Sunday, April 16, 2023

ရွှေပြည်တော်သည် ( ၇ )


 🔳 မြင့်မြင့် နှင့် တွေ့ကြတော့


“ ဘလှိုင် နှင့် တူသည့် အတွက် ကိုယ်တွေ့ ဝတ္ထု ရေး ဘို့ အဖြစ် ဆန်း ကြုံရလိမ့်မည် ” ဟု စောထွန်း ပြော လိုက်စဉ် က သော်တာစိန် သည် စာရေးဆရာ ပီပီ ဝမ်းသာ ခဲ့သည် အမှန် ။ မသကာ - သူပုန် ဘလှိုင် မှတ်၍ မိမိ အား စစ်ဘက် က သော် လည်းကောင်း ၊ ရဲဘက် က သော် လည်းကောင်း ဖမ်း သွား ၍ ဂါတ်တဲ ၊ သို့မဟုတ် စစ်တပ် ရောက် တော့ မဟုတ်ကြောင်း ရှင်းပြ ။ မိမိ လို ကလောင်သက် ရှစ်နှစ် ကျော် ကိုးနှစ် ထဲ ရောက် နေသော နိုင်ငံကျော် စာရေးဆရာ တစ်ယောက် ရယ်ဘွယ် ကောင်းသော ကိစ္စကလေး တစ်ရပ် သာ ဖြစ်လိမ့်မည် ဟု အောက်မေ့ ခဲ့၏ ။


သို့သော် ယခု ကြုံရသည် ကား ထင်ခဲ့သည် နှင့် ပါစင်အောင် လွဲ ချေပြီ ။ ဘလှိုင် မှတ်လျှင် အစိုးရ လက် အပ်ပါ ဆိုလည်း မအပ် မူ ၍ ၊ သူတို့ နှမ ကို လက်ထပ် ရမည် ၊ မထပ်သော် သ,တ်ပစ်မည် ။ အတော် ထူးဆန်းသော ညီအစ်ကို ပေ ။ စောထွန်း ပြော စကား အရ ၊ ဤ အညာသားများ ယောက်ဖ ကို လိုလား ကြသည် ။ ဒီလို အစ်ကို လိုလား ပုံ မျိုးတော့ ကြောက်ဖွယ် ကောင်းလှသည် ။ ဘလှိုင် နှင့် သူတို့ နှမ အရေးအခင်း ကား မည်သို့ ရှိလေသနည်း သူများ ဓါးခုတ်ရာ လက်လျှို ပြီး လှည်းကျိုး ထမ်း ရမည့် ကိစ္စပေ လော ။


မိမိ ဤ အညာ လာခဲ့ စဉ်က အချစ်ရေး ပင် ဖြစ်သည် ။ ခုတော့ ခုတ်ရာ တစ်လွဲ ရှရာ တစ်ခြား ။ မရည်သန့် ကလေး ကို ဘူတာ မှာ မြင် လိုက် ရပြီ ၊ အို .. မြင်ရုံကလေး မြင် လိုက်ရသည် ။


ယခုသော် သူကလေး မည်သို့ ရှိရှာ မည်နည်း ။ ယနေ့ ရထား မပါဘူး ထင်၍ ၊ နောက်နေ့ ရထား သွား ကြို နေ ဦး မည်လော ... အိုး ဟုတ်ပြီ ဒါဖြင့် ဒီလို လုပ်မည် ။


ယခု မိမိ အား လူ မှားသည့် ကိစ္စ မှာ ဒီ ည သူတို့ နှမ မြင့်မြင့် နှင့် တွေ့ သော် ပြေငြိမ်း ရာ၏ ။ အကြောင်း မှာ ဘလှိုင် သူငယ်ချင်း စောထွန်း သည် ပင်လျှင် အသံချင်း ခွဲခြားနိုင်သည် ဖြစ်၍ ဘလှိုင် ရည်းစား မြင့်မြင့် ဆို သော် ကား သာ၍ ပင် ခြားနား သိသာ အံ့ ။


ယင်း အခါတွင် ထို ညီအစ်ကို တို့ ၏ တောင်းပန်ခြင်းကို ခံယူပြီး နောက် တစ်နေ့ မှာ ကသာ ကို လာ ရသော ဒဏ်ရာ ကို ဆေးတိုက် တစ်ခု မှာ ကု ။ ညနေ မီးရထား အလာမှ ဘူတာ ကို သွား ။ အိုး - ပန်း နီနီကလေး ပစ်ချလိုက်မိသည် ပင် မှား နေ ချေပြီ ။ ကသာဈေး ထဲ မှာ ရှာပြီး နောက်ထပ် ဝယ် ရတော့ မှာပေါ့ လေ ။


သော်တာစိန် သည် ဘာကို ဘဲ ရင်ဆိုင်ရသည် ဖြစ်စေ စိတ်ပျက် အားလျှော့ တတ်သူ မဟုတ် မူ၍ ယခု မိမိ လက်ရှိ အခြေ မှ ရှေ့ဆက် ဖြစ်နိုင်သည် ကို ဉာဏ် မီ သမျှ တွေးတော ကာ မိမိ ကိုယ် မိမိ နှစ်သိမ့် နေ လေသည် ။


“ ဟီဟီ - ယခု တောင် ကောင်း သေးသည် ။ မိမိ ချစ်သူအား သဲထိတ်လှိုက်ဖို ဝတ္ထုတိုကလေး တစ်ပုဒ် ပင် ကိုယ်တွေ့ ပြောပြ နိုင်ပေ ဦးမည် ... ”


သူငယ် အိပ်ဆိပ် လူခြေ တိတ် တွင် သော်တာစိန် ရှိ ရာ သို့ မီးရောင် နှင့် ခြေသံများ ရောက် လာပြီး ညီအစ်ကို နှစ်ယောက် သည် သော်တာစိန် ကိုယ် ကို မ , ယူ ကြကာ အပြင် ရောက်လျင် မော်တော်ကား တစ်စီး ပေါ် တင်သည် ။


“ အသက် မသေချင် အသံ မထွက်နဲ့ ” ဟု ထွန်းသောင် က ပြော ပြီး ညီအစ်ကို နှစ်ယောက် သော်တာစိန် ကို ညှပ် ထိုင် ၍ ကား ထွက်သည် ။


သော်တာစိန် သည် ကြိုး တုတ် ထား၍ ခြေလက် တင်းကြပ်ခြင်း သံတုတ်ဒဏ်ရာ ဖြင့် ခေါင်း မူးနောက်ခြင်း ၊ အစာ ကင်းမဲ့၍ ဝမ်းဗိုက် လေပွခြင်း တို့ဖြင့် မည်သို့မှ လှုပ်ရှား ကြိုးစားခြင်း ကို မပြု လိုပေ ။ ကိုယ့် ဖာသာ ကိုယ် လွတ်မြောက်ရန် တွက်ကိန်း ချပြီး သား ဖြစ်၍ အေးဆေးစွာ လိုက် သွားသည် ။ သော်တာစိန် သည် အတိတ် ကို အခြေခံ ယူ ၍ အနာဂါတ် ကို မြင်သမျှ လှမ်းမျှော် ကြည့် ပြီး နောက် ပစ္စုပ္ပန် မှာ ကြံ့ကြံ့ ခံ တတ်သူ ဖြစ်သည် ။


မြစ်ကမ်း ရောက် လျှင် ကား ပေါ် မှ ချပြီး မော်တော်ဘုတ်ကလေး ပေါ် တင်ကြ ပြန်သည် ။ သူတို့ နှင့် အတူ ရိုင်ဖယ် တစ်လက် ၊ ထွန်းအောင် ခါး မှာ ခြောက်လုံးပြူး တစ်လက် ၊ ဤ အချိန် တွင် မိုး တိမ် ကင်းစင်၍ ကြယ်ရောင် တောက်ပ ကာ မြစ်ပြင် မှာ သာယာ လျှက် ရှိသည် ။ လေယဉ် လည်း တဖြူးဖြူး တိုက်ခတ် နေ၏ ။ မြစ်ထဲ မှာ တံငါလှေ တို့ ၏ မီးရောင် ကို လည်း မြင် ရသည် ။ မော်တော်ဘုတ် သည် နာရီဝက် မျှ မြစ်ညာ ဆန်တက်ပြီး နောက် အခြား တစ်ဘက် ကမ်း သို့ ရောက်၏ ။


သော်တာစိန် အား မော်တော် ပေါ်  မှ တစ်ဖန် အသင့် စောင့် နေ သော နွားလှည်း ပေါ် သို့ တင် ကြ ပြန်သည် ။ ထို နွားလှည်း မောင်း သူ မှာ တုတ်ပု ဖြစ်၏ ။


နွားလှည်း ခရီး ကား ခြေသွက်သွက် မောင်း ခြင်း ဖြင့် ဆယ် မိနစ် မျှ ကြာ ပေမည် ။ ရွာ တစ်ခု ထဲ သို့ ဝင်ပြီး အိမ်ကြီး တစ်ဆောင် ရှေ့ မှာ ရပ်၏ ။


သော်တာစိန် ကို အိမ် ထဲ သို့ သယ်ဆောင်ကြ ပြန်ကာ အခန်း တစ်ခု ထဲ မှာ ချ၏ ။ ထို့နောက် မီးအိမ် နှင့် ကုလားထိုင် တစ်လုံး ယူ လာပြီး ၊ သော်တာစိန် အား လက်ပြန်ကြိုး နောက်ပစ် နှင့် ကုလား ထိုင် ပေါ် ထိုင်စေကာ မျက်နှာ က သွေးစသွေးနများ ကို သုတ် ပေး ၏ ။ နဖူးဆံစများ ကို သိမ်း ပေး၏ ။ ဖရိုဖရဲ ဖြစ် နေသော အဝတ် အစား ကို ပြင် ပေး၏ ။ ထိုအချိန်၌ သော်တာစိန် မှာ မရည်သန့်ကလေး ကို ချိန်းဆို ထားသည့် အတိုင်း မီးခိုးရောင် ဘောင်းဘီ အင်္ကျီ နှင့် ပင် ဖြစ်၏ ။ ယခု တွေ့ ရမည် ကား ... အခြား မိန်းမ တစ်ယောက် ... ။


“ မြင့်မြင့် ရယ် အခု ရောက်လာ လိမ့် မယ် ... ထွန်းသောင် သွား ခေါ်နေပြီ ... ”


သော်တာစိန် ကိုယ် ကို သူ့ နှမ သဲကွဲစွာ မြင် ရအောင် ပြုပြင် ရင်း အစ်ကိုကြီး ထွန်းအောင် က ပြောသည် ။ သော်တာစိန် ကား ... ဘာမျှ ပြန် ပြောလို စိတ် မရှိချေ ။ထွန်းသောင် ထောင် ထားခဲ့ သော ရိုင်ဖယ် ကို ငေး ကြည့်ကာ သူတို့ လူတန်းစား အခြေအနေ ကို စဉ်းစား နေ၏ ။


ခေတ္တမျှ အကြာ ၌ ခြေသံများ ကြားရပြီး မီးအိမ် ဆွဲလာသော ထွန်းအောင် နှင့် အတူ ချောမော လှပသော မိန်းမပျို တစ်ဦး ရောက် လာသည် ။ အသက် နှစ်ဆယ် နှင့် အစိတ် ကြား ခန် မှန်း ရသည် ။ အဝတ် အစား မှာ အိပ်ရာ မှ ထ လာပုံ ဖြစ်၍ ဖားလျား ချ ထားသော ဆံပင် တို့ မှာ သူ့ ခြေသလုံး ပေါ် တွင် ပျံဝဲ လျက် နေ၏ ။

မိန်းမပျို သည် သော်တာစိန် ကို မြင် လျှင် မြင်ခြင်း “ အမ လေး .. ကိုလှိုင် .. ” ဟု ခေါ်ကာ လက် နှစ်ချောင်း ကို ဆန့်တန်း ၍ သော်တာစိန် ဆီသို့ အပြေးကလေး လာ လေရာ  ၊ သော်တာစိန် မှာ ရုတ်တရက် ဘာ ပြော ရမှန်း မသိ ၊ ကြောင်အမ်းအမ်း ဖြစ် နေသည် တွင် ထွန်းအောင် က သူ့ နှမ ကို လက် ဖြင့် ဆီးတား လျက် ထွန်းသောင် ဘက် လှည့်ပြီး ...


“ လုံလောက်ပြီ ထွန်းသောင် ... မြင့်မြင့် ကို ပြန် ခေါ်သွားတော့ ငါ ... သူ နဲ့ စကား ပြော မပြီး မခြင်း ပြန် မလာစေနဲ့ ”


ထွန်းသောင် က ဆွဲခေါ် နေစဉ် မြင့်မြင့် သည် သူ့ အစ်ကိုကြီး ကို ဘက် ၍ ...


“ အစ်ကိုကြီး - ဒါ သူ့ ဘက် ကနေ ကြည့် ရင် သူ့ အပြစ် ချည်း မဟုတ်ပါဘူး ... အခု သူ မြင့် ကို လက်မထပ် ချင် လဲ နေပါစေတော့ မြင့် ကုသိုလ် နဲ့ မြင့် နေပါတော့မယ် - သူ့ ကို ဘာမှ မလုပ်ကြပါနဲ့ တော့ လွှတ်လိုက်ကြပါ ... ”


မိန်းမပျို မှာ သော်တာစိန် ကို ကြည့်၍ စင်စစ် သော်တာစိန် အတွက် မဟုတ်သော ဂရုဏာ မျက်ရည်များ ပေါက်ပေါက် ကျ ရှာ သည် ။


ဤ တွင် သူ့ အစ်ကိုကြီး သည် လက်မောင်း ကို ကိုင်၍ အပြင် ဘက် သို့ ဆွဲ ခေါ်ရင်း ... 


“ လာ ... ငါ့ ညီမ သူ ငါ့ စကား နားထောင် ရင် ဘာမှ မဖြစ် ရဘူး ... ”


ယခု အချိန် အထိ သော်တာစိန် မှာ ဘာ တစ်ခွန်း မှ မပြောမိ သေး ချေ ။ မိန်းမပျို သည် သူ့ အား သူ့ ရည်းစား ဘလှိုင် ဟု သက်သေခံ သွား ပါ ပကော ၊ ယင်းမှ သော်တာစိန် သည် မိန်းမပျို တံခါး ပေါက် အရောက် တွင် ရုတ်တရက် သတိရ ၍ ၊


“ ဒီမှာ - မ - မမြင့်မြင့် ကျွန်တော် ခင်ဗျား ရည်းစား ဘလှိုင် ဟုတ် ပါရဲ့လား ဗျာ .... သေသေချာချာ များ ပြန် ကြည့် စမ်းပါအုံး ... အသံချင်း ကော တူ လို့လား ... ”


ဤတွင် မိန်းမပျို သည် ရုတ်တရက် အံ့အားသင့် သွားကာ .. သော်တာစိန် ဘက် သို့ ဇတ်ကနဲ လှည့်ကြည့် လိုက်ပြီး ၊


“ ဟင် ... အသံ က တော့ တစ်မျိုး ဘဲ ကိုလှိုင် အသံ နဲ့ မတူဘူး ... ပေးစမ်း - အစ်ကိုလေး မီးအိမ် .. ” 


ဟု ဆိုပြီး ထွန်းသောင် လက် ထဲ မှ မီးအိမ် ကို ယူကာ သော်တာစိန် ဆီသို့ ရှောက် လာပြီး သော်တာစိန် မျက်နှာ ကို အနီးကပ် ကြည့် သည် ။ သော်တာစိန် မှာ မျှော် လင့်ချက် ရ ကာ ... 


“ ကဲ ... အမှန် ကို ရှင်းလိုက်စမ်းပါ ဗျာ ... ကျွန်တော့ နာမည် တင်စိန် ဗျ ၊ ရန်ကုန် က အဲဒါ ခင်ဗျာ့ အစ်ကို တွေ ကို ပြော လို့ လဲ မယုံ ကြဘူး ”


မိန်းမပျို သည် သော်တာစိန် မျက်နှာ ကို စေ့စေ့ ကြည့် နေရာမှ .. 


“ တူတော့ - သိပ် တူတာဘဲ ရှင် - ဒါပေမယ့် ကိုလှိုင် လို မေးစေ့ အောက် မှာ အနာရွတ် မပါဘူး ... ”


သော်တာစိန် မှာ လူသတ်မှု အယူခံ ရ သလို ရုတ်တရက် ဝမ်းသာ သွားသည် ။ သို့သော် သူ့ အစ်ကို ထွန်းအောင် သည် ပျက်ရယ် သော အသံကြီး နှင့် ခပ်ဟဲဟဲ ရယ် လိုက်ပြီး -


“ ကဲ - ကဲ - မြင့်မြင့် အခုမှ တော့ ဘာမှ ပရိယာယ် မာယာ တွေ လုပ် မနေနဲ့ တော့ မင်းတို့ ဟာ တစ်ယောက် က “ အသံ တူရဲ့လား ... ”  မေးပြီး တစ်ယောက် က “ ဟာ - အသံတော့ မတူဘူး ... ” ဆိုတဲ့ အယူ အတိုင်အဖောက်တွေ နဲ့ကိုး ကွဲ့ .. ငါတို့ အရူး မဟုတ်ဘူး... သွား - သွား - ထွက် သွားတော့ ... ” 


ဆိုပြီး စိတ်ဆိုး မာန်ဆိုး နှင့် တွန်း လွှတ် လိုက်သည် တွင် ထွန်းသောင် က အတင်း တွဲ ခေါ်သွား တော့၏ ။

သူတို့ ခြေသံများ ပျောက် သွားသော အခါ၌ ၊ ထွန်းအောင် သည် သော်တာစိန် ဘက် သို့ ပြန် လှည့် ကာ -


“ ကဲ - ကိုယ့် လူ မင်း ဘလှိုင် မဟုတ်ဘူးလေး ဘာလေး ငြင်းနေ ဖို့ အချိန် မပေးနိုင် တော့ဘူး ၊ လက်နက် ချပြီး မြင့်မြင့် ကို “ လက်ထပ်မယ် ” “ မထပ်ဘူး ” ဆို တာ သာ ပြော ပေတော့ ” 


ယတိပြတ် ဆုံးဖြတ် ပြီးသော အမိန့်သံ ဖြစ်သည် ။ သော်တာစိန် သည် သူ့ ခါး က ခြောက်လုံးပြူး ကို လည်းကောင်း ၊ နံရံ ထောင် ထားသော ရိုင်ဖယ် ကို လည်းကောင်း ၊ တစ်လှည့်စီ ကြည့်ရှု ကာ “ ဘလှိုင် က တောခို နေတဲ့ လူ ” ဆိုတာပါ ၊ စဉ်းစား လိုက်သော အခါ၌ ယခု သူ့ ဆန္ဒ ငြင်းဆို လိုက်ခဲ့ သော် အသက် သေဖို့ မှ တစ်ပါး အခြား လမ်း မရှိတော့ပြီ ၊ ထို့ကြောင့် နောင်အခါ မှ နောင်ခါ ဈေး ထား ၍ သူ နှမ ရည်းစား ဘလှိုင် အဖြစ် နှင့် လက်ထပ်ပါတော့မည် ဟု ဝန်ခံ ကတိ ပေး လိုက်ရလေ၏ ။ ကိုထွန်းအောင် ကျေနပ်သွား ကာ -


“ အေး - မင်း ဒီလို မြင့်မြင့် နဲ့ လက်ထပ်ပြီး ကောင်းကောင်း မွန်မွန် နေမယ် ဆိုရင် - မင်း ဘာမှ မဖြစ်ရအောင် ငါ အာမခံ နဲ့ သက်ဆိုင်ရာ ကို ပြောပေးမယ် ၊ အလုပ်အကိုင် စီမံ ပေးမယ် ၊ တို့ က - တို့ နှမ စိတ်ချမ်းသာ ဘို့ ဆိုရင် ဘာမဆို လုပ်ပေးဘို့ အသင့်ဘဲ ၊ နို့ပြီး မင်း အတွက်ကော ကြည့်အုံး ၊ မင်းတို့ သောင်းကျန်းတဲ့ ကိစ္စ ဟာ “ စေ့စပ်ရေး လက်ခံပါ ” လို့ ကမ်းလှမ်း ရတာ ထောက်ပြီး အစိုးရ ကို , နိုင်လမ်း မရှိတော့ကြောင်း ဝန်ခံရာ ရောက် နေပြီ မဟုတ်လား ၊ တော်ကြပါတော့ကွာ - တိုင်းပြည် နစ်နာလှပါပြီ ၊ ပြည်သူပြည်သား တွေ ဒုက္ခ ရောက်လှပြီ ၊ မင်း တို့ ဘက် ကလဲ အစိုးရ ကို နိုင်လမ်း မရှိတော့ပါဘူး ... ”


ဆူပူမှု ကို အလွန် စက်ဆုတ်သော စာရေးဆရာ မှာ ငြိမ်းချမ်းရေး တရား ဟောခြင်း ကို ခံ နေရသည် ။ သို့သော် ဤ အခြေ ၌ သော်တာစိန် မှာ ဘာမျှ ပြောပိုင်ခွင့် မရှိပေ ၊ ခေါင်း ငုံ့ ၍သာ နေ ရ၏ ။ သို့ရာတွင် သူ့ ဝမ်းဗိုက် က ဆာ လှ၍ ခြေကျင်းဝတ် လက်ကောက်ဝတ် တို့ က နာကျင်လှပြီ ဖြစ် ရကား ကြိုးများ ကို ဖြေ၍ အစာအဟာရ ပေးရန် တောင်းခံ ရတော့သည် ။


ကိုထွန်းအောင် သည် ကြည်ဖြူစွာ ပင် ကြိုးတွေ ကို ဖြေ ပေး၏ ။ ပြီးမှ သူ့ ခါး က သေနတ် ကို ပုတ်ပြ ၍ ...


“ ဒါပေမဲ့ - မင်း ထွက်ပြေးမယ် တော့ မကြံနဲ့ ၊ မြင့်မြင့် နဲ့ လက်ထပ်ပြီး လို့ နေထား တကျ မဖြစ်မချင်း မင့် ကို ငါ တို့ ဒီ သေနတ်တွေ နဲ့ အမြဲမကွာ စောင့်ရှောက် နေမယ် ဆိုတာ မှတ်ထား ပေတော့ ... ”


စင်စစ် ဤအချိန် ၌ မူ သော်တာစိန် မှာ ပြေးဘို့ ကို မဆိုထား ဘိ ၊ ၅ - နာရီ မျှ ကြာအောင် တုပ်နှောင် ထားခြင်း ခံ ရသဖြင့် ခြေလက် တို့ မှာ ကောင်းစွာ မလှုပ်နိုင်ပါ ။


ထွန်းသောင် ပြန် လာသော အခါ၌ ထွန်းအောင် က ထမင်း ဟင်းများ သွား ယူစေသည် ။ မကြာမီ၌ ပြန် ရောက် လာ၍ သော်တာစိန် သည် ဆာလောင်လှစွာ နှင့် မြိန်ယှက် စွာ စား၏ ။ ညီအစ်ကို နှစ်ယောက် သည် ကျေနပ်စွာ ကြည့်လျက် အစ်ကို ထွန်းအောင် က -


“ စားကွ အဲဒါ မင်း မြင့်မြင့် ချက် တဲ့ ထမင်း ဟင်းတွေ ဘဲ မင်းတို့ တော ထဲ မှာ ဒီလို စားရလား ဟင် ... ” 


သော်တာစိန် သည် ပြုံး၍ ခေါင်းခါ ပြ၏ ။


“ ကိုယ့် လုပ်ငန်း မအောင်မြင်တော့ မှန်း သိ ရက် နဲ့ ဘာ ကြောင့် များ ဒီလောက် အစား ဆင်းရဲ အနေ ဆင်းရဲ ခံ နေကြ တော့လဲ ... ယောက်ဖ ရာ ”


သူတို့ နှမ လက်ထပ်တော့မည် ဆိုရုံ နှင့် - ကဲ ယောက်ဖ ပင် ခေါ် လေပြီ ။ ယခုအခါ ၌ သူတို့ မျက်နှာများ သည် သော်တာစိန် အပေါ် ၌ ရန်သူ လို မဟုတ်ရုံ မကတော့ ဘဲ ၊ အလွန်ပင် ခင်မင် ရင်းနှီး သော အမူအရာများ ရှိ နေချေပြီ ။


“ စားကွယ် .. ထမင်းဟင်း တော့ မင်း မတောင်းခင် ကတဲ က ဘဲ မြင့်မြင့် ကို စီမံ ခိုင်း ထားပါတယ် ၊ မနက် တို့ ချက်ထားတာ တွေ လဲ အသင့် ဘဲ ၊ ဟောဒီ ကြက်ဥ သာ အခု နကြော် တာကွဲ့ ၊ စားလို့ ကောင်းလား မြင့်မြင့် လက်ရာ မဆိုးဘူးကွ နော် ... ” 


သော်တာစိန် မှာ ပြုံး၍ ခေါင်း ငြိမ့် ရပြန်၏ ။ သူ့ မျက်စိ ထဲ တွင် မြင့်မြင့် ၏ လှပသော မျက်နှာကလေး ကို မြင်ယောင် လာ ကာ မိမိ သာ ဘလှိုင် အစစ် ဖြစ် ပါ က ဤမျှ သဘော ကြည် နေသော ယောက်ဖမျိုး နှင့် ဤမျှ ချောမွေ့ သော ရူပါရုံရှင်ကလေး မျိုး ကို ဆန့်ကျင်ဘက် လုပ်နိုင်ပါအံ့ လော...


သို့သော် အယူ သည်းသော ဝါဒရေး သမားများ ၏ စိတ်ဓါတ် ကို အေးဆေး ငြိမ်သက်ခြင်း ကို နှစ်သက်သော စာရေးဆရာ တစ်ယောက် ၏ သဘော နှင့် နှိုင်းယှဉ် ၍ မဆုံးဖြတ်နိုင်ပေ ။ ကိုထွန်းအောင် သည် သော်တာစိန် ထမင်း စား နေသည် ကို စေ့စေ့ ကြည့် နေရာမှ - တစ်ခု စဉ်းစား မိ ပြန်၍ ပြုံး ကာ -


“ ဟေ ဘလှိုင် - မင်း ငါ့ ကို ရော်ဗင်ဟု လုပ်သွားတာ သဘော ကျ တယ်ကွာ ၊ ငါ စိတ် မဆိုးဘူး သိလား ၊ ငါ က အကောက် ကြံ ခဲ့ တာကိုး ကွ ။ ဒါလဲ မြင့်မြင့် နဲ့ မင့် အတွက်ဘဲ ၊ မင်း တို့ ချင်း အခုလို ဖြစ်စေ ချင်နေတာ ကြာ လှပြီ ၊ ကဲ တို့ လွန်ခဲ့တာတွေ မေ့ လိုက်ကြစို့ နော် - အခု လူသစ် စိတ်သစ် ပေါ့ ဟုတ်လား ... ”


ဤ စကား ကို ကြားရသည် ၌ သော်တာစိန် စိတ် မှာ ထိခိုက် လှ သည် ။ မိမိ အား လူ မှား ၍ ပြုမူကြသည် ကို ခွင့်လွှတ်ရုံ မက သူတို့ ကို ပင် သနား မိတော့သည် ။


သော်တာစိန် ထမင်း စားသောက် ပြီးသော အခါ၌ ပန်းကန် ခွက်ယောက် တို့ ကို သိမ်းပြီး ဤ အခန်း ထဲ မှာ ပင် အိပ်ရာ တစ်ခု ပြင် ပေးသည် ။ ထို့နောက် -


“ ကဲ - ယောက်ဖ ညဉ့်နက်လှပြီ ၊ စိတ်ချမ်းသာစွာ အိပ် ပေတော့ ၊ တို့ မနက် မှ ဘဲ အေးအေးဆေးဆေး စကား ပြောကြသေးတာ ပေါ့ .. ” 


ဟု နှုတ်ဆက်ပြီး ညီအစ်ကို နှစ်ယောက် ထွက် သွား ကြ၏ ။ သော်တာစိန် သည် စိတ် မောမော လူ နာနာ နှင့် မကြာမီပင် နှစ်ချိုက်စွာ အိပ်ပျော် သွားတော့၏ ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment