Tuesday, April 11, 2023

ရွှေပြည်တော်သည် ( ၂ )


 ( ၂ )


🔳 ပိန်းနှဲကွင်းရွာ မရည်သန့်


“ အမလေး ... ဈေး ကို သွား ငါး ကို ဝယ် ၊ ယောက်ဖ လာလိမ့်မယ် ”


ကသာမြို့ မှ တစ်မိုင် အကွာ ဧရာဝတီမြစ်ကမ်း ပေါ် ရှိ ပိန်းနှဲကွင်းရွာ နွားတင်းကုတ် နှ င့် စပါးကျည် နှင့် ရံလျက် ရှိသော သွပ်မိုး ပျဉ်ထောင် နှစ်ထပ်အိမ်ကြီး တစ်လုံး အပေါ်ထပ်bတွင် အသက် ၁၇ - နှစ် ၁၈ - နှစ်မျှ ခန့်မှန်းရသော ရုပ်ရေ သိမ်မွေ့ တင့်တယ်သူ မိန်းမပျိုကလေး တစ်ယောက် သည် ဧည့်သည် တစ်ယောက် တည်းခိုရန် အတွက် နေရာထိုင်ခင်း လှဲကျင်း ပြုပြင် နေစဉ် အသက် ၁၂ - နှစ်ရွယ် မောင်ကလေး က အစ်မ ကို ကူညီရင်း သီချင်း ဆိုလျက် ရှိသည် ။


“ တံပြက် လှဲ ဖျာ ကို ခင်း ၊ ချက်ချင်း လာလိမ့်မယ် ”


မန္တလေး အထက် မြစ်ညာရပ် မှာ သားချော့ သီချင်း ဖြစ်သည် ။ ကလေးငယ်များ လည်း ဆို လေ့ ရှိကြသည် ။ ယောက်ဖ ကို မည်မျှ လိုလားကြောင်း ပေါ်လွင် ပေသည် ။ မြန်မာပြည် အချို့ဒေသ တွင် ကိုယ့် နှမ လူပျို လှည့် သူ အား ရန် ပြုခြင်းများ နှင့် ဆန့်ကျင်ဘက် ပေ ။ ဤ ဝတ္ထု သည် ဤဓလေ့ ကို အခြေခံ ယူပါသည် ။


“ အစ်မလေး ဈေး ကို သွား ၊ ငါး ကို ဝယ် ၊ ယောက်ဖ လာလိမ့်မယ် "


မိန်းမပျို က မောင်လေး သီချင်း ဆို နေသည် ကို ရွှန်းရွှန်းစားစား ကြည့် လျက် “ နင့် ယောက်ဖ က ရန်ကုန်သား ၊ ငါးဟင်း စားချင် မှ စားမှာ ဟဲ့ ”


“ ဒါဖြင့် ကျွန်တော် က ကြက်သား ရိုက်ကြွေးမှာပေါ့ ... မမသန့် ရာ ၊ ချိုးသား ကော စားအုံးမလား ၊ မမခန့် ယောက်ျား ယောက်ဖကြီး ကို တယ်ခိုင်း လိုက် မယ် "


“ နင် အဲဒီ ယောက်ဖ နှစ်ယောက် ဘယ်သူ့ ပို ချစ်မလဲ "


“ အတူတူဘဲ ချစ်ရမှာပေါ့ မမ ရာ ၊ ရုပ်တော့ ဟော့ဒီ ဓာတ်ပုံ ထဲ ကြည့်ရတာဖြင့် အခု လာမယ့် ယောက်ဖလေး က ပိုပြီး ချောတယ် ”


စာကြည့်စားပွဲ တွင် အသင့် ထောင် ထားသော သော်တာစိန် ၏ ဓါတ်ပုံ ကို ကြည့်၍ ပြော လိုက်လေသည် ။ အစ်မ က မူ တံမြက်စည်း ချိုင်း ညှပ် ကာ စာပွဲဆီ သွား၍ ဓာတ်ပုံ ကိုင်ပြီး ဝင်းလဲ့သော မျက်လုံးများ နှင့် ကြည့်လျက် -


“ ဒါ ဓာတ်ပုံ တင် မြင် ရ သေးတာ မောင်လေး ရဲ့ လူ က ဖြူလား ၊ မည်းလား မသိရသေးဘူး ”


“ မမ က လဲ ကိုယ့် ရည်းစားဘဲ အသားဖြူလား ၊ မည်းလား စာရေး မေး ရောပေါ့ ဟယ် "


“ ဒီလို မေးလို့ ဘယ် ကောင်းမလဲ ဟယ် ၊ ငါက သူ့ စာတွေ ဖတ်ပြီး လူ မမြင်ရဘဲနဲ့ ကြိုက် နေတာ ၊ ဓာတ်ပုံ လဲ ရရော ချစ် သွား ရော ”


“ မမ ဓာတ်ပုံ ကော သူ့ ဆီ ပို့ လိုက်တယ်လား ”


“ ပို့ရတာပေါ့ကွ ၊ တို့ဟာ တစ်ယောက် ဓာတ်ပုံ တစ်ယောက် မြင် ပြီးမှ သမီးရည်းစား ဖြစ် ကြတာ ”


“ ကဲ - မမတို့ ဓါတ်ပုံ ဘယ်သူ က အရင် ပို့သလဲ ပြောစမ်း ”


“ အတူတူပဲပေါ့ ကွ ၊ ကလောင်မိတ်ဆွေ ဖြစ်ပြီး စာချင်း ရင်းနှီး လာတော့ ကဲ - တစ်ယောက် နဲ့ တစ်ယောက် ဓါတ်ပုံ ချင်း လဲ ကြည့် ကြစို့ ဆိုပြီး စာအိတ် ထဲ ထည့်ပို့ လိုက်ကြတာပေါ့ "


စားပွဲ ပေါ် ရှိ သော်တာစိန် ၏ ပို့စကတ်ပုံကြီး ကြည့် ၍ ။


“ ဟင် ... မမ က လဲ ဒီ ဓါတ်ပုံ အကြီးကြီး စာအိတ် ထဲ ဘယ်နှယ်လုပ် ထည့် ရမလဲ ”


“ ပထမဦး ပို့တုန်း က တော့ ငယ်ငယ်ကလေးပေါ့ကွာ ၊ ဟောဒီမှာ ” ဟု သူ့ ဇာဘော်လီ အိတ် ထဲ ၌ အသင့် ရှိသော တစ်လက် မခွဲ ၊ နှစ်လက် မ ပုံကလေး ကို ပြလိုက်ပြီးမှ “ ဟောဒီ ပုံကြီး ကတော့ သမီးရည်းစား ဖြစ် တော့မှ စပါယ်ရှယ် ပို့ လိုက်တာ ”


မောင်ကလေး သည် နားထောင်ရင်း တငေးတမော နေပြီး မှ - 


“ ကဲ - မမတို့ ချင်း ဘယ်သူ က စ ချစ်တာလဲ ”


“ အို - မင်းကလဲ ကွာ ”


“ အမယ် - မမ ပြောရမယ် ၊ မပြောရင် ကျွန်တော် ညနေ ကျ သွား ကြိုဖို့ လှည်းမောင်း မပို့ဘူး ”


“ အဲဒါကို အတိအကျ ဘယ် ပြော လို့ ပြနိုင် မလဲကွ ၊ စာတွေ အသွား အပြန် ၂ - နှစ် လောက် ရေးပြီး မှ ဖြစ်ကြတာ ”


“ ကဲ - စာ စရေးတာ ဘယ်သူ က လဲ ”


“ ဒါတော့ မမ က ပေါ့ ဟယ် ၊ သူ့ ဝတ္ထုတွေ ဖတ်ပြီး ကြိုက်လို့ ချီးမွမ်း မိတ်ဖွဲ့ စာ ရေးလိုက်တာ ”


ချာတိတ် သည် ရီမော၍ -


“ ဒါဖြင့် မမ က စ ကြိုက်တာဘဲ ”


“ အို ...” ရှက်စနိုး ဖြင့် သူ့ မောင်လေး ခေါင်း ပေါ် လက်ရွယ်လို့ ပြီး “ ဝတ္ထု ကြိုက်တာ နဲ့ လူ ချစ်တာ တစ်ခြားစီဘဲ ကွ ”


“ အရင်းခံ က တော့ အဲဒီက စ တာပေါ့ ဗျာ ”


“ ကဲ - ထား ထား ၊ မင်း ပြောတာ မှန်တယ် ”


“ မမ ဒါတွေ မေမေ သိပြီးလား ”


“ မေမေ အသိ မပေးဘဲနဲ့ မမ လုပ်ပါ့ မလားကွယ် ၊ စာတွေ အကုန် ပြပြီး မေမေ့ ပြော ပြီး သား ”


“ ဒီတော့ မေမေ က ဘာပြောလဲ ”


“ မေမေ က လဲ မောင် ရေးတဲ့ ဝတ္ထုတွေ ဖတ်ပြီး သဘောကျ နေတာဘဲ ”


ချာတိတ်သည် ရုတ်တရက် ရယ်သွမ်းသွေး၍ -


“ ဟေ့ ... လူချင်း လဲ တစ်ခါ မှ မတွေ့ရသေးဘဲနဲ့ မောင်လေး ချက်ပါတယ်ကွ - ချက်ပါတယ် ဗိုက် မှာ ”


နှုတ်ခမ်းစူ ၊ ခြေဆောင့်  ၊ လက်ရွယ် ...


“ ဟင့် မောင်လေး မမ ကို ဒီလို မပြောပါနဲ့ဟယ် ”


ကောင်လေး က ကိုယ်ရှိန် သတ်လိုက်ပြီး ..


“ ယောက်ဖ လာ မှာ ကျွန်တော် ပျော်လို့ ကျီစားတာပါ မမ ရယ် ၊ ဒါနဲ့ မမ ကျွန်တော်တို့ ဘူတာ မှာ ယောက်ဖ လိုက် ရှာတော့ ဒီ ဓါတ်ပုံကြီး ကိုင်ပြီး လူစေ့ တက်စေ့ ရှောက် ကြည့် ရမှာလား ”


“ ဘယ် ဒီလို ဟုတ်မလဲကွယ် ၊ တို့ချင်း အမှတ်သညာ နဲ့ အချိန်းအဆက် လုပ်ပြီးသား ”


“ ဘယ်လို လုပ်ထားသလဲ မမ ”


“ မမ ဝတ်မယ့် လုံချီ ၊ အင်္ကျီရောင် နဲ့ သူ ဝတ်လာမယ့် ဘောင်းဘီကွတ်အရောင် ပြောထားတဲ့ အပြင် မမ ရင်ဘတ် မှာ နှင်းဆီပန်း အနီ တစ်ပွင့် ထိုး ရမယ် ၊ သူ့ ကွတ်အင်္ကျီ မှာ လဲ ပန်းနီ တစ်ပွင့် ထိုး လာလိမ့်မယ် ”


“ ဟီးဟီး - ဒီလိုဆို ရှာဖို့ အလွယ်လေးပဲ မမ ရယ် ၊ ကျွန်တော် ဖြင့် မမြင်ရသေးတဲ့ ယောက်ဖ တွေ့ ဖို့ တွေးပြီး ပျော် နေလိုက်တာ မမ ‌ကော ဟင် ... ”


“ မမ ဖြင့် တစ်ချက် တစ်ချက် ရင်များ တောင် တုံမိတယ် ”


“ အို .. မမ ကလဲ ကိုယ့် ချစ်သူ ရည်းစား လာမှာများ ရင်တုံ ရတယ်လို့ ဘဲ ဘာလို့ လဲ ကြောက်လို့ လားဟင် ... "


“ မပြောတတ်ဘူး ..  ၊ ကိုယ့် တစ်သက် မှာလဲ ဒီလို ချစ်တဲ့သူ ယောက်ျား တစ်ခါမှ မတွေ့သေးတော့ တစ်မျိုးကြီးဘဲ ကွယ် ... ”


“ ဒီအချိန် ဆို သူ စီးလာတဲ့ ရထား ဘယ်လောက် ရောက်ပြီလဲ ”


စားပွဲတင် နာရီ ကို ကြည့် လိုက်၍ နာရီပြန် နှစ်ချက် ကျော် နေပြီ ဖြစ်သဖြင့် -


“ နဘား ... ဘူတာ ရောက်ပြီကွဲ့ ”


🔳 နဘား ဘူတာ


အထက်ဘက် မှ အစုံ ရထားကြီး သည် တရှူးရှူး တရှားရှား နှင့် ထိုးဝင် လာ လေသည် ။


နဘားဘူတာ သည် အထက် မြန်မာပြည် မှ မီးရထားလမ်း ဆုံရာ ဖြစ်၍ ယခု မြစ်ကြီးနား မှ လာခဲ့ သော စာပို့ ကြီးသည် မန္တလေး သို့ သွားမည် ဖြစ်သောကြောင့် ကသာ ဘက် သွားလိုသူ များ သည် နဘား ၊ ကသာ လော်ကယ် သို့ ပြောင်း ရ လေရကား ခရီးသွားများ နှင့် ကူလီ တွေ ရုတ်ရုတ်သဲသဲ ရှိလေ၏ ။


သော်တာစိန် မှာ အဝတ်သေတ္တာ တစ်လုံး နှင့် တိုလီမိုလီ ထည့်သော လွယ်အိတ် တစ်ခု သာ ဖြစ်၏ ။ ကူလီ မလိုဘဲ မိမိ ဖာသာ ဆွဲကာ ယခု ရထားမိုင်းဗုံးခေတ် အလျောက် လော်ကယ် နောက်ပိုင်း တွဲ ကို ရွေးချယ်၍ တက် လေသည် ။


ယင်း ကို အသက် ၃၀ - ခန့် လူပုပု လူမွေးလူရောင် ခတ်နုံနုံ နှင့် ကြမ်းတမ်း ခက်တရော် ပုံ ရှိသည့် လူ တစ်ယောက် မြင် လေလျှင် တအံ့တဩ ငေးမော ကြည့်ရှု ပြီးနောက် သုတ်သုတ် , သုတ်သုတ် နှင့် ရှောက် သွား၍ နောက်ပိတ်ဆုံး ဂါတ်ဗိုလ်တွဲ ရောက်သော အခါ -


“ အစ်ကိုကြီး - အစ်ကိုကြီး ” ဟု ခေါ် လေလျှင် ထို တွဲ ပေါ် မှာ ဂါတ်ဗိုလ် မလာသေး ၍ တစ်ယောက် တည်း အေးအေးလူလူ ထိုင် နေသော အသက် လေးဆယ် ခန့် အဝတ်အစား သန့်သန့်ပြန့်ပြန့် နှင့် ကြေးရည်တတ် ဟု ခန့်မှန်း ရသော လူ တုတ်တုတ်ဖြူဖြူ က မာန်မဲသော အသံ ဖြင့် -


“ ဘာလဲဟဲ့ တုတ်ပု ၊ နင် ဘာလို့ တွဲ ပေါ် မတက်သေးတာလဲ လာလေ ”


သို့သော် တုတ်ပု ဆိုသူ က လေပြင်းရှူရှိုက်သော အသံ ဖြင့် -


“ နေအုံး ကိုကြီး ရဲ့ ၊ ဘလှိုင် - ဘလှိုင် ၊ ဟို တွဲပေါ် မှာ တွေ့ ခဲ့ တယ် ”


ရထား ပေါ် က လူ က မယုံကြည်သော မျက်နှာထား ဖြင့် -


“ ဟုတ်နိုင်ပါ့မလား တုတ်ပု ရာ ၊ ဘလှိုင် လို အကောင် က ဒီလို ပြောင်ပြောင် တင်းတင်း ခရီး သွားပါ့ မလား ”


“ ဟုတ်ပါတယ် ကိုကြီး ရဲ့ မယုံရင် လာကြည့်ပါ "


တုတ်ပု က အခိုင်အမာ ပြော သဖြင့် တွဲ ပေါ် က လူ ဆင်း လာကာ သော်တာစိန် ရှိရာ တွဲ သို့ သွား ကြလေသည် ။ တွဲအနီး ရောက်၍ အမှတ်မထင် ခတ်အေးအေး ပင် ပတ်ဝန်းကျင် ကို ကြည့်၍ နေသော သော်တာစိန် ကို မြင် လေလျှင် ထို လူ သည် ရုတ်တရက် အံ့ဩ ခြင်း ၊ ဒေါသထွက်ခြင်း ဖြစ်သွား ပြီးနောက် တင်းမာသော မျက်နှာ ထား ဖြင့် -


“ တယ် ... ဒီကောင် အတင့်ရဲပါလား ၊ သိရောပေါ့ကွာ ” ဟု တီးတိုး ရေရွတ် ပြီး လျှင် အသာ နောက် သို့ ပြန် လှည့်ကာ လက်ဖက်ရည်ဆိုင် ၌ ရှိသော လက် မှတ်စစ် တစ်ယောက် ထံ သို့ သွား၍ တစ်စုံ တစ်ခု ပြော လေသည် ။


လက် မှတ်စစ် သည် ချက်ခြင်းပင် သော်တာစိန် ရှိရာ တွဲ ပေါ်  သို့ တက် သွား ပြီးနောက် ခဏ အတွင်း ပြန်ရောက် လာကာ ထို သူ အား -


“ ကိုထွန်းအောင် သူ့ လက် မှတ် က ကသာ ကို ဗျ ”


ကိုထွန်းအောင် ဆိုသူ သည် တစ်စုံတစ်ခု ပြုရန် ဆုံးဖြတ်ချက် ချသော မျက်နှာ ထား ဖြင့် သူ့ လူ တုတ်ပု ကို ခေါ်ကာ မိမိ ဆင်း လာ ခဲ့သော တွဲ ပေါ် သို့ ပြန် တက် သွား လေသည် ။


မကြာမီ၌ လော်ကယ်ရထား သည် ဥဩသံ ဆူညံစွာ နှင့် ထွက် လေ၏ ။


🔳 ဘားမား ရော်ဗင်ဟု


သံလမ်း နှင့် သံဘီးကြိတ်သံ တညံညံ နှင့် ညိမ့်ညောင်းစွာ လှုပ်ရမ်း လာသော မီးရထား ပေါ် တွင် ကိုယ်လက်အင်္ဂါ တုတ်ခိုင် ၍ စိတ်ဓာတ် လည်း တင်းမာပုံ ရှိ သော ကိုထွန်းအောင် သည် ရထား နှင့် အတူ ပြေးလိုက် လာ ဟန် ရှိသော အဝေး ရှိ သစ်ပင်ချုံပင်တွေ ကို ငေးမော ကြည့် ရှု နေရာမှ မိမိ စိတ်တွင် အခဲမကျေ ဖြစ် နေသော ရှုခင်း တစ်ရပ် ကို ပြန်လည်၍ မြင်ယောင် လာ လေသည် ။


ကိုထွန်းအောင် ကျွန်တော့ ကို အရေး ကြီးသော ကိစ္စ တစ်ခု နှင့် တွေ့ ချင်သည် ဟု သိရပါသည် ။ ဤ ကိစ္စ ကို ဆွေးနွေးရန် သာ ... 

ကိုထွန်းအောင် လက်နက် မပါဘဲ အဖော် တစ်ယောက် နှင့် မြို့ မြောက်ဘက် က ဘကျော်ကြီး ထန်းရည်တဲ ကို လာခဲ့ပါ ။ ညနေ - ၅ နာရီ တိတိ တွင် ကျွန်တော် နှင့် တွေ့ရှိ ရ ပါမည် ။ ကိုထွန်းအောင် အား အန္တရာယ် မပြုဖို့ ကတိ ပေးပါသည် ။

       သစ္စာရှိစွာနှင့်

       ဘလှိုင် ခေါ် - ဗိုလ်ဖုန်းလှိုင်


ဤ စာ အရ ကိုထွန်းအောင် သည် ဘာ လက်နက် မှ မကိုင်ဆောင်ဘဲ မိမိ လက်စွဲတော် တုတ်ပု နှင့် အတူ လေးနာရီခွဲ အချိန်တွင် ချိန်းဆို ထားသော ဘကျော်ကြီး ထန်းရည်တဲ အတွင်း သို့ ဝင် သွားသည် ။


ကိုထွန်းအောင် သည် မြို့မျက်နှာကြီး ဖြစ်၍ ထန်းရည် ဖြင့် အသက် မွေး ရသူ ဘကျော်ကြီး က ထန်းရည် ကို အမြည်း နှင့် ရိုသေစွာ ပြုစု၏ ။


မလာစဖူး - ထူးထူးခြားခြား ဘာကိစ္စများ လာ သနည်းဟု မေး၏ ။


ကိုထွန်းအောင် သည် နာရီ ကို ကြည့်ကာ မကြာမီ သိရမည်ဟု ပြော၍ ထန်းရည် တစ်ခွက် သောက်ပြီး ယုန်သားကင် ကို မြည်း ၏ ။


တုတ်ပု နှင့် တီးတိုး စကား ပြော၏ ။


နာရီ ကို မကြာခဏ ကြည့်၏ ။


တောင်မြောက် လေးပါး ကို လှမ်း၍ မျှော်၏ ။


၅ - နာရီ ထိုး ၍ ၅ - မိနစ် ကျော် လေလျှင် စိတ်တိုစွာ နှင့် သည်းမခံ နိုင်တော့ဘဲ -


“ ခွေးမသား ငါ့ ကို အရူးလုပ်ပြီ ထင်ပါရဲ့…. ခုထက်ထိ မလာဘူး ... ”


ယင်း၌ အနီးရှိ စားပွဲ တွင် ထန်းရည် သောက် နေသော ဂျင်းဖော အဝတ်အစား အပြည့် အစုံ နှင့် လူ တစ်ယောက် သည် မျက်နှာ က နှုတ်ခမ်းမွေး နှင့် ခေါင်းပေါင်း ကို ဖြုတ် လိုက်ကာ - ထိုင် ရာ မှ ထ လာပြီး -


“ ဘလှိုင် ဟာ ဘယ်တော့မှ ဒီလို မလုပ်တတ်ပါဘူး ၊ ကျုပ် မှာ ဂျင်းဖော တောသား တစ်ယောက် အနေ နဲ့ နာရီ ဆောင် မလာသင့် လို့ အချိန် အတိအကျ မဖြစ်ရတာပါ ၊ ဒါကို ခွင့်လွှတ်ပါ ကိုထွန်းအောင် ၊ ကဲ - ရှိတဲ့ ကိစ္စ ကို ဆွေးနွေးပါ ... ”


ကိုထွန်းအောင် သည် ကျေနပ်စွာ ခေါင်း တစ်ချက် ညိမ့် လိုက်ပြီး ...


“ မင့် အရင် ငါ ပြောလိုက်တာတွေ မှတ်မိတယ် မှုတ်လား ”


“ တစ်လုံး မကျန် မှတ်မိပါတယ် ဗျာ "


“ ကဲ - ဒါဖြင့် အခု ပထမ ငါ လိုချင်တာက မင်း လက်နက် ချပြီး အလင်း ဝင်ပါ "


ဘလှိုင် မျက်နှာ သည် အံ့ဩဟန် ဖြစ်သွားပြီး မှ -


“ ရက်စက်လှချည်လား နောင်ကြီး ရာ ၊ လက်နက်ချ ဆိုတဲ့ ဝေါဟာရ ဗိုလ်ဖုန်းလှိုင် ခေါ် တဲ့ ဘလှိုင် ရဲ့ အဘိဓာန် ထဲ မှာ မရှိပါဘူး ”


“ ဒါဖြင့် မင့် အဘိဓာန် ငါ က ရေးပေးရ မှာပေါ့ ”


“ ဘယ်လို ရေးမှာလဲ ခင်ဗျာ ”


“ မင်း တို့ ကွန်မြူနစ် လို ပဲ ဖြစ်တဲ့ နည်း နဲ့ ပေါ့ ၊ ကဲ ... ဟေ့ တုတ်ပု ”


ယင်း ၌ တုတ်ပု သည် လျင်မြန်စွာ ကျယ်လောင်သော လက်ခေါက် ခွန်းဆင့် မှုတ် လိုက် လေသည် ။


ဘလှိုင် က ကိုထွန်းအောင် မျက်နှာ ကို ကြည့်ကာ -


“ နောင်ကြီး သစ္စာ ဖေါက် တယ်ဗျာ ... ”


“ ဘာ ဖေါက် ရမှာလဲ  ၊ ဒီမှာ မင်း စာ ကြည့်ပါဦး ( စက္ကူ ဖြန့် ပြ ၍ ) ငါ့ ကို လက်နက် ယူ မလာဘို့ သာ ပါတာ ၊ ပြူစောထီး ခေါ် မလာဖို့ မှ မပါတာဘဲ ”


ဘလှိုင် က စာရွက် လက် ထောက် ပြ၍ 


“ ဒီ နေရာ ကြည့် ပါဦး ခင်ဗျာ ၊ ( ဤကိစ္စ ဆွေးနွေးရန်သာ ) လို့ ...”


စကား မဆုံးမီ လက်နက်ကိုင် လူများ သည် ထန်းရည်တဲ အတွင်း သို့ ဝင် လာလေသည် ။


ကိုထွန်းအောင် သည် သူ့ လူ ပြူစောထီးများ ကို လက်နက် ကိုယ်စီ နှင့် စောစော က ပင် ထန်းရည်တဲ ပတ်ဝန်းကျင် မှာ ရှိသော ချုံဖုတ်များ ထဲ တွင် ခိုအောင်း နေ စေ၏ ။


ကိုထွန်းအောင် သည် အောင်မြင်သော အသံ ဖြင့် -


“ ကဲ - ဘယ့်နှယ်လဲ ဟေ့ ဘလှိုင် - လက်နက်ချ ဆိုတဲ့ ဝေါဟာရ ဟာ မင့် အဘိဓါန် မှာ တွေ့ရပြီ မှုတ်လား ... ”


သို့သော် ဘလှိုင် က အေးဆေးစွာ ပင် -


“ ဘယ်တော့မှ မတွေ့ရပါဘူး ကိုထွန်းအောင် ရာ ... အခု လာတဲ့ လူတွေ မျက်နှာများ မော် ကြည့် ပါဦး ... ”


ကိုထွန်းအောင် သည် ရုတ်တရက် အံ့အားသင့် ကာ သေချာစွာ ကြည့်လိုက်သည်၌ ပြူစောထီး ယူနီဖေါင်း ကို ဝတ်ဆင် ထား သော ဘလှိုင် ၏ လူများ ...


လှိုင် - “ ကျွန်တော့် ကို ဒီလို အထင် သေးတာဟာ ကိုထွန်းအောင် အမှား ဘဲ ကျွန်တော့် ရည်ရွယ်ချက် မှာ ကိုထွန်းအောင် က ရိုးသားစွာ ဆွေးနွေးဖို့ လာတယ် ဆို ရင် အေးချမ်းစွာ ဆွေးနွေးဖို့ဘဲ ၊ အခုလို ပြူစောထီး သို့မဟုတ် ပုလိပ် ခေါ် လာရင် ဒီလိုပဲ လူချင်း လဲ ဘို့ ကျွန်တော် စီမံ ထားတာဘဲ ၊ ကိုထွန်းအောင် ခေါ်လာတာ က လူ ၅ - ယောက် ထဲ ကျွန်တော့် မှာ နောက်လိုက် ၂၀ ကျော် အသင့် ရှိတယ် ”


ကိုထွန်းအောင် သည် လွန်စွာ ခံပြင်းသော မျက်နှာ ထား ဖြင့် -


“ မင်း က ငါ့ ကို ရော်ဗင်ဟု လုပ်လိုက်တာပေါ့ လေ ”


“ ဟုတ်ကဲ့ ၊ ကိုထွန်းအောင် က မြို့ဝန်မင်း အကြံ ကြံ လာတာကိုး ၊ သို့သော် ရော်ဗင်ဟု က မြို့ဝန်မင်း ဆီ က ငွေထုပ် ယူတာလို ကျွန်တော် က ကိုထွန်းအောင် ဆီ က မယူပါဘူး ”


“ မင်း လိုချင်လို့ ကော ငါ့ ဆီ မှာ ဘာမှ ပါ မလာဘူး ... ”


“ အခု ပါမလာ ‌ကော ခင်းဗျာ လို ပက်ဒီးဘူဇ္ဇာ တစ်ယောက် ကို ပြန်ပေး ဆွဲ လိုက်ရင် ၅ - သောင်း တော့ အေးအေးကလေး ထွက် လာ မှာပေါ့ ၊ သို့ သော် - ကျွန်တော် က တော်လှန်ရေး နာမည် ခံပြီး ဒီလို စီးပွား ရှာတဲ့ လူစား မဟုတ်ပါဘူး ။ ကဲ .. ကိုထွန်းအောင် သွား နိုင်ပါပြီ ... မြင့်မြင့် ကို သာ ပြော လိုက်ပါ ။ ကျွန်တော် ဟာ ကျန်းမာ - ကြံ့ခိုင်စွာဘဲ ရှိတယ် လို့ ”


တရိပ်ရိပ် ပြေးလျက် ရှိသော မီးရထား ပေါ် တွင် ကိုထွန်းအောင် သည် ဤ အကြောင်း ကို ပြန်ပြောင်း စဉ်းစားရင်း ခံပြင်းလှသော မျက်နှာ ထား ဖြင့် အံကို ကျစ်ကျစ် မြည်အောင် ကြိတ် လိုက်လေသည် ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment