Sunday, April 2, 2023

မမေ့နိုင်တဲ့ ကိုပိုင်


 

❝ မမေ့နိုင်တဲ့ ကိုပိုင် ❞

ကျွန်ုပ်တို့ ကျောက်မြောင်း ရပ်ကွက် တွင် ရှိသော လူငယ် တစ်စု သည် လမ်းဘေး တွင် ထိုင်၍ စကား ပြော နေကြလေသည် ။ ထိုအထဲ တွင် ကျွန်ုပ်တို့ ထက် အသက် အတန်ငယ် ကြီး သော “ ကိုပိုင် ”  ဆိုသည့် အညာသား တစ်ဦး လည်း ပါ၏ ။ ကျွန်ုပ်တို့ သုံးစွဲရန် ငွေ ပြတ် နေသော အခါ၌ ၎င်း ကိုပိုင် အား ...

“ ကိုပိုင်ရေ … ကျုပ်တို့ အားလုံး ဘိုင်ကျ နေပြီဗျာ ၊ ဒေါင်လေး ဘာလေး ရှင်း ရအောင် ကြံဦးဗျာ .. ” ဟု ပြော လိုက်လေ၏ ။ ဒေါင် ရှင်းရအောင် ဆိုသည် မှာ လက်ဖက်ရည် သောက် ရအောင် ဟု ပြောခြင်း ဖြစ်၏ ။

ထိုအခါ ကိုပိုင် က

“ နေဦးကွ ... ၊ အကွက် ရှာဦးမယ် ... ၊ အကွက် တွေ့ရင်တော့ ဒေါင်း တင် မကဘူး ...”

ဟု ပြော လေ၏ ။

များ မကြာမီ၌ ၎င်း ကိုပိုင် သည် ကျောက်မြောင်းဈေး ပရဆေးဆိုင် သို့ သွားကာ ကျောက်ချဉ် တစ်လုံး ဝယ် လာလေ၏ ။ ထိုသို့ ဝယ် လာပြီးလျှင် အိုးကြီး တစ်လုံး တွင် ထည့်ကာ ကျို လေတော့၏ ။ ကျောက်ချဉ်တုံးကြီး ပျော် သော အခါ၌ ဇလုံ ထဲ တွင် ရေထည့် ၍ ပျော့အိအိ ဖြစ် နေသော ကျောက်ချဉ် တုံးကြီး အား လက် ကို ရေ ဆွတ်ကာ ဆွတ်ကာ ဖြင့် အတက်များ ထွက် လာအောင် ဆွဲ လေ၏ ။ အတက်များ ထွက်လာ သော အခါ လိမ် လေ၏ ။ ကျောက်ချဉ်တုံး ပျော့အိအိကြီး သည် များ မကြာမီ ၌ ပင်လယ်ရေအောက် ကျောက်ခက်ကြီးနှင့် တူ သွား လေ တော့၏ ။

ထို့နောက် သူ သည် ဈေး သို့ ကျွန်တော်တို့ အား ခေါ် သွား ပြီးလျှင် ဘေးစောင်း မှုတ်ရသော ကု,လားပလွေ အနက်ကလေးတစ်ချောင်း ကို တော်တော်တီတီ မှုတ် လေ တော့၏ ။ များ မကြာမီ ၌ ကလေးများ လာ၍ ဝိုင်း လေ၏ ။ ကလေး အနောက် တွင် လူကြီးများ ပါ လာ၍ ဝိုင်း လေ၏ ။

ထိုအခါ၌ ကိုပိုင် က ..

“ ကျွန်တော်တို့ ခင်ဗျားတို့ ပင်လယ် ထဲ က ရတဲ့ သန္တာကျောက်နီ တို့  ၊ သန္တာနက် တို့ တွေ့ဖူးကြတယ် ၊ သန္တာဖြူ တော့ ကြား လည်း မကြားဖူး ဘူး ၊ တွေ့ လည်း မတွေ့ဖူးဘူး ၊ ဟောဒါ ... သန္တာဖြူ ပဲ ”

ဟု ဆိုကာ ၎င်း လုပ်ထားသော ကျောက်ချဉ်တုံးကြီး ကို ထုတ်၍ ပြလေ၏ ။

ထိုသို့ ပြပြီး လျှင် ….

“ သန္တာဖြူ ဘယ်က ရသလဲ မမေး နဲ့ ၊ မြန်မာ့ရေပိုင်နက် ( ၁၂ ) မိုင် ကျော် အကွာ မှာ သန္တာဖြူ ရှိတယ် ၊ ရေငုပ်သမားတွေ ငုပ်ပြီး သံတူရွင်း နဲ့ ဖဲ့ချ ပြီး ယူလာခဲ့တာ ... အသက်ဘေး နဲ့ လည်း နီးတယ် ... ရဖို့ လည်း ခဲယဉ်းတယ် ၊ ဒီ သန္တာဖြူ ကို ဘာ သုံးရသလဲ ဆိုတော့ မိန်းမတွေ ပါး မှာ ညိုမည်း နေတဲ့ တင်းတိတ်တွေ ကို ဟောဒီ သန္တာဖြူလေး လက်တစ်ဆစ် ဝယ်သွား ၊ ကျောက်ပြင် မှာ သွေးပြီး နှစ်ရက် ပဲ လိမ်း ၊ နှစ်ပေါင်းများ စွာ စွဲနေတဲ့ တင်းတိတ်တွေ တစ်ခါတည်း ပျောက်သွားမယ် ၊ အဲဒီလို မပျောက်ဘူး ဆိုရင် ဟောဒီမှာ ကျွန်တော့် ရဲ့ မှတ်ပုံတင် ပါတယ် ... နံပါတ်ပါ အလွတ် ရွတ်ပြ လိုက်မယ် ။ နီးရာ ရဲစခန်း မှာ တိုင်ပါ ၊ နောက် တစ်ခု ကျွန်တော် ပြောဦးမယ် ၊ ဒီခေတ် ဟာ လုပ်သားပြည်သူ တွေ ကို ဦးစားပေး တဲ့ ခေတ် ဖြစ်တယ် .. ၊ လုပ်သားတွေ အား ရှိဖို့ လိုတယ် ။ အား ရှိအောင် ဆိုပြီး လုပ်သားပြည်သူတွေ ဟာ … နွားနို့ ဝယ်ပြီး သောက်တယ် ... နွားနို့ က ရေ မရောဘူး ရောတယ် ဆိုတာ ဘယ်လို လုပ်ပြီး ကျုပ် တို့ လုပ်သားပြည်သူ တွေ သိရှိနိုင်မှာ လဲ ဆိုတာ ဟော့ဒီမှာ ကြည့် ... ” ဟု ဆိုကာ အနီးရှိ လက်ဖက်ရည်ဆိုင် မှ နို့တစ်ခွက် ကို ဝယ်ပြီးလျှင် သူ ၏ ကျောက်ချဉ်တုံး အစကလေး ဖြင့် မွှေ၍ ပြ လေ၏ ။ ထိုအခါ နို့ များ သည် အောက် သို့ ထိုင်သွားရာ အရည်ကြည်များ အပေါ် တွင် ကျန်ရစ်ခဲ့ လေ၏ ။

“ ကဲ မြင်ပြီ မဟုတ်လား ၊ လုပ်သားပြည်သူတွေ သုံးဆောင် ရင် အားရှိဖို့ က အောက် မှာ ထိုင် သွားတဲ့ နွားနို့ အနှစ်တွေပဲ .. အရည်ကြည်တွေ ကတော့ အလကား ဟာ တွေ ၊ ပါနီတွေ ... ၊ အဲဒါတွေကို သွန်ပစ်ရမယ် ၊ အောက်မှာ ထိုင်နေတဲ့ အနှစ်တွေ ကို စားရမယ် … ဒါမှ အားရှိမှာ ” ဟု ဆိုကာ ၎င်း က ဇွန်း ဖြင့် ကော်၍ စားပြလေ၏ ။

“ ပြီးတော့ … သန္တာဖြူ ဟာ ဘာ သုံး ရသေးသလဲ ဆိုရင် ယားနာ တွေ ရှိရင် … သနပ်ခါး နဲ့ ရောပြီး လူး ၊ ယားနာတွေ တစ်ခါတည်း ပျောက် သွားမယ် ... ” ဟု ပြော လိုက်လျှင် ရပ်၍ ကြည့် နေကြသော ပရိသတ် သည် သူ့ ပေး ပါ ၊ ငါ့ ပေးပါ နှင့် အလုအယက် ဝယ်ယူကြ လေ၏ ။

မကြာမီ အချိန် အတွင်း၌ မှာ ပင် ကိုပိုင် ၏ သန္တာဖြူ ဟု အမည် တပ် ထားသော ကျောက်ချဉ်တုံးကြီး သည် တက်တက် ပြောင် ၍ သွား လေ၏ ။ ၎င်း ၏ အိတ်ထောင် ၌ လည်း ငွေများ ဖောင်း၍ နေပြီ ဖြစ်၏ ။ ကျွန်ုပ်တို့ လူစု ကို လည်း ၎င်း က ခေါ်ယူ၍ လက်ဖက်ရည်များ ၊ မုန့် များ တိုက်ကျွေး လေ တော့၏ ။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး ရက် အတန်ငယ် ကြာသော အခါ၌ ကျွန်ုပ်တို့ လူငယ် တစ်စု သည် လမ်းဘေး တွင် ထိုင်၍ စကားပြော နေကြလေ၏ ။ ထိုအချိန် ၌ ကိုပိုင် တစ်ယောက် ရောက် လာ ပြန်၏ ။ ထိုအခါ ကျွန်ုပ် က …

“ ကိုပိုင်ရေ .. သွင်ရုံ မှာ “ ဪ ... မိန်းမ ” ဆိုတဲ့ ဇာတ်ကား ပြနေတယ် ဗျ ... အတော့်ကို ကောင်းတယ် ဆိုပဲ ၊ ကျုပ်တို့ လူစု ကြည့်ချင်တယ်ဗျာ ၊ ကူညီပါဦး ” ဟု ပြောလိုက်ရာ ...

“ နေဦးကွ ... အကွက် ပေါ်လာရင် ကြည့်ရမယ်ကွာ ” ဟု ပြောလေ၏ ။ ထိုအချိန် ၌ လမ်း ထဲ မှ ကလေး တစ်ဦး သည် အပြာရောင် ပုလင်း အကွဲ တစ်လုံး ကိုကိုင် ၍ ကျွန်ုပ်တို့ ရှေ့မှ ဖြတ်သွား လေ၏ ။

ကိုပိုင် က ထို ကလေး အား

“ ဟေ့ … ကလေး ၊ မင်း လက် ထဲ က ဘာလဲကွ ”

ဟု မေး လိုက်ရာ

ကလေး က

“ ကျွန်တော့် အဖေ သောက် တဲ့ နို့‌ဆေး ပုလင်း ပါ ဗျာ ၊ ကွဲသွားလို့ အမှိုက်ပုံ သွား ပစ်မလို့ ”

ဟု ပြောလျှင်

“ ငါ့ ကို ပေးကွာ … ” 

ဟု ပြောလေ၏ ။

ကလေး လည်း ပုလင်းကွဲ ကို လာ၍ ပေး လေ၏ ။ ကျွန်ုပ် လည်း ထို ပုလင်းကွဲ ကို ယူ၍ ကြည့်ရာ “ မစ်အော့မက်ဂနီးရှား ” ဟု ရေးထားသော အင်္ဂလိပ်စာတန်း ကို တွေ့ရ လေ၏ ။

ထို့ကြောင့် ကျွန်ုပ် က ... “ ဘာ လုပ်ဦးမလို့ လဲ … ” ဟု မေးရာ ...

ကိုပိုင် က “ အကွက် အကွက် ... ” ဟု ပြောလေ၏ ။

ထို့နောက် ကိုပိုင် သည် ကျွန်ုပ် တို့ အား လမ်း အတွင်း မှ အဂ္ဂိရတ် ထိုးသော အဘိုးကြီး တဲ သို့ ခေါ်သွား လေ၏ ။ ထို တဲ သို့ ရောက် လျှင် ကိုပိုင် သည် ပုလင်းကွဲ ကို သံဆုံ ထဲ တွင် ထည့် ၍ ညက်ညက် ကြေသည် အထိ ထောင်း၍ ပစ်လိုက်လေ၏ ။ ပြီးလျှင် အဂ္ဂရိတ် အဘိုးကြီး ထံ မှ လုံ အလွတ် တစ်ခု ကို တောင်း ကာ ထို အမှုန့်များ ကို ထည့် လေ၏ ။ ပြီးလျှင် ဖားဖို တွင် တည် ကာ ဖို ကို ဆွဲ လေ တော့၏ ။ ပုလင်းကွဲမှုန့်များ သည် လုံ ထဲ တွင် အရည် ပျော်၍ သွား လေ၏ ။ ထိုအခါ၌ လုံ ကို ညှပ် ဖြင့် ကိုင် ကာ ရေဇလုံကြီး အတွင်း သို့ တစ်စက် ချင်း ချ လေ၏ ။ အပူနှင့် အအေး တွေ့သော အခါ “ တဗောင်းဗောင်း ”  မြည် လေ၏ ။ ရေဇလုံ အတွင်း သို့ လှမ်း ကြည့် လိုက်ရာ ပြာပြာတုံးကလေးများ ကို တွေ့ရလေ၏ ။ ကိုပိုင် သည် ထို အလုံးကလေးများ ကို ဆယ်ယူပြီး လျှင် လက်ကိုင်ပဝါ ဖြင့် အထပ်ထပ် ပွတ် လေ၏ ။ ကျွန်ုပ် သည် ၎င်း ၏ လက်ကိုင်ပဝါ အတွင်း မှ အလုံးကလေး တစ်လုံး ကို ယူ၍ ကြည့် လိုက်ရာ ပြာပြာအလုံး ကလေး သည် နီလာကျောက် နှင့် လွန်စွာ တူ ၍ နေလေ၏ ။

ထိုအခါ ကိုပိုင် သည် ကျွန်ုပ်တို့ အား မအူကုန်းထိပ် သို့ ခေါ်သွား ပြီး လျှင် … ပလွေ မှုတ်ပြန်လေ၏ ။ ကလေးများ လာရောက် စုပြန်၏ ။ ကလေးများ နောက် တွင် လူကြီးများ လာရောက် စု ပြန်၏ ။

ထိုအခါ ကိုပိုင် က ...

“ ပြီးခဲ့တဲ့ နတ်တော်လပြည့်နေ့ မှာ မိုးကုတ် က ကျောက်တွင်း တစ်တွင်း မှာ လူတွေ အုတ်အော်သောင်းနင်း ဖြစ်ကြတယ် ၊ မိုး ပေါ် မှာ လည်း ကျီးတွေ တအားအား နဲ့ ပျံ နေတယ် ၊ အဲဒီ ကျောက်တွင်း ဟာ ကျောက်တွင်းသူဌေး ဦးဘမူ ရဲ့ ကျောက်တွင်း ဖြစ်တယ် ၊ သပိတ်လုံး လောက် ရှိ တဲ့ နီလာကြီး တစ်လုံး ရလို့ ဗျို့ ... ၊ ကျောက်တွင်း ပိုင်ရှင် ဦးဘမူ က လည်း အိမ် မှာ မထားရဲ လို့ ဆရာတော် ဆီ သွား ပြတယ် ၊ ဆရာတော် က လည်း .. ငါ ဟာ မိုးကုတ် မှာ မွေးတာ ၊ မိုးကုတ် မှာ ပဲ ရဟန်း ပြု တာ ၊ သက်တော် ( ၈၀ ) ကျော်ပြီ ... ၊ ဒီလောက် ကြီးတဲ့ နီလာတုံးကြီး ရှိတယ် လို့ တစ်ခါမှ မကြားဖူးဘူး ၊ အဲဒီတော့ ဒီ နီလာတုံးကြီး ကို မရောင်းနဲ့  ၊ တကာကြီး ဘမူ ၊ ခွဲပြီး သေးသေးကလေးတွေ သွေး လူတိုင်း လိုအပ်ရင် ဆောင်ပါစေ ၊ မြန်မာပြည် အနှံ့ လူ ခွဲပြီး လွှတ်လိုက် လို့ မိန့်တော်မူတယ် ၊ အဲဒါကြောင့် ကျုပ် ဟာ ဒီကို လာ ပြီးတော့ ... ထိုက်တဲ့ လူ က ရပါစေ ဆိုပြီး ရောင်း ရတာ အလကား တော့ မပေးနိုင်ဘူး ၊ ကျုပ် ပစ္စည်း မဟုတ်ဘူး ။ ကျောက် နားလည်တဲ့ သူ ပါရင် ဝိုင်း ထဲ ဝင် လိုက်ပါ ... နေရောင် ဘက် ကို ဟောဒီလို ထောင်ကြည့် လိုက်ပါ … ၊ အဲဒီအခါမှာ အပြာရောင် … မဟုတ်တော့ဘူး  ၊ ငါးရှဉ့်သွေးရောင် ဖြစ်နေတာ ကို တွေ့ရလိမ့်မယ် ၊ အရောင် က လည်း ရှစ်ကြောင်း ဖြာပြီး ထွက်နေ လိမ့်မယ် ၊ ကျုပ် ပြောတဲ့ အတိုင်း မဟုတ်ဘူး ဆိုရင် … ဟော့ဒီမှာ ကျုပ် ရဲ့ မှတ်ပုံတင် ၊ နီးရာ ရဲစခန်း ကို သွားပြီး အကြောင်းကြားပါ ... ”

ဟု ဆိုကာ ၎င်း ၏ မှတ်ပုံတင် ကို အလွတ် ရွတ် ပြလေ၏ ။

“ ဟောဒီ နီလာတွေ ဟာ တွင်းထွက် အစစ်ပဲ .. ”

ဟု လည်း အကြိမ်ကြိမ် ပြော လေ၏ ။ များ မကြာမီ ၌ သူ ၏ ပြာပြာလုံးကလေးများ တက်တက်ပြောင် သွား ပြန်၏ ။ သူ ၏ အိတ် တွင် ငွေ သောင်းချီ ၍ ဝင်သွားပြီ ဖြစ်၏ ။

ထို့ကြောင့် ကျွန်ုပ်တို့ လူစု အား သွင်ရုံ သို့ ခေါ်သွား ပြီး လျှင် “ ဪမိန်းမ ” ဟူသော ဇာတ်ကား ကို ပြ လေ၏ ။ ရုပ်ရှင် ပြီးသော အခါ၌ လည်း ဖာလူဒါ တစ်ခွက် စီ ဝယ်၍ တိုက် သေး၏ ။ သုံးစွဲဖို့ ဟု ဆိုကာ ငွေ ၂၅ ကျပ် စီ လည်း ပေး၏ ။

ကျွန်ုပ်တို့ ရပ်ကွက် တွင်း သို့ ပြန် ရောက်ချိန် ၌ ကိုပိုင် ၏ အိမ်တွင် ရဲ များ ရောက် နေပြီ ဖြစ်၏ ။ ပုလင်းကွဲ ကို တွင်းထွက် ကျောက် အဖြစ် လိမ်လည် ရောင်းချမှု ဖြင့် ကျောက်မျက်ရတနာ အရာရှိ တစ်ဦး က တာမွေဂါတ် တွင် အမှုဖွင့် တိုင်ကြား ထားသည် ဟု သိရလေ၏ ။ ကိုပိုင် သည် အချုပ်ခန်း တွင်း သို့ ရောက် သွားပြီ ဖြစ်၏ ။ ကျွန်ုပ်တို့ သည် အချုပ်ခန်း သို့ ၎င်း အား ဆေးလိပ် ပေးရန် သွား၏ ။

ကျွန်ုပ် က ကိုပိုင် အား “ ဘယ်လိုလဲ ကိုပိုင် ... ” ဟု မေးလိုက်ရာ

ကိုပိုင် က “ အကွက် တော့ အကွက်ပဲ ကွ ၊ ငါ ရောင်းတဲ့ နီလာတွေ ကို ဝယ်တဲ့ လူတွေ ထဲ မှာ ငါ့ ကို အမှု ဖွင့်တဲ့ ဆရာသမား လည်း ပါတယ် ကွ ၊ ငါတော့ မလွတ်ပါဘူးကွာ ၊ ဒီတစ်ခါတော့ ဂျေး ဆိုက်ပါပြီ ” ဟု ဝမ်းနည်းသံကြီး ဖြင့် ပြော လေ၏ ။

ထို့ကြောင့် ကျွန်ုပ် က …

“ ဪ … ကိုပိုင် .. ကိုပိုင် ထောင် မကျခင် မှာ ကျုပ်တို့ ကို “ ဪမိန်းမ ” ရုပ်ရှင် ဇာတ်ကား ပြ သွားသေးတာကိုး ... ”

ဟု ပြောလိုက်လျှင်

ကိုပိုင် က “ အိမ်း ... ” ဟု တစ်လုံးတည်း ရေရွတ် လိုက်လေတော့၏ ။

သဗ်ဗသေတ်တာ ကမ်မဿကာ

◾မင်းသိင်္ခ

📖 ဖတ်စရာ ဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment