Saturday, April 8, 2023

သူတော်ငတေ နှင့် ငှက်ပျော တစ်ခိုင်


 ❝ သူတော်ငတေ နှင့် ငှက်ပျော တစ်ခိုင် ❞


နွေ တစ်နေ့ ၏ နံနက် ဝေလီဝေလင်း အချိန် တွင် ဖြစ်သည် ။


ယာတောင်ရွာ မှ ဦးညိုမောင် ဆိုသူ သည် သူ ၏ ခြံထွက် ငှက်ပျောမှည့် တစ်ခိုင် ကို ထမ်း ကာ  မင်းရွာ သို့ ဈေးရောင်း အမီ ထွက် လာသည် ။ ကညင်တော တောင်ပူစာ နှစ်လုံး ကြား လမ်းကျဉ်း သို့ ရောက်သော အခါ ဘယ်တော ဘယ်တောင် က ပြန် လာသည် မသိသော သူတော်ငတေ နှင့် လူသွားလမ်းကျဉ်းလေး ထဲတွင် မျက်နှာချင်း ဆိုင် ပက်ပင်း ဆုံ မိ ကြ၏ ။


ငှက်ပျောမှည့် တစ်ခိုင် ထမ်း လာ သော ဦးညိုမောင် ကို သူတော်ငတေ က ရှေ့ မှ လက် ကာ ဆီးတား ကာ


“ ဦးညိုမောင် မှတ်တယ် ၊ စောစောစီးစီး ဘယ် သွား မလို့တုံးဗျ ”


စတင် နှုတ်ဆက်သည် ။


“ မင်းရွာဈေး သွားမလို့ ”


ဦးညိုမောင် စိတ် ထဲ မှာ စောစောစီးစီး အမင်္ဂလာ တစ်ခု ခု ကို တွေ့လိုက် ရ သလို ခံစား မိလိုက် သဖြင့် တိုတိုပြတ်ပြတ် ပင် ပြောချ လိုက်သည် ။


“ ငှက်ပျောခိုင်ကြီး နဲ့ ပါလား ၊ သွား ရောင်း မလို့လား ”


“ ဟုတ်ပါတယ် ”


“ ဟဲဟဲ ခင်ဗျား ဟာ လေ အတော့် ကို ပါရမီ ထူးတဲ့ ပုဂ္ဂိုလ် ပဲ ဗျ ”


“ ဘာရယ် ဦးသူတော် ”


မင်းရွာဈေး ကို အချိန်မီ ငှက်ပျောသီး ရောင်းရန် သွားကာ မှ သူတော်ငတေ နှင့်  မျက်နှာချင်းဆိုင် လမ်းကျဉ်းလေး ထဲ တွင် ပက်ပင်း ရှေ့ဆိုင် တိုးမိ နေသည် ကို စိတ် ထဲ ကသိကအောက် ဖြစ် သွား သော ဦးညိုမောင် က သူတော်ငတေ ကို စေ့စေ့ ကြည့်၍ မေး လိုက်၏ ။


“ ဪ ဒီလိုပါ ကျောင်းဒကာကြီး မနှိုင်းကောင်း နှိုင်းကောင်း ဆိုပါတော့ ဗျာ ။ ကုသိုလ်ကမ္မ အထ မြောက်ချင်ပြီး ဒိဋ္ဌဓမ္မဝေဒနိယ အကျိုး ကို ခံစားထိုက် တဲ့ ပုဂ္ဂိုလ်များ ဟာ ရှေးရှေးတုန်း က ပစ္စေကဗုဒ္ဓါ ရဟန္တာ အရှင်မြတ်များ ကို လှူဒါန်း ခွင့် ရ သလို အလှူခံ ပုဂ္ဂိုလ်များ နဲ့ တွေ့တတ် ကြတယ် ဆို မဟုတ်ဘူးလား ဗျ ။ ခုလည်း ခင်ဗျား ပါရမီ ထူးတာ ပြော တာပါ ”


သူတော်ငတေ ၏ စကား ကို ကြား လိုက်ရုံ နှင့် ဤ ငတေ ငှက်ပျောခိုင် ကို မျက်စောင်း ထိုး နေပြီ ဆိုသည်ကို ဦးညိုမောင် က အတပ် သိ လိုက်သည် ။


ဦးညိုမောင် မှာ တစ်ရွာတည်း သား ပီပီ သူတော်ငတေ ၏ အကြောင်း ကို အတွင်း သိ ၊ အစဉ်း သိ ဖြစ်လေရာ သူတော်ငတေ ကို နည်းနည်း မှ ကြည့် ရသူ မဟုတ် ။ ငယ်စဉ် က ပင် တေတေပေပေ နေ လာ ခဲ့ပြီး နောက်ဆုံး မှာ သူတော် လုပ်ပြီး ဘုန်းကြီးကျောင်း ကပ်စား နေသူ ဟု အမြင် ရှိထား၏ ။


ယခု ငှက်ပျောခိုင် ကို မြင်သော အခါ တစ်နည်း နည်း နှင့် မုချ တောင်းစားတော့မည် ဆိုသည် ကို လည်း ဦးညိုမောင် မှာ အတပ် သိ နေပေရာ စိတ် ထဲ တော်တော် ကသိကအောက် ဖြစ်သွား၏ ။ ဦးညိုမောင် သည် သူတော်ငတေ အား နည်းနည်း မှ သဒ္ဓါစိတ် မရှိ သလို ပင်ကို က လည်း အလွန် ကပ်စေးနှဲ ကော်တရာ ဖြစ်သည် ။


ဘုရား ၊ တရား ၊ သံဃာ ရတနာ သုံးပါး အပေါ် ၌ လည်း ယုံကြည် အလေးထားသူ မဟုတ် ။ ထို့ကြောင့်လည်း သူ့ ခြံထွက် ငှက်ပျောခိုင် ကို ဘုန်းကြီးရဟန်း တို့ အား တစ်လုံး ၊ တစ်ဖီး လှူရမှန်း သတိ မရဘဲ မင်းရွာဈေး တွင် သွား ရောင်း ကာ သူ့ ဇနီး နှင့် သူ့ သမီး တို့ အတွက် ပဒုမ္မာပိတ် ဝယ် ပေးရန်သာ စိတ်ကူး လာ သူ ဖြစ်၏ ။ ဦးညိုမောင် ၏ ခံယူချက် မှာ လှူ လျှင် ကုန် ၊ စား လျှင် ဝ ၊ ထား နိုင် လျှင် အမြတ် ရ ဟူသော ခံယူချက် ကို လက်ကိုင် ထား သူ ပင် ။


ဤသည်ကို သိသော သူတော်ငတေ က လည်း သူ့ စကား ကြား လိုက်သည် နှင့် မှိုင်တိုင်တိုင် ဖြစ် သွားသော ဦးညိုမောင် အား


“ အလုံး ထွားပြီး လှလိုက်တဲ့ ငှက်ပျောသီးတွေ ဗျာ ။ မြင်ရုံ နဲ့ သွားရည်တောင်  ကျချင် လာပြီ ။ ကဲ ဦးညိုမောင် ရယ်  အလှူခံ တစ်ကျိပ်လေး ခွေး တောင် ပါတယ် ဆိုတော့ ကျုပ် က လည်း တော ထဲ ဧကစာရီ လျှောက် သွားပြီး သတ္တဝါတွေ ကို ကယ်ချွတ် ဖို့ စရဏတရား တွေနဲ့ ပျော်မွေ့ နေတာ သုံးရက် လောက် ရှိပြီ ဆိုတော့ ဒီနေ့ မနက် မှ ကျောင်း ပြန် မလို့ တော ထဲ က ထွက် လာတာ ။ အတော်ပါပဲ ဗျာ ။ အဲဒါကြောင့် ခင်ဗျား ကို  သိပ် ပါရမီ ထူး တဲ့ ပုဂ္ဂိုလ်လို့ စောစော က ကျုပ်  ”


“ ဒီမှာ ဦးသူတော် ၊ ခင်ဗျား ကျုပ် ကို တောပြော တောင်ပြော ပြော မနေနဲ့ ၊ ရှေ့ က လမ်း ဖယ် ဗျာ ။ ငှက်ပျောသီး စားချင် ရင် လည်း တစ်လုံး နှစ်လုံး ယူ ထားလိုက် ။ ကျုပ် က မင်းရွာဈေး မီ ဖို့ အရေးကြီးတယ် ”


တောင်ကမူ နှစ်လုံးကြား လမ်း ကျဉ်းကျဉ်းလေး ထဲ တွင် လမ်း မဖယ်ပေးဘဲ ရှေ့ ကာဆီးကာဆီး နှင့် ငှက်ပျောသီး စားချင်သည် ကို သွယ်ဝိုက် တရား လာ ဟော နေသော သူတော်ငတေ ကို အမြင် ကတ်ကတ် နှင့် မပေး လျှင် လည်း မကောင်းတတ် သဖြင့် စိတ်တိုတိုနှင့် ဘုဆတ်ဆတ် ပြော လိုက်၏ ။


“ ကျုပ် တောထဲ တောင်ထဲ သွားပြီး စရဏ အလုပ် လုပ် နေခဲ့တာ သုံးလေး ရက် ဘာမှ မစားခဲ့ ရ ဘဲ နေ လာတာပါ ဆို ခင်ဗျား ငှက်ပျောသီး တစ်လုံး နှစ်လုံး လောက် နဲ့ ဒီ ဗိုက်ကြီး က ဘယ်လို လုပ် ဝ မှာလဲ ။ ခင်ဗျား ကိုယ်ချင်းစာ စကား ပြောပါဗျ ”


သူတော်ငတေ က စူထွက် နေသော သူ့ ဗိုက် ကို လက် နှင့် ပုတ် ပြပြီး အသံမာမာ နှင့် ပြော လာ၏ ။


သူတော်ငတေ ၏ စကား ကို ကြား လိုက်ရသော အခါ ဦးညိုမောင် မှာ ပို၍ ဒေါသ ထွက်လာသည် ။


ချော့မော့ ပြော မရမှန်း သိသဖြင့် တမင် ပင် လုယက် စားတော့ မတတ် ခြိမ်းခြောက်သံမျိုး နှင့် ပြော လာသော သူတော်ငတေ ကို ဦးညိုမောင် က လည်း -


“ သိပါတယ် ၊ အလကား ရတိုင်း စား နေကျ ဗိုက် ဆိုပါတော့ ခု ခင်ဗျား ဗိုက် က ဘယ်နှဖီး စား ရမှ ဝမှာလဲ ”


“ ဟဲဟဲ ဒီ ဗိုက်ကလား ၊ အလကား ရရင် ခု ခင်ဗျား ငှက်ပျောသီး တစ်ခိုင် လုံး ကုန်အောင် စား တောင် ဝ မှာ မဟုတ်ဘူး ”


မထီတရီ ရယ်ကျဲကျဲ နှင့် သူတော်ငတေ က သူ့ ဗိုက် ကို ပုတ်ပြ ပြီး ပြောလိုက်ပြန်၏ ။


သူတော်ငတေ အား ငှက်ပျောသီး တစ်ဖီး နှစ်ဖီး အလကား ပေးရတော့မည် ကို သိ သဖြင့် မကျေမနပ် ဖြစ်ကာ ဒေါသ ကြီး လာသော ဦးညိုမောင် က သူ့ ပခုံး ပေါ် ရှိ ငှက်ပျောခိုင် ကို မြေပြင် သို့ အသာ ချ လိုက်ရင်း


“ ဪ ခင်ဗျား ငှက်ပျော တစ်ခိုင်လုံး တကယ် ကုန် အောင် စား နိုင်လို့လား ဦးသူတော် ”


ဟု ဒေါသ ဖြစ်ဖြစ် နှင့် မေး လိုက်၏ ။


“ သိပ် စားနိုင်တာပေါ့ဗျာ ။ ဒီ ဗိုက် ကို လည်း ကြည့် ဦးလေ ”


သူတော်ငတေ က သူ့ ကိုယ်ရုံ ကို တမင် လှစ် ပြီး ဗိုက် ကို ပုတ်ပြ ၍ ပြောလိုက်ပြန်၏ ။


“ ကျုပ် ရှေ့ တင် စားပြ နိုင် မလား ”


“ သိပ် စားပြနိုင်တာပေါ့ ။ တစ်ထိုင် တည်း နဲ့ ကို စား ပြမယ်ဗျာ ”


“ ယီးတီးယားတား တော့ မနောက်နဲ့ နော် ဦးသူတော် ။ ကျုပ် တကယ် ပြော နေတာ ”


“ ဒါ ဒါ နောက်စရာလားဗျာ ။ ကျုပ် က လည်း ဦးညိုမောင် ကို တကယ် ပြော နေတာပါ ။ ဘာမှ မစားဘဲ စရဏ။အလုပ် လုပ် နေခဲ့တာ သုံးလေးရက် ရှိပါပြီ ဆို ၊ သိပ် စား နိုင် တာပေါ့ ”


“ ကဲ ၊ ငှက်ပျော တစ်ခိုင် မကုန်ရင် ကော ”


“ မကုန်ရင် သုံးဆ ပြန် လျော် မယ်ဗျာ ဟဲ ဟဲ ”


သူတော်ငတေ မှာ အတည် ပေါက် ပြောပြီး နောက် ကျ မှ ရမည် ရှာ တောပြော တောင်ပြော ပြော ကာ ရူးသလို ပေါသလို မဟုတ်တရုတ် လုပ်ပြီး လစ်ပြေး သွား တတ်သော အကျင့် ကို လည်း သိထားရာ  သူတော်ငတေ စကား ကို လုံးဝ မယုံသော ဦးညိုမောင် က


“ ကျုပ် ငှက်ပျောခိုင်ဖိုး အလျော် ပေး ရအောင် ဦးသူတော် မှာ ဘယ်မလဲ ဒင်္ဂါး ”


“ ဟဲ ဟဲ ၊ ခင်ဗျား က ကျုပ် ကို တယ် အထင် ကြီးပါလား ။ ခင်ဗျား ငှက်ပျော တစ်ခိုင် ဘယ်လောက် တန် လို့လဲ ”


“ ကျုပ် ငှက်ပျော တစ်ခိုင် က ဒီလောက် အလုံး ထွားပြီး အဖီး လှတာ ။ ဘယ်မှာ သွား ရောင်းရောင်း ငါးမတ် ၊ တစ်ကျပ်ခွဲ တော့ အသာလေး ရတယ် ဗျ ”


“ ကောင်းပြီ ။ ဒီမှာ ကြည့် ဒါ ဘာလဲ ဒင်္ဂါးပြား မဟုတ်လို့ အိုးခြမ်းကွဲ လား ”


သူတော်ငတေ က သူ့ လွယ်အိတ် ထဲ လက် နှိုက် လိုက် ကာ ပထမ ဝေလာ ခေါင်းတုံး ငွေဒင်္ဂါး တစ်ပြား ကို လက်မ ပေါ် တင် ကာ ချွင်ခနဲ မိုးပေါ် တင် ပစ်ပြ ပြီး နောက် လက် တစ်ဖက် နှင့် ဖမ်းဆုပ် ထား လိုက်၏ ။ ပြီး နောက် တစ်ပြား ကို ပထမ နည်းတူ အသံချွင်ချွင် မြည် သွား အောင် မိုး ပေါ် မြှောက် ပစ် ပြပြီး နောက်လက် တစ်ဖက် နှင့် ဖမ်းပြ လိုက် ပြန်၏ ။ ပြီးတော့ နောက် တစ်ပြား ၊ နောက် တစ်ပြား နှင့် ဒင်္ဂါး ငါးပြား ကို လွယ်အိတ် ထဲ က နှိုက်ထုတ် ပြီး ဦးညိုမောင် ကို ပစ် ပြ လိုက်သည် ။


“ ကဲ ၊ ဟုတ်ပါပြီ ၊ ဟုတ်ပါပြီ ။ ခင်ဗျား တစ်ထိုင်တည်း နဲ့  ကျုပ် ငှက်ပျော တစ်ခိုင် လုံး ကို တကယ် ကုန်အောင် စား ပြ ရ မယ်နော် ”


“ ဪ ၊ ဒီ လူ နှယ် နား ဝေး လိုက်တာ ။ ခင်ဗျား ကို ကျုပ် ဘယ်နှခါ ပြောရမလဲ ”


“ ကဲ ကောင်းပြီ ဒါဆို ခု ချက်ချင်း စား ပြဗျာ ။ မကုန်ရင်တော့ တကယ် သုံးဆ လျော်ရမယ်နော် ။ ဦးသူတော် စကား ဦးသူတော် မှတ်ထား ။ နောက် မှ ကတိ ဖျက် ရင်တော့ လား ဦးသူတော် နဲ့ ကျုပ် ”


“ ဟဲ ဟဲ ၊ ခင်ဗျား လက်ရဲဇက်ရဲ ရှိတယ် ဆိုတာ ငယ်ငယ် ကတည်း က ကျုပ် သိပြီးသားပါ ။ ကတိ မဖျက်ရဲ ကြောင်းပါ ။ ကဲ လာလာ ဒီ လမ်းဘေး မှာ တော့ မကောင်းဘူး ။ လမ်းသွား လမ်းလာများ မြင် သွားရင်  ကျုပ် အစား ကြီး မှန်း လူတွေ သိသွားလို့ ရှက်စရာ ဖြစ်မယ် ။ ဟီး ဟီး ဟား ဟား ငတေ အစား ပုတ်မှန်း ခင်ဗျား တစ်ယောက် ပဲ သိပါစေ နော် ”


ပြောပြောဆိုဆို နှင့် ပင် ဦးညိုမောင် ခြေရင်း တွင် ချ ထားသော ငှက်ပျောခိုင် ကို ဆတ်ခနဲ ကောက် ဆွဲကာ သူတော်ငတေ တော ထဲ ဝင် သွားရာ ဦးညိုမောင် မှာ လည်း သူတော်ငတေ နောက် ကမန်းကတန်း လိုက်ရလေ၏ ။


ဇင်ပြွန်းပင်ကြီး တစ်ပင် နား ရောက်သော အခါ သူတော်ငတေ သည် လက် က ဆွဲ လာသော ဦးညိုမောင် ၏ ငှက်ပျောခိုင် ကို ချ ကာ အကျအန တင်ပျဉ်ခွေ ထိုင် လိုက်၏ ။ သူတော်ငတေ ထိုင် လိုက်သော အခါ ဦးညိုမောင် က လည်း သူတော်ငတေ ရှေ့ မှာ ထိုင် လိုက်သည် ။


“ ဟဲ ဟဲ စားရကံ ကြုံတော့ မုတ်ဆိတ် ပျားစွဲတယ် ဆိုတာ ဒါပဲဗျ နော် ”


“ ပေါက်ကရတွေ ပြော မနေနဲ့ ။ မြန်မြန် စား မကုန်လို့ က တော့ ကျုပ် ကို ဒင်္ဂါးလေးပြား ပေးရမယ် နော် ဦးသူတော် ”


“ စိတ်ချ ၊ ခင်ဗျား ငှက်ပျော တစ်ခိုင် ကို ငတေ ဗိုက် က အသာလေးပါ ဗျ ။ ဒီမှာ ကြည့် ၊ ကျုပ် စားပြီ ”


ပြောပြောဆိုဆို နှင့် ပင် သူတော်ငတေ သည် ဦးညိုမောင် ၏ ငှက်ပျောခိုင် မှ လက်ရင်း အဖီး ကို စ ကိုင် စား တော့သည် ။ ငှက်ပျောခိုင် မှ ငှက်ပျောသီးများ ကို တစ်လုံး ပြီး တစ်လုံး တစ်ဖီး ပြီး တစ်ဖီး စား နေရင်း က ဦးညိုမောင် အား “ သည် နှစ် စပါး ဝမ်းစာ ရ ရဲ့လား ” ၊ “ ငရုတ်တွေ ကော ရ ရဲ့လား ” ၊ “ နောက် မိုးကောင်း တော့ နှမ်း က လည်း ရမယ် ထင်ပါရဲ့ ” စသည် ဖြင့် ပြောရင်း စားရင်း က ဦးညိုမောင် ၏ ငှက်ပျော တစ်ခိုင် ကို ထိုင် စား နေလေရာ လေးငါးဖီး ပင် ကုန်သော အခါ ဦးညိုမောင် မှာ မျက်လုံးပြူး မျက်ဆန်ပြူး ဖြစ်လာသည် ။


ဦးညိုမောင် ၏ ငှက်ပျောခိုင် မှာ အသီး လှ အောင် ထွက် စ ကတည်း က အဖီးများများ မထားဘဲ ခုနစ်ဖီး သာ ထား လေရာ ယခု သူတော်ငတေ စား ၍ ငါးဖီး ကုန် သွားသော အခါ နောက် နှစ်ဖီး သာ ကျန်တော့၏ ။ ထိုအခါ သူတော်ငတေ မှာ ဆက် မစား နိုင်တော့ ၍ လား ၊ တစ်ခု ခု အကြံ ထုတ် နေလေသလား မသိ ။


ငှက်ပျောသီး ကို မစားချင် စားချင် သလို တို့ကနန်း ဆိတ်ကနန်း စား လာသည် ကို မြင်သော အခါ ဦးညိုမောင် မှာ ဝမ်းသာအားရ ဖြစ် လာပြီး သူတော်ငတေ ၏ ငွေဒင်္ဂါးပြားများ ထည့် ထားသော လွယ်အိတ်ကြီး ကို မျက်စောင်း တစ်ချက် ထိုးလိုက် ကာ


“ ဦးသူတော် ၊ ငွေဒင်္ဂါး လျော်ရမှာ စိုး ပြီး အတင်း တော့ သွတ် မနေနဲ့ နော် ။ စားပိုး နင့် ရင် သေတတ်တယ် ဆိုတာတော့ သိတယ် မဟုတ်လား ။ ငွေဒင်္ဂါး လေးပြား နဲ့ ဦးသူတော် အသက် ကို လဲနိုင်လို့ လား ဟဲ ဟဲ ”


ဟု ပြော လိုက်၏ ။


ကြည့် နေရင်း စား နေရင်း က သူတော်ငတေ မှာ အမူအရာ တော့ ပျက်စ ပြု လာပြီ ။  နဂိုက ပင် ပြူးကျယ်သော မျက်လုံး က လည်း ဦးညိုမောင် မျက်စိ ထဲ ပို ပြူးကျယ် လာ သလိုပင် ။ သည် ကြား ထဲ ကျော ဆန့် သလို လည်ပင်း နှင့် ရင်ဘတ် ကို လည်း သူ့ လက် တစ်ဖက် နှင့် ပွတ်ချ နေ လေရာ ဧကန္တ သူ နိုင်ပြီ ။ ငှက်ပျောသီး က တစ်ဖီး ကျော်ကျော် ကျန် နေသေး သဖြင့် ဦးညိုမောင် က


“ ဦးသူတော် ၊ မကုန်မှန်း သိရက် နဲ့ တော့ အတင်း မျို မချနဲ့နော် ။ ခင်ဗျား စားပိုး နင့် ပြီး တစ်ခု ခု ဖြစ်ရင် ကျုပ် တရားခံ ဖြစ်နေပါဦးမယ် ။ ဟော ၊ ခင်ဗျား ခင်ဗျား အန် မလို့လား ။ အန် ပစ် လိုက်ရင် တော့ ခင်ဗျား အရှုံး နော် ဦးသူတော် ”


သူတော်ငတေ မှာ မျက်လုံးပြူး မျက်ဆန်ပြူး နှင့် ငှက်ပျောသီး ကို မျို မချနိုင်တော့ သလို နှင့် အေး ဟေး အင်း ဖြစ်ကာ လေချဉ် တက် သလို အန် မလို ဖြစ်လာသော အခါ ဦးညိုမောင် မှာ လည်း သူတော်ငတေ မစားနိုင်သည် ကို ဝမ်းသာသည် က တစ်ဖက် ၊ သူ့ ကြောင့် သူတော်ငတေ တစ်ခု ခု ဖြစ်လျှင် ဟူသော စိုးရိမ်စိတ် က တစ်ဖက် နှင့် သူ့ မှာ လည်း သူတော်ငတေ ကဲ့ သို့ ပင် မျက်လုံးပြူး မျက်ဆန်ပြူး နှင့် ကမန်းကတန်း ပြော လိုက်ရ ပြန်၏ ။


“ အင်း ... အေး ... ဟင်း ... ခင်ဗျား လူကဲခတ် တော့ မဆိုးဘူး ဗျ ။ ကျုပ် က လည်း ဆာဆာ နဲ့ အစ က တော့ ကုန်မယ် ထင်လို့ စား တာပဲ ။ ခု ငှက်ပျောသီး က တစ်ဖီး ကျော်ကျော် တောင် ကျန် နေ သေးတော့ ကျုပ် က လည်း ရှုံးရင် ဒင်္ဂါးကြီး လေးပြား တောင် ပေးရမှာ ဆိုတော့ ကုန်အောင် စားရတော့ မှာ ပဲ ။ ကဲ ဘုရား တရား သံဃာ နဲ့ ရတနာ သုံးပါး ဦးထိပ် ထားပြီး နတ်များ ဒေဝါ ကူညီညာ ဝိုင်း ပြီး မှိုင်းမတော် မူ လိုက်ကြပါ ။ ငါ ဟဲ့ ယောက်ျား ၊ မ တစ်ထောင် အကောင်တစ်ရာ ဖွား အမေ့သား ၊ ငှက်ပျော တစ်ခိုင် အကုန်  စားတော့မယ် ။ ဖွ ငညိုမောင် ငှက်ပျော တစ်ခိုင် တစ်ထိုင်တည်း နဲ့ ကုန်စေဗျား ၊ ကုန်စေဗျား ဟဲ ဟဲ ... ”


သူတော်ငတေ သည် ပြောပြောဆိုဆို နှင့် ငှက်ပျောသီး များ ကို  တစ်လုံး ပြီး တစ်လုံး ပလုတ်ပလောင်း အငမ်းမရ ဆက် စား ပြ လိုက် သောအခါ ဤ တစ်ခါ အံ့ဩပြီး မျက်လုံး ပြူး သွား သူ မှာ ဦးညိုမောင် ပင် ဖြစ်ပါလေသည် ။


“ ဦးဦးသူတော် မကုန်ဘူး ထင်ရင် ဆက် မစား ... ”


“ ဟဲ ... ဟဲ ၊ ဆက် စား နေပါတယ် ခင်ဗျာ ။ ကဲ ငတေ ယောက်ျား ငှက်ပျော တစ်ခိုင် စား ၊ ကဲ ကုန်သွားပါပြီ ဗျား ။ ဟဲ ဟဲ ဟီး ဟီး ဦးညိုမောင်ကြီး ရှုံးပါပြီတဲ့ ဗျား ဟား ဟား ဟိ ဟိ ”


ငှက်ပျော တစ်ခိုင် ကုန် သွား၍ သူတော်ငတေ က ခွက်ထိုး ခွက်လန် ရယ်ပြ လိုက်သော အခါ ဦးညိုမောင် မှာ ရယ် ရ မလို ငို ရ မလိုနှင့် မျက်စိ မျက်နှာ ပျက် ကာ သူတော်ငတေ ရှေ့ မျက်နှာငယ်ကလေး နှင့် ဘာ လုပ်ရ မှန်း မသိ ဖြစ်သွား လေ၏ ။


“ ကဲ ၊ ငှက်ပျော တစ်ခိုင် လည်း ကုန် သွားပြီ ။ ကျုပ် တော ထဲ တစ်ရေး တစ်မော ဝင် အိပ် လိုက်ဦးမယ် ။ ဦးညိုမောင် ငှက်ပျော တစ်ခိုင် ထမ်းပြီး မင်းရွာ ကို လည်း ပင်ပင်ပန်းပန်း သွားစရာ မလိုတော့ဘူး ။ ပေါ့ပေါ့ပါးပါး ပဲ ရွာ ပြန် လိုက်ဦး ဗျာ ။ ကျုပ် သွားမယ် ” 


ဟု ပြောကာ သူတော်ငတေ သည် တစ်လှမ်း ချင်း လှမ်း ထွက် သွား လေသည် ။


ဦးညိုမောင် မှာ သူ့ မိန်းမ ၊ သူ့ သမီး လေး အတွက် ပဒုမ္မာအင်္ကျီစလေး ဝယ် ပေးရမည် ဟု ရည်မှန်းကာ မှ သူတော်ငတေ နှင့် တွေ့ ပြီး အလောင်းအစား ရှုံး သွားရသော အခါ မျက်ရည် အဝဲသား နှင့် သူတော်ငတေ နောက်ကျော ကို သာ ငုတ်တုတ် ထိုင် ပြီး ကြည့် နေ မိ၏ ။


ထိုစဉ် သူတော်ငတေ သည် ဘာ စိတ်ကူး ပေါက် ပြန်သည် မသိ ။


နောက်သို့ တစ်ချက် ပြန် ကြည့် လိုက် စဉ် ဦးညိုမောင် အဖြစ် ကို မြင် လိုက်ရသော အခါ ပြန် လှည့် လာပြီး


“ ဦးညိုမောင် ၊ ကျုပ် စား ပစ် လိုက်တဲ့ ငှက်ပျော တစ်ခိုင် ဖိုး ခင်ဗျား ပြန် လိုချင် သလား ”


ဟု မေးလာ၏ ။


“ လိုချင်တာပေါ့ ဦးသူတော် ရယ် ။ ကျုပ် ဒီ ငှက်ပျော တစ်ခိုင် ရောင်း မလို့ ။ သင်္ကြန် အခါရက်ကြီး လည်း နီး နေပြီ ဆိုတော့ ငှက်ပျောခိုင် ရောင်းရငွေ နဲ့ အိမ် က မိန်းမ နဲ့ သမီးလေး ကို ပဒုမ္မာ အင်္ကျီစလေး ဝယ် ဆင်မလို့ ဗျ ။ ခုတော့ ဦးသူတော် ဒီလောက် ထိ စွမ်းမယ် မထင်လို့ ကျုပ် ကျုပ် လောင်း မိတာ အမှားကြီး မှားပါပြီ ဟီး ဟီး ”


“ ဪ ၊ ဟေ့လူ ဟေ့လူ ပြိတ္တာတို့ မျက်ရည် မြေမကျ ကောင်းဘူးတဲ့ ။ မငိုနဲ့ ၊ မငိုနဲ့ ။ တိတ် တိတ် ခင်ဗျား ငို တာ မြင် ရတော့ ကျုပ် တောင် ငိုချင် လာပြီ ။ ခင်ဗျား ငှက်ပျော တစ်ခိုင်ဖိုး ကျုပ် ပြန်ပေး လိုက်ပါ့မယ် ဗျာ ”


ဟု သူတော်ငတေ က ကမန်းကတန်း ပြော လိုက်၏ ။


“ ဟင် ၊ တကယ် ပြောတာလား ဗျာ ဦးသူတော် ”


“ ဟေ့ လူ ၊ ကျုပ် ငါးပါးသီလ တော့ မြဲပါတယ် ဗျ ။ တကယ် ပေးပါ့မယ် ။ ဒါပေမဲ့ ခင်ဗျား ကျုပ် တောင်း တဲ့ ကတိ နှစ်ခု တော့ ပေး ရမယ် ”


“ ဘာ ကတိပါလိမ့် ဦးသူတော် ရယ် ”


ဝမ်းသာအားရ ငိုသံပါကြီး နှင့် ဦးညိုမောင် က သူတော်ငတေ မျက်နှာ ကို မော့ ကြည့် ကာ မဝံ့မရဲ ပြန် မေးလိုက်၏ ။


“ တစ် ၊ နောက် ကို ခင်ဗျား ခြံ က ထွက် သမျှ ငှက်ပျော တစ်ခိုင် တိုင်း ငှက်ပျော တစ်ခိုင် တိုင်း လက်ရင်း တစ်ဖီး ကို ကျောင်း လှူ ရမယ် ။ နှစ် ၊ ကျုပ် မသေမချင်း ကျုပ် ခင်ဗျား ငှက်ပျောခိုင် တစ်ခိုင် ကို တစ်ထိုင် တည်း နဲ့ အကုန် စား ပစ်ပါတယ် ဆိုတာ ဘယ်သူ့ မှ မပြောရဘူး ။ ကဲ အဲဒီ ကတိ နှစ်ခု ခင်ဗျား ကျုပ် ကို အာမဘန္တေ ခံနိုင်ပါ့မလား ပြော ”


“ ခံနိုင်ပါတယ်ဗျာ ။ ခံနိုင်ပါတယ် ဦးသူတော် ကို ကာယကံ ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှား မိတာ ကို ကျုပ် ကျုပ် ရှိခိုးကန်တော့ တောင်းပန်ပါတယ် ။ ကျုပ် ကျုပ် ကို ခွင့်လွှတ်ပါ ”


“ ကောင်းပြီး ဒါဆို ရော့ ခင်ဗျား ငှက်ပျော တစ်ခိုင် ဖိုး ဒင်္ဂါးနှစ်ပြား ။ ယူသွား သွားတော့ သွားတော့ တစ်သက်လုံး တော့ ခင်ဗျား ကတိ တည်ပါစေ ”


ဟု ပြောကာ သူတော်ငတေ သည် ဦးညိုမောင် အား ဒင်္ဂါး နှစ်ပြား ကို ပစ်ပေး ထားခဲ့ကာ တော ထဲ ဝင်သွားလေသည် ။


◾ဝေယံလင်းခေါင်


📖 သူတော်ငတေ ၏ ပိတုန်းတစ်ထောင်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment