Monday, April 17, 2023

နွေအို


 ❝ နွေအို ❞


တုံးကြီး မခေါက်မီ က ပင် ရမ်းဘိုကုန်း တစ်ရွာလုံး နိုး ကြား နေလေပြီ ။ ထကြွ လှုပ်ရှား နေလေပြီ ။ 


“ ထွက်ကြဟေ့ ... ထွက်ကြ ” ဆော်ဩသံများဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်နေ လေသည် ။ 


“ ထွက်ကြဟေ့ .. ထွက်ကြ ၊ နေ မြင့်ရင် မကောင်း ဘူး ၊ နွားရော လူရော ပင်ပန်းတယ်နော် ” 


တွန်းထိုး နှိုးဆော်သံများ ကလည်း ဟိုနား တစ်ကွက် သည်နား တစ်ကွက် ကြိုးကြားကြိုးကြား ထွက် ပေါ် နေရသည် ။


“ ဟေ့ ဒီအိမ် က မထကြသေးဘူးလား ၊ အောင်မယ် သူများတွေ သုံးလေးခေါက် လောက် တောင် ရ ရော့မယ် ”


တစ်ရွာလုံး အုတ်အုတ်ကျက်ကျက် လှုပ်ရှား နေ ပါလျက် မနိုးသေးသော မလှုပ်ရှားသေးသော တစ် အိမ်တလေ မှာ လည်း ထရံ ကို ပုတ်၍ အနိုး ခံရလေ သည် ။ များသောအားဖြင့် နေ မြင့်အောင် အိပ်ချင်ကြ သူ ချည်း ဖြစ်၏ ။ ညဉ့်ဦး တွင် ဘယ်လူး ညာလှိမ့် အဝတ် တဖျပ်ဖျပ် ခတ်ရင်း အပူဒဏ် ကို လှိမ့်ခံခဲ့ကြ ရ သောကြောင့် ဖြစ်၏ ။


အောက်အရပ် အောက်ဒေသ တွင် မိုး ရွာ နေပါပြီ ။ သဲကြီးမဲကြီး ရွာချ နေပြီ ။ သို့သော် ရမ်းဘိုကုန်းရွာ ပါဝင်သော မိုးခေါင်ရေရှား ဒေသ တွင် ကား မိုး မရွာ သေး ။ တစ်ခါတစ်ခါ အောက်အရပ် ဒေသ မှ မျက်စိ လည် လမ်းမှား လာ သော မိုးကြွင်း မိုးကျန် တိမ်စိုင် တိမ်မည်းများ ရောက်၍ လာ ကား လာ ကြ ပါ၏ ။ သို့တစေ မိုးသားတိမ်ခိုင်များ သည် သည်အရပ်သား သည်ဒေသသား တို့ မိုး ကို တမော့မော့ မျှော်နေမှန်း သိလျက် နှင့် ရွာချ စရာ ရေ မကျန်တော့ သဖြင့် ဝမ်းနည်းစွာ ဖြတ်ကျော် ပျံသန်း သွားကြလေ၏ ။ သည် အခါ တစ်လောက လုံး သည် အပူတုံးကြီး နှယ် ဖြစ်နေ သည် ။ လူတွေ လည်း ‘ အိုးတုပ် ’  ထဲ ဝင်ပြီး ချွေးအောင်း သူ အလား ဖြစ်နေကြ ပေသည် ။


လယ်ပြင် တွင် ရှိသော နှမ်းပင်များ နှင့် ပျိုးပင်များ ကို ထားဘိဦး ၊ လူ အတွက် က ပို၍ အရေး ကြီးသည် ။ သောက်ရေ ၊ သုံးရေ ချိုးရေ ။ ယင်းအတွက် ရွာ ဘေး ရှိ စလင်းချောင်း ကို အားထား ရ ရာ သူ လည်း ယခု အထိ ‘ ရေဦး  ’ မပေါက် ။ ‘ စမ်း ’ သည်လည်း တစ်နေ့တခြား အပြေးအလွှား ဆုတ် နေပြီ ။ သို့ကြောင့် ရမ်းဘိုကုန်း ရွာသူရွာသားများ တုံးကြီး မခေါက် မီ က ထပြီး လှုပ်ရှား ပြင်ဆင် နေကြခြင်း ဖြစ်၏ ။


“ ဟေ့ ဒီအိမ် က ညိုမောင် တို့ ၊ အေးလှ တို့ ၊ အံမာ ဇိမ်ကျ နေ လိုက်ကြတာ မွန်းတည့် တော့မယ် ခင်ဗျား ရဲ့ ” 


ရီးဆေးရိုး သည် လူရိပ် လူယောင် မမြင်ရ ၊ နွားတွေ လည်း နွားတင်းကုပ် ထဲ တွင် ချေးအလူးလူး ရှိနေသေး သော အိမ်ဝိုင်း တစ်ဝိုင်း တွင်း ဝင် လာကာ အိမ်ရှေ့ ကြမ်းပြင် ကို တုတ် ဖြင့် ရိုက်ရင်း အော် နှိုး၏  ။


“ ရီးဆေးရိုး ရေ ကျုပ်တို့ နိုး နေပါတယ် တော် ရဲ့ ” 


အိမ်တွင်း မှ အေးလှ အသံ ထွက်လာ ငြား တံခါး ပင် မဖွင့်သေး ။


“ ဒါဖြင့်ရင် လည်း ထကြ လဟာ ။ ကန် ယက်မယ် ၊ ရေတွင်း တူးမယ် ဆိုတာ မသိကြ ဘူးလား ” 


“ သိပါသကော တော် ၊ ကိုညိုမောင် နေ မကောင်းလို့ ”


ရီးဆေးရိုး အိမ်ကြမ်းပြင် တွင် တင်ပါး လွှဲ ဝင် ထိုင်သည် ။


“ ဘာဖြစ်တာလဲ ဟ ”


“ ဓာတ် သွားတာပေါ့ တော် ”


“ ဟေ ” ခနဲ အော်ကာ ရီးဆေးရိုး ကြမ်းပြင် မှ လျှော ဆင်းမိသည် ။ ‘ ဝမ်း ’ ဟု သိသည် နှင့် ထိတ်ပြီးလန့်ပြီး ဖြစ်သွား ရသည် ။ တမင် လန့်ခြင်း ၊ တမင် ထိတ်ခြင်း မဟုတ် ။


“ ဒီလို ဆိုလည်း ကျန်းမာရေး ဆေးပေးခန်း ကို သွားလဟာ ” 


“ အိမ် မှာ ရှိတဲ့ ဆေးတော့ တိုက်ထားတာပဲ ” 


“ ဟယ် ဆေးပေးခန်း သွား တာ အကောင်းဆုံးပါ ဟာ ” 


“ နည်းနည်း စောင့်ကြည့် ဦးမယ် ရီးဆေးရိုး ၊ မသက်သာ ရင် သွား ပါ့မယ် ။ ထွန် နဲ့ နွား ယူ ချင် ယူ သွားလေ ” 


“ မယူတော့ပါဘူး ဟာ ၊ နင်တို့ ဆေးခန်း သွားချင် သွား ရအောင် ထားခဲ့မယ် ” 


ရီးဆေးရိုး မျက်စိ ထဲ တွင် သည် နွား တစ်ရှဉ်းကို ကြည့် ၍ မရ ။ နွား က နွား နှင့် မတူဘဲ ချေးသေး ပေကျံ ကာ ဝက် ဖြစ်နေသည် ။ သို့ကြောင့် နွား နှစ်ကောင် ကို ‘ ကောက်ရိုးချိုင့် ’  ထားသော ပေပင်ရိပ် သို့ ပြောင်းရွှေ့ ချည်နှောင် ထား ခဲ့သည် ။ မကောင်း သည် ကို ကောင်း အောင် ဝင်ရောက် ကူညီခြင်း ၊ မသင့်သည် ကို သင့် အောင် ဝင်ရောက် ပဲ့ပြင် ညွှန်ပြခြင်း စသည် တို့ သည် ရီးဆေးရိုး မမွေးမီ ကတည်း က ရမ်းဘိုကုန်း တွင် ထွန်း ကား နေခဲ့သော လူမှုရေး ဓလေ့ ဖြစ်ပေ၏ ။ 


ချောင်းကမ်းနဖူး မှ ကြည့် လိုက်သော အခါ ထွန် အရှဉ်း ပေါင်း နှစ်ဆယ် ကျော် လှုပ်ရှား နေပုံ မှာ ကြည်နူး အားရစရာကြီး ပါပေ ။ ထွန် အရှဉ်း နှစ်ဆယ် ကျော် တို့ သည် ကန် တူး နေကြခြင်း ဖြစ်၏ ။ တူး သည် ဆိုရငြား တူးရွင်း ၊ ငန်းပြား ၊ ပေါက်ပြား တို့ ဖြင့် ကား မတူး ။ သဲကြမ်း သော နေရာကို ရွေး ကာ ကပ်ရပ် ထား သော ထွန် ဖြင့် သဲမြေ ကို ဆွဲ ယူခြင်း ဖြစ်သည် ။ ဆင်းရဲသား မြောင်းများ ခေတ်ကောင်းစဉ် ရီးဆေးရိုး တို့ ဘိုးဘွား များ လက်ထက် က ဆည်တက်ပွဲများ တွင် မပါ မဖြစ် သော ထွန်ကပ် မှာ ယခု ကန် ယက် နေသော ထွန်မျိုး ဖြစ် ပေသည် ။ သုံးသွား ထွန် တွင် ထွန်သွား တစ်ချောင်း စီ ကို ထန်းပလပ်ပြား ဖြစ်စေ ၊ ဝါးခြမ်းပြား ဖြင့် ဖြစ်စေ တစ်ပင်ကျော် တစ်ပင်ချ နည်း အရ ယက်သော ထွန်ကပ် ကိုယ်စီ ပါသော လယ်သမားများ ကို လယ်သမား ဟု မခေါ် ။ ‘ ဒဂပ်သား ’  ထွန်ကပ်သား ဟူ၍ သာ ခေါ်ခဲ့ကြ သည် ၊ ရမ်းဘိုကုန်းရွာ နောက်ဖေး ချောင်းပြင် တွင် ထို ထွန်ကပ်သမားများ ယခု ဖွေးဖွေးလှုပ် နေကြ၏ ။ သဲမြေ ပါလာအောင် ထွန် ကို တက် စီးသူ က စီး ၊ ကိုယ့်  နွား ရုန်း နိုင်ရုံ မြေ ပါ လာလျှင် ထွန်ပေါ် မှ ဆင်းပြီး ကန် ပေါင် ပေါ် သို့ မောင်း တင် သူ က တင် ၊ ထွန်တုံး တစ် ဖက် ကို ထောင် ပြီး သဲမြေ ကို ချ သူ က ချ ။ ထွန်တုံး တစ်ဖက် ထောင် ဖြင့် ကန်တွင်း ပြန် ဆင်းလာ သူ က လာ ဖြင့် ရှုပ်ယှက်ခတ် နေ သလို ၊ ယက် ရမည့် နေရာ ကို အော်ပြော နေသံများ နွားငေါက်သံများ နှင့် နောက် ပြောင် ရယ်မောသံများ လည်း ရွှင်ညံ နေချေ၏ ။ ရီးဆေးရိုး သည် ထို လုပ်ငန်းခွင် သို့ သွားရန် လမ်း ရှာ နေသည် ။ သူ ရောက် နေသော ညိုမောင် တို့ အိမ်

နောက်ဖေး မှာ ကမ်းပါးစောက်ကြီး ဖြစ်သည် ။ ငယ်နု စဉ် က မူ သည် ကမ်းပါးစောက် လောက် ကို အပျော့စား ။ ခုန်ချ ရ မလား ၊ လျှော ဆင်း ရ မလား ။ ယခုသော် ကား စိတ် က ပျိုငယ်ချင်သည် ထား ၊ ဟောင်းဆွေးအို နေ သော ခန္ဓာကိုယ် အဆစ်အမြစ်များ က ခွင့် မပြုပြီ ။ သို့အတွက် ပြေသော နေရာ ကို ကြည့် ရသည် ။ အတက် အဆင်း လုပ် ထားသော နေရာ ရှာ ရသည် ။ စလင်း ချောင်း သည် အိမ်တိုင်း ၏ နောက်ဖေး ပေါက် ဖြစ်သလို ၊ အိမ်တိုင်း သည် လည်း မျက်နှာစာ တွင် သာ စည်းရိုး ရှိချင် ရှိမည် ။ ဘေးဘက် တွင် ‘ အရေတည် ’  သာ ရှိ သည် ။ ချောင်းဘက် တွင် ဟင်းလင်း ။ တစ်အိမ် ၏ နောက်ဖေး မှ တစ်အိမ့် နောက်ဖေး သို့ ကူးရန် မခက် ။ တစ်ဖက်အိမ် ၏ နောက်ဖေး တွင် ချောင်းဆင်း ရေခပ် လမ်း ကို မြင်ရသည် ။ ရီးဆေးရိုး ကူးလာ ပြီး မှ သူ့ သား အိမ် မှန်း သတိထား မိသည် ။ သတိထား မိအောင် ပူညံ သူ က အငယ်ဆုံးကောင် မောင်မောင်လှ ။ မောင်မောင်လှ ကိုယ် တွင် အဝတ် လုံးဝ မရှိ ။ အမှတ်မဲ့ ကြည့်သော် ဟင်္သာပြဒါး သုတ် ထားသော မှင် စာကလေး ထင် ရသည် ။ မျက်နှာ မှ ခြေချင်းဝတ် အထိ နေရာလပ် မကျန်အောင် ‘  မိတ်ပေါက် ’  နေခြင်း ဖြစ် သည် ။ ငို သောကြောင့် ယား ၊ ယား သောကြောင့် ကုတ် ၊ ကုတ် သောကြောင့် ယား ၊ ယား သောကြောင့် ငို ။ သံသရာ လည် နေသည် ။ ကုတ်လိုက်ပုံ များ မှာလည်း နိပါတ်တော် ပန်းချီကားများ ထဲ မှ မာရ်နတ်နှယ် လက် ခြောက်ဖက် ရှိဦး ၊ မိတ်ကုတ် ၍ နှံ့ပျံ့ဖွယ် မရှိ ။ မောင်မောင်လှ မနားမနေ ကုတ်ရင်း အော် နေ၏ ။ 


“ ဟကောင် လှည်း အီသလို အီ နေလိုက်တာကွာ ။ အင်း မိတ်များ က လည်း ရွှေပန်း တောင် ပေါက် သကိုး ကွ ”


မြေး ကို စေ့စေ့ ကြည့်ကာ ရီးဆေးရိုး မှတ်ချက် ချသည် ။


“ ယားတိုင်း ရေချိုး ပေး နေတာပဲ အရီး ရေ့ ” 


မလှမေ ဗိုက်ကြီး အဟဲသား ဖြင့် ထွက် လာရင်း လှမ်း ပြောသည် ။


“ ရေ ချည်း ခဏခဏ ချိုးလို့ အအေးမိ နေဦးမယ် ၊ ကရမက် လိမ်းပေး ”


မောင်မောင်လှ ဘေး တွင် မအီမသာ မျက်နှာဖြင့် ထိုင် နေသူ တစ်ယောက် ကို ဆက်ပြီး မြင်ရပြန်သည် ။ နို့ညှာကောင် ခင်မောင်ငြိမ်း ပါ ။


“ ဟိုကောင် က ကော ဟ ဘာ ဖြစ်နေတာလဲ ” 


“ အရီး ရေ သူ က ကိုယ်ပူ နေတာ ”


“ မိတ် ငုပ်ပြီ ထင် တယ်ဟေ့ ၊ ဒါဆို ဘာဆေး တိုက်လဲ ”


“ ဘာမှ မတိုက်ရသေးဘူး ”


“ လုပ်ပြီ ၊ နင်တို့ ဟာ က နေ မကောင်း ရင် တိုက်ရမှာပေါ့ ဟ ၊ မေကြည် ဘယ်သွားလဲ ၊ ဆေး မရှိရင် အိမ် သွား ယူ ၊ တိုက်ဖြစ် အောင် တိုက် လိုက်ဟေ့ ” 


“ ဟုတ်ကဲ့ ” ပြောသံ ကြား ရအောင် ရီးဆေးရိုး မစောင့် ၊ ချောင်း ထဲ ဆင်းခဲ့သည် ။ ချောင်း ထဲ တွင် ကန်ယက်သူ များ ဖြင့်သာ စည်ကားသည် မဟုတ် ။ ကောက်ညှင်းပေါင်း ၊ ဗယာကြော် ၊ အဖန်အိုး စသည့် အကမ်းအလှမ်း လာ ပို့သူ များ ဖြင့် လည်း စည်ကား နေ၏ ၊ ရွာ နှင့် ပို၍ နီး သော ဘက် တွင် လူငယ် နှစ်စု အလုပ် များ နေကြ၏ ။ တစ်စု က သုံးရေ ရေတွင်း တူး နေကြ သည် ။ သူတို့ ဘေး တွင် ဝါးချိုင့် တစ်လုံး တုံးလုံး လဲနေ၏ ။ နောက် တစ်စု ကား သောက်ရေ ‘ ချိုင့် ’  တူး နေသူများ ဖြစ်၏ ။ ရမ်းဘိုကုန်းသူများ သည် သောက်ရေ အတွက် လက်ယက်တွင်း မှ ရယူ နေကျ ဖြစ်၏ ။ စလင်းချောင်း အတွင်း စီးဆင်းသော ရေ သည် ပြာသိုလ နောက်ပိုင်း တွင် ပြတ်တောက်လေ့ ရှိရာ ထိုအချိန် မှ စ၍ လက်ယက်တွင်း များ လည်း တစ်နေ့တခြား နက်၍ နက်၍ လာ တော့၏ ။


မိုး လည်း မရွာ ၊ ချောင်းရေ လည်း မလာ သော ကဆုန် ၊ နယုန်လများ တွင် မူ လက်ယက်တွင်း သည် လေးငါးလံ အထိ နက်လာ တော့၏ ။ မှုတ်ရိုး အရှည် တစ်တောင် သာသာ ၊ နှစ်တောင် မျှ သာ ရှိသော ရေ မှုတ် ဖြင့် ထို လက်ယက်တွင်း ကို မည်သို့ ခပ် မည်နည်း ။ မည်သို့မျှ ခပ် မရ ၊ ဖင်ဘူးတောင်း ထောင် ပြီး ခပ် လျှင် လည်း လိမ့် ကျ ရ ချေရဲ့ ။ ဤအခက် အတွက် ရေတွင်း နှစ်ထပ် တူးပြီး ဖြေရှင်းသည် ။ ပထမ တွင်းကြီး တစ်တွင်း ကျယ်ကျယ် တူး သည် ။ ရေ မထွက် ။ ထို တွင်း ကြီး ထဲ တွင် တွင်းသေး တစ်တွင်း ထပ် တူးရ ပြန်သည် ။ ရေထွက် ပြီ ဖြစ်သော်ငြား နံနက် က ရေ ရသေးပါ လျက် ညနေ တွင် ရေ ခန်းပြီ ။ လက်ယက်တွင်း တူးရ လွန်း သဖြင့် ရမ်းဘိုကုန်း ရွာသူ ညိုညက်ချော တို့ လက်ထိပ် ပဲ့လှပြီ ။ ယခု ရေတွင်း တူး နေသော နှစ်စု အနက် တစ်စု မှာ လက်ယက်တွင်း အခက် ကို ဖြေရှင်း ပေးနေ ကြခြင်း ဖြစ်၏ ။ သူတို့ သည် စမ်း နှင့် တစ်ထွာ ကွာ ရောက်သည် အထိ သဲမြေ ကို ယက်ထုတ် ကြသည် ။ နှစ်လံ ပတ်လည် လေးထောင့်ကျင်းကြီး ကို ငန်းပြား ဖြင့် တူး သူ တူး ၊ ဂေါ်ပြား ဖြင့် ပက် သူ ပက် ၊ ပေါက်ပြား ဖြင့် ခုတ် သူ ခုတ် တက်ညီလက်ညီ ရှိ လှသည် ။ သည် နေရာ တွင် ကလေးတွေ လည်း ပါသည် ။ ကလေးအချို့ က ရေတွင်း ‘ ခွေ ’  သုံးခု ကို တုတ်လျှို ကာ ထမ်းလာ ကြ သည် ။ အချို့မူ “ စောင်ရန်းတိုင် ” ထမ်း သူ ထမ်း ၊ လျှော် သယ် သူ သယ် ။


“ ကဲ တူး လည်း တူးကြ ၊ စား လည်း စားကြ ၊ ကုန် လည်း မကုန်စေနဲ့ ”


မိန်းမချောလေး တစ်သိုက် လင်ပန်း ကိုယ်စီဖြင့် ရောက် လာ ကြသည် ။ ပဲလှော်ကြော်သုပ် ၊ ပဲလှော်သုပ် ၊ ပေါက်ပေါက်ဆုပ် နှင့် ရေနွေးကြမ်း ဖြစ်သည် ။ 


“ နင်တို့ တစ်တွေ သက်သောင့်သက်သာ နဲ့ ရေ ခပ် ရအောင် လုပ်နေတာ ၊ ဒါပဲလား ဟ ”


“ အမယ် မရှိ ရှိတာ လုပ်လာရတာများ မစားချင် နေပေါ့ ၊ ပြန် ယူသွားမယ် လေ ”


“ ဒီလိုတော့ မလုပ်ပါနဲ့ဗျာ ၊ စားပါ့မယ်  ”


“ မင်းတို့ဟာ က ကွာ အခု ကတည်း က ဂျင်းဒေါင်း ဂျင်းဒေါင်း နဲ့ ရှီး ”


“ ကျော်ဇင်ဦး နော် ”


မိန်းကလေး မှာ မလှမေ ၏ ညီမ မြမြသန်း ဖြစ် သည် ။ သူ နှင့် အချီအချ ဖြစ်သူ မှာ စိန်အုပ် ။ သည်နှစ် ယောက် ကို ကျော်ဇင်ဦး က ဘာလိုလို ပြော လိုက်သော အခါ မြမြသန်း နှုတ်ခမ်း စူ သွားသည် ။ လူငယ်များ တသောသော ရယ်မောရင်း ကျန်ခဲ့ကြသည် ။ စားစရာ တစ်ဇွန်း ရေနွေး တစ်မော့ စားကြ သောက်ကြ ပြီး ဆက် လုပ်သည် ။ ကလေးတွေ သယ် လာသော “ သန်းသား ” စောင်ရန်းတိုင်များ ဖြင့် ခြံ ကာသည် ။ အဝင် အထွက် တံခါး လုပ်သည် ။ ကျင်း တူးပြီး ‘ ခွေ ’ မြှုပ် သည် ။ ခွေများ ကို မြေကြီး ဖြင့် ပြုလုပ်ကာ မီးဖုတ် ထား သည် ။ ချောင်းကမ်းပါး တစ်လျှောက် နေထိုင် သော ကျေးရွာတိုင်း အသုံးပြုသော ခွေမျိုး ဖြစ်သည် ။ တွင်း နှုတ်ခမ်း ကျဉ်းကျဉ်း ၊ စောက် နက်နက် နှင့် သဲမှုန် အပါ နည်းသော သောက်ရေတွင်း အတွက် ကောင်း သည်ဟု သဘောကျ ကြ၏ ။ တစ်ယောက် တစ်လက် ဖြင့် ခြံ ကာ၍ ပြီးခါနီး တွင် ဦးသာဒွန်း ရေတွင်း အဖုံး သုံးခု နှင့် ရောက် လာသည် ။


“ အရီး အဖုံးတွေ က တော့ လူခိုး ခံ ရ မှာ သေချာတယ် ”


အောင်အေး က ထန်းအူ ဖြင့် စောင်ရန်း ချည်ရာ က ကြည့် ပြော၏ ။


“ ချီးမို့ ခိုးရမှာလားဟ ၊ ခွေးသားလေး ရ ။ ဒါ ထန်းပလပ်ပြား နဲ့ လုပ်ထားတာ ကို ” 


ထန်းလက်များ ကို အထူအပါး ညီအောင် ညှိပြီး ထန်းလက် သုံးချောင်း ပိုးကာ သံ ရိုက်ထားသော ရေ တွင်းဖုံး ဝိုင်းဝိုင်းကလေးများ မှာ အစိမ်းရောင် ကြောင့် လှပနေသည် ။ ယင်းကို ဘယ်ပြန်ညာပြန် ကြည့်ရင်း ဦးသာဒွန်း အဆဲကလေး ဖက် ကာ ပြောသည် ။ လူငယ် များ ရယ်မောကြရသည် ။


“ အရီး အဖုံး က ထန်းပလပ် ကို လိုရင်လို့ ခိုး မှာ မဟုတ်ဘူး ။ ရိုက်ထားတဲ့ သံ ကို လိုချင်လို့ ခိုးမှာ ” 


“ ဟေ ” 


ဦးသာဒွန်း တစ်ချက် ငိုင် သွားပြီးမှ ဆက်ပြော၏ ။ 


“ တတ်နိုင်ပါဘူးကွာ ၊ ကမ္မသကာ ပေါ့ ” 


ကျကျနန လုပ်ထားသော ရေတွင်းကျင်း ထဲသို့ ခွေး ဝင်ကာ အညစ်အကြေး မစွန့်ရန် ၊ တွင်းခွေများ ကို နွား ဝင် မနင်းရန် ခြံကာသည့် နည်းတူ အမှိုက် နှင့် ဖုန်များ တားဆီးရန် အဖုံး လည်း လိုအပ်၏ ။ သို့ကြောင့် ဦးသာဒွန်း ယမန်နေ့ က ပင် အသင့် လုပ်ထားခဲ့ရာ ယခု မူ စေတနာ တွန့် သွား ရ၏ ။ ပီတိ ဖြစ်ရမည့် အစား စိတ် တထင့်ထင့် နှင့် ထွက်ခွာ သွား ရ ရှာ၏ ။ ချိုးရေ တွင်း တူးနေ သူ များ ထဲ တွင် ရီးဆေးရိုး ရောက် နေသည် ။ တွင်း ထဲ သို့ ချမည့် ဝါးချိုင့် တွင် သက်ငယ် အဟောင်းတွေ ကာရံ ထားရာ ၊ လျှော်ချက်များ ကို ရီးဆေးရိုး လိုက်လံ ပြင်ဆင် နေ၏ ။


“ နေ က ထွက်မယ် မှ မကြံသေးဘူး ” 


တိုင်းထွာသံ နှင့် အတူ အနီး ရောက် လာသော ရီးသာဒွန်း ကို ရီးဆေးရိုး မော့ ကြည့်သည် ။ 


“ နေ က ထွက်မယ် မှ မကြံသေးဘူး ဝင်ခါနီး နေပြီ ပြောမလို့ မဟုတ်လား ”


“ မင့်ဖေကလွှား ဝင်ရမှာ လားကွ ။ နေ က ထွက် မယ်မှ မကြံသေးဘူး ၊ အိုက်ပြီ ပြော မလို့ ” 


“ သိပါဘူးကွာ ”


သူတို့ချင်း ကား ရွယ်တူများ ဖြစ်သည် ။ ရမ်းဘိုကုန်းရွာ ၏ သက်ကြီးဝါကြီး စာရင်း ထဲ ၌ သူတို့ နှစ် ယောက်လည်း ပါဝင်သော်ငြား ရွယ်တူ သူငယ်ချင်း ကို တွေ့ ရသော အခါ ရီးဆေးရိုး နောက်ပြောင် မိသည် ။ လွတ်လပ်ပျော်ရွှင်စွာ ရယ်မော မိသည် ။


“ ကဲ ကဲ မင်းတို့ ဆော့ နေရင် မင်းတို့ က တူးလိုက် ၊ တွင်း က ပြိုကျ လိုက်နဲ့ ဒီနေ့ ဒီ ချိုင့် ချရတော့မှာ မဟုတ်ဘူး ”


ရေတွင်း တူးသော လူငယ်များ တစ်ယောက် ကို တစ်ယောက် သဲပုပ် ဖြင့် ပက်ကစား နေကြသော ကြောင့် ရီးဆေးရိုး လှမ်း ပြော လိုက်၏ ။ သည် ချိုးရေတွင်း မှာ လည်း အရေးကြီးသည် သာ ။ ထွန် အရှဉ်း နှစ်ဆယ် ကျော် ဖြင့် ယက် နေသော ကန်သည် နွားများ အတွက် အရေးကြီး သကဲ့သို့ ၊ ယခု တူးနေဆဲ ချိုးရေတွင်း မှာ လည်း ရမ်းဘိုကုန်း ရွာသူရွာသားများ အတွက် အရေး ကြီး ပေသည် ။ မိုးတွင်းတုန်း က ချောင်းညာ မှ လက်ပံပင်ကြီး တစ်ပင် မျော ပါ လာခဲ့၏ ။ သည် အပင်ကြီး သည် ရမ်းဘိုကုန်း ခါးလယ် လောက် တွင် ရပ်တန့် နေခဲ့ရာ သည် နေရာ ၌ ဝဲကြီး ဖြစ်နေသည် ။ ချောင်းရေ နည်းပါး သွား ချိန်ဝယ် သည် ဝဲကြီး မှာ ရမ်းဘိုကုန်းရွာ ၏ ရေချိုးဆိပ်ကြီး ဖြစ်ခဲ့ရ၏ ။ ရေနက် ထဲ တွင် ရေ ငုပ်မလား ၊ လက်ပံ ကိုင်း ပေါ် မှ ဒိုင်ဗင် ထိုးချ မလား ၊ သစ်တုံး ပေါ် တွင် အဝတ် ဖွပ် မလား ၊ ကောင်းလှ၏ ။ သို့ရာတွင် လက်ပံပင် ဝဲ ထဲ သို့ ရေသစ် လည်း မဝင် ၊ ဝဲ ထဲ မှ ရေဟောင်း လည်း မထွက် နှင့် ကြာသော် ဝဲ ထဲ က ရေ သည် ပျစ်လာ ၏ ။ ချွဲလာ၏  ။ မချိုးဝံ့ကြတော့ ဝဲ ထဲ က ရေ ကို မချိုး ရဲ ချိန် မှ စ၍ ချိုးရေ ခက် လာပြီ ။ လက်ယက်တွင်း မှ ရေ ကို တစ်မှုတ်ချင်း ခပ် ၊ ခပ်ဝေးဝေး သို့ ဆုတ်ပြီး ရေချိုး ။ လက်ယက်တွင်း နား ပြန်လာ ။ ခပ် ၊ ဆုတ် ၊ ချိုး ၊ ပြန်လာ ။ ထို အခက်အခဲ ကို ယခု တူးဆဲ တွင်း က ဖြေရှင်း ပေးလိမ့်မည်  ။


“ ရွာ ထဲ မလဲ ကလေးတွေ သနားစရာ ကောင်းနေပြီကွာ ၊ မိုး က လည်း ရွာနိုင်ခဲလိုက်တာ ” 


ရီးသာဒွန်း က ရီးဆေးရိုး စကား အဆုံးတွင် ညည်းသည် ။


“ ခုပဲ ငါ့ မြေး တစ်ကောင် မိတ်ငုပ် သလို ဘာလို ဖြစ် ပြီး ကိုယ်ပူ နေပြီ ”


“ တောင်ပိုင်းက မိပေါ ရဲ့ကလေးတွေ မင်း မြင်စေ ချင်တယ် ။ ဆင်မိတ် တဲ့ ၊ အနာစိမ်းကြီးတွေ လား အောက်မေ့ ရတယ် ။ ပဲသီတာ လိုလို ရေကျောက် လိုလို က လည်း ဖြစ်ကြပါ့ဗျား ”


မိုး ကို အပြစ်တင် တော့ မှ ရီးဆေးရိုး မိုး ပေါ် မော့ ကြည့် မိသည် ။ အလျင်အမြန် ပြေးလွှား နေသော တိမ် ဖြူတို့ ဟိုတစ်ဆုပ် သည်တစ်ပွင့် ဖြန့်ကျင်း ထားသည့် မိုးပြာလွင်လွင် ။


“ လူကြီးတွေ လည်း မသက်သာပါဘူး ကွာ ။ အထက်လှန် အောက်လျှော လိုလို ရေငတ်ဝမ်းကျ လိုလို နဲ့ ” 


“ အဲဒါက လူလတ်တွေ ကွ ။ လူကြီး ဆို တာ မင်းတို့ ငါတို့ လို သေခါနီးတွေ ဟေ့ ။ နေပူ လို့ သေတယ် ဆိုတာ မင်းတို့ ငါတို့ အရွယ်တွေ ကွ ”


ရီးသာဒွန်း ထွီခနဲ တံတွေး တစ်ချက် ထွေး ကာ ရီးဆေးရိုး အား မျက်စောင်း ထိုးသည် ။ ဆဲသည် ။ 


“ နင် သာ သေ ၊ ငါ မသေဘူး ။ တော်ပြီ ၊ လမ်းတွေ့ ရင် ငါ့ ကို နှုတ်မဆက် နဲ့ အလကား ကောင် " 


ရီးဆေးရိုး တဟားဟား ရယ်မော ကာ ကျန်ရစ်သည် ။


“ သေ မှာ ကြောက်နေမယ့် အစား အသေ ကောင်း အောင် ကြိုးစားတာ က မှ အဓိပ္ပာယ် ရှိတာပါ သူငယ်ချင်း ရာ ”


သည် စကား ကို ရီးသာဒွန်း မကြားတော့ပါ ။ 


“ ဟေ့ဟေ့ သည်မှာ မပြီးသေးဘူး ။ ရေ ချိုးမယ့် သူ က ရောက်နေပြီ ။ စားစရာလေး ဘာလေး တော့ လာ ပို့မယ် မကြံဘူး ”


ထို စကားသံများ ကြောင့် ရီးဆေးရိုး အငေး ရပ် သွား၏ ။


“ အမယ်ဟယ် နင်တို့ အခု လုပ်နေတာ အများအကျိုး ကို ဆောင်ရွက်နေတယ် လို့ ငါ ထင်ခဲ့တာ ။ လက်စသတ်တော့ စားချင် သောက်ချင်လို့ လုပ် နေတာကိုး ” 


ရေချိုးရန် ရောက်လာသော မိန်းမကြီး သုံးယောက် နှင့် မိန်းမပျို နှစ်ယောက် ထဲ မှ မိန်းမကြီး တစ်ယောက် က ချက်ကျလက်ကျ နှက် လိုက်ရာ ခေါင်းဆောင်ပြီး ပြော သူ လူငယ် မှာ “ ဟာဗျာ ” ဆိုပြီး နှုတ်ပိတ် သွားလေ၏ ။  ရေတွင်း တူး ရသည် မှာ လည်း လွယ်မယောင် နှင့် မလွယ်ချေ ။ ကိုးပေခန့် ရှည်သော ချိုင့် ကို ချရန် ခုနစ်ပေ ၊ ရှစ်ပေ နက်သော တွင်း ကို တူး ရသည် ။ တူး ၍ အတော် နက် လိုက် ၊ ပြိုကျ လိုက် ၊ ဖယ်ရှားပြီး ထပ်တူး ၊ ထပ်ပြို နှင့် ကြာသော် ရေကန်အသေးလေး ဖြစ်လာ တော့ သည် ။ ထို ပက်လက်တွင်း ထဲ တွင် ဝါးချိုင့် ကို ထားပြီးမှ ဘေး မှ သဲ ပြန် ဖို့ရာ လူငယ်များ ခြေကုန်လက်ပန်း ကျတော့ မှ ပြီးစီး လေသည် ။ ထိုအခိုက် တွင် သောက် ရေ တူးသော လူစု ရောက် လာသည် ။ သူတို့ သည် ရေနွေးကြမ်းကရား နှင့် သရေစာ ပန်းကန်ပြား ကို ပါ သယ်ဆောင် လာကြရာ ဟန်ကျ သွား လေတော့သည် ။ 


“ ဘာမှ မစားရသေးတာ နဲ့ အတော်ပဲဟေ့ ” ဆိုကာ ဝိုင်းအုံ တုပ်ကြသည် တွင် ရီးဆေးရိုး လှမ်း အော်သည် ။ 


“ ကောင်လေးတွေ တွင်း နှုတ်ခမ်း ကို မောက် နေ အောင် ဖို့ မှ ပေါ့ကွ ။ ဒါမှ ချိုးပြီး သား ရေတွေ တွင်း ထဲ ပြန် မစီးမှာပေါ့ ကွ ၊ အဲဒီ ချိုးရေတွေ စီး သွားအောင်လို့ လည်း မြောင်း ဖောက်ကြဦးကွ ” 


“ ဟုတ်ကဲ့ ၊ လုပ်မှာပါ အရီး ရ ”


ဟုတ်ကဲ့ ဆိုသော်ငြား ရီးဆေးရိုး ကို လှည့် မကြည့် ။ သရေစာများ ကို အလုအယက် ငုံ့ လွေး ရင်း ပလုတ်ပလောင်း ပြော ကြသည် ။


“ ဒီ ကောင်လေးတွေ တယ်ပြီး ဖင်လေး သကိုးကွ ၊ စားတဲ့ သူ က စားကြတုန်း လုပ်တဲ့ လူ က လုပ်ရတယ် ဟ ။ နေပူ လာပြီ နော် ၊ တော်တော်ကြာ ဖိုးသာဝ နွား လို ကျော ကော့ကော့ မနေကြ နဲ့ ”


ရပ်ပြီး ပြောနေလျှင် မြောင်း မဖောက်နိုင်ဘဲ ရှိမည် ။ မြောင်း မဖောက်နိုင်လျှင် ချိုးရေတွေ တွင်း ထဲ ပြန်ဝင် မည် ။ ချိုးရေ တွေ တွင်း ထဲ ပြန် ဝင်ကုန်လျှင် လက်ပံပင် ဝဲ ထဲ ဆင်း ကူးသည် နှင့် မည်သို့ ခြားနားပါသေး သနည်း ။ ရီးဆေးရိုး ငန်းပြား တစ်ချောင်း ဆွဲ ယူသည် ။ အရိုး ၏ အဖျားတွင် တပ် ထားသော ‘ ကု,လားတက် ’  ကို ခြေ ဖြင့် နင်း လိုက်ရာ ငန်းပြား အသွား သည် သဲ ထဲ နစ် ဝင် သွား၏ ။ ငန်းပြား ကို ကော်ပြီး ပါလာသော သဲများ ကို ရေတွင်း ဘက် ပစ် လိုက်သည် ။ သုံးကော် သာ ကော် လိုက်ရသေးသည် ၊ ရီးဆေးရိုး ဟိုက် သွားတော့ ၏ ။ တော်ပါသေး၏ ။


“ ဟာ အရီး အရီး ၊ ကျုပ်တို့ လုပ်ပါ့မယ် ” ဆိုကာ လူငယ် တစ်ယောက် ပြေး လာပြီး ငန်းပြား ကို ဆွဲယူ၏ ။


ရီးဆေးရိုး သက်သာခွင့် ရသွား သော်ငြား ထွက်ပြီး သော ချွေးများ ကား မတိတ်တော့ ချေ ။ ရေကြော မှ ရေတွေ စိမ့်ထွက် သလို မပြတ် ထွက် နေလေတော့ သည် ။ မြောင်းဖော်ခြင်း ၊ မြေဖို့ခြင်း မှာ လူငယ်လေးများ ထ လုပ် လိုက်သောအခါ ဘာမျှ မကြာ ။ နောက်ရင်း ပြောင်ရင်း ဆဲရင်းဆိုရင်း နှင့် ပြီးစီး သွား၏ ။ ရီးဆေးရိုး ကမ်းပါးစောက် ပေါ် ပြန် တက်လာ ကာ ချောင်းတွင်း သို့


ပြန် ကြည့်သောအခါ လှပတင့်တယ် သော ရေချိုးဆိပ် နှင့် ရေခပ်ဆိပ် ကို မြင်ရ၏ ။ သောက်ရေတွင်း မှာ သန်းသား စောင်ရန်းတိုင်များ ကာ လျက် သေသေသပ်သပ်ကလေး ။ အလို ... ရေခပ်သူ တစ်စု ပင် ရောက်နေ ပါ ကလား ။ ယခုပင် လက်စသတ် ခဲ့သော ချိုးရေတွင်း တွင် လည်း ရေ ချိုး သူ  ၊ နွားစာ ရေ ခပ်သူများ ဖြင့် စည်ကား နေချေပြီ ။ ရေကန် တွင် မူ ထွန်နှစ်ရှဉ်း သာ ကျန် တော့သည် ။ ကျန် ထွန် အရှဉ်းများမှာ မူ တရွေ့ရွေ့ ဖြင့် ပြန် နေကြပြီ ။


သင်္ဘောမန်ကျည်းပင် ရိပ် မှ ရီးဆေးရိုး ခွာ ခဲ့ကာ နွားတင်းကုပ် ထဲ ဝင်၍ နွားစာ ထည့်သည် ။ နွား နှစ် ကောင် ကို တင်းကုပ် ထဲ သွင်းသည် ။ ထိုစဉ် တွင် လှုပ်ရ ရှားရ နှင့် ကိုယ်ထဲ လက်ထဲ က တစ်မျိုးကြီး ဖြစ် နေ သည် ဟု ခံစား ရ၏ ။


“ ကျီးဒန် ရေ .. ငါ တော့ ငန်းပြား နဲ့ သဲကလေး သုံးကလော် ကော် ခဲ့တာ အခု ကိုယ်ထဲ လက်ထဲ က နာ သလိုလို အောင့် သလိုလိုပဲ ဟေ့ ”


သည် စကား ကို မီးဖို ထဲ မှ ရီးကျီးဒန် က အသံ ယဲ့ယဲ့ ဖြင့် တုံ့ပြန်၏ ။


“ ကျုပ် က ဘာမျှ မည်မည်ရရ မလုပ်ဘဲ နဲ့ အိမ် ထဲ မှာ နေရင်း ကိုယ် ပူနေပြီ တော်ရေ ”


ရီးဆေးရိုး မအံ့ဩပါ  ၊ စိုးရိမ် စိတ် သာ ဖြစ်ပေါ် လာသည် ။ နွားတင်းကုပ် တံစက်မြိတ် အောက် မှ နေ၍ မိုး ပေါ် ကို မော့ ကြည့်၏ ။ အိုမွဲသော မန်ကျည်းရွက် များ ကြား မှ မြင်ရသော ကောင်းကင် ကား ပကတိ ကြည်စင်လျက် ။ နေ သည် အစွမ်းကုန် တောက်ပ နေ ၏ ။ အအေးဓာတ် နှင့် မျှော်လင့်ချက် ကို ပေးသော မိုး သား တိမ်တိုက် ကား ဆီးကင်း ခန့် ပင် မရှိပါ တကား ။


◾ဆင်ဖြူကျွန်းအောင်သိန်း


📖 ကိုဆေးရိုး ဝတ္ထုတို ပေါင်းချုပ် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment