Monday, April 24, 2023

ချစ်သော ချစ်သူ


 

❝ ချစ်သော ချစ်သူ ❞

ကိုထွန်းဖြူ သည် ကျွန်မ ကို အသက် လောက် ချစ်သည် ဟု ပြောခဲ့ သူ ဖြစ်သော်လည်း ကျွန်မ အား လက်ထပ် မယူလေသော ယောက်ျား တစ်ဦး ဖြစ်ပါသည် ။ သို့ကြောင့် ကိုထွန်းဖြူ ကို ကျွန်မ စိတ်နာသည် ။

ကိုထွန်းဖြူ သည် ကျွန်မ ချစ် သလို ကျွန်မ အပေါ် တွင် မချစ်လေသူ တစ်ဦး ဖြစ်၍ ကိုထွန်းဖြူ အား ကျွန်မ မုန်းခဲ့ပါသည် ။ မေ့ခဲ့ပါသည် ။ အဆက် ဖြတ်ခဲ့ပါသည် ။ ကြာပါပြီ သူ့ ကို မုန်းခဲ့ မေ့ခဲ့ သည် မှာ ... ၁၅ နှစ် ပင် ရှိ ခဲ့ပါချေပြီ ။

     •••••   •••••   •••••   •••••

ကိုယ့် စိတ်ထဲ တွင် မှန်ပြီ ထင်လျှင် ထင်ရာ ကို တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်တတ်သူ ကျွန်မ ကို ဆွေမျိုးအားလုံး က မုန်းတီး အော့ကြောလန် ကြပါသည် ။ ကျွန်မ နှင့် ကျွန်မ ဆွေမျိုးများ မှာ ဘယ်တော့ မှ ဝါဒ မတူကြပါ ။ အမြဲ တိုက်ပွဲဝင် နေရပါသည် ။ ဒါပေမင့် ကျွန်မ က တော့ ကျွန်မ ဘက် သာ မှန်ကန်သည် ဟု ထင်ခဲ့ပြီး ထင်ရာတွေ ကို လျှောက် လုပ်ခဲ့သည် ချည်း ဖြစ်ပါ၏ ။ ဒါကို ဆွေမျိုးတွေ က ဂျီးဒေါ် နှင့် တစ်ရွာလုံး ဘယ်သူ က ဆိုးသလဲ ကြည့်ကြပါဦး ဟု အရပ် ကို တိုင်တည် ကြလေသည် ။ သူတို့ ဘာ ပြောပြော ကျွန်မ က တော့ ကိုယ့် ဝါဒ ကိုယ့် ယုံကြည်ချက် ကို တစ်ခါမှ လက်နက် မချခဲ့ပါပေ ။

အဖေ ရော ... အမေ ရော.. ဆွေမျိုးတွေ က ရော ... ကျွန်မ ကို မြို့ပိုင် ကတော် ဖြစ်စေ ချင်သည် ။ မြို့ပိုင် ကိုလွမ်းမောင် မှာ မြို့ပိုင် ဆိုသည့် “ ဂုဏ် ” တစ်ခု က လွဲ၍ ကျွန်မ အမြင်တွင် ဘာကမှ မက်စရာ ကောင်းသော လူ မဟုတ်ပါ ။ ဒါကို ဆွေမျိုးတွေ တစ်ပြုံလုံး က ကျွန်မ နှင့် သဘော တူ နေကြ ပါသည် ။ ကျွန်မ အမေ မှာ ကိုလွမ်းမောင် ကို ထမင်း ဖိတ်ဖိတ် ကျွေးရသည့် စရိတ် က ပင် တော်တော် ထိ နေပြီ ဖြစ်ပါ၏ ။ အဖေ ဆိုတာ က လည်း မြို့ပိုင် ယောက္ခထီး ဖြစ်ချင်သည် မှာ တစ်ပိုင်း မဟုတ် ၊ တစ်ကိုယ်လုံး သေမတတ် ပင် ရှိနေပါသည် ။

သည်တုန်း က ကျွန်မ ကိုထွန်းဖြူ နှင့် ချစ်နေကြသော ကာလ ဖြစ်ပါသည် ။ အဖေ အမေ တို့ ကတော့ မသိကြသေးပါ ။ ရိုးရိုး ပဲ ဟု ထင် နေကြဟန် ရှိပါ၏ ။ ကိုထွန်းဖြူ သည် ကိုလွမ်းမောင် လို “ မြို့ပိုင် ” ဟူသော ရာထူး လက်ကိုင် မရှိသေးသည့် ( ၁၀ တန်း ) ကျောင်းသား တစ်ယောက် မျှ သာ ဖြစ်ပါသည် ။ ကိုထွန်းဖြူ တွင် အဖေ မရှိ ၊ အမေ မရှိ မွေးချင်း ကတော့ ကိုးယောက် ရှိပါသည် ။ စီးပွားရေး အခြေအနေ က မတောင့်ရှာပေ ။ အစ်ကို အစ်မများ ဖြစ်ကြသည့် အိမ်ထောင်သည်များ က အသင့်အသင့် မောင်ငယ် ညီမငယ်များ ကို ပညာသင် ပေး သွားကြရသော အစဉ်အလာ အဆင့်အတန်း က ဖြစ်ပါသည် ။ ဒါပေမဲ့ ကိုထွန်းဖြူ ၏ မိဘများ မှာ လည်း တစ်ချိန် က ဆိုလျှင် စက်ရှင်မင်းကြီး ဘဝ မှာ စမတ် ကျကျ နေခဲ့ကြသူများ ဖြစ်ပါသည် ။ စစ်ကြောင့် သူတို့ ဘဝ သည် အားလုံး ပြောင်းလဲ သွားရခြင်း ဖြစ်သည် ။

ကျွန်မ နာမည် မှာ ‘ အမာဖြူ ’ ဖြစ်သော်လည်း ကိုထွန်းဖြူ က ကျွန်မ ကို “ အသက် ” လို့ ခေါ်ပါသည် ။ သူ့ အသက် လောက် ချစ်ခြင်းကြောင့် ဟု ... သည်တုန်းက ကျွန်မ ကို ပလီခဲ့ ၊ ညာခဲ့ ၊ တာခဲ့ ပါသည် ။ ကျွန်မ က လည်း သူ တကယ်ပဲ ... အသက် လောက် ချစ်ရှာလိမ့်မည် ဟု ... ပစ်စလက်ခတ် ယုံကြည်ပြီး ၊ သူ့ ကို လည်း ကျွန်မ က  ... “ ကို ” ဟု ပင် ခေါ်ခဲ့ပါ သေးသည် ။

“ အသက် ”

“ ဟင် ... ”

“ မောင့် ကို ချစ်ရင် “ မောင် ” လို့ ခေါ်စမ်းပါကွာ ”

“ ဟင့်အင် ... ခေါ်ချင်ပါဘူး ၊ သူများတွေ မောင် တိုင်း ‘ ဖြူ ’ လိုက် မ “ မောင် ” ချင်ဘူး ”

“ သူများနဲ့ မတူအောင် “ ကို ” လို့ ခေါ်မှာပဲ ”

“ ဟောဒီ - အသက် ဟာ လေ.. ပြောရ ဆိုရ သိပ်ကို ခက်တဲ့ ကောင်မလေး ” ဟု ဆိုကာ ကျွန်မ နဖူး ကို သူ့ လက်သီး နှင့် ထုခဲ့ပါ   ဖူးပါ သည် ။ ချစ်သူ က နဖူး ကို သည်လို လက်သီး နှင့် ထုခြင်း ကို ကျွန်မ မကြိုက် ပါ ။ ကျွန်မ ချစ်သော ‘ ကို ’  က ကျွန်မ နဖူးလေး ကို တယုတယ သာ မွှေး စေ လိုပါသည် ။ ကျွန်မ ပါးကလေး ကို လည်း မနာ အောင် သာ လိမ် ဆွဲ စေချင်ပါသည် ။ ခုတော့ ကိုထွန်းဖြူ သည် ကျွန်မ မျှော်လင့်သည့် ‘ ချစ်ဆု ’ ကလေးများ ကို ဘယ်တုန်း က မှ မပေးခဲ့ပါ ။ ဒါတင်မက တစ်ခါ တစ်ခါ နဖူး ထု ရုံ နှင့် မကျေနပ် သေး၍ ကျွန်မ ခေါင်းမှ လှလှပပ လုပ်ထား သော အမောက်ကလေး ကို ပါ ဖျက်ဆီး ချေမွ ပစ် တတ် ပါသည် ။ ဒီအခါ ကျွန်မ မှာ နှုတ်ခမ်း စူ မိပါသည် ။

“ ကို ” နှင့် တွေ့တိုင်း ကျွန်မ ရ ယူ လိုသော ချစ်ဆု များ မရ၍ ကျွန်မ မှာ ရင်ထဲ ဟာဟာ နေရပါသည် ။ ဒါပေမင့် ပိတောက်တွေ ပွင့်ချိန် ရောက်လျှင်ဖြင့် ‘ ကို ’ တစ်ယောက် ကျွန်မ ဆီ သို့ ပန်းတွေ ပွေ့ပြီး ပြုံးပြုံးကြီး ရောက်လာ တတ်ပါသည် ။ ကျွန်မ ပိတောက်ပန်း ကို ချစ်မှန်း သူ အသိဆုံး ဖြစ်ပါသည် ။ ‘ ကို ’  သည် အိမ် တွင် လူကြီးတွေ အလစ် ၌ ကျွန်မ ကို ပန်းအလှဆုံး တစ်ခက် ပန် ပေး တတ်ပါ ၏ ။ နောက် ကျွန်မ ခေါင်း မှ ပန်းခက်ကလေး ကို မွှေး တတ် ပါသည် ။ ကျွန်မ ကို တော့ ဘယ်တုန်း က မှ ... မမွှေးခဲ့ ပါ လေ ။

သင်္ကြန်ရေတွေ ဘာတွေ လောင်းခြင်း ပြုခြင်း လည်း မရှိပါ ။ သည် အခါ ပျော်ပျော်ရွှင်ရွှင် အလွန် နေချင်သော ကျွန်မ မှာ အားမလို အားမရ ဖြစ်ရ ပြန်ပါသည် ။

“ ကို ... ‘ ဖြူ ’ ကို ဒီနှစ် ရေ လောင်းစမ်းပါ “ ကို ” ရာ နော် ... ”

“ အသက် က လဲ ကွယ် အလကား အအေးမိပါ့မယ် ၊ အိမ်ရှေ့ မထွက်နဲ့ နော် ... ‘ မြင့်မောင် ’ တို့ ‘ တာတီး ’ တို့တွေ ‘ ဖြူ ’ ကို ရေ လောင်းမယ်လို့ ချောင်း နေတာ .. အကြိုနေ့ ကတည်း က ပဲ ”

ဟု မချင့်မရဲ မျက်လုံးလက် လက်ကြီးများ ဖြင့် ကျွန်မ ကို ကြည့် ပြောပြီး ပြန် သွား တတ်ရာ -

“ အော် ... ငါ့ ချစ်သူ နှယ် .. ထူ ထူပါပေ့ ”

ဟု ကျွန်မ မှာ တစ်နှစ် တစ်ခါ စိတ်မောရ တတ်ပါသေးသည် ။

     •••••   •••••   •••••   •••••

ကံကောင်းချင် တော့ မြို့ပိုင် ကိုလွမ်းမောင် က ကျွန်မ ကို လူကြီး စုံရာ နှင့် လာ ၍ တောင်းသော နှစ် မှာ ပင် ကို တစ်ယောက် ဆယ်တန်း မအောင်ဘဲ တလိမ့်ခေါက်ကွေး ကျ ပါသည် ။ သူ ဆယ်တန်း ကျ သည် မှာ ကျွန်မ ကို လိုက်ပြီး “ ပိုး ” နေ၍ ဟု ဆိုကာ ကျောင်းလခ ထောက် ရသော သူ့ အစ်မများ က ဆိုလေသည် ။ ကျွန်မ လို ထောင့်မကျိုး ကြွပ်ဆတ်ဆတ် မိန်းကလေး ကို ဘာကြောင့် ဒါလောက် မက်မောနေရသလဲ ... ဟု ကြိမ်းမောင်းကြသည် ဆိုသော စကားများ က လည်း ကျွန်မ နား သို့ တစ်ဆင့် တစ်ဆင့် ရောက်လာပါသည် ။ အိမ် မှ အမေ နှင့် ဒေါ်လေး တို့ က လည်း ကိုထွန်းဖြူ နှင့် ကျွန်မ နေပုံထိုင်ပုံ မရိုးသားသည် ကို ကြိုက်ပြီး လို့ နှစ်နှစ် ကြာ မှ အကဲခတ် စ ပြုလာကြပါသည် ။

သို့ကြောင့် သူ့ ကို ကျွန်မ က တစ်နေရာရာ တွင် တွေ့ကြရန် ချိန်း သည် ။ သူ မလာပေ ။ တစ်ရက် နှစ်ရက် အထိ ကျွန်မ စိတ်ဆိုးဆိုး ဒေါပွပွ နှင့် စောင့်ကြည့် နေရာ တစ်နေ့ တွင် သူ့ နှမ အငယ်မကလေး ကြူကြူ နှင့် တွေ့ ကာ မှ သူ နေ မကောင်း ၍ ဆရာဝန် ပင် ခေါ် ရကြောင်း သိရပါသည် ။

သည်လို ဆိုပြန်တော့ လည်း ကျွန်မ ကို့ အပေါ် မရက်စက် နိုင်တော့ ပါ ။ သဘော မတူ သလို လေသံ ပစ် နေသော သူ့ အစ်မများ အိမ် ပေါ် ကို ပင် ကျွန်မ တက် ၍ ကျွန်မ ချစ်သူ လူမမာ ကို အမေး ရောက်ခဲ့ ရ ပါသည် ။ ကျွန်မ သူတို့ အိမ် ပေါ် သို့ ရောက်သော အခါ သူ့ အစ်မကြီးများ က ဝတ္တရား မပျက် နှုတ်ဆက် ဖော် တော့ ရပါ၏ ။ ဒါပေမဲ့ ကော်ဖီ တစ်ခွက်ကလေး တောင် အားနာပါးနာ တိုက်ဖော် မရဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက် ကုန်ကြ ပါသည် ။ ကျွန်မ နှင့် ကို သာ အိပ်ခန်း ထဲ ဝယ် နှစ်ယောက် တည်း ကျန်ခဲ့ ပါသည် ။ သည်လို ဆိုပြန်တော့ လည်း နှစ်ယောက် တည်း စကား ပြော ချင်သူ ကျွန်မ မှာ ဆန္ဒ ပြည့် ရပြီ ဟု ဆိုချင်ပါ တော့သည် ။ သူ့ အစ်မတွေ သည် ကျွန်မ နှင့် သဘော မတူဘူး ဟု သာ ဆိုသည် ။ အခုတော့လည်း နှစ်ယောက် တည်း လွှတ်ပေး ထားသားပဲ ဟု ကျွန်မ တစ်ယောက် တည်း တွေးမိပြန်၏ ။ သို့ကြောင့် ကျွန်မ သည် ကို့ နဖူး ကို လွတ်လွတ်လပ်လပ် ပင် စမ်းသပ် ကြည့်လိုက်မိပါသည် ။ ကို့ အသားတွေ သည် ချစ်ချစ်တောက် ပူလောင် လျက် ရှိ၏ ။

“ အသက် ”

ကို သည် ကျွန်မ ကို တွေ့လိုက်ရသော အခါ ဝမ်းသာ ဝမ်းနည်း ဖြင့် ဆီးကြိုလေသည် ။

“ အသက် စာ ကို မောင် ရပါတယ်ကွယ် ၊ မောင့် ကို စိတ်မဆိုးနဲ့ နော် အသက် ”

ကို သည် မျက်ရည်လည်လည် နှင့် ကျွန်မ ကို ဆီး တောင်းပန် ပြန် ပါ၏ ။

“ မဆိုးပါဘူး ကို ”

“ ကို့ကို ဖြူ စကားတွေ အများကြီး ပြောစရာ ရှိလို့ပါ ၊ မေးစရာတွေ လည်း တစ်ပုံကြီးပဲ ”

“ မောင် သိပါတယ် ။ ကိုလွမ်းမောင် နဲ့ ကိစ္စ မဟုတ်လား ”

“ အင်း .. အဲဒါလည်း အဲဒါပဲ ၊ နောက် မေးစရာတွေ လည်း အများ ကြီး ရှိသေးတယ် ”

“ အေးပါကွယ် .... မောင် နေကောင်းအောင် သာ ဆုတောင်းပါ ၊ အသက် နေသိပ် ပူနေမယ် ၊ ပြန်တော့ နော် ”

ကျွန်မ သူ့ ကို စောစောက သနားတာ တောင် ဘယ် ရောက်ကုန် မှန်း မသိပါ ၊ ကျွန်မ ကို ပြန်တော့နော် ဟု နှင် သဖြင့် ရင်ထဲ ဆို့ သွား ရ ပါသည် ။

“ ဖြူ ကို မနှင်ပါနဲ့ဦး ကို ရယ် .. ၊ ဖြူ ၊ ပြောချင်တာတွေ ပြောပါရစေဦး ”

ကျွန်မ လည်း တဇောက်ကန်း ပီပီ ဘာတွေညာတွေ မှ မစဉ်းစား တော့ဘဲ ပါးစပ် ထဲ တွေ့ သမျှ ပြောချ လိုက် ပါသည် ။

“ အသက် ရယ် ၊ မောင် လည်း ဒါတွေ စဉ်းစား နေပါတယ် ။ စာမေးပွဲ ကျ လို့ စိတ်ညစ် ရ တာ က တစ်မျိုး ၊ ကိုလွမ်းမောင် ကိစ္စ က တစ်မျိုး နဲ့ မောင် ဘယ်လို ကြံရမှန်း ကို မသိတော့ဘူး ”

“ ဖြူ လည်း စိတ်ညစ် ရ တာပါပဲ ကို ရာ ၊ ကိုလွမ်းမောင် ကိစ္စ က အရေး မဟုတ်ပါဘူး ၊ ကို့ နှမတွေ က ဖြူ နဲ့ ကို့ ကို သဘော မတူကြဘူး .... ၊ ဖြူ က - နူ - ရွဲ - ကျိုး - ပဲ့ နေလို့လား ကို ရယ် ဟင် ”

မေးလို သမျှ စကားတွေ က တားမရ ဆီးမရတော့ပါ ၊ ကျွန်မ လျှာ ဖျား မှ နေ၍ ခုန်ပေါက် ပြေးထွက် ကုန်ကြပါတော့၏ ။

“ အသက် က လဲ ကွယ် ၊ ဘယ်သူ ဘာပြောပြော မောင့် သဘော တစ်ခုတည်း ပါ ၊ အသက် ကို မောင် အသက် နဲ့ ထပ်တူ ချစ်ပါတယ် ။ မောင့် အချစ် ကို ယုံပါကွယ် ”

“ အို .. ကို ချစ်တာက ပါးစပ် က ချစ်နေတာပဲ ”

ကျွန်မ သည် မထူးတော့သည့် အတူတူ ပြောချင်ရာ ထပ် ပြော ပြန်ပါသည် ။ သည်အခါ ကို့ မျက်နှာသည် ညိုပြီး မည်းတက် သွားပါ သည် ။

“ ဘယ့်နှယ် လုပ်မလဲ အသက် ရယ် ၊ မောင့် ကို အချိန် က မှ မပေးသေးတာပဲ ဟာ ”

“ အခုလို အခက်အခဲ နဲ့ တိုး နေတာ ကို တောင် မှ အချိန် မဟုတ်သေး ရင် ဘယ်ဟာ ကို အချိန် ခေါ်မှာတုံး ၊ အို ... ကို့ စိတ် နဲ့ ဖြူ့ စိတ် လဲ လိုက် ချင်တယ် ၊ ကို့ ကြည့် ရတာ ဘာတစ်ခု မှ ဖျတ်ဖျတ်လတ်လတ် မရှိဘူး ၊ ကို့ ကို ဖြူ အားမရဘူး သိရဲ့လား ”

ကျွန်မ က ဒေါပွပွ နှင့် ထိုင်ရာ မှ ထ , လိုက်မည် အပြုတွင် ကို က ကျွန်မ လက် ကို ဆုပ် ထား လိုက်ပါသည် ။ ကို နှင့် ကျွန်မ နှစ်နှစ် ကျော်ကျော် ချစ်လာ ခဲ့ ကြသည့် ကာလ အတွင်း ဝယ် ကို သည် ဒီ တစ်ခါပဲ ကျွန်မ ကို ကိုင်ဖူး ပါသည် ။ ကို့ လက်များ သည် မီး ကဲ့သို့ ပူ နေပါသည် ။ ကို့ လက် မှ အပူသည် ဓာတ်လိုက် ခံရ သကဲ့ သို့ ပင် ကျွန်မ တစ်ကိုယ်လုံး အသွေး အသားများ ကို ပါ ပူလောင် သွား စေ ပါသည် ။

“ အသက် ဟာ လေ သိပ် စိတ်မြန်တာပဲ ကွယ် ၊ အသက် ကို ‘ မောင် ’  အခု လက်ထပ် ၊ အခု ဖြစ်တယ် ၊ ဒါပေမဲ့ မောင့် မှာ အလုပ် မရှိ အကိုင် မရှိ သေးဘဲ နဲ့ “ အသက် ” ကို မယူချင်သေးဘူး ၊ မောင် ဆယ်တန်း မအောင် သေးပါဘူး အသက် ရယ် ၊ ဒီ ပညာကလေး နဲ့ မောင် ၊ အိမ်ထောင့် တာဝန် ဘယ်လို ထမ်းမလဲ ၊ အသက် ဟာ ဒါတွေလည်း သိရက်သား နဲ့ မောင့် ကို တမင် စိတ်ညစ် အောင် လုပ်နေတာလား ဟင် .. ”

“ အို .... ကို ယောက်ျား မဟုတ်ဘူးလား ”

ကျွန်မ စိတ်ပေါက်ပေါက် နှင့် မေး လိုက် မိ ပြန်ပါသည် ။ သည်တုန်း က အချစ်ဝတ္ထုတွေ ဖတ် ဖတ်ပြီး အချစ်ရူးနတ် က ကျွန်မ ကိုယ် တွင် ဝင် ပူး နေသော အချိန် လည်း ဖြစ်ပါ၏ ။ ကို သည် ကျွန်မ စကား အဆုံး တွင် ကျွန်မ လက် ကိုင် ထားသော သူ့ လက် ကို လွှတ် လိုက်ပါသည် ။

“ အသက် အိမ် ပြန်တော့ ကွယ် .. ၊ မောင် အသက် စိတ်ဆိုး နေချိန် မှာ ဘာမှ မပြောချင်သေးဘူး ၊ အသက် လည်း စိတ်ဆိုးတုန်း ကို စကား လည်း မပြောနဲ့ ၊ စာ လည်း မရေးနဲ့ ... ကလေးရယ် နော် ”

“ အို ... ဖြူ ကလေး မဟုတ်ဘူး .... ”

ကျွန်မ ဒါပဲ နောက်ဆုံး ပြောပြီး ကို တို့ အိမ် မှ ပြန်ခဲ့ပါသည် ။

     •••••   •••••   •••••   •••••

ထိုနေ့က အိမ်ဝ မှ ကျွန်မ အမေ သည် မျက်နှာကြီး ဆယ့်နှစ်ခေါက် ချိုး နှင့် ဆီးကြို လျက် ရှိပါသည် ။ ကို့ ဆီ ကို ကျွန်မ သွားကြောင်း ဘယ်လို ဘယ်လို သိသွားသည် မသိ ၊ ယောက်ျားကလေး တစ်ဦး တစ်ယောက် အိမ် မိန်းကလေး က သွားရပါမို့လား ဆိုပြီး ကြိမ်းပါ မောင်းပါ လေ တော့သည် ။ ထွန်းဖြူ နဲ့ နင် နဲ့ ကြိုက်နေကြသလား ဟု လည်း မေးပါလေသည် ။

“ ငါ က ဖြင့် လင်ကောင်း သားကောင်း ရပါစေတော့ လို့ အမွှန်း တင် လိုက်ရတာ ၊ ဒင်း က ဆယ်တန်း မှ မအောင်တဲ့ အကောင် ကို ကြိုက်ရသတဲ့ တော် .. ငါ အရပ် ကို ရှက်လိုက်ပါဘိ .. ၊ ဒီနေ့က စပြီး ဒီ ကောင်မ ကို အိမ်ပြင် မထွက်စေနဲ့ဟေ့ ” ဟု အိမ်ရှိ ဒေါ်လေး အပျိုကြီး ကို ညာသံ ပေးကာ ကျွန်မ ကို နှစ်ဆောင်ပြိုင် အိမ်ကြီး အတွင်း ထောင်သွင်း အကျဉ်းချ ထား လိုက်ပါ တော့သည် ။ ထမင်း စားချိန် ထမင်း ၊ ကော်ဖီချိန် ကော်ဖီ လာ တိုက်ကြ သော်လည်း ကျွန်မ သည် လာ ကျွေးသမျှ အစာတွေ ကို မှောက် ၍ လည်း ကောင်း ၊ သွန်ပစ်၍ လည်းကောင်း သူတို့ ကို ကောင်းကောင်းကြီး ဆန္ဒပြ လျက် ရှိပါသည် ။ အိမ် တွင် ကျွန်မ ဘက်တော်သား တစ်ဦး ရှိပါသည် ။ သူ က တော့ စားဖိုဆောင် မှ ‘ လှအေး ’ ဖြစ်ပါသည် ။ အမေ တို့ အဖေ တို့ ကျွေးသော ထမင်းတွေ ၊ ကော်ဖီတွေ ကို သွန် ပစ်ပြီး လှအေး ဝှက်၍ ဝှက်၍ လာ ပေးသော အစာများ ကို ကျွန်မ မှာ ခိုးကြောင် ခိုးဝှက် စားရင်း မျိုရင်း နှင့် အိမ်သား အားလုံး ကို ရဲရဲတင်းတင်းကြီး သပိတ်မှောက် ပြနိုင်ခဲ့ပါသည် ။ သည်အကြောင်း ကို မသိရှာသော အမေ နှင့် အဖေ ၊ ဒေါ်လေး တို့ မှာ ကျွန်မ ကို တစ်ရက် က နှစ်ရက် နှစ်ရက် က သုံးရက် ကြာ တော့ သနား လာ ကြ သည် ။ သူတို့ ကျွန်မ ကို မကြာမကြာ လာ၍ လာ၍ ချောင်းချောင်း ကြည့် ကြသော အခါ ကျွန်မ သည် အိပ်ရာ ပေါ် တွင် လူမမာ ကဲ့သို့ အိပ်ရင်း စောင် ခေါင်းမြီး ခြုံ ပြီး လှအေး ဝယ်ပေး ထားသော ချောကလက်များ ကို တမြုံ့မြုံ့ ဝါး နေ မိပါသည် ။

လေးရက် မြောက် သော နေ့တွင် ကျွန်မ အခန်းတံခါး သော့ ကို အဖေ ကိုယ်တိုင် လာ၍ ဖွင့်ပေး လေတော့သည် ။ ဒေါ်လေး က ကျွန်မ ကို ...

“ မိုက်လှချည်လား တူမ ရယ် ... ဇွဲကြီးလှချည့်လား ” ဟု ချီးမွမ်း ထောမနာ ပြုသောအခါ ကျွန်မ သည် ဒေါ်လေး ၏ ရင်ခွင် ထဲ တွင် ကိုယ် ကို ပျော့ခွေပြီး ဟန်ဆောင် လှဲချ လိုက်ရ ပါသည် ။ သည်အဖြစ် ကို မြင်သော အဖေ သည် ကျွန်မ ကို မချိတင်ကဲ သနား သွားသည် နှင့် အမျှ အမေ့ ဘက် လှည့် ကာ ...

“ မင်းလေ ... မင်း နောက်ဘဝ ကျ ရင် ဝဋ် ခံရမယ် .. ၊ ကိုယ် မွေး ထုတ်တဲ့ သားသမီး ကို ဒါလောက်ပဲ ရက်စက် ရ သလား ... ”

“ မိုက်တာကို တော့ ၊ မိုက်တဲ့ သမီး ဆိုတော့ မအေ က လဲ မိုက်ပြ ရ တာပေါ့ ... ”

အမေ သည် လည်း စိတ်မကောင်းခြင်း ကြီးစွာနှင့် ပြန် အော်ရင်း အဖေ နှင့် တစ်ပွဲတစ်လမ်း စမ်းကြပါတော့သည် ။

     •••••   •••••   •••••   •••••

အိမ်ဖော် လှအေး မှ တစ်ဆင့် “ ကို့ ” ထံ မှ စာတွေ သည် ကျွန်မ ဆီ သို့ တစ်ရက် တစ်စောင် ၊ နှစ်ရက် တစ်စောင် ဆိုသလို ရောက်လာကြပါသည် ။ ကျွန်မ စိတ်ပေါက်ပေါက် ရှိသည် နှင့် တစ်စောင် မှ ဖောက် မဖတ်ဘဲ လာ သရွေ့ မီးချည်း ထိုင်ရှို့ပစ် မိပါသည် ။ အိမ် ကို တော့ “ ကို ” အဝင် အထွက် မလုပ်ရတော့ပါ ။ ကျွန်မ ကို အဖေ ၊ အမေ ၊ ဒေါ်လေး စသည့် ယက္ခဂုမ္ဘာန် များ က ဝိုင်းရံ ထားလျက် ရှိပါတော့သည် ။

အမေ က ... မြို့ပိုင် ကိုလွမ်းမောင် နှင့် လက်ထပ်ရန် သွေးအေးအေး နှင့် ကျွန်မ ကို အရ နှူး လျက် ရှိပါသည် ။ ဒေါ်လေး က လည်း ကိုလွမ်းမောင် မိဘများ က စိန်တစ်ဆင်စာ နှင့် အိမ်ထောင် ပရိဘောဂ အပြည့်အစုံ လက်ဖွဲ့မည် ဖြစ်ကြောင်း ကျွန်မ သွားရည်ကျမည် အထင် နှင့် နားဝင် အောင် နှူးနှပ် နေပါသည် ။ အဖေ က လည်း ...

“ ငါ့ သမီးလေး က ... လိမ္မာပါတယ် ကွာ ” ဆိုသည့် လေသံ နှင့် ယောက်ျားကြီး တန်မဲ့ ကျွန်မ ကို လင် ပေးစား နေပြန်ပါသည် ။ ကျွန်မ က စိတ်မညစ်နိုင်ဘဲ ရယ်ချင် နေသည် ။ လှအေး နှင့် တွေ့၍ သည်အကြောင်း တွေ ပြောပြီး ရယ်သောအခါ ... ‘ လှအေး ’ က ...

“ မမ စိတ် မှ ကောင်းရဲ့လား မသိဘူး ၊ ရယ်လို့ချည့် နေတာပဲ ” ဟု ကျွန်မ ကို မေးပါတော့သည် ။

“ အေး .. ညည်းတို့တွေ တစ်နေ့ ငါ့ အကြောင်း သိရစေ့မယ် ” ပြော ကာ ကျွန်မ အားရပါးရ ပင် မီးဖို ထဲ တွင် ရယ်ချလိုက် မိပါသေးသည် ။

     •••••   •••••   •••••   •••••

ကိုယ့် ရည်းစား က အူလည်လည် လုပ်၍ တစ်မျိုး အိမ် က မိဘများ က မြို့ပိုင် နှင့် ပေးစားချင် ၍ တစ်ဖုံ ၊ ရင်တုန်စရာ ကောင်းနေသော အချိန် မှာပင် ... ကျောင်း နေဘက် .. ‘ ကိုမြင့်မောင် ’ ကြီး ထံ မှ ရည်းစားစာ သည် ကျွန်မ လက်ထဲ အကျပ်အတည်း ကြား မှ ရောက်လာ ပါ လေသည် ။

ကိုမြင့်မောင် ကို ဟိုတုန်း က သိပ် ကို အမြင် ကတ် ခဲ့ပါသည် ။ ကျွန်မ ထက် လည်း အသက် သုံးနှစ် လောက် ကြီးမည် ထင်ပါသည် ။ ကျွန်မ ကို ပိုး လိုက်သည် မှာ လည်း သေသေကြေကြေ ဖြစ်ပါ၏ ။ ဒါပေမင့် ကျွန်မ မကြိုက်ခဲ့ပါ ။ အခုတော့ ကိုမြင့်မောင် ကို ကျွန်မ ကြိုက်ချင် လာ ပါသည် ။ စာ တစ်စောင် တည်း နှင့် ပြန် ကြိုက် လိုက်၍ မကောင်း သဖြင့် သာ .. အောင့်အီး ပြီး စာ သုံးစောင် အထိ စောင့်ခဲ့ရ သော်လည်း ကျွန်မ သည် ပထမ စာ တစ်စောင် တည်း က ပင် အဆင်ပြေပြေ အိုကေ ဖြစ်ချင် နေ ပါ တော့သည် ။

ကိုမြင့်မောင် ... ရည်းစားစာ က လည်း တော်တော် ဆန်း၏ ။ ကျွန်မ ဆီ မှ ကြိုက်၏ မကြိုက်၏ မသိရသေးခင်က ပင် ... လက်ထပ်ရန် ကိစ္စ ကိုပဲ လူနာ အမဲခြောက် တောင်း သလို တပူပူ မေးနေ ပါတော့သည် ။ ကိုထွန်းဖြူ နှင့် တန်းတူ ထား၍ သူ့ ကို လည်း ကျွန်မ ၏ ' ဘဝကြင်ဖက် ' စာရင်း တွင် ထည့်သွင်း စဉ်းစားပါ ဟု ... အရေး ဆို လာ ချေ၏ ။

အိမ် မှ ‘ အဖေ ’ တို့ ‘ အမေ ’ တို့ ကို တော့ ကျွန်မ ကြိုးရှည်ရှည် နှင့် လှန် ထားပြီး ရွက်ပုန်းသီး ကျွန်မ သည် ‘ ကိုမြင့်မောင် ’ နှင့် ကိစ္စ ကို စဉ်းစား နေ ရ ပါသည် ။ ‘ ကိုထွန်းဖြူ ’ ဆီ မှ စာတွေ က တော့ တဖြည်းဖြည်း အလှမ်း ဝေး သွားရုံ သာ မက ၊ လူ ပါ ရန်ကုန် ကို ပြောင်းသွားပါ တော့သည် ။ ဒါပေမင့် ကျွန်မ ... သူ့ကို မလွမ်းခဲ့ပါ ။ ပြောင်း သွား ၍ လည်း ဝမ်း မနည်းခဲ့ပါ ။

“ ကောင်းတယ် .... ရန်ကုန် ပြောင်း သွားရုံတင် မကဘူး ၊ သေသွား ရင် .... သာ အေး သေးတယ် ။ ”

ကျွန်မ သည် ‘ လှအေး ’  ကိုပဲ ဖိပြီး ပြောမိပြန်ပါသည် ။ လှအေး ကတော့ ကျွန်မ လုပ်ပုံတွေ ကို မကျေမနပ် ဖြစ်နေပုံရ၏ ။

“ မမ ... ဟာ ရုပ် နဲ့ မလိုက်ဘူး ” ဟု ဆိုပါသည် ။

“ ညည်း က ညည်းလင် ထွန်းဖြူ ဘက် က နာ လို့ ငါ့ ကို ရုပ် နဲ့ မလိုက် အောင် ရက်စက်တယ် လို့ ဆိုတာ ပေါ့လေ ဟုတ်လား ၊ ညည်း လင် ကို သနား ရင် ညည်း ဖာသာ ရန်ကုန် လိုက် သွားပြီး ယူပါလားအေ့ ”

လှအေး ၏ ခေါင်း ကို ယောင်းမ နှင့် ခေါက်ရင်း ကျွန်မ က ဤသို့ပင် ရန် တွေ့ခဲ့ရ ပါသေးသည် ။

“ လှအေး ကို ကိုထွန်းဖြူကြီး က မကြိုက်လို့သာပေါ့ မမ ရယ် ... နို့မို့ရင် ဒီကောင်မ က ဘယ် နေလိမ့်မတုံး ”

“ ကောင်နာမ ”

ကျွန်မ က နောက် တစ်ချက် ခပ်နာနာကလေး ထပ် ခေါက်မှ လှအေး သည် ငြိမ်သွား ပါသည် ။ ဒါပေမဲ့ ခဏပဲ ငြိမ်ပါသည် ။

“ မမ ဟာ က ... အစ်ကို ထွန်းဖြူ ကို လည်း ... ဘာမှ အပြစ် မရှိဘဲ နဲ့ ဖြတ် ပစ်တယ် ၊ ဟို မြို့ပိုင် ... လန်ဘား ကို လည်း မယူဘူး ၊ မမ ဟာ က ဘယ့်နှယ်ဟာလဲ ”

“ ငါ့ ဟာ ငါ ... ဘယ်သူ့ မယူယူ ... နင့် အပူ မဟုတ်ပါဘူး ”

“ ဟာ ... မမ ဟာ က ပြတ်ပြတ်သားသား မှ မရှိတာကပဲ ၊ မိန်းမ ဆိုတာ .. ကိုယ့် ကို ပိုးမဲ့ သူ ကြိုက်မဲ့ သူ ရှိတုန်း ယူ ရတယ် မမ ရဲ့ ၊ တော်ကြာ အပျိုကြီး ပိုးထိုး ဖြစ်သွားမယ် ဟင်း .... ”

“ အောင်မယ် ... ကောင်နာမ က .. အရော ဝင်လို့ ရောင့်တက် တယ် ဟင်း .. ငါ့ များ ပြတ်ပြတ်သားသား မရှိဘူးလေး ဘာလေး နဲ့ ပိုးထိုးထိုး လောက်ကိုက်ကိုက် ၊ ငါ့ ဘာသာ ငါ ရည်းစား ဆယ်ယောက် ထားထား နင့် အပူ တစ်ရွေးသား မရှိပါဘူး ”

“ အော် .... မမ က လည်း လှအေး က စေတနာ နဲ့ အကောင်း ပြော တာပါ ၊ ယောက်ျား ဆိုတာ က တော့ လှေကား သုံးထစ် ဆင်းရင် လူပျို ဖြစ် သတဲ့ လှအေး တို့ မိန်းမတွေ က တော့ ရည်းစား တစ်ယောက် က နှစ် ယောက် ပြောင်းရင် ”

“ တော်တော် .... ကောင်မ ၊ ကြီးကျယ်လိုက်တာ ”

ကျွန်မ သည် လှအေး အား မီးဖို ထဲ တွင် ထားခဲ့ကာ ... အိမ်ရှေ့ခန်း သို့ ထွက် လာသော အခါ အိမ် ရှေ့ဝယ် မြို့ပိုင် ကိုလွမ်းမောင် ၏ ‘ ဘေဘီ အော်စတင် ’  ကားနက်ကလေး သည် ‘ ကွိ ’   ခနဲ ဘရိတ် အုပ် ၍ ထိုးရပ် လာပါတော့၏ ။

     •••••   •••••   •••••   •••••

အဖေ နှင့် အမေ သည် ကျွန်မ လို မိုက်လုံး ကြီးသော သမီးမျိုး ၊ တစ်ယောက် ပဲ မွေး၍ တော်ရော့သည် ။ ကျွန်မ သည် အဖေ နှင့် အမေတို့ မြို့ပိုင် ကိုလွမ်းမောင် မိဘများ နှင့် ‘ စေ့စပ်ကြောင်းလမ်းခြင်း ’  ကိစ္စ သတင်း စာ ထဲ တွင် ထည့် လိုက်သော နေ့ မှာ ပင် ကိုမြင့်မောင်ကြီး နှင့် ထွက်ပြေး ခဲ့ပါ တော့သည် ။

ကိုမြင့်မောင် က တော့ မုတ်ဆိတ် ပျားစွဲသော လူ ဖြစ်ခဲ့ရပါပြီ ။ ကိုမြင့်မောင် မိဘများ က အမေ တို့ ဘက် သို့ လူကြီး ဝတ္တရားပီသစွာ သွား၍ ပြောကြ ဆိုကြ သော် လည်း အဖေ တို့ အမေ တို့ ဘက် မှ သဘော မတူ ပြန် မသိမ်း ဟု ဆိုကာ ... ငြင်းဆန် ကြ ပါသည် ။ သည်တော့ ကိုမြင့်မောင် မိဘ များ သည် ဝတ္တရား ကုန်ပြီ ဟု ဆိုကာ သူ့ သား နှင့် ကျွန်မ တို့ လူကြီး စုံရာ မကျဉ်းမကျယ် လက်ထပ် ပေး ပါသည် ။ ကိုမြင့်မောင် အလုပ် က တော့ “ ဆန်အဝယ်တော် ” ဖြစ် ပါသည် ။

“ ဖြူရေ .. ”

“ ကိုမြင့်မောင် ”

“ ဟာ ... ကိုမြင့်မောင် ... ကိုမြင့်မောင် နဲ့ မခေါ်စမ်းပါနဲ့ ဖြူ ရာ .. သူစိမ်းတစ်ရံဆံ ကျနေတာပဲ ”

“ အမလေး ... ကိုမြင့်မောင် မို့ ကိုမြင့်မောင် လို့ ခေါ်တာ ကို ဖြူ .. တခြားဟာတွေ မခေါ်တတ်ဘူး ”

“ အလိမ္မာသားနဲ့ အမိုက်မကလေး ရယ် ... ... လူတွေ ရှေ့ မှာ တော့ ကိုမြင့်မောင် ပဲ ခေါ်ခေါ် သေနာကျကြီး လို့ ပဲ ခေါ်ခေါ် ၊ နှစ်ယောက် ထဲ ကျတော့ “ မောင် ” လို့ ခေါ် နော် ”

“ အမလေးလေး ... မောင် အခေါ် ခံချင် လိုက် တာ က လည်း လွန်နေတာပဲ ”

“ ဘယ့်နှယ် ပြောပါလိမ့်ကွယ် ။ ကိုယ့် ချစ်သူ က ‘ မောင် ’ လို့ တယုတယ ခေါ်တဲ့ အသံကို မကြားချင်တဲ့ ယောက်ျား ဒီ လောက မှာ ရှိရင် ဒီ ယောက်ျား ဟာ လူ တော့ မဟုတ်ဘူး ‘ နွား ’  ပဲ နွား အစစ် ”

ဘာဖြစ်၍ ဖြစ်မှန်း မသိ ။ ကျွန်မ ကိုမြင့်မောင် ကို ‘ မောင် ’ လို့ ခေါ်ရမှာ ဝန်လေး နေ မိပါသည် ။ တစ်ခါတလေ စိတ်ကောင်း ဝင် လျှင် တော့ သူ့ အကြိုက် လိုက်ပြီး ခေါ်မိပါသည် ။ တစ်ခါတစ်ခါ စိတ်ရူးဝင် နှောက် လျှင်တော့ ကျွန်မ ပါးစပ် မှ ‘ မောင်’ သံ သည် တစ်လ လောက် ပျောက်သွား တတ်ပါသည် ။ ဒါပေမဲ့ လင် ရယ် မယား ရယ် ဖြစ်လာကြ တော့လည်း သံယောဇဉ် က တစ်ရက်ထ က် တစ်လ ၊ တစ်လ ထက် တစ်နှစ် ရစ်ပြီးရင်း ရစ်ပတ် ချည်နှောင် ပြီးသား ဖြစ်လာ ပါသည် ။ ဟိုမြို့ ပြောင်း ဒီမြို့ ရွှေ့ နှင့် ပင် အိမ်ထောင်သက် မှာ လည်း တဖြည်းဖြည်း ကြာမြင့် လာ သည် မှာ ၁၅ နှစ် ဟူသော အပိုင်း ကို ပင် ရောက်ခဲ့ တော့သည် နှင့် အညီ ကျွန်မ တွင် သား နှစ်ယောက် သမီး တစ်ယောက် ပင် ရရှိခဲ့ ပါပြီ ။ ကျွန်မ သမီးလေး ၏ နာမည် ကို “ ခင်ပိတောက် ” ဟု ကျွန်မ ကိုယ်တိုင် မှည့် ခဲ့ပါ သည် ။ သားတွေ ကို တော့ ကိုမြင့်မောင် က သူ့ စိတ်ကြိုက် ရွေးကာ -

“ မိုးမြင့်မောင် ”

“ စိုးတင့်အောင် ”

ဟူ၍ မှည့်လေသည် ။ နာမည် သာ မှည့်ထားပေမင့် တစ်ခါမှ ပြည့်ပြည့်စုံစုံ မခေါ်ကြပါ ။ ငယ်နာမည် ‘ ချာတူး ’  နှင့် ‘ အာလူး ’ သာ တွင် နေပြီး သမီး ကို တော့ ခပ်လွယ်လွယ် ‘ ပိတောက် ’  ဟု ပင် ခေါ်ခဲ့ကြလေ သည် ။

     •••••   •••••   •••••   •••••

ကျွန်မ တို့ ရန်ကုန် ရောက် သော နှစ် က ဖြစ်ပါ၏ ။ သမီး ကို ကျောင်း အပ်ရန် အသွား ‘ မာသာကြီး ’ ရှေ့ တွင် ကျွန်မ အမေ့ကြီး မေ့ ထားထာခဲ့ လေ သူ ကိုထွန်းဖြူ နှင့် အခန်း ထဲ ဝယ် ပိတ်၍ မိ နေကြ ပါ တော့သည် ။ သူ့ လက် တွင် လည်း ကျွန်မ သမီးအရွယ် ကလေးမငယ်ကလေး ကို ဆွဲကိုင် ထား ပါသည် ။ ကလေးမလေး ၏ ရုပ် မှာ ကိုထွန်းဖြူ မျက်နှာ နှင့် ရွေး မရ အောင် ချွတ်စွတ် တူလွန်း သောကြောင့် ရှည်ရှည်ဝေးဝေး တွေးစရာ မလို ၊ သူ့ သမီး ဖြစ်ရမည် ဆိုတာ ကျွန်မ မှတ်ချက် ချ ရင်း ကျွန်မ လက်များ သည် တဆတ်ဆတ် တုန်လာ ပါသည် ။

‘ မာသာကြီး ’ နှင့် စကား ပြော နေသော သူ သည် ကျွန်မ ကို မြင်ဟန် မတူသေး ရာ ကျွန်မ မှာ သမီး ကို ဆွဲပြီး ကျောင်း ထဲ မှ ထွက် သာ ပြေးချင် နေပါတော့သည် ။ ကျွန်မ ဘယ်လို ကြံရမှန်းကို မသိဘဲ ရင်တွေ ခုန်နေစဉ် မှာ ပင် ကိုထွန်းဖြူ သည် ‘ မာသာကြီး ’ နှင့် သူ့ သမီး ကိစ္စ ပြီးပြတ် သွား ကာ မတ်တတ် ထ လိုက်ပါသည် ။ သည်အခါ တွင် သူ နှင့် ကျွန်မ မှာ ရှောင်လွှဲ ဖယ်ကြဉ်စရာ နေရာ မရှိတော့ပါ ။ သူ သည် ကျွန်မ မျက်နှာ ကို မြင် လိုက်လျှင် မျက်စိမျက်နှာ ပျက် နှင့် တုန်လှုပ် ချောက်ချားသွား ရာ မှ ...

“ အသက် ”

ဤ အသံ သည် သူ့ လည်ချောင်း ထဲ မှ အက်သံ နှင့် ပေါ်ထွက် လာ ပါသည် ။ ကျွန်မ ဘယ်လိုမှ ပြန် မထူးမိဘဲ သူ့ မျက်နှာ ကိုသာ မဝံ့တဝံ့ နှင့် မော့ ကြည့်လိုက်မိပါသည် ။

“ ကိုယ့် ကို မှတ်မိကောင်း ပါသေးတယ် နော် ... ”

ဘေးဘေးဘီဘီ မှ ကလေးတွေ ၏ မိဘတွေ ကို ပင် သူ သည် ဂရု မစိုက် နိုင် တော့ဘဲ ကျွန်မ အနီး သို့ သူ့ သမီး လက် ကို ဆွဲကာ လျှောက် လာ ရင်း မေး၏ ။

“ ဒါ ... ကိုယ့် သမီးလေး အသက် ”

ကျွန်မ က တော့ အအ မကြီး ဖြစ်နေပါ ချေသည် ။

“ အသက် လည်း သမီး ကို ကျောင်း လာ အပ်တယ် ထင်တယ် ”

"ဟုတ် ... ဟုတ်တယ် ကို .. ထွန်းဖြူ ”

ကျွန်မ သည် ယောင်ယောင်မှားမှား နှင့် သူ့ ကို အရင်တုန်း က လို “ ကို ” ဟု ပင် ပြောလိုက်မိပြီး မှ ထွန်းဖြူ ဟူသည့် စကားလုံးများ ကို ခပ်မြန်မြန် ထပ် ဖြည့်လိုက် ရပါ၏ ။

“ လာ.. လာ မာသာကြီး က ကိုယ် နဲ့ တော်တော် ရင်းနှီး ပါတယ် ။ အသက် သမီး ရဲ့ မွေးစာရင်းတွေ ဘာတွေပေး .. ကိုယ် အပ်ပေးမယ် ”

ယခင် တုန်း က ဖျတ်ဖျတ်လတ်လတ် မရှိခဲ့သော ကိုထွန်းဖြူ သည် ယခုတော့ လည်း သွက်သွက်လက်လက် နှင့် ကျွန်မ လက် ထဲ မှ စာရွက် စာတမ်းများ ကို ယူကာ သမီး ကို ပါ ဆွဲခေါ် သွားပြီး မာသာကြီး ရှေ့ တွင် စာရင်း သွင်းပေး နေပါလေတော့၏ ။ ကျွန်မ မှာ သာ ကျောက်ရုပ်ကြီး လို ငုတ်တုတ် ဖြစ်နေပါတော့သည် ။ နာရီဝက် လောက် အကြာ တွင် သူ့ သမီး ရော ကျွန်မ သမီး ကိုပါ လက် ဆွဲကာ ကျွန်မ ထိုင် နေရာသို့ ပြန်လာပါ သည် ။

“ အသက် ကြည့် ရတာ နေ မကောင်းသလိုပဲ နေကောင်းရဲ့လား ... ကိုယ် တို့ ကွဲသွားကြတာ ကြာပြီနော် ... ”

သူ့ စကား အဆုံး မှ ကွဲသွားကြတာ ကြာပြီနော် ... ၏ နောက်ကွယ် တွင် ယခင် အတိတ် က အရိပ်များ သည် တရိပ်ရိပ် ကပ်ပါ လာ ကြပါ သည် ။ ကျွန်မ မှာ စကား တစ်လုံး မှ မပြောနိုင် သေးဘဲ အနိုင်နိုင် ပြုံး ၍ သာ ပြ နေ ရပါသည် ။ သူ က ကျွန်မ နှင့် တွေ့ဆုံရသည့် အတွက် အားတက် သရော ဖြစ်နေ သလောက် ကျွန်မ မှာ မူ မျက်နှာ ပူထူထူကြီး ဖြစ်နေ ပါ သည် ။

“ ကိုယ် အခု အင်းစိန် မှာ နေတယ် အသက် ၊ အသက် ရော ဘယ်မှာ နေသလဲ ဟင် ”

သူ နှင့် ကျွန်မ သည် သမီး တစ်ကောင်စီ ကိုယ်စီ ဆွဲရင်း မာသာကြီး အခန်း မှ နေ၍ တဖြည်းဖြည်း ထွက်ခဲ့ကြ ပါသည် ။

“ ဖြူ တို့ ကန်တော်ကလေး ၉၄ လမ်း ထဲ မှာ ပါ ... ”

“ ဪ ... ကြံကြံဖန်ဖန် တွေ့ မယ့် သာ တွေ့ ရတယ် ၊ အင်းစိန် နဲ့ ကန်တော်ကလေး နီးနီး ပဲ ”

သူ သည် အိတ် ထဲ ရှိ စီးကရက်ဘူး မှ စီးကရက် တစ်လိပ် ကို ထုတ် ရင်း ညည်းညူ ပြောဆို လိုက်ပါသည် ။

“ အသက် က တော့ ကိုယ့် ကို တွေ့ ရတာ စိတ်ညစ်မှာ ပဲ နော် ”

ကျွန်မ သည် ဘာ တစ်ခွန်း မှ ပြန် မဖြေဘဲ နေလိုက်ပါသည် ။

“ အသက် တစ်ယောက် တည်း လာ သလား ၊ ကိုမြင့်မောင် ရော ”

ဟု ဆိုကာ သူ သည် ကားများ စီတန်း ရပ်ထားရာသို့ မျက်စိ ကစားရင်း မေး ပြန်ပါ၏ ။

“ ကိုမြင့်မောင် မပါပါဘူး ၊ ရန်ကုန် မှာ လည်း မရှိဘူး ၊ ခရီး ထွက် သွားတယ် ... ”

“ ဪ ... ”

ကိုထွန်းဖြူ က ခပ်ရှည်ရှည် အော်လို့ ပြောလိုက်ပြီးမှ ..

“ အသက် ဒါ ကိုယ့် ကား ပဲ ၊ အသက် ရော ကား ပါရဲ့လား ”

“ ဪ .... မပါဘူး ကိုထွန်းဖြူ ၊ သားနှစ်ယောက် ကို ကျောင်းကြို လွှတ် လိုက်ရပါတယ် ”

“ လာ ... လာ ... ဒါဖြင့် ကိုယ် လိုက်ပို့ ပေးမယ် ”

ဆိုကာ သူ့ ကား တံခါး ကို ပြေး ဖွင့်ပါသည် ။

“ နေပေစီ ကိုထွန်းဖြူ ၊ ဖြူ ဘာသာ သုံးဘီးကား နဲ့ ပဲ ပြန်ပါ့မယ် ”

ကျွန်မ က သမီး လက် ကို ဆွဲရင်း နောက်ဘက် သို့ တစ်လှမ်း ဆုတ် လိုက် မိ ပါသည် ။

“ ဟာ .. မဟုတ်တာ အသက် ရာ .. ၊ ဘာလဲ အသက် အိမ် ကို လိုက် မလည်စေချင်လို့ မဟုတ်လား ... ”

“ မဟုတ်ပါဘူး ကိုထွန်းဖြူ ရယ် ၊ ဖြူ အတွက် ဒုက္ခ မဖြစ်စေချင်လို့ ပါ ”

ပြော သာ ပြောရသည် ။ ကျွန်မ အိမ် ကို သူ့ အား ခေါ် မသွားချင် သည်မှာတော့ ဘုရားပေးပေး ကျမ်းပေးပေး အမှန်ပဲ ဖြစ်ပါ၏ ။

“ အသက် ဟာ ဟိုတုန်းက လို ပဲ ... စိတ် မပြောင်းသေး ဘူးနော် .. ၊ ကိုယ့် အပေါ် အသက် ဘာလို့ ဒါလောက် တင်းမာချင် ရတာလဲ ကွယ် ၊ ကား ပေါ် တက်ပါ အသက် ရယ် ၊ ဒီတစ်ခါ ကိုယ့် အလို ကို လိုက်ပါဦး ”

သူ ဘာ ပြောပြော ကျွန်မ မြက်ခင်း ပေါ် မှာ ပဲ သမီး နှင့် ပေပြီး ရပ် နေ ပါသည် ။ သည် အချိန် မှာ ပင် ကျောင်းဝင်း အတွင်း သို့ သုံးဘီးကား တစ်စီး ဝင် လာ သဖြင့် ကျွန်မ လက်ပြ ပြီး ဖမ်းတား လိုက် ပါသည် ။

“ ဘဝ ဆိုတာ ရေပွက်ကလေး ပါ အသက် ရယ် ၊ ကိုယ့် အပေါ် မှာ ဘာလို့များ ဒါလောက် ”

ရိုင်းသည်ပဲ ပြောပြော ရက်စက်သည်ပဲ ဆိုဆို ကျွန်မ သုံးဘီးကား ဆရာ ကို မြန်မြန် မောင်း ခိုင်းပြီး ကျောင်းဝင်း ကို ကျောခိုင်းခဲ့ပါတော့သည် ။

     •••••   •••••   •••••   •••••

အိမ် သို့ ရောက် လျှင် ရောက်ခြင်း ကျွန်မ ခါး မှ အဝတ်သစ်တွေ ကို ပင် မလဲနိုင်တော့ဘဲ အိပ်ရာ ထဲ ပစ်လှဲ ကာ အားရပါးရ ငိုချလိုက် မိ ပါ သည် ။ ကိုထွန်းဖြူ နှင့် အဆက် ပြတ် ခဲ့စဉ် က လည်းကောင်း ၊ အမေ တို့ အဖေ တို့ ကွယ်လွန်ကြစဉ် က လည်းကောင်း မျက်ရည် ခိုင်ခဲ့သော ကျွန်မ သည် ယခု ကိုထွန်းဖြူ နှင့် ယနေ့ ပြန်တွေ့ ခါမှ ဘာ့ကြောင့် မျက်ရည် ကျ ရ ပါလိမ့် ။ ကျွန်မ ကိုယ် ကျွန်မ မသိနိုင်အောင် ဖြစ်နေရ ပါသည် ။ ၁၅ နှစ် လုံးလုံး သူ့ ကို မေ့ခဲ့လေ ရာ မှ ယနေ့ မူ မတွေ့ လို သူ ကို တွေ့ခဲ့ ရ ပြီ ဖြစ်သည် ။

ကျွန်မ ကို တွေ့ရ မြင်ရ သဖြင့် သူ့ အဖို့ ရွှင်ရွှင်လန်းလန်း ဖြစ်နေ သည် ကို သည်နေ့ ကျွန်မ သည် ရက်ရက်စက်စက် ကျောခိုင်းခဲ့ မိ ပြန် လေသည် ။ ကျွန်မ လုပ်ပုံ သည် လူကြီးလူကောင်း တစ်ဦး ၏ ဇနီး လုပ်ပုံ မျိုး မဟုတ်ဘဲ ကလေး ဆန် လွန်း နေသည် ကို အိမ် ကျမှ ပဲ စဉ်းစားပြီး နောင်တ ရ နေ မိပါသည် ။ ကျွန်မ အမှား ကို သတိ ရ ၍ အိပ်ရာ မှ လူးလဲ ထ, လိုက်မိသော အချိန် မှာ တော့ ကိုထွန်းဖြူ သည် ကျွန်မ အနား တွင် မရှိရှာ တော့ပါ တကား ။

သည့် နောက် တစ်ရက် တွင် သမီးလေး ကျောင်းပို့ ကျောင်းကြို ချိန် “ မာသာ ” တို့ ကျောင်း ကို ကျွန်မ လိုက်သွား ပါ က ကိုထွန်းဖြူ နှင့် တွေ့ရ ဦးမည် သေချာသော်လည်း ကျွန်မ ထို ကျောင်း သို့ လိုက် မသွားရဲခဲ့ပါ ချေ ။ ဒရိုင်ဘာ နှင့် ပင် သမီး ကို အကြို လွှတ် မိပါသည် ။ ဘာဖြစ်လို့တော့ မဆိုနိုင် ။ ကိုထွန်းဖြူ ကို တွေ့ပြီး ကတည်း က ကျွန်မ ရင်တွေ သည် ခုန်လွန်း တုန်လွန်း နေသည် မှာ တော့ အမှန်ပဲ ဖြစ်ပါသည် ။

     •••••   •••••   •••••   •••••

“ မေမေ ရေ မေမေ ၊ သမီး ကို ကျောင်း အပ်ပေးတဲ့ ဦးဦး နဲ့ ‘ ဆွိတီ ’ တို့လေ ၊ ဒီနေ့ ကား တိုက် ခံရလို့ မေမေ ... ”

တတိယမြောက် သော နေ့ သမီးလေး ညနေ ကျောင်း ဆင်းချိန် တွင် အော် ၍ ပြေးတက် လာသော သည် အသံ သည် ကျွန်မ နားတွင်း သို့ ပူ ဝင် သွား စေပါသည် ။

“ ဟုတ်တယ် မမ ရေ.. ၊ ကျောင်းဝင်း ထဲ က သူတို့ ကားလေး က ထွက် အလာ ... တစ်ဖက် က လာတဲ့ ကုန်ကားကြီး နဲ့ ခေါင်းချင်း ပြေးတိုက် မိတာပဲ ၊ သူ့ အဖေ က ကားတံခါး ပွင့်ပြီး လွင့်ကျ သွားတယ်.. ၊ သူ့ သမီးလေး လည်း သွေးတွေ ကို ရဲနေတာပဲ .. ”

“ ဘုရား .. ဘုရား .. မောင်မြင့် လာ လာ - ငါ့ ကို ဆေးရုံ လိုက် ပို့ ပေးစမ်းပါဟယ် ... ”

ကျွန်မ သည် သားတို့ ၊ သမီးတို့ ကို ထမင်း ကျွေး ရန် လည်း သတိ မရတော့ပါ ။ ကျွန်မ ခေါင်း ကို မီးလောင်ခဲ့ပါ လေပြီ ။ တစ်လမ်း လုံး လည်း ကိုထွန်းဖြူ တို့ သားအဖ အတွက် ဆုတောင်း ရင်း ဆေးရုံကြီး ရောက်ခဲ့ ပါသည် ။ ကိုထွန်းဖြူ ထား ရှိရာ အထပ် သို့ ဓာတ်လှေကား နှင့် တက်ရ သည် ကိုပင် နှေးသည် ဟု ကျွန်မ ထင်နေ မိပါသည် ။ သူ့ အခန်း သို့ ကျွန်မ ရောက်သော အခါ သူ့ ခြေတွေ လက်တွေ တစ်ကိုယ်လုံး နှင့် ဦးခေါင်း ဘယ်ဘက် တစ်ခြမ်း ကို လည်း ပတ်တီးတွေ စည်း ထားလျက် တွေ့ ရ သည် ။ ကျွန်မ ကို သူ သည် မျက်ရည် လည်နေသော မျက်လုံး အစုံ နှင့် လှမ်း ကြည့်ပါသည် ။ ကျွန်မ ကို မြင် သော်လည်း သူ့ ပါးစပ် မှ အသံ ထွက် မလာပါ ။

“ ကို .. ”

ကျွန်မ ဟန် မဆောင် နိုင်တော့ပါ ။ သူ့ မျက်နှာ နား သို့ ကပ်၍ ခေါ် လိုက် မိလေသည် ။ ကျွန်မ မျက်လုံးအိမ် တွင်း မှ မျက်ရည်ပေါက် နှစ်ပေါက် သည် သူ့ ပါး ပေါ် သို့ တောက်ခနဲ ကျ သွားလေသည် ။

“ ကို ... ဘယ်လို ဖြစ်ရတာလဲ ကို ရယ် ၊ ကို့ သမီးလေး ရော ဟင် ... ”

“ သမီးလေး ... သမီးလေး ... ဆုံးပြီ တဲ့ အသက် ရယ် ... ”

“ အို ... ”

ကျွန်မ ရပ် နေသော ဆေးရုံကြီး သည် ချာချာလည် သွားပါလေ တော့သည် ။ ကျွန်မ သည် ကိုထွန်းဖြူ အိပ် နေသော သံခုတင် ကို သာ ဆုပ်ကိုင် ထားလိုက်မိ ပါ၏ ။

“ ကလေး အမေရော မလာဘူးလား ကို − ဟင် ၊ ကို့ မိန်းမ ရော ... ”

ကျွန်မ သည် သွေးရူး သွေးတန်း နှင့် သူ့ ကို ထပ် မေးလိုက်မိ ပြန်ပါသည် ။

“ ဒီ လောကကြီး ထဲ မှာ ကို ရယ် ၊ သမီးလေး  ရယ် နှစ်ယောက်တည်း ပါ ကွယ် ၊ သမီး အမေ ဆုံးတာ ကြာပါပြီ ... ”

“ အို ... ကို တော်ပါတော့ ... ”

ကျွန်မ သည် ကိုထွန်းဖြူ မျက်နှာ ကို ကြည့်ရင်း ကျွန်မ ရင် ထဲ မီးလောင် လာ ပါတော့သည် ။ ကျွန်မ ဆက် ၍ မကြားဝံ့တော့ပါ ။

“ ဘဝ ဆိုတာ ရေပွက်ကလေး ပဲ လို့ တစ်နေ့ က ပဲ ကိုယ် ပြောခဲ့တယ် မဟုတ်လား အသက် ”

ဟုတ်ပါသည် ။ ကျွန်မ သည် ကိုထွန်းဖြူ အပေါ် တွင် အမျိုးမျိုး နှိပ်စက်ခဲ့ မိသော မိန်းမ တစ်ယောက် ဖြစ်ပါသည် ။ ကျွန်မ အမှား ကို ကျွန်မ နောင်တ ရ ၍ မဆုံးနိုင်တော့ပါ ။

“ ကို နေကောင်းအောင်သာ ကြိုးစားပါ ကို ရယ် ... ”

အား သာ ပေးရသော်လည်း ကိုထွန်းဖြူ ၊ နေကောင်း လာ တော့ ရော ... ကျွန်မ က ကိုထွန်းဖြူ ဘဝ ကို ဘယ်လို ကူညီနိုင်မည့် သူ ပါ နည်း ။

“ နေ ကောင်းဖို့ လည်း မလိုတော့ပါဘူး အသက် ရယ် ... ကိုယ့် မှာ ချစ်မယ့် လူ လည်း မရှိ ၊ သမီးကလေး လည်း မရှိတော့ဘဲ ၊ နောက်ပိုင်း မှာ ခြေကျိုးလက်ကျိုး ဘဝ နဲ့ ဘာ အသုံးကျဦးတော့ မှာ တုံး ၊ ကဲ ကဲ အသက် မိုးချုပ် နေ ပြီ ... ပြန်တော့နော် ”

     •••••   •••••   •••••   •••••

ခြံဝ သို့ ရောက် လျှင် ပင် အိမ် ရှေ့ ၌ ကိုမြင့်မောင် မော်တော်ကား ပြန် ရောက် နေသည် ကို ကျွန်မ တွေ့ လိုက်ရပါ၏ ။ ကိုမြင့်မောင် သည် ကျွန်မ ကို အိမ်ဝ မှ နေ၍ ခါးအခန့်သား ထောက်ပြီး ဆီးကြို နေ ပါ သည် ။

“ ဖြူ မောင် မရှိတုန်း ကား တစ်စီး နဲ့ ဒီလိုပဲ ကလေးတွေ ရော ၊ အိမ် ကို ရော ပစ်စလက်ခတ် ထားခဲ့ပြီး လည် နေတာပဲလား .. ”

“ ကိုမြင့်မောင် ရှင် ဘာစကား ပြောတာလဲ ”

“ ဘာစကား ပြောရမှာလဲ ၊ အိမ် ထဲ မှာ ကလေးတွေ က လည်း ပြော မရ ဆိုမရ ဝုန်းဒိုင်းကျဲလို့ အခန်း ထဲ မှာ လည်း သေတ္တာတွေ ရော ၊ ဗီရိုတွေ ရော လည်း ပွင့်လို့ ဟလို့ မောင့် ရှေ့ တစ်မျိုး ကွယ်ရာ တစ်မျိုးတွေ နည်း နည်း မှ မကြိုက်ဘူး ၊ အခု ဖြူ ဘယ်က ပြန်လာတာလဲ ဟင် ”

ကျွန်မ သည် ပထမ တော့ အမှန် ကို ဝန်ခံရန် နှုတ်လေး နေ မိသည် ။ ဒါပေမဲ့ ကျွန်မ က ဒီနေ့ ဖုံးထား လိုက်ပြီ ထား ပါတော့ သမီးကလေး က ဖော်မည် ။ ဒရိုင်ဘာ က ပြောမည် ။ သည်တော့ ကျွန်မ မရိုးသားရာ ကျမည့် ဘေး ကို သိ သဖြင့် ခု ရှုပ် မှ နောင် ရှင်း ဆိုသလို မျက်နှာတင်းတင်း နှင့် ပင် ...

“ ကိုထွန်းဖြူ ဆေးရုံ တက် နေလို့ သွား မေးတာ ”

“ ဘာ ... ဘာ ... ”

ကိုမြင့်မောင် မျက်နှာကြီးမှာ ကြောက်မက်စရာ အသွင် သို့ ပြောင်းလွဲ သွားပါသည် ။

“ ကိုထွန်းဖြူ ကို .. သွား မေးတာပါလို့ ဆိုနေ ”

“ ရှုတ်ရှုတ်ယှက်ယှက်တွေ မလုပ်ပါနဲ့ ဖြူ ... မောင် ပြန်လာ မှ သွား မေးတော့ ဘာဖြစ်လို့လဲ ဟင် ”

“ အော် ... သေမယ့် လူ က ရှင် ပြန် လာအောင် ဆေးရုံ က အသက် အောင့် စောင့် နေရ မတဲ့ လား ”

ကျွန်မ က ပြန်ပြီး အော် ပြောလိုက် မိ သလို ပင် သူ က လည်း ကု,လားထိုင် ပေါ် တွင် ဒရိုင်ဘာ လာ ချပေးသွားသော အိပ်ရာလိပ်ကြီး ကို ခြေထောက် နှင့် ပစ်ပျက် ကန် ထည့် လိုက်ကာ ...

“ ထွန်းဖြူ က မောင့် ထက် အရေးကြီး နေ သပေါ့လေ ” ဟု ကျွန်မ ကို ပုတ်ခတ် လာ ပါသည် ။ သည်အခါတော့ ကျွန်မ သည် ရှက် လည်း ရှက် ဒေါသ လည်း ထိန်း မရတော့ပါ ။ တစ်သက် နှင့် တစ်ခါ သည်လို ရှက်နည်း မျိုး ကျွန်မ မကြုံခဲ့ဖူးပါ ၊ ကိုမြင့်မောင် ဘာတွေ ထပ် ပြော နေသည် ကို လည်း ကျွန်မ နား တွင် မကြား ရ တော့ပါ ။ အခန်း ထဲ သို့ ဝင် ခဲ့ပြီး ကျွန်မ အဝတ် အစားများ ကို သာ သားရေလက်ဆွဲအိတ် ထဲ ပစ် ပစ် ထည့်မိပါသည် ။

သား နှစ်ယောက် နှင့် ကျွန်မ သမီးငယ် သည် ကျွန်မ လုပ်ပုံ ကို နား မလည် သလို နှင့် ကျွန်မ ဘေး တွင် အငေးသား ကြည့် နေရင်းက ...

“ မေမေ ... ဘယ် သွားမလို့လဲ မေမေ ” ဟု မေးကြပါသည် ။ ကျွန်မ သူတို့ ကို ကြည့်ရင်း ...

“ သားတို့ မေမေ နဲ့ လိုက်ခဲ့ကြ မလား ၊ ဖေဖေ နဲ့ နေခဲ့ မလား ” ဟု ကျွန်မ ငိုသံပါကြီး နှင့် မေး လိုက်ရာ ..

“ လိုက်မယ် ... မေမေ နဲ့ လိုက်မယ် ” ဆိုပြီး သူတို့ လည်း သူတို့ ပစ္စည်းများ ကို ထည့်ကြ သိုကြ ပါလေကုန်သည် ။ သား နှစ်ယောက် နှင့် သမီး ပိတောက် တို့ ၏ လက် ကို ဆွဲကာ ကျွန်မ အိမ်ရှေ့ ပြန် ထွက် ခဲ့ ပါသည် ။ လက် တစ်ဖက် မှ သားရေအိတ် အခြား လက်တစ်ဖက် မှ သား နှင့် သမီး ကို ဆွဲပြီး ကျွန်မ စကားတွေ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ ကိုမြင့်မောင် နှင့် မျက်နှာချင်းဆိုင် ရပ် လိုက် မိ ပါတော့သည် ။

     •••••   •••••   •••••   •••••

လွန်လေပြီးသော ၁၅ နှစ် ခန့် က ကျွန်မ သည် ကျွန်မ အား ချစ်ခဲ့လေ သူ ကိုထွန်းဖြူ ကို ရက်စက် မုန်းခဲ့ သလိုပင် အခု ကိုမြင့်မောင် ၏ အမုန်း ကို ယနေ့ ခံယူခဲ့ ရ ပါပေပြီ ။ ဒါပေမဲ့ ကျွန်မ ဝမ်း မနည်းပါ ။ သည် အတွက်ဖြင့် မျက်ရည် တစ်ပေါက် လည်း မကျပါ ။ ယနေ့ အဖို့ ကျွန်မ ကို တကယ် အသက် နှင့် ထပ်တူ ချစ်သည့် ‘ ချစ်သောသူ ’ ကို ရှာဖွေ ၍ တွေ့ခဲ့ လေပြီမို့ ပဲ ဖြစ်ပါသည် ။ ကျွန်မ သ ည် အသက် သုံးဆယ့်ခြောက်နှစ် ပြည့် ၍ ကလေး သုံးယောက် အမေ ဖြစ်ခါ မှ အချစ် ၏ သဘောတရား ကို နားလည်စ ပြုသည့် မိန်းမ တစ်ယောက် ဖြစ်ရပါလေ သတည်း ။

◾ယုဝတီမာလာသိန်း

📖 ရူမဝ မဂ္ဂဇင်း
      ၁၉၆၄ ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment