❝ မစိန်ရီ သရက် ❞
“ ခုနက ပြော သလိုပေါ့ သရက်ပင် ဟာ သဘောထား သိပ် ကြီးတာ ။ စိတ်ကောင်း လည်း သိပ် ရှိတာ ။ သိပ် လည်း ရိုးသားတယ် ။ ကျွန်တော် က တော့ ဒီ သရက်ပင် ကို ခင် နေမိတာ လူ တစ်ယောက် ကို ထင်မြင်ချက် ပေးသလို ပေး လိုက်တာပဲ ”
လက်ထောက် ဓာတ်ခွဲမှူး ၊ ဓာတ်ခွဲမှူးများ နှင့် ရောဂါဗေဒ ဆရာဝန် များ သည် သရက်ပင်ဝိုင်းဝိုင်းလေး ကို မော့ ကြည့် လိုက်ကြသည် ။ သရက်ပင် ၏ သီးမှည့် ကို မစားဖူးကြ သဖြင့် ဘာ အမျိုးအစား သရက်ပင် မှန်း မသိကြ ။ မန္တလေးပန်းဆွဲ လား ၊ ရင်ကွဲ လား ၊ စိုင် လား ။ ထို သုံးမျိုး ထဲ က တစ်မျိုးမျိုး ဖြစ် နိုင်သည် ။ မချစ်စု ၊ တံစုမြိတ် ၊ ဘင်္ဂလား ၊ ပျားရည်ဆမ်း တို့တော့ မဟုတ်နိုင် ။ မြကျောက် တော့ လုံးဝ မဟုတ်နိုင် ။ ပုံပြင်နိပါတ် ထဲ က ဗန္ဓာရ လည်း မဖြစ်နိုင် ။
ဝတ္ထု တစ်ပုဒ် ၏ အဓိက ဇာတ်ကောင် ဖြစ် လာမည့် ထို သရက်ပင် သည် ရန်ကုန် ဆေးရုံကြီး ဝင်း ထဲ ရှိ အရန် ဆေးဘက်ပညာသည်ကျောင်း နှင့် လူနာအဆောင် ၁၉ - ၂၀ အကြား တွင် တည် ရှိသည် ။ သရက်ပင် သည် သိပ်ပြီး အသက် မကြီးသေး ။ သရက်ပင်အိုကြီး မဖြစ်သေး ။ လူ တစ်ယောက် အနေ ဖြင့် ပြောရ လျှင် အသက် ၄၀ လောက် ရှိမည် ။ လူသား တစ်ယောက် အနေ နှင့် ၄၀ မှာ ဘဝ စ သည် ဆိုရိုးစကား ကို လက်ခံ လျှင် သရက်ပင် သည် ယခု မှ ဘဝ စ သည် ဟု ဆိုရမည် ။ အသီး သီး သည့် အပင် တွေ ကို အမ ၊ အသီး မသီးသည့် အပင်တွေ ကို အဖို လို့ အကြမ်းဖျင်း ယူဆ လျှင် ထို သရက်ပင် သည် အမ ဖြစ်သည် ။
အရန် ဆေးဘက် ပညာသည်ကျောင်း ၏ ဒုတိယ ထပ် တွင် ရှိသော ရောဂါရှာဖွေ လေ့လာရေးဌာန မှ ကြည့် လျှင် သရက်ပင် ကို အနီးကပ် တွေ့ ရသည် ။ သရက်ပင် ၏ အမြင့် သည် တိုက် တစ်တိုက် ၏ သုံးထပ် မျှ ရှိသည် ။ ဓာတ်ခွဲဘက် ဆိုင်ရာ ပညာရှင်များ သည် အလုပ်အကိုင် ပြီးစီး ချိန်တွင် ခဏ တစ်ဖြုတ် ဖြစ်ဖြစ် သရက်ပင် ကို မော့ ကြည့် မိတတ်၏ ။ သရက်ရွက်တွေ သိပ်သိပ်သည်းသည်း ရှိ လှပြီး ထို သိပ်သည် စိမ်းပျစ်တဲ့ သရက်ရွက် လတ်လတ်လန်းလန်းတွေ ကြား ထဲ မှာ အသီးကလေး တစ်လုံး တလေများ ရှိဦး မလား ရှာဖွေ မိ တတ်သည် ။ သူ့ အနေ နှင့် အသီးကလေးတွေ ဝေ နေ ရမည့် အချိန် မှာ တစ်လုံး မှ မတွေ့ရမှု အတွက် အနည်းအကျဉ်း စိတ် မသက်မသာ ဖြစ် မိ ရုံက လွဲ၍ တာရှည် မခံစားရ ။ မည်သူ့ ကို မျှလည်း ဖွင့် မပြောမိ ။ အမှန်စင်စစ် ဒီ သရက်ပင် ကို အသီးများ နှင့် တွဲလျက် မတွေ့ မမြင် ရသည် မှာ ကိုယ် ခံ နေရပြီ ဖြစ်သည် ။ မိုးရေစက်များ ကြားထဲ ရောက် သည် အထိ သရက်ပင် ပေါ် က သရက်သီးများ သက်ဆိုး မရှည်တတ် ။
ဆောင်းရာသီ ၏ နှင်းပွင့်နှင်းခဲများ နှင့်အတူ ကွယ်ပျောက် သွားတတ်ပြီး တစ်နှစ် ပြည့်လျှင် ဆောင်းရာသီ ၏ နှင်းပွင့်နှင်းစက်များ နှင့် အတူ လာ ရောက် နှုတ်ဆက် တတ် ကြသည် ။
အပေါ့အပါး သွားသည့် လူတွေ က ဖူးတံဦးများ ကို ရေအိမ် ထဲ မှ စတင် မြင်တွေ့ တတ်သည် ။
“ သရက်ဖူးလေး တွေ ဖူး နေပြီ ဟေ့ ”
ပြောသည့် လူ သည် သူ့ စကား ဆုံးသွား ပြီး နောက် မိုးကောင်းကင် သို့ မော့ ကြည့် လိုက်သည် ။ ဒီလို မော့ ကြည့်ခြင်း မှာ သူ သည် အတွေး ဆက် တွင် ငိုင် သွားသော ကြောင့် ဖြစ်သည် ။
“ သီး လာတော့ လည်း လူ တွေ ရဲ့ အနိုင် ကျင့် တာ ကို ခံရမြဲပဲ မဟုတ်လား ” လို့ ဆက်လက် တွေးတောမိသော ကြောင့် ဖြစ်သည် ။ လူတွေ က လွန် လွန်းသည် ။ သရက်သီးကင်း တွေ လက်သန်းခေါင်း လောက် ရောက်ပြီ ဆိုသည် နှင့် ခဲ နှင့် ပစ် သူ ပစ် ၊ တံချူ နှင့် ချူ သူ ချူ ၊ အပင် ပေါ် တက် ချိုး သူ ချိုး ဖြင့် နောက် တစ်နေ့ ကျ ဘာ သီးကင်း တစ်လုံးမျှ မရှိတော့ ၊ သဘောထား ပြည့်သော သရက်ပင် မှာ သရက်သီးကင်း ဈေး ကောင်း ချိန် နှင့် အချိန် ကိုက် သီး တတ် သည် ။
ဒီလို ဖြစ်တာကို ဓာတ်ခွဲပညာရှင်တွေ အောက်ပါ အတိုင်း မှတ်ချက် ချကြသည် ။
“ သရက်ပင် ခုလို ခံစား နေရတဲ့ ဝေဒနာတွေ ဟာ လူတွေ ရဲ့ ဆင်းရဲ မွဲတေမှု ၊ စည်းကမ်းမဲ့မှု တွေ ကြောင့်ပဲ ပေါ့ ”
အသီး ကို တောင် စုံလင်အောင် မသီးရ သေး မီ ဇာတ်သိမ်း သွားတတ် သော သီးကင်းကလေးတွေ ကို ကြည့်လျက် ၊ လူတွေ အမျိုးမျိုး မှတ်ချက် ချ တတ်သည့် ကြားထဲ က ထင်ရှားသည့် မှတ်ချက် တစ်ခု ။
“ ဟေ့ ... ဟောဒီ သရက်ပင် ပေါ် က သရက်သီးမှည့် တစ်လုံး ရ ရင် ငွေငါးရာ ပေး မယ် ဟေ့ ”
ဓာတ်ခွဲမှူးများ သည် သရက်ပင် ပေါ် မော့ ကြည့် လိုက်ပြီး မကျေနပ် သလို ၊ စာနာသလို အရိပ်အရောင်များ သူတို့ ၏ မျက်လုံးနှင့် နှုတ်ခမ်း စပ် မှာ ဖြတ် ပြေး သွားသည် ။ ဘာပဲဖြစ်ဖြစ် သူတို့ သည် ထို သရက်ပင် ကို ဒုက္ခ ရောက် နေသော အသိအကျွမ်း မိန်းမသား တစ်ဦး လို သဘောထား စဉ်းစား မိရာတွင် အသား ကျ သလောက် ဖြစ်နေပြီ ။ လင်ယောက်ျား အရက် သမား ၏ နှိပ်စက်ခြင်း ခံရသော မိန်းမသား တစ်ဦး ပမာ စာနာ မိခဲ့ကြသည် ။
သို့သော် အနေအထား သည် လူတွေ ၏ စာနာ ထောက်ထားမှု များ နှင့် ထိုက်တန် လိုက်ဖက်အောင် နေထိုင်ခြင်းမျိုး မရှိ ။ တမြန် နှစ် ထက် မနှစ် က ပို ဆိုး လာသည် ။ ဓာတ်ခွဲမှူးတွေ ရုံး ပြန်ချိန် ညနေ ၄ နာရီ အထိ လက်သန်းခေါင်း လောက် ရှိသည့် သရက်ကင်းလေးများ တိုးလိုး တွဲလောင်း ပြွတ်ခဲ နေ သေးသည် ။ အကြီးဆုံး မှာ လက်မ လောက် ရှိမည့် သရက်သီး များ က အနည်းစု ၊ ဆယ်ဘက် ရာဘက် ။ တချို့ အပွင့်များ သည် ပင် ဘဝ မပြောင်းသေး ။ နောက် တစ်နေ့ နံနက် တွင် သီးကင်းများ ဘာမှ မရှိတော့ ။
“ ဟယ် ... သရက်သီးကင်း တွေ တစ်လုံး မှ မရှိတော့ဘူး ။ ရက်စက် လိုက်တာ ”
အမျိုးသမီး ဓာတ်ခွဲမှူး တစ်ဦး က အထိတ်တလန့် ပြော သောအခါ ကျန် ဓာတ်ခွဲမှူး ယောက်ျား ၊ မိန်းမ အားလုံး မော့ ကြည့်လိုက်ပြီး ခဏ အကြာ တွင် အောက်သို့ ငုံ့ ကြည့် လိုက်ကြသည် ။ သရက်ပင် အောက် တွင် သစ်စိမ်း အကျိုးအပဲ့များ ၊ ရွက်စိမ်း အကြွေများ ၊ ဖူးတံ အပိုင်းအစများ ၊ သရက်ပွင့် အစအနများ ပြန့်ကျဲ နေခြင်း နှင့် သရက်ပင် ပေါ် တွင် သရက် သီး တွေ အခိုး ခံ လိုက်ရခြင်း တို့ မှာ အကျိုး နှင့် အကြောင်းများ ဖြစ်လျက် ၊ သက်သေခံ ပစ္စည်းများ လိုပင် ယူဆ တွေးတော စရာပင် ။ သို့မဟုတ် လက်ပူးလက်ကြပ် ဖြစ်နေပြီပေါ့ လို့လည်း ပြောနိုင်သည် ။
“ တောက် ... သရက်သီး မှည့် ဖို့ ကို မပြောနဲ့ ၊ အစေ့ရှက် ဖို့ ၊ အရင့် မှန် ဖို့ အထိ တောင် မလွယ်ပါဘူး ။ လူတွေ လည်း စည်းကမ်း မဲ့ လိုက်ကြ တာ ။ ဒီ အနားအပါး က တာဝန် ရှိ ၊ သြဇာ ရှိတဲ့ လူတွေ ကလည်း အစီအမံ ညံ့ဖျင်းလိုက်တာ ”
သွေး အဖြေ လာ တောင်းသည့် လူနာ တစ်ယောက် ၊ တက်ခေါက် လျက် မှတ်ချက် ချဖူးသည် ။ စာရေးခန်း မှ စာရေးကြီး ကတော့ ဒီ ရောဂါရှာဖွေ လေ့လာရေးဌာန တွင် လုပ်သက် အရင့်ဆုံး ဖြစ်သည် ။ သူ က သူ့ အတွေ့ အကြုံတွေ ကို ပြောပြသည် ။
“ လွန်ခဲ့တဲ့ ၁၀ နှစ် တုန်း က ရွက်ပုန်းသီး တစ်လုံး တိတ်တိတ်ပုန်း မှည့်ပြီး ကြွေ ကျဖူးတယ်လို့ ငါ့ တပည့် တစ်ယောက် က ပြောတယ် ”
စာရေးကြီး ကို ကျန်သည့် လူတွေ က သူတို့ နားထင် အထက် ကို လက်ညှိုး ဖြင့် ထောက်လျက် လက်ခါ ပြ နေသည် ။ စိတ် မမှန်သူ ကို လုပ် ပြသော သင်္ကေတ ။
ဒီ သရက်ပင် အနိုင်ကျင့် ခံရပြီး တစ်ပတ် ၊ ရှစ်ရက် လောက် ကြာ လျှင် ထူးထူးဆန်းဆန်းပင် ရွက်နုများ အထောင်အသောင်း ချီ ကာ ဖူး သစ်ဝေ လာ ပြန်သည် ။ သို့သော် ဒီ တစ်ခါ ပွင့်ဖူး မဟုတ် ။ ရွက်ဖူးများ ၊ ဖက်ရွက်နုများ ၊ ပုရစ်ဖူးများ ။ မကြာမီ ထို ပုရစ်ဖူးလေးများ သည် အစိမ်းရောင်ကျကျ နှင့် ပြွတ်သိပ်ခဲကာ ရှည်မျောမျော မြသွေးသရက်ရွက်များ သည် မိုးယံဝ နှင့် နေမင်းဆီ အလုအယက် တက် နေကြသည့် ပုံသဏ္ဌာန် ။ အရွက်များ သည် တက်ကြွစွာ ပင် အပေါ် ကို ထောင် နေ ကြသည် ။ နောက် တစ်နှစ် အတွက် အားမလျှော့ ဘဲ ထပ်မံ မွေးဖွားရန် ပြင်ဆင် နေသော သရက်ပင် ။ စိတ်ကောင်း ရှိသော သရက်မ ... လို့ ပင် တင်စား ခေါ်ဖို့ ကောင်းသည် ။ သို့မဟုတ် သူတော်စင် သရက်မ ။
တစ်နေ့တော့ ဒီ သရက်ပင် ကို ရုပ်လုံး ပေါ်လာသည် အထိ တစ်ယောက် တစ်မျိုး ဝင် ဝင် ပြောနေချိန် တွင် ဧည့်သည် မိန်းမ တစ်ယောက် လည်း ရှိ နေသည် ။ သူမ ၏ ရှေ့မှောက် ၌ ဖြစ်နေသည် ။ စောစောက ကျွန်တော် တို့ ဌာန မှ ထို မိန်းမ ၏ မိတ်ဆွေ ဒေါ်မိမိခင် ( လက်ထောက်ဓာတ်ခွဲ မှူး ) က မိတ်ဆက် ပေး သဖြင့် သူမ နာမည် ဒေါ်စိန်ရီ ဖြစ်ကြောင်း သိရ သည် ။
ဒေါ်စိန်ရီ သည် သရက်ပင် အတ္ထုပ္ပတ္တိ ကို သရက်ပင် ယပ်လှဲတရား ပမာ သဘောထား သလား မသိ ။ သံဝေဂ မျက်နှာ အသွင်အပြင် အနေ အထား ဖြင့် သရက်ပင် ကို စာစာနာနာ ငေးကြည့် နေရာ မှ မျက်ရည်တစ် ပေါက် သည် သူမ ၏ သွယ်လျလျ ပါးပြင်ပေါ် မှ စီးဆင်း လိမ့်ကျ သွားသည် ကို ကျွန်တော် တွေ့လိုက် ရသည် ။ ကျွန်တော် တွေ့မြင် သိရှိသွား သည် ကို အမျိုးသမီး ရိပ် မိ သွားသောအခါ စိတ် ထဲ ကျဉ်းကျပ်သွားသည့် လက္ခဏာရေးများ ရိုးတိုးရိပ်တိပ် တွေ့ရသည် ။
“ ကိုယ် ပြန်မယ် မိမိခင် ”
ဒေါ်စိန်ရီ သည် ပလတ်စတစ် ခြင်းတောင်း ကို ဆွဲ ယူပြီး ထွက် သွား တော့ ဒေါ်မိမိခင် က ကားဂိတ် သို့ လိုက် ပို့သည် ။
“ နေဦး ၊ ငါ လိုက်ပို့မယ် ”
မိနစ်နှစ်ဆယ် ၊ နာရီဝက် မျှ အကြာ တွင် ဒေါ်မိမိခင် ပြန် ရောက် လာသည် ။
“ အဲဒီ အမျိုးသမီး နဲ့ ခင်ဗျား နဲ့ တော်တော် ခင်လား ”
“ ကျောင်းနေဖက် သူငယ်ချင်း ပဲ ။ ဘာဖြစ်လို့လဲ ”
“ တော်တော့် ကို စိတ် ထိခိုက် လွယ်တာပဲ ။ သရက်ပင် ရဲ့ အတ္ထုပ္ပတ္တိ ကို ကြား တာ နဲ့ မျက်ရည် ကျတယ်လေ ”
“ သူ့ ဘဝ နဲ့ သရက်ပင် ဘဝ တို့ တူလွန်း လို့ ဆိုပြီး သူ စိတ် ထိခိုက် သွားတယ် ။ သူ့ မှာ သမီး နှစ်ယောက် ၊ သား နှစ်ယောက် ရှိတယ် ။ သူ့ ကလေးတွေ ရဲ့ အနာဂတ် ကို သူတို့ လင်မယား အတော့် ကို မျှော်လင့်ထား ခဲ့ကြတာ ။ သူ့ ယောက်ျား က ကား အပို ပစ္စည်းတွေ ရောင်းတယ် ။ တခြား ကြုံ တဲ့ စီးပွားရေး လည်း လုပ် တာပဲ ။ ပွဲစား လို ဟာမျိုးပေါ့ ။ ဒီလိုနဲ့ သူတို့ ချောင်ချောင်လည်လည် ဖြစ် လာတယ် ။ သူတို့ ကလေးတွေ ကို သူတို့ ပညာတတ်တွေ ဖြစ်စေချင်တာ လွန်ရော ။ တစ်နေ့ တစ်နေ့ သူတို့ အတွေး ထဲ မှာ သားသမီးတွေ ကို အရာရှိကြီးတွေ ဖြစ် လာ အောင် ၊ ဆရာဝန်ကြီး တွေ ဖြစ် လာအောင် ၊ တက္ကသိုလ် ပညာတတ်ကြီးတွေ ဖြစ် လာအောင် ဘယ်လို လုပ် ရမလဲ ဆိုတဲ့ အတွေးတွေ က လွှမ်းမိုး နေတာပဲ ။ သိတယ် မဟုတ်လား ။ ကျူရှင် ဆိုလည်း အကောင်းဆုံး ကျူရှင်တွေ ပေးတယ် ။ မုန့်ဖိုး ဆိုလည်း တောင်း သလောက် ပေး တာပဲ ။ ဒီ ကြားထဲ တစ်နေ့ တော့ ဘယ်လို မှ မျှော်မှန်း မထားတဲ့ အဖြစ်ဆိုး နဲ့ ကြုံ ရတယ် ”
“ ဘာလဲ သား တစ်ယောက် ယောက် နံပါတ်ဖိုး ချ တာလား ”
“ မဟုတ်ဘူး ။ အား အထားရဆုံး ၊ အားလုံး က ဆရာဝန် ဖြစ်မယ်လို့ တွက် ထားတဲ့ ၊ ရယ်သံ သဲ့သဲ့ တောင် မကြားရတဲ့ သမီး အကြီးမ ခိုးရာ လိုက် သွားတယ် ။ ဒီတုန်းက အဲဒီ ကလေးမ ဟာ အသက် ၁၆ နှစ် တောင် မပြည့် သေးဘူး ။ မစိန်ရီ ဟာ သူ့ ကလေး ကို နှမြောတာ က တစ်ဖက် ၊ ရပ်ကွက် ထဲ မှာ အရှက် ရတာ တစ်ဖက် နဲ့ အတော့် ကို ယူကျုံး မရ ဖြစ် ခဲ့ရတယ်ပေါ့ ။ သူတို့ လင်မယား နှစ်ယောက် ဟာ သုံးလေး ည မအိပ်ဘဲ ခြံတံခါး ဝ ကိုပဲ စိုက် ကြည့် နေ မိတယ်ပေါ့ ။ ဒီ ခြံတံခါး ဝ ကနေ သူ့ သမီး အကြီးမ ၊ အလိမ္မာဆုံးလေး ဝင် လာ မလား ဆိုတဲ့ ခံစားချက် နဲ့ မျက်ခြည် မပြတ် ကြည့် နေမိ တာ ရူး မတတ်ပါပဲ တဲ့ ။ ပထမဆုံး ည မှာ ည ၁၂ နာရီ ကျော် အထိ ခြံတံခါး ဝ ကို စိုက် ကြည့် ရတာ စိတ္တဇ သိပ် ဆန်တာပဲ တဲ့ ။ ခြံတံခါး ဟာ ကိုယ့် အိမ်ရဲ့ ခြံတံခါး မဟုတ်ဘူး ။ အိမ်ရှေ့ အိမ် ရဲ့ ခြံ တံခါး တဲ့ ။ ဒါပေမဲ့ အဲဒီ ခြံတံခါး ဟာ တစ်ခု တည်း သော အဝင်အထွက် လုပ်ရာ ခြံ တံခါး ။ လရောင်မှိန်မှိန် အောက် က အိမ် ထဲ ကနေ အတော်ကလေး လှမ်းတဲ့ ဒီ တံခါး ကိုပဲ စောင့်ကြည့် နေရတာ သိပ် ဝမ်းနည်းစရာ ကောင်းတာပဲ တဲ့ ။ သိပ် လွမ်းစရာ ကောင်း တာပဲ တဲ့ ။ တစ်ခါတလေ ခွေး တစ်ကောင် တံခါး ကို တိုးလို့ ပွင့်တဲ့အခါ အံ့သြလွန်း လို့ “ ဟာ ” ခနဲ ရင်ဖို သွားတတ်တယ် တဲ့ ။ တစ်ခါတလေ အမှန် တကယ် ဘာမှ မရှိဘဲ နဲ့ တံခါး နား မှာ လူ တစ်ယောက် ယောက် လာ ရပ် နေ သလို ခံစားရပြီး အသံတွေ ကို လည်း မမြည်ဘဲ နဲ့ ကို ကြား နေရ သလို လိုပေါ့ ။ ဒီလိုနဲ့ ည ၁၂ နာရီ ကျော် တော့ ငါ့ သမီး ဘဝ ပျက်ပြီ ဆိုပြီး ချုံးပွဲချ ငိုပြီး ရှိုက် လိုက် မှ ရင် ထဲ ပေါ့ သွားသလို လို ရှိပေမဲ့ ခဏ ပဲ တဲ့ ”
“ ကျွန်တော် ရိပ်မိပြီ ဒေါ်မိမိခင် ။ ဒီ မိန်းမ ရဲ့ ဘဝ ဟာ သရက်ပင် ရဲ့ ဘဝ လိုပဲ ၊ ကိုယ့် သားသမီးတွေ ကို ဝ အောင် တောင် မချစ်လိုက် ရ ဘဲ ဆုံးရှုံး လက်လွှတ် လိုက်ရတာ ချင်း တူ လို့ စောစောက မျက်ရည် ကျ သွားတာ
ဖြစ်မယ် ”
“ အဲဒီ တစ်ယောက် တည်း မဟုတ်ဘူး ။ ကျန်တဲ့ ကလေးတွေ နှစ် ယောက် ဒီလိုပဲ စောစောစီးစီး ဘဝ ပျက် သွားကြလို့ မစိန်ရီ ဟာ နောက်ဆုံး ကျန်တဲ့ သူ့ သားငယ် ကို “ သား .. မမိုက်နဲ့နော် ။ သား ဟာ တစ်သက်လုံး အရှက် ကွဲ ခဲ့တဲ့ မေမေ တို့ ဘဝ ကို ကယ်တင်မယ့် တစ်ဦးတည်း သော လူ ကလေး လို့ မေမေ ထင်တယ် ။ မေမေ တို့ မျိုးရိုး ဟာ ပရမ်းပတာ မဟုတ် ဘူး ဆိုတာ ဒီ ကမ္ဘာ ပေါ် မှာ သား က လွဲလို့ ဘယ်သူမှ သက်သေ မပြနိုင်တော့ဘူး ။ တကယ်လို့ သား ကပါ မမတွေ လုပ်တဲ့ အတိုင်း လုပ် သွားမယ် ဆိုရင် မေမေ ဒီ ရပ်ကွက် ထဲ မှာ မနေရဲတော့ဘူး ။ ဒါကြောင့်မို့ ကိုယ် မွေးတဲ့ သား ဆိုပေမဲ့ မေမေ တောင်းပန်စကား ပြော နေတာပေါ့ ” လို့ သားလေး ကို မစိန်ရီ က ချော့မော့ တောင်းပန် ထား ရတယ် ”
“ အဲဒီ ကောင်လေး ကကော လိမ္မာတယ် မဟုတ်လား ”
“ နံပါတ်ဖိုး ချလို့ ထောင် ကျသွားပြီ ”
“ ဗျာ ..”
ကျွန်တော် သည် ဒေါ်စိန်ရီ မျက်ရည် ကျခြင်း မြင်ကွင်း ကို ယခုမှ ဆက်စပ် ခံစား၍ ပီပြင်လာသည် ။ မိဘ ချင်း စာနာ စွာ ပူဆွေးမိသည် ။
“ သူ့ ကလေးတွေ ကို ချစ်လို့ မဝသေးခင် မှာ ပဲ ကလေးအားလုံး က သူ့ နား မှာ တစ်ယောက် မှ မရှိတော့ဘူး ။ ဒီ သရက်ပင် လိုပေါ့ ”
သရက်ပင်ပေါ် ပြိုင်တူ မော့ ကြည့် လိုက်မိသည် ။ ယခုတလော မှာ ကျွန်တော် သည် ဒေါ်စိန်ရီ ဇာတ်လမ်း ကို စွဲ နေ မိသည် ။ အထူးသဖြင့် သရက်ပင် ကို တွေ့သော အခါများ၌ သတိ မရဘဲ မနေနိုင်ပေ ။ စိတ္တဇဆန် ဆန်ပင် တစ်ခါတစ်ရံ သရက်ပင် ကို ဒေါ်စိန်ရီ လို့ ပင် ထင်နေမိသည် ။ ဒီလိုနှင့် ရုံးပိတ်ပြီး ပြန် တက်ရသော တနင်္လာနေ့ တစ်နေ့ မှာ ဆေးရုံဝင်း ထဲ ကျွန်တော် လျှောက် လှမ်းလာစဉ် အဖြစ်အပျက်တစ်ခု ကို အသေအချာ တွေ့လိုက်ရာတွင် အံ့သြလွန်းသောကြောင့် ခြေလှမ်းများ ပင် ရပ်တန့် သွားသည် ။
သရက်ပင် မရှိတော့ ။ ရင်ထဲ မွန်းကျပ် သွားသည် ။ မှောင်ရိပ် ထိုး ပြီး အမြင် ရှုပ် နေသော ကြောင့် ခုတ် လိုက် သည် ဆို၏ ။ ခုနေအခါ လူနာအဆောင် ၁၉ - ၂ဝ နှင့် အရန် ဆေးဘက် ပညာသင်ကျောင်း ကြား မှ အထင်ကရ သရက်ပင် မရှိ တော့ ။ နောင် နှစ်တွင် စည်းကမ်းမဲ့ခြင်း ၊ ဆင်းရဲခြင်းတို့ ၏ ဒဏ် ကို ခံရ တော့မည် မဟုတ် ။ ကျွန်တော်တို့ သည် ပျင်း လျှင် သရက်ပင် ကို ကြည့် ရသည် ။ သရက်ပင် ပေါ် မှာ ခိုနား နေသည့် ဆက်ရက်ငှက် ၊ သပိတ်လွယ် ငှက်များ နှင့် လိပ်ပြာလေးများ ကို ငေးမော ကြည့်ရှုရသည် ။ နွေဦးရောက်
လျှင် ဥသြငှက်များ နားခို တွန်ကျူး တေး ဆို တတ်သည် ။ ယခုတော့ ဘာမှ မရှိတော့ပြီ ။ ပြောင်စပ်စပ်နှင့် အလင်းရောင်တွေ များနေပြီး ကဗျာမဆန် တော့ သလို ဖြစ် သွားသည် ။ ဒီလိုနှင့် တစ်နေ့ ကျတော့ ကျွန်တော်တို့ အခန်း ထဲ မှ လက်ထောက် ဓာတ်ခွဲခန်းမှူး မိမိခင် သည် ကျွန်တော် အလုပ် လုပ် သည့် ခုံတန်း ဘက် လျှောက် လာသည် ။ သူမ သည် ကျွန်တော့် အနား မှာ ရပ် နေသည် ။ သူ့ မျက်နှာ က ကျွန်တော့် ကို ကိစ္စ တစ်ခုခုအတွက် မှာ စရာ ၊ သတိပေး စရာ ရှိနေသည့် ပုံစံမျိုး ။ ကျွန်တော် သည် သူမ စကား ကြောင့် တုန်လှုပ် သွားမိသည် ။
“ တနင်္ဂနွေနေ့ က ဒေါ်စိန်ရီ ဆို တဲ့ အမျိုးသမီး ဆုံး သွားပြီ ”
◾မောင်ညိုပြာ
📖 ရုပ်ရှင်တေးကဗျာ မဂ္ဂဇင်း
စက်တင်ဘာ ၊ ၁၉၉၃
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment