Tuesday, April 11, 2023

ကလီကမာ


 

❝ ကလီကမာ ❞

အနောက်တောင် တခို မှ မိုးကလေး ညိုကာ ဂျိုးဂျိုးငြိမ့်ငြိမ့် ဒိုးဒလိမ့် စစ်ဆင်သံ နှင့် အတူ လျှပ်စစ်လျှပ်ပန်း လက် လာ တတ်သော ယခုလို မိုးရက်များ ဝယ် စိတ် ဂယောက်ဂယက် မငြိမ်သက်နိုင်သူများ အဖို့ လဟာပြင် မိုးကောင်းကင်ဝယ် ဆောက်တည်ရာ မရ ရွေ့လျား မျောပါနေ သော တိမ်တောင်တိမ်တိုက် တို့ ကဲ့သို့ ဘဝ ဖြစ်စဉ် ရှေးဟောင်း နှောင်းဖြစ် များ ကို ပြန်ပြောင်း ကာ တွေးတောမိကြမည် မှာ လောကီသား တို့ ဓမ္မတာ တရား ပင် ဖြစ်ချေမည် ။ စာရေးသူ တို့ ကဲ့သို့ အတွေး ခေါင်သူ များ အဖို့ မှာ မူ သာ၍ ပင် ဆိုးသေး၏ ။ ဘဝ ၏ မြင်ကွင်းမြင်ကွက်ကလေးတွေ ကို မင်စက် ချကာ မှတ်တမ်း တင်လို သော ကြောင့် လည်း အတောမသတ် တွေး ရ၏ ။ ထိုသို့ အတော မသတ် သော အတွေး ရေယာဉ်ကြော ကလီကမာ နိုင်လှသော ဘဝ ဖြစ်စဉ်ကလေး တစ်ခု သည် တရေးရေး ပြန် ပေါ် လာ ခဲ့ပေသည်  ။

ဤနေရာ ၌ “ ကလီကမာ ” ဟူသော အသုံးကလေး ကြောင့် စာဖတ်သူ အတွက် အနည်းငယ် ရှုပ်ထွေးရှည်ဝေး နေပါအံ့ ။ ကလီကမာ ဟူသော စကား မှာ မူရင်း ကု,လားဘာသာ ဖြစ်သည် ဟု အဆို ရှိကြကုန်၏ ။ ဟုတ် မဟုတ်ကား သုတေသီတို့ ၏ အလုပ်ပါပေ ။

ကလီကမာ ၏ အဓိပ္ပာယ် သဘော မှာ မူ ဖြောင့်စင်းခြင်း ကင်း၍ ကွေ့ကွေ့ကောက်ကော က် ရှိတတ်သော သဘော ဟု ယူဆပေသည် ။ ထို ယူဆချက်သည် လည်း မှန်ကန်တိကျခြင်း မရှိ ဟု ကဝိပညာရှင်တို့  အကျယ်အကျယ် အငြင်းပွားဖွယ် ရှိကောင်း ရှိပေအံ့ ။ ဤ ဝတ္ထု ဤ ဇာတ်ကြောင်း နှင့် ပတ်သက်၍ မူ ကား ကု,လားလေးဆာမိ ၏ ရှင်သီဝလိဂါထာကလေး ဟူ၍ သာ စွဲမှတ်ကြပါကုန် ။

ကလီကမာ ကလီကမာ

ဤ ဂါထာကလေး ကို အစဉ်မပြတ် ရွတ်ဖတ်ခြင်း ဖြင့် စာရေးသူ တို့ မျက်မှောက် မှာ ပင် အညတြ ကြက်ထမ်းကု,လားလေး ဆာမိ ဘဝ မှ လို - တ - ရ ကုန်စုံဆိုင်ကြီး ရှင် ကိုဆာမိရား ၊ ထို ကိုဆာမိရား ဘဝ မှ သည် ရွာ ၏ ကွမ်းတောင်ကိုင် အပျိုချော မိစောကလေး ၏ ချစ်လင် ကိုဆာကြီး ၊ ကိုဆာကြီး ဘဝ မှ သည် ယနေ့ တိုင်းရင်းသားမှတ်ပုံတင် ကိစ္စကြီးများ အပြီး ပြည်တော်သာ ခရီး ချီတက် ပွဲ တွင် ကျေးရွာဒေသန္တရ အုပ်ချုပ်ရေး အဖွဲ့ ကော်မတီ လူကြီး ဦးစံမှီ အဖြစ် သို့ ပင် ရောက်ရှိ သွားပေသည်  ။ သူ ၏ ရှင်သီဝလိဂါထာကလေး ကား စွမ်းအား ကြီးလှပေစွ တကား ။ 

     •••••   •••••   •••••   •••••

စာရေးသူ တို့ နေထိုင်ရာ မှာ မြေလတ်မြို့ကလေး တစ်မြို့ ၏ မြို့စွန်ရွာကလေး တစ်ရွာ ဖြစ်ပါသည် ။ လူနေ အိမ်ခြေ သုံးရာ ခန့် ရှိ၏ ။ ရွာဦး တွင် ဘုန်းကြီးကျောင်း ရှိ၍ ရွာ နောက်တွင် ဆန်စက် တစ်လုံး ရှိ၏ ။ ဘုန်းကြီးကျောင်း ထဲ တွင် နွေ ၌ ရေ မရှိသော ကန် တစ်ကန် ရှိသည် သို့သော် အရေး မကြီးပါ ။ နွေအခါ ရောက် လျှင် တစ်ရွာလုံး ဆန်စက် ထဲ မှ အဝီစိတွင်း ရေ ကို သုံးစွဲ နိုင်ပေသည် ။ တစ်ရွာလုံး ၏ စီးပွားရေး လုပ်ငန်း မှာ လည်း ဤ ဆန်စက် ကို အမှီသဟဲ ပြုကာ ရပ်တည် နေကြရပေသည် ။ အချို့ မိရိုးဖလာ လယ်သမားများ မှ လွဲ လျှင် ကျန် လူများ မှာ ဆန်စက် အလုပ်သမားများ သာ ဖြစ်ပေသည်  ။

သူတို့ သည် ဤ ဆန်စက် မှ ရသော ငွေ ကို အလှမ်း မဝေးလှသော မြို့ဈေး သို့ တက်၍ ဝယ်ခြမ်း သုံးစွဲကြပြီး ဤ ရွာဦးကျောင်း တွင် သူ့ ထက် ငါ အပြိုင် အဆိုင် လှူဒါန်း ပစ်တတ်ကြ ပေသည် ။ ထို့ကြောင့်ပင် ကျောင်းဒါယကာကြီး စက်သူဌေး ဦးမောင်ကြီး ၁၂၉၀ ပြည့် တွင် ဆောက်လုပ် လှူဒါန်းသည် ဟူသော တံခွန်တိုင် ကျောက်စာ နှင့် နင် လား ၊ ငါ လား ယှဉ် နေသည့် ကျောင်း အဝင် အုတ်လှေကားကလေး မှ ဆန်စက်မန်နေဂျာကြီး ဦးညို ဒေါ်သန်းညွန့် တို့ ကောင်းမှု နတ်လူ သာဓုခေါ် စေသောဝ် ... ကျောက်စာတို့ သည် လူမြင်ကွင်း တွင် ထင်းထင်းကြီး မြင်စေ နိုင်ပေသည် ။ ထို့ပြ င် ကျောင်းထိုင် ကိုယ်တော် တရားဟော ပလ္လင် ထက် မှ ဆွဲယပ်ကြီး ကို ကြည့်ပါဦး ။ ပွဲစားကြီး ဦးဖိုးဟန် - ဒေါ်မယ်ပုတ် ကောင်းမှု စာတမ်း နှင့် အတူ ပလ္လင် အောက်ခြေနား ရှိ ဒန်ထွေးခံကြီး တွင် လည်း ဆေးနီသား ဖြင့် ပြတ်သားစွာ ရေး ထားသော ဆန်စက်အင်ဂျင် တံတေကြီး ဦးကု,လား - ဒေါ်မြရွှေ တို့ မိသားတစု ကောင်းမှု ကို တွေ့ရပေမည် ။ ကျောင်း ၏ ဘုရားစင် အောက် ဘက် တွင် စုပုံ ၍ ပိုးကိုက် စုတ်ပြတ် နေသော ယပ်တောင်များကို သတိပြု ကြည့်ပါ လျှင် လည်း လေးကျွန်းမြင့်မိုရ် ဆန်စက် အလုပ်သမားများ ကောင်းမှု စာတမ်းကလေး တွေ ကို တွေ့ရပေမည် ။

ဤ ကျောင်း ၊ ဤ ဆန်စက် တည်ရှိရာ ဤ ရွာကလေး သည် စာရေးသူ ၏ ချက်မြှုပ် ကြီးပြင်း လာရာ ဌာနကလေး ပင် ဖြစ်ပေသည် ။ သို့ကြောင့်ပင် ဤ ရွာဦးကျောင်း မှ ကကြီး ၊ ခကွေး က စ ဘုရားရှိခိုး အဆုံး သင်ကြား တတ်မြောက် ပြီးဆုံး သော အခါ ဆန်စက် မန်နေဂျာကြီး သား တစ်ယောက် ဖြစ် သောကြောင့် ကု,လားဖြူစာ တတ်ရန် မြို့ကျောင်း သို့ ပို့ ထားရာမှ ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်၍ နေမျိုးနွယ် ဇာပန် နောင်တော်များ က အဘိဓမ္မာ နိပွန် ညီအစ်ကို ကြွေးကြော်သံ နှင့် အတူ အာရှတိုက် ကို ကယ်တင် သိမ်းပိုက် လိုက်သော အခါ ကျောင်းသားခေါင်းဆောင်ဟောင်းကြီးများ ဖြစ်ကြသော သခင် အောင်ကြီး ၊ သခင်ထောင်ကြီး တို့ သွေးထိုး ပေး ခဲ့ကြသည့် မျိုးချစ်စိတ် ဇာတိမာန်ကလေး ဖြင့် ဘီအိုင်အေ တပ်မတော်ကြီး တွင် ရောယောင် ပါ ဝင် သွားခဲ့ရစဉ် ဝယ် ဘီအိုင်အေ ကို ဖျက်သိမ်း ကာ ဗမာ့ကာကွယ်ရေးတပ်မတော် ကို စနစ်တကျ ဖွဲစည်း လိုက်သောကြောင့် ဆေး စစ် ရာတွင် မျက်စိရောဂါ ရှိ၍ အပယ် ခံ လိုက်ရ သဖြင့် စိတ်ပျက် လက်ပျက် နှင့် ဤ ရွာကလေး သို့ ပြန်လည် ခြေဦး လှည့်ကာ ဖခင်ကြီး ဦးစီးသော လေးကျွန်းမြင့်မိုရ် တွင် ဆန်စက် စာရေးကလေး လုပ်နေ မိ၏ ။ သို့စဉ်ပင် မျိုးချစ်စိတ် လက်ကျန်ကလေး က မကုန်ခန်း အားမလျော့ သေး သော ကြောင့် ကျေးရွာ ကာကွယ်ရေး ကေဘိုထို င် ဗိုလ်ကြီး လုပ်ကာ ဝါးချွန် ထိုးနည်း များ သင်ကြား ပို့ချရင်း လေကြောင်းရန် ဘေးကြောင့် ည ကင်းစောင့် ရာ ဝယ် မီးတုန်ကလေး တစ်လက်လက်ဖြင့် “ ကက် ရောင်းဘို့ ရှိဒလား ကက် ” ဟူသော ကြက်ထမ်းကု,လား ကို စပိုင်သူလျှိုကြီး အဖြစ် ဖမ်းဆီး ရိုက်နှက်မိ ရာ မှ ...

“ ကလီကမာလူ မဟုတ်ပါဘူး အကိုး .. ”

“ ကလီကမာလူ မဟုတ်ပါဘူး အကိုး .. ”

ဟူသော အကြင် ကလီကမာ ဂါထာကလေး ပိုင်ရှင် ကိုဆာမိ နှင့် ကြုံသိခဲ့ရပေသည် ။

ပွဲဦး သိစ က ပင်လျှင် သူ သည် ကလီကမာ ဂါထာ ကို အာဂုံ ရွတ်ရင်း သက်သာ ရာ ရသွား ခဲ့ပေသည် ။ ထိုနောက်ပိုင်း တွင် ကား ဆာမိ ၏ ကြက်သား သည် ကျွန်တော်တို့ ကင်းသမား တစ်စု ၏ ဝမ်းဗိုက် တွင် အမြုတေ အစိုင်အခဲ စွဲ လာသ ကဲ့သို့ “ ဟေ့ .. ဆာမိ ဒီနေ့ ဘာလို့ မလာပါလိမ့် ” ဟူ၍ များ ပင် သူ ပေါ် မလာလျှင် တတမ်း တတ ဖြစ်နေ ကြရပေတော့သည်  ။

တစ်ရွာလုံး က လည်း ည လူခြေတိတ် ကြက် အိပ်တန်း တက်ပြီး ချိန် လောက်တွင် “ ကက် ရောင်းဘို့ ရှိဒလား ကက် ” ဟူသော အသံ ကို ရွာဦးကျောင်း မှ နံနက် အုန်းမောင်း ခေါက် သကဲ့သို့ နားစွဲ လာ သလောက် ဆာမိ တစ်ယောက် ရွာ နှင့် အကျွမ်းတဝင် ဖြစ်လာ ခဲ့ ရပေသည်  ။ 

     •••••   •••••   •••••   •••••

သို့နှင်ပင် ညီအစ်ကို ဇာပန် နေမျိုးနွယ်များ တောင်စွယ် တွင် ကွယ်ပျောက် ၍ မဟာမိတ်များ ဝင်ရောက် ၍ ခေတ်ပြောင်း လာ ကာ တစ်ပြည်လုံး ဗမာ့လွတ်လပ်ရေး လူထု တိုက်ပွဲကြီး ဆင်နွှဲ နေပေ သော ကြောင့် မျိုးချစ်စိတ် လက်ကျန်ကလေး အရှိန် မသေသေး သဖြင့် ခေါင်းဆောင့် ခေါင်းဆောင် ပုဂ္ဂိုလ်ကြီးများ နောက်တော် မှ အမြီး တနှံ့နှံ့ နှင့် အချိန်ကုန် နေခဲ့ ပြန်ရာ ကိုဆာမိ နှင့် အဆက် ပြတ် နေခဲ့မိပေသည် ။

သို့ဖြင့် တိုင်းပြည်ကြီး လွတ်လပ်ရေး ရ၍ စနစ်တကျ ဖြစ်လာသောအခါ လွတ်လပ်ရေး တိုက်ပွဲ ဆင်နွှဲခဲ့စဉ်က ဘေးထိုင် ချောင်ခိုပြီး ပညာ ကို သာ ကြိုးစားခဲ့သော သူငယ်ချင်းများ ဒီဂရီ ရ ကာ ဝန်ကြီး ၊ ဝန်ကလေးများ ဖြစ်လာချိန် ၌ စာရေးသူ မှာ မိမိ ဘဝ ရှေ့ရေး အတွက် လက်လှမ်း မီရာ ဆန်စက် စာရေးကလေး ဘဝ ကို ပင် ကုပ်ကပ် အသနား ခံပြီး တောင်းပန် တိုးလျှိုး ၍ မိမိ ဘဝ ကို ရပ်တည်ရာ ရအောင် ကြိုးစား ရပေသ ည်  ။ ( သို့ အသနား ခံရသည် မှာ မျိုးချစ်စိတ် လက်ကျန်ကလေး ၏ ကောင်းမှုပါပေ ။ အဘယ်ကြောင့် ဆိုသော် သူဌေးများ က နိုင်ငံရေး သတ္တဝါများ ကို မြင်ပြင်းကပ် သော ကြောင့် ပင်တည်း ။ ) ဤသို့ ဖြစ်ရခြင်း သည် ပင် ကလီကမာ ကိုဆာမိ နှင့် ပြန်လည် တွေ့ဆုံဖို့ ရန် အကြောင်းတရား ဟု ပင် ဆိုရပေချိမ့်မည် ။

ဤသို့နှင့် စာရေးသူ သည် မိမိ ဘဝ တစ်ဝမ်း တစ်ခါး တည်တံ့ ခိုင်မြဲရေး ၊ ငြိမ်းချမ်း သာယာရေးများ ကို ကြိုးပမ်း လာရသော ကာလ သို့ ရောက်လတ် သော်လည်း ဤ ရွာဦးကျောင်း မှ သင်ကြားပို့ချ လိုက် ၍ အရိုးစွဲ လာခဲ့သော ဗုဒ္ဓရှင်တော်ဘုရား ၏ အမှန်တရား နှင့် မြို့ ကျောင်း ၌ ကုလားဖြူစာ သင်စဉ်က တွေ့ကြုံ လိုက်ရသော သခင်အောင်ကြီး ၊ သခင်ထောင်ကြီး တို့ ၏ မျိုးချစ်စိတ် မျိုးစေ့ကလေးများ သည် အရိုး စွဲ ၍ အမြစ်တွယ် ဆဲ ပင် တည်း ။ ထို့ကြောင့် ပင် ဆန်စက်စာရေး ဘဝ တွင် စပါး ဝယ်သူ အဖြစ် လည်း ပေါင် မခိုး ၊ ဆန် ရောင်းသူ အဖြစ်လည်း ပေါင် မခိုး ၊ ( ကြွင်းကျန်သော ယနေ့ ဆန်စက်သမား တို့ သိန်း ချီ ၍  ခိုးနည်း ၊ ခြစားနည်းများကို ကျမ်း လေးမည် ၊ ရန်များ မည် စိုး၍ ချွင်းချန်ခဲ့ပါအံ့ ။ )

သို့ မခိုးတတ်မှု ကြောင့် စက်သူဌေး ၏ မျက်မုန်း ကျိုးခြင်း ခံ ရကာ အလုပ် မှ ထွက်ခဲ့ ရ၏ ။ ထိုအချိန် အိမ်ထောင်ဘက် ဇနီးသည် နှင့် သားဦး ကလေး ပေါက်ဖွားခဲ့ပြီ ဖြစ်၍ အလုပ်လက်မဲ့ ဘဝ နှင့် အတော် ကသီလင်တ နိုင် နေရာမှ နီးစပ်ရာ ကျေးဇူးရှင်များ ကြောင့် SAMB နိုင်ငံတော် ကောက်ပဲသီးနှံ ရောင်းဝယ်ရေးအဖွဲ့ အင်စပိတ်တော် ရာထူး ရခဲ့ ရပေသည် ။ ထို ရာထူး တွင် လည်း ရွာဦးကျောင်း က ပါ လာသော အမှန်တရား နှင့် သခင်ထောင်ကြီး တို့ မျိုးချစ်စိတ် ကြောင့် အခက်အခဲ တွေ့ရ ပြန်ပါ၏ ။

ကောက်ပဲသီးနှံ ရောင်းဝယ်ရေး အဖွဲ့ဝင် အဖြစ် ကား စပါး ရောင်း လာသော တောင်သူလယ်သမား နှင့် ဆက်ဆံရ၏ ။ ထို စပါး ကို ချိန်တွယ် သယ်ပိုးသည့် အလုပ်သမား နှင့် ဆက်ဆံ ရ ၏ ။ ထို အလုပ်သမား လယ်သမား တို့ ၏ မီးရှူး တန်ဆောင် နိုင်ငံရေးအသင်းအဖွဲ့ တို့ နှင့် ဆက်ဆံ ရ၏ ။ သူတို့ အားလုံး အတွက် တရားမျှတ မှန်ကန်မှု ၊ စိတ် ကျေနပ်မှု ရရန် အစိုးရ ကိုယ်စား ဆောင်ရွက် နေရသော အလုပ် ပင် တည်း ။ အကယ်ပင် တရားမျှတမှု ကို တွေ့ရှိခဲ့ပါသ လား ဟု မေး ပါမူ အဖြေရ ကျပ်လှ ပါပေသည် ။ ထို အဖြေရ ကျပ်လှသော ရောဂါ ဖြင့် ပင် ထို အလုပ် မှ ထွက်ခဲ့ ပြီးလျှင် တရားမျှတ သမ္မာအာဇီဝ ကျသော ကိုယ်ပိုင် လုပ်ငန်းကလေး တစ်ခု ဖြင့် ရှာဖွေ စားသောက်ပါတော့မည် ဟူသော ကြံစည်ချက် ဖြင့် အိမ်ဆိုင်ကလေး တစ်ခု တည် မိ တော့၏ ။ ထိုရော အခါ အကြံတူ ဉာဏ်တူ ကြက် ဆရာ ကိုဆာမိ နှင့် ယှဉ်ပြိုင် ရင်ဆိုင် တိုးမိ ရ ပါ တော့သည် ။ ဆုံကောင်း ဆုံရာ ဆိုင်နေရာ ပန္နက်သဲ ချသည့် အချိန် ပင် လျှင် တစ်ချိန်တည်း ဖြစ်နေ၏ ။ ဆာမိ က လည်း ကု,လား ပေ သည့် လူ မတတ် သော်လည်း လက်ဖက်ထုပ် တတ်သည် ဟူသော စကား အရ လက်သမားဆရာဉာဏ် ၏ နေ့နံ ရွေး အခါတော် ပေးသည့် အတိုင်း ပန္နက်ရိုက် ပေ သကိုး ။

ရွာကလေး တွင် ကား ဆိုင်ကလေး နှစ်ဆိုင် မှာ အပြိုင် လို ဖြစ်လာ ရပေသည် ။ သို့သော် စာရေးသူ အနေဖြင့် ကား မစိုး ရွံ့ မိ ၊ အဘယ်ကြောင့် ဆိုသော် စာရေးသူ သည် ရွာမွေး ခြံပေါက် ဖြစ်သည် ။ ဤ တစ်ရွာလုံး သည် စာရေးသူ လုပ်ခဲ့ဖူးသော ဆန်စက် ထဲ မှ လက်နိုင် အလုပ်သမားများ သာ ဖြစ်ပေသည် ။ကြက်ထမ်း ဆာမိ ကား တစ်ကောင်ကြွက်သမား ကု,လား ပင်တည်း ။ ဤ တွက်ကိန်း နှင့် ပင် ကိုယ် သာ လျှင် ဟန်မည် ဟု ကျိန်းသေ မှတ်ချက် ချမိ ပေသည် ။ ပြီးတော့ တစ်ချက် ရှိသေးသည် ။ ဆာမိ သည် “ ကက် ရောင်းဖို့ ရှိဒလား ကက် ” ဆိုသော အချိန် ၊ ကြက် ဝယ်သူ အဖြစ် ခဲသင်းကတ္တရာဆေးသုတ် အလေးကြီး တို့ ဖြင့် ဝယ်တ တ် သလို ၊ သူ က ရောင်းသူ အလှည့် တွင် လည်း ကု,လားမောင်း ကို ချိတ်ဆွဲ ရုံ တွင် အား မရသေး ဘဲ အလေး ခိုး လိုက်သေး၏ ။ ဤ ရွာ တွင် ငါးကျပ်လေး ကား အရောင်းအဝယ် များ ၏ ။ လက်ဖက်ခြောက် လို လက်ဖက်ခြောက် ၊ ဆား လို ဆား အလီလီ သာ ဝယ် တတ်သော ရွာသားများ အတွက်ကား ဘာမဆို ငါးကျပ်သား အလေး ကို အသုံးရ များ ၏ ။ ထို့ကြောင့် ဆာမိ ငါးကျပ်လေး သည် နဂိုပင်ရင်း ငါးကျပ်လေး ဘဝ မှ တံစဉ် စား ပြီးလျှင် ကတ္တရာ သုတ် ရုပ်ဖျက် လိုက် ပြီး အလေးအို အလေးဟောင်း အသွင် ဖြင့် လေးကျပ်ခွဲသား သာ စီး တော့သည်  ။ တစ်ခါ ဝယ် လျှင် ငါးမူးသား ခိုးခြင်း ဖြင့် အခါ တစ်ရာ ဆို လျှင် ငါးဆယ်သား အမြတ် မရပါလား ။ ဒီအချက် တွင် လည်း စာရေးသူ က မိုးခြိမ်း သံ ကြား လျှင် အလေးမှန်ပါ့ တောင်းမှန်ပါ့ ဘုရား တ တတ်သော မြန်မာလူမျိုး ပီပီ အလေးမှန် တောင်းမှန် ရောင်း လျှင် ထို ဆာမိ ပြိုင်နိုင်မည် မဟုတ် ဟု ထင်၏ ။ သို့သော် ဆိုင်ကလေး ဖွင့်၍ ကာလတောင်တာ ကြာ လျှင် အထင် နှင့် အမြင် ပါစင် အောင် လွဲရ လေပြီ ။

ထို လေးကျပ်ခွဲ သား အလေး ခိုး ရောင်းသူ ဆာမိ ဆိုင် တွင် ပုလုကွေး အလေးကလေး မှ အစ သက်ကြားအို ၊ ဆံဖြူ ၊ မုဆိုးမ ၊ တစ်ခုလပ် ၊ အပျိုကြီး ၊ အပျိုလေး ၊ အပျိုပေါက် တို့ အဆုံး တစ်ရုန်းရုန်း ဈေးဝယ် မပြတ် ရှိတော့၏ ။

လက်သမားဆရာ ကိုမောင်တင့် သား ဖြိုးကြွယ်ကလေး သည် ဆာမိ ၏ ဆိုင်စောင့် - ကျီးလှန် - ကြက်မောင်း ဖြစ် နေ၏ ။ ဆာမိ က လည်း ကောင်ကလေး ရွှေပန်း ကို ပွတ်ကာ ဆွဲကာ ချော့၏ ။ ဆော့၏ ။ ပဲလှော်လေး ၊ ထန်းလျက်ကလေး ကျွေး၏  ၊ ပေး၏ ။ အရပ် ထဲ မှ အာကြမ်း ၊ လျှာကြမ်း ငါးစိမ်းသည် မစန်းကြီး သည် လည်း ဆာမိ ၏ ဖောက်သည်ကြီး ဖြစ်ပေ၏ ။

“ ခွေးကု,လားနော် ... ငါ များ တော့ အလေး ခိုးမယ် မကြံနဲ့  ၊ မိစန်း တဲ့ ... တစန်း ထဲ ရှိတယ် ။ နှုတ်ခမ်း မပါတာနဲ့ ကို ပွတ် ပစ်လိုက်မယ် ”

သို့သော် ကိုဆာမိ က အပြုံး မပျက်ပေါင် စိတ်လက်ရှည်ရှည် နှင့် သူ ရွတ်နေကျ ..

“ အမာ က လည်း ကလီကမာ မလို့ တတ်ပါဘူး ”

“ မလုပ်တတ်ပါဘူး ပြောပါ ကု,လားရ ”

“ ကု,လားပဲ အမား ၊ စကား ဘယ်ရမလဲ အမား ”

“ အမယ်လေး မိကျောင်းသား ရယ် ထည့် မှာ ထည့် စမ်းပါ ။ လက်ဘက်ခြောက် ငါးကျပ်သား ”

ကိုဆာမိ က တော့ ထုံးစံ အတိုင်း သူ ၏ လေး ကျပ်ခွဲသား အလေး နှင့် ပင် ချိန် ပေး လိုက်လေသည်  ။

အပျိုကြီး မအုန်း ဆို လျှင် လည်း ဆာမိ နှင့် အလွန် သင့်လှ၏ ။

“ ကု,လားနော် လူပါး မဝနဲ့  ၊ ငါ အကုန် နားလည်တယ် သိရဲ့ လား ... ”

ဆာမိ က မူ “ အမား ကလည်း ကလီကမာ မ ဟုတ်ပါဘူး ” ဂါထာ ကို ပဲ ရွတ်၏ ။ သို့သော် သူ ၏ ဗို့ - ၁၅ဝဝ အား ရှိသော မျက်လုံးကြီး များ သည် အပျိုကြီး အတွက် ကြည်နူးစရာ အကွက်ကလေး တစ်ခုပါပေ ။ သို့သော် .... မအုန်း ကို လည်း လေးကျပ်ခွဲသား အလေး နှင့် ချိန်ပေး လိုက်၏ ။ တစ်ခုလပ်မကလေး မယ်အေး အလှည့် ကျ သော် မယ်အေး သည် ဆာမိ ဆိုင်ရှေ့ ရောက်တိုင်း ထမီ ကို အခါ နှစ်ဆယ် မျှ လောက် ပြင် ဝတ် တတ်၏ ။ “ ကိုဆာမိကြီး ငရုပ်သီး သုံးလေး တောင့် ယူသွားမယ် နော် ” ဟု ပြောပြောဆိုဆို လက် တစ်ဆုပ် နှိုက် တတ်၏ ။ သို့သော် ဆာမိ ကား သူ ဝယ်သွားသည့် ပုဇွန်ခြောက် ငါးကျပ်သား ကို လေးကျပ်ခွဲသား အလေး ဖြင့် ပင် ချိန် ပေး လိုက်၏ ။ မုဆိုးမ မမယ် ဆို လျှင် ကိုဆာမိ ဆိုင် တွင် ထိုင် ကာ သွားလေ သူ ကို တတ, တ ဖြ င့် “ ဆာမိ ရယ် နင့် အစ်ကိုကြီး ကိုပန်းခိုင် သာ ရှိရ င် ငါ ဒီလို နေရဖို့ အဝေးသား ကလား ။ ဟိုတုန်းကများ မယ်ညိုပဒုမ္မာ , နင်မလစ် လုံချည် ခါးပေါ် က ချ ရတာ မဟုတ်ဘူး သိရဲ့ လား ။ နင် က လည်း ငါ မုဆိုးမ ဆိုပြီး အကြွေး မပေးချင်ဘူး လား ဟယ် ” ဟု ခပ်ညုညုကလေး လွမ်းဟန်ပစ် တတ်၏ ။

ကျန် အပျိုဖြန်း ၊ အပျိုလတ် ၊ အပျိုကလေး တို့ အလှည့် တွင် လည်း ...

“ ကိုဆာမိရားကြီး ကျုပ်တို့ မှာ တဲ့ အလှဆီ ဘယ်မလဲ ။ ဝယ်ခဲ့မယ် ဆို ... ”

“ အမယ် ... ဆာမိ ကလီကမာလူ မဟုတ်ဘူး ။ ဝယ်မယ် ဆို ဝယ်ပေးတယ် မဟုတ်လား အေး ဇိန် ... ”

ဟုတ်၏ ။ ဆာမိ သည် မျက်နှာချေ ၁၀ ပြား တန် ၊ အလှဆီ ပြား ၅ဝ တန် တို့ ကို တစ်လ တစ်ခါ အလှည့်ကျ ဆိုသလို အေးစိန် ၊ မိညို ၊ အမာ တို့ အတွက် မေတ္တာရှိ ဈေး ပြန် လျှင် ဝယ်ခြမ်း ပေး တတ်၏ ။ သို့သော် သူတို့ အား လည်း သူ ၏ လေးကျပ်ခွဲသား အလေး ဖြင့် ပင် ချိန်ပေး ပေသည် ။

သို့ ကလေး မှ အစ သက်ကြားအို ဆံဖြူ မုဆိုးမ ၊ တစ်ခုလပ် ၊ အပျိုကြီး ၊ အပျိုလေး ၊ အပျိုပေါက် တို့ အဆုံး တရုန်းရုန်း ဈေးဝယ် မပြတ် ရှိ သော အကြောင်းရင်း သည် အကြင် ကိုဆာမိရား နှင့် ကိုစံအုပ် မမယ်မီ တို့ သမီးချော ရွာ ကွမ်းတောင်ကိုင် မိစောလေး တို့ ပုဆိုးတန်းတင် အကြင်လင်မယား အဖြစ် လူကြီးစုံရာ နှင့် ပေးစား ထိမ်းမြားကြသော မင်္ဂလာ အခါတော် ကျ မှ သိရပါလေတော့၏ ။ နှုတ်ကြမ်း ၊ အာကြမ်း ၊ ငါးစိမ်းသယ် မစန်းကြီး အာဘော် အရမူ “ ကု,လား လည်း လူပဲ ဘာဖြစ်ရမလဲ အရီးမယ်မီ ရဲ့  ၊ ဒါမှ ကလေးမလေး အနွံအတာ အဆဲအဆို ခံမှာ ။ ဆာမိ သည်းခံနိုင်တာတို့ ကျုပ် ထက် ဘယ်သူမှ ပို မသိနိုင်ပါဘူး တော် ။ ဒါကြောင့်လည်း ကျုပ် က ‘ သူ့အလေး မမှန် မှန်း ' သိပေမယ်လို့ အဆဲ ဆို ခံတာလေး သနား ပြီး ဖောက်သည် ဖြစ် နေမိ တာ ” ဟု ဆိုပေ၏ ။

အပျိုကြီး မအုန်း က မူ “ အလကားပါ အေ ။ အစက ကု,လား ငါ့ ကို ရိသဲ့သဲ့ လုပ်နေတာ ၊ တို့ ကလည်း အပျိုကြီးဘဝ နဲ့ ငှက်ပျောတုံး ဖက် သေ လိုက်မယ် ။ ကု,လားတော့ စိတ်ကူး ထဲ တောင် မထည့်ဘူး သိလား ” ဟု နှုတ်ခမ်း စူ၏ ။

တစ်ခုလပ်မကလေး မယ်အေး က မူ “ အလကား ခွေးကု,လား က တဏှာရူး ကြီး တော့ ကျုပ် က လည်း အစားရောင်အောင် သူ့ ဆိုင် ဝယ်ခဲ့ တာ ဒင်း အလေး ခိုး ရောင်းမှန်း လည်း သိသားပဲ ။ ခုပုံ နဲ့ တော့ မိစော ပုံပျက်ပန်းပျက် ဖြစ် သွားမှာ သနားမိလိုက်တာ ” ဟု မှတ်ချက် ချ၏ ။

မုဆိုးမ မမယ်မြ ၏ မှတ်ချက် အရ မူ ကိုစံအုပ် မမယ်မှီ တို့ သည် ကု,လားလေး ဆာမိ ကြွေးမြီ များ လည်ပင်း ခိုက် တက်လာသောကြောင့် သမီး ကို ထိုးအပ် လိုက်ကြသည် ။ လူလည် လုပ် လိုက်ကြသည် အဆို ရှိ၏ ။

ရွာသူ အပျိုကလေးများ က မူ “ အမယ် ကု,လားဆာမိ က မိစော ရ မှ ကိုစံမှီ ဆိုတဲ့ ဗမာ နာမည် ပြောင်းတော့မယ်တဲ့ တော့ ” ဟု ဆိုကြသည် ။

အဘယ် မှတ်ချက်သည် မှန်ကန် တိကျမည် ကို စာရေးသူ ပြောစရာ အလုပ် မဟုတ်ပါပေ ။ စာရေးသူ ပြောလိုသည် မှာ အလေးမှန် ၊ တောင်းမှန် စေတနာ သန့်သန့် ဖြင့် ရောင်းချသော စာရေးသူ ရွာခံ ဆိုင် ကို ကျော ခိုင်း ၍ ကု,လားဆာမိ ၏ ကလီကမာ  အလေး ခိုးသော ဆိုင် ကို မှ ဝယ်ချင်သော ဤ ရွာသူ ရွာသားများ ၏ ကလီကမာ စိတ် ကို နာကျည်း ခံပြင်း မိတော့၏ ။ သို့နှင့် နောက်ဆုံး စာရေးသူ မှာ ရသမျှ ငွေရင်းကလေး မြှုပ်၍ ဆိုင် ဖြုတ် လိုက် ရပြီး ချစ်ဇနီးသည် နှင့် ရင်သွေးငယ် ကို ယောက္ခမ ထံ အပ်နှံကာ ဤ ရွာ ဤ ဒေသ ကို စိတ်နာ လှစွာ ထွက်ခဲ့ပေသည် ။ သို့သော် ရွာဦးကျောင်း နှင့် သခင်အောင်ကြီး ၊ သခင်ထောင်ကြီး တို့ သွင်း ပေး လိုက်သော အမှန်တရား နှင့် မျိုးချစ်စိတ် အရိုးစွဲ အမြစ်တွယ်ကလေး မှာ မကုန်ခန်းနိုင် သေးသည့် အလျောက် ယခုကဲ့သို့ မတောက်တစ်ခေါက် စာကလေး ၊ ပေကလေး ရေး ကာ တိုင်းပြည် သို့ တင်ပြချိန် ၌ ကလီကမာ ကိုဆာမိ သည် ကျေးရွာဒေသန္တရအုပ်ချုပ်ရေး ကော်မတီ လူကြီးမင်း ဦးစံမှီ အဖြစ် သူ ၏ ကလီကမာ ဂါထာ ကို ဉုံ ခံ ၍ ရွတ်နေလိမ့်ဦးမည် ထင်ပါ သတည်း ။

◾ မောင်ကျော်သာ

📖 မြဝတီမဂ္ဂဇင်း
       ၁၉၅၅ ခုနှစ် ၊ ဇွန်လ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment