Friday, April 7, 2023

ဘဝ ဆိုး


 

❝ ဘဝဆိုး ❞

နေဝင်လေပြီ ။

ဘညိန်း သည် ကန်သင်း တစ်ခု ကို ကျော် ၍ အခြား လယ်ကွက် တစ်ခု ထဲ သို့ ကူးချိန်ကလေး တွင် ကိုင်း ငိုက် ထားသော ခါး ကို မတ်ခွင့် ရ၏ ။ သည် အခိုက်အတန့် ဝယ် လယ် သို့ ရွာ မှ လာလမ်း အတိုင်း ကိုဆေးရိုး များ လာနေပြီ လား ဟု ကြည့် မိသည် ။ ကိုဆေးရိုး ကား မတွေ့ ။ နဘူးချုံများ မြှောင်ရပ် နေသည့် လူသွားလမ်း ကလေး တွင် မှိုင်းမှောင် နေသည် ကို သာ မြင်ရ၏ ။ စိမ်းညို့သော နဘူးချုံ လမ်းမြှောင် ကြားဝယ် နှင်းမြူ တို့ ရစ်ဝန်း နေလေ၏ ။

ဘညိန်း ကြည့်မျှော်ရာ လူသွားလမ်း မြောင်းပေါင် နှင့် မျဉ်းပြိုင် တန်းလျက် လှည်းလမ်း တစ်ခု ရှိသည် ။ ယင်း လှည်းလမ်း ကား ကောက်ရိတ်ချိန် ကျ မှ လယ်ကွက် ကို ဖြတ်သန်းပြီး ဖောက်လုပ်လေ့ ရှိ၏ ။
လယ်ထွန်ချိန် စိုက်ချိန် ရောက် လျှင် လှည်းလမ်း မှာ အလိုလို ပိတ် သွားသည် ။ ဤ လှည်းလမ်း မှာ ရမ်းဘိုကုန်း သို့ ပေါက်၏ ။ သို့ကြောင့်ပင် မိမိ ၏ အထက် ရှိ လယ်များ ကောက် မရိတ် မချင်း လှည်းလမ်း ပေါက်ဦး မည် မဟုတ် သဖြင့် ကိုဆေးရိုး တို့ မှာ အထက် လယ် များ ရိတ်မည့် ရက် ကို ငံ့စား နေရသည် ။ ဟော ယခုမူ လှည်းလမ်း ပေါက် သွားပြီ ။ အောက်လယ်များ မှာ မူ သူ့ တို့ လမ်း နှင့် သူတို့ မို့ ခပ်စောစော က ပင် ရိတ်သိမ်း ၍ ပြီးစီး သွားကြပြီ ။ သည် ကွင်း ၌ ကိုဆေးရိုး ၏ လယ် တစ်ပွဲ သာ ငုတ်တုတ် ကျန်ခဲ့၏ ။ ကိုဆေးရိုး မှာ တတ်စွမ်း သမျှ တော့ လယ်နီးချင်းများ နှင့် ပြိုင်တူ ကောက်ရိတ် နိုင်ရန် သယ်ယူ နိုင်ရန် ကြိုးစား ခဲ့ပါသေး၏ ။ သို့ ရာ တွင် အများသူငါ သူ့ ထက် ငါ ကောက်ရိတ်ကြ သိမ်းကြ သဖြင့် ကောက်ရိတ်စည်း မှာ မအားလပ်ခဲ့ပေ ။

တိုင်းပြည်ရေးရာ က ဘာလိုလို မို့ ကောက်ပင်တွေ ကို မိမိတို့ ၏ တလင်း ထဲ သို့ မြန်မြန် ရောက်စေချင်ကြ သဖြင့် ကောက်ရိတ်စည်း ကို အလုအယက် ငှား သူ က ငှား ၊ လူ ရှာပြီး ရိတ် သူ က ရိတ် ၊ လက်စား လိုက် ပြီး သိမ်း သူ သိမ်း ဖြင့် ကျီး လန့် စာ စား ဖြစ် နေကြသော ကာလ ဝယ် ကိုဆေးရိုး မှာ လည်း သူ လို ငါ လို အဖိနှိပ်ခံ လူတန်းစား မို့ ရွှေဖဝါးတော် အောက် က သဘောက်မသား ပီပီ မိသားစု လေးယောက် အား ဖြင့် တက်သုတ် ရိုက် ကာ ရိတ် ခဲ့၏ ။ ခက်ပုံ မှာ က ရိတ်ပြီးသည် ဆိုလျှင် ပင် ရိတ်ပြီးသား ကောက်ပင်များ ကို သည် အတိုင်း ပစ် မထားခဲ့ ဝံ့ ။ သားအဖ နှစ်ယောက် သား ည အိပ် ၍ လာ ရောက် စောင့်ကြပ် ခဲ့ကြရ၏ ။ သို့ပါလျက် နှင့် ပင် အထီးထီး တည်း ကျန်ခဲ့ကြရလေသည် ။ ယနေ့ မူ ရိတ်ပြီး သား ကောက်ပင်များ ကို စည်းပြီး သွား ၏ ။ ပြီး တော့ လှည်း ပေါ် သို့ တင်ရာ တွင် လွယ်ကူစေရန် အတွက် ကောက်လှိုင်း နှစ်ရာ စီ ကို လည်း စုပုံပြီး သွား၏ ။ နေ မဝင် မီ ကပင် မကျီးဒန် ၊ ချောစိန် နှင့် အခြား ကူလီ အမျိုးသမီးများ ပြန်သွားကြ ကာ ၊ ဘညိန်း တစ်ယောက် တည်း သာ လယ်ကောများ ရှိ ကောက်လှိုင်း သေးသေး ကလေးများ ကို လိုက်လံ စု ရင်း ထုံးနှောင်ရင်း ကျန် နေခဲ့သည် ။

အကော လယ် ဆိုသည် မှာ စပါးပင်များ ရေ မဝ ရုံ သာ မဟုတ်သေး ၊ မိုးဦး က နှမ်း စိုက်ခဲ့သောကြောင့် ကောက် စိုက်ရာ တွင် လည်း နှောင်း ခဲ့သည် ။ ထို့ကြောင့် လယ်ကောများ မှ ကောက်ပင်များ မှာ သေးလှီ ချည့်နဲ့ ၏ ။ ကောက်လှိုင်း လည်း သေးငယ် ၏ ။ အကော လယ် မှ ကောက်လှိုင်းစည်း တစ်ခု သည် အများဆုံး သုံးဆယ်ကျပ်သား ခန့်မျှ သာ ရှိမည် ဖြစ်သဖြင့် ဘညိန်း က လက်ဖြင့် ချိတ်၍ ရ သလောက် ချိတ်ဆွဲ သယ်ယူ ကာ စုပုံ နေ နိုင်သည် ။

ကန်သင်း ထက် မှာ ဘညိန်း ရပ်နေချိန် ၌ တစ်ဖက် လယ်ကွင်း မှ ကောက်လှိုင်း ကိုးလှိုင်း သည် သူ့ လက် ထဲ တွင် ချိတ်တွယ် နေ၏ ။ သူ သည် လှည်းလမ်း အတိုင်း မောင်းနှင် သွားသော ကောက်လှိုင်းလှည်း ကို ငေးစိုက် ကြည့်နေ မိသည် ။

လှည်း သည် တဖြည်းဖြည်း ဝေးသွားသည် နှင့် အမျှ ထူထဲသော ဖုန်လုံး နှင့် မြူနှင်းလွာပါး မှိုင်းဝါးဝါး တို့ က ပို၍ ဝေးသည် ဟု ထင်ရလေအောင် ကာခြား ထား၏ ။ လှည်းလမ်း ဘေး ရှိ လက်ပံပင် ထက် မှ ကိုင်းခြောက်ကြီး တစ်ခု ပေါ် တွင် လင်းတ မိသားစု သည် အိပ်တန်း ဝင် နေ၏ ။ ဘညိန်း ၏ မျက်လုံး အစုံ သည် စိမ်းမှိုင်းသော လက်ပံရွက်များ ၏ အောက် အနား ရှိ ညိုမည်း သော လင်းတ မိသားစု နောက်ဝယ် နီရဲ ရာ မှ တစ်စ တစ်စ သေးငယ် ပျောက်ကွယ် သွားသည့် နေလုံး ကို ကြည်ကြည်နူးနူး ရှုမော နေ မိသည် ။

အတန်ကြာ မှ ဘညိန်း မှာ သတိရ ဟန် ဖြင့် ဘေးဘီ သို့ ဖျတ်ခနဲ လှည့် ကြည့်လိုက်၏ ။ အားလုံး သည် ငြိမ်သက် အုံ့မှိုင်း နေ၏  ။ သည် လယ်တော တစ်ခုလုံး ၌ သူ တစ်ယောက် တည်း သာ ရှိပါတော့ကလား ဟု သိ လိုက်သည် နှင့် အားငယ် စိတ် က ဝင် လာသည် ။ နှင်းလွှာပါး သည်လည်း ပို၍ ထူထဲ လာလေ၏ ။

ဘညိန်း ၏ ရင်တွင်း ဝယ် လွမ်းဆွတ် သယောင် အားငယ် သလို နှင့် လေးလံထိုင်းမှိုင်း စွာ ဖြင့် လက် ထဲ မှ ကောက်လှိုင်းများ ကို ကောက်လှိုင်း ပုံ ပေါ် သို့ ဖြစ်ကတတ်ဆန်း ပစ်တင် လိုက်ပြီး နောက် ယမန် ည များ က မီးဖို ထား နေကျ နေရာ မန်ကျည်းပင်ရိပ် သို့ တစ်လှမ်း ချင်း လျှောက် လာစဉ် အောက် နား မှ ဒိုင်းခနဲ အသံ တစ်ခု ထွက်ပေါ် လာ၏ ။ ဘညိန်း ၏ ကိုယ် မှာ မြေ ပေါ် သို့ မြောက်တက် သွားသည် ထင် ရ၏ ။ ရင် တွင်း မှ ပြင်းထန်စွာ ခုန်လျက် လှည့် လိုက်သော အခါ ဘညိန်း မြင်ရသော အရာ ကား ထန်းပင် ပေါ် မှ ပြုတ်ကျ သော ထန်းရွက်ခြောက် တစ်ခု ။

ဪ တိုင်းရေးပြည်ရေး ရှုပ်ထွေး တိုင်း အသက် ကို ဈေးပေါပေါ နှင့် ပေးဆပ် ခဲ့ကြရ မြဲ ဖြစ်သော အချုပ်ချယ်ခံ လူတန်းစား မို့ ကြောက်ရွံ့လှပေမည် မဟုတ် ပါလား ။

    •••••   •••••   •••••   •••••

“ လူလေး ရေ ”

ကိုဆေးရိုး ၏ အသံ ပဲ ဖြစ်သည် ။ သို့ပေမယ့် ဘညိန်း ၏ ထိတ်လန့်ချက် သည် မပြေသေးရ ကား မန်ကျည်းပင်ရိပ် အောက် တွင် ငြိမ်၍ ရပ်နေ မိသည် ။

“ ဟေ့ လူလေး ”

“ ဗျာ ”

ကိုဆေးရိုး က နောက် တစ်ခွန်း ထပ် ခေါ်တော့ မှ ဘညိန်း မှာ စိတ်ချလက်ချ ထူး နိုင်ကာ သစ်ပင် မှောင်ရိပ် မှ ထွက် လာ ၏ ။

“ ဆာလှပြီလား ဟေ့ ၊ လာလာ ထမင်းစားဟေ့ ”

ကိုဆေးရိုး က လမ်း မှ ကောက် လာသော ထန်းဖုံးဖတ်များ နှင့် ထန်းစစ်များ တစ်ဖက် ၊ ထမင်းထုပ် တစ်ဖက် ကို မီးဖို နား တွင် ချ လိုက်ပြီး လည်ပင်း မှ စောင်ကြီး ဖိုသီဖတ်သီ ကို ရစ်သိုင်း ကာ မီးဖို နား မှာ ထိုင်ရင်း ပြော၏ ။

“ အဖေ ကော ”

“ အဖေ စားခဲ့ပြီးပြီ ကွ ၊ လူလေးပဲ စားတော့ ”

“ ထပ် စားဦးပေါ့ ”

လဆန်း ခုနစ်ရက်သား လခြမ်းငယ် သည် နှင်းမျှင် အစက်များ ကြား မှ ဝိုးတဝါး လင်းသာ နေ၏ ။ ခပ် ဝေးဝေး သို့ မမြင်နိုင်ချေ ။ လယ်တော တစ်ခုလုံး မှာ တိတ်ဆိတ်မြဲ တိတ်ဆိတ် နေသည် ။ တစ်ချက် တစ်ချက် အော်မြည် လိုက်သော ငှက်သံများ မှ အပ ဘာကို မျှ မကြားရ ။

“ မနေ့ည တုန်း က ညောင်ကုန်း ဘက် မှာ ကြက်သွန်ခင်း စောင့် တဲ့ သားအဖ ကို ဝင် သ,တ်သွား သတဲ့ ”

“ ဗျာ ”

ဘညိန်း က အထိတ်တလန့် ဆို လိုက်သည် ။ ခွံ့ လုလု ထမင်းလုတ် ကို ကိုင်လျက် ပါးစပ် အပြဲသား မျက်လုံး အပြူးသား ဖြစ်လျက် ကိုဆေးရိုး အား မော့ ကြည့် နေ မိသည် ။

“ အေးကွယ် သူ့ ရန်ငြိုး ရှိလို့ ဖြစ်မှာပေါ့ ။ အဖေ တို့ ငယ်ငယ်တုန်း က တော့ ဒီလို လုပ်တာ လည်း ရှားတယ် ၊ ရှိရင် လည်း မိ တာပဲ ။ အခုတော့ ပျင်းပျင်း ရှိတိုင်း သ,တ်နေကြသလား မသိပါဘူး ကွာ ။ သ,တ်သမျှ ဟာ မိတာ နည်း သကွ ”

ကိုဆေးရိုး က ညည်းညူလျက် ထိုင် ရာ မှ ထပြီး “ လူလေး ထမင်း စားပြီးရင် မီး ထပ် မထည့်နဲ့တော့ ။ အဖေ လမ်းသွား ဖောက် လိုက်ဦးမယ် ” ဟု ပြောကာ မန်ကျည်းပင် ရင်း မှ ပေါက်ပြား ကို ဆွဲယူ လေသည် ။

“ ဟာ လ က လည်း သိပ် သာ တာ မှ မဟုတ်ဘဲ ။ မတော်တဆ ခြေထောက်တွေ ဘာတွေ ပေါက် မိ နေ ဦးမယ် ။ မနက် ကျ မှ ကျုပ် ပေါက် လိုက်ပါ့မယ် ”

“ အေးပါကွာ ။ ဒီ နား က ကန်သင်း တစ်လုံး နှစ်လုံး တင်ပါ ”

ကိုဆေးရိုး က ပြောရင်း ဆိုရင်း ထွက်သွား ပေပြီ ။ ဘညိမ်း မှာ ထမင်း ကို ဆက်လက် စား နေခဲ့ သော် လည်း စိတ် မလုံလှပေ ။ ထမင်း ကို ခွံ့ လိုက် ၊ ဘေး ဆီ သို့ လှည့် ကြည့်လိုက် ဖြင့် အလုပ် များ နေ၏ ။

ထမင်း ကို ငုံ့ စားလိုက် ။ ထမင်း ဝါးရင်း ဟိုကြည့် သည်ကြည့် လုပ် နေရာမှ တစ်ချီတွင် ကား ခေါင်း ကို မော့လိုက်သည် နှင့် တစ်ပြိုင်နက် သူ့ ရှေ့ တည့်တည့် ချုံစပ် မှ သဏ္ဌာန် တစ်ခု သည် ဘညိန်း ဘက် သို့ တရွေ့ လာနေ သည် မြင် ရသည် ။ ဘညိန်း မှာ ခေါင်း ကြီး သွား မိ၏ ။ ကောက်လှိုင်း အိပ်ရာ အောက်ရှိ ငှက်ကြီး တောင်ဓား ကို ထ ဆွဲကာ သေသေချာချာ ထပ်မံ ကြည့် လိုက် တော့မှ ရိုးပြတ် အညွန့်များ ကို ရှာဖွေ စားသောက် နေသော နွားတွေ မှန်း သိရ၏ ။

   •••••   •••••   •••••   •••••

နံကြား သို့ တစ်စုံတစ်ယောက် က လက်ဖြင့် အဆက် မပြတ် လာရောက် ကုတ် နေ သောကြောင့် ဘညိမ်း မှာ အိပ်မောကျ နေရာ မှ နိုး လာ ရသည် ။ ကိုဆေးရိုး ၏ “ လူလေး လူလေး ” ဟု လေသံ ဖြင့် ခေါ်နေသံ ကိုလည်း ကြားရ သဖြင့် တိုးတိုးကလေး ပြန် ထူး လိုက်လျှင်

“ နားထောင်စမ်း ”

ရေမြုပ်ကုန်းရွာ ဆီ မှ ခွေးဟောင်သံ တစ်ချက် ကြား လိုက် ရ၏  ။ ပြီးလျှင် တစ်လောက လုံး တိတ်ဆိတ် သွား သည် ဟု ထင်ရ၏ ။ တစ်အောင့် လောက် ကြာ မှ ပုရစ်သံ လိုလို ၊ အသံများ ကို အနှံ့အပြား ကြားနေ ရ ရာက သစ်ကိုင်း ကို ကျိတ် ၍ ချိုး နေသံ လိုလို ၊ ဖွဲပုံ ပေါ် ခပ်ဖော့ဖော့ လျှောက်သွား နေသံ လိုလို ကြား ရသည် ။

ဘညိန်း က အသာအယာ ခေါင်း ထောင် ကြည့် ၏ ။ လ မဝင်သေးသည့် တိုင်အောင် နှင်းမှုန်များ ကြောင့် သဲသဲကွဲကွဲ မမြင်နိုင် ။ ထပ်၍ နားစွင့် လိုက် ပြန်သည် ။ စောစောက အသံမျိုး ကို ပင် ခပ်အုပ်အုပ်ကလေး ကြား နေရ၏ ။ သည် အသံမျိုး မှာ သုံးရပ်သော ကောက်လှိုင်း ခိုးနည်းများ မှ တစ်ပါး ပါ ကလား ။

ဘညိန်း က ဓား ကို ဆွဲပြီး ထ လိုက်သည် ။ ကိုဆေးရိုး က ဘညိန်း ကို လှမ်း ဆွဲ ထားပြီး သူ ပါ ထ လိုက်လာ၏ ။

“ အရမ်း မသွားနဲ့ ”

ကိုယ့် ပစ္စည်း ကို လူ ခိုး မည် စိုး၍ လာရောက် စောင့် ရှောက်ရသည့် အပြင် ၊ ကိုယ့် ကို လည်း ပြန်ပေး ဆွဲ မသွားအောင် လူ လာ သ,တ်မသွားအောင် စောင့် ရှောက်ရ သေးသည် ။ ယခု ကြား ရသော အသံ မှာ ကောက်လှိုင်း ခိုး နေသော အသံ တော့ မှန် ပေပြီ ။ သို့ရာ တွင် တစ်ယောက် က ခိုးပြီး တစ်ယောက် က မိမိတို့ လာ လမ်း မှာ စောင့် နေ လေ မလား ။ ကိုယ် က သူ တစ်ပါး ကို မမုန်းထား ပေ မင့် မိမိ ကို ကြံဖန်ပြီး မုန်းတီး နေ သူ ရှိကောင်း ရှိမည် ။ သည်လို လူစား က ကိုဆေးရိုး တို့ အိပ် ရာ ကို ရှာ မတွေ့ သဖြင့် ကောက်လှိုင်း ခိုးဟန် ဆောင် ပြီး သ,တ်ရန် ကြံခြင်း ပေ လော ။

ကိုဆေးရိုး တို့ သားအဖ သည် ရင် နှင့် မြေကြီး ထိ ကပ် လုအောင် ကုန်းလျက် ကန်သင်းပေါင် ကို ကပ်ကာ အသံ လာရာ သို့ ကြောင်သွား သွား နေကြသည် ။ သွား ရင်း ကလည်း မျက်လုံးများ သည် နေရာ မလပ်အောင် ကြည့်ရှု သွား ရ၏ ။ ဘညိန်း သည် ငှက်ကြီးတောင် ဓား ကို ဆုပ် ထား၏ ။ ကိုဆေးရိုး ကား ဝါးသဲတုတ် တစ်ချောင်း ကို သာ ကိုင် ထား၏ ။ ရှေ့သို့ ရောက်သွား လေလေ အသံ သည် နီးကပ် လာ လေဖြစ်၏ ။ အသံ သည် ကိုဆေးရိုး တို့ အိပ်စက် နေရာ နှင့် ခဲ တစ်ပစ် ခန့် ဝေး သော လယ်ကွက် အတွင်း ရှိ ကောက်လှိုင်းပုံ ၏
ဘေး မှ ထွက်ပေါ် နေသည် ။

ဘညိန်း ၏ ရင်သည် တဒိန်းဒိန်း ခုန် နေ၏ ။ နားထင်ကြော ကို သွေးတိုးပုံ က ခါတိုင်း ထက် ပြင်းထန် မြန်ဆန် လာသည် ။ လယ်ကွက် ငါးခု ခန့် ကို ဖြတ်ပြီး ပုန်း လာ ရသော ကြောင့် ဒူးတွေ ညောင်းလာ၏ ။ ကန် သင်းခြေ မှ လည်း ဆူးပုံဟောင်းများ ၊ ကပ်စေးနဲသီး များ နှင့် ခြစ်မိရှမိရာ များကလည်း နှင်းရည် ရွဲသော ခြေ ထောက်များ ကို စပ်ယား နာကျင်စေ၏ ။ တစ်ခါတစ်ရံ ပုစွန်ကျစ်စာခဲများ နှင့် ခြေထိပ် ကို တိုက်မိသော အခါ ဘညိန်း မှာ ယောင်ပြီး အော်လိုက် မိ မတတ် နာကျင် သွား ရသည် ။ မျက်စိ ကျင့်သား ရ လာ သဖြင့် လရောင် ကို ပို လင်းလာသည် မှတ်၏ ။ နီးလာပြီ လည်း ဖြစ်သော ကြောင့် ကောက်လှိုင်း ၏ အဖျားပိုင်း ကို ဂုန်နီအိတ် တစ်ခု ပေါ် တွင် တင် ကာ ဖိ၍ ဖိ၍ ခြေ ဖြင့် နင်းချေ နေသော လူ တစ်ယောက် ကို မြင်နေ ရ လေပြီ ။

ကိုဆေးရိုး တို့ သားအဖ သည် ကောက်လှိုင်းပုံ ဘေး မှ ကပ်ပြီး သူခိုး ဘက် သို့ တရွေ့ရွေ့ ချဉ်းကပ် လာ ကြသည် ။ သူခိုး ကား ကောက်လှိုင်းများ ကို တစ်လှိုင်း ပြီး တစ်လှိုင်း အသာအယာ ခြွေချပြီး များ လာ လျှင် ဘေးနား ရှိ အိတ် ထဲ သို့ ခြွေချပြီး သား စပါးများ ကို ကျုံး ထည့်လိုက် လုပ်နေ၏ ။ သူ ၏ မျက်စိသည် လည်း ကျီးကန်း တောင်းမှောက် ပင် ။ သို့ရာတွင် သူ နှင့် တစ်လံ ကွာ လောက် တွင် ရောက်နေပြီ ဖြစ်သော ဓားတုတ် ကို မမြင် ရှာ မသိ ရှာ ပေ ။

သူခိုး ၏ အနား သို့ ရောက် လာသော အခါဝယ် ဘညိန်း မှာ မိမိ ၏ အသက်ရှူသံ ကို ကျယ်လောင်လွန်း လှသည် ထင်၏ ။ အသက် ကို အောင့် ၍ ရှူသည် တွင် မော ၍ လာသည် ။ မောခြင်း နှင့် စိုးရွံ့ခြင်း တို့ ၏ လွှမ်းမိုး မှု ကို ဆက်လက် ပြီး သည်း မခံနိုင်တော့သည့် အဆုံး ဝယ် ဘညိန်း သည် တစ်ဟုန်ထိုး ခုန် ထ ကာ သူခိုး ၏ ခေါင်း ကို ဓား ဖြင့် ခုတ်ချ လိုက်၏ ။

“ ကမြင်းမသူခိုး ”

“ ဟဲ့ လူလေး ၊ မလုပ်နဲ့ ”

သား နှင့် အဖ အသံ သည် ရှေ့ဆင့် နောက်ဆင့် ထွက်ပေါ် လာသည် ။ ထို့အတူ ကိုဆေးရိုး သည် ဘညိမ်း နှင့် ထက်ချပ် ပါ လာကာ ဘညိန်း ၏ လက်မောင်း ကို လှမ်း ဆွဲ လိုက်သည်တွင် သားအဖ နှစ်ယောက် လုံး အား ကြက်သေ သေသွား စေသော အသံ တစ်ခု ထွက် ပေါ် လာကာ ဘညိန်း ၏ ဓားဦး မှာ မြေကြီး ထဲ သို့ စိုက် ဝင် သွားသည် ။

“ အမယ်လေး အမယ်လေး တော့် ၊ ကြောက်လှ ပါပြီ အစ်ကိုကြီး တို့ ရယ် ၊ ချမ်းသာပေးကြပါ ”

ညဉ့်ကြီး သန်းခေါင် မှာ လူသူ ဝေးသည့် လယ်ကွင်းပြင်ကြီး ထဲ သို့ လေးလံသော စပါးများ ကို လာရောက် သယ်ပိုး ခိုး ယူ သည့် သူခိုး မှာ ယောက်ျား ပဲ ဖြစ်ရမည် ဟု မှတ်ခဲ့၏ ။ ယခုမူ ဘညိန်း ၏ ဓားဦး က ခေါင်း နား မှ ဖြတ်သွားပြီး ဘညိန်း က အော် ဆဲ လိုက်သည် နှင့် တစ်ပြိုင်နက် မြေ ပေါ် သို့ ပုံလျက် လဲ ကျကာ ငယ်သံ ပါ အောင် အော် လိုက် သံ မှာ မိန်းမသံ ဖြစ်သည် ။ နောက်ပြီး ကြောက်ရွံ့စွာ ဖြင့် ထပ်မံ တောင်းပန် ပြန်၏ ၊ မိန်းမ ပဲ ဖြစ်သည် ။ ဒါကြောင့်ပင် သားအဖ နှစ်ယောက် လုံး အံ့အားသင့် သွားရခြင်း ဖြစ်၏ ။

ဘညိန်း ရော ကိုဆေးရိုး ပါ အံ့အား အသင့်ကြီး သင့် ရသည့် အထဲတွင် ကိုဆေးရိုး မှာ ဘညိန်း ထက် ပို ရ လေသည် ။ သူ က သည် အသံ ကို ကောင်းကောင်း သိ၏ ။ မှတ်မိ၏ ။ နတ်ကျသူ အလား ရှိခိုး တောင်းပန် နေသော ထို သူခိုးမ ၏ မျက်နှာ ကို သေသေချာချာ ငုံ ကြည့်ပြီး သည့် အခါ၌ ကား ကိုဆေးရိုး မှာ ခေါင်း ငိုက် စိုက် ကျ သွား ရ၏ ။

“ ဖြစ်ရလေ ဖွားသင် ရယ် ”

“ ဟုတ်ပါတယ် ကိုဆေးရိုး ရယ် ။ တော့် သူငယ် ချင်း သေပြီးတဲ့ နောက် မကြာခင် မှာ ပဲ မီးယပ် ချည့် ချည့် ပြီး ကလေး နှစ်ယောက် နဲ့ ဘာမှ လုပ်ကိုင် မစားနိုင် တော့ပါဘူး ။ အရပ်က လည်း ပေးကြ ကမ်းကြ ပါရဲ့ ၊ ဒါပေမဲ့ မဝလွန်း လို့ ”

ဖွားသင် ခေါ် သူခိုးမ မှာ စကား မှ ဆုံးအောင် မပြော နိုင်တော့ဘဲ ကိုဆေးရိုး ၏ ခြေ ကို ဖက်၍ ပြင်းထန်စွာ ငိုရှိုက် နေ လေ၏ ။

“ နင် ဒါလောက် ဒုက္ခ ရောက် နေတယ် ဆိုတာ ငါ လည်း မသိဘူး ဖွားသင် ရယ် ။ ရိုးရိုး လာ တောင်းပါ လားဟဲ့ ”

“ တော့် ကို ကျုပ် ယောက်ျား ဆီ လာတုန်း သာ လူ ချင်း သိတာ ၊ ဘယ်နား မှာ လယ် ရှိတယ် ဆိုတာ ကျုပ် မသိပါဘူး ။ ရမ်းဘိုကုန်း ကို လာဖို့ ဆိုတာ ကလည်း ကျုပ် လို မီးယပ်ချည့် က ဘယ်လို လုပ် လာ နိုင်ပါ့မလဲ ။ အခုလို ခိုးလို့ ရတဲ့ စပါးကလေး တစ်စိတ် တစ်ခွဲ ကို တောင် ရွာ ရောက်အောင် ဆယ့်ငါးခေါက် လောက် နားပြီး မှ ”

“ တော်တော် ၊ ကဲ တော်တော့ ဖွားသင် ။ နက်ဖြန် ကျ ရင် ငါ လာ ပို့ လှည့်မယ် ။ ရော့ ... ငါ့ မှာ ပိုက်ဆံ တစ်မတ် တော့ ပါ သေးတယ် ။ သွားသွား ၊ အအေး မိပြီး ဒုက္ခ ရောက် နေမယ် ”

ဖွားသင် ၏ ရိုက်သံသည် ဝေး၍ ဝေး၍ သွားသည် ။ တရွေ့ရွေ့ နှင့် ရွေ့သွားသော ဖွားသင် ၏ အသွင် သည် လည်း နှင်းမြူ နှင့် လမှေးမှေး ကြားငယ် တဖြည်းဖြည်း ပျောက်ကွယ် သွား လေ၏ ။

ကိုဆေးရိုး တို့ သားအဖ မှာ ဖွားသင် ၏ စပါးအိတ် ကို ပင် မယူခဲ့နိုင်ကြတော့ဘဲ ယူကျုံး မရသော ဘဝင် ဖြင့် နွမ်းငိုက်စွာ လှည့်ပြန် လာကြ၏ ။ တစ်ယောက် သော သူ ၏ ရင်ဝယ် မိတ်ဆွေ ၏ ဇနီး အတွက် ဝမ်းနည်း ခြင်း ၊ တစ်ယောက် သော သူ ၏ ရင် မှာ ကား မထိခိုက် သော နှိပ်စက်မှု အတွက် နောင်တ ရ ခြင်း စသည်တို့ ဖြင့် ပွက်အိုင် နေပေသည် ။

“ ကြုံ မှ ကြံရပလေ အဖေ ရာ ”

ဘညိန်း က မီးဖို မှာ ခြေဖျား လက်ဖျား ကင် ရင်း ညည်း လိုက်သည် ။ ကိုဆေးရိုး ကား ငူငူကြီး ဖြစ် နေ၏ ။ အတန်ကြာ မှ သက်ပြင်း တစ်ချက် ကို မှုတ်ချကာ “ အင်း ” ရှည်ကြီး ကို မြည်တမ်း နိုင်၏ ။

“ သူ့ ယောက်ျား ဘလင်း ဟာ ငါ့ အပေါ် မှာ သိပ် ကောင်းတာ လူလေး ရဲ့ ။ သူတို့ ရေမြုပ်ကုန်း တစ်ရွာလုံး ဟာ သူခိုး ချည်း ပဲ ။ ဘလင်း ရှိတုန်း က ဆိုရင် မြက် တစ်ပင် တောင် မပျောက် စေ ရဘူး ။ ထွန်တွေ ဘာတွေ ထားခဲ့ ။ ကောက်ရိတ်ချိန် မှာ ဆိုရင် ဘယ် အခုလို စောင့် အိပ်ရလိမ့် ၊ ဟော ”

ထိုအခိုက် တွင် ရေမြုပ်ကုန်းရွာ ဘက် မှ အော်သံ တစ်ခု ကြား လိုက်ရပြီး သေနတ်သံများ တရစပ် ထွက် ပေါ် လာ၏ ။

“ ဟဲ့ လူလေး လာ ”

ကိုဆေးရိုး က ဘညိန်း ကို အိပ်ရာ ထဲ သို့ တွန်းပို့ လိုက်၏ ။ သေနတ်သံများ မှာ ချက် ချင်း ပြန်၍ တိတ်ဆိတ် သွားသည် ။ လက်နှိပ်ဓာတ်မီးရောင်များ ရွာဘေး ဆီ မှ ထွက်ပေါ် လာသည် ။

“ အင်း ဖွားသင် များ ဖြစ်ရော့လား လူလေး ရယ် ”

ဘညိန်း ကား တုတ်တုတ်မျှ မလှုပ်ပေ ။

“ အင်း ငတ်တာ တောင် အေးအေး မငတ်ရပါ လား ဟ ၊ သတ်ကြ ဖြတ်ကြတဲ့ အထဲ ငတ် ရတဲ့ ဒီ ခေတ်ဆိုး မှာ လူ ဖြစ်ရတာ လူဖြစ် ရှုံးလှချည့်လား ဟယ် ”

◾ဆင်ဖြူကျွန်းအောင်သိန်း

📖 ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment