Tuesday, April 4, 2023

ဖိနပ်ကလေး တစ်ဖက်


 

❝ ဖိနပ်ကလေး တစ်ဖက် ❞

ကျော်မိုး သည် တောလမ်းကလေး မှ လျှောက်လာ နေ လေသည် ။ သူ့ ဘေး တွင် လွယ်အိတ် တစ်အိတ် ကို လွယ် ထားပြီး လက်ယာ ဘက်လက် တွင် ဝါးတောင်ဝှေး ကို ကိုင် ၍ ထောက်ကာ ထောက်ကာ လျှောက်လာ နေ၏ ။ ဤ ပုံ ကို ကြည့်ခြင်း အားဖြင့် သူ သည် ခရီးဝေး သွားသော ခရီးသည် မှန်း သိသာ နိုင်သည် ။

“ ဟေ့ .… ကျော်မိုး ကျော်မိုး ရေ ”

ခေါ်သံ သည် ပီပီသသကြီး ပေါ်ထွက် လာ၏ ။ ကျော်မိုး သည် ခြေစုံ ရပ် လိုက်ကာ ပတ်ဝန်းကျင် ဟိုဟိုသည်သည် လှည့် ကြည့်မိလိုက်သည် ။ အမှန် ဆိုလျှင် သည်တော သည်တောင် ထဲ တွင် လူသူလေးပါး ပြတ်လပ် လှသောကြောင့် သူ့ ကို သိသော သူ ကို မဆိုထားဘိ ။ သူစိမ်း တစ်ယောက် ကို ပင် ကြုံတွေ့ ရန် မလွယ်ကူပါ ။ သို့ဖြစ်သည့် တိုင်အောင် စောစော က ခေါ်သံ သည် ပီပီသသ ထွက်ပေါ် လာခဲ့၏ ။

ကျော်မိုး သည် မည်သူ့ကို မျှ မတွေ့ရ သဖြင့် ခရီး ဆက် တော့မည် ဟု ကြံကာ ခြေလှမ်း ပြင်လိုက်သည်  ။

“ ကန်းပါ့ကွာ .. နာမည် ကို ဒါလောက် တကြော်ကြော် ခေါ် နေတာတောင် မတွေ့ဘူးတဲ့ ဟားဟား ”

ကျော်မိုး သည် ခြေ ကို မလှမ်းနိုင်ဘဲ ကျီးကန်းတောင်းမှောက် ကြည့်မိ ပြန်သည် ။ သိသူ လည်း မတွေ့  ၊ မသိ သူ လည်း မတွေ့ပါ ။ သို့ဖြစ်၍ ကျော်မိုး သည် စိတ်တိုတို နှင့် ရမ်းသမ်း ပမ်းသမ်း စွတ်၍ အော် လိုက်လေသည် ။

“ ဟေ့ … ဘယ်သူလဲကွ ဟေ ၊ ငါ့ ကို တကြော်ကြော် နဲ့ ခေါ်ပြီး ပုန်းနေတာ ၊ ဘာလဲ ငါ့ ကို ကြောက်တယ် မှတ်နေသလား ၊ မင်း သာ ကြောက်လို့ခေါ်ပြီး ပုန်းနေတာပေါ့ ”

ကျော်မိုး သည် စကား ကို ရပ်၍ အဖြေ ကို ပြန်စောင့်၏ ။

“ အလို .. ဒေါသ ကြီးလှချည်ကလား ကျော်မိုး ရယ် ၊ တကယ်တော့ ငါ ဟာ ပုန်းနေတာ မဟုတ်ပါဘူး ၊ မင်း က မမြင်တာပါ ”

အသံ လာ ရာ ကို တိတိကျကျမှန်းဆ၍ မရပါ ၊ ထို့ကြောင့် ကျော်မိုး သည် အနီး က ဆီးဖြူပင်ကြီးပေါ် သို့ မော့ ၍ ကြည့်၏ ။

“ ခက်နေပါပြီကော .. ငါ ကအောက် မှာ မင်း က အပေါ် ကို ကြည့် နေတယ် ။ ဒါနဲ့တောင် မမြင်ဘူး ဆိုတော့ ခွကျတာပေါ့ ကျော်မိုး ရာ ”

ကျော်မိုး သည် ငုံ့ကြည့် ပြန်၏ ။ လမ်းဘေး က ဆီးဖြူပင် အရင်း တွင် ကျောက်တုံးငယ်တစ်တုံး ရှိ၏ ။ ထို ကျောက်တုံး ပေါ် တွင် လက်ဝဲဘက် ဖိနပ်ကလေး တစ်ဖက် ကို တွေ့  ရသည် ။ ဖိနပ် မှာ သားရေ ဖိနပ် ဦးကော့ကလေး ဖြစ်၏ ။ ထို ဖိနပ် မှ လွဲ၍ အခြား ဘာကိုမျှ မတွေ့ရချေ ။

“ ဖိနပ် ပဲ တွေ့ ရတယ် ။ ဖိနပ်ကတော့ ငါ့ နာမည် ခေါ်မယ် မထင်ပေါင် ကွာ ”

ကျော်မိုး သည် တစ်ကိုယ်တည်း ခပ်ညည်းညည်း ပြော လိုက်၏ ။

“ မင်း က မထင်ပေမဲ့ ဟုတ်သကွ ၊ ဖိနပ် က မင့် ကို တကြော်ကြော် ခေါ်နေတာပဲ ”

အိပ်မက် မဟုတ်ပါ ၊ မျက်ဝါး ထင်ထင် ကြုံတွေ့ နေ ရခြင်း ဖြစ်သည် ။ ကျော်မိုး သည် ဖိနပ်ကလေး ကို ဆတ်ခနဲ ကောက်ယူ ၍ ကြည့်၏ ။

“ ဪ … မင်း က စကား ပြောတာကိုး ၊ မင်း က ပါးစပ် မပါတဲ့ ဟာ မျိုး ဆိုတော့ အသံ ကို ဘယ်က လာမှန်း ဖမ်းရ ခက်တော့ ငါ့ ခေါင်း ဟာ ချာလပတ် လည် နေရတာပေါ့ ၊ ဒါထက်မင်း က ငါ့ နာမည် ကို ဘယ်လိုသိ သလဲ ”

“ ဟဲဟဲ ဟဲဟဲ .. ”

“ အဲဒါက ဘာဖြစ်တာလဲ ”

“ ရယ်တာပေါ့ကွ ၊ တဟဲဟဲ နဲ့ ငိုနေတာ မင်း တွေ့ဘူးလား ”

“ မပြောတတ်ဘူးလေ ၊ ဖိနပ် ဆိုတော့ ဟဲဟဲ ဟဲဟဲ နဲ့ ငိုချင် လည်း ငို မှာပေါ့ ၊ ငါ ဘယ် သိပါ့မလဲ ”

“ ရှိပါစေတော့လေ ၊ ငါbက မင်းနာမည် ကို ဘယ်လို သိသလဲ လို့ မင်း က မေးတယ် ၊ ဒီမှာ ကျော်မိုး ၊ သည် လောက မှာ ငါ မသိတာ ခပ် ရှားရှားကွ ”

“ ဒါဖြင့် ငါ့ ကြီးဒေါ် ပထမဆုံး ကျိုး တဲ့ သွား ဟာ ဘယ် သွား လဲ ”

“ အဲဒါက ခပ်ရှားရှား ထဲ ပါ နေတယ်ကွ ၊ ငါ မသိဘူး ”

“ ဒါဖြင့် ငါ့ အမေ ဟာ ဘယ် အရွယ် မှာ ဆံပင်ဖြူ စ ပေါက် သလဲ ”

“ အဲဒါလည်း ခပ်ရှားရှား ထဲ ကပါ နေပြန်ပြီကွ ၊ ဟေ့ ကျော်မိုး ၊ မင်း က ငါ့ ကို ဘာမှ စစ်ကြော မနေစမ်းပါ နဲ့  ၊ မင်း သွားရာ ကို ခေါ်သွား စမ်းပါ ၊ မင်း အတွက် အကျိုး ရှိပါစေ့မယ် ကွာ ”

ကျော်မိုး လည်း စကားရှည် မနေတော့ သားရေဖိနပ်ကလေး ကို လွယ်အိတ် ထဲထည့် ၍ ခရီး ဆက် ခဲ့လေတော့သည် ။

များမကြာမီ ပင် ရွာကလေး တစ်ရွာ ရှိ ထမင်းဆိုင် တစ်ဆိုင် သို့ ရောက်ရှိ ခဲ့လေရာ ကျော်မိုး သည် ဆာဆာ နှင့် သူ စားလိုရာ ဟင်းများ ကို မှာကြားရင်း စားပွဲခုံ တွင် ဝင် ထိုင်လေ၏ ။ ဆိုင်ရှင်လူကြီး သည် ကျော်မိုး မှာ ကြားသော ဟင်းလျာများ ကို ခူးခပ်ထည့် ရန် မီးဖိုဘက် ဆီသို့ ဝင်သွား လေ၏ ။ ထို အခိုက် တွင် လွယ်အိတ် ထဲ က ဖိနပ် က စကား ပြောလေတော့သည် ။

“ ဟေ့ကောင် … ဘယ်လိုလဲကွ ၊ မင်း ချည်းပဲ စားသလား ၊ ငါ လည်း ဆာ တာပေါ့ ”

“ အလို .. ဖိနပ် က ထမင်း စားတယ်လို့ ငါ မကြားဖူးပေါင် ကွာ ”

“ ထမင်းတော့ မစားဘူးဟေ့ ၊ ငါ က ထောပတ် စားတယ် ၊ ကဲပါကွာ စကားကြော မရှည်နေပါ နဲ့ ငါ့ ကို လွယ်အိတ် ထဲ က ထုတ်ပြီး စားပွဲ ပေါ် သာ တင်ထား လိုက်ပါ ၊ ပြီးတော့ ထောပတ် တစ်ပန်းကန် မှာ ပြီး ငါ့ ကို လိမ်းကျံ ပေးစမ်းပါကွာ ၊ မင်း အကျိုး ရှိစေရမှာပါ ”

ကျော်မိုး သည် ဆုံးခန်း တိုင် အောင် စောင့်ကြည့်မည် ဟူသော သဘောထား ဖြင့် ဖိနပ် ကို စားပွဲ ပေါ် သို့ တင်လိုက်လေ၏ ။ ဆိုင်ရှင်လူကြီး သည် ယူ လာသော ထမင်း ဟင်းပန်းကန်များ ကို စားပွဲ ပေါ် သို့ ချသော အခါ ဖိနပ် ကို မြင်လေ၏ ။ ထိုအခါ သူ့မျက်နှာ မှာ စက်ဆုပ်ရွံ့ရှာသည့် အသွင် ဖြင့် ရှုံ့မဲ့ သွားလေတော့သည် ။

“ ထွီ .. ထမင်း စားမယ့် အနားမှာ ဘာဖြစ်လို့ ဖိနပ်စုပ်ကြီး တစ်ဖက် ကို တင်ထားပါလိမ့် ၊ ဖိနပ် ကို ဖိနပ် နေရာမှာ ထားမှပေါ့ ”

ကျော်မိုး သည် ဆိုင်ရှင်လူကြီးကို ဆတ်ခနဲ မော့ကြည့် လိုက်ပြီး ပြန် ပြောသည် ။

“ ဟာ .. ဦးကြီး ဒါဟာ ရိုးရိုးဖိနပ် မဟုတ်ဘူး ခင်ဗျ ”

“ ရိုးရိုးဖိနပ် မှ သာမန် ရိုးရိုးဖိနပ် ပါ ကွာ ၊ ငါ့ မျက်စိ ဒါလောက် မမှုန်သေးပါဘူး ။ မှန်စီရွှေချ ဟင်္သာခြေနင်း မဟုတ်ပါဘူးကွ ၊ တော တက်ရင် စီးတဲ့ သားရေဖိနပ် ဟောင်းကြီး ပါ ”

“ သားရေဖိနပ် မှန်ပေမဲ့ သူ က တခြား ဖိနပ်တွေ နဲ့ မတူဘူး ခင်ဗျ ”

“ ဘာဖြစ်လို့လဲ ဦးကော့ နေလို့လား ၊ ဦးကော့ တဲ့ သားရေဖိနပ်တွေ က တစ်ပုံကြီးပါကွာ ၊ မင်း ဟာ ဖိနပ် စုံစုံ မတွေ့ဖူးသေးဘူး ထင်တယ် ”

“ ဦးကြီး က စုံစုံ မတွေ့ဖူးသေးတာဗျ ၊ ဒီ ဖိနပ် က စကား ပြော တတ်တယ် ”

“ မြတ်စွာဘုရား ”

ဆိုင်ရှင်လူကြီး သည် အလန့်တကြား လွှတ်ခနဲ အော် လိုက်၍ ဖိနပ် ကို မျက်လုံး ပြူး ကြည့်သည် ။ ထို့နောက် စကား ဆက် ပြော၏ ။

“ စကား ပြောတတ်လည်း ပြောခိုင်းစမ်းကွာ ”

“ ဟေ့ဖိနပ် .. ပြောလိုက်လေကွာ ”

ဖိနပ် ကား တုတ်တုတ်မျှ မလှုပ်ချေ ၊ ထိုအခါ ဆိုင်ရှင်လူကြီး သည် ကျော်မိုး ကို စိတ် မှကောင်းရဲ့လား ဟူသော အကြည့်မျိုး နှင့်ကြည့်၏ ။ ကျော်မိုး သည် လည်း ရှက်ရှက် နှင့် ဖိနပ် ကို ခုံ အောက် သို့ ပစ်ချ လိုက် လေတော့သည် ။

ဆိုင်ရှင်လူကြီး သည် အလုပ် ရှိသေး၍ မီးဖိုချောင် ဘက် ထွက်သွား သောအခါ ကျော်မိုး သည် ထမင်း ပန်းကန် ကို စ ၍ နှိုက်၏ ။ ထိုအခိုက် တွင် ဖိနပ်သည် စားပွဲ ပေါ် သို့ ခုန် ၍ တက် လာလေသည် ။

“ ကျော်မိုး မင်း ငါ့ ကို မလေးမစား လုပ်ရင် ဒုက္ခ ကောင်းကောင်း တွေ့မယ် ၊ ဘယ်မှာလဲ ထောပတ် ၊ မြန်မြန် မှာပါ ”

ဖိနပ် က ခပ်မာမာ ပြော၏ ။ မတတ်သာတော့ပြီ ။ ကျော်မိုးသည်  ထောပတ် တစ်ပန်းကန်ကို လှမ်း၍ မှာကြားရ၏ ။ ထိုအခါ ဆိုင်ရှင်လူကြီး သည် ထောပတ် ပန်းကန်ပြား ကိုင်၍ ထွက်လာရ ပြန် ရာ ဖိနပ် ကို တွေ့ ရပြန်လေသည် ။

“ သြ .. ဖိနပ် ကို ပြန် တင်ထားပြန်ပြီပေါ့လေ ”

“ ရှိပါစေ ဦးကြီး ရာ .. ကျွန်တော် က သည် ဖိနပ် နဲ့ မှ ထမင်း စားလို့ ဖြစ်တာ ”

“ ဟေ .. ငါ့ ဆိုင် မှာ မင်း တစ်ယောက် ထဲ ထမင်း စားတာ မဟုတ်ဘူး ၊ တခြား လူတွေ လည်း လာ စားကြတာ သူများ တွေ ရွံ့မယ်ကွ ၊ ဒါပေမဲ့ မင်း က ဒီ ဖိနပ်စုတ်ကြီး ကို တစိမ့်စိမ့် ကြည့်နေ ရ မှ ထမင်းစား ဝင်မယ် ဆိုရင်လည်း စားပေါ့ကွာ ၊ ဒီ အတွက် ပိုက်ဆံ ပို ပေးရမယ် ”

“ ပေးပါ့မယ် ခင်ဗျာ ”

ကျော်မိုး သည် ကတိ ပြုလိုက်မှ ဆိုင်ရှင်လူကြီး သည် ကျေနပ်ပြီး သူ့ အနား မှ ထွက်ခွာ သွားလေတော့သည် ။ ထိုအခါတွင် မှ ကျော်မိုး သည် ဖိနပ် ကို ထောပတ်များ သုတ်လိမ်း ပေးရ၏ ။

မကြာမီပင် ခေါင်းတုံး နှင့် လူဝဝမည်းမည်းကြီး တစ်ယောက် သည် ဆိုင် ထဲ သို့ ဝင်ရောက် လာလေသည် ။ သူ သည် လည်း ထမင်း ဝယ်စားရန် ရောက်လာခြင်း ဖြစ်၏ ။ ထိုလူကြီး သည် ကျော်မိုး ၏ ခုံနားတွင် ရပ်ကာ ကျော်မိုး ကို ကျောပေး လျက် ဆိုင်ရှင်ကြီး ရှိရာသို့ လှမ်းမျှော် အော်ဟစ်၍ စားလိုရာ များကို မှာကြား နေသည် ။ ထိုအခိုက် တွင် ခုံ ပေါ် မှ ထောပတ်အရောင် ဖြင့် တလက်လက် ဖြစ်နေသော ဖိနပ် ဆီ မှ အသံ ထွက်ပေါ် လာတော့ရာ ကျော်မိုး မှာ မျက်လုံး ပြူးသွားရ၏ ။

“ ဗျို့ ... ကိုဖိုးထွန်း ၊ ခင်ဗျား မိန်းမ ရဲ့ ချက် အောက် နား မှာ မှဲ့ အကြီးကြီး ပါလား ဗျ ”

အပြော ခံရသူ ခေါင်းတုံး နှင့် လူကြီး သည် ကျော်မိုး ဘက် သို့ ချာခနဲ လှည့်၍ မျက်စိကြီးများ ပြူး ကြည့်သည် ။ ကျော်မိုး သည် လည်း ထမင်း အတွက် ကျသင့်သော ငွေများ ကို ခုံ ပေါ် တွင် တင် ထားပြီးပြီ ဖြစ်သောကြောင့် ဦးဖိုးထွန်းကြီး မျက်လုံး ပြူး ကြည့်ခိုက်တွင် ပင် မတ်တတ် ရပ် လိုက်သည် ။ ဦးဖိုးထွန်းကြီး ကား များစွာ မကျေမချမ်း ဖြစ်ပုံ နှင့် ကျော်မိုး ကို ကြည့်၍ ပြော၏ ။

“ ဟေ့ကောင် ... ဘယ်လိုလဲကွ ၊ မင်းက ဘာ အကြောင်း ကြောင့် ငါ့ မိန်းမ ရဲ့ချက် အောက် က မှဲ့ကြီး ကို မြင် ရတာလဲ ၊ တန်တော့ .… မင်းဟာ ငါ့ မယား နဲ့ ဖောက်ပြန် ပြီ ထင်တယ် ။ မင်း ကို တော့ ဖမ်းပြီး ရွာသူကြီး ဆီ ပို့မှပဲ ”

အခြေအနေ မဟန်တော့ပြီ ကို သိသဖြင့် ကျော်မိုး သည် တောင်ဝှေးကလေး ကို ကိုင် လွယ်အိတ်ကလေး ကို ကောက်လွယ် ၍ ထွက်ပြေး လာခဲ့ရလေတော့သည် ။ ထို ရွာ က ထွက်မိပြီး ခရီးလမ်း ကို ဆက် လျှောက် သွားနိုင်သော အချိန် တွင် မှ ရင် ထဲ တွင် အေး သွားကာ ပါးစပ် မှ လေ ကို ဟူးခနဲ မှုတ်ထုတ် လိုက်ရသည် ။

“ တော်ပါသေးရဲ့ ။ တော်တော် ဒုက္ခ ပေးတဲ့ ဖိနပ် တစ်ဖက် ၊ အခု မှ ဆိုင် မှာ ကျန်ရစ်ခဲ့လို့ ရင် အေး ရပြီ ”

တစ်ယောက်တည်း ပင် ဖြစ်လင့်ကစား စိတ် ထဲ တွင် အကျေနပ်ကြီး ကျေနပ် သွားသည် ဖြစ်သောကြောင့် နှုတ် မှ အသံ ထွက် အောင်ပင် ပြောမိတော့၏ ။

“ မင်း က ထင်သကိုးကွ ၊ မင်း လွယ်အိတ် ကောက်ဆွဲ လိုက် ကတည်း က ငါ က ခုန်ဝင်ပြီးသားပါလေ ”

“ ဟောဗျ ”

ကျော်မိုး သည် သူ့ လွယ်အိတ်ကလေး ကို ဖြဲကြည့် မိ၏ ။ မှန်ပါသည် ။ ထောပတ်ရောင် တပြောင်ပြောင် နှင့် ဖိနပ် တစ်ဖက် သည် ခပ်တည်တည်ပင် လွယ်အိတ် ထဲ ၌ စံပယ် နေသည် ။ ကျော်မိုး သည် စိတ်အလွန် ရှုပ် သွားရတော့၏ ။

“ ဪ .. မင်း က မင်း ကိုယ် မင်း ဟုတ်လှပြီပေါ့လေ ၊ ဒါဟာ ငါ့ လွယ်အိတ် ငါ့ သဘော ၊ ငါ လိုချင်တဲ့ ပစ္စည်း မှ ငါ ထည့်မှာပေါ့ ၊ မင်း ကို ငါ မလိုချင်ဘူး ။ ဒီတော့ လွတ်ရာကျွတ်ရာ ကို ကြွပေရော့ ကိုဖိနပ် ရေ ... ”

ကျော်မိုး သည် ဆတ်ခနဲ ပင် ဖိနပ် ကို ယူ ကာ အဝေး သို့ လွှင့်ပစ် လိုက်ပြီး ဆက်၍ လျှောက်ခဲ့ လေ၏ ။ သို့သော် ကိစ္စ မှာ သူ ထင်သလောက်တော့ မလွယ်ကူပါချေ ။ လာပြီးခဲ့ရာ လမ်းဘက် သို့ လွှင့်ပစ် လိုက်ခြင်း ဖြစ်သောကြောင့် ဖိနပ်ကလေး သည် တော်တော် ဝေးဝေး သို့ ကျရောက် သွားသည် ။ သို့ဖြစ်သော်ငြား လည်း မြေကြီး နှင့် ထိမိသည် နှင့် တစ်ပြိုင်နက် ဖိနပ် သည် လျင်မြန်စွာ ပင် စွေ့ခနဲ စွေ့ခနဲ ခုန်ပြေး လာပြီး ကျော်မိုး ကို မီသည် နှင့် တစ်ပြိုင်နက် လွယ်အိတ် ထဲ သို့ ခုန်၍ ဝင်လိုက်လေတော့၏ ။

“ ကျော်မိုး ရာ … တစ်ခရီး ထဲ သွားဖော် ချင်း ကို မစိမ်းကားချင်ပါ နဲ့ ”

“ ဟ .. မင်း ပြန်ရောက် လာပြန်ပြီလား ”

“ အေးပေါ့ကွ ၊ ဖိနပ် ဆိုတာ ခရီး သွား တဲ့ ဘက် မှာ ကျွမ်းကျင်သူ မဟုတ်လားကွ ၊ ငါ က လည်း မင်း သွားမယ့် ဆီကိုပဲ သွား မှာမို့ လိုက်တာပါကွာ ”

“ အလို .. ဒါဖြင့် ငါ ဘယ်သွားမယ် ဆိုတာ မင်း သိတာပေါ့ ၊ သိရင် ပြောစမ်း ”

“ လောကမှာ ငါ မသိတာ မရှိပါဘူးလေ ၊ လမ်း မှာ လဲ မင်း ဟာ ငါ့ အစွမ်း ကို တော်တော် မြင်ခဲ့ပြီးသားပဲ ကွ ၊ ဘာဖြစ်လို့ ငါ့ စွမ်းရည် ကို ထပ်ပြီး စမ်းသပ်ချင်ရသေးတာလဲ ”

“ ကဲ .. ဒါဖြင့်လည်း ရှိပါစေတော့ ၊ ဒါပေမဲ့ မင်း ဟာ ကိုယ့် ဘာသာ ကိုယ် လည်း ခရီး သွားတတ်သား နဲ့ ဘာဖြစ်လို့ ငါ့ လွယ်အိတ် ထဲ ဝင်ဝင်လိုက်ရတာလဲ ”

“ ဟဲဟဲ ... ဟဲဟဲ ၊ မင်း တို့ လူတွေ သက်သာချင်တော့ လှည်းယာဉ် စီးတယ် မဟုတ်လား ၊ အေး ... ငါ လည်းပဲ သက်တောင့်သက်သာ ခရီးသွားချင်တော့ လူယာဉ် စီးတာပေါ့ကွ ၊ ဟား ဟား .. ကဲ ရောက်ပါတော့မယ်ကွာ ၊ ဖေ့သားကြီး ရုန်းလိုက်စမ်းပါဦး ”

“ ဟေ့ … တော်တော် လူဝါးဝတဲ့ ဖိနပ်ပါလား ၊ ငါ့ ကို လှည်း ဆွဲ တဲ့ နွား လို့ မှတ်နေလားကွ ”

“ ကဲပါကွာ ၊ လှည်း ဆွဲ တဲ့ နွားမဟုတ်လည်း တခြား နွား ပဲ ထားလိုက်ပါတော့ ၊ စကားကြော မရှည်ဘဲ ခရီး သာ ဆက် သွားစမ်းပါ ၊ ငါ ရောက်ချင်လှပြီကွ ”

မတတ်သာတော့ပြီ ဖြစ်၍ ကျော်မိုး သည် အောင့်သက်သက် နှင့် ခရီး ကို ဆက်ခဲ့ရ လေသည် ။ မကြာမီ ပင် ခပ်လှမ်းလှမ်း ၌ လှည်းကုန်သည်များ စခန်းချနေကြသည် ကို အဝေး တွင် လှမ်း၍ မြင်ရလေ၏ ။

“ ဟာ ... ရေ သောက်ချင် တာ နဲ့ အတော်ပဲ ၊ ရေ တောင်း သောက် လိုက်ရဦးမယ် ”

ကျော်မိုး က တစ်ကိုယ်တည်း ပြောလိုက်ခြင်း ဖြစ်၏ ။ သို့ရာတွင် ဖိနပ် က သူ့ ကို စကား ပြော သကဲ့သို့ ပြန် ပြောနေ၏ ။

“ ဟေ့ကောင် ခရီး ကြန့်ကြာတယ် ၊ ရေ ဝင် သောက် မနေနဲ့ ၊ မင်း သွားရမယ့် ခရီး ကိုသာ မြန်မြန် ဆက်သွားပါ ၊ ငါ ရောက်ချင်လှပြီ ”

“ ဪ … မင်း က ရောက်ချင်ပေမဲ့ မောတာက ငါ ကွ ၊ ငါ ရေ တောင်း သောက်မှာပဲ ဖိနပ် က ကြီးကျယ်လို့ ”

“ အေး ... ဒါဖြင့်လည်း မင်း ငါ့ အကြောင်း သိရမှာပေါ့ ”

“ သိသိလေကွာ .. မင်း ဟာ ကျေးဇူးကန်းတတ်တဲ့ ကောင်ပဲ ”

“ ဟေ့ ကျေးဇူးတွေ ဘာတွေ ငါမသိဘူး ၊ ငါ ဟာ ငါ လိုချင်တာ ကို ပဲ သိတယ် ။ ငါ လိုချင်တာလည်း ဖြစ်အောင် လုပ်မှာပဲ ၊ အဲဒါ မင်းနားလည် ထားရမယ့် အချက် ”

ကျော်မိုး သည် မဲ့ပြုံး ပြုံးလိုက်သည် ။

“ ဒီမှာ ဖိနပ်ရေ လောက မှာ ကျေးဇူးကန်း သူ ဟာ ဒုက္ခ တွေ့ ရစမြဲပဲ ကွ ၊ အဲဒါ အမှန်ပဲ ”

“ မင်း ပြောတာ ငါ မယုံဘူး ၊ ဖိနပ်ချုပ်သမား က ချုပ်လုပ်လိုက် လို့ ငါ ဟာ ဖိနပ် ရယ် လို့ ဖြစ်လာခဲ့တဲ့ အချိန် က စပြီး ဒုက္ခ ဆိုတာ မတွေ့ဖူးဘူး ။ ငါ့ ကို သာမည ဖိနပ် မှတ် နေသလားကွ ၊ ငါ့ ကို စီးတဲ့ လူဟာ လေးလေးစားစား ယုယုယယ စီး ရတယ် ။ လမ်းဘေး မှာ တွေ့လို့ မင်း က ငါ့ ကို အထင် မသေးပါနဲ့ ၊ ငါဟာ အထည်ကြီးပျက် ပါကွ ”

ဖိနပ် က လေရှည်ရှည် နှင့် ပြောနေ ပေရာ ကျော်မိုး သည် ဘာ တစ်ခွန်းမျှ ဝင်၍ စွက်ဖက် ပြောဆိုခြင်း မပြုတော့ဘဲ သူ သွားလိုရာ သို့သာ ခြေလှမ်း ခပ်သွက်သွက် နှင့် သွားလေ၏ ။ ခဏ အကြာ တွင်ပင် လှည်းမှူး ဟု ယူဆရ သူ ၏ အနီး သို့ ရောက် သွားသည် ။

“ ဦးကြီး ခင်ဗျာ .. ကျွန်တော် ခရီး ပန်းလာလို့ ရေကလေး တစ်ပေါက် လောက်သောက်ပါ ရ စေ ”

လှည်းမှူးကြီး သည် ကျော်မိုး ကို တစ်ချက် မော့ ကြည့်လိုက်ပြီး သော် မောပန်းလာသော ခရီးသည် မှန်း သိသွား သဖြင့် ခါး ကို လှည့်၍ ကျောဘက် နား တွင် ထောင် ထားသော ရေ ထည့်သည့် ဝါးကျည်တောက် ကို လှမ်း ယူပြီး ဝါးခွက်ကလေး ထဲ သို့ ရေ ကို ငှဲ့ ထည့် နေ၏ ။

ဤတွင် ဖိနပ် က အစွမ်း ပြတော့သည် ။

“ ရေ သောက်ချင်လှ လို့ ရေ တိုက်ပါ ဆိုတာ နှေးတုံ့နှေးတုံ့ နဲ့ လုပ် နေတာကိုး ၊ ရုပ် ကို က မထုံတက်သေး နဲ့ ”

လှည်းမှူးကြီး သည် ဒေါသ ဖြစ်သွားသော အမူအရာ ဖြင့် ကျော်မိုး ကို လှည့်၍ မော့ ကြည့်၏ ။ ကျော်မိုး သည် မျက်စိမျက်နှာ ပျက် သွား ရသည် ။

“ ဦးကြီး … ကျွန်တော် ပြောတာမဟုတ်ဘူးခင်ဗျ .. သည်းခံပါ ”

လှည်းမှူးကြီး မှာ ကျော်မိုး ၏ မျက်နှာ တွင် စော်ကားမော်ကား ပြု လို ပုံ တစ်စုံတစ်ရာ မတွေ့သဖြင့် ပြန် လှည့်ပြီး.ဇဝေဇဝါ နှင့် ပင် ရေ ကို ဆက် ငှဲ့ ပြန်၏ ။

“ လုပ်ပုံကိုင်ပုံ ကတော့ တော်တော် အသုံးမကျ တဲ့ ပုံ ကို ပြ နေတာ ပဲ ၊ ဒါနဲ့များ မယားငယ်လေး ယူ ချင် သေးတယ် ”

လှည်းမှူးကြီး ၏ ဒေါသ သည် အတိုင်းအတာ ကုန် သွား လေ တော့သည် ။ ရေငှဲ့ ထည့်ထားပြီးသော ဝါးခွက် ကို မှောက် ၍ သွန်ပစ် လိုက်၏ ။

“ သွား ... မင်း ဟာ ငါ့ ကို သက်သက် လာပြီး စော်ကားတာ ၊ မြန်မြန် သွား ငါ ထ သ,တ်မိလိမ့်မယ် ”

ကျော်မိုး သည် မျက်စိမျက်နှာ ပျက်လှ စွာ ဖြင့် လွယ်အိတ် ထဲ က ဖိနပ် ကို ထုတ် ကာ လှည်းမှူးကြီး ၏ ရှေ့ တွင် ချ ပြ၏ ။

“ စောစောက စကားတွေ ဟာ ကျွန်တော် ပြောတာ မဟုတ်ပါဘူး ။ ဒီ ဖိနပ် က ပြောတာပါ စိတ် မဆိုးပါနဲ့ ခင်ဗျာ ”

လှည်းမှူးကြီး သည် ဖိနပ် ကို မဲ့ရွဲ့ ၍ ကြည့် လိုက်ပြီး ကျော်မိုး ကို မော် ကြည့်၏ ။

“ မင်း က ငါ့ ကို သူငယ်နှပ်စား မှတ်လို့ လာ လှည့်ဖြား နေတာလား ကွ ၊ ငါ့ အသက် ဟာ မင့် အသက် နှစ်ပြန် လောက် ရှိတယ် ။ ဖိနပ် က စကား ပြောတယ် လို့ တစ်ခါ မှ မကြားဖူးဘူး ။ သွားပါကွာ ... ငါ ထ သ,တ်မိလိမ့်မယ် ”

ကျော်မိုး သည် ဖိနပ် ကို လက်ကလေး ဖြင့် တွန်းရွှေ့ ရင်း ပြော၏ ။

“ ဟေ့ကောင် .. မင်း ဟာ သာမည ဖိနပ် မဟုတ်ကြောင်း ပြ လိုက်လေ ပြ လိုက်ပါကွ ၊ စကားလေး တစ်ခွန်း လောက် ပြောလိုက်စမ်းပါကွာ ”

ဖိနပ် ကား တုတ်တုတ်မှ မလှုပ်ချေ ။ ဖိနပ် တို့ ၏ ထုံးစံ အတိုင်းပင် ထားရာ ၌ ငြိမ်ငြိမ်ကလေး နေ နေ၏ ။ ထိုအခါ လှည်းမှူးကြီး သည် ကျော်မိုး အပေါ်  ပို၍ မကျေမချမ်း ဖြစ်လာလေတော့၏ ။

“ ဟဲ့ကောင် .… လူ က ဖြင့် လက်တောက် လောက် ရှိ သေးတယ် ။ ငါ လို ကောင် ကို လာစော်ကား လို့ ၊ မင်း သေ ဖို့ သာ ပြင် ”

သူ သည် ပြောပြောဆိုဆို နှင့် လှည်းထောက် ကို ရှာ သလား ၊ အခြား သော ရိုက်နှက်စရာပစ္စည်း တစ်ခု ခု ကို ရှာ သလား တော့ မသိ ၊ ဟိုဟိုသည်သည်လှည့် ၍ မျက်စိများ က ရှာဖွေ၏ ။ ထိုအခိုက် တွင် ကျော်မိုး သည် လျင်မြန်စွာ ပြေးထွက် လာခဲ့လေတော့သည် ။ ကျော်မိုး လစ်ပြေးပြီ ကို တွေ့သော် လှည်းမှူးကြီး သည် ထွက်ပြီးသား ဖြစ်နေသည့် ဒေါသဟုန် အရှိန် ကုန်သွားစေခြင်း ငှာ မျက်စိ အောက် တွင် တွေ့ ရာ ဖြစ်သော ဖိနပ် နှင့် ပင် လှမ်း ၍ ပစ်ပေါက် လေသည် ။ ဖိနပ်ကလေး သည် လေ ထဲ တွင် လျင်မြန် လှသော အရှိန် ဖြင့် လွင့်ပါး သွားကာ ပြေးနေ သော ကျော်မိုး ကို မီသည် နှင့်တစ်ပြိုင်နက် လွယ်အိတ် ထဲ သို့ စွေ့ခနဲ ဝဲပျံ ဝင်ရောက်သွားလေ တော့၏ ။

တော်တော်ကလေး ဝေး မှ အပြေး ရပ်ပြီး ကျော်မိုး သည် ဖိနပ် ကို စကား ပြော လေသည် ။

“ မင်း တော်တော် နှောင့်ယှက်တဲ့ကောင်ပဲ ။ ကျေးဇူး ကန်းတဲ့ ကောင် ... မင်း တစ်နေ့ ဒုက္ခ တွေ့မယ် ”

“ ဒုက္ခ ဆိုတာ ငါ နားမလည်ပါဘူး ဆိုမှ မင်း ကလည်း ဒါပဲ ထပ် ထပ် ပြောနေတယ် ။ ဒုက္ခကို မင်း တော်တော် ချစ်တယ် ထင်တယ် ။ တမ်းတမ်းတတ ကို ဖြစ် လို့ ”

“ ဟေ့ … ငါ အခု ရေ ငတ်လှပြီ ။ ဒါ ဒုက္ခ ပေါ့ ”

“ ငါ ကတော့ ရေ မငတ်ပေါင် ”

“ ဪ … သူများ လွယ်အိတ် ထဲ က အမြိုက်သား။ထိုင် လိုက်တဲ့ ကောင် က ရေ ငတ်ရမတဲ့လားကွ ”

“ ကဲပါကွာ … ရှေ့ က ရွာ ရောက်ရင် မင်း ရေ ရပါစေ့မယ် ။ မင်း ပါးစပ် က ထုတ်ပြီး တောင်း နေဖို့တောင် မလိုရဘူး ။ မင်း ရေတွေ ကို မနိုင်မနင်း ရ ရပါစေ့မယ် ”

ကျော်မိုး က ဘာမျှ ပြန် မပြောတော့ဘဲ ရှေ့ဆက် ၍ သာ လျှောက်ခဲ့လေရာ ၊ ရွာ တစ်ရွာသို့ ဆိုက်ရောက်လေ၏ ။ သူ သည် ဖိနပ် ၏ စကား အတိုင်း နှုတ် က တစ်ခွန်း တစ်ပါဒ မျှ ဖွင့်ထုတ် တောင်းခံခြင်း မပြုဘဲ ရွာလမ်းမ အတိုင်း ဖြတ်လျှောက် လာခဲ့လေ၏ ။ တစ်နေရာ သို့ အရောက် တွင် ဖိနပ် သည် ကျယ်လောင်စွာ အော်ဟစ် လေ တော့သည် ။

“ မီး ဗျို့ .…. မီး .. မီး လာကြပါဦး ၊ မီးလောင်တယ် ”

ချက်ခြင်း လိုလိုပင် ရွာသူရွာသားများ သည် ရေပုံးကြီးများ ဆွဲ၍ လည်းကောင်း ၊ မီးကပ်များ ဆွဲ၍ လည်းကောင်း ၊ ဟိုဟိုသည်သည် က ထွက် ပေါ် ရောက်ရှိလာကြလေ၏ ။ သို့သော် သူတို့ သည် ဘယ်ကို ကြည့် ၍ မျှ မီး ၏ အစအန ကို မမြင်ကြရသော အခါ သုန်မှုန်စွာ နှင့် ကျော်မိုး ဆီ သို့ ဝိုင်းအုံ ရောက်ရှိလာကြ၏ ။

ဤတစ်ချီတွင် ကား အဝိုင်း ခံနေရသည် ဖြစ်သောကြောင့် ကျော်မိုး သည် ဦးအောင် မပြေးသာ တော့ ချေ ။

“ ဒီကောင် လုပ်လို့ ငါတို့ သက်သက် အလုပ် ပျက်တယ် ။ ဒီကောင့် ကို ပဲ ရေ နဲ့ ဝိုင်း လောင်းကြ ဟေ့ .. လောင်းကြကွ ”

“ လောင်းကြ … လောင်းကြ ” ဟု ဖိနပ် က ပါ သူတို့ နှင့် ရော၍ ညာသံ ပေးလေရာ ၊ ရွာသူရွာသား တို့ သည် ကျော်မိုး ကို ရေများ နှင့် တဗွမ်းဗွမ်း လောင်းချကြ လေ တော့၏ ။ သင်္ကြန် တစ်နေရာ တည်း ကွက်၍ ကျရောက်။နေသည် နှင့် ပင် တူသေးတော့သည် ။

ရေများရွှဲနစ် နေ သဖြင့် ကြွက်စုတ်ကလေး သဖွယ် ဖြစ် နေသော ကျော်မိုး ကို အချို့ ရွာသား တို့ သည် တင်ပါး ကို မီးကပ်များ နှင့် ရိုက်နှက်ကြ သေး၏ ။ တစ်လမ်းလုံး ကြုံတွေ့ ခဲ့ရသည့် အတွေ့ အကြုံ အတိုင်းပင် ကျော်မိုး သည် ပြေးလွှား ရ ပြန်လေတော့သည် ။

“ တော်တော်ကလေး မောသွားတယ် ထင်တယ် ”

ခရီး တစ်နေရာ သို့ ရောက်သော အခါ ဖိနပ် က ခပ်ဖြည်းဖြည်း အသံ ဖြင့် မေးမြန်းသည် ။ ကျော်မိုး ကား။စိတ် ကုန်ပြီ ဖြစ်သောကြောင့် ဖိနပ် ကို ဘာ တစ်ခွန်းမျှ ခွန်းတုံ့ ပြန် ပြောခြင်း ကို မပြုချေ ။

“ ဟဲ ဟဲ .. စိတ် တော်တော် တိုသွားတယ် ထင်တယ် ။ တယ်လေ ... ငါ ဆွဲဆန့် လိုက်ရ ၊ မင်း ဆန့်ငင် ဆန့်ငင် ဖြစ် သွားရော့မယ် ။ ကဲပါကွာ မင်းသိပ် စိတ် မညစ်ရတော့ပါဘူး ။ မင်း သွားချင်တဲ့ နေပြည်တော် ဟာ ရှေ့ မှာ မြင်နေရပါပြီ ”

နေပြည်တော် သို့ ရောက်ကြပေတော့မည် ။ နေပြည်တော် တွင် ရှင်ဘုရင်ကြီး သည် “ အထူးအဆန်း ပြသနိုင် သူ အား ဆု ချီးမြှင့်မည် ” ဟု ကြော်ငြာ ကပ် ထား၏ ။ ရှင်ဘုရင်ကြီး ၏ ကြော်ငြာကြောင့် အရပ်ရပ် မှ လူတို့ သည်။အထူးအဆန်းများ လာရောက်လုပ်ပြ ကြ၏ ။

အချို့ သူ များ က ဝါးလုံး ကို ကွက်လပ် ထဲ ၌ အမှီ မရှိဘဲ ထောင် ထားပြီး ၊ ဝါးလုံး ထိပ်ဖျား ၌ နှာခေါင်း ကို ထောက် ကာ ကင်းမြီး ကောက်ထောင် ပြ၏ ။ ထိုအခါ ရှင်ဘုရင်ကြီး က “ ထူးတော့ ထူးဆန်းပါတယ် ။ ဒါပေမဲ့။ငါ လိုချင်တဲ့ အထူးအဆန်းတော့ မဟုတ်သေးဘူး ” ဆိုကာ ဆုငွေ အနည်းငယ် ချီးမြှင့်၍ ပြန် လွှတ် လိုက်သည် ။

အချို့ကမူ အလွန် ပျော့ပျောင်းသည် ဖြစ်၍ ခါး မှ နေ ပြီး တစ်ပတ် လှည့် ကာ ရယ် ပြသည် ။ ထိုသို့သော သူများ ကို လည်း ရှင်ဘုရင်ကြီး က အထက်ပါ အတိုင်း ပြောကြားပြီး ဆုငွေ အနည်းငယ် ချီးမြှင့်ကာ ပြန် လွှတ်သည် ။

ရှင်ဘုရင်ကြီး ၏ ကြော်ငြာ တွင် အထူးအဆန်း ကို လုပ်ပြရမည် ဟု တိတိကျကျ မပါ သဖြင့် အချို့ လူများ ကား ထူးဆန်းသော အရာဝတ္ထုများ ကို လာရောက် ပြသကြ၏ ။

သူတို့ လာရောက် ပြသကြသော အရာများ ထဲ တွင် ဖက်ဖူးရောင် ကြောင်များ ၊ နှုတ်ခမ်းမွေး စုတ်ဖွား နှင့် မိန်းမ ၊ သွေး လိုက် တိုင်း သနပ်ခါး မထွက်ဘဲ ဘဲသွေးများ အခဲလိုက် ထွက်တတ်သော ကျောက်ပြင်  ၊ ဆန် ကို ထည့်ချင် သလောက် ထည့် ၍ တည်ကာ အချိန် တန် ၍ အဖုံး ဖွင့် လိုက် လျှင် ထမင်း လုံးဝ မရှိဖြစ် တတ်သော ထမင်းအိုး ၊ သူ့ ဘာသာ သူ ဆိုလျှင် စာတွေ နင်းကန် ရေးနေပြီး ၊ လူ က ကိုင် ၍ ရေးလျှင် ဘာမျှ မထင်သော ကျောက်တံ ၊ အနံ့ကလေး က ချိုမွှေး ၍ စားချင်စဖွယ် ကောင်းသောကြောင့်။လှမ်း ယူပြီး ပါးစပ် ထဲ တွင် မြုံသော် တစ်ချက် ထည့် မိ ရုံ နှင့် ပါးစပ် ကို နာရီဝက် ခန့် ပြန်ဟ ၍ မရသော ဇီးပေါင်း ၊ ဘယ်လို ဝတ်ဝတ် စွပ် လိုက်တိုင်း တစ်ပေါက် ထဲ သို့ သာ ခြေထောက် နှစ်ဖက် စလုံး ရောက် ရသော ဘောင်းဘီ ၊ စမ်းသပ်သူ သည် တစ်သက် တွင် တစ်ကြိမ် သာ စမ်းသပ်ကြည့် နိုင်သည် ဟု ဆိုသော ပစ်ချင်ရာ သို့ ပစ် ၊ ပစ်လိုက် လျှင် မြားတံ သည် တစ်ပတ်ကွေ့ လာပြီး ပစ်သူ ၏ နောက်စေ့ သို့ ထိုးဖောက် ဝင်ရောက်အောင် ပစ်နိုင်သည့် လေးတံ ။ မအိပ် မနေဘဲ ရက်ပေါင်း သုံးရာ တိတိ ထမင်း ချည်း ထိုင်၍ စား နိုင်သော လူဝကြီး ၊ ငါးပိရည် ကို ခံတက်ချဉ် နှင့် တို့ ၍ စားခြင်း မှ လွဲ၍ အခြား ဘာကိုမျှ မစားသော ဝက်ဝံ ၊ ကြည့်လျှင် တံတောင် ခန့် သာဖြစ် ၍ ထည့် လိုက်သော ပစ္စည်း ကို ပြန် နှိုက်ယူ လျှင် ဘယ်တော့မှ နှိုက်၍ မမီသော ပလိုင်း ။ တီး လိုက် မိလျှင် လက်သီး ကပ် နေ၍ သုံးကြိမ် တိတိ ရှိုက်ကြီး တငင် ငို မှ လက် ကို ပြန်၍ ခွာ နိုင်သော အိုးစည် အစ ရှိသည့် အရာများပါဝင် လေသည် ။

သို့သော် ရှင်ဘုရင်ကြီး သည် ထိုသို့ လာရောက် ပြသကြသောသူများ ကို “ မင်းတို့ ဟာ က ထူးဆန်းတော့ ထူးဆန်းပါတယ် ။ ဒါပေမဲ့ ငါလိုချင်တဲ့ အထူးအဆန်း တော့ မဟုတ်သေးဘူး ” ဟူ၍ ချည်းပြော ကာ ဆုငွေ။အနည်းငယ် ချီးမြှင့်၍ ပြန်လွှတ် လိုက်၏ ။

ကြာသော အခါ အထူးအဆန်း ပြသ နိုင် သူ တို့ ကို ကုန်ခန်းသွား တော့သည် ။ တစ်နေ့လုံး တစ်ယောက် မျှ မလာသည့် အခါ ရှင်ဘုရင်ကြီးသည် စိတ်တို လာ၏ ။ ထို့ကြောင့် အနီးအနား တွင် ခစား နေကြ ရသော သူများ သည် အထူးအဆန်း ပြသနိုင်သူတွေ ကို မရ အရ အတင်း ရှာဖွေ ခေါ်ငင် ၏ ။ သို့သော် ရှားပါးလှ ချေ၏ ။

ထိုအချိန် တွင် ကျော်မိုး သည် နန်းတော် ၏ ရှေ့သို့ ဖြတ်သန်း ရောက်ရှိလာ လေ၏ ။ ဝင်းမှူးသည် ယောင်ပေ ယောင်ပေ နှင့် လျှောက်လာသော ကျော်မိုး ကို မြင်သော အခါ အတင်း ပင် လက်မောင်းကို ဖမ်းဆုပ်၏ ။

“ ဟေ့ကောင် မင်း အထူးအဆန်း လာ ပြတာမဟုတ်ဘူးလား ”

ကျော်မိုး သည် ခဏ တွေ သွား၏ ။ ဝင်းမှူးကြီး သည် ဝမ်းသာအားရ ဖြစ်ကာ အတင်းပင် ဆွဲသွင်း သွား လေရာ ကျော်မိုး က လည်း ရုန်း၏ ။

“ မဟုတ်ဘူး ခင်ဗျ ... အထူးအဆန်း မပြနိုင်ဘူး ”

ဝင်းမှူးကြီး မှာ ခွန်အားဗလ ကောင်းသူ ဖြစ် သဖြင့် ကျော်မိုး မှာ ယက်ကန် ယက်ကန် နှင့် ပင် ဒရွတ်တိုက် ပါ သွား ရသည် ။ သူ သည် ရှင်ဘုရင်ကြီး နှင့် တွေ့ချင် ပါ၏ ။ သို့သော် အထူးအဆန်း တော့ မပြနိုင်ပါ ။ သူ့ တွင် စကား ပြော တတ်သော ဖိနပ်တစ်ဖက် တော့ ရှိသည် ။ သို့သော် ဖိနပ် သည် လူတွေ ရှေ့ တွင် စကား ပြောချင် မှ ပြော သဖြင့် မပြသရဲပါ ။ ယခင် လူတွေက ဆဲဆို ရိုက်နှက် လွှတ် ရုံသာ လုပ်နိုင်သည် ။ ယခု ဟာ က ရှင်ဘုရင်ကြီး ဖြစ်၏ ။ ပြသတိုင်း မဖြစ် လျှင် အသေသ,တ်ပစ် နိုင်သည် ။

မည်သို့ပင် ဖြစ်စေ ၊ ကျော်မိုး ခမျာ တော့ ယက်ရင်းကန်ရင်း နှင့် ပင် ဘုရင် ၏ ရှေ့တော်မှောက် သို့ ရောက်ခဲ့ရလေ ပြီ တကား ။

ရှင်ဘုရင်ကြီး သည် ဝမ်းသာအယ်လဲ ဖြစ်ကာ အားရပါးရ မေးမြန်း လေသည် ။

“ ကဲ .. မောင်ရင် က ဘာအထူးအဆန်းကို ပြသ နိုင်သလဲ ”

“ ဘာမှ မပြသနိုင်ပါ ဘုရား ”

ရှင်ဘုရင်ကြီး သည် မျက်လုံးကြီးများ ပြူး၍ ဝင်းမှူး ကို လှည့် ကြည့်သည် ။ ဝင်းမှူး မှာ ထိတ်ထိတ်ပျာပျာ ဖြစ်။သွား ရ တော့ ၏ ။

“ ကျွန်တော်မျိုး မေး တော့ သူ က လွယ်အိတ် ကို လက် တစ်ဖက် က စမ်း ရင်း နဝေတိမ်တောင် လုပ်နေတယ် ဘုရား ။ ဒင်း ရဲ့ လွယ်အိတ် ထဲမှာ တစ်ခု ခု တော့ ပါမှာပဲ ”

ပြောပြောဆိုဆို နှင့် ဝင်းမှူး သည် ကျော်မိုး ၏ လွယ်အိတ် ကို ဆတ်ခနဲ ဆွဲယူပြီး အတွင်း က ပစ္စည်း ကို ကြည့်၏ ။

“ ဟာ .. ဖိနပ် တစ်ဖက် ”

ဝင်းမှူး သည် ဖိနပ် ကို ထုတ်၍ ရှင်ဘုရင်ကြီး ၏ ရှေ့ တွင် ချ လိုက်ရာ ပတ်ဝန်းကျင်က လူများ သည် ဝိုင်း ၍ ရယ်ကြလေ၏ ။ ကျော်မိုး က မရယ်မော နိုင်ပါ ။ သူ သိ ပါသည် ။ ဖိနပ် သည် ဘာ အစွမ်း မှ မရှိသော သာမည ဖိနပ်ကလေး အသွင် နှင့် ငြိမ်ငြိမ်ကလေး နေမည် ကို သူ သိပါသည် ။ သည်တော့ သူ အသ,တ် ခံ ရပါတော့မည် ။ အခြေအနေ သိသော ကျော်မိုး သည် မရယ်မောနိုင် ရုံ မက ချွေးသီးချွေးပေါက်များ ပင် စီးကျ လာရ တော့၏ ။

သို့သော် .. ရှင်ဘုရင်ကြီး သည် ဖိနပ် ကို မြင်သော အခါ လွန်စွာ အားရဝမ်းသာ ဖြစ်သွား ပြီး သူ့ တွင် ရှိသော အခြား တစ်ဖက် နှင့် ရင်ချင်း အပ် ကာ ကြိုး ဖြင့် စည်းနှောင် လေရာ နန်းတော်တစ်ခု လုံး မှာ မရယ်နိုင် တော့ဘဲ ငြိမ်သက် သွားလေ၏ ။

“ ကိုင်း … မောင်မင်း ဘာ ဆု ကို လိုချင်တာလဲ ။ ငါ လိုချင်တာ ရပြီ ”

ကျော်မိုး သည် ဝမ်းပန်းတသာ ဖြစ် သွားပြီး အားရပါးရ လျှောက် တင် လေ၏ ။

“ ကျွန်တော်မျိုး ရဲ့ဖခင် ဟာ သူကြီး ပါ ဘုရား ။ ဖခင် ကွယ်လွန် တော့ ရွာ ထဲ က လူ တစ်ယောက် ဟာ ကျွန်တော်မျိုး မိခင် နဲ့  ကလေးငယ်များ ကို ရွာ မှာ မနေနိုင်အောင် နှိပ်စက်မှု ပြု လို့ ကျွန်တော်မျိုး တို့ တခြား ရွာ ကို ထွက်ပြေး နေကြရပါတယ် ဘုရား ”

“ ကောင်းပြီ .… အမတ်ကြီးများ မှတ်ထား ၊ မတရား သူ ကို ဖမ်းပြီး အပြစ် ပေးပြီး သူ့ ကို အဲဒီ ရွာ မှာ သူကြီး ခန့် ထားကြ ။ ကဲ .. ဖိနပ် အကြောင်း ပြောပြမယ် ။ ဒီ ဖိနပ် ကို ရသေ့ကြီး တစ်ပါး က ငါ့ ကို စွန့် ခဲ့တာ ။ ဟောဒီ ကျန်တဲ့ ဖိနပ် က ရိုးရိုး ဖိနပ် ၊ အခု သူ ယူ လာတဲ့ ဖိနပ် က စကား ပြော တတ်တယ် ။ ငါ တောလည် ထွက် ရင်း ကျပျောက် ရစ် ခဲ့တာ ။ နှစ်ဖက် စုံ နေလျှင် ရိုးရိုးပဲ ။ ဒီတော့ သူ့ ကို ချွတ် ပြီး ငါ ဟာ ခြေတင် စဉ်းစား ရင် သူ က ငါ့ ကိုအကြံဉာဏ် တွေ ပေးတယ် ။ ဒါပေမဲ့ ကြာတော့ ငါ ဟာ သူ မရှိရင် မအုပ်ချုပ် တတ် တော့ဘူး ဖြစ်လာတယ် ။ ဟော .. မကြာခင် သူ့ ကို ပျောက်ခဲ့တော့ ငါ စိတ် တင်းပြီး စဉ်းစား အုပ်ချုပ် တာ အကြံတွေ ပြန် ထွက်ပေါ် လာတယ် ။ တကယ်ဆိုတော့ ငါ ဟာ သူ့ ကို အားကိုး လွန် ပြီး အညွန့်တုံး ခဲ့တာ ။ ဒီကောင် ရှိနေ သမျှ ရတဲ့ လူတွေ အညွန့်တုံး မှာ စိုးပြီး ငါ ပြန် ရ ချင် နေတာ ။ အားလုံး မှတ်ထားကြ လူ ဟာ ကိုယ့် အရည်အချင်း ကို ဖွံ့ဖြိုးအောင် မလုပ်ဘဲ ၊ တစ်ပါးသူ ကို အားကိုး လွန်း တာ အညွန့်တုံးတာပဲ ။ ကဲ .. ဒီ ဖိနပ် တစ်ရံ လုံး ကို ဗလဝါမုခဝဲ ထဲ သွား ပစ်ချေ ”

“ အရှင်ဘုရား … သူ့ ဘာသာ သူ ပြန် လာ တတ်တယ် ဘုရား ”

“ ဒီလို ရင်ချင်း ဆိုင်ပြီး ချည် ထား ရင် ဒီ ကောင် ဘာ အစွမ်း မှ မရှိတော့ဘူး ကွ .. ငါ သိတယ် ”

ဤသို့ဖြင့် ကျော်မိုး ကို အနှောင့်အယှက်တွေ ပေး၍ တစ်လမ်းလုံး နွား မောင်း သလို မောင်း ခဲ့သော ဖိနပ်ကလေး တစ်ဖက် မှာ အဖော် နှင့် တွေ့ မှ ဝဲ ထဲ သို့ ကျရောက် နိဂုံးချုပ် သွားရလေ တော့သည် ။

◾ကြပ်ကလေး

📖 ပျော်ရွှင်ဖွယ် ဟာသပုံပြင်များ ပေါင်းချုပ် ( ဒုတိယတွဲ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment