Monday, April 17, 2023

ရွှေပြည်တော်သည် ( ၈ )


 🔳 ကဲ လစ်ပေရော့ 


သို့သော် သူ အိပ်ရေး မဝ မီ နူးညံ့သော လက်ကလေးများ ဖြင့် ကိုယ် ကို လှုပ်နှိုး သဖြင့် မျက်လုံး ဖွင့် ကြည့် လိုက်ရာ - မီးအိမ် ကို ကိုင် ထားသော မြင့်မြင့် ၏ လှပသော မျက်နှာကလေး ကို မြင် ရသည် ။ သော်တာစိန် အိပ်ရာ မှ ထ ထိုင် သော အခါ၌ မြင့်မြင့် သည် သူ့ မျက်နှာ ကို စူးစူးစိုက်စိုက်ကြီး ကြည့် လျက် -


“ တူ တာ ကဖြင့် ရွေး မရအောင် တူတာပါဘဲ ရှင် ” ဟု ညည်းညည်းညူညူ ပြောပြီး မှ - “ ဒါထက် ရှင် လမ်း ကောင်းကောင်း လျှောက်နိုင် ပါ့ မလား ”


သော်တာစိန်သည် ခြေလက် တို့ ကို ဆန့်တန်း ကြည့်ပြီး - 


“ လျှောက်နိုင်ပါတယ် ”


“ ကဲ - ဒါဖြင့် ရှင် သွားပေတော့ ။ နို့မဟုတ်ရင် ရှင် နဲ့ ကျွန်မ ကို နက်ဖြန် ကျ ရင် - ရွာ ထဲ မှာ လူသိ နတ်ကြား မင်္ဂလာဆောင် ပေးလိမ့် မယ် ... ”


“ ခက်ပဲ ခက်ရချည့်ဗျာ ... ဒါနဲ့ ခင်းဗျား နဲ့ ကိုဘလှိုင် ကိစ္စ က ” 


“ အချစ်ရေး မှာ နိုင်ငံရေး ဝင် ရှုတ် တာပါဘဲ ရှင် - ဒါထက် ... အချိန် မရှိဘူး ရှင် သွား ပေတော့ .. ”


“ သွား တာကတော့ ဟုတ်ပါပြီ ၊ ဒီ ညမှောင်မှောင်ကြီး မှာ ကျွန်တော် ဘယ် ကနေ ဘယ်ကို သွား ရမှာလဲ... ကျွန်တော် ဒီအရင် တစ်ခါ မှ ရောက်ဖူးတာလဲ မဟုတ်ဘူး ” 


“ ကျွန်မ လမ်း ကို ပြပါ့မယ် .... ရှင် လှေ လှော်တတ် လား ”


“ လှော်တတ်ပါတယ် ”


“ ကျွန်မ ကမ်း အရောက် ပို့ပေးမယ် - လာ ... ” 


သော်တာစိန် အိပ်ရာထဲမှ ထ၍ ၊ 


“ ဒါနဲ့ ခင်ဗျား အကိုကြီးတွေ ကော ”


“ ရှင် ကတိ ပေးလိုက်တာ နဲ့ စိတ်ချလက်ချ အိပ်နေကြပြီ ” 


“ အခုလို ဆို ကျွန်တော် ကတိ ဖျက် ရာ .. ”


“ အောင်မာ .. ရှင် နဲ့ ဘာ ဆိုင်တုန်း သူတို့ က ကျွန်မ ရည်းစား ဘလှိုင် မှတ်လို့ ဟာ ”


သော်တာစိန် လည်း ရုတ်တရက် ပြောလိုက်မိပြီး မှ သူ့ စကား သူ တစ်ဝက် နှင့် သတိ ရပါသည် ။ သူ့ အမှား ကို စိတ် ထဲက ကြိမ် မိ ပြီး -


“ ဟုတ်ပါတယ်လေ - ကျွန်တော် အမှတ်မဲ့ ပြောလိုက်မိတာ ကဲ ... လာ သွားကြမယ် ”


မြင့်မြင့် သည် ကုတ်အင်္ကျီ ဝတ်ကာ ဆံပင်တစ်ပတ်လျှို နှင့် လက်နှိပ်ဓါတ်မီးကလေး ကို ကိုင်ကာ - သော်တာစိန် ကို ဦးဆောင် သွားသည် ။


ခြံနောက်ဖေး မှ ဖေါက်ထွက် ကြ ၍ ၊ ရွာ့ ပြင် ရောက်သည် ၌ သော်တာစိန် က


“ ဒါနဲ့ ကျွန်တော့ အဝတ်အစားသေတ္တာ ဟာ ခင်ဗျာ့ အစ်ကို တွေ ဆီမှာ ဗျ ၊ ကျွန်တော် ရန်ကုန် က တောင် လာခဲ့ရတာ - ဒီမှာ တော်တော်ကြာ နေမယ်လို့ - အဲဒါ အခက်ပဲ ”


“ မပူပါနဲ့ ရှင် ဘယ်မှာ တည်းမယ် သာ ပြောခဲ့ပါ ၊ ကျွန်မ ပို့ခိုင်း လိုက်ပါ့မယ် ”


“ ကျွန်တော် တည်း မှာ က ကသာမြို့ ပေါ် မှာ မဟုတ်ဘူးဗျ ၊ ပိန်းနဲ ကွင်း ဆို တဲ့ ရွာ ခင်းဗျား သိလား ”


“ သိတာပေါ့ ရှင် အခု လှေ နဲ့ ကူး ရင် ရေစီး အလိုက်သင့်ကလေး သာ ဖြတ် လိုက် ၊ အဲဒီ ရေချိုးရွာဆိပ် ရောက်သွား လိမ့်မယ် ” 


“ ဟာ - ဟုတ်လား ဟန်ကျတာဘဲ ”


“ ရှင် အဲဒီ ရွာ ဘယ်သူ့ အိမ် တဲ မှာ လဲ ”


“ မရည်သန့် သိလား ၊ ခတ်ငယ်ငယ် ပဲ ရှိသေးတယ် ” 


“ သူ့ အမေ က ဒေါ်လှညွန့် ”


“ အား ... ဟုတ်တယ် - ဟုတ်တယ် သူ့ အမေ က ဒေါ်လှညွန့် တဲ့ ခင်ဗျား နဲ့ သိလား ”


“ သိရုံတင် ဘယ်ကမလဲ - ရှင် က သူတို့ နဲ့ ဘာ တော်သလဲ ” 


သော်တာစိန် သည် ခေတ္တ စကား နှေး နေပြီးမှ -


“ ဒါတော့ နောက်မှ ဘဲ အဆင်သင့် ရင် ပြောပါရစေတော့ ” 


ဝဿန်ပျိုးစ မိုးဦးကျ မိုးကောင်းကင် တွင် အနည်းငယ် သော ကြယ်ကလေးများ သာ မှုံမွှားမွှား အလင်းရောင် ရှိ၍ သော်တာစိန် တစ်ယောက် တည်း သာ ဆိုလျှင် အရှေ့ အနောက် မျှ ခွဲခြားနိုင် မည် မဟုတ်ချေ ၊ သွားနေ လာနေ ကျ ဖြစ်သော မြင့်မြင့် က ဦးဆောင် ၍ သာ မြစ် ဆီ သို့ ရှေ့ရှု နိုင်ပေသည် ။


သူတို့ စကား ပြတ်ကြသည် ၌ အတွေးကိုယ်စီ နှင့် ရှိကြသည် ။ မြင့်မြင့် သည် လယ်ကွင်းခြေလမ်း ကို လက်နှိပ်ဓါတ်မီးရောင် မကူဘဲ နှင့် သွား နိုင်သည် ။ ခလုပ်ကံသင်း တွေ့ မှ သာ သော်တာစိန် အတွက် တစ်ချက် ချက် အရောင် လက်သည် ။ သော်တာစိန် သည် နောက် မှ မြင့်မြင့် ၏ မည်းနက်သော သဏ္ဍာန် ကို ကြည့်၍ လိုက် ရသည် ။ ဤ ပုံ ကို မြင်ရခြင်း ဖြင့် မြင့်မြင့် သည် ရုပ်ဆင်းရူပါ လှပ သလောက် ကိုယ်လက် အင်္ဂါ လည်း တောင့်တင်း ကြံ့ခိုင် သည် ။ ခြေလှမ်း ပုံ မှာ နွဲ့လျခြင်း မရှိဘဲ သွက်လက် မြန်ဆန်သည် ။ စိတ်ဓါတ် က လည်း ယခု ကြည့်လော့ တစ်စိမ်း ယောက်ျား တစ်ယောက် ကို ည မှောင် မှောင် ဦးဆောင် သွားပြီး နောက် .. တယောက် ထီးထီး လယ်ကွင်း ကြီး ကို ဖြတ်၍ ပြန် ပေမည် ။ အာဂ သတ္တိ ။


ယင်း၌ ဘလှိုင် နှင့် ကိစ္စ မှာ “ အချစ်ရေး နဲ့ နိုင်ငံရေး ရှုတ် တာ ပါဘဲရှင် ” ဟူသော မြင့်မြင့် ၏ စကား ကို လည်းကောင်း ၊ “ မြင့်မြင့် က တော့ မင်းတို့ ဝါဒ ဘက် ပြန် မပါတော့ဘူး ... ” ဟူသော ကိုထွန်းအောင် ၏ စကား ကို လည်းကောင်း ၊ သော်တာစိန် စဉ်းစား မိသော အခါတွင် ဧကန္တ မြင့်မြင့် သည် တစ်ခါက တောခိုခဲ့ ဖူးသော ရဲမေ ( ဝါ ) ရဲနီမ ဖြစ်တန် ရာ သည် ။


ရွာ မှ ထွက်ပြီး ၁၅ - မိနစ် မျှ အကြာ ၌ သူတို့ မြစ်ဆိပ် သို့ ရောက် ကြသည် ။ မြင့်မြင့် သည် အောက်ခြေ ဆင်းပြီး လက်နှိပ်ဓါတ်မီး နှင့် လှေ တစ်စင်း ကို ရှာ ပေးသည် ။


“ ရှင် ဟို ဘက် ကမ်း ရောက် တော့ ငုတ် တစ်ခုမှာ ကြိုး ချည်ထား လိုက်ပေါ့ ၊ နက်ဖြန်ကျ သူ့ သခင် လာ ယူ လိမ့်မယ် .. ”


သော်တာစိန် သည် လှေပေါ် တက်ရင်း ...


“ ကောင်းပါပြီ - ဒါနဲ့ အခု ကျွန်တော် တို့ ထွက်ခဲ့တဲ့ ရွာ နာမည် ဘာ ခေါ်သလဲ ဗျ ”


“ မျောက်ဆိပ်ပင် ရွာ ... ”


“ အမှတ်တရပေါ့ ဗျာ - ကဲ ၊ သွားမယ် ၊ မမြင့်မြင့် တို့ နဲ့ နောက် အကြောင်း သင့် လဲ တွေ့ကြသေးတာပေါ့ ”


“ ဟုတ်ကဲ့ - ရှင် သွားရ မှာ က အဲဟို က မီးရဲရဲ မြင်လား ၊ အဲဒါ ပိန်းနှဲကွင်းရွာ က ဘုရား ဘဲ ”


မြစ် အောက် ဆီ ၌ ဤနေရာ မှ ကြည့်၍ ဓါးလွယ်ခုတ် ဖြစ်လေရာ ရေစီး အလိုက်သင့် ဖြတ်ရန် နှင့် အဆင်သင့်ပင် ဖြစ်ချေသည် ။ အချိန် မှာ နံနက် ၄ - နာရီ ကျော် ၍ လင်းကြက် တွန်သံများ ကို ရွာ ဆီ မှ သဲ့သဲ့ ကြား ရသည် ။


သော်တာစိန် သည် ဟို ညီအစ်ကို ၏ ရန် မှ လွတ်ပဟဲ့ ဟု စိတ်နှလုံး ဒုံးဒုံး ချကာ လှော်ခတ် ခဲ့ လေသည် ။


သို့သော် သူ ကမ်းမှ ခွာ ၍ ၁၀ - မိနစ် မျှ အကြာ တွင် မိမိ လာခဲ့ သော ဘက်မှ ရုတ်တရက် မော်တော်ဘုတ်သံ ပေါ်လာ သဖြင့် သော်တာစိန် မှာ ခက်ကရော ဟဲ့ - ဟို ညီအစ်ကို သိ၍ လိုက်လာပြီ ဟု


⛔ ( စာမျက်နှာ ၂ မျက်နှာ မတွေ့ရပါ )


ထွန်းသောင် က -


“ ဟေ့ - မေးနေတာ မကြားဘူးလား မြင့်မြင့် ကော ” 


ဤမှ သော်တာစိန် သည် သူ့ စိတ် ထိတ်လန့် ခြင်း ကို သက်ပြင်း ရှူ ၍ ဖြေလိုက်ပြီး ၊


“ ကျွန်တော် တစ်ယောက် ထဲ လာခဲ့တာဘဲ ” 


ထွန်းအောင် ( တုတ်ပု ဘက် လှည့်၍ )


“ မင်း ပြောတော့ မြင့်မြင့် နဲ့ နှစ်ယောက် အိမ် ပေါ် က ဆင်း သွားကြတယ် ဆို ” 


တုတ်ပု “ ဟုတ်ပါတယ် ရွာ ပြင် အရောက် နှစ်ယောက် သွား တာ မြင် လို့ ကျွန်တော် အစ်ကိုကြီး တို့ဆီ လာ နိုး ပြောတာဘဲ ” 


သော်တာစိန် “ အော် ... ဟုတ်ပါတယ် ၊ မြစ်ကမ်း အထိ လိုက် လာပြီး ကျွန်တော့် ကို လှေ ရှာ ပေးပြီး ပြန် သွား ပါတယ် ” 


ထွန်းအောင် ( မဝေခွဲနိုင်သော မျက်နှာဖြင့် ... )


“ ဒါဖြင့် မင်းတို့ ဟာ ဘယ်လို စီစဉ်ကြ ပြန်တာတုန်း ငါ တော့ မင်း မြင့်မြင့် ကို တော ခေါ် သွားတာ အောက်မေ့ပြီး  ဒီဘက် ကမ်း က လာ ကြို စောင့်နေတာဘဲ ကဲ - ဘလှိုင် မင်း ည က ငါ့ ပေးတဲ့ ကတိ ဖျက်တယ် ပေါ့ .. ”


သော်တာစိန် - “ ကျွန်တော် ဘလှိုင် မှ မဟုတ်တာဘဲ ... ” 


ကိုထွန်းအောင် သည် ရုတ်တရက် အံကြိတ် ၍ မျက်လုံး ပြူး လိုက် ကာ -


“ လာပြန်ပလား-  ဒီစကား ” ဆိုရင်း ၊ ဖျောက်ခနဲ သေနတ် မောင်း တင် လိုက်ပြီး- 


“ ကဲ - ဘလှိုင် မြင့်မြင့် ပါ ပါလာတယ် ထင်ပြီး ငါ ပထမ စိတ်ကူး ထားတာ က တော့ မင်းတို့ နှစ်ယောက် စလုံး ကို သမီးရည်းစား ခိုးလာ တဲ့ အဖြစ် နဲ့ အရေးပိုင်ရုံး ခေါ်သွား ဖို့ ဘဲ အခု မင်း တစ်ယောက် ထဲ ဆိုတော့ ဘယ်လို စီစဉ်ရမလဲ မင်း ဘဲ ပြောကွာ ... ” 


ယင်း၌ ထွန်းသောင် က စိတ်တိုလှစွာ နှင့် သူ့ လက် ထဲ က ရိုင်ဖယ် နှင့် ချိန် ၍ -


“ အို - အစ်ကိုကြီး ရာ မောင်း ဖြုတ်လိုက်ရုံပေါ့ဗျာ ” 


ပြောပြောဆိုဆို လက်ဟန် ပြင်သည် ၌ သော်တာစိန် အထိတ်တလန့် ဖြစ်ကာ -


“ ဟာ - ဟာ - နေပါအုံး ခင်ဗျာ ၊ သည်းခံကြပါအုံး ခင်ဗျာ ... ကျွန်တော် ဒီ လာ ရတာက မြင့်မြင့် သဘောပါ ”


ထွန်းအောင် - “ အေး - မြင့်မြင့် သဘော က မင့် ကို ချစ်သူရယ် လို့ မင့် ဆန္ဒ လိုက်လျောတာ ကို ငါတို့ က မောင်ဘွား အဖြစ် နဲ့ အရှက် ကွဲ မခံနိုင်ဘူးကွ ၊ ကဲ - ဒီတော့ .. ” ဟု ဆိုရင်း သူ့ လက်က သေနတ် ပြောင်း လှုပ် လေရာ ၊ သော်တာစိန် မှာ သူတို့ ကိစ္စ ဘုမသိ ဘမသိ နှင့် ကြားထဲ မှ အချောင် သေရမည် ဖြစ်လေရကား လွန်စွာ တုန် လှုပ်ချောက်ခြား လျက် -


“ အသက် တော့ ချမ်းသာ ပေးကြပါ ခင်ဗျာ ... နောင်ကြီး တို့ စီမံတဲ့ အတိုင်း ကျွန်တော် လိုက်နာပါတော့မယ် ... ” ဟု အညံ့ ခံ လိုက်ရလေ၏ ။


သို့တိုင် ထွန်းအောင် သည် တင်းမာသော မျက်နှာ ထား နှင့် လက် ချိန်ဆ နေပြီး နောက် မှ အသက် တစ်ချောင်း ညှာတာသော အမူအရာ ဖြင့် -


“ ကဲလေ - ဒါ မင့် ကို ငါ နောက်ဆုံး အခွင့်အရေး ပေး တာဘဲ ” 


ဆို၍ သေနတ် ပြန် ရုတ် လိုက်ပြီး ၊


“ လာ - လိုက်ခဲ့ ”


သူတို့ မော်တော် သည် အနီး မှာ ပင် ရပ်လျက် ရှိသည် ။ သော်တာစိန် မြင် လိုက်သည့် အတိုင်း မြစ်ညာ ကို ဆန်တက် သွားပြီး ဒီ ဘက် ကမ်း ရောက် မှ ဤ လှေဆိပ် ကို ပြန် မျှော လာခြင်း ဖြစ်ပေ သည် ။


မကြာမီ၌ လူ လေးယောက် ပါ သော မော်တော်ကလေး တစ်စင်း သည် ဟိုဘက်ကမ်း သို့ ခုတ်မောင်း သွားသည်ကို မြစ်ဆိပ် သို့ စောစော ရောက် သော ပိန်းနှဲကွင်း ရွာသား တို့ မြင်ရ ပေမည် ။ အချိန် မှာ အာရုဏ်ဦး ။


ညဉ့်ငှက်တို့ အိပ်တန်း ပြန် ကြ၍ ဥဗျိုင်း နှင့် ငှက်ကြီး ခြေတံ ရှည် တို့ သောင်ပြင် သို့ ဆင်းကြပြီး နေ့ ဝမ်းစာရှာသူ နှင့် ည ဝမ်းစာ ရှာသူ တို့ ဘာသာ ဘာဝ တွန်ကျူး နှုတ်ဆက် သွားကြသည် ။ မြစ်ပြင် မှ နံနက် ၏ ဂီတ ။


မရည်သန့်ကလေး သည် ချစ်သူ အတွက် အမျိုးအမျိုး သော တွေးတောချက် တို့ ဖြင့် ည က ကောင်းစွာ အိပ်မပျော်နိုင် ဘဲ ယခု နံနက်စောစော တွင် မြစ်ရေ ကြည် တုန်း သောက်ရေ ခပ်ရန် မောင်ကလေး နှင့် အတူ မြစ်ဆိပ် သို့ ဆင်းခဲ့ ရာ ရွှေဂဲ သည် မြစ်လယ် ကို လှမ်းမျှော် ကြည့် ရင်း -


“ စောစောစီးစီး ဘယ် ကနေ သွားတဲ့ မော်တော် ကလေးပါလိမ့် မမ ရယ် ... ”


မရည်သန့်ကလေး ကား ထို မော်တော် ကို စိတ် မဝင်စားနိုင် ရှာပေ ။ လွန်ခဲ့သော နှစ်မိနစ်ခန့် တုန်း က ကား ဤ မော်တော် သည် ဤ အနီးအနား မှာ ပင် ဆိုက်ကပ် သွားခြင်း ဖြစ်ကြောင်း သူတို့ မသိ ရှာကြပေ ။


အကယ်၍ မရည်သန့်ကလေး တို့ မောင်နှစ်မ သည် ဤ မြစ်ဆိပ် သို့ ငါးမိနစ် လောက် များ စော ရောက် ခဲ့ပါ မူ ဤ ဝတ္ထု ၊ ဇာတ်ကြောင်း သည် တစ်မျိုးတစ်ဖုံ ပြောင်းကောင်း ပြောင်း ပေလိမ့်မည် ။ ယခုကား သော်တာစိန် မှာ သူ့ ကတိ အတိုင်း မြင့်မြင့် အား လက်ထပ် ရ မည့် ကိန်း ဆိုက် နေ တော့၏ ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment