Thursday, April 20, 2023

ကံကောင်းပါရစေ


 

❝ ကံကောင်းပါရစေ ❞

“ ထမင်း မဆာသေးဘူးလား ”

အလုပ်တွေ ကို ခေါင်း မဖော် တမ်း သိမ်းကျုံး လုပ်နေသည့် ချစ်စဖွယ် သူငယ်ချင်းမလေး ကို လှမ်း မေး လိုက်သည် ။ နေ့လယ် တစ်နာရီ ထိုးတော့မည် မို့ အခု ချိန် မှ ထမင်း မစား လျှင် ( ၂ ) နာရီ ဆေးထိုး အချိန် နှင့် ဆက် သွား ကာ နေ့လယ်စာ လွတ် ဖို့ များသည် ။

“ နင် ဆာရင် သွား စားနှင့် ဇင်သူ ရေ ၊ ငါ အပ်တွေ ပြုတ် ပြီး မှ လိုက်ခဲ့မယ် ”

အတူတူ စားချင်လို့ တမင် ခေါ်တာပဲ ။ စောင့်ရ မှာ ပေါ့ ။

“ ပြီးအောင်သာ မြန်မြန်လုပ် ၊ ငါ ထိုင်စောင့် နေမယ် ”

အနီး က ထိုင်ခုံ တွင် ဝင် ထိုင်ရင်း သူမ ၏ လှုပ်ရှားမှုများ ကို ငေးကြည့် နေမိသည် ။ အရမ်း ချောသည် ဟု မဆိုနိုင် သော်လည်း သိပ်ချစ်စရာ ကောင်းသည့် ကောင်မလေး ။ ဆေးတက္ကသိုလ် ပထမနှစ် တွင် နာမည် အက္ခရာ အတိုင်း ခုံနံပါတ် စီ သည့် အချိန် မှ စတင်၍ ခုံနံပါတ်ချင်း ကပ်လျက် ဖြစ်ခဲ့သည် မို့ ဇလပ်ဖြူ ဆိုသည့် သူမလေး နှင့် ခင်မင်ခွင့် ရခဲ့သည် ။ အိုက်တင် မများဘဲ စကား ကို ပွင့်ပွင့်လင်းလင်း ပြောတတ်ရုံ သာ မက ၊ နောက်တတ် ပြောင်တတ် သဖြင့် အခြား သူများ ထက် ပို ကာ ရင်းနှီး ခဲ့သည် ။ ခင်မင်မှု သက်တမ်း ကြာရှည်လာသည် နှင့် အမျှ ရိုးသားစွာ ခင်မင်ခဲ့သော သူ့ စိတ် တွေ အရောင် ပြောင်း လာ ခဲ့သည် ။ အလုပ်သင် ဆရာဝန်တွေ ဖြစ်ကြ တော့ လည်း ဆရာဝန် ပီသသည့် သူမ ၏ စေတနာများ ၊ လုပ်ရပ်များ ကြောင့် ပိုမိုကာ ချစ် လာ မိသည် ။ ဖွင့်ပြောမည် ဟု အကြိမ်ပေါင်း များစွာ စဉ်းစားခဲ့ သော်လည်း သူမ ရှေ့ ရောက်လျှင် စကားလုံးတွေ ဘယ်လို ပျောက်ကွယ် သွားသည် မသိ ။ ဒီလို ခင်မင်ရင်းနှီးစွာ နေရသည့် သူငယ်ချင်း ဘဝလေး ပျက် သွားမှာ ကို တစ်ဖက် က စိုးရိမ်မိ သလို ၊ တစ်ဖက် က လည်း သူမ လည်း သူ့ အပေါ် တွင် သူ့ လို ပင် သံယောဇဉ် ရှိလိမ့်မည် ဟု ယုံကြည်နေမိ ပြန်သည် ။

သူတို့ နှစ်ယောက် စလုံး ကလေးဆေးရုံကြီး တွင် အလုပ်သင် ဆရာဝန် အဖြစ် အတူတူ စတင် တာဝန်ကျ သော်လည်း လူနာဆောင် ချင်း က တော့ မတူပါ ။ သို့သော် ဂျူတီချိန် တူ တိုင်း သူ က သူမ ကို ထမင်း အတူတူစား ရန် သွား ခေါ် နေကျ ။ အလုပ်သင် ဆရာဝန် တို့ ၏ ထုံးစံ အရ လှည်းကူး သို့ နှစ်ပတ်အကြာ ကွင်းဆင်း လေ့လာရန် သွား လျှင်လည်း အတူတူသွား ရအောင် ဒုတိယ အဖွဲ့ တွင် နှစ်ဦး စလုံး စာရင်း ပေးထား ပြီး သား ။ သူ့ စိတ် ကို ရိပ်မိ နေကြသော သူငယ်ချင်းများ က သူ နှင့် သူမ ကို မသိမသာ ရော ၊ သိသိသာသာ ပါ နောက်ပြောင် ကြသော်လည်း သူမ ကတော့ သူ နှင့် အခင်အမင် အသွားအလာ မပျက်ပါ ။ ဒါကိုပင် သူ့ အတွက် အခြေအနေ ကောင်းသည် ဟု ဆိုရမည် လား ။ ခုနေများ ဖွင့် ပြော လိုက်လျှင် သူမ ဘာ ပြောလေမလဲ ။ စိတ်ကူး အယဉ် လွန် နေစဉ် တယ်လီဖုန်းသံကြောင့် အတွေး ပျက်သွားသည် ။

ဖုန်း ကိုင်သော ဆရာမ က…

“ ကိုဇင်သူ ဆို တာ ရှိလား ”

ဟု မေးသည် ။

“ ဟုတ်ကဲ့ ... ကျွန်တော် ပါ ပဲ ”

“ ယူနစ်တူး က ဖုန်း ဆက်တယ် ၊ အခု လာခဲ့ပါတဲ့ ”

သူ့ အပြင် သူ တာဝန် ကျသည့် လူနာဆောင် ထဲ တွင် အခြား အလုပ်သင် ဆရာဝန် နှစ်ယောက် လည်း ရှိသေးသည် မို့ ဘာများ အရေးကြီးပါလိမ့် ဟု သူ စိတ်ပူ သွား မိသည် ။

“ ဇလပ် ရေ ငါ သွားတော့မယ် နော် ”

အလျင်အမြန် နှုတ်ဆက်ပြီး လှေကားထစ်များ မှ ပြေးဆင်း ခဲ့သည် ။

“ ကျွန်တော့် ကို ခေါ်တယ် ဆို ”

သူတို့ လူနာဆောင် ထဲ မှ တာဝန်ကျ ကလေးအထူးကု ဆရာဝန် က သူ့ ကို မော့ ကြည့်သည် ။

“ ဪ … မောင်ဇင်သူ လား ”

“ ဟုတ်ပါတယ် ”

“ ထိုင်ပါဦး ”

ဇဝေဇဝါ ဖြင့် သူ ဝင် ထိုင် လိုက်သည် ။ ခိုင်းဖို့ ခေါ်တာတော့ ဟုတ်ဟန် မတူ ။

“ မနေ့က သွေးလှူဘဏ် မှာ သွေး လှူခဲ့သေးလား ”

“ ဟုတ်တယ် မမ… သွေးအရေးပေါ် လိုပြီး သွေး ရှာ မရဘူးလို့ ကလေးမိဘ တစ်ယောက် က လာ ပြောတယ် ။ ကျွန်တော့် သွေး နဲ့ လည်း အမျိုးအစားချင်း တူ နေတာနဲ့ လှူ လိုက်တာ ”

“ မင်း hepatitis B ကာကွယ်ဆေး ထိုး မထားဘူးလား ”

“ မထိုးရသေးဘူး မမ ”

“ အေး … မမ လည်း စိတ် မကောင်းပါဘူး ။ အခုပဲ သွေးလှူဘဏ် က ဖုန်း ဆက်တယ် ။ မင်း ရဲ့သွေး ထဲ မှာ hepatitis B ပိုး တွေ့လို့ တဲ့ ”

“ ဗျာ ”

•••••   •••••   •••••   •••••

အသည်းရောင်အသားဝါ ဘီပိုး မိမိ ကိုယ် ထဲ မှာ ရှိနေပြီ ။

ဘယ် အချိန် က များ ဝင် သွားတာပါလိမ့် ။ အေး လေ သူ ကိုယ်တိုင် က ပေါ့ဆ ခဲ့တာပဲ ။ သူတို့ ကို ဆရာ တွေ ဆရာမတွေ က ကာကွယ်ဆေး ထိုး ဖို့ အကြိမ်ကြိမ် သတိပေး ခဲ့ကြသည် ။ သာ့ဒ်အမ်ဘီ က သင်ခဲ့ရတာတွေ ကို သတိရ လိုက်မိသည် ။ အသည်းရောင်အသားဝါဘီ ပိုး ကူးစက်ရန် ရောဂါပိုး ရှိသူ၏ သွေး ၀.၀၀၀၁ မီလီမီတာ သာ လိုအပ်သည် မို့ သွေးတစ်စက် လောက် နှင့် ပင် ကူးစက်နိုင်သည် တဲ့ ။ ကူးစက်နိုင်တဲ့ နည်းလမ်းတွေ က ရောဂါ ရှိသူ နှင့် လိင် ဆက်ဆံခြင်း ၊ နမ်းရှုတ်ခြင်း ၊ ရောဂါရှိသူ ၏ သွေး ကို သွင်းမိခြင်းတို့ အပြင် ရောဂါ ရှိသူ သုံးထားသော ဆေးထိုးအပ် မှ တစ်ဆင့် လည်း ကူးနိုင်သည် ။ မွေးကင်းစ ကလေးတွေ က တော့ အမေ က တစ်ဆင့် ကူး လာကြတာ များသည် ။

သွေးတွေ ၊ ဆေးထိုးအပ်တွေ ကို ကိုင် နေရတဲ့ ဆရာဝန်တွေ ဟာ လည်း အကူးစက်နိုင်ဆုံး သူများ စာရင်း မှာ ပါဝင်သည် ။ သူ ဘာလို့ ဒီလောက်တောင် သတိ ကင်းလွတ်စွာ နေခဲ့ မိတာလဲ ။ ကလေးတွေ ကို သွေး ဖောက်ရ အလွန် ခက်သည် ။ ရုန်းလိုက် ငိုလိုက် နှင့် မို့ လက်အိတ် ဝတ် ထားလျှင် သွေး ဖောက်လို့ အဆင် မပြေ သဖြင့် သူ တစ်ခါမှ လက်အိတ် မဝတ်ခဲ့ ။ ထို့ကြောင့် ကလေး တစ်ယောက် ကို သွေး ဖောက်တိုင်း သူ့ လက် တွင် သွေး အမြဲ ပေခဲ့သည် ။ HIV ပိုးများ ပါဝင် နေခဲ့လျှင် ဘယ်လို လုပ်မလဲ ။ အခုမှ ကိုယ် ပေါ့ဆ ခဲ့ သမျှတွေ ကို နောင်တ ရ ကာ ကြောက်ရကောင်းမှန်း သိလာတော့သည် ။

အခုတော့ အသည်းရောင်အသားဝါ ဘီပိုး က သူ့ ကိုယ် ထဲ ဝင် သွားခဲ့ပြီ ။ သူ ဘာတွေ ဖြစ်နိုင်သလဲ ။ သင်ခဲ့ရသည့် စာ များ ကို အလျင်အမြန် စဉ်းစား လိုက် မိသည် ။

အသည်းရောင် ရာ မှာ သိပ် ဆိုးလျှင် ချက်ချင်း သေနိုင်သည် ။

သိပ် မဆိုးလျှင် ကြာရှည် အသည်းရောင် ရာ မှ အသည်းခြောက် နိုင်သည် ။

ထိုမှ တစ်ဆင့် အသည်းကင်ဆာ လည်း ဖြစ်နိုင်သေးသည် ။

ကံ ကောင်းသူများ တွင် ဘာ ရောဂါလက္ခဏာ မှ မပြဘဲ တစ်သက်လုံး လူကောင်း ပကတိ အတိုင်း နေသွား ပေလိမ့်မည် ။ သို့သော် ထို သူ တို့ သည် ရောဂါပိုး သယ်ဆောင် ထား သူများ ဖြစ်ကြ သဖြင့် ထို သူ တို့ ထံ မှ တစ်ဆင့် ရောဂါ ပြန့်ပွားမည့် အန္တရာယ် ရှိသည် ။

အသည်းရောင်ခြင်း ၏ နောက်ဆက်တွဲ ပြဿနာများ ကို လည်း ခံစားရနိုင်သေးသည် ။

ခေါင်းတွေ မူးနောက် လာ ကာ ဆက် မတွေးချင်တော့ ။ သူ  ဘာ ဆက် ဖြစ်မလဲ ၊ သူ မသိချင်တော့ ။ သေချာတာ တစ်ခု က တော့ အကောင်း အတိုင်း ပြန် မဖြစ်နိုင်တော့တာပင် ။ အခု ထက် ထိ ဘာ ရောဂါလက္ခဏာ မှ မပြသေး သဖြင့် သူ ကံကောင်း နေသေးသည် ဟု ဆိုရမည် ။ သူ့ ကြောင့် ဘယ်သူမှ ဒုက္ခ မရောက်စေရ ။ သူ့ ဆီ က ဘယ်သူမှ မကူးဆက်အောင် သူ ဂရုစိုက်မည် ။ သူ သိပ် ချစ်တဲ့ ကောင်မလေး ကို လည်း ဖွင့် မပြောတော့ ၊ တစ်သက်လုံး လည်း အိမ်ထောင် မပြုတော့ ဟု သူ့ ကိုယ် သူ ကတိ ပြုလိုက်မိသည် ။

•••••   •••••   •••••   •••••

အပျော်ဆုံး အချိန်တွေ ဖြစ်မည်ဟု မျှော်လင့်ထားမိခဲ့ ဖူးသော လှည်းကူး လေ့လာရေး ခရီး က သူ့ အတွက် တော့ စိတ် အပင်ပန်းဆုံး ကာလများ ဖြစ်ခဲ့သည် ။ ဆေးရုံ မှာ ဇလပ်ဖြူ ကို ရှောင်ရတာ လွယ်ကူသော် လည်း အလုပ်သင် ဆရာဝန် ( ၁၆ ) ယောက် သာ ပါသော လှည်းကူး ခရီး မှာ တော့ မလွယ်ကူလှပါ ။

အားလပ်ချိန် တွင် အများက အတူတူ စကားပြောကြ ၊ ကစားကြ ၊ အပြင်သွား လည်ကြ သော်လည်း သူ က တော့ အခန်း ထဲ တွင် သာ အောင်းနေမိသည် ။

ကျမ်းမာရေး စစ်တမ်း ကောက်ရန် ရွာ ထဲ သို့ ဆင်းရသည့် နေ့ က မိန်းကလေး သူငယ်ချင်း တစ်ဦး က သူတို့ နှစ်ဦး ကို ကြည့်ကာ

“ နင် တို့ စိတ်ကောက် နေကြတာလား ”

ဟု မေးသည် ။

အမြဲလိုလို တတွဲတွဲ ရှိနေခဲ့သည့် သူတို့ နှစ်ဦး အနေ စိမ်း နေသည် ကို အခြားသူများ သတိထား မိကြပေမည် ။ ဇလပ်ဖြူ က ….

“ အလကားပါ ၊ ဒီကောင် ငါ့ ဆီ က ပိုက်ဆံ ချေးပြီး ပြန် မပေးချင်တာ နဲ့ ရှောင်နေတာ ” တဲ့ ။

သူမ စကား ကြောင့် တစ်ဖွဲ့လုံး ဝိုင်း ရယ်ကြကာ သူ ပင် ပြုံးမိ သွားသည် ။ သည် ကောင်မလေး လို တင်း ထားနိုင်သည့် စွမ်းအား သူ့ မှာ လုံးဝ မရှိပါလား ဟု သတိထား မိ လိုက်သည် ။

အရင်လို ခေါ်ခေါ် ပြောပြော ပြန် နေ ပြန် တော့လည်း သံယောဇဉ်ကြိုး တွေ ထပ်မံ ရစ်ပတ်ကာ သူ့ မှာ သာ စိတ် ဒုက္ခတွေ ရောက်ရသည် ။ သူမ က တော့ ဘာမှ သိဟန် မတူ ။ အမြဲ ချိုသာ ဖော်ရွေသည့် ဖြူစင်လှသည့် ကောင်မလေး ။ တကယ်တမ်း လက်လွှတ် ဆုံးရှုံးရ မှာ ကို ကြောက်ရွံ့ ထိတ်လန့် လာပြန်သည် ။

မဖြစ်နိုင်တော့တဲ့ အတူတူ တတ်နိုင် သမျှ အဝေး မှာ နေတာပဲ ကောင်းလိမ့်မယ် ထင်တယ် သူငယ်ချင်းလေး ရယ် ။

•••••   •••••   •••••   •••••

ဒုတိယ တာဝန်ကျသည် က သားဖွားမီးယပ်ဌာန ။ သူမ က ဗဟိုအမျိုးသမီးဆေးရုံကြီး တွင် တာဝန် ကျသည် ။ သူ ကတော့ တစ်ခါမှ ရင်းရင်းနှီးနှီး မရှိခဲ့သည့် သူများနှင့် တွဲကာ အရှေ့ပိုင်းဆေးရုံ သို့ တောင်း ကာ ယူလိုက်သည် ။

၃ လ ခန့် စိတ် သက်သာရာ ရလည်း မနည်း ဟု ယူဆ ကာ ဗဟိုအမျိုးသမီးဆေးရုံ ကို ခြေဦး မလှည့်ဖြစ် ရန် စိတ် တင်း ထားရသည် ။ တကယ်တမ်း အဝေး မှာ နေ မှ ပို လွမ်းကာ ၊ ပိုပြီး ဝေဒနာတွေ တိုး လာ ရသည် ။

တစ်ရက်တော့ သူမ က သူငယ်ချင်းများ နှင့် အတူ သူ ရှိရာ အရှေ့ပိုင်းဆေးရုံ သို့ ရောက်လာ ခဲ့သည် ။ တစ်ယောက် တည်း စိတ်တွေ ရှုပ်ထွေး ကာ မျက်နှာ ထား ရ ခက် နေသော သူ့ ကို သူမ က နောက် ဖြစ်အောင် နောက် သွား သေးသည် ။

“ အကြွေး မဆပ်နိုင်လည်း ပြန် မတောင်းပါဘူး ၊ သိပ် ကြောက် မနေပါနဲ့ ” တဲ့ လေ ။

တတိယ တာဝန်ကျသည် က ခွဲစိတ်ကုပညာဌာန ။ သူ က လက်ရှိ အဖွဲ့ နှင့် ပင် တွဲကာ အရှေ့ပိုင်းဆေးရုံ ခွဲစိတ်ဆောင် သို့ ဆက် ယူ လိုက်သည် ။ သူမ က တော့ ဆေးရုံကြီး တွင် တာဝန်ကျ သည် ။

နောက်ဆုံး တာဝန်ကျသည့် ဆေးပညာဌာန အတွက် မဲ နှိုက်ရတော့ မှ ပဲ သူ ဒုက္ခ ရောက်တော့သည် ။ အခြား ဝါ့ဒ်များ မဲ ကျလျှင် အခြားသူ တစ်ဦး နှင့် နှစ်ဦး သဘော တူ လျှင် လဲ ခွင့် ရှိသော်လည်း လူနာဆောင် ၁ နှင့် ၂ မှ ဆရာဝန်ကြီး က လဲ ခွင့် မပြု ။ ကံ အတိုင်းပဲ ရှိပါစေ ဟု ဆိုသည် ။ သူ ကော ဇလပ်ဖြူ ပါ လူနာဆောင် ၁ နှင့် ၂ တွင် တာဝန် ကျ သည် ။

သူ စိတ်ညစ် သွား သလောက် သူငယ်ချင်းတွေ က တော့ ပြုံးစိစိ ။ သူတို့တွေ က သူ့ အကြောင်း မှ မသိကြတာ ။ သူ့ ဒုက္ခ ကို ဘယ် ကိုယ်ချင်း စာနိုင်ပါ့မလဲ ...

သူ ( ၃ ) လ တော့ စိတ်ဒုက္ခ ရောက်ရပေဦးမည် ။ နီး လျက် နှင့် ဝေး ရသည့် ဒဏ် ကို ခံစားဖူး မှ သာ သဘောပေါက် နိုင်ကြမည် ထင်သည် ။

•••••   •••••   •••••   •••••

အလျင် လိုပါသည် ဆို မှ ဆေးပုလင်း က ဖောက်လို့ မရ ။

လက်အိတ် က လည်း ဝတ်ထားသည် မို့ လုပ်ရ ကိုင်ရ တာ အား မရ ။ စိတ် မရှည် ဖြစ်လာကာ ဆေးပုလင်း ကို ချိုးချ လိုက်သည် ။

“ အား ”

ဆေးပုလင်း ထက်ပိုင်း ကျိုး ကာ အကွဲစ တစ်ခု က လက်အိတ် ကို ပါ ဖောက်ပြီး လက် ထဲ စိုက် ဝင် သွားသည် ။

“ ဟယ် …. ဇင်သူ ၊ သွေးတွေ နဲ့ နင် က အရမ်း လုပ်တာကိုး ”

သူ လက်အိတ် ကို ကမန်းကတန်း ချွတ် ကာ လက် မှ သွေးများ ကို ဆေး နေစဉ် သူမ သူ့ အနီး သို့ ရောက် လာသည် ။

“ ပြစမ်း ... ဘယ်လောက် ထိ သွားသလဲ ကြည့်ရအောင် ”

သူ့ လက် ကို လှမ်း ကိုင် လိုက် သဖြင့် သူမ လက် တွင် သွေး အနည်းငယ် ပေ သွားသည် ။

“ ဟာ ... ဇလပ် ၊ မြန်မြန် ဆေး ၊ ငါ့ မှာ hepatitis B ရှိတယ် ”

သူ့ စကား ကြောင့် သူမ လန့်သွားမည် ဟု ထင် သော်လည်း သူမ ကတော့ ခပ်အေးအေးပင် ။

“ ကိစ္စ မရှိပါဘူး ။ ငါ က စောစောစီးစီး ကာကွယ်ဆေး ထိုးထားပြီး လို့ အန်တီဘော်ဒီ တောင် ထွက် နေပြီ ”

ဒါဆို သူမ ကို မကူးနိုင်တော့ဘူးပေါ့ ။ သူ အခုမှပင် သက်ပြင်း ချ နိုင် တော့သည် ။ သူမ ဆက် မေးသည် ။

“ နေပါဦး ... နင် က ဘယ်မှာ စစ်လို့ ဘယ်တုန်းက သိရတာလဲ … သေကော သေချာရဲ့လား ”

“ ငါ ကလေးဆေးရုံ မှာ သွေးလှူတုန်း က သိ ရတာ ၊ သေချာတယ် ထင်တာပဲ ”

“ နင် က လည်း တစ်ခေါက် လောက် တော့ ပြန် စစ်ပါဦး ... တစ်ခါတလေ မှား တတ်တယ် ဆိုတာ သိသားနဲ့ ”

သူ့ စိတ်တွေ ထွေပြား ကာ ပြန် စစ်ဖို့ တစ်ခါမှ သတိ မရခဲ့ ။

“ အေး ဟုတ်တယ် ၊ ဒီ ညနေ ပဲ ငါ သွား စစ်မယ် ”

သူ ဝမ်းသာအားရ ပြောလိုက် မိသည် ။

တကယ်လို့များ အဖြေ မှား နေခဲ့တယ် ဆိုရင် ...

သူ့ ရင်ထဲ မျှော်လင့်ချက် တို့ ပြန်လည် ကာ ရှင်သန် လာသည် ။

သူ ပြော သလို မှားတာပဲ ဖြစ်ပါစေဟု သူ ဆုတောင်း နေမိသည် ။

•••••   •••••   •••••   •••••

နောက် တစ်နေ့ မနက် တွင် မြူးတူး သွက်လက်စွာ ဆေးရုံ ထဲ ဝင် လာသည့် သူ့ ကို သူမ က လှမ်း မြင်ပြီး ကော်ရစ်ဒါ တွင် ရပ် စောင့်နေသည် ။

“ ဘယ်လိုလဲ သွေး စစ်ထားတဲ့ အဖြေ ရခဲ့ပြီလား ၊ နင့် ပုံ ကြည့်တာ နဲ့ ငါ အတပ် ပြော နိုင်တယ် ။ သွေးလှူဘဏ် က မှားတာ မဟုတ်လား ၊ နင့် မှာ hepatitis B မရှိဘူး မဟုတ်လား ”

ဟု တက်ကြွစွာ မေးသည် ။

“ သွေးလှူဘဏ် က မမှားဘူး ၊ ဒါပေမဲ့ ငါ့ မှာ အန်တီဘော်ဒီ ထွက် လာပြီး အန်တီဂျင် ပျောက် သွားပြီ ၊ ငါ စီပိုး နဲ့ အိတ်ချ်အိုင်ဗီ ပါ စစ်လာခဲ့ သေးတယ် ။ အားလုံး နက်ကတစ်ဗ် ”

“ ဟယ် နင် သိပ် ကံကောင်းတာပဲ ။ ဒီလို ဘီပိုး ဝင်သွား ပြီး မှ အန်တီဘော်ဒီ ထွက် လာတာ ရှားတယ် ”

အန်တီဘော်ဒီ ထွက် လာသည့် သဘော မှာ ကာကွယ်ဆေး ထိုး သလိုပဲ ရောဂါပြီး သွားခြင်း ဖြစ်သည် ။ သို့သော် သဘာဝ က ထွက်သော အန်တီဘော်ဒီ က ကာကွယ်ဆေး ထက် ကြာကြာ ခံသည် ။

သူ့ အတွက် ဝမ်းသာ နေသော သူမ မျက်နှာလေး ကို ငေး ကြည့်ရင်း စိတ် မထိန်းနိုင်စွာ အနှစ်နှစ် အလလ က ပြောချင် နေခဲ့သော စကားတွေ ပွင့်အန်ကျ လာသည် ။

“ ငါ နင့် ကို ချစ်တယ် ”

“ အယ် … ဘာဆိုင်လို့လဲ ”

ရှက်သွေး ဖြာ သွားသည့် မျက်နှာလေး က လည်း ချစ်စရာ ။ စကားတွေ ဆက်တိုက် ပြောချ လိုက် မိသည် ။

“ ငါ နင့် ကို ဖွင့် ပြော ချင် နေတာ ကြာ လှပြီ ၊ နင် စိတ်ဆိုး မှာ စိုးလို့ မပြောဖြစ်ခဲ့ဘူး ။ ပြီးတော့ ငါ့ မှာ အသည်းရောင်ပိုး ဘီ ရှိ နေပြီလို့ သိ လိုက်ရတော့ ငါ တစ်သက်လုံး မိန်းမ မယူတော့ဘူးလို့ ဆုံးဖြတ်ပြီး နင့် ကို လည်း ဘယ်တော့ မှ ဖွင့် မပြောတော့ဘူးလို့ နေလိုက်တာ ။ ငါ အဲဒီ အချိန်တွေ မှာ ဘယ်လောက် ခံစားခဲ့ရလဲ နင် သိရဲ့လား ၊ နင် ကကော ငါ့ ကို ဘယ်လို သဘော ထားလဲ ငါ သိပါရစေ ဟာ ”

ရှက်သွေး ဖြာ နေသည့် မျက်နှာလေး ပြုံး လာကာ မျက်တောင်ရှည် အောက် မှ မျက်ဝန်းတောက်တောက်ကလေးတွေ ပြန် ပေါ်လာသည် ။

“ နင့် ကို လား ... ”

“ အင်း ”

သူ က မျှော်လင့်ချက် ကြီးစွာ နားစွင့် နေ မိသည် ။

“ အူကြောင်ကြောင် နဲ့ ငပေါ ပဲ လို့ သဘောထားတယ် ”

ရယ်မောကာ လှည့် ထွက် သွားသည့် သူမ နောက် ကို ကြောင်ငေးကာ ကျန်ရစ်ခဲ့သူ ကတော့ သူ ပင် ဖြစ်သည် ။ သိပ် ဆိုးတဲ့ ကောင်မလေး ၊ စိတ် မဆိုးသွားဘူး ဆိုတော့ သူ့ အခြေအနေ ကောင်းသည့် သဘောပေါ့ ။ တစ်သက်လုံး တွယ် လာခဲ့သည့် သံယောဇဉ်လေး ကို ထောက်ကာ ပစ်ပစ်ခါခါ တော့ မလုပ်တန်ကောင်းပါဘူး နော် ။

သည် တစ်ခါလည်း ကိုယ် ကံကောင်းပါရစေဦး ။

◾ကျွန်း

📖 လုံမလေးမဂ္ဂဇင်း
      သြဂုတ်လ ၊ ၂၀၀၁

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment