❝ ခေတ် ရဲ့ ကြေးမုံပြင် ထဲ က မောင်သာရ ❞
ဆရာ့ အင်တာဗျူး နဲ့ ပတ်သက်လို့ ကျွန်တော့် ဆီ နယ် က စာ နှစ်စောင် ရောက် လာပါတယ် ။ ပထမ စာ က တော့ ဗန်းမော်မြို့ က စာဖတ် ပရိသတ် တစ်ဦး ဖြစ်တဲ့ ကိုအောင်လွင် ဆီ က ပါ ။ သူ က ဆရာ့ ကို မေးစေချင်တဲ့ မေးခွန်း တချို့ ရေး လိုက် ပါတယ် ။ ကျွန်တော် မေးရင်း နဲ့ ပဲ ထည့် မေး ပေး သွားပါ့မယ် ။ နောက် စာ တစ်စောင် က ပြည်မြို့ စက်မှုလက်မှုကျောင်း က စာကြည့် တိုက်မှူး ဒေါ်ခင်နှင်းဦး ရေး လိုက်တဲ့ စာပါ ။ သူ့ စာ က တော့ ကျွန်တော် နဲ့ ပတ်သက်ပါတယ် ။ ပထမ လ အင်တာဗျူး မစ ခင် ကျွန်တော် ခြေဆင် စကား ရေးတဲ့ နေရာ မှာ ဆရာ့ စရိုက် နဲ့ ပတ်သက်ပြီး စမ်းစမ်းနွဲ့ ( သာယာဝတီ ) ရဲ့ စကား နဲ့ ပြောရရင် “ တစ် ကောင်တည်း ပဲ ၊ ဒါပေမဲ့ ခြင်္သေ့ ” ဆိုတာ မျိုးလို့ ပြော လိုက်တယ် ။ ဒီ စကား ဟာ စမ်းစမ်းနွဲ့ ရဲ့ စကား မဟုတ်ပါဘူး ။ လူထု ဦးလှ ရဲ့ ပုံပြင်စာအုပ် ထဲ က စကား ဖြစ်ပါ တယ် ။ ဒါကိုလည်း စမ်းစမ်းနွဲ့ က သူ့ ဝတ္ထု အမှာစာ မှာ ရေးထားပါတယ် လို့ ထောက်ပြ လာပါတယ် ။
မှန်ပါတယ် ဒေါ်ခင်နှင်းဦး ခင်ဗျား ... ။ ဒီ စကား ရဲ့ မူရင်း ဟာ ဦးလေးလှ ရဲ့ ပုံပြင်စာအုပ် မှန်း ကျွန်တော် လည်း သိထားပါတယ် ။ ဘယ်လိုပဲ ဖြစ်ဖြစ် စိတ်ဝင်တစား ဖတ်ရှု ဝေဖန် ပေး တဲ့ အတွက် အထူး ကျေးဇူး တင်ပါတယ် ခင်ဗျား ။
ဆရာ နဲ့ စကား ပြော ဖြစ်တာ ဒီ လ ပါ နဲ့ ဆိုရင် သုံးလ မြောက် ဖြစ်သွားပါပြီ ။ ဆရာ က မေးခွန်း တစ်ခု မေး လိုက် ရင် သူ့ အကျင့် အတိုင်း ခပ်အေးအေး စဉ်းစဉ်းစားစား နဲ့ ပြောတတ်တာ ဆိုတော့ အခု ဆိုရင် ကျွန်တော်တို့ နှစ်ယောက် စကား ပြောခဲ့တာ စီ ၆ဝ ငါးခွေ ၊ အချိန်ကာလ အားဖြင့် ငါးနာရီ ရှိခဲ့ ပါပြီ ။ ဒီ လ ပြောဖြစ် ခဲ့ကြတာတွေ ကို တင် ပြ ရရင် ... ။
••••• ••••• ••••• •••••
🅠 ဆရာ ... စာ ရေးရင် အချိန် ၊ နေရာ ရွေး သလား ။ ဘယ်လို အချိန်တွေ မှာ ရေး တတ်တယ် ၊ စာရေးတာ နဲ့ ပတ်သက်ပြီး ဘယ်လို အကျင့် ရှိတယ် ဆိုတာ သိချင်ပါတယ် ။
အဲဒါကတော့ ဒီလိုဗျ ။ စာ ရေး တာ နဲ့ ပတ်သက်လို့ အချိန် မရှိဘူး ၊ နေရာ လည်း မရွေးဘူး ။ ရေး ချင်တဲ့ အချိန် မှာ ၊ ရေးချင်တဲ့ နေရာ မှာ ရေး တာပဲ ။ ဘယ်လောက် ဆူ နေနေ ၊ ဥပမာ - ပုံနှိပ်စက် ထဲ မှာ လည်း ရေး လို့ ရ တာပဲ ။ လက်ဖက်ရည် ဆိုင် ထဲ မှာ လည်း ရေး လို့ ရ တာပဲ ။ မြို့ ထဲ မှာ လည်း ရေး လို့ ရ တာပဲ ။ ဘယ်လောက် ဆူညံ နေနေ ကျွန်တော် ရေး လို့ ရတယ် ။
အဲ ... တစ်ခုတော့ ရှိတယ် ။ ကျွန်တော် စာ ရေးနေတဲ့ အချိန် မှာ ကျွန်တော့် ကို တိုက်ရိုက် လာ စကား မပြောနဲ့ ။ ပြန် ပြော ရတော့ ခေါင်း ထဲ မှာ အာရုံ ပျက်တယ်ပေါ့ဗျာ ။ ဒါက တစ်ချက် ။ နောက် ... သီချင်း ဖွင့် လို့ မရဘူး ။ သီချင်းသံ ကြား နေ ရ ရင် စာ ရေးလို့ မရဘူး ။ သီချင်းသံ ကြား နေရရင် အာရုံ က အဲဒီ ရောက် သွား တတ်တာ ကိုး ။ ဒါကြောင့် ကျွန်တော် စာ ရေးတဲ့ အချိန် မှာ သီချင်း နား မထောင်ဘူး ။ သီချင်းသံ ကြား ရတဲ့ နေရာ မှာ လည်း စာ မရေးဘူး ။ အချိန်အားဖြင့် ဆိုရင် ည လည်း ရေးတာပဲ ။ နေ့ လည်း ရေးတာပဲ ။ ဘယ်အချိန် မှာ ဖြစ်ဖြစ် ရေးလို့ ရ တယ် ။ တစ်ခု ရှိတယ် ။ ရေးတဲ့ နေရာမှာ နည်းနည်း ဇီဇာ ကြောင် တဲ့ သဘောပေါ့ဗျာ ။ ဆိုလိုတာက ဗျာ ... စာ ရေး ရမယ့် စားပွဲ ၊ အဲဒီ စားပွဲ ပေါ် မှာ တော့ ဘာမှ မရှိ မှ ။ တလင်း ပြောင် နေ မှ ။ အဲဒီ ပေါ် မှာ ဆေးလိပ်ပြာခွက် လည်း မရှိ နဲ့ ၊ မီးခြစ် လည်း မရှိ နဲ့ ၊ တခြား ဘာ ပစ္စည်း မှ လည်း မရှိ နဲ့ ။ စာရွက် နဲ့ ရေးရမယ့် ကလောင် နဲ့ ၊ ဒါမှမဟုတ် လက်နှိပ်စက် နဲ့ ရေးမယ် ဆိုရင်လည်း လက်နှိပ်စက် ပဲ ရှိ ၊ မျက်စိ ထဲ မှာ ရှင်း နေမှ ကြိုက်တယ် ။
နောက် ကျွန်တော် အလေ့အကျင့် တစ်ခု လုပ် ထား တာ ရှိတယ် ။ အဲဒါ အခုတော့ တော်တော် အသုံး ဝင်တယ် ။ ဘာလဲ ဆိုတော့ ကျွန်တော် စာ ကို ကိုယ့် ဘာသာ ကိုယ် လည်း ရေး တယ် ။ ( ကိုယ့် လက် နဲ့ ကိုယ် ရေး တယ် ။ ) နောက် လက်နှိပ်စက် နဲ့ လည်း ရိုက် တတ်တယ် ။ နောက် ... ပါးစပ် က ပြောပြီး လိုက် ရေး ပေးမယ့် သူ ရှိ ရင်လည်း ပါးစပ် က ပြောပြီး ရေး တတ်တယ် ။ အဲဒီလို လိုက် ရေးမယ့် သူ မရှိလည်း အခုလို အသံဖမ်းစက် နဲ့ အသံ သွင်းပြီး ရေး တတ်တယ် ။ ကျွန်တော် တော့ အဲဒီလို လေးမျိုး စလုံး ရေး တတ်အောင် လေ့ကျင့် ထားတယ် ။
🅠 ဟုတ်ကဲ့ ဆရာ ... “ တို့ဘက်က ကြည့်တော့ သူရဲကောင်း ” မှာ လည်း ဆရာ နေရာ မရွေး ၊ အချိန် မရွေး စာ ရေးတတ်တဲ့ အကြောင်း ရေး ထားတာ ဖတ်လိုက်ရပါ တယ် ။ ဒါပေမဲ့ အပြင်ဘက် က လက်တွေ့ အခြေအနေ မှာ တော့ ဆရာ က ဟိုတယ် တို့ ၊ တည်းခိုခန်း တို့ မှာ သွားပြီး စာ ရေးတာ တွေ့ရတယ် ။ ဘာကြောင့်ပါလဲ ။
ဟိုတယ် မှာ နေတာ နဲ့ စာ ရေးတာ နဲ့ ကတော့ ဘာမှ မဆိုင်ဘူးဗျ ။ ဒါပေမဲ့ ဆိုင် တော့ ဆိုင် နေ ပြန်တယ် ။ ကျွန်တော့် ဘဝ ကို က နား မလည်နိုင်စရာ ကြီး ဖြစ်နေ တာပါ ။
ကျွန်တော် ခင်ဗျား ကို တကယ့် အဖြစ်အပျက် အမှန်အတိုင်း ပြောပြမယ် ။ ဒါက လုပ် ယူလို့ လည်း ရတာ မဟုတ်ပါဘူး ။ တကယ့် အဖြစ်အပျက် ပါ ။ ရယ်စရာ ကောင်းတယ် ပြောရမလား ၊ အံ့ဩစရာ ကောင်းတယ် ပြောရမလား တော့ မသိဘူး ။
ကျွန်တော် ပထမ အိမ်ထောင်သက် ၁၇ နှစ် မှာ အိမ်ထောင် ပျက်တယ် ။ အိမ်ထောင် ပျက် တော့ အဲဒီ အိမ် ပေါ် က ကျွန်တော် ဆင်းခဲ့တယ် ။ ကျွန်တော့် မိန်းမ က ကျွန်တော့် ကို အဲဒီ အိမ်ထောင်စု စာရင်း ကနေ ထုတ်ပစ် လိုက်တယ် ။ ထုတ်ပစ် လိုက်တယ် ဆိုတာ ဒီလိုလေ ။ ပုံစံ ၁ဝ ထဲ က ရော ၊ ဆီစာအုပ် ထဲ က ရော ၊ သေတဲ့သူများ စာရင်း ဖျက် ပစ် သလို ကျွန်တော့် နာမည် ထုတ်ပစ် လိုက်တယ် ။ ပုံစံ ၁ဝ မတောင်းရဘဲ ကျွန်တော် ထွက်ခဲ့ ရတယ် ။
ဒုတိယအိမ်ထောင် ပြုတော့ ဘယ်သွား နေသလဲ ဆိုတော့ ပထမ တော့ ဧည့်စာရင်း နဲ့ ဟိုအိမ် ဒီအိမ် သွား နေရတာပေါ့လေ ။ နောက်တော့ ကျွန်တော် က အိမ်ငှား နေ တယ် ။ ပါရမီ မှာ နေတယ် ။ ကမ္ဘာအေးဘုရားလမ်း ၊ ကမ္ဘောဇရိပ်သာ နား မှာ နေတယ် ။ အဲဒီလို ရပ်ကွက်မျိုး မှာ နေပေမဲ့ ကျွန်တော် က ဧည့်စာရင်း လည်း မတိုင်ဘူး ၊ သန်းခေါင်စာရင်း လည်း မလုပ်ဘူး ။ ကုန်ဝယ် စာအုပ်တွေ ဘာတွေ လည်း မလုပ်ဘူး ။ ဒီ အတိုင်း နေတာပဲ ။ ဘယ်သူ က မှ လည်း လာပြီး စစ်ဆေး မေးမြန်းခြင်း မရှိဘူး ။ အဲဒီ ကနေ ရပ်ကွက် ထဲ ပြန် ရောက်တော့ ဘယ်သွား နေရ သလဲ ဆိုတော့ ယောက္ခမ အိမ် သွား ခို ရတယ် ။
ယောက္ခမ အိမ် က လည်း ကျွန်တော့် နေပုံ ထိုင်ပုံ ကို သဘော မကျဘူး ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် က ရပ်ကွက် ထဲ က ဆိုက်ကားသမား လို လူမျိုး ၊ ရပ်ကွက် ထဲ က ပခုံးထမ်း ဘာညာ အဲဒီလို လူမျိုးတွေ နဲ့ ပေါင်း တယ် ။ အသုဘ အိမ် တွေ မှာ ဖဲ ရိုက်ချင် သွား ရိုက်တယ် ။ အစရှိသည် ပေါ့လေ ။ လူမှုရေး ၊ ရပ်ရေး ၊ ရွာရေး ဆိုပြီး ရပ်ကွက် လူကြီးတွေ က ဖိတ်ရင် အဲဒီ အစည်းအဝေးမျိုး ကျွန်တော် မသွားဘူး ။ လူကြီး မလုပ်ချင်ဘူး ပေါ့ ဗျာ ။ ဆိုကြပါစို့ဗျာ ။ သူတို့ က အဲဒါတွေ ကို မကြိုက်ဘူး ။ သူတို့ မကြိုက်တာ ကို လည်း ကျွန်တော် က အပြစ် မတင်ပါဘူး ။
ခုနတုန်းက မတည့်တာ ရော ၊ မတင့်တယ်တာ ရော ပြဿနာတွေ ပေါင်းပြီး သူ က လည်း ကျွန်တော့် နာမည် ကို အိမ်ထောင်စု စာရင်း မှာ မထည့်ဘူး ဗျ ။ အဲဒီ တော့ ကျွန်တော့် ပုံစံ ၁ဝ က ဘယ်မှာ မှ မရှိဘူး ။ ခုချိန် ထိ မြန်မာပြည် မှာ နေပေမဲ့ ဘယ် ပုံစံ ၁၀ မှ မဝင်ဘူး ။ ဘယ် ဆီစာအုပ် ထဲ မှ မရှိဘူး ။ အဲဒီတော့ ဒီ တိုင်းပြည် မှာ နေပြီး မြန်မာလူမျိုး စစ်စစ် တစ်ယောက် ဖြစ်ပေမဲ့ ဘာ အခွင့်အရေး မှ မရဘူး ။
ပြော ရရင် ကိုဝင်းငြိမ်း ယုံပါ့မလား မသိဘူး ။ ပုံစံ ၁ဝ မရှိတာ ကြောင့် ခုချိန်ထိ ရွေးချယ်တင်မြှောက်ပွဲ တွေမှာ တစ်ခါ မှ မဲ မပေးဖူးဘူး ။ ဘယ် စာရင်း မှ မပါ တော့ ဘယ် မှ မဲ ပေး လို့ မရဘူးလေ ။ ခုချိန်ထိ ကျွန်တော် ဘယ်မှာ နေသလဲ မေးရင် ၊ ဘယ်မှာ နေတယ် လို့ ပြောရ မှန်း မသိဘူး ။ လိပ်စာ မရှိဘူးပေါ့ ဗျာ ။
အဲဒီတော့ ကျွန်တော် စာ ရေး တော့မယ် ဆိုရင် ဘယ်သူ့ အိမ် သွား ရေး ရ မလဲ ။ တခြား သူစိမ်း တစ်ရံဆံ ၊ မိတ်ဆွေ အပေါင်းအသင်း အိမ် ဘယ်လို လုပ် ရေး မလဲ ။ စောစောတုန်း က ကျွန်တော် ပြော သလို ရေးချင် တဲ့ အချိန် ရေး ၊ ရေးချင်တဲ့ နေရာ မှာ ရေး တာကိုး ။ ကျွန်တော် က ညလုံး ပေါက် ရေး မယ်ဗျာ ၊ ဘယ့်နှယ်လုပ် သူများ အိမ် မှာ ရေး မလဲ ။ ဘယ်လို လုပ်ပြီး မီး သုံး မလဲ ။ အဲဒီတော့ လေ့လာ စရာ မရှိ လေ့လာပြီး စာ ရေးတော့မယ် ဟေ့ ဆိုရင် ဟိုတယ် သွား ရေး တာပဲ ။
တစ်ညလုံး ရေး မလား ရေး ၊ တစ်နေ့လုံး အိပ် မလား အိပ် ၊ စားချင် တဲ့ အချိန် ထ စား ။ အိပ် တဲ့ အချိန် မှာ အခန်း ပေါက် မှာ “ မနှောင့်ယှက်ပါနဲ့ ” စာတန်း ချိတ် ထား လိုက်ရင် ဘယ်သူ မှ လည်း လာ မခေါ်တော့ဘူး ။ ပြီးတော့ ဟိုတယ် မှာ သွား နေတဲ့ အတွက် ဘာ ပစ္စည်း မှ လည်း မလို ဘူး ။ ကျွန်တော့် မှာ က လည်း ဘာ ပစ္စည်း မှ မရှိပါဘူး ။ အဝတ် သုံးစုံ လောက်ပဲ ရှိတယ် ။ ဒါပဲ ။ အဲဒီတော့ ကျွန်တော် ဟိုတယ် မှာ တက် ရေးတယ် ။ နိုးတဲ့ အချိန်ဟာ နေ့ ပဲ ။ အိပ်တဲ့ အချိန် ဟာ ည ပဲ ။ စား ချင် တဲ့ အချိန် စားတယ် ။
ကျွန်တော့် မှာ နေစရာ တကယ် မရှိတာပါ ။ ပိုက်ဆံ မရဘူးလား ၊ ရပါတယ် ။ သူများတွေ က ပြော တယ် ။ အိမ်လေး ဘာလေး ငှား နေပါလား တဲ့ ။ ရင်းနှီးတဲ့ သူတွေ က စေတနာ အလျောက် အကြံ ပေးကြ ပါတယ် ။ ဒါပေမဲ့ ကျွန်တော် စာရေးတာ က တစ်နှစ် မှ နှစ်အုပ် လောက်ပဲ ထွက်တယ် ။ အခု စာရေးသက် ၃၁ နှစ် အတွင်း မှာ စာအုပ် ၅၀ ကျော် ၅၆ အုပ် လောက် ပဲ ထွက် သေးတယ် ။ စဉ်းစား ကြည့် ၊ တစ်နှစ် နှစ်အုပ် တောင် မရေးဖြစ်ဘူး ။ တစ်အုပ် တစ်အုပ် ကို စာမူခ ထိုက်သင့် သလောက် ရပါတယ် ။
ရေးမယ် ဆိုပြီး စရန် ယူတယ် ။ သုံးတယ် ၊ ရေး တယ် ။ ရေးရင်း နဲ့ ယူ စားတယ် ။ စာအုပ် လည်း ပြီးရော စာမူခ လည်း ကုန်ရော ။ သို့သော် ကျွန်တော် ရ တဲ့ စာမူခ ဟာ ခုန ကျွန်တော် ပြောသလို ဟိုတယ် လည်း နေလို့ ရ တယ် ။ စား လည်း စားလို့ ရတယ် ။ ကျွန်တော့် ကို မှီခို အားထား နေတဲ့ သူတွေ ကို လည်း ကျွန်တော် မှီခို စောင့်ရှောက် နိုင်တယ် ။ ဒါပေမဲ့ ကျွန်တော် က မရေးချင် ဘဲ နဲ့တော့ တစ်လ တစ်အုပ် မျိုး ၊ နှစ်လ တစ်အုပ် မျိုး ရေးစရာ အကြောင်း မရှိဘဲ ပိုက်ဆံ ရ ရုံ သက်သက်မျိုး မရေးချင်ဘူး ။ Mechanical Production ( ဘာသာ တော့ ခင်ဗျား ပြန်ပေ တော့ ) ကျွန်တော် မလုပ်ချင်ဘူး ။ စက်ရုပ် လို မလှုပ်ရှား ချင်ဘူး ။
မေးစရာ တစ်ခု တော့ ရှိ သေးတယ် ။ ထုတ်ဝေသူတွေ က သိန်း နဲ့ ချီပြီး ကြိုတင်ငွေ မပေးကြဘူးလား လို့ ။ မှန်ပါတယ် ။ အခု လောလောဆယ် ကျွန်တော့် စောင်ရေ က ၃ဝဝဝ ရှိတယ် ။ သုံးထောင် ဆိုတဲ့ စောင်ရေ က တန်းအား ဖြင့် ပြောရရင် ဒီနေ့ မြန်မာပြည် မှာ ရောင်းရ တွင်ကျယ် တယ် ဆိုတဲ့ Best Seller တန်း ပဲ ။ အဲဒီ အတန်း ထဲ မှာ ပါတဲ့ ကျွန်တော့် လောက် စောင်ရေ ရှိတဲ့ သူ ကို ပဲ ထုတ်ဝေသူ က သိန်း နဲ့ ချီပြီး စပေါ် ပေး ပါတယ် ။ ဒါပေမဲ့ တခြား စာရေးဆရာ ကို သာ ပေးမယ် ၊ ကျွန်တော့် ကို မပေးပါဘူး ။ ဘာဖြစ်လို့ မပေးတာ လဲ ဆိုတော့ တစ် - ကျွန်တော် က Productive မဖြစ်ဘူး ၊ အရေး မသွက်ဘူး ပေါ့ ဗျာ ။ တစ်နှစ် မှာ နှစ်အုပ် လောက် ပဲ ထွက်တဲ့ ကျွန်တော့် ကို ပိုက်ဆံတွေ အမြောက်အမြား ပုံပေး ထားရင် အတိုးတွက် နဲ့ မကိုက်ဘူး ပေါ့ ။ နှစ် - ရေးပြန်တော့ လည်း ရေးတဲ့ ဥစ္စာ က အဖတ် တင် ဦးမှ ။ အဖတ် မတင်ဘဲ သားပျက် ကျ သလိုများ အဲဒီ ဝတ္ထု က လျှောမွေးကလေး ဖြစ် သွားရင် ၊ အသေမွေး ကလေး ဖြစ် သွားရင် တစ်ခါ ဒုက္ခ ရောက်ပြန်ရော ။
အဲဒီလို ဖြစ်သွားရင် ကျွန်တော် သာ ငတ်တာ ၊ ဒုက္ခ ရောက်တာ မဟုတ်ဘူး ။ သူတို့ မှာ လည်း ငွေရင်းတွေ စိုက် ပြီးတော့ အတိုးတွေ တက် ပြီး ဒုက္ခ ရောက် ကုန်ရော ။ ရှုံး ရော ။ အဲဒီတော့ ကျွန်တော့် လို လူမျိုး ကို ငွေတွေ သိန်း နဲ့ ချီပြီး ပုံပေး ရတာ အာမခံချက် မရှိဘူးပေါ့ဗျာ ။ အဲဒီတော့ သူတို့ က မပေးဘူး ။ ပေး လည်း ကျွန်တော် က မယူပါ ဘူး ။ သဘော ပြောတာပါ ။ အိမ် ဝယ် ဖို့ ၊ ကား စီး ဖို့ အတွက် တော့ ကျွန်တော် စာ မရေးပါဘူး ။
အိမ်ငှား နေပါလား တဲ့ ။ ပြောတာ တော့ လွယ်ပါ တယ် ။ ဒီနေ့ ရန်ကုန် မှာ အိမ်ခန်းလေး တစ်ခန်း ရ ဖို့ သိန်း နဲ့ သောင်း နဲ့ ချီပြီး အပျောက်တွေ ၊ စပေါ်တွေ ပေး ရတာ ကိုဝင်းငြိမ်း လည်း အသိပဲ မဟုတ်လား ။ အစွန်အဖျား ရပ်ကွက်တွေ မှာ လေး ၊ ငါး ၊ ခြောက်သောင်း ပေးရင် ရနိုင်ပါတယ် ။ အဲဒီလောက် လည်း ကျွန်တော် မတတ်နိုင် ပါဘူး ။ အဲဒီတော့ ဘာ တတ်နိုင်သလဲ ။ ဘာမှ မတတ်နိုင် ဘူး ။ ဟိုတယ် မှာ တက် စာရေး ၊ ဒါပဲ ရှိတာပေါ့ ။
အလွယ်ဆုံး ဥပမာ ပြ ရ ရင်တော့ ကိုဝင်းငြိမ်း ရယ် ... ပိုက်ဆံ မရှိတဲ့ သူ တစ်ယောက် ၊ သူ က လည်း ဈေး ရောင်း မှ စား ရမယ် ၊ အရင်းအနှီး က လည်း မရှိတော့ နေ့ပြန်တိုး ယူပြီး လုပ်စား သလိုပေါ့ ဗျာ ။ နေ့ပြန်တိုး ဆိုတာ အတိုး မတရား ပေးရတာပဲ ။ တစ်ရာ ကို နှစ်ဆယ်တိုး ပေး ရတာ ရှိတယ် ။ တစ်ရာ ကို သုံးဆယ် တိုး ပေးရတာ ရှိတယ် ။ မတန် မှန်း သိတယ် ။ ဒါပေမဲ့ သူ က အဲဒီလို အတိုး နဲ့ ငွေ လည်း နှစ်ဆယ် ၊ အစိတ် လောက် ယူပြီးမှ ရင်းနှီး မစားရင် လည်း သူ စား ရ မှာ မဟုတ်ဘူး ။ အဲဒီ တော့ တစ်နေ့ ကို နှစ်ဆယ် လောက် ကတော့ ချေးရတာပဲ ။ ညနေ ကျ တော့ အစိတ် ပြန် ပေး ရတယ် ။ မတန်မှန်း သိ တယ် ။ အဲဒါကို “ အမယ်လေး ဒါလေးများ စုပါလား ” လို့ အဲဒီလို သွား ပြောရင် မတရား ပြောပြီး ဖနောင့် နဲ့ ပေါက် ရာ ရောက်မှာ ပေါ့ ။ နှစ်ဆယ် ချေး ပြီး အစိတ် ပြန်ဆပ် ။ ကျန်တာလေး နဲ့ ထမင်း စားရတဲ့ လူ ကို ခင်ဗျား တစ်နေ့ နှစ်ကျပ် ၊ သုံးကျပ် လောက် စုပြီး ကိုယ့် အရင်းလေး နဲ့ ကိုယ် လုပ်ပါလားလို့ ပြောရင် ဒါ ဖနောင့် နဲ့ ပေါက်တာ နဲ့ အတူတူပဲ ။
အဲဒီတော့ ဟိုတယ် မနေဘဲ ပိုက်ဆံ စုပြီး စပေါ်လေး ၊ အပျောက်ကလေး နဲ့ အိမ်ငှား နေပါလား ဆိုရင် ကျွန်တော် ဒီလိုပဲ ပြန် ပြောရလိမ့်မယ် ။
🅠 ဟုတ်ကဲ့ ဆရာ ... ခုလို ပွင့်ပွင့်လင်းလင်း ရှင်းပြ သွားတဲ့ အတွက် ကျေးဇူး တင်ပါတယ် ။ ဆရာ စာ ကော ဖတ်ပါ သလား ။
စာ ကတော့ ဖတ်ရတာပေါ့ ။ ဒါကတော့ စာ ရေးတဲ့ သူ တစ်ယောက် အတွက် အဓိက အလုပ်ပဲ ။ စာ ရေး တဲ့ သူ တစ်ယောက် ဟာ စာ မဖတ်ဘဲ နဲ့ စာ ရေး လို့ မရဘူးလို့ ကျွန်တော် ထင်တယ် ။ စာဖတ်တယ် ဆိုတဲ့ နေရာ မှာ ကျွန်တော့် မှာ တော့ တစ်ခု ရှိတယ် ။ ဘာလဲ ဆိုတော့ ည တိုင်း ဘယ်နှနာရီ မှ ပဲ အိပ်ရာ ထဲ ရောက်ရောက် စာ မဖတ် ဘဲ နဲ့ အိပ် ကို မပျော်ဘူး ။ ဥပမာဗျာ .. ည တစ်နာရီ ၊ နှစ်နာရီ မှ အိပ်ရာ ထဲ ရောက် လည်း စာအုပ်ကလေး တော့ ကောက် ကိုင် ဦးမှ ။ အနည်းဆုံး နာရီဝက် လောက် တော့ ဖတ် လိုက်ရမှ အိပ် ပျော်တယ် ။ စာ မဖတ်ဘဲ နဲ့ အိပ်မပျော်ဘူး ။
🅠 ဘယ်လိုစာမျိုး ဖတ်သလဲ ဆရာ ။
တွေ့တဲ့ စာ အကုန်လုံး ဆိုပါတော့ ။ သတင်း နဲ့ ပတ်သက် လို့ သတင်းစာ လည်း ဖတ်မယ် ၊ နိုင်ငံခြား က သတင်းဂျာနယ်လေးတွေ ဘာလေးတွေ ဖတ်မယ် ။ Time တို့ ၊ NewsWeek တို့ ၊ Far Eastern Economic Review တို့ ဖတ်မယ် ။ ဒါမှမဟုတ်လို့ စာပေ နဲ့ ပတ်သက်တာ ဖတ် ချင်ရင် လည်း နိုင်ငံခြား က လာတဲ့ စာပေ နဲ့ ပတ်သက်တာ လေးတွေ ၊ ဘာလေးတွေ ဖတ်တယ် ။ မြန်မာပြည် က ဆိုရင် တော့ များသော အားဖြင့် စာပေမဂ္ဂဇင်းတွေ ဖတ်တယ် ။ တချို့ မဂ္ဂဇင်းတွေ ကျ တော့ ဖတ်စရာ မလို တဲ့ မဂ္ဂဇင်းတွေ ရှိ တယ် ။ ဒါမျိုးကျတော့ ကိုယ် နဲ့ လည်း မဆိုင် လို့ မဖတ် ဘူး ။ တစ်အုပ်လုံး လှန် ကြည့် လို့ ဘာမှ ဖတ်စရာ မရှိ တဲ့ မဂ္ဂဇင်းတွေ လည်း မြန်မာပြည် မှာ ရှိတယ် ။ အဲဒါမျိုး ကျ တော့ လည်း မဖတ်တော့ဘူး ပေါ့ ဗျာ ။ ကြည့် လည်း မကြည့် တော့ဘူး ။ ကိုင် လည်း မကိုင်တော့ဘူး ။ ကိုယ့် နား မှာ လည်း မရှိဘူးပေါ့ ။
နောက် တစ်ခု က ကိုဝင်းငြိမ်း နဲ့ ကြုံကြိုက်တုန်း မှာ တချို့ စိတ်ဝင်စားတဲ့ သူများ သိချင်မယ့် အချက်နဲ့ ပတ်သက်ပြီး ပြောချင်တာ ရှိပါတယ် ။ ကျွန်တော် စာ တော့ ဖတ်တယ် ။ ဒါက ပြောရိုး ပြောစဉ် မို့ ပြောတာပါ ။ စာဖတ်တယ် ဆိုတာ ကြွားစရာ ၊ ဝါစရာကြီး တစ်ခု ဖြစ် နေ ဦးမယ် ။ အမှန် က တော့ လူ တစ်ယောက် စာဖတ်တယ် ၊ မဖတ်ဘူး ဆိုတာ စကား ပြော မကြည့်ရင် မသိ နိုင်ဘူး ။ စကား ပြော ကြည့် ရင် ဒီ လူ စာ ဘယ်လောက် ဖတ်တယ် ၊ မဖတ်ဘူး ၊ ဗဟုသုတ ဘယ်လောက် ရှိတယ် မရှိဘူးဆို တာ သိ နိုင်တယ် ။
အဲဒီလိုပဲ စာရေးဆရာ တစ်ယောက် စာ ဘယ်လောက် ဖတ်တယ် ၊ မဖတ်ဘူး ဆိုတာ သူ ရေးတဲ့ စာ ဖတ် ကြည့် ရုံနဲ့ သိ နိုင်တယ် ။ သူ ရေးတဲ့ စာ ကို ဖတ်ကြည့် ပြီး ရင် ဒီ လူ စာ ဘယ်လောက် ဖတ်တယ် ၊ မဖတ်ဘူး ဆိုတာ အကဲ ခတ် ကြည့် လို့ ရတယ် ။ အဲဒီတော့ စာရေးဆရာ တစ်ယောက် စာ ဖတ် သလား ၊ မဖတ် သလား ဆိုတာ တကယ် တမ်း တော့ ပြောစရာ ကို မလိုပါဘူး ။ သူ့ စာ ဖတ် ကြည့်ရုံ နဲ့ ပရိသတ် က အကဲခတ် ကြည့် လို့ ရပါတယ် ။
ကျွန်တော်တို့ ဆီ မှာ ယေဘုယျ အားဖြင့် ပြော ရ ရင် စာရေးဆရာ အများစု က စာဖတ် နည်းတယ် ။ တစ်ဖက် က ပြော ရရင် ဖတ်စရာ စာအုပ် ကလည်း လက်တစ် ကမ်း ဝန်းကျင် မှာ နည်းတယ် ။ စာ ဖတ်ချင် တဲ့ သူ ကတော့ ရှာ ဖတ် ရတာပဲ ။ ကျွန်တော် တို့ လည်း ရှာ ဖတ်ရတာပဲ ။ နိုင်ငံခြား က စာအုပ်များ လေ့လာချင်တယ် ဆိုရင် တော် တော် ကြိုးကြိုးစားစား ရှာ ဖတ်ရပါတယ် ။
နောက် တစ်ခု က ကျွန်တော့် မှာ ဘာ စာအုပ် မှ မရှိဘူး ။ ကျွန်တော် နေတဲ့ နေရာ ကို လာ ကြည့်ရင် လောလောဆယ် ဖတ် နေတဲ့ စာအုပ် နှစ်အုပ် ၊ သုံးအုပ် က လွဲရင် ဘာမှ တွေ့ရမှာ မဟုတ်ဘူး ။ အိမ် မှာ စာအုပ်စင် နဲ့ ၊ ဗီရိုကြီးတွေ နဲ့ စာရေးဆရာ မှန်း သိအောင် ၊ စာပေသမား မှန်း သိအောင် တခမ်းတနား ထားတာမျိုး ကို ကျွန်တော် မနှစ် သက်ဘူး ၊ မကြိုက်ဘူး ။ အဲဒါကြောင့် ကျွန်တော် စာအုပ် မထားဘူး ။ ထား လို့ လည်း မရဘူး ။ ဟို လူ က ဆွဲသွား ၊ ဒီ လူ က ဆွဲသွား နဲ့ ။ စိတ်ညစ် မခံနိုင်ဘူး ။ အဲဒီတော့ ဖတ် ချင် တာ ကို ဖတ် ပြီးရင် လိုချင်တဲ့ သူ ယူသွားပဲ ။ ဒီအတိုင်း ထား လိုက်တာပဲ ။
တစ်ချိန်တုန်း ကတော့ ကျွန်တော် အဲဒီလို မဂ္ဂဇင်းတွေ ၊ လုံးချင်းတွေ စုပြီး ငါးဆယ် တစ်ရာ လောက် ရ ရင် ကိုယ် နဲ့ နီးစပ်ရာ က အလှူခံ တဲ့ လူတွေ ကို လှူ တယ်ဗျာ ။ နောက်တော့ စာအုပ်တွေ က လည်း ဈေးကြီး လာ တော့ မလှူတော့ ဘဲ အိမ် က မိန်းမ က ရောင်းစား ပစ် တာပဲ ။ အဲဒီတော့ ကျွန်တော် စာအုပ် မစုတော့ဘူး ။ ယုတ်စွ အဆုံး ပြောရရင် အခု လောလောဆယ် နောက်ဆုံး ထွက်ခဲ့တဲ့ ကျွန်တော့် စာအုပ် တောင် ကျွန်တော့် ဆီ မှာ မရှိ ဘူး ။ ဒါကတော့ ကျွန်တော့် အကျင့်ကလေး တစ်ခု ဆိုပါတော့ ။
🅠 ဆရာ စာ အားလုံး ဖတ်တယ် ဆိုတော့ ဘာသာပြန်တွေ ကော ဖတ်ဖြစ်သေးလား ။
ဘာသာပြန် လည်း ဖတ်တယ် ဗျ ။ ဘာသာပြန် နဲ့ ပတ်သက်ပြီး ကျွန်တော့် အပေါ်မှာ လူ တွေ နား မလည်တာ ရှိတယ်ဗျ ။ ကျွန်တော် ထင်တယ် ... ဒီ မေးခွန်း ကို ကိုဝင်း ငြိမ်း မေး လိုက်တာ ကလည်း ကြုံကြိုက်တုန်း မှာ ကိုဝင်းငြိမ်း အပြင် က ကြား ထားတဲ့ ပြဿနာ ကို နားလည်ချင် တဲ့ သဘော ၊ ပေဖူးလွှာ စာဖတ်ပရိသတ် ကို ရှင်းပြစေချင်တဲ့ သဘော နဲ့ မေးလိုက်တာပဲ ထင် ပါတယ် ။
🅦🅝 ဟုတ်ပါတယ် ။
ခုနက ပြော သလို စာ ဟူသမျှ အကုန် ဖတ်တယ် ဆိုမှတော့ ဘာသာပြန် လည်း ပါ သွား တာပေါ့ ။ ဒါပေမဲ့ အပျော်ဖတ် တော့ ကျွန်တော် ဘယ် ဖတ်မလဲ ။ အပျော်ဖတ် ဆိုတာ တောင် မှ ကျွန်တော် က ကနေ့ အချစ်ဝတ္ထုတွေ နဲ့ ပတ်သက်ပြီး နာမည် ကြီး နေတဲ့ ငြိမ်းကျော် တို့ ၊ နွမ်ဂျာသိုင်း တို့ ကို ကျွန်တော် ဖတ်ကြည့် တာ ပေါ့ ။ ထွက် သမျှ ဖတ် ကြည့် သလား ဆို တော့ မဟုတ်ဘူး ။ ဥပမာ အားဖြင့် ငါးအုပ် မှာ တစ်အုပ် လောက် ၊ ဆယ်အုပ် မှာ တစ်အုပ် လောက် ကောက် ဖတ် လိုက်တာပဲ ။ ဘာ ထူး သလဲ ဆိုတော့ အုပ်ရေ သာ များတယ် ။ အကြောင်းအရာ က မထူးတော့ တဲ့ အတွက် ဒီလောက် ဖတ် ရုံ နဲ့ကို လုံလောက်တယ် လို့ ကျွန်တော် ထင်တယ် ။
အလားတူစွာပဲဗျာ ။ စုံထောက်ဝတ္ထု ၊ သိုင်းဝတ္ထု တို့ လည်း ဒီလိုပါပဲ ။ အပျော်ဖတ် ဝတ္ထု ဆိုတာ ကျွန်တော် တော့ မဖတ်ခင် ကတည်း က ဘာတွေ ရေးထားမယ် ဆို တာ သိနေတယ် ။ အချစ်ဝတ္ထု ဆို လည်း ဒီ အထဲ မှာ ဘာပါမယ် ဆိုတာ မဖတ်ဘဲ နဲ့ သိ နေတာပဲ ။ စုံထောက်ဝတ္ထု ဆိုတာ လည်း ဒီ ထဲ မှာ ဘာတွေ ပါမယ် ဆိုတာ ကျွန်တော် မဖတ်ဘဲ သိ နေတာပဲ ။ ဘာမှ အချိန်ကုန် ခံပြီး စာအုပ် တစ်အုပ်လုံး ဖတ် နေစရာ မလိုဘူး ထင်တယ် ။ အဲဒီလို စာအုပ် မျိုးတော့ ကျွန်တော် ဘယ် ဖတ်မလဲ ။
နိုင်ငံခြားဝတ္ထု ဆိုတာ လည်း ဒီလိုပဲပေါ့ ။ နိုင်ငံခြားဝတ္ထုတွေ ကို ကျွန်တော်တို့ ဆီမှာ အများအားဖြင့် ဘာ တွေ ဘာသာပြန်ကြသလဲ ဆိုတော့ Best Seller တွေ ဘာသာပြန် တာပဲ ။ Best Seller ဆိုတာ သူတို့ ဆီ မှာ အရောင်းရ တွင်ကျယ် တဲ့ စာအုပ်တွေ ။ ဒီ စာအုပ်တွေ က များသော အားဖြင့် အပျော်ဖတ်တွေ ပဲ ။ အဲဒီလိုပဲ စာအုပ်မျိုး တွေ ကျ တော့လည်း ဟက်ဟက်ပက်ပက် မဖတ်ဖြစ်ဘူး ပေါ့ဗျာ ။ ဒါလည်း ခုနက ပြောသလို ရှာဖတ် မှ ရတဲ့ စာအုပ်မျိုး ပါ ပဲ ။ စာအုပ် အငှားဆိုင် တွေ မှာ မရှိသလောက် ကို ရှား ပါတယ် ။ ကိုယ် နဲ့ နီးစပ်ရာ နိုင်ငံခြား က မိတ်ဆွေများ ကို လာတဲ့ အခါ ဆွဲ ခဲ့ပါ ၊ ပြုခဲ့ပါ ဆိုပြီး တော့ မှာ ပြီး ဖတ် မှ ရတာ ။ ကျွန်တော် က ကုသိုလ် ကောင်းတာ တစ်ခု တော့ ရှိတယ် ။ ဟိုတယ် မှာ နေတဲ့ ကာလ နည်းနည်းများ တော့ ဟိုတယ် ဆိုတာက သိတဲ့ အတိုင်း နိုင်ငံခြားသား တွေ လာ တည်း တာ များ တယ် ။ သူတို့ လက် ထဲ မှာ စာအုပ် ကလေး ဘာလေး ပါ လာတယ် ။ ဖတ်ပြီး ရင် သူတို့ ဒေသ ၊ သူတို့ လူမျိုး အလေ့ အကျင့် ကို က လွှင့် ပစ် တာပဲ ။ အဲဒီတော့ ကျွန်တော် က ဖတ် ပြီး ရင် ပေးခဲ့ပါ လို့ တောင်း ထား လိုက်တယ် ဗျာ ။ အဲဒီလို ရ လိုက်တဲ့ အထဲ မှာ တစ်ခါ တလေ ဘဝ သရုပ်ဖော်လေး တွေ ဘာလေး တွေ ရှားရှား ပါးပါး ဖတ် ရတယ် ။ ကျန်တဲ့ Best Seller ဆို တဲ့ အပျော် ဖတ် ကတော့ မဖတ်ဖြစ်ဘူး ။
Time တို့ ၊ ဘာတို့ မှာ ကိုဝင်းငြိမ်း တွေ့ မှာ ပေါ့ ။ Fiction နဲ့ Non Fiction ဆိုပြီး နှစ်မျိုး ခွဲ ထားတယ် ။ Non Fiction က ကျွန်တော်တို့ ဆီ မလာဘူး ဗျ ။ Best Seller ချင်း အတူတူ ကျွန်တော်တို့ ဆီ Fiction ပဲ လာတယ် ။ Non Fiction မလာဘူး ။ Fiction ဆိုတဲ့ နေရာ မှာ လည်း ရှိသေးတယ် ဗျ ။ သူတို့ ဆီ က အရောင်း ရ တွင်ကျယ်ပါတယ် ဆိုတဲ့ ဝတ္ထုတွေ ဟာ ဘာကြောင့် ရောင်း ရ တာလဲ ဆို တာ ကြည့် လိုက်တော့ ဇာတ်လမ်း ကောင်း လို့ ၊ မကောင်းလို့ ဆိုတာတွေ ထက် sex တွေ ပါတာတွေ ကြောင့် ရောင်းရ တာ ရှိတယ် ။ အဲဒါမျိုး ကျ တော့ ကျွန်တော် တို့ ဆီ မှာ ဘာသာပြန် လို့ လည်း မရပါဘူး ။ ကျွန်တော် လည်း မဖတ်ဖြစ် ပါဘူး ။
Non Fiction က ကျွန်တော်တို့ ဆီ ရောက် မလာဘူး ။ ရောက် လာ ရင်လည်း ဘာသာပြန် လေ့ မရှိဘူး ။ ကျွန်တော် က ဘာသာပြန် ကို မဖတ်ဘူး ဆိုတာ က ဘာသာပြန် တဲ့ စာအုပ်တွေ က ဖတ်စရာ မရှိလောက် အောင် နည်း လို့ ပါပဲ ။ ဘာသာပြန် တဲ့ သူတွေ ကို က အဲဒါမျိုးပဲ ရွေးပြီး ပြန် နေ ကြတယ် ။
ဒါပေမဲ့ တချို့ကျတော့ ရှိပါတယ် ။ မြသန်းတင့် တို့ ဘာသာပြန် တဲ့ Classic တွေ ။ စာအုပ်ကြီးတွေ ပေါ့ လေ ။ War and Peace တို့ ၊ Gone with the Wind တို့ ။ အဲဒါတွေ ကို တော့ ဖတ်ဖူးတယ် ။ ဘာသာ မပြန်ခင် ကတည်း က လည်း ဖတ် ဖူးတယ် ။ ဘာသာပြန် ပြီးတော့ လည်း ဖတ် ဖူးတယ် ။ Gone with the windတော့ ဘာသာ ပြန် မဖတ်ဖူးဘူး ။ ဒီလို စာအုပ်တွေ ကို ဘာသာပြန် ကြတာ တော့ အလွန့် အလွန် ကို ရှား ပါတယ် ။ များသော အား ဖြင့် တော့ အပျော်ဖတ် တွေ ပဲ ဘာသာပြန်ကြ ပါတယ် ။
🅠 ဘာသာပြန် စာအုပ်တွေ က ကျွန်တော်တို့ ဆီ မှာ လည်း တော်တော် အရောင်း ရ တွင်ကျယ် ပါတယ် ။ စာအုပ် အရောင်း ရ တွင်ကျယ် တာ နဲ့ အမျှ ဘာသာပြန် ဆရာ တွေ ရဲ့ အခန်းကဏ္ဍ က လည်း မြန်မာစာပေ လောက မှာ တော်တော်လေး နေရာ ရ လာပါတယ် ။ ဆရာ လည်း သိပါတယ်လေ ။ အဲဒီတော့ ဒီ ဆရာတွေ ရဲ့ အခန်းကဏ္ဍ နဲ့ ပတ်သက်ပြီး ဆရာ ဘယ်လို သဘောရပါသလဲ ။
ဘာသာပြန် နဲ့ ပတ်သက်ပြီး ကျွန်တော် ပြော နေ တာ က ဘာသာပြန် စာအုပ်တွေ ကို ပြော နေတာ မဟုတ် ဘူး ။ ဘာသာပြန် ဆရာတွေ ကို ပြော နေတာ ။ ကျွန်တော်တို့ တိုင်းပြည် မှာ ဘာသာပြန် နေ တဲ့ သူတွေ ကို စာရေးဆရာ လို့ ထင် နေ ကြတယ် ။ အဲဒါတော့ မဟုတ်ဘူး ။ ဘယ် တိုင်းပြည် မှာ မှ မဟုတ်ဘူး ။ ကျွန်တော်တို့ ဆီ မှာ စာအုပ် တစ်အုပ် ကို ဘာသာပြန် ပြီး ထုတ် လိုက်ရင် အဖုံး မှာ ဘာသာ ပြန် တဲ့ သူ အမည် က အကြီး ကြီး ပဲ ။ သူ က စာရေးဆရာ ဖြစ် သွားတယ် ။ စာရေးဆရာ လို့ ပဲ သူ့ ကို သတ်မှတ် ကြ တယ် ။ ဒါ ... မဟုတ်ဘူး ဗျ ။
ဘာသာပြန် တဲ့ သူ ဟာ စာရေးဆရာ မဟုတ်ဘူး ။ Translator ပဲ ။ သူ က ဘာသာ နှစ်မျိုး ကို နိုင်နိုင်နင်းနင်း ကျွမ်းကျင် ရင် ဘာသာ ပြန် လို့ ရတာပဲ ။ သူ က အင်္ဂလိပ်စာ က နေ ဘာသာပြန် မယ် ဆိုရင် အင်္ဂလိပ်စာ လည်း နိုင်နိုင်နင်းနင်း ကျွမ်းကျင်မယ် ၊ မြန်မာစာ လည်း နိုင်နိုင်နင်းနင်း ကျွမ်းကျင်မယ် ဆိုရင် ဘာသာ ပြန် လို့ ရတာပဲ ။ သူ့ မှာ အနုပညာ ရှိ ဖို့ မလိုပါဘူး ။ ရှိရင်တော့ လည်း ပို ကောင်းတာ ပေါ့ ။ ဒါပေမဲ့ စာဖတ်သူ နေရာ က ရှိရုံ နဲ့ ပဲ လုံလောက် တယ် ။ သူ ကိုယ်တိုင် Create ဖန်တီး နိုင်တဲ့ အဆင့် ရှိဖို့ မလိုပါဘူး ။ ဒါကြောင့် သူ ဟာ စာရေးဆရာ မဟုတ်ဘူး ။ ရသပညာ သည် မဟုတ်ဘူး ။ အနုပညာရှင် မဟုတ်ဘူး ။
ကျွန်တော် တစ်ခါတုန်း က စာပေဆွေးနွေးပွဲ တစ်ခု မှာ ဒီလိုပဲ ပြော ဖူးတယ် ။ ပရိသတ် ထဲ က ထ ပြီး ဆွေးနွေးကြ လို့ ရှင်းပြခဲ့ ဖူးပါတယ် ။ စာရေးဆရာ ဆို တာ ဟာ ရသစာပေ ကို ဖန်တီးတဲ့ သူ သာ ဖြစ်တယ် ။ ဥပမာ ကဗျာ စပ် မယ် ၊ ဝတ္ထု ရေးမယ် ၊ ပြဇာတ် ရေးမယ် ၊ ဒါ စာရေးဆရာ ပဲ ။ ကျန်တဲ့ ဟာ စာရေးဆရာ မဟုတ်ဘူး ။ ဥပမာ ဆေးပညာ အကြောင်း ရေးမယ် ဗျာ ၊ စိတ်ပညာ အကြောင်း ရေးမယ် ဗျာ ၊ တခြား ပညာရပ် အကြောင်း ရေးမယ် ဗျာ ... ။ ဒါ စာရေးဆရာ မဟုတ်ဘူး ။ အလား တူပဲ တစ် ဘာသာ က နေ တစ် ဘာသာ ပြန် တာ ဘာသာ ပြန် သူ ပဲ ဖြစ်မယ် ။ စာရေးဆရာ မဟုတ်ဘူး ။
အင်္ဂလိပ် စာအုပ်တွေ မှာ တွေ့ဖူး မှာ ပေါ့ ။ Translated by ဘယ်သူ ဆိုပြီး ရေးတယ် ။ ဘာသာပြန် တဲ့ သူ ရဲ့ နာမည် ကို မျက်နှာဖုံး မှာ မတပ်ဘူး ။ မူရင်း စာရေးဆရာ နာမည် ကို ပဲ အဖုံး မှာ တပ် တယ် ။ ဘာသာပြန်သူ ရဲ့ နာမည် အဖုံး မှာ ထည့် ပေး ရင်လည်း သေးသေးပဲ ထည့် ပေး တယ် ။ သူ က စာရေးဆရာ မှ မဟုတ်ဘဲ ။
ကျွန်တော်တို့ စာအုပ်တွေ ကို နိုင်ငံခြား က ဘာသာပြန်ပြီး ထုတ်တာ ရှိတာပဲ ။ အင်္ဂလိပ် လို ထုတ်တယ် ၊ ရုရှား လို ထုတ်တယ် ၊ ဂျပန် လို ထုတ်တယ် ၊ အဲဒီ စာအုပ် တွေ မှာ လည်း ဒီလိုပဲ ရေး တာပဲ ။ ကျွန်တော်တို့ နာမည် က အကြီးကြီး ရေးပြီး ဘာသာပြန် တဲ့ သူ နာမည် က သေးသေးပဲ ။
ကျွန်တော် မကြိုက်တဲ့ အချက် တစ်ခု ကြုံ ကြိုက်တုန်း ပြောချင်တယ် ။ ကျွန်တော် တို့ တိုင်းပြည် မှာ တချို့ စာရေးဆရာ တွေ က အရည်အချင်း လည်း ရှိတယ် ။ စာ ရေး ကောင်းတယ် ။ စာ ရေး တတ်တယ် ။ ဒါပေမဲ့ သူတို့ က စာ မရေးကြဘူး ။ စာ ရေးတဲ့ အခက်အခဲ ကို ရင် မဆိုင် ချင်ဘူး ။ ဒီ အကျပ်အတည်း အခက်အခဲ က နေ ထွက်ပြေး တဲ့ သဘောမျိုး နဲ့ သူတို့ က လွယ်ရာ ကူရာ ဘာသာပြန် စား ကြတယ် ။ အဲဒါ ကျွန်တော် မကြိုက်ဘူး ။ အဲဒီ လူတွေ ကို ကျွန်တော် ပြော တယ် ။ ခင်ဗျားတို့ ဘာဖြစ်လို့ အချောင် ခို နေတာတုံး ၊ ဘာဖြစ်လို့ ထွက်ပြေး နေတာတုံး ။ ဘာလို့ ဘာသာပြန် အလုပ် ကို လုပ်နေတာ တုံး ။ အဲဒီ အလုပ် က အလကား အလုပ် ။ ဒါ သူတို့ ကို ပြောတာ ။
ဘာသာပြန် အလုပ် ကို ပြော တာ မဟုတ်ဘူး နော် ။ ဘာသာပြန် အလုပ် ဟာ လုပ်သင့်တဲ့ အလုပ် ။ ဒါပေမဲ့ သူတို့ လုပ်ရမယ့် အလုပ် မဟုတ်ဘူး ။ သူတို့ က ထွက် ပြေးပြီး အလွယ် အလုပ် ကို လုပ်စား နေကြတယ် ။ ကျွန်တော် က သူတို့ ကို ပြောတာ ။ ဒါပေမဲ့ ဘယ်လို ဖြစ်သွား သလဲ ဆိုတော့ ကျွန်တော် ပြောတဲ့ စကား က ဘာသာပြန် စာပေ ကို ပုတ်ခတ် သလို ဖြစ် သွားပြီး ဘာသာပြန်ဆရာ တွေ က မခံမရပ် နိုင် ဖြစ်ကုန် ကြတယ် ။ အမှန်ကတော့ အဲဒီလို မဟုတ်ပါဘူး ။ သဘောပေါက် လောက်ပြီ ထင်ပါတယ် ။
🅠 ဘာသာပြန် အကြောင်း ပြော ရင်း က ပါ လာတဲ့ “ အပျော်ဖတ် ” စာပေ နဲ့ ပတ်သက်ပြီး မေးချင်တာ တစ်ခု ရှိပါတယ် ဆရာ ။ အမျိုးသားစာပေဆုနှင်းသဘင်မှာ လည်း တာဝန်ရှိ ပုဂ္ဂိုလ်တွေ က ကျွန်တော်တို့ နိုင်ငံ မှာ အကျိုးပြုစာပေ ထက် အပျော်ဖတ်စာပေတွေ က များ နေ တယ် လို့ မိန့်ကြား သွားတာ မှတ်သားလိုက်မိ ပါတယ် ။ အပျော်ဖတ်စာပေ နဲ့ အကျိုးပြုစာပေ ရဲ့ ခြားနားချက် ကို စာဖတ် ပရိသတ် အတွက် ရှင်းပြစေချင်ပါတယ် ဆရာ ။
အဲဒီ ဥစ္စာ က တော့ ရှင်း ပါတယ် ။ အပျော်ဖတ် စာပေ ဆိုတာ က တော့ သူ့ စကားလုံး အတိုင်း အပျော်ဖတ် တဲ့ စာပေ ပေါ့ ။ အပျင်း ပြေ အောင် ဖတ်တဲ့ စာပေ ပေါ့ ။ အဲဒီမှာ စာပေအမျိုးအစား ကို မပြောခင် ဆရာကြီး တစ် ယောက် က ပြောဖူး တာ ရှိတယ် ။ စာရေးဆရာကြီး ၊ ပညာရှင်ကြီး ပေါ့ ဗျာ ။ ကျွန်တော် တို့ ထက် အသက် လည်း ကြီး ပါတယ် ။ “ ဟေ့ကောင် စာပေ ဆိုတာ ဖျော်ဖြေမှု Entertainment ပါရတယ် ကွ ” တဲ့ ။ ဖျော်ဖြေမှု မပါရင် ဘယ့်နှယ် လုပ်ပြီး ပရိသတ် ကို ဆွဲဆောင်မလဲ တဲ့ ။ ကျွန်တော် က တော့ သူ ပြောတဲ့ စကား ကို လက် မခံဘူး ။
လက်မခံဘူး ဆိုတာ က ကျွန်တော့် အနေ နဲ့ မကြိုက်ဘူး လို့ ပြော တာပါ ။ ကျွန်တော် က တော့ စာပေ ဟာ အဲဒီလို ဖျော်ဖြေ ရုံ ၊ အပျင်း ပြေစေ ရုံ နဲ့ တာဝန် ကျေ တယ် လို့ မထင်ဘူး ။ စာပေ ဆိုတာ မှတ်တမ်း လည်း တင် ရမယ် ။ Record လည်း လုပ်ရမယ် ။ အဲဒီမှာ ကိုဝင်းငြိမ်း ကို တစ်ခု ပြောပြ ချင်တယ် ။ ကျွန်တော် က စကား သိပ် မပြောတတ် တော့ အပျော်ဖတ် နဲ့ အကျိုးပြုစာပေ ကို ပြော ရင်း နဲ့ ရောချင် ရော နေ လိမ့်မယ် ။ စာပေ ဟာ ခေတ် ကို မှတ်တမ်း တင်ရမယ် ဆိုတဲ့ နေရာ မှာ ဘာ ပေါ်လာသလဲ ဆို တော့ ခေတ် ကို စနစ် ကို မှ မှတ်တမ်း မတင်ရင် ကျွန်တော် တို့ က ဘယ် တာဝန် ကျေ မလဲ ။
လွယ်လွယ်လေး ... ကျွန်တော် ပြောပြမယ် ဗျာ ။ ပုဂံခေတ် က မှတ်တမ်း ၊ ပုဂံခေတ် က စာဆိုတွေ ။ ထားဗျာ ... ပုဂံခေတ် က ဝေးပါသေးတယ် ။ အင်းဝခေတ် ကို ကြည့် ။ အင်းဝခေတ် က စာဆိုတွေ ဘာတွေ ရေး ထား ခဲ့ကြသလဲ ။ စက္ကူ မရှိသေးတော့ ထန်းဖူး ပေါ် မှာ ရေး ခဲ့ ကြတယ် ။ ပုရပိုက် တွေ မှာ ရေးခဲ့ ကြတယ် ။ ကျောက်စာ တွေ မှာ ရေးခဲ့ ကြတယ် ။ ဘာတွေ ရေးခဲ့ကြ သလဲ ။ အဲဒီမှာ အချက် နှစ်ချက် ရှိတယ် ။ အဲဒီ စာတွေ ရှိတဲ့ အတွက် ငါတို့ စာတွေ ဟာ အဲဒီဟာတွေ ပါလား ။ ကကြီး ၊ ခခွေး က နေ အ အထိ ဗျည်း က ဘယ် နှလုံး ၊ သရ က ဘယ် နှခု ၊ တို့ ရေးထုံး က ဘယ်လို ရှိတယ် ။ ဘာညာ အစ ရှိ သဖြင့် စည်းတွေ ကမ်းတွေ ၊ ဌာန်တွေ ၊ ကရိုဏ်းတွေ ၊ ဒါတွေ ကျွန်တော်တို့ သိ ရတယ် ။ အဲဒီဟာတွေ အရ ဒီနေ့ မြန်မာစာ ကို ကျွန်တော်တို့ သင်လာ ရတယ် ။ ဒါက Form ပဲ ရှိသေး တယ် ။ Content မပါဘူး ။ ပုံသဏ္ဌာန် ပဲ ရှိတယ် ။ အကြောင်းအရာ မပါဘူး ။ မြန်မာစာ ရှိခဲ့တဲ့ အတွက် မြန်မာ စာ သင်ပြီး ကျွန်တော် တို့ တတ်လာ ခဲ့ ရတာ ။ ကျွန်တော်တို့ မြန်မာစာ ကို ဖတ် တတ် လာတယ် ၊ ရေး တတ် လာတယ် ။ ဒါ ပုဂံခေတ် ၊ အင်းဝခေတ် က မြန်မာစာ ရှိခဲ့ခြင်း ရဲ့ အကျိုး နော် ။ စာ မရှိရင် ခေါင်းဆောင်ကြီး တွေ လည်း ခဏခဏ ပြောဖူး ပါတယ် ။ စာပေ ပျောက် ရင် လူမျိုး ပါ ပျောက် မယ် ။ ဒါ အမှန် ပါ ပဲ ။ အဲဒါက ခုန က ပြောတဲ့ ပုံ သဏ္ဌာန် ပိုင်း ပဲ ရှိ သေးတယ် ။ အနှစ်သာရ ပိုင်း မဟုတ်သေး ဘူး ။ အခု ကျွန်တော် ပြောချင်တာ က အနှစ်သာရ ပိုင်း ။
ကောင်းပြီ ၊ ခုနက ပြောတဲ့ ပုဂံခေတ် ၊ အင်းဝခေတ် က စာဆိုတွေ က ရေး ကြတယ် ။ သူတို့ ရေးကြတာ တွေ ဖတ်ပြီး ကျွန်တော် တို့ မြန်မာစာ တတ် ကြတာ မှန် တယ် ။ မြန်မာစာ ကို ဝေါဟာရ ကြွယ်ကြွယ်ဝဝ ၊ လှလှ ပပ ၊ နုနုရွရွ ၊ သစ်သစ်ဆန်းဆန်းကလေးတွေ ကျွန်တော် တို့ သိ ရတယ် ။ ကောင်းတယ် ။ အကျိုး ရှိပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဘာ မသိရသလဲ ဆိုရင် အဲဒီ ခေတ် တုန်း က ရေး ခဲ့တဲ့ စာအများစု ကို ဖတ် ပြီးတော့ အင်းဝခေတ် တုန်း က တိုင်းသူပြည်သား တွေ ၊ ဒီခေတ် စကားနဲ့ ပြော ရရင် လုပ်သားပြည်သူတွေ ဘာ လုပ်ကိုင် စားသောက် ကြ သလဲ ။ သူတို့ ရဲ့ အလုပ်အကိုင် တွေ ( Walks of Life ) နဲ့ ပတ်သက်ပြီး မသိရဘူး ။ Trade ကုန်သွယ်မှု ၊ ဘာတွေ လုပ်ခဲ့ကြသလဲ မသိဘူး ။ အကြမ်းဖျင်း အားဖြင့် ပြော ရရင် တော့ အဲဒီ ခေတ် က လယ်ယာ ထွန်ယက် စိုက်ပျိုး စား သောက်ကြတယ် ဆိုတာလောက်ပဲ သိတယ် ။ ဒီလောက်ပဲ ပြောလို့ ရမယ် ။
လယ် စိုက်တယ် ဆိုတာ တောင် မှ ဘယ်လို စိုက် ကြတယ် ဆိုတာ မသိရဘူး ။ ခု ခေတ် မှာ တောင်မှ ကျွန်တော် တို့ အညာ မှာ စိုက်တာ နဲ့ အောက် မှာ စိုက်တာ မတူဘူး ။ ကျွန်တော်တို့ အောက် မြန်မာပြည် ရောက်ဖူးခါ စ က ဝါး ချွန်ကြီးတွေ နဲ့ ထိုး ထိုးပြီး မတ်တတ် စိုက်တာ အဆန်း ဖြစ် နေ သေးတယ် ။ အညာ မှာ အဲဒီလို စိုက် တာ မှ မရှိဘဲ ။ ထားပါတော့ ဗျာ ။ ကျွန်တော် ပြောချင်တာ က ကောက် စိုက်ပုံချင်း မတူဘူး ၊ ရိတ်ပုံချင်း မတူဘူး ။ အောက် နဲ့ အညာ မိုင် သုံးလေးရာ လောက် ကွာ တာတောင် မှ မတူ ကြဘူး ။ အင်းဝခေတ် က ဘယ်လို စိုက်ခဲ့ကြသလဲ ။ ကျွန်တော်တို့ မသိဘူး ။
နောက် တစ်ခု အင်းဝခေတ် တုန်း က အဓိက သယ်ယူပို့ဆောင်ရေး ( Transport ) က ဘာလဲ ။ လှည်း လို့ ပြော လို့တော့ ရတာပေါ့ဗျာ ။ ဒါပေမဲ့ ဘယ်လို လှည်း လဲ ၊ ကိုယ်ပိုင် လှည်း လား ၊ အများသုံး လှည်း လား အစ ရှိသည် ပေါ့ ။ ရုပ်ရှင်တွေ ထဲ မှာ မြင်ရ သလို မြင်း စီး ကြ သလား ၊ သို့မဟုတ် ဘာကောင်တွေ စီး ကြ သလဲ ။ အဲဒါတွေ ကျွန် တော်တို့ သိခွင့် မရဘူး ။ တကယ့် တိုင်းသူပြည်သား လုပ်သားပြည်သူတွေ ရဲ့ လူမှု ဘဝ ၊ စီးပွားရေး ဘဝ ၊ နိုင်ငံရေး ဘဝ ၊ ဒါတွေကို စာပေ က တစ်ဆင့် ကျွန်တော်တို့ သိခွင့် မရဘူး ။
အဲဒီတော့ အင်းဝခေတ် တုန်း က လူ တွေ နာမည် ဘယ်လို မှည့် သလဲ ။ မင်္ဂလာ ဘယ်လို ဆောင်ကြ သလဲ ။ သေ ရင် လူ တစ်ယောက် ကို ဘယ်လို လုပ် သလဲ ၊ မွေး ရင် ဘယ်လို လုပ်သလဲ ၊ ဘယ်လို လုပ်ကိုင် စားသောက်ကြသလဲ ။ ထမင်း ဘယ်လို စား သလဲ ၊ ဟင်း ဘယ်လို စား သလဲ ၊ ချက်ပြုတ် လုပ်ကိုင်နည်း တွေ က ဘယ်လိုလဲ ။ သူတို့ ရဲ့ အလုပ်အကိုင်တွေ က ဘာတွေ ရှိသလဲ ။ ဒါတွေ ကျွန်တော်တို့ မသိရဘူး ။ ဒီနေ့ ဆို ရင် ကြည့်ဗျာ ... အလုပ် တွေ က အများကြီး ပဲ ဗျ ။ ဟိုခေတ် တုန်း က လောက် မများ တောင် တော်တော်များများ တော့ ရှိမှာပဲ ။ အခု ကျွန်တော် တို့ စိတ်ကူး လို့ ရတာ က ဟိုတုန်း က လူတွေ ထွန်ယက် စိုက်ပျိုး စားသောက်ကြတယ် ဆိုတာ လောက် ပဲ ရှိတယ် ။
ဒီနေ့ ကျွန်တော် တို့ အဲဒီ ခေတ် က လူတွေ အကြောင်း မသိရတာ အဲဒီ ခေတ် က စာရေးသူတွေ ရဲ့ အားနည်းချက် ပဲ လား ၊ သို့မဟုတ် စာပေ ကို မှတ်တမ်းတင် ကျန်ရစ်အောင် လုပ်ရတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေ ရဲ့ ချို့ယွင်း ချက်ပဲ လား ၊ ဘယ်သူ့ကြောင့် ရယ် တော့ မသိဘူး ။ အင်းဝ ခေတ် စာပေ က တစ်ဆင့် အင်းဝခေတ် လုပ်သားပြည်သူ တွေ ရဲ့ လူမှုရေး ဘဝ မသိရဘူး ။ စီးပွားရေး ဘဝ မသိရဘူး ။ နိုင်ငံရေး ဘဝ ကို မသိရဘူး ။ ရံဖန်ရံခါ မှာ နန်းတွင်းသူ နန်းတွင်းသား တွေ ရဲ့ စရိုက် ၊ ရံဖန်ရံခါ မှာ အုပ်ချုပ် တဲ့ မင်း ရဲ့ အမူအကျင့် ၊ အုပ်ချုပ်တဲ့ မင်း ရဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိ ၊ အုပ်ချုပ် တဲ့ မင်း ရဲ့ လှုပ်ရှားမှု ၊ အချို့အဝက် ကို သာ လျှင် တစ်စွန်းတစ်စ သိ ရတယ် ။
အဲဒီတော့ အကြမ်းဖျင်း အားဖြင့် ပြော ရရင် ဒီကနေ့ ခေတ် က ပြန် ကြည့်တဲ့ အခါမှာ အင်းဝခေတ် က စာပေသမားတွေ ၊ စာဆိုတွေ ၊ စာရေးဆရာတွေ ဟာ ပြည့်ပြည့်ဝဝ ရေး ခဲ့ ၊ မှတ်တမ်း တင် ခဲ့ တာတွေ မရှိဘူး လို့ ပြော ရမယ် ။ တစ်ဖက် က တော့ သူတို့ ရေး ခဲ့ လို့ ဒီနေ့ ထိ စာ အချို့ ရှိနေတာ ကို တော့ ကျေးဇူးတော့ တင်ရပါတယ် ။ ဒါပေမဲ့ အနှစ်သာရ ပိုင်း မှာ ပြည်သူ့ ဘဝ ကို ထင်ဟပ်ပြ နိုင် လောက် အောင်တော့ မပြည့်စုံဘူး ဗျာ ။
ဒီနေ့ ကျွန်တော်တို့ ခေတ် ရောက် လာပြီ ။ ကျွန်တော်တို့ ခေတ် မှာ စာပေ ဆိုတာ ဟာ ဖျော်ဖြေရေး သက်သက် မဟုတ်ဘူး ။ မှတ်တမ်း လည်း တင်ရမယ် ။ အဲဒီလို မှတ်တမ်း တင် ရမယ် ဆိုတဲ့ စကား ကို ကြွေးကြော်သံ ( Slogan ) ဟာ ဘာလဲ ဆိုတော့ “ စာပေသည် ခေတ် ၏ ကြေးမုံ ” ၊ စာပေသည် ခေတ် ၏ ကြေးမုံ ဆိုရင် ခေတ် ကို Reflect လုပ် ပြ ရမယ် ။ ရောင်ပြန် ဟပ် ရမယ် ။ တစ်နည်းအားဖြင့် ခေတ် ကို မှန်ထောင် ပြရမယ် ပေါ့ ။ အဲဒါဟာ စာရေးဆရာ ရဲ့ တာဝန် တစ်ရပ် ပဲ ။ အဲဒီဟာ က ဘယ်လောက်ထိ တန်ဖိုး ကြီး သလဲ ဆိုရင် နောင် အနှစ် ၅ဝ ကြာ ရင် ၊ နောင် အနှစ် ၁၀ဝ ကြာ ရင် အဲဒီ ကာလ ရောက်တဲ့ သူ က နောင် အနှစ် ၅ဝ ၊ ၁ဝဝ ဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့ မရှိတော့ဘူး ။ အဲဒီ အခါမှာ အခု ခင်ဗျား ရေးမယ့် ဆောင်းပါး ၊ ကျွန်တော် ပြောတဲ့ စကား ၊ အဲဒါ ပေဖူးလွှာ မဂ္ဂဇင်း မှာ စောင်ရေ တစ်သောင်းလုံး မှာ ပုံနှိပ် ဖော်ပြ ထားပေမဲ့ အားလုံး ပျက်စီး ကုန် မှာပဲ ။
ဘယ် စာကြည့်တိုက် က မှ လည်း နောက် နှစ် တစ်ရာ ထိ ဒီ စာအုပ်တွေ ကို သိမ်းထား နိုင် မှာ မဟုတ်ဘူး ။ စက္ကူ က လည်း ပျက်စီး ချင် ပျက်စီး မယ် ။ တခြား ရန်သူ မျိုး ငါးပါး ကြောင့် ပျက်စီး ချင် ပျက်စီးမယ် ။ ဒါပေမဲ့လို့ ဒီနေ့ သိပ္ပံ ထွန်းကားလာတော့ ဒါတွေ ကို မှတ်တမ်း တင်နိုင် မယ့် “ မိုက္ကရိုဖလင် ” ( Mirco Film ) ဆိုတာ ပေါ် လာတယ် ။ အသေးလေးတွေ ။ ဒါနဲ့ Record လုပ်ထား နိုင်တယ် ။ အဲဒီ တော့ နောက် နှစ် တစ်ရာ လောက် မှာ သုတေသီတွေ က တို့ မြန်မာစာပေ ဟာ ၁၉၇၀ - ၈၀ ခုနှစ် လောက် က သို့မဟုတ် နှစ်ဆယ်ရာစု ခေတ်နှောင်းပိုင်း လောက် က အခြေအနေ ကို ပြန် ကြည့်မယ် ဆိုရင် နှစ်ဆယ်ရာစု ခေတ်နှောင်း ပိုင်း က မြန်မာလူမျိုးတွေ ရဲ့ လူမှုရေး ဘဝ ၊ စီးပွားရေး ဘဝ ၊ နိုင်ငံရေး ဘဝ သိချင်တယ် ။ သုတေသန ပြုတော့မယ် ဆိုပါတော့ ။ အဲဒီ မိုက္ကရိုဖလင် တွေ ပြန် ကြည့်ကြလိမ့်မယ် ။ ကြည့် ရင် ကျွန်တော် တို့ ရေးခဲ့တာတွေ ၊ ခင်ဗျား တို့ ရေးခဲ့ တာတွေ တွေ့ကြ လိမ့်မယ် ။ အဲဒီအခါ ဝေဖန်ကြ လိမ့်မယ် ။ ဒီ လူ ကတော့ တာဝန် ကျေတဲ့ သူ ပဲ ၊ ဒီ လူ ကတော့ တာဝန် မကျေတဲ့ သူ ပဲ လို့ ခွဲခြားကြ လိမ့်မယ် ။ တာဝန်ကျေ တဲ့ သူ ရဲ့ စာ ကို ကိုးကား ပြီး တာဝန် မကျေတဲ့ သူ ရဲ့ စာ က ဘေး ရောက်သွား လိမ့်မယ် ။
အဲဒီတော့ ကျွန်တော်တို့ မျက်မှောက်ခေတ် မှာ ရှိတဲ့ လူတွေ ရဲ့ လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေးဘဝ တွေ ကို ကျွန်တော်တို့ က အတတ်နိုင်ဆုံး Reflect လုပ် ရမယ် ။ အဲဒီလို ရောင်ပြန်ဟပ် တင်ပြတဲ့ နေရာမှာ ရံဖန်ရံခါ ကျရင် အခက်အခဲ အကျပ်အတည်း ရှိတယ် ။ ရံဖန်ရံခါ ဆိုတာ ကျွန်တော် လျှော့ ပြောတာပါ ။ ယေဘုယျ အားဖြင့် ပြောရ ရင် အခက်အခဲ အမြဲတမ်း ရှိတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့ ရှိ နေတဲ့ အခြေအနေ က လက်ရှိ အုပ်ချုပ် တဲ့ လူတန်းစား ကြိုက်တဲ့ အခြေအနေ ဟုတ်ချင် မှ ဟုတ်မယ် ။ မဟုတ်ရင် စာရေး တဲ့ သူ မှန်ထောင် ပြတဲ့ သူ နဲ့ ပြဿနာ တက် တာပဲ ။ ဒါကတော့ မဆန်းပါဘူး ။ ဒါကြောင့်မို့ ဘယ်မှာပဲ ဖြစ်ဖြစ် အဲဒီလို ပြဿနာ က ရှိတာပဲ ။ နောက် တစ်ခု က ဒါ ကတော့ ကျွန်တော့် အမြင်ပေါ့ ဗျာ ။ ကိုဝင်းငြိမ်း သိပါလိမ့်မယ် ။ မန္တလေး မှာ စာပေဆွေးနွေးပွဲ လုပ်တုန်းက ပရိသတ် ထဲ က တစ်ယောက် က ထ , မေးတယ် ။ သူ က တော့ ကျွန်တော့် ကို အားကိုး တစ်ခု နဲ့ ထပြီး Chanllenge လုပ်တဲ့ သဘောပေါ့ လေ ။ ဒါပေမဲ့ ကျွန်တော် သူ့ ကို အပြစ် မမြင်ပါဘူး ။ သူ မေးတာ ကို လည်း ကျွန်တော့် အမြင် အတိုင်းပဲ ဖြေခဲ့ပါ တယ် ။
သူ က ဘာ မေးသလဲ ဆိုတော့ ဦးလေးလှ ( လူထု ဦးလှ ) ရေးတဲ့ စာအုပ် တစ်အုပ် ရှိတယ် ဗျာ ။ သတင်းစာ များသည် သမိုင်း ကို ပြောနေကြသည် ဆိုတဲ့ စာအုပ် ၊ သူ က သတင်းစာသမား တစ်ယောက် အနေနဲ့ ရေးခဲ့တာပဲ ။ ဒီ စာအုပ် ဟာ မှန်သလား ၊ မမှန်သလား ဆိုတာ ကျွန်တော့် အနေ နဲ့ ဝေဖန်ဆန်းစစ်ဖို့ တာဝန် လည်း မရှိပါဘူး ။ ဒါပေ မဲ့ မေးတဲ့ သူ က အဲဒီ စာအုပ် က အဲဒီလို ဆိုတယ်ပေါ့ ။ ကျွန်တော် က သမိုင်း ကို မယုံကြည်ဘူး ဆိုရင် သတင်းစာ တွေ ကို မယုံကြည်ဘူးလား လို့ မေးတယ် ။
သူ မေး တဲ့ မေးခွန်း ရဲ့ အဓိပ္ပာယ် ကို ကျွန်တော် သိပါတယ် ။ သူ ဟာ စာပေသမား တစ်ယောက် ဖြစ်ချင် ဖြစ်မယ် ၊ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ချင် ဖြစ်မယ် ၊ သို့မဟုတ် သူ ဟာ တာဝန်ထမ်းဆောင် နေတဲ့ လူ တစ်ယောက် ဖြစ်ချင် ဖြစ်မယ် ။ ဒါပေမဲ့ ကျွန်တော့် ခံယူချက် အတိုင်း ကျွန်တော် ရိုးရိုးသားသား ပဲ ဖြေ ပါတယ် ။
ကျွန်တော် မယုံဘူး လို့ ၊ ကျွန်တော်တို့ ရသစာပေ လောက် သစ္စာ မရှိဘူးလို့ ၊ ကျွန်တော် ဒီလိုပဲ ပြောခဲ့ပါ တယ် ။ ကျွန်တော်တို့ ရသစာပေမှာ ကနေ့ ဆိုပါတော့ ဗျာ ... ကိုဝင်းငြိမ်း နဲ့ ကျွန်တော် နဲ့ ခုနတုန်း က ပေဖူးလွှာ တိုက် ၃၃ လမ်း က နေ ခရီးအကွာအဝေး နှစ်မိုင် လောက် ရှိတဲ့ နေရာ ကို လေးဘီးကား စီးပြီး လာခဲ့ကြတယ် ။ ကား ခ တစ်ဆယ် ပေး ရတယ် ။ ကျွန်တော့် ရဲ့ ဝတ္ထု တစ်ပုဒ် မတ်တတ်ရပ်လို့ လမ်းမှာငို မှာ လေးဘီးကား အကြောင်းပဲ ရေး ခဲ့တယ် ။
၁၉၆၉ ခုနှစ် က လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၇ နှစ် လောက် က အဲဒီ တုန်း က တက် စီး လိုက်ရင် ဒီ ခရီး ကို ပြား ရှစ်ဆယ် ၊ ကိုးဆယ် လောက်ပဲ ကျမယ် ။ အခု ကျွန်တော် က ဝတ္ထု တစ်ပုဒ် ရေးမယ် ။ ရန်ကုန်မြို့ မှာ နှစ်မိုင် လောက် ကွာဝေးတဲ့ ခရီး တစ်ခု ကို သွားဖို့ လေးဘီးကား ငှားစီး လိုက်တယ် ။ ပြားကိုးဆယ် ကျတယ် လို့ ရေး လိုက် ပြီး မဂ္ဂဇင်းတိုက် တစ်ခု ကို ပို့ လိုက်မယ် ။ ဒီ ဝတ္ထု မဂ္ဂဇင်း ထဲ ပါ လာရင် စာဖတ်ပရိသတ် က ဒီကောင် ဘာ ကြောင်တာ လဲ ၊ ဘယ်က တောသား လဲ ၊ ရန်ကုန် က တက္ကစီ မစီးဖူး ဘူး ထင်ပါရဲ့ လို့ ဝေဖန်ကြ လိမ့်မယ် ။ ဘာဖြစ်လို့တုံး ဆိုတော့ ဟုတ် မှ မဟုတ်ဘဲ ။
လက်ဖက်ရည်ဆိုင် ကျွန်တော် တို့ နှစ်ယောက် သွား ထိုင် ကြတယ် ။ လက်ဖက်ရည် တစ်ယောက် တစ်ခွက် သောက်ကြပြီး ကျပ်တန် ထုတ် ပေး လိုက်တော့ ဆိုင်ရှင် က ငါးမူး ပြန် အမ်းပါတယ် လို့ ရေး လိုက်ရင် ဟ ... ဒီကောင် ဘာကောင်လဲ လို့ စာဖတ်ပရိသတ် က ပြော လိမ့်မယ် ။ ဒီနေ့ လက်ဖက်ရည် တစ်ခွက် က တစ်မတ် မဟုတ်တော့ဘူး ။ ပြောင်း သွားပြီ ။ ဒါ ကုန်ဈေးနှုန်းပိုင်း ပြော နေတာ ။ လူမှုရေးပိုင်း တွေ ၊ အတွေးအခေါ်ပိုင်း တွေ ၊ လူငယ်တွေ ရဲ့ စရိုက် တွေ ၊ လူကြီး တွေ ရဲ့ စရိုက် တွေ ၊ အမူအကျင့် တွေ ၊ အားလုံး ပြောင်း နေပြီ ။ အဲဒီ ပြောင်း နေတာတွေ ကို ကျွန်တော်တို့ ဝတ္ထုတွေ ထဲ မှာ အမှန်အတိုင်း မှတ်တမ်း တင်ကြတယ် ။ နည်းနည်းလေး တိမ်းစောင်း တာ နဲ့ သဘာဝ မကျဘူး ။ ယုတ္တိ မရှိဘူးလို့ ဝေဖန် ကြတယ် ။ သတင်းစာ ထဲ မှာ ဒါတွေ မပါဘူး ။ အဲဒါကြောင့် ရသ စာပေ သာ လျှင် ခေတ် ကို ရောင်ပြန် ဟပ်တယ် ။ ရသစာပေ ရဲ့ အခန်းကဏ္ဍ ဟာ တန်ဖိုး ကြီး ပါတယ် ။ အဲဒါကြောင့် ဦးလေးလှ ရဲ့ “ သတင်းစာများသည် သမိုင်းကို ပြောနေကြ သည် ” ဆိုတာ ကို ကျွန်တော် တော့ အပြည့်အဝ လက် မခံ တာ ဘဲ ဖြစ်တယ် ။ ရာခိုင်နှုန်း အားဖြင့် သူ့ အချိုးအစား နဲ့သူ မှန် ပါတယ် ။ ရသစာပေ ကိုသာ အပြည့်အဝ ယုံကြည် ပါတယ် ။
🅠 ကျေးဇူးတင်ပါတယ် ဆရာ ။ ဆရာ နဲ့ ကျွန်တော် ဆက် ပြောကြမယ် ဆိုရင် ပြောစရာတွေ က တော့ တစ်ပုံကြီး ကျန်ပါသေးတယ် ။ ဒါပေမဲ့ ပေဖူးလွှာ ရဲ့ အစဉ်အလာ မှာ အင်တာဗျူး ကို အများဆုံး သုံးလ သာ ပေးထားတာ ဆိုတော့ ဒီ ထက် ပို ဖို့ရာ မဖြစ်နိုင်တော့ တာ ကြောင့် ဒါလောက် နဲ့ ပဲ ဖြတ်လိုက်ကြရအောင် ဆရာ ။ ကျန်တဲ့ အခန်းကဏ္ဍ ဆွေးနွေးစရာ ရှိတာတွေ ကို တော့ ဆရာ စီစဉ် နေတဲ့ အင်တာဗျူး လုံးချင်း ကျတော့ မှ ပဲ ဆက်ကြ တော့ တာ ပေါ့ ဆရာ ။
◾ဝင်းငြိမ်း
📖 ပေဖူးလွှာမဂ္ဂဇင်း
အမှတ် - ၅၆ - ၅၇ - ၅၈
ဇန်နဝါရီ - ဖေဖော်ဝါရီ - မတ်လ
၁၉၈၆ ခုနှစ် ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment