Wednesday, April 5, 2023

ငါး ဖမ်း ၍ ကျီးကန်း မိခြင်း


 

❝ ငါး ဖမ်း ၍ ကျီးကန်း မိခြင်း ❞

အကျည်းတန်သော ည သည် မုန်းစရာ ကောင်း အောင် ရှည်လျားလွန်းလှသည် ။ ကုန်ခဲလှသည့် ဖြစ်ခြင်း ။ ကိုဝင်းကြည် က အိပ် မရဘဲ မှိတ်ခဏသာ ဖြစ်နေရသော သူ့ မျက်စိ အစုံ ကို ထိုးဖောက် ပစ်ချင်အောင် ဒေါပွ နေလေသည် ။ အိပ်ရာ ပေါ် တွင် ကိုယ် ကို ဘယ်စောင်း ၊ ညာလှည့် ၊ ပက် လက် မှ မှောက်ခုံ မျိုးစုံအောင် အိပ် ကြည့်သည် မရ ၊ ခေါင်းအုံး ကို လည်း လှဲ၍ ၊ စောင်း၍ ၊ ခေါက်၍ ၊ ချိုး၍ အိပ် ပြန်သည် ။ အကြောင်း မထူး မျက်စိ က ပြူး ကြောင် နေသည် ။

ည သည် တိတ်ဆိတ် နေသည်  နှင့် အမျှ ကိုဝင်းကြည် ဇနီးသည် ၏ ဟောက်သံ က ကျယ်ကျယ်လောင်လောင် တစ်ခန်းလုံး ကို လွှမ်းဖုံး နေပေသည် ။ လမ်းထိပ် ဆီ မှ နာရီ သံချောင်းခေါက်သံ နှစ်ချက် သည် ကိုဝင်းကြည် ၏ ပင့်သက် နှင့် အတွေးခန်း ကို လှုပ်ရမ်း သွားစေလေသည် ။

“ ဟင်း ... နှစ်နာရီ တောင် ထိုး ပါပေါ့လား ”

ကိုဝင်းကြည် က ဖြစ်ချင်တာ မှန်သမျှ ဖြစ် မလာဘဲ မဖြစ်ချင်တာတွေ ချည်းသာ ဖြစ် လာခဲ့ရလေသော သူ့ ဘဝ ကို မကျေမချမ်း ဖြစ် နေမိသည် ။ လောက ကမ္ဘာမြေ တွင် ကံ အဆိုးဆုံး လူ တစ်ယောက် အဖြစ် သူ့ ဘဝ ကို နာကြည်း ခံပြင်း နေပြန် လေသည် ။ အစဉ်သဖြင့် ရုံး က တောခေါင်း ဦးသိန်းရွှေ ၏ စကားသံ က ဆိတ်ကွယ်ရာ မရှိအောင် ကို ဝင်းကြည် ကို ခြောက်လှန့် တုန်လှုပ် စေလေသည် ။ 

“ တို့ဆရာ လည်း ဘကြီးအောင် ပြောတဲ့ ရယ်စရာ ပုံပြင်လေး ထဲ က ငါးမျှားတဲ့ လူ လို ဖြစ်နေပြီ ။ တစ်ခါက လူ တစ်ယောက် ဟာ ရေကန်စောင်း သစ်ပင်ရိပ် မှာ ထိုင်ပြီး ငါး မျှား တယ် ဆိုပဲ ။ ရေပြင် ပေါ် ပေါ် နေတဲ့ ဖော့တုံး နစ်တာ နဲ့ ငါးမျှား တံ ကို အပိုင် ဆွဲသုတ် လိုက်တာ ငါး တော့ ပါမလာဘူး ၊ လား လား သစ်ပင် ပေါ် က ချောင်း နေပြီး ငါး စာ ကို အငမ်းမရ ထိုး သုတ်လိုက်တဲ့ ကျီးကန်း သာ တန်းလန်းကြီး မိ ပါလေရော တဲ့ ဟား ဟား ဟား ”

ကိုဝင်းကြည် က သက်ပြင်းရှည်ကြီး ကို လေးလေး ပင်ပင် မှုတ် ထုတ် လိုက်သည် ။ တောခေါင်းဦးသိန်းရွှေ ၏ စကားလုံးများ က နေ့နေ့ညည သူ့ နား ထဲ တွင် ပဲ့တင်ထပ် မျှ ကြား နေရသည် ။ ကိုဝင်းကြည် သည် နဖူးပေါ် လက်တင် လိုက်သည် နှင့် တစ်ပြိုင်နက် မဝေး သော အတိတ်ကာလ မှ မရှုမလှ သူ့ ဘဝ ဇာတ်ကြောင်း စုံ သည် စိတ်ကြေးမုံ တွင် တစ်ကွက်စီ ၊ တစ်ခန်းစီ တစ်စစ ထင်ဟပ် လာလေတော့သည် ။

     •••••   •••••   •••••   •••••

ခင်မြမြ နှင့် ရီရီ တို့သည် အလွန် ချစ်ခင်သော သူငယ်ချင်း နှစ်ယောက် ဖြစ်ကြသည် ။ အိမ်ချင်း က လည်း သိပ် မဝေးလှဘဲ ဝိုင်းကွက် တစ်ကွက် သာ ခြားသည် ။ ထူးဆန်း အံ့သြဖွယ် တိုက်ဆိုင်မှု ပေလား မပြောတတ် ။ ခင်မြမြ နှင့် ရီရီ တို့ နှစ်ယောက် သည် ဆွေမတော် သားမစပ် ဘဲ အရပ်အမောင်း ကိုယ်လုံး ကိုယ်ထည် ၊ အသားအရေ ၊ မျက်နှာပေါက် မှ အစ ရုတ်တရက် ခွဲ မရအောင် တူ နေ လေသည် ။ ရုပ်လက္ခဏာ အရ ခင်မြမြ သည် ရီရီ လို မျက်လုံး ဝိုင်းဝိုင်း ရွဲရွဲကြီး မဟုတ်ဘဲ အနည်းငယ် ကျဉ်းမှေး ၍ မသိမသောကလေး စွေ နေသည် ။ သည်ဟာ ကလည်း သေသေချာချာ ကြည့် မှ သိသာ ခြားနား ပါလေသည် ။

ခင်မြမြ နှင့် ရီရီ သည် ယေဘုယျ အားဖြင့် “ တူသည် ” ဟု ဆိုရမည် ဖြစ်သည် ။ သို့သော် ... အနီးကပ် လေ့လာသုံးသပ်မည် ဆိုက သူတို့ နှစ်ယောက် မှာ မိုး နှင့် မြေ ၊ ဆီ နှင့် ရေ မျှ ကွာခြား နေသည်ကို တွေ့ ရပေလိမ့်မည် ။ သူတို့ နှစ်ဦး ၏  ရုပ်ခန္ဓာ ဖွဲ့သည်းမှု ဗဟိဒ္ဓ သဏ္ဍာန် သည် မျက်လုံး အကျဉ်း နှင့် အကျယ် လောက်သာ ခြားနားမှု ရှိသော်လည်း အဇ္ဈတ္တ သန္တာန် အတွင်းစိတ် သည် လုံးလုံးလျားလျား ကွာခြား ဆန့်ကျင်လျက် ရှိလေသည် ။

ရီရီ သည် ဣန္ဒြေ သိက္ခာ နှင့် ရိုးရိုးအေးအေး တည်တည်ငြိမ်ငြိမ် နေ တတ်သည် ။ အရှက်အကြောက် ကြီး ပြီး စကား နည်း၏ ။ ဘုရားတရား ကြည်ညိုပြီး မိဘနှစ်ပါး နှင့် အတူ စဉ့်အိုးလုပ်ငန်း လုပ်ကိုင် စားသောက် နေခဲ့လေသည် ။ ခင်မြမြ နှင့် ရီရီ က ဆန့်ကျင်ဘက် သမီးပျိုများ ဖြစ်သည် ။ ခင်မြမြ သည် ရီရီ ကဲ့သို့ တစ်ဦးတည်း သော သမီး ဖြစ်သော် လည်း အိမ် တွင် ဘာမျှ လက်ကြော တင်းအောင် မလုပ်ရ ။ အလှပြင် ၊ အဆင်ရွေး ကာ ဝတ်ရေးစားရေး ၌သာ အချိန် ကုန် တတ်၏ ။

ရီရီ ကဲ့သို့ ရိုးရိုးအေးအေး နေသည်ကို အ သည် ဟူ၍ လည်းကောင်း ၊ ခေတ် နောက်ကျ သည် ဟူ၍ တစ်နည်း ၊ လူရာ မဝင် ဟူ၍ တစ်ဖုံ မျိုးစုံအောင် ကောက်ချက် ချတတ် လေသည် ။ စကား ပြော လျှင် လည်း အော်ကြီးဟစ်ကျယ် ၊ ခြေတို့လက်တို့ ပြောလား ပြောရဲ့ ၊ ရယ် ချင် လျှင် လည်း လူ လယ်ကောင် မရှောင် ဟားတိုက် ရယ်လား ရယ် ရဲ့ ၊ တကယ့် မိန်းကလေး ။

စကားအရာ တွင်လည်း သူ     အသာ ၊ သူ အနိုင် ၊ ပြော စရာ ရှိလျှင် အားမနာ ၊ မျက်နှာ မထောက် ဒိုးဒိုးဒေါက်ဒေါက် ပြော တတ်၏ ။ လိုရာ ပစ္စည်း ဆိုကလည်း အလိုရမ္မက် ကြီး ပြီး ဖြစ်သည့် နည်း ဖြင့် ရယူ တတ်သော အတ္တသမား ၊ တစ်ကိုယ်ကောင်း ဆန် သူ ဖြစ် လေသည် ။

ယင်းသို့သော ဝိသေသထူးများ ကြောင့် မိန်းကလေး သူငယ်ချင်း ဆိုလို့ ပြေး ရေတွက် ကြည့်မှ သူ့ အိမ် အောက် တွင် လက်ခစား အိုး လာ လုပ်သော မိရွှေထယ် နှင့် မြောက် ဘက် ခြံ က ရီရီ နှစ်ယောက် သာ ရှိသည် ။ ယောက်ျား မိတ်ဆွေ ဆိုပြန် က လည်း ရိုးရိုးကုတ်ကုတ် နှင့် သူ ပြော သမျှ ပြီး ၊ သူ တီး သမျှ ခံ ၊ သူ မာန် သမျှ ဘာ တစ်ခွန်း မျှ ပြန် မပြောတတ် သော ကိုဝင်းကြည် တစ်ယောက် သာ ရှိသည် ။

ပုရိသယောက်ျား တို့ အထဲ တွင် ကိုဝင်းကြည် လို လူမျိုး သည် ရှာ မှ ရှား ။ ရှေးရှေးက သီလဝ များ ဝင်စားသလား မပြောတတ် ။ အရှက်အကြောက် က လည်း ကြီး ပါပေ့ ။ ကိုဝင်းကြည် သည် သစ်တောဌာန မှ တောအုပ် တစ်ယောက် ဖြစ်ပြီး တစ်ကိုယ်ရေ တစ်ကာယ အိမ်ငှား နေ ၍ ထမင်း လပေး စား နေသူ ဖြစ်သည် ။ မိဘနှစ်ပါး ကွယ်လွန် သွားခဲ့ သည် မှာ ကြာပြီ ဖြစ်သည် ။ ကိုဝင်းကြည် သည် အလုပ် အား ရက်များ တွင် ခင်မြမြ တို့ အိမ် ၌ သာ အချိန် ကုန် တတ်သည် ။ ခင်မြမြ တို့ အိမ် သည် သူ့ စားအိမ် သောက်အိမ် ။ သူ့ တစ်သက်တာ တွင် မိန်းကလေး ဆိုလို့ ခင်မြမြ နှင့် ရီရီ နှစ်ယောက် သာ ရင်းရင်းနှီးနှီး ဆက်ဆံခဲ့ ဖူးလေသည် ။ ရီရီ နှင့် ပင် ခင်မြမြ ၏ မိတ်ဆက် ပေးမှု ကြောင့် သိကျွမ်း ခဲ့ရသည်မှာ မကြာလှ သေးပေ ။

“ ကိုဝင်းကြည်ကြီး သိပ် ဆိုးတာပဲ ။ မနေ့က ဈေး ထဲ မှာ ရီရီ ဈေးဝယ် နေ တာ နောက် က နေပြီး မြမြ - မြမြ နဲ့ လိုက် ခေါ်တာ ဘေးက အသိတွေ က ဝိုင်း ရယ်ကြတာပေါ့ ။ ရီရီ ဖြင့် ရှက် လိုက်တာ မပြောပါနဲ့ တော့ ”

“ သည်းခံပါဗျာ ၊ ရီရီ က ဈေး အလာ နည်းတယ် ။ မြမြ သာ အလာ များတာ ၊ တွေ့တုန်း သူ မှာ ထားတဲ့ သစ်ခွပန်း ပေး မလို့ အမှတ်တမဲ့ ခေါ် လိုက် မိတာပါ ။ ခင်ဗျား တို့ နှစ်ယောက် က ရုပ်ချင်း တူ ရတဲ့အထဲမှာ အဝတ်အစား ကို ဆင် တူ ချုပ် ဝတ် လိုက်ကြသေး ဆိုတော့ မှားတဲ့ အခါလည်း မှား မှာ ပေါ့ဗျာ ”

“ ဒီ လူကြီးက တော့ နမော်နမဲ့ နဲ့ ဖြစ် လိုက်ရင် တစ်လွဲတစ်ချော် ချည်းပဲ ”

“ ပြောကြတော့ ဗျာ ၊ အပြော ခံရအောင်လည်း ဖြစ်နေ မှကိုး ”

သူတို့ သုံးဦး ဆုံ မိကြလျှင် အလွန် ပျော်စရာ ကောင်း လှသည် ။ တစ်ယောက် တစ်ခွန်း အရွှန်းအနောက်တွေ ပြော လိုက် ၊ စလိုက် နှင့် ကြည်နူးစရာ ပင် ၊ ခင်မြမြ ၏ သင်္ဘောရွက်နိုင်နိုင် ၊ ပုစွန်ခြောက်လှိုင်လှိုင် ဖြင့် လုပ်ထားသော လက်ဖက်သုပ် နှင့် ရေနွေးကြမ်း က လည်း လျှာရင်း မြက်၍ တ သက်သက် ဖြစ်စေပါသည် ။ 

တစ်ခါတလေ ကိုဝင်းကြည် အားလပ်သည့် ရက်များ တွင် သုံးယောက် သား ဘုရားကျောင်းကန် ၊ ရုပ်ရှင်ရုံ တို့ တွင် တပျော်တပါး လျှောက် လည်ရင်း အချိန် ဖြုန်း တတ် ကြ၏ ။ သည်လိုနှင့် ပင် သူတို့ ၏ ခင်တွယ်မှု သံယောဇဉ် မှာ အမျှင်တန်း လျက် ပိုမို ခိုင်ခံ့ လာ ခဲ့ လေသည် ။ 

ကိုဝင်းကြည် သစ်တော တက်သည့် ရက်များတွင် မူ သူတို့ ၏ စကားဝိုင်း သည် ခြောက်ကပ် တိတ်ဆိတ်နေ တတ်ပေသည် ။ အနှီ အခါမျိုး တွင် ခင်မြမြ ကော ၊ ရီရီ ပါ ကိုဝင်းကြည် ကို အောက်မေ့ သတိရ တမ်းတ မိကြ လေသည် ။ သူတို့ နှစ်ယောက် တွင် အဆိုးဆုံး နှင့် အဖြစ် အသဲဆုံး က ခင်မြမြ ။

     •••••   •••••   •••••   •••••

ခင်မြမြ သည် အိမ်အောက်ခန်း တွင် တစ်ယောက် တည်း အိုး စမ်း လုပ်ကြည့် နေ၏ ။ အိုးထိန်းစက် ပေါ် တွင် ရွှံ့တုံးကြီး တင်ပြီး ပတ်ချာ လှည့်လိုက် ၊ ရပ်လိုက် နှင့် ဘာ ပုံ မျှ ထွက် မလာဘဲ ရွံ့တွေ ပေပွနေတော့သည် ။

“ ဟေ ... မြမြ ဘာတွေ လုပ်နေတာလဲ ” 

“ ဪ .. ကိုဝင်းကြည်ကြီး ပါလား ၊ လာ ထိုင်လေ ”

ကိုဝင်းကြည် က ခင်မြမြ ပေးသော ဖင်ထိုင်ခုံ တွင် ဝင် ထိုင် လိုက်သည် ။

“ အမယ် ရုံးပိတ်ရက် မဟုတ်ဘဲ နဲ့ ထူးထူးခြားခြား ပါလား ။ ဘာကိစ္စများ အရေး ကြီး လာပါလိမ့် ”  

ခင်မြမြ သည် ပေနေသော လက် မှ ရွှံ့များ ကို အင်ဇလုံ တွင် နှစ်၍ ဆေးရင်း မေး လိုက်ပြန်သည် ။

“  ဒီ ... ဒီနေ့တော့ ရုံးပိတ်ရက် မဟုတ်ပေမဲ့ အရေး ကြီးတဲ့ ကိစ္စ တစ်ခု ရှိလို့ လာခဲ့ရတာ မြမြ ရေ ... ”

ကိုဝင်းကြည် ၏ အသံများ သည် တုန်ယင်ပြီး စကား လုံးများ ကလည်း ထစ် နေသဖြင့် ခင်မြမြ က တအံ့ တသြ စူးစိုက် ကြည့် လိုက် သည် ။ ဟုတ်သည် ။ တစ်သက် နှင့် တစ်ကိုယ် သည်လို စကားမျိုး ကိုဝင်းကြည် အဖို့ သည် တစ်ကြိမ် သာ ပြောဖူးသည် ။ အရေးထဲ တွင် ရှက်စိတ် နှင့် ကြောက်စိတ်များ က လွှမ်းမိုး နေလိုက်သေးသည် ။ ခင်မြမြ က ဆေးပြီးသား လက် ကို အဝတ်စုတ် နှင့် သုတ် နေရင်း ...

“ အင်း ... ဆိုပါဦး ”

“ ကိုယ့် အနေ နဲ့ ပြောလို့ မထွက်ဘူး မြမြ ။ မပြောလို့ ကလည်း မဖြစ် ။ ဒါကြောင့် မနည်း ကို သတ္တိ မွေးပြီး အရဲစွန့် လာခဲ့ရတာ ။ မြမြ အနေနဲ့ ကိုယ့် ကို အထင် သေးသွားမှာ ကို လည်း ကြောက်တယ် ။ အား လည်း နာ ၊ မျက်နှာ လည်း ပူ ပါတယ် မြမြ ”

ခင်မြမြ သည် ချက်ခနဲ ဆို နားခွက် က မီး တောက်ပြီး သွား ၊ တစ်ထွာ ပြလျှင် အလံ တစ်ရာလောက် ပြေး မြင် တတ်သော မိန်းကလေး ။ ကိုဝင်းကြည် လို လူစား ၏ စကား လောက်များ ပါးစပ် ဟ လိုက်သည် နှင့် ဘာကို ဆိုချင်သည် ကို အတတ် သိနေ နှင့် ပြီးသား ဖြစ်သည် ။

“ ပြောချင်တာ ရှိရင် ပြောပါ ကိုဝင်းကြည် ။ မြမြ ကို တော့ ဘာမှ အား မနာပါနဲ့  ။ လူတိုင်း မှာ ကိုယ့် ရင် ထဲမှာ ရှိ တဲ့ စကားတွေ ကို ပြောပိုင်ခွင့် ရှိ နေတဲ့ ဥစ္စာပဲ ”

ခင်မြမြ က မချိုမချဉ် မျက်နှာထား နှင့် တစ်ဖက်သား ကို အားမလို အားမရ ဖြစ်စေအောင် ရေလာ မြောင်းပေး စကား စ,ကလေး ဖော် ပေးလိုက်၏ ။ ဗွေဆော်ဦး ကတည်း က ကိုဝင်းကြည် ဆိုလျှင် မဆွတ်ခင် က ညွှတ် ချင်ချင် ဖြစ် နေသူ မဟုတ်ပါလား ။

ကိုဝင်းကြည် ၏ မျက်နှာ သည် သိသိသာသာကြီး အား တက် လာခဲ့သည် ။ သို့သော် ရှက်စိတ် နှင့် ကြောက် စိတ်က လှုပ်ခတ် လွှမ်းမိုးဆဲ ဖြစ်သည် ။

“ ကိုယ် ရှေ့ဆက် မပြောပါရစေ နဲ့ မြမြ ရယ် ။ ဟော ... ဟောဒီ စာ ထဲ က အတိုင်း ပဲ မြမြ ဖတ် ကြည့်ပါတော့ ၊ ကိုယ် ပြန်လိုက်ဦးမယ် ”  

ကိုဝင်းကြည် သည် အင်္ကျီ အိတ် ထဲမှ လေယာဉ်ပျံ စာအိတ်ကလေး ကို ခင်မြမြ အား ပေးပြီး ကမန်းကတန်း ထွက် သွား လေတော့သည် ။ သူ ၏ နောက်ကွယ် တွင် ကျန်ရစ်ခဲ့သော ခင်မြမြ ၏ ဝမ်းသာခြင်း ၊ ကျေနပ်နှစ်သိမ့်ခြင်း ပီတိ ဖုံး သည့် အပြုံး ကိုပင် မြင်နိုင်စွမ်း မရှိတော့ပါချေ ။

     •••••   •••••   •••••   •••••

ခင်မြမြ သည် ကိုဝင်းကြည် စာ ကို ဖတ်ပြီး ည က တစ်ညလုံး အိပ် မပျော်နိုင်ခဲ့ချေ ။ မိုး လင်းခါနီးမှ တစ်မှေးသာ ပျော် ခဲ့ရသည် ။ ခင်မြမြ တစ်ယောက် ရေချိုး ပြီး အဝတ် အစား လဲ နေစဉ် မှာ ပင် ရီရီ ရောက်လာခဲ့သည် ။

“ ဟေ့ မြမြ လှ လို့ပါလား ၊ ဘယ် သွားစရာ ရှိလို့လဲ ”

“ ဪ ... အခုပဲ ရီရီ ဆီ လာမလို့ အဝတ် လဲနေ တာ ၊ အတော်ပဲ လာ ထိုင် ”

ခင်မြမြ က တွန့်နေသော အင်္ကျီ ကို ဆွဲဆန့်ပြီး ထဘီ ကို ချပ်ချပ်ရပ်ရပ် ပြင် ဝတ် လိုက်သည် ။ သည်လို နေ့မျိုး ဆို လျှင် ဖေဖေ နှင့် မေမေ က ဈေး တွင် အိုးဆိုင် ထွက် နေသဖြင့် အိမ် ၌ ခင်မြမြ တစ်ယောက် သာ ကျန်ခဲ့သည် ။

“ ရီရီ ကို မြမြ တိုင်ပင်စရာ တစ်ခု ရှိနေတယ် ။ ဒီကိစ္စ ဟာလည်း မြမြ မှာ တာဝန်ကြီး တစ်ခု လို ဖြစ် နေလို့ မြမြ အနေ နဲ့ အောင်မြင်အောင် ကြိုးစား ပေးရမှာပဲ ။ နောက်ပြီး တော့ အောင် လည်း  အောင်မြင် စေချင်ပါတယ် ကွယ် ”

“ မြမြ ... ရီရီ ကို ပြော နေတာလား ဟင် ”

“ ဟုတ်ပါတယ် ရီရီ ၊ ရော့ ဒီ စာ ကို ဖတ် ကြည့်ရင် ပို ရှင်းပါလိမ့်မယ် ”

ရီရီ က ကြောင်အမ်းအမ်း နှင့် ခင်မြမြ ကမ်း ပေးသော စာ ကို လှမ်း ယူလိုက်သည် ။ ပြီးမှ ပန်းနုရောင် စာ ခေါက်က လေး ကို တုန်တုန်ယင်ယင် နှင့် ဖွင့်ကြည့် လိုက်လေသည် ။

“ အသည်း နင့်အောင် ချစ်ရသော ရီရီ ”

စာ ၏ အစ တစ်ကြောင်း ဖတ် လိုက်မိသည် နှင့် ရီရီ ၏ တစ်ကိုယ်လုံး ရှိန်းရှိန်းဖိန်းဖိန်းကြီး ခံစား လိုက်ရသည် ။ သွေးတိုး မြန် လာသဖြင့် ရင် တဒိတ်ဒိတ် ခုန် သံက ကျယ်ကျယ်လောင်လောင် ကြား နေရသည် ဟု ထင် နေသည် ။

“ ဥစ္စာရင်လို - ဥစ္စာ ရင်ခဲရဲတဲ့ သတ္တိ မရှိလို့ မြမြ ကို အပူ ကပ်ပြီး ဒီ စာ ကို ပေး ခိုင်း ရတာ ခွင့်လွှတ်ပါနော် ။ ကျွန်တော့် ရင် ထဲမှာ ရီရီ ကို ချစ်မြတ်နိုး နေတာ ကြာ ခဲ့ပါပြီ ။ ဒီနေ့ တော့ မအောင့်အည်းနိုင် လွန်းလို့ ဇွတ် မိုက်ပြီး စွန့်စား ရေး လိုက်ရတာပါပဲ ။ ကျွန်တော့် အနေ နဲ့ ဒီလို စာမျိုး တစ်ခါမှ မရေးဖူးခဲ့လို့ စော်ကား သလို ဖြစ် နေရင် လည်း သည်းခံဖို့ တောင်းပန်ပါတယ် ။ တကယ်လို့ ရီရီ မှာ ရွေးချယ်ပြီးသား ဖူးစာဘက် မရှိသေးဘူး ဆိုရင် ကျွန်တော့် မေတ္တာ ကို လက်ခံတုံ့ ပြန်စေချင်ပါတယ် ။
       စောင့်မျှော်လင့်လျက်...
              ဝင်းကြည်

စာ ဆုံးသွား သော်လည်း ရီရီ က မျက်စိ အစုံ ကို စာရွက် ပေါ် မှ မခွာရဲသေးပေ ။ မျက်နှာ တစ်ခုလုံး လည်း နီရဲ ထူအန်း နေသည် ။ သူ သည် လည်း အနှီ စာမျိုး ယခု အသက် အရွယ် အထိ သည် တစ်ကြိမ် သာ ဖတ်ရ ဖူးသည် ။ သို့တစေ ရင်ထဲ က မူ ကျေနပ် နှစ်သိမ့် သလိုလို ဖြစ် နေမိသည် ။

ရီရီ သည်လည်း ခင်မြမြ ကဲ့သို့ပင် ကိုဝင်းကြည် ၏ မေတ္တာမိုး တစ်ပေါက် ကို တိတ်တခိုး သောက်သုံး ချင်နေသူ မဟုတ်ပါ လား ။

“ ဘယ့်နှယ် သဘော ရသလဲ ရီရီ ၊ ဖြစ်နိုင်မယ် မဟုတ်လား ”

ခင်မြမြ က ရီရဲ့ မျက်နှာရိပ် ကို အကဲ ခတ်ရင်း မေး လိုက်သည် ။ ရီရီ က တော့ မျက်လွှာ ချပြီး ငြိမ်တိတ် နေ၏ ။

“ ဘာပဲဖြစ်ဖြစ် မြမြ တို့ သူငယ်ချင်း သုံးယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် လိမ်ညာ နေစရာ မလိုဘူးလို့ ထင်တယ် ။ ဒီတော့ ရီရီ့ အနေ နဲ့ အဖြူ နဲ့ အမည်း ကို ပြတ် ပြတ်သားသား ဆုံးဖြတ် ပေးစေချင်ပါတယ် ”

“ ရီရီ စဉ်းစားပါရစေဦး မြမြ ရယ် ။ အိမ်ထောင်ရေး ဆိုတာ လွယ်မယောင်နဲ့ ခက်တဲ့ ကိစ္စမျိုးပါ ။ ကိုဝင်းကြည် ကြီး ကို တော့ မယုတ်မလွန် မြမြ ပဲ ကြည့် ပြောထားပါဦး ”

ရီရီ့ မျက်နှာ ကို စူးစိုက် အကဲခတ် နေသော ခင်မြမြ ၏ မျက်နှာ သည် သိသိသာသာကြီး ပျက် လာ တော့သည် ။ သူ့ စိတ် ထဲ က မူ ရီရီ က တုံ့ပြန် ချစ်သွားမည် ကို သေ မလောက် စိုးရိမ် ကြောက်ရွံ့ နေခဲ့သည် ။ သို့ပင်သို့ငြားလည်း ရုပ်ရှင်ဇာတ်ကား ထဲ မှ ရုပ်ရှင်မင်းသမီး ဆန်ဆန် မရွှင်ဟန် ကို မှင်မာန် နှင့် ဖုံးပြီး သူ က တိုက်တွန်း နေပြန် လေသည် ။

“ အို ... သိပ် ကြာကြာ ကြီး အချိန် ဆွဲ မနေပါနဲ့ ရီရီ ရယ် ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး ဆိုတာ နှစ်ရက် သုံးရက် စဉ်းစားပြီး အဖြေ ပေး လိုက်ပေါ့နော် ”

“ ရီရီ ကြိုးစားပါ့မယ် မြမြ ၊ ရီရီ ထမင်း ချက်စရာရှိ သေး လို့ ပြန် လိုက်ဦးမယ် ”

ခင်မြမြ သည် ရီရီ ကို ခြံပေါက် ဝ အထိ လိုက် ပို့ပေး လိုက်သည် ။ ရီရီ ၏ ကျောပြင် ကို မျက်စိ တစ်ဆုံး ကြည့်ပြီး သက်ပြင်းရှည်ကြီး ကို ချ လိုက်ရင်း အိမ်ဘက် သို့ လှည့် ပြန် ခဲ့လေတော့သည်  ။

     •••••   •••••   •••••   •••••

လူ သတင်း လူချင်း ဆောင် ဆိုသော်လည်း အနေအထိုင် ရိုးသားပိရိသော ကိုဝင်းကြည် နှင့် ရီရီ တို့ ၏ မေတ္တာ အရေးအခင်း သည် ကား မည်သူမျှ မရိပ်မိ ၊ မသိရှိကြသေးပေ ။ ချစ်သူတို့ ဘဝ နှစ်ခု ကြား တွင် အောင်သွယ်တော် ခင်မြမြ ၏ ကွပ်ကဲ ထိန်းချုပ်မှု ဖြင့် ဖြူးဖြောင့်သာယာ နေခဲ့ရသည် ။ ခင်မြမြ မှာ လည်း သူငယ်ချင်း ကောင်း ပီပီ အမြဲ အလုပ်ရှုပ် နေခဲ့ရသည် ။ စာပေးစာယူ မှ အစ ရံဖန်ရံခါ လူကြီး တွေ ဈေး ထွက် ခိုက်တွင် ခိုးကြောင်ခိုးဝှက် ချိန်းတွေ့ ပေး ခြင်း အဆုံး အလုံးစုံ စီစဉ် ပေးခဲ့ရသည် ။

သို့ တပြီးကား သူငယ်ချင်း ဘဝ တုန်း က လိုပင် သိက္ခာ ရှိရှိ သုံးယောက်သား လက်ဖက်သုပ် စား၍ စကား ထွေလာ မရေရာ ပြောကြပြီး အဆုံးသတ်ခြင်း သာ ဖြစ်ပါ ၏ ။ နှစ်ကိုယ် ယှဉ်တွဲ ၍ ချစ်ပွဲ ဝင် ကြဖို့ ကား နှစ်ယောက် စလုံး တွင် သတ္တိ မရှိကြ ။ သည်ဟာမျိုး ကိုလည်း ခင်မြမြ က ခွင့် မပြုခဲ့ပါလေ ။

သည်လိုနှင့်ပင် ရက် မှ လ သို့ ပြောင်း ၍ နှစ်တို့ ပင် အတန်ကြာ ညောင်း ခဲ့လေပြီ ။ ကိုဝင်းကြည် နှင့် ရီရီ တို့ ၏ အချစ် ကား မပြောင်း မလဲ ၊ ချစ်မြဲ ချစ်လျက် ၊ သစ်မြဲသစ် လျက် ပင် ရှိ နေလေသည် ။ အမှတ် ထင်ထင် ပင် ကိုဝင်းကြည် ၏ ဘဝ တစ်ခုလုံး အား အပြောင်းလဲကြီး ပြောင်းလဲ ပစ်မည့် နေ့ ရက် သည် ဆိုက်ဆိုက်မြိုက်မြိုက် ပင် ရောက် လာခဲ့ပေ သည် ။

ကိုဝင်းကြည် ၏ ဆွတ်ပျံ့ ကြည်နူးဖွယ်ရာ နေ့ရက် များ တွင် သည်နေ့ သည် အပျော်ရွှင်ဆုံး ၏ အထွတ်အထိပ် အရောက်ဆုံး နေ့ ဖြစ်သည် ။ မနက်တုန်း က ဈေး ထဲ တွင် ခင်မြမြ ပြော လိုက်သော စကားများ က ရင်တုန်စရာ ၊ အသည်း ခိုက်စရာ ကောင်း လှသည် ။ 

“ ကိုဝင်းကြည်ကြီး .. ရီရီ က အရေးကြီးတဲ့ ကိစ္စ တိုင်ပင်ချင် လို့ ဒီနေ့ ည ဆယ့်နှစ်နာရီ ၊ မြမြ တို့ အိမ် အောက် ခန်း ကို ဆက်ဆက် လာခဲ့ပါ တဲ့ ”

နိပ်ဟ ။ ကိုဝင်းကြည် သည် ခြေမကိုင်မိ လက်မကိုင် မိ ဖြစ်ကာ ဝမ်းသာလုံး ဆို့ နေသည် ။ အဘယ်သူသည် ကိုယ့် ချစ်သူ က ချိန်းသည် ကို ဝမ်း မသာဘဲ နေနိုင်ပါအံ့နည်း ။

“ အင်း... ဆယ့်နှစ်နာရီ ၊ ည ဆယ့်နှစ်နာရီ ” 

မိုးကောင်ကင်ကြီး တွင် ကတ္တီပါ အနက် ပေါ်တွင် စံပယ်ဖူးကလေးများ ဖြန့်ကျဲ ထားသလို ကြည့်မောဖွယ် ဖြစ်နေသည် ။ လကွယ်ည အမှောင်ထု အောက် တွင် ကိုဝင်းကြည် တစ်ယောက် ကြောက်ဒူး တုန်တုန် နှင့် ခင်မြမြ တို့ ခြံရိပ် သို့ လှစ်ခနဲ ခိုခဲ့သည် ။ ပတ်ဝန်းကျင် တစ်ခုလုံး က လည်း ပိန်းပိတ် ၍ မှောင်မည်း တိတ်ဆိတ် နေသည် ။

ခင်မြမြ တို့ အိမ် သည်လည်း အိပ်မော ကျနေ၏ ။ သို့သော် အိမ်အောက်ခန်း တံခါးဝ တွင် မှုန်ပြသော ကြယ်ရောင် နှင့် အရိပ်သဏ္ဌာန် တစ်ခု ကို တွေ့ရသည် ။ အိမ်ရိပ် ဖုံးနေသ ဖြင့် ဘာ တစ်ခု မှ ကွဲကွဲပြားပြား ခွဲခြား မရနိုင်ချေ ။ ကိုဝင်းကြည် က သေသေချာချာ အကဲခတ်ပြီး အနား ကပ်သွား၏ ။ ဆင်စွယ်လက် မွတ်မွတ်ညက်ညက် နွေးနွေးအိအိကလေး က ကိုဝင်းကြည် လက် ကို ကိုင် လိုက်ရာ တစ်ကိုယ်လုံး ဓာတ် လိုက် သလို ကျင် သွား လေသည် ။

“ ရှူး ..... တိုး .. တိုး ”

ကိုဝင်းကြည် သည် မျက်ကန်း လမ်းလျှောက် သလို အခန်း ထဲ သို့ ရောက် လာ၏ ။ အခန်း ထဲ တွင် ယခင် က မဖုတ်ရ သေးသော အိုးများ ရှိတတ် သော်လည်း ယနေ့ အဖို့ ရှင်းလင်း နေသည် ဟု ထင် ရသည် ။ အခန်းထောင့် တစ် နေရာ တွင် ခုတင် တစ်ခု မှ လွဲ၍ ဘာမျှ မစမ်းမိ ၊ မထိမိပေ ။ သည် ကိစ္စ အားလုံး အောင်သွယ်တော်ကြီး ခင်မြမြ ၏ ကျေးဇူးတွေ ပင် မဟုတ်ပါလား ။

ကိုဝင်းကြည် သည် ခုတင် ပေါ် ထိုင်လိုက်သည် နှင့် ငန်းမြွေ တစ်ကောင် ၏ ရစ်ပတ်ခြင်း ခံ ရ သကဲ့သို့ နူးညံ့နွေး ထွေး သော အတွေ့ ကို ခံစား လိုက်ရသည် ။ ရမ္မက် ၏ ကျေး ကျွန်သတ္တဝါ နှစ်ဦး သည် လွတ် မထွက်သွားရန် တင်းတင်း ကျပ်ကျပ် အပြန်အလှန် ဖက်ထား လိုက်ကြသည် ။ ပူပြင်းသော သဲကန္တာရကြီး ကို ဖြတ်သန်း လာခဲ့ရသော အနှစ်နှစ် အလလ ရေငတ်သူ နှစ်ဦး ရေတွင်း ထဲ ကျ ကြပြီ မဟုတ်ပါ လား ။

စိတ် အလျဉ် ကို ထိန်းချုပ် ချည်နှောင် ထားသော အရှက်ကြီးခြင်း ၊ အကြောက်ကြီးခြင်း ပိုးကြိုး တို့ သည် အတွေ့ တည်း ဟူသော ဓားသွား ထက်ထက် နှင့် ထိ သော အခါ ထောင်းထောင်း ပြတ် ကုန်ကြ တော့သည် ။ အစည်း ပြေ သွား သော စိတ် အဟုန် တို့သည် အစွမ်းကုန် ပျံ့လွင့် ကုန်၏ ။ ရမ္မက်နွံ မှ သတ္တဝါ နှစ်ဦး သည် သြကာသ လောကသား တို့ နှင့် အတူ အိပ်မော ကျ သွားလေ တော့သည် ။

“ ဟဲ့ ... တံခါး ဖွင့်ကြစမ်း ၊ တံခါး မြန်မြန် ဖွင့် ကြစမ်း ” 

ကိုဝင်းကြည် က အိပ်မက် လိုလို တကယ် လိုလို ဇဝေ ဇဝါ ဖြစ် နေသဖြင့် ခေါင်း ထောင် ပြီး သာ ကြည့်နေ မိ၏ ။ တဝုန်းဝုန်း တဂျုံးဂျုံး တွန်း နေသော တံခါးသံ ကြား မှ ပင် ကမန်းကတန်း လူးလဲ ထ လိုက် လေသည် ။

“ ဟော ... ခုမှ ခက်ပြီ ၊ ဘယ်လို လုပ်ကြမလဲ ကိုဝင်းကြည် ”

“ အို .. ဖြစ်လာ မှ တော့ ရင်ဆိုင် ရမှာပဲ ။ ကိုယ် တို့ လည်း အတည် ယူ ကြမယ့် ဟာ ပဲ ၊ ပြောင်ပြောင် ထွက် တွေ့ လိုက် ရုံ ပေါ့ ”

ကိုဝင်းကြည် က တံခါး မင်းတုံး ကို စမ်း ၍ ဖွင့်ပေး လိုက်၏ ။ မီးခလုတ် ဖွင့် လိုက်သော ချောက်ခနဲ အသံ နှင့် အတူ နှစ်ပေမီးချောင်း ၏ အလင်းရောင် သည် တစ်ခန်း လုံး ကို လင်းထိန် သွားစေ လေသည် ။ 

“ အမလေး ... မိုက်လှချည့်လား မြလေး ရယ် ။ အမေ တို့ ကို ပြောရင် ပေးစား မှာပေါ့ ၊ ခုတော့ လူကြား မကောင်း ၊ သူကြား မကောင်း ”

ကိုဝင်းကြည် က သူ့ မျက်စိ အစုံ ကို သူ မယုံသဖြင့် သေသေချာချာ ပွတ်သပ် ကြည့် လိုက်သည် ။

“ ဟင် ... မြမြ ပါ လား ”

ကိုဝင်းကြည် သည် လက်တွဲ မဖြုတ်သေးဘဲ သူ့ နောက် တွင် ကွယ် ထား မိသော ခင်မြမြ ကို တုန်လှုပ် ချောက်ချား စွာ ကြည့် ရင်း အံ့အား သင့် သွား ရသည် ။ ခင်မြမြ လက် ကို ရုတ်တရက် လွှတ် လိုက်ပြီး ခပ်မြန်မြန် လူချင်း ခွာလိုက် မိသည် ။

ခင်မြမြ သည် သူ့ အမေ ဒေါ်သန်းကြည် အား ပြေး ဖက် ၍ ငို တော့သည် ။ မျက်ရည် စ ကို ကား စိုးစဉ်းမျှ မတွေ့ ရပေ ။ ခင်မြမြ အမေ က လည်း တင်ကြို ဇာတ် တိုက်ထား သော ဇာတ်ဝင်ခန်း တစ်ခု လို မျက်ရည် မပါသော ငိုကြွေး ခြင်း ဖြင့် အပူသရုပ် ကို ဖော်ပြန်၏ ။ တစ်အိမ်လုံး တွင် သမီး ကော ၊ မိန်းမ နှင့် ပါ လားလား မှ မတူ တစ်မူ ခြားပြီး အေးအေး ချမ်းချမ်း နေထိုင်သော ဦးထွန်းညွန့် တစ်ယောက် မှာ ကား အံ့အား သင့် ၍ ကြည့် နေ ရှာသည် ။ ဒေါ်သန်းကြည် က ခင်မြမြ ကို အိမ် ပေါ် သို့ ခေါ်သွား၏ ။ ခင်မြမြ သည် ပြေလျော ပွယောင်း နေသော ကေသာဆံမြ ကို ပင် မသိမ်းနိုင်ဘဲ လိုက် ပါ သွား လေတော့သည် ။

“ မောင်ဝင်းကြည် မိုက်တယ် ကွယ် ၊ စောစော ကတည်း က ဦး တို့ ကို ဖွင့် ပြောရင် ဘာ ငြင်း စရာ ရှိသလဲ ပေးစား မှာ ပေါ့ ”

ကိုဝင်းကြည် ၏ အသားများ သည် ဒေါသ ဖြစ်ခြင်း ၊ ရှက်ခြင်း တို့ကြောင့် တဆတ်ဆတ် တုန် နေ တော့သည် ။ ဦးထွန်းညွန့် မျက်နှာ ကို ပင် မကြည့်ရဲ လောက်အောင် ဖြစ် နေရ သည် ။

“ ဟုတ်ကဲ့ ဦး ၊ ကျွန်တော် မှား သွားပါတယ် ။ အခု လည်း မိကောင်းဖခင် သားသမီးပီပီ လက်ထပ် ယူပါ့မယ် ”

ကိုဝင်းကြည် သည် ခိုးထုပ်ခိုးထည် နှင့် လူ မိ ခံ လိုက်ရ သော လူ တစ်ယောက် လို ခေါင်းငိုက်စိုက် ချ ကာ ပြန် ခဲ့ရလေ သည် ။

     •••••   •••••   •••••   •••••

ကိုဝင်းကြည် သည် ရင် မခုန်သော မင်္ဂလာဦး ည ၏ အတွေး ကွန်ရက်ကြီး မှ လွန့်လူး ရုန်းထွက် လိုက်သည် ။ သူ့ စိတ် အစဉ် တွင် သတ္တဝါ နှစ်ဦး က နာကျင်စွာ လှုပ်ခတ် လျက်ရှိသည် ။ ဦးခေါင်း ထက် တွင် ထာဝရ နိုင်နင်းစွာ ရွက် လာခဲ့သော အရှက်အိုး သည် ကျကွဲ ကြေမွ သွား သဖြင့် မေတ္တာ ၏ ပူလောင်ခြင်း ဝေဒနာ နှင့် အဝေး သို့ ဇာတ်မြုပ် လွင့် ပြေး ရသော ရီရီ ၊ ဘဝ ၏ ဖန်တီးမှု ကို မခံ ၊ မိမိ က သာ ဘဝ ကို ဖန်တီး ပြီး လိုချင်တာ ကို ရအောင် ယူ နိုင်ခဲ့ သည့် လက်ရှိ ဇနီးသည် ခင်မြမြ ။ 

“ မဟုတ်ဘူး ဦးသိန်းရွှေ ၊ ခင်ဗျား ပြော သလို မဟုတ် ဘူး ။ ခင်ဗျား ပြောတဲ့ ကျီးကန်း က သူ့ ဝမ်း ပူဆာ လွန်း လို့ ငါး ရရ ၊ ငါး စာ ရရ ဆိုပြီး သုတ် တာ ။ ကျွန်တော် မိတဲ့ ကျီးကန်း က သက်သက် အမိ ခံချင် လို့ ဇွတ် ဝင် သုတ် တာ ဗျ ”

ကိုဝင်းကြည် က အရူး တစ်ယောက် လို ဟစ်အော် ပြော လိုက်သည် ။ သို့သော် ကိုယ် လိုချင်သော ရမ္မက်ဆန္ဒ ပြည့်ဝ လိုက်ပြီ ဖြစ်သဖြင့် ကျေနပ်နှစ်ခြိုက်စွာ အိပ်မောကျ လျက် ရှိသည့် ခင်မြမြ ၏ ဟောက်သံ ကို မကျော်လွှားနိုင် တကား ။

◾ပျဉ်းမနားမြင့်လှိုင်

📖 စန္ဒာ မဂ္ဂဇင်း
      ၁၉၇၀ ၊ အောက်တိုဘာ
     
#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment