောဖေါ်ရအံ့ ဟု အကြံ ဖြစ်လျက် -
“ ကိစ္စ မရှိပါဘူးဗျာ - ခင်ဗျား မှာ ဒီ့ပြင် နေရာ မရှိသေးရင် ကျွန်တော်နဲ့ အတူတူ ထိုင်နိုင်ပါတယ် ။ ကျွန်တော် က ခင်ဗျာ့ သူငယ်ချင်း ဘလှိုင် နဲ့ ဒီလောက် တူ နေရင်လဲ ကျွန်တော့ ကို အခု ဒီမှာ ခရီး အတူ သွားကြတုန်း ဘလှိုင် လို့ဘဲ သဘောထား ပေါ့ဗျာ ”
“ ကြိုက်သဗျာ - ခင်ဗျာ ပြောပုံ ...”
ထို သူ သည် ရွှန်းရွှန်း စားစားနှင့် ပြောပြီး ပြန် ထိုင်ချကာ ၊
“ ခင်ဗျား နဲ့ ဘလှိုင် တူလိုက်ပုံ ဖြင့် အချို့ အမြွှာပူးများ ထက်တောင် ပို သေးတယ် ။ ခင်ဗျားတို့ နှစ်ယောက် သာ အတူတူ နေကြရင်ဖြင့် မှန် ဝယ်စရာ မလိုတော့ဘူး ၊ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ပြီး ခေါင်း ဖီးရုံဘဲ ဟဲ ... ဟဲ .. ”
“ ဟုတ်လား ဒီလောက်တောင် ဘဲလား ၊ ကျွန်တော် နဲ့ ဒါလောက် တူတဲ့ လူ ကို တွေ့ချင်တယ်ဗျာ အခု သူ ဘယ်မှာလဲ ...”
“ ခင်ဗျား ကို ကျွန်တော် တွေ့တွေ့ခြင်း မေးတဲ့ မေးခွန်းဘဲ ကြည့် တော့ဗျာ - ခု တစ်လော ဒီကောင် ဘယ် ရောက် နေတယ်ကို မသိဘူး - ကဲ - ဒါနဲ့ ခုန ထမင်း စားမလို့ ပြင် နေတယ် မှုတ်လား ၊ စားဗျာ ... ကျွန်တော်လဲ အိမ် က စမြိန်စာ ပါလာခဲ့တယ် ...”
ဆိုပြီး သူ သယ်ဆောင် လာခဲ့သော စစ်လွယ်အိတ် ရှည်ကြီးထဲမှ စစ်ရေဘူး တစ်လုံး ကို ထုတ် လိုက်ကာ
“ ဒါက ထမင်း မစားမီ မှီဝဲဘို့ အဖျော်ယမကာ လေဗျာ ၊ မိတ်ဆွေ သုံးတတ်လား ... ”
သော်တာစိန် က ပြုံး လေသည် ၊ ယင်း၌ ထို လူ က သော်တာစိန် မျက်နှာ စေ့စေ့ကြည့်ပြီး “ ဟဲ့ - ဟဲ့ မြွေမြွေချင်း ခြေမြင် ပါတယ် ” ဆိုပြီး သူ ၌ အသင့် ပါလာသော ဖန်ခွက် ထဲ ငှဲ့ ထည့်လိုက်၍ “ အကောင်းစား အဖိုးတန် ထဲ ကတော့ မဟုတ်ဘူးဗျာ ၊ ကချင် ချက်အရက် နဲ့ မျောက်သွေး နဲ့ ရော ထားတာ ၊ သို့သော် အညံ့စား လို့ ဖြင့် မဆိုသင့်ဘူးဗျ ”
သော်တာစိန် သည် ထို လူ ပြောပုံ ကို သဘော ကျစွာ ပြုံး လိုက်ပြီး
“ မျောက်သွေး နဲ့ ဆိုတော့ ဆေးဘက် ဝင် တဲ့ အဖိုးတန် အရက် လို့ တောင် ခေါ်နိုင်တာပေါ့ ဗျာ ”
ထို လူ က ဖန်ခွက် ထိုးပေး နေသည် ကို
“ လုပ်ဗျာ - ခင်ဗျား အရင် လုပ်လိုက် ... ”
“ အို .. ခင်ဗျား က ကျွန်တော့် ဧည့်သည် ဖြစ်နေပြီလေ ... ဒါဟာ ကျွန်တော့် ပစ္စည်း ဘဲ ...”
“ အောရိုက် ”
ဟု ဆိုကာ သော်တာစိန် သည် အရက်ခွက် ကို မော့ချလိုက်ပြီး သူ့ အထုပ် ထဲ မှ ဒေါ်ညွန့်ညွန့် စီမံ ပေး လိုက်သော ဝက်အူချောင်း အဆာသွပ် ကြက်ဥ အွန်းမလက်ကြော် များကို ထုတ်၍ ထို လူ က ငါးကြင်းအကွင်းကြော်ကြီးများပါသော ချိုင့်အံ ကို ဖွင့် လိုက်ကာ
“ စားစမ်းဗျာ ၊ ကျွန်တော်တို့ ဆီ က အင်းတော် ငါးကြင်းကြော်ကြီးတွေ ကျွန်တော် က သောက်တာ ဟာ အစားကောင်းကောင်း စားနိုင်အောင် သောက်တာ ”
အရက် သောက်တတ် သူ တို့ ကား ခွက်ချင်း ဆုံမိပြီ ဆို လျှင် လွန်စွာမှ ရင်းနှီးရန် မြန်ဆန် လှပေသည် ။
ထို သူ သည် အရက်ခွက် သောက်ပြီးသည် ၌ သော်တာစိန် အတွက် နောက်ထပ် ငှဲ့ ပေးရင်း -
“ ကဲ ကျုပ်တို့ တော့ အနောက်တိုင်းသားများ ထုံးစံ နဲ့ ဆန့်ကျင်ဘက် ဖြစ်နေဘီ - အရက်တစ်ခွက် စီ သောက်ပြီး တာ တောင် တစ်ယောက် နာမည် တစ်ယောက် မသိရဘူး ၊ ကျွန်တော့ နာမည် က စောထွန်း ဗျ - ကာမိုင်းဖါးကန့် မှာ နေတယ် ”
ယင်း၌ သော်တာစိန် က လည်း လက် ကို ဆန့်ပေးကာ -
“ သိရတာ ဝမ်းသာတယ်ဗျာ - ကျွန်တော် နာမည် က မောင်တင်စိန် ၊ ရန်ကုန် က လာခဲ့တာပါ ”
ကိုစောထွန်း က လက်ဆွဲ လှုပ်ရမ်းပြီး
“ အော် ... ရန်ကုန် က တောင် ကိုး ဒီ အရပ် ရောက်တာ ဘယ်လောက် ကြာပြီလဲ ...”
“ တစ်မြန် မနေ့ က မှ မြစ်ကြီးနား ကို လေယဉ်ပျံ နဲ့ ရောက်လာခဲ့တာ အထက် မြစ်ညာ ရောက်ဖူးတာ ဒီဟာ ပထမ ပေါ့ ဗျာ ”
“ အော် ... ဒါဖြင့် ခင်ဗျား အဖို့ အသစ်အဆန်း ဒေသ ပေါ့ ဗျာ ကျွန်တော်တို့ ဆီ မှာ မြန်မာတိုင်းရင်းသားလူမျိုးစုံ မြင်ရတယ်ဗျ ၊ ယော ယင် တွေတော့ ခင်ဗျား မြစ်ကြီးနား မှာ တွေ့ခဲ့ဖူးပြီပေါ့ ။ ဟောဟို မှာ ကြည့် ”
ရထားတွဲ ထဲ တွင် ညွှန်ပြ၍ “ အဲဒါက - ဂဒူး ဗျ ၊ ဟိုဘက် တစ်ခုံကျော် က ဟာ က ဂဏန်း ဗျ ၊ ဟောဒီ ” ဟု ဆိုကာ ကိုစောထွန်း သည် မိမိတို့ နှင့် မျက်နှာချင်းဆိုင် ခုံ မှာ ထိုင်နေသော ကျား - မ နှစ်ဦးကို ပြကာ “ သူတို့ ကတော့ ပုဇွန်ထုပ် ဗျာ အဟတ်ဟတ်ဟား ခင်ဗျား သိပြီးသား နေမှာပေါ့ ဗျာ - ဂျင်းဖောလူမျိုးတွေ လေ ”
ဂျင်းဖောများ က လည်း ကိုစောထွန်း စကား ကို နားလည်ကြ၍ သဘော ကောင်းသော ရိုးသားသော မျက်နှာထား နှင့် ပြုံးကြသည် ။ သူတို့ သွား အားလုံး မှာ သွားရော သွားဖုံး ပါ ငချိတ်ရောင် ....
ထိုအခါ၌ ကိုစောထွန်း သည် သူ့ အရက်ဘူး ကို မ၍ ၊
“ လောက်ခူး - လိုးအုပ် ” ဟုဆိုကာ ထို ဂျင်းဖော်များ ရှေ့ ၌ ရှိသော ဒန်ခွက် ထဲ သို့ အရက် များ ငှဲ့ ထည့် ပေး လိုက်ရာ ယောက်ျားကြီး သည် ပြုံးစိစိ မျက်နှာ နှင့် မညင်းမဆန် သောက်ချ လိုက်၏ ။ ထိုနောက် ကိုစောထွန်း သည် ရီမော ကာ -
“ ကျွန်တော်တို့ ဆီ မှာ အရက် သောက် တာ အဆန်း မဟုတ်ဘူးဗျ ၊ ဒါကို ကျွန်တော်တို့ အညာသုံး စကားနဲ့ “ ဆေးကိုင်တယ် ” လို့ ခေါ်တယ်ဗျ ၊ ဒီလိုအေးတဲ့ အရပ်တွေ မှာ ငှက်ဖျား ရှိတာကို ဗျ ၊ အရက် က ဆေးဖြစ်နေတာပေါ့ ”
သော်တာစိန် က ထောက်ခံသော မျက်နှာထား နှင့် ခေါင်းငြိမ့် လိုက်ပြီး
“ ဒါနဲ့ ခင်ဗျား ခုန ပြော လိုက်တာ ကချင်စကား လား ဗျ ”
“ ဟုတ်တယ် - “ လောက်ခူး ” ဆိုတာက - အရက် “ လိုးအုပ် ” ဆိုတာက - သောက်ပါ ၊ ကျွန်တော် လဲ ကချင်စကား ဆို စုစုပေါင်း အဲဒါဘဲ တတ်တယ် ။ ဒါတောင် ကိုယ် ဝါသနာပါတဲ့ အသုံး ကလေးမို့ စပ်စုထားလို့ ”
နှစ်ယောက်သား ရီမော ကြသည် ။ ဤအချိန် ၌ ဂျင်းဖေါ , မောင်မယ် လည်း နံနက်စာ စားနေကြသည် ဖြစ်၍ ၊ ( သူတို့ အာဟာရမှာ - မျောက်ဥပေါင်း ဖြစ်သည် ) သူတို့ စား တာကို အရက် ဖြင့် မိတ်ဖွဲ့ သူတို့ အား ပြန်လှန်၍ ပေး၏ ။
ကိုစောထွန်း က -
“ ကိုယ် ပေးတာ လက်ခံရင် သူ ပေးတာလဲ မညင်းရဘူးဗျ ”
ဆိုပြီး နှစ်ယောက်သား မြည်းစမ်း ကြည့်သည့် သဘောဖြင့် ဖဲ့စား လိုက်ကြသည် ။ ယင်းကို မြင်လိုက်သည်၌ ဂျင်းဖေါ မောင်နှံတို့ ဝမ်းသာကြသည် ။
ကချင်မကြီး ၏ ကျယ်လှ စွာသော နားပေါက် တွင် နှစ်လက် မမျှ ရှည်၍ လက်ညှိုးလုံး မျှ ရှိသော မထွန်းညှိ ရသေးသည့် ဖယောင်းတိုင် သဏ္ဍန် ရှိသော ပယင်းရောင် နားတောင်းကြီး ကို ပန်ဆင် ထားသည် ။ ယောက်ျားကြီး ၏ ကျယ်သော နားပေါက် တစ်ဘက် မှာ လည်း မြက်ပန်း တစ်ခက် ကို ထိုးထားသည် ။ ကချင် ယောက်ျားကြီးတို့ ကား ဘယ် သွားသွား ဓါးမကြီး တစ်ချောင်း တော့ အမြဲ ပါ၏ ။ ယခု သူ့ နံဘေး မှာ ထောင် ထားသည် ။
ဒါကို ကြည့်၍ သော်တာစိန် က ကိုစောထွန်း အား
“ ဒီ အရပ်မှာ လမ်းသွားတုန်း ဓါး ဆောင်ခွင့် ရတယ်နော် - မြစ်ကြီးနားမြို့ ပေါ် မှာ ဆိုလဲ ဂျင်းဖေါ လူရွယ်ကလေးတွေဟာ ဓါးလွယ်ကိုယ်စီ နဲ့ …. ကျွန်တော်တို့ အရပ် မှာ ဆို မောင်းချဓါးတောင် ကြီးကြီး ကိုင်ခွင့် မရဘူး ”
“ ဒါက နေရာဒေသ အလျောက် ကို ဗျ ၊ ကချင်များ က တောတောင်ဒေသ မှာ နေကြရတဲ့ လူများ ဆို တော့ တောတိရစ္ဆာန် ကာကွယ်ဘို့ လက်နက် လိုတယ်ဗျ ၊ ခင်ဗျား မြစ်ကြီးနားမြို့ပေါ် မှာ ဓါးလွယ် နဲ့ တွေ့ခဲ့တဲ့ ဂျင်းဖေါ တွေဟာ သူ့ ရွာ က တောလမ်းခရီး ဖြတ် လာခဲ့ကြတဲ့ လူတွေပေါ့ ”
ယင်းသို့ မိတ်ဆွေ နှစ်ယောက် သောက်ရင်း စားရင်း စကား ပြော နေကြစဉ် ဘူတာ ပလက်ဖောင်း ပေါ် မှ လူရွယ် နှစ်ယောက် ရှေ့နောက် ရှောက် လာကြရင်း ကိုစောထွန်း ကို မြင်လျှင် ရှေ့ လူ ခပ်ကြီးကြီး က -
“ ဟေ့ - ယောက်ဖလေး ”
ဟု ဝမ်းသာအားရ ခေါ် လိုက်ပြီး ၊ နောက်လူ ခတ်ငယ်ငယ် -
“ ဟာ - ယောက်ဖကြီး ဘယ်တုန်း ”
စောထွန်း - " နမ်းမား သွားမလို့ကွ မင်းတို့ ရွာလဲ ရောက်လိမ့်မယ် ”
လူငယ် - “ ဟာ .…. ကျွန်တော့် အိမ် ရောက် ရင်ဖြင့် ယောက်ဖကြီး အကြိုက် ပုလင်း နှစ်လုံး နွားမြက်စင် အောက် မှာ ရှိတယ် .… ကောက်ရိုးစ ဖေါ် လိုက်ရင် ကြွက်တွင်းဝ စွပ်ထားတာ တွေ့ လိမ့်မယ် ”
စောထွန်း - “ ဟာ - ဟန်တာပေါ့ ကွာ ... လာဟေ့ မင်းတို့ကော အခု ဆေးကိုင် လိုက်ကြပါအုံးလား ”
ခတ်ကြီးကြီး လူ က - “ နေပစေ ယောက်ဖ - ငါတို့ ထမင်း စားပြီးပြီ ၊ မင်း ရွာ ရောက်ရင် အိမ်မှာ ကြက်တွေ ရှိတယ် ၊ ကြိုက်တဲ့ အကောင် သာ ဖမ်းစားပေတော့ - ချိုးသား စားချင်ရင်ဖြင့် မောင်သာရ ကို ခိုင်းဟေ့ - အခု သူ့ မှာ တယ်ချိုး ကောင်းကောင်း ရှိနေတယ်ကွ ”
လူငယ် - “ အစစ်ပဲ ယောက်ဖကြီး ၊ တစ်နေ့ လေးငါးကောင်တော့ မြည်းရမှာဘဲ ၊ ဒါနဲ့ ယောက်ဖကြီး တလောတုန်းက ငါးထောင် ကျောက် တစ်လုံး အောင်လိုက်သေး ဆို ”
ထွန်း - “ အေးကွာ ငါ က ငါးသောင်းကျော် လောက် ရချင်တာ ”
ကြီး - “ မင့် မလဲ အိမ် ထိုင် နေယင်း လောဘ ချည်းဘဲ ၊ ကဲ တို့ သွား မဟေ့ ယောက်ဖ ၊ ငါ့ အိမ်ကို နောက် ၃ - ရက် လောက် ကြာအုံးမယ် ပြောလိုက်ကွာ ”
နောက် လူငယ် က လည်း
“ သွားမနော် - ယောက်ဖကြီး ”
ချစ်ကြည်စွာ နှုတ်ဆက် သွားကြသည် ။ ထို လူ မှာ အဝတ်အစား သားသားနားနား နှင့် မြန်မာများ ပင် ဖြစ်ကြသည် ။ သို့ စဉ်လျက် စောထွန်း အား နာမည် မခေါ်ဘဲ ယောက်ဖကြီး ယောက်ဖလေး ဆို၍ စကား ပြော သွားကြသည် ကို သော်တာစိန် လို အောက်သား တစ်ယောက် ၏ နား မှာ တစ်မျိုး တစ်ဖုံ ဖြစ် နေသည် ။ ထိုကြောင့် - ဤ လူ နှစ်ယောက် ခပ်လှမ်းလှမ်း ရောက်သွားသည်၌ သော်တာစိန် မှာ စာရေးဆရာ ပီပီ စပ်စုလိုသည် ဖြစ်၍ -
“ ဘယ့်နှယ် ကိုစောထွန်း ဟိုလူ နှစ်ယောက် က ခင်ဗျာ့ ယောက်ဖကြီး ယောက်ဖေလေး နဲ့ ယောက်ဖချင်း မိုးမွှန် နေတာဘဲ ၊ တကယ်ဘဲ သမီးယောက်ဖ တော်ကြလို့လား ၊ ဒါမှမဟုတ် ကရင်တွေ လို ချစ်စနိုး ခေါ်ကြတာလား ... ”
စောထွန်း - “ အင်း ... ခင်ဗျာ့ အဖို့ တော့ နားကြား ဆန်း နေမှာဘဲ ... တကယ် သမီး ယောက်ဖ မို့ ယောက်ဖ ခေါ် ကြတာဗျ ”
စိန် - “ အော ... မေးပရစေအုံး ဘယ်သူ က နှမ ပေးရတာလဲ ”
ထွန်း - “ သူတို့ က ပေးရတာဗျ ၊ ဟို လူ အကြီး က ကျွန်တော့ မိန်းမ ရဲ့ အစ်ကို ၊ အငယ် က တော့ မိန်းမ မောင် ... ”
စိန် - “ အော သူတို့ က ညီအစ်ကို ”
ထွန်း - “ ဟုတ်တယ် ကျွန်တော်တို့ အညာဓလေ့ မှာ နှမ ပေးရတဲ့ လူ က နှမ ယူ တဲ့ ယောက်ဖ ကို အင်မတန် ချစ်ကြတာဗျ ၊ နာမည် တောင် မခေါ်တော့ဘူး အခုန လိုဘဲ အရွယ် လိုက်ပြီး ယောက်ဖကြီး ယောက်ဖလေး ခေါ်ကြတော့တာဘဲ ”
စိန် - “ ကျွန်တော်တို့ ဆီ နဲ့ တော့ ဆန့်ကျင်ဘက်ပဲဗျ - တချို့ ဆို ရင် ကိုယ် နဲ့ သူငယ်ချင်း ဖြစ်ခဲ့တဲ့ လူတောင် နှမလင် ဖြစ်သွားရင် အရင်တုန်း က လို ပွန်းပွန်းတီးတီး စကား မပြောတော့ဘူး ၊ နှမ ယူ တဲ့ လူ က သာ သူ့ ကို ချော့ရလိမ့်မယ် ”
ထွန်း - “ ဟုတ်လား ... ကျွန်တော်တို့ အညာ ကတော့ ကိုယ့် နှမလင် ယောက်ဖ ဆို ရင် ... အားကြီး အရေးပေး ကြတယ် ၊ ဘာကြောင့်လဲ ဆို - အဓိပ္ပါယ် က တော့ ကိုယ့် နှမကိုယ် ချစ်လို့ပါဘဲ ဗျာ ... ကိုယ့်နှမ ဟာ ဒီ ယောက်ဖ ရဲ့ လက် ထဲ မှာ ရှိတယ် မှုတ်လား ”
စိန် - “ ဟုတ်တယ်ဗျာ ကျွန်တော် သဘောပေါက် ပါတယ် ကောင်းတဲ့ ဓလေ့ဘဲဗျ ”
စောထွန်း သည် အားရပါးရ စားသောက်ရင်း သော်တာစိန် ကိုလည်း ခွက်လှည့် မှန်မှန် ပေးကာ -
“ ရော့ ခင်ဗျာ့ အလှည့်ဗျ ၊ ဒါနဲ့ ကိုတင်စိန် မှာ ကော ယောက်ဖ မရှိဘူးလား ”
စိန် - ( အရက်ခွက် ကို ကိုင်ရင်း ) “ ဟင့်အင်း .…. ကျွန်တော့် မှာ က ညီအစ်ကို မောင်နှမ မရှိဘူး ဥတစ်လုံး တစ်ကောင်ကြွက် ”
ထွန်း - “ ဟဲဟဲ ... ဥတစ်လုံး ထဲတော့ ဟုတ်မယ် မထင်ပါဘူးဗျာ ” ဟု နောက်ပြီးမှ “ နို့ ခင်ဗျား က ပေးရတဲ့ ယောက်ဖ မရှိတောင် ယူရတဲ့ ယောက်ဖကော ”
“ ကျွန်တော့ မှာ မိန်းမ လဲ မရှိသေးဘူးဗျ ”
“ ဟုတ်လား ဒါဖြင့် ကျွန်တော်တို့ ဆီက အညာသူ တစ်ယောက် ယူဗျာ ... နှမပေးယောက်ဖတွေ က ခင်ဗျာ့ ဘယ်လောက် ချစ်ကြသလဲ ဆိုတာ သိရအောင် - သူတို့ နှမ နဲ့ လက် မထပ်နဲ့အုံး ဗျာ ရည်းစား ဖြစ်ပြီ ဆိုတာ သိတာ နဲ့ မောင်တွေ က ခင်ဗျာ့ ကို အရေး ပေးကြလိမ့်မယ်ဗျ ”
သော်တာစိန် သည် သူ့ အတွေး နှင့် သူ စိတ် ထဲ က ကြိတ်၍ ပြုံးလိုက်လေသည် ။
မီးရထားကြီး သည် ဥဩ ပေး၍ တရွေ့ရွေ့ ထွက်လေပြီ ၊ သော်တာစိန် နှင့် ကိုစောထွန်း သည် စားသောက်ခြင်း ကို လက်စသိမ်း ၍ လက်ဆေးခြင်း ရေသောက်ခြင်း ဖြင့် ခေတ္တ စကားပြတ် နေကြပြီးမှ ခုံ ပေါ် တွင် သက်တောင့်သက်သာ ထိုင်ကြကာ စီးကရက် သောက်ရင်း စကား ဆက်ကြပြန်သည် ။
သော်တာစိန် - “ ဒါနဲ့ ကိုစောထွန်း အခုန ခင်ဗျား ယောက်ဖတွေ ပြော စကား အရ ခင်ဗျား ဟာ ကျောက်စိမ်းတွင်း လုပ်ငန်း လုပ်တယ် ဆိုတာ သိရကယ် ”
ထွန်း - “ ဟုတ်ပါတယ် ၊ ကျွန်တော် တွင်းပိုင်ရှင် တစ်ယောက် ပါ ”
စိန် - “ ကျွန်တော့ အဲဒီ လုပ်ငန်းအကြောင်း ပြောပြစမ်းဗျာ ”
“ ဘာလဲ ခင်ဗျား ကံစမ်းချင်လို့ လား ဒီ အလုပ် က ကံ ပေါ် မှာ တည်တယ် ”
“ ကျွန်တော် က လုပ်ချင်လို့ မဟုတ်ဘူး ဗဟုသုတ ရချင်လို့ပါ ”
“ ဒီလိုဗျ - လုပ်ငန်း မှာ တွင်းပိုင်ရှင်ရယ် တွင်းတူး သမားရယ် နှစ်မျိုး ရှိတယ် ၊ တွင်းပိုင်ရှင် ဆိုတာ ငွေအား စိုက်ရတဲ့ လူ တွင်းတူးသမား က လုပ်အား ”
“ ဟုတ်ပါပြီ - တွင်းပိုင်ရှင် က တူး ဘို့ နေရာ ကို ဝယ်ရသလား ”
“ မဝယ်ရပါဘူး ကိုယ် လိုချင်တဲ့ မြေနေရာ ကို ရှာပြီး သက်ဆိုင်ရာ မှာ လိုင်စင် ယူရတယ် ... အဲ - တူးခွင့် ရတဲ့ အခါမှာ လုပ်သား ငှား ၊ လုပ်သား မှာ နေရာဒေသ လိုက် လို့ ပေါ့ ဗျာ ၊ တွင်းကြီး တွင်းကလေး လိုက်ပြီး ၅ - ယောက် ဆိုင်း ၊ ဆယ်ယောက် ဆိုင်း ၊ ဆယ့်ငါးယောက် ဆိုင်း စသည်ဖြင့် ရှိတယ် ၊ ကိုယ့် ငွေအား တတ်နိုင် သလောက် အဆိုင်း ငှါးပြီး သူတို့ တူး နေ သမျှ ကာလပတ်လုံး အစားအသောက် နဲ့ ဆေးဝါး ပေးထား ရတယ် ။ ကျောက် အောင် တဲ့ အခါမှာ ဒီ တွင်းတူးတဲ့ လုပ်သားဆိုင်း နဲ့ တွင်းပိုင်ရှင် နဲ့ တစ်ယောက် တစ်ဝက် ၊ ကံကောင်းတဲ့ လူများ ဆို ရင် မကြာမီဘဲ ကျောက်ကောင်း ရလို့ အမြတ် ပေါ်တယ် ။ ကံဆိုးသူများ ကျ တော့ လုပ်သားတွေ စရိတ် မတတ်နိုင်တော့လို့ လုပ်ငန်းသာ ဖြတ် လိုက်ရတယ် ဘာ ကျောက် မှ မယ်မယ်ရရ မရလိုက်ဘူး ၊ အဲ - တစ်ချို့ ရှိသေးတယ် ၊ ဆိုးတာလဲ မဟုတ် ၊ ကောင်းတာလဲ မဟုတ် ၊ ဒီ လုပ်ငန်း က ဘာအကျိုး အာနိသင် မှ မခံစားရဘူး လုပ်သားစရိတ် ကာမိရုံလောက်ကလေးဘဲ ပျောက်ကြား - ပျောက်ကြား ကျောက်ဖွဲ ကျောက်ညံ့ကလေးတွေ ရတယ် ”
“ အင်း ... တော်တော် မရေရာတဲ့ အလုပ်ဘဲနော် ”
“ ဟုတ်တယ်ဗျ ၊ စာရေး ဆရာ တစ်ယောက် ရေးတာ ကျွန်တော် ဘတ်ဖူးတယ် ၊ တစ်ခါ သူ ရေးတဲ့ ဝတ္ထု တစ်ပုဒ် ဟာ ခါတိုင်း လက်ရာ မမီဘဲ အတော် ညံ့ သွားတာ ဝေဘန်ခံရတော့ ၊ သူ စာ ရေးရတာဟာ ကျောက်တွင်း တူးရ သလို ပါဘဲတဲ့ ။ ကျောက်တွင်းတူးသမား ဟာ မြေကြီး ထဲ မမြင်မကမ်း နဲ့ ရမ်း ပြီးတော့ ကျောက်ကြီး ကျောက်ကောင်း ရအောင် တူးသလိုဘဲ ၊ သူ လဲ စာကောင်း ပေမွန် ရအောင် မဖြစ်ပေါ်သေးတဲ့ ဇာတ်အိမ် ဇာတ်လမ်း ကို ဖန်တီးတယ်တဲ့ ။ ထွက်လာတဲ့ အခါမှာ ကျောက်တွင်း တူးသမား မှန်းချေ မကိုက်ဘဲ ကျောက်ဖျင်း ကျောက်ညံ့ကလေး တွေ့တတ်သလိုဘဲ သူ လဲ အရေ မမီတဲ့ ဝတ္ထုကလေး ရေး မိ နေပါတယ်တဲ့ ”
သော်တာစိန် က ပြုံး၍ -
“ ကို စောထွန်း စာဖတ်ဝါသနာ ပါတယ် ထင်ပါရဲ့”
“ ဝါသနာရယ် ဆိုမလား တွေ့တဲ့ ကြုံတဲ့အခါ ဖတ်လိုက်တာဘဲဗျ ၊ ကျွန်တော့ မိန်းမ ကတော့ ကျွန်တော့ ထက် ဖတ်တယ် ။ လဆန်း တိုင်း ထွက် သမျှ မဂ္ဂဇင်းတွေ ဝယ်ပေး ရတယ် ”
သော်တာစိန် ကလည်း စကား လွှဲ လိုက်၍ -
“ အင်း ... ကို စောထွန်း ခုအခြေ ကြည့် ရတာဖြင့် ကျောက်တူး လုပ်ငန်း နဲ့ အကျိုးပေးတဲ့ လူနဲ့ တူရဲ့ဗျ ။ မကြာသေးမီ က ဘဲ ငါးထောင်ကျောက် တစ်လုံး အောင် လိုက်သေး ဆိုသကိုး ”
“ ဟုတ်ပါတယ် သို့သော် ကျွန်တော် က ထောင်ကျောက် သောင်းကျောက် လောက်ဘဲ ရဖူးသေးတယ် ၊ သိန်းကျောက် မအောင်သေးဘူးဗျ ”
“ နေပါအုံး ၊ ထောင်ကျောက် ၊ သောင်းကျောက် ဆိုတာ က တစ်ထောင်တန် ၊ တစ်သောင်းတန် ပြောတာလား ”
“ မဟုတ်ဘူးဗျ - ဒီလို ကျောက် တစ်လုံး တူးရတဲ့ အခါမှာ အပေါ်ယံ ခွဲ ပြီးတော့ ( အရောင် ဖေါ်ပြီးတော့ ) ရာဖြတ် ကို ပြရတယ် ၊ ဒီတော့ ရာဖြတ် က ဒါဟာ ထောင်ကျောက် ဘဲ ၊ သို့မဟုတ် သောင်းကျောက် ဘဲလို့ ဆုံးဖြတ်တယ် ။ အဓိပ္ပါယ် က ထောင်ချီတန်တဲ့ ကျောက် ၊ သောင်းချီ တန်တဲ့ ကျောက် လို့ ဆိုလိုတယ် ။
ထောင်ကျောက် ဟာ ဆိုရင် အနည်းဆုံး တစ်ထောင် ကနေပြီး ၉ ထောင် အထိ ၊ သောင်းကျောက် က တစ်သောင်း က နေပြီး ၉ သောင်း အထိ ၊ သူ့ အရည် လိုက်လို့ တန်ဖိုး ရှိတယ် ”
“ ဒါကတော့ ဝယ်သူ နဲ့ ရောင်းသူ ဆုံးဖြတ်မှုပေါ့ နော် ”
“ ဝယ်သူ ဆုံးဖြတ်မှု ပေါ်မှာ တည်တယ်ဗျ ။ ဘာ့ကြောင့်လဲ ဆိုရင် ကျောက် ရောင်းတာ ဟာ လေလံတင်တဲ့ သဘောကို ဗျ ၊ လေလံ တင်တယ် ဆိုပေမဲ့ ခင်ဗျားတို့ ဆီ ကလို အော်ကြီးဟစ်ကျယ် နဲ့ တစ်ဦး ထက် တစ်ဦး အလု အယက် လုပ် နေကြတာ မှုတ်ပါဘူး ကျောက် တစ်လုံး အောင် သဟေ့ ဆိုရင် ကုန်သည်တွေ ပွဲစားတွေ က အရည်အသွေး လာ ကြည့် ပြီးတော့ သူတို့ ပေး နိုင်မယ့် အဖိုး ဆုံးဖြတ်ကြတယ် ။ ရောင်းတဲ့ အခါမှာ ဥပမာ ကျွန်တော် က ကျောက်ရှင် ဆိုပါတော့ ဟောဒီလို ကျွန်တော့ လက်ဝါး နှစ်ဘက် လက် ဆယ်ချောင်း ဖြန့် ပြီးတော့ အဝတ် နဲ့ အုပ်ထား လိုက်တယ် ၊ အဲဒီ အခါမှာ ဝယ်မယ့် လူတွေ က အသီးသီး ကျွန်တော့် လက်ချောင်းတွေ ကို နဘေး လူမမြင် ရအောင် အဝတ် ထဲ မှာ ဆွဲ ပြ ကြတယ် ။ သောင်းကျောက် မှာ သုံးချောင်း ဆွဲရင် သုံးသောင်း ၊ လေးချောင်း နဲ့ လက် တစ်ချောင်း ခေါက်လိုက်ရင် လေးသောင်း ငါးထောင် ၊ ၉ - ချောင်း ဆွဲ ရင် ၉ - သောင်း ဘဲ ၊ ကျွန်တော် က သူတို့ ဆွဲတာတွေ မှတ်ထားပြီး အများဆုံး ပေးတဲ့ လူ ကို ရောင်း လိုက်တာပေါ့ ဗျာ ”
“ အတော် ကောင်းတဲ့ နည်းဘဲဗျို့ ၊တိုးတိုးတိတ်တိတ် နဲ့ လူ မသိ သူ မသိ ပြီးသွားတာပေါ့ ”
“ ဟာ ဒီလိုတော့ မဟုတ်ဗျို့ ၊ အရောင်းအဝယ် တည့်တယ် ဆိုရင် အဖိုး ဘယ်ရွေ့ ဘယ်မျှ ဆိုတဲ့ အကြောင်း နဘေး ပရိသတ် သိအောင် ကြေ ငြာရတဲ့ အပြင် ကျောက်ရှင် က လာ ကြည့်တဲ့လူတွေ ကို ကလေး လူကြီး တစ်ယောက် မကျန် ထိုက်တန်သလောက် ကိုယ် ရငွေ လိုက်ပြီး ၅ ကျပ် စီ ၊ သို့မဟုတ် ၁၀ စီ အညီအမျှ ဝေပေးရသေးတယ်ဗျ ။ ဒါဟာ ထုံးစံဘဲ ”
“ ဟင် ... ဒါဖြင့် ကျောက် ရောင်းတဲ့ လူ ဟာ ဒီ ရောင်းဝယ်တဲ့ နေရာ ကို သိပြီး လူများများ လာစေချင်မယ် မဟုတ်ဘူးနော် ”
“ ဟာ ... ဒီ စိတ် သဘောထားမျိုး ကျုပ်တို့ ဆီ က လူတွေ မှာ မရှိ ဘူးဗျ ၊ ကိုယ့် အောင်ပွဲ မှာ လူ များများ လာ အောင် တောင် ကြိုတင်ပြီး ကြေငြာထား သေးတယ် ၊ အလှူအတန်း သဘောကိုဗျ ”
“ အင်း ... ဒီလိုဆို တော်တော် စိတ်နှလုံးထား မွန်မြတ်တဲ့ အလုပ်ဘဲ ”
“ မွန်မြတ်ရမယ်လေ ၊ စိတ်နှလုံးထား မွန်မြတ်မှလဲ ကုသိုလ်ကံ က အကျိုးပေးမယ် မဟုတ်လား ၊ ကျုပ်တို့ အလုပ် ကုသိုလ်ကံ အလုပ်လို့ ကျွန်တော် ပြောခဲ့ပြီဘဲ ။ ကဲ .. ကျွန်တော့် အလုပ် နဲ့ အသက် မွေးကြောင်းတော့ ကိုတင်စိန် သိရပြီ ၊ ကိုတင်စိန် ကော ကျွန်တော် မသိရဘူးလား ။ ရန်ကုန် ရောက်ရင် ဝင်ပြု လယ်ရ အောင် နေရပ် ကော ပြောဗျာ ”
“ ပြောရမှာပေါ့ ဗျာ ၊ ကျွန်တော်လဲ ခင်ဗျားတို့ နဲ့ ခပ်ဆင်ဆင် တူတဲ့ အသက် မွေးဝမ်းကြောင်းဘဲ ၊ အခုန ကို စောထွန်း ပြောတဲ့ စာ ရေးရတာ နဲ့ ကျောက်တွင်း တူးတာ နှိုင်းယှဉ်ပြတဲ့ စာရေးဆရာ ဘယ်သူလဲဗျ ၊ သူ့စာဖတ်ပြီး သူ့ နာမည် မှတ်ထားရဲ့ လား ”
“ ဟား ... မှတ်ထားတာပေါ့ ဗျာ ၊ ကျွန်တော်တို့ ဖေးဖရိတ် စာရေးဆရာ ဘဲ ”
“ ဒါဖြင့် ကိုစောထွန်း ရန်ကုန် ရောက်တဲ့ အခါမှာ ရှုမငြီး မဂ္ဂဇင်း တိုက်သွား ၊ အဲဒီ စာရေးဆရာ ကို မေး ၊ ဒီနေ့ တိုက် မလာဘူး ၊ အိမ် မှာ စာ ရေး နေတယ် ဆိုရင် မန်နေဂျာ ကို မော်တော်ကား နဲ့ လိုက်ပို့ခိုင်း ၊ ရောက်လဲ ရောက်ရော ကိုစောထွန်း ကျွန်တော့ ကို တွေ့ ရော ”
ကိုစောထွန်း သည် ရုတ်တရက် မျက်လုံး အကြောင်သား နှင့် ပါးစပ် အဟောင်းသား ဖြစ်သွားပြီးမှ -
“ ဟာ ... စာရေးဆရာ သော်တာစိန် ၊ ဟာ .. တွေ့ရတာ ဝမ်းသာလိုက်တာဗျာ ၊ ဆရာ့ နှယ် စောစောကဘဲ ပြောပါတော့ ၊ ဆရာ့ နာမည်ရင်း က ကိုတင်စိန် ဆိုတာ မဂ္ဂဇင်း တခု ထဲ မှာတော့ ဖတ်မိသား ဆရာ ရဲ့ ၊ မမျှော်လင့်ဘဲ နဲ့ ဘလှိုင် မှတ်ပြီး ကြံကြံဖန်ဖန် ဆုံရတာ ကျွန်တော့ မိန်းမများ သိရင် ဘယ်လောက် ဝမ်းသာလိုက် မလဲ ၊ သူ က ဆရာ့ ဝတ္ထု ဆိုရင် အသည်းစွဲ ပေါ့ ။ ကျွန်တော်တို့ ဆီ လိုက် လယ် နိုင် ရင် သိပ်ကောင်းမှာ ဆရာ အခု ဘယ်အထိ သွားမလဲ "
“ ကသာ ”
“ ကသာ မှာ ဘယ်လောက် ကြာ မှာလဲ ”
သော်တာစိန် ခေတ္တ စဉ်းစားပြီး မှ -
“ မပြောနိုင်သေးဘူးဗျ ”
“ ဆရာ ဘယ်သူ့ ဆီ တည်း မှာလဲ ”
သော်တာစိန် သည် ပြုံးစိစိ လုပ်ပြီး -
“ အဲတာလဲ မပြောနိုင်သေးဘူးဗျ ”
“ ဆရာ ကလဲ မပြောနိုင်သေးတာချည့်ဘဲ ၊ ကဲ - ဆရာ ရန်ကုန် မပြန်မီ ကျွန်တော် တို့ ဆီ လာပြု လယ် နိုင်ရင်တော့ ဟော့ဒီမှာ ကျွန်တော့် လိပ်စာ ပေးခဲ့မယ် ...”
ဆိုပြီး သူ့ ဒိုင်ယာရီစာအုပ် တွင် ရေး ၍ ဆုတ် ပေး ကာ -
“ ဆရာ ကျွန်တော်တို့ ဆီ တော့ လာဖြစ် အောင် လာဖို့ ကောင်းတယ် ၊ ဒါမှ ကျောက် တူးတာတွေ ၊ ကျောက် အရောင်းအဝယ် လုပ်တာတွေ ကိုယ်တွေ့ မျက် မြင် ရေးပြနိုင် မှာ ”
သော်တာစိန် သည် စောထွန်း လိပ်စာ ကို အိပ်ထဲ ထည့်ရင်း
“ ကျွန်တော် လာ နိုင်အောင် ကြိုးစားမယ်ဗျာ ”
စောထွန်း သည် သော်တာစိန် မျက်နှာ ကို စေ့စေ့ ကြည့် နေရာမှ တစ်စုံတစ်ခု သဘော ပေါက် ကာ -
“ ဆရာ ကသာ သွားတာ ဟန်ကျတယ် ၊ ကိုယ်တွေ့ ဝတ္ထု ရေးဖို့ မမျှော်လင့်တဲ့ အဖြစ်အပျက် တွေ့ကြုံရ လိမ့်မယ် ”
“ ဘာကြောင့်လဲဗျ ”
“ဘလှိုင် နဲ့ တူလို့ ”
“ ခင်ဗျာ့ ဘလှိုင် က ဘာမို့တုန်း ”
“ တောခို နေ တဲ့ လူ ”
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment