Tuesday, April 4, 2023

ပဲ့ မကိုင် တက် မလှော် လှေ ပေါ် က လူ


 ❝ ပဲ့ မကိုင် တက် မလှော် လှေ ပေါ် က လူ ❞


လူ တစ်ယောက် က ဇာတ်ထဲ ကို အစိမ်းသက်သက် ( ဇာက် ထဲ မှာ အခံ လူ မရှိဘဲ နဲ့  ) ဝင် ချင်တယ် ဆို ချက်ချင်း ဝင် လို့ ရတယ် ။ ဒါပေမဲ့ သရုပ်ဆောင် ထဲ တော့ မရဘူး ။ သူ က လေ့ကျင့် သင်ကြားရသေးတာ ကိုး ။ ဒီတော့ ဘာဖြစ် မလဲ ။ သင်စရာ မလိုတဲ့ ထမ်း ၊ ပိုး ၊ တင် ၊ ချ လုပ် ရတဲ့ ကားဆွဲ အလုပ်သင် ပေါ့ ။


အဲဒီလို လိုက်လာကြတဲ့ သူတွေ အများကြီး ထဲ မှာ မှတ်မှတ်ရရ သတိထား မိခဲ့တာ က တော့ နေအောင် ဆို တဲ့ ရွာသားလေး တစ်ယောက် ပဲ ။ ဘာဖြစ်လို့ မှတ်မှတ်ရရ ဖြစ်ရသလဲ ဆိုတာ ကို ပြောရင်း နဲ့ သိသွားမှာပါ ။


•••••   •••••   •••••   •••••


ဇာတ်သမား ဆိုတာ နေရာစုံ လှည့်ပတ်ပြီး လူ ပေါင်းစုံ နဲ့ ဆက်ဆံနေရတာ ဆိုတော့ လူရည် လည် ကြတာ များတယ် ။ အူတူတူ နဲ့ ဘယ်သူတွေ က ခံ ရသလဲ ဆိုတော့ ဇာတ်ပါး မဝသေး တဲ့ ဇာတ်သမား လက်သစ်တွေ ပေါ့  ။ သူများ မလုပ်ချင်တာတွေ သူတို့ လုပ် ရတယ် ။ အစား အသောက် မလောက်ဘူး ဆို သူတို့ပဲ ကျန်တယ် ။ အဲဒီ လက်သစ်တွေ ဇာတ်ပါး ဝ သွားပြီ ဆို သူတို့ က လဲ ကိုယ် ခံ ခဲ့ရ သလို နောက် လက်သစ်တွေ အပေါ် အခွင့်အရေး ပြန် ယူတာပေါ့  ။


အဲဒီလို ဇာတ်သမား လက်သစ် မျိုး ထဲ မှာ နေအောင် ကတော့ မပါခဲ့ ဘူး ။ သူ့ ရဲ့ သမိုင်းကြောင်း ကို အစ က ပြော ရရင် ရွာ တစ်ရွာ ကို ဇာတ်သွား က တော့ ကားဆွဲ ခေါင်းဆောင် နဲ့ ခင်ပြီး ပါ လာတာ ။ ဝါသနာ ပါ လွန်း လို့ ဇာတ်ထဲ လိုက်ပါရစေ ဆိုတဲ့

တောင်းဆိုချက် နဲ့ ပေါ့ ။ ဇာတ်ဆရာ ကလဲ အလုပ်သမား အင်အား နည်း နေတော့ လိုက်ခဲ့ပေါ့လေ ။


ဇာတ် ထဲ ကို အစိမ်းသက်သက် လိုက် လာတဲ့ လူတွေ ရဲ့ ထုံးစံ အတိုင်း မျက်စိသူငယ် နားသူငယ် နဲ့ ဘယ်နား အိပ် လို့ ဘယ်နား စား ရ မှန်း မသိ ၊ ဟို လူ့ မျက်နှာ ကြည့် ဒီ လူ့ မျက်နှာ ကြည့် နဲ့ သိမ်ငယ် နေ တတ်တာ မျိုး နေအောင့် ဆီ မှာ မတွေ့ခဲ့ရဘူး ။ နောက် ဇာတ်ခုံ ကို ကူးတဲ့ အချိန် မှာ ပဲ အသား ကျ ပြီးသား ဇာတ်သမား တစ်ယောက် လို ကြွရွ လို့ ။


ဇာတ် ထဲ ကို စ ရောက်ရောက် ချင်း မှာပဲ နေအောင် က သူ့ ဗီဇ နဲ့ အရည်အချင်း ကို စ ပြတော့ တာပဲ ။ အလုပ်သမား ခေါင်းဆောင် ကို နှူးနှပ် ပြီး လိုက်လာ တာ ဆိုတော့ အဲဒီ လူ ဟာ သူ့ ဆရာ ပါ ။ သူ ခိုင်းတာ လုပ် ရ တာပေါ့ ။ ခုနက ရှင်းပြခဲ့ သလို ဇာတ်ခုံ တစ်ခုံ ကို စ ရောက်ပြီ ဆိုတာ နဲ့ ကားဆွဲ အဖွဲ့ တစ်ဖွဲ့ လုံး ဝုန်းဒိုင်း ကြဲ ကားလိပ်တွေ ၊ မီးတွေ ဆင်ကြ ရတော့တာပဲ ။ အဲဒီ အချိန် မှာ သူ့ တာဝန် နဲ့ သူ နားလည်မှု နဲ့ ခွဲ လုပ် ကြရတာပေါ့  ။ အသေးစိတ် ပြော ရရင် နားမလည်သူတွေ မျက်စိ ထဲ မြင် နိုင်မှာ မဟုတ်လို့ သဘောလောက်ပဲ ပြောပြတော့မယ် ။ ကားလိပ် ချည်မဲ့ ဝါးတွေ ကို ဆက် တဲ့ သူ က ဆက် ၊ ဆက် ထား တဲ့ ဝါးတွေ ကို သူ့ နေရာ နဲ့ သူ ကြိုး နဲ့ တန်းလန်း ချ တဲ့ သူ က ချ ၊ အဲဒီ ဝါးလုံး မှာ အတောင် နှစ်ဆယ် ရှိတဲ့ ဇာတ်ခုံ အပြည့် ကားလိပ်ကြီး တွေ ကို လိုက် ချည် တဲ့ သူ က ချည် ပေါ့ ။


အဲဒီ အထဲ မှာ နေအောင် က လက်သင် ဆိုတော့ တာဝန်ရယ် လို့ သတ်သတ်မှတ်မှတ် မရှိသေးဘူး ။ ဟိုဟာ ဝိုင်း ကူ သလိုလို ဒီဟာ ဝိုင်း ကူ သလိုလို နဲ့ ဟိုအော် ဒီအော် အော် နေတာပဲ ၊ စင်အောက် က လှမ်း ကြည့် ရင် နေအောင် တစ်ယောက် ပဲ အလုပ် လုပ် နေတယ် ထင် ရတယ် ။ အသံ အကျယ်ဆုံး နဲ့ ဟိုပြေး သည်ကူး အများဆုံး ကိုး ။ ဒါပေမဲ့ သတ်သတ် မှတ်မှတ် ဘာ လုပ်လိုက်တယ် ရယ် လို့ တော့ မရှိဘူး ။


ဇာတ်ခုံ မှာ ရင်ခွဲကား ဆိုတာ အလယ် က နေ ဟိုဘက် တစ်ခြမ်း ဒီဘက် တစ်ခြမ်း ပွင့် သွား တဲ့ ကားလိပ်ကြီး ပေါ့ ။ အဲဒါက ဝါး နဲ့ ဆင် လို့ မရဘူး ။ ပင်မ ပြေးလမ်း ဖြစ်တဲ့ တန်း ကြိုး ကို သွယ်ကြိုး နဲ့ ဇာတ်ခုံ ဟိုဘက် ထိပ် ၊ ဒီဘက် ထိပ် တင်း နေ အောင် ပစ် ရတယ် ။ အဲဒီ သွယ်ကြိုး ကို ဟို ဘက် တစ်ယောက် ၊ ဒီ ဘက် တစ်ယောက် ဇာတ်ခုံ ထိပ်ပေါ် ကို တက် သွားပြီး အား နဲ့ အင် နဲ့ ဆွဲ ချည် ရတာ ။


သူများတွေ ၊ ဝရုန်းသုန်းကား လုပ်ကိုင် နေချိန်မှာ နေအောင် လဲ လူလုံး ပြလို့ တော်တော်များများ မြင် သွားပြီ လဲ ဆိုရော အဲဒီ ကားကြိုး ကို ကျွန်တော် တက် ချည်မယ် ဆိုပြီး ကြိုးစ တစ်ဖက် ကို ကိုင်ပြီး ဇာတ်ခုံ ထိပ် တက် သွားတော့တာပဲ ။ အဲဒီ သွယ်ကြိုး ကို တင်း နေအောင် ချည်ပြီး ပြန် ဆင်း မလာတော့ဘူး ။ အလုပ် တွေ ရှုပ်ယှက်ခတ် နေတဲ့ ကားဆွဲ အဖွဲ့ ကလဲ လူတွေ အများကြီး ဆိုတော့ နေအောင် တစ်ယောက် ပျောက် နေတာ ကို သတိ မထား မိ ကြဘူးပေါ့ ။


မတော်တဆ သတိထား မိတဲ့ သူ က “ နေအောင် ကော ဟေ့ ” လို့ ဆို လိုက်တာနဲ့ ဇာတ်ခုံ ထိပ် ကနေ “ ကျွန်တော် ဒီ ပေါ် မှာ ခင်ဗျ ”  ဆိုတဲ့ နေအောင် အသံ အကျယ်ကြီး ကို ကြား ရတော့ တာပဲ ။ ခိုင်းဖို့ ခေါ်တဲ့ သူ လဲ ဘာ လုပ်နေလဲ ၊ ဘာလဲ နဲ့ ဆက် စစ်ဆေး နေချိန် မရဘူး ၊ အဲဒီလို နဲ့ ကားလိပ်တွေ သာ အကုန် ဆင်ပြီး သွားဟယ် ၊ နေအောင် တို့ ကြိုး တစ်ချောင်း ပဲ ချည် လိုက် ရတယ် ။ ဒါပေမဲ့ အသံ ကျယ်ကျယ် နဲ့ ပြေးလွှား အော်ဟစ် ထား တဲ့ အရှိန်ကြောင့် နောက် ရက် မှာ “ ကားဆွဲ အသစ်လေး က သိပ် အလုပ် လုပ်တာပဲ ” ဆိုတဲ့  မှတ်ချက် ချသံ က တန်း ပျံ့နှံ့ သွားတော့တာ ။ အဲဒါ နယ်ပယ် စုံ ရောက် ပြီး လူရည် လည် တဲ့ ဇာတ်သမား ရင့်မာကြီး တွေ ကို မအူမလည် နဲ့  နောက် မှ လိုက် လာတဲ့ ရွာသား က နှပ် ချလိုက်တဲ့ နေအောင် ရဲ့ ပထမ ဦးဆုံး အရည်အချင်း ပဲ ။


•••••   •••••   •••••   •••••


နေအောင် က ဒီလောက် နဲ့ တင် ကျေနပ်တဲ့ လူစားမျိုး မဟုတ် ဘူး ။ လေးငါးရက် လဲ ကြာရော ဇာတ် ထဲ မှာ ဘယ်သူ ပါဝါ အရှိဆုံး လဲ လေ့လာတော့ တာပဲ ။ ဘယ်သူ ဖြစ် ရ အုံးမှာလဲ ၊ ခေါင်းဆောင် ပြဇာတ် မင်းသား ပေါ့ ။ အဲဒီ မင်းသား ကို အလုပ် အားတာ နဲ့ မယောင် မလည် လုပ်ပြီး ကပ် သွားတော့တာ ပဲ ။ မင်းသား ဘာ လိုအပ်လဲ ဆိုတာ အရိပ် ကြည့် ပြီး ပျာယာခတ် လုပ် ပေး နေ တတ်တယ် ။ လက် က လုပ် ပေး သလို ပါးစပ် ကလဲ မနားဘူး ။


“ အစ်ကိုတို့ များ ကုသိုလ်ထူး လိုက်တာ ၊ အဝတ်အစားလေး ဝတ် ပြီး စင်ပေါ် တက် ရပ် လိုက်တာ နဲ့ တင် အောက် က ပရိသတ် က မီးသေပြီး သား ပဲ ၊ ဒီ ကြားထဲ အနုပညာ က ထူးချွန်သေး တော့ ဝက်ဝက်ကွဲ အောင်မြင် တာ ဘာ အံ့ဩစရာ ရှိမှာ လဲ ” 


ဆိုတာမျိုး ။


“ ကျွန်တော် ရေချိုး သွား မလို့ အစ်ကို ၊ အဝတ်အစား မလျှော်ရသေး တာတွေ ပေး လိုက်လေ ၊ သူများ ကို မလျှော်ခိုင်းပါနဲ့ အစ်ကို ရယ် ၊ အစ်ကို အဝတ်အစားတွေ က တန်ဖိုး ကြီးတာတွေ ချည်းပဲ ၊ ဆပ်ပြာ မပြောင်ရင် ခဏလေး နဲ့ ဆွေး ကုန်မှာ ၊ နှမြောစရာ ကြီး ဗျာ ၊ ကျွန်တော် က တော့ ကိုယ့် ကိုယ် ကိုယ် က လွဲပြီး ဘယ်သူ့ ကို မှ စိတ်မချဘူး ” 


ဆိုတာမျိုး ။


“ အင်း ... ကားဆွဲ နေ ရလို့ မအားလို့ သာ ၊ နို့မို့ဆို အစ်ကို့ နား မှာ တစ်ညလုံး နေပြီး အစ်ကို့ ဝေယျာဝစ္စ တွေ လုပ်ပေး နေချင်တယ် ၊ ခေါင်းဆောင် မင်းသား ဆိုတာ အရမ်း ပင်ပန်းတယ် မဟုတ်လား ၊ ဒါကို နား မလည်ကြတော့ စိတ်ရှည်လက်ရှည် လုပ် မပေးကြဘူး ၊ အစ်ကို ကိုယ် တိုင် အဝတ်အစားတွေ ရှာဖွေ ဝတ် နေ ရတာ ကျွန်တော် ဖြင့် မကြည့်ရက် ပါဘူး အစ်ကို ရယ် ” 


ဆိုတာမျိုး ။


မင်းသား က သဘောကျပြီ ပေါ့ ။ ခိုင်းတာ ကျတော့လဲ စကားလုံး တောင် မဆုံးသေးဘူး ခိုင်းတဲ့ ဆီ ကို သွား နေပြီ ။ ဝေယျာဝစ္စ ကျတော့ လဲ မျက်လုံး နဲ့ ကြည့်တာ နဲ့ တင် အစီအစဉ် တကျ အသင့် ပြင်ပြီးသား ဆို တော့ ... ။


နေအောင့် ကို ကား ဆွဲ တဲ့ နေရာ မှာ အတွေ့ နည်းလာ တော့ ညကြေး တန်းတူ ရတဲ့ အလုပ်သမား တွေ က ပြောတော့တာ ပေါ့ ။ ဒီတော့ တာဝန်ခံ ပြီး ခေါ် လာတဲ့ အလုပ်သမားခေါင်းဆောင် ရဲ့ တာဝန် ဖြစ် လာ ရော ။ ဒါကြောင့် အလုပ် လုပ် တိုင်း နေအောင် ရေ လို့ ခေါ် လိုက်ရင် အရင် လို လူ ရောက် မလာတော့ဘူး ။ မင်းသား က ဘာ ခိုင်းထားလို့ ဆိုတဲ့ အကြောင်းပြချက် ပဲ ရောက်လာ တော့ တယ် ။ မင်းသား ခိုင်း ထားတာ ဆိုတော့ ကျန်သူတွေ လဲ ဘာ ပြော ရဲ မှာလဲ ။


ဒီလိုနဲ့ နေအောင် ဟာ ဇာတ် ထဲ ရောက်ပြီး ၁၅ ရက် လောက် နဲ့ တင် မင်းသား နား မှာ အကောင်းစား အကြွင်းအကျန် တွေ စားပြီး ဇိမ် နဲ့ နေ ရတဲ့ ဇာတ်သမား တစ်ယောက် ဖြစ် သွား တော့တာပဲ ။ သူ့ အရင် နှစ် နဲ့ ချီ ပြီး ကားဆွဲ လုပ် နေခဲ့တဲ့ သူတွေ က တော့ ချွေးဒီးဒီး ကျ အောင် လုပ် နေရ တုန်း ။


•••••   •••••   •••••   •••••


တစ်ရက် မှာ မနက်ခင်း မီးစက်ငြိမ်း ပွဲသိမ်း လို့ ဇာတ်သမားတွေ အိပ် ဖို့ ပြင် နေကြတဲ့ အချိန် မှာ နေအောင် ဇာတ်ခုံ ထဲ က နေ ထွက်လာ တာ ကို ကြည့်ပြီး ဇာတ်သမား အကုန် လုံး မျက်လုံး ပြူး သွား ရတယ် ။ ဘာ ဖြစ်လို့လဲ ဆိုတော့ တော်ရုံ ဇာတ်သမား စိတ်ကူး တောင် မယဉ်ရဲတဲ့ ဈေး အကြီးဆုံး ဂျင်းဂျာကင် ၊ ဘောင်းဘီ ဝမ်းဆက် နဲ့ ကိုး ။ အဲဒီ ဝမ်းဆက် ကို ဇာတ်သမား တိုင်း သိ ကြတယ် ။ ပြဇာတ်မင်းသား ရဲ့ ဟာလေ ။ ပြဇာတ် မင်းသား တောင် ဖျစ်ဖျစ်မြည်အောင် ညှစ် ဝယ် ထားရတာ ။ နောက်ကျော မှာ လဲ မင်းသား ရဲ့ လည်သာကျောပိုး အိတ် နဲ့ ၊ ခေါင်းပေါ် မှာ လဲ မင်းသား ရဲ့ NIKE တံဆိပ် ဦးထုပ် နဲ့ ။ ပွဲဈေးတန်း က ကွမ်းယာသည် ခပ်ချောချော ကောင်မလေး ဆီ မှာ ကွမ်းယာ ဝယ်စား တယ် ။ စကားတွေ ပြော နေတာ ဖောင် လို့ ။ ကောင်မလေး မျက်နှာ ကလဲ ဂုဏ် ယူ နေတဲ့ အပြုံးတွေ နဲ့ ရွှင်လို့ ကြည်လို့ ။ ဇာတ်သမား ရင့်မာကြီးတွေ ပါးစပ် အဟောင်းသား နဲ့ ပေါ့  ။ ဒီလောက် စတိုင် ကျတဲ့ ကားဆွဲ မြင် မှ မမြင်ဖူးဘဲ နဲ့ ကိုး ၊ မင်းသား တစ်ယောက် ပြဇာတ် ထဲ မှာ ဝတ်တဲ့ ဝတ်စုံ ကို ကားဆွဲ က ယူ ဝတ်တာ ထုံးစံ မှ မရှိတာ ။ နောက် ပြီးတော့ နေအောင် ဆိုတာ က ခုမှ ဇာတ် ထဲ လိုက် လာတဲ့ သူ ။ သိပ်လဲ ရင်းနှီးသေးတာ မဟုတ်ဘူး ။ အူရွ နေတဲ့ ဇာတ်သမား အချို့ဟာ အိပ်တောင် မအိပ်နိုင်ဘဲ မင်းသား အိပ် ရာ က အနိုး ကို စောင့်ကြတယ် ။ တိုင် ဖို့ ပေါ့ ။


နေ့လယ် ၁၁ နာရီ လောက် ကျတော့ မင်းသား နိုး လာပြီး မင်းသား ရဲ့ အခန်း ရှေ့ ဇာတ်ခုံ တိုင် နှစ်တိုင် ကို ကြိုးပြေး ထားတဲ့ အပေါ် မှာ ဖြူဝင်း နေ အောင် လျှော် ထားတဲ့ မင်းသား အဝတ်အစားတွေ ဟာ တစီတတန်း ကြီးပဲ ။ မင်းသား အနိုး ကို စောင့် နေ တဲ့ သူတွေ နေအောင့် အကြောင်း ကို ပြေး ပြောကြပါလေရော ။ မင်းသား က ရုတ်တရက် တော့ စိတ်ဆိုး တာပေါ့ ။ ဒါပေမဲ့ ကြာကြာ စိတ် မဆိုးနိုင်ဘူး ။ သူ့ ကို နေအောင် ဆက်ဆံပုံလေး ကို မျက်စိ ထဲ မြင် လာတယ် ။


ကောင်မလေး နှစ်ယောက် ထိပ်တိုက် ဆုံ နေလို့ ဖြေရှင်း ပေးခဲ့ တာလဲ နေအောင် ပဲ ။ အိမ် က မိန်းမ ကို ယုံကြည် လာ အောင် လိမ် ပေးတာလဲ နေအောင် ပဲ ။ အသစ် ရောက် လာတဲ့ ယိမ်းမင်းသမီးလေး ကို ဘယ်သူမှ မသိအောင် အခန်း ထဲ ပို့ပေး ခဲ့တာလဲ နေအောင် ပဲ ။ ဒီတော့ -


“ ဟေ့ကောင် နေအောင် ... မင်း က ငါ့ အဝတ်အစားတွေ ဝတ် တယ်ဆို ” 


“ ဟုတ်ပါတယ် အစ်ကို ရယ် ၊ ဒါပေမဲ့ အစ်ကို့ အဝတ်အစားတွေ ကို မတန်မရာ အလွဲသုံးစား လုပ်ချင်လို့ မဟုတ်ပါဘူး ၊ ကျွန်တော့် မှာ ရှိတဲ့ ပုဆိုးလေး နှစ်ထည် ကို တစ်ပြိုင် တည်း လျှော် လိုက်ချင် လို့ ၊ နောက် ပြီး အစ်ကို့ အဝတ်အစားတွေ ကို လဲ လျှော်ဖို့ ယူ သွား ရင်းက အလွယ် ဟာ လေး ခဏ ကောက် ဝတ် မိတာပါ ၊ ကျွန်တော့် ပုဆိုးလေး ခြောက် တော့ အစ်ကို့ ဟာ ကို ချွတ်ပြီး လျှော် လိုက် တယ်လေ ”


မင်းသား ဘာမှ မပြောနိုင်ဘူး ။ ပြဲစုတ်ပျောက်ပျက် သွားတာ မဟုတ်တော့ နောက် မဝတ် နဲ့ လို့ ပြောပြီး ပြီး လိုက်ရတာပါ ။ မင်းသား က တင်းတင်းကြပ်ကြပ်ကြီး မပြော မှန်း သိတော့ မလိုက်နာပါဘူး ။ သူ့ ဘက် ကလဲ မင်းသား ကို နိုင်ကွက်တွေ နဲ့ ကိုး ။ ဒီတော့ မင်းသား အိပ်ပြီ ဆိုတာ နဲ့ ပွဲဈေးတန်း က ကောင်မလေးတွေ ဆီ မှာ အပျံစား နေအောင် ကတော့ လွှားလွှားလွှားလွှား နဲ့ ကို ဖြစ်လို့ ။ သူ့ တောင် မင်းသား ထင်နေ ကြသေး ။


•••••   •••••   •••••   •••••


အလုပ်သမားအဖွဲ့ သေတ္တာ တွေ ကို ထမ်းပိုး ပြီး ချွေးဒီးဒီး ကျနေ ချိန် မှာ နေအောင် တို့ က အေးအေး ဆေးဆေးပဲ ။ သေတ္တာ မထမ်းရတော့ ဘူးလေ ။ မင်းသား ရဲ့ အကျ စွန့်ကြဲ ထားတဲ့ အဝတ်အစားတွေ ပြောင် ပြောင်ရောင်ရောင် နဲ့ စီးကရက် ခဲပြီး ပြုံးပြုံးလေး ရပ် ကြည့်နေ လိုက်တာ စတိုင် ကို ကျလို့ ။ အလုပ်သမားအဖွဲ့ က ချွေးဒီးဒီး ကျရင်း က နေ မသိမသာ ကွက်ကြည့် ကွက်ကြည့် နဲ့ ငေး ကြ လို့ ။ သူတို့တွေ ရဲ့ ဇာတ်သက် က ဆယ်နှစ် အထက် ရှိကြတဲ့ သူတွေ ချည်းပဲ ။ ဒါပေမဲ့ နေအောင့် လို ပြောင်ပြောင်ရောင်ရောင် သက်သက် သာသာ နဲ့ တစ်ခါမှ မနေခဲ့ရဖူးဘူး ။


အဲဒီလို မနေခဲ့ရ ပေမဲ့ နေအောင့် ကို အားကျတဲ့ စိတ် နဲ့ တော့ ကြည့်ကြတာ မဟုတ်ဘူး ။ ဖိနပ် တိုက် ၊ ခြေအိတ် လျှော်ပြီး အခွင့် အရေး ကို ကြုံ သလို မျက်နှာ ပြောင်ပြောင် ယူ တတ်တဲ့ အရှက် နည်းမှု အတွက် အန်ချင် စိတ် နဲ့ ကြည့် ကြတာ ။ မင်းသား ရဲ့ စတိုင်ဘောင်းဘီ အကျလေး နဲ့ ၊ စပို့ရှပ် အကောင်းစား အရောင်လွင့်လွင့်လေး နဲ့ နှုတ်ခမ်း ဖျား မှာ စီးကရက်လေး ယီးလေး ခို ချိတ်ပြီး ဂိုက်ပေး ကြမ်း နေတဲ့ နေအောင် ကတော့ ဘယ် သိ မှာ တုံး ။ သူ့ ကို အလုပ်သမားအဖွဲ့ က အထင်ကြီး အားကျ လို့ ကြည့် နေတယ် ထင် နေ တာပေါ့ ။


နောက်ပိုင်း မင်းသားကြီး အောင်မြစိန် က တော့ နေအောင့် ကို ကြည့်ပြီး ခေါင်းလေး ယမ်းရင်း ပြောတယ် ။


“ နေအောင့် လို ဖိနပ် ကိုင်ရ ကိုင်ရ ၊ အတွင်းခံ လျှော်ရ လျှော်ရ ကိုယ် ဇိမ် ကျ ရင် ပြီးရော ဆိုတဲ့ အခွင့် အရေးသမား အောက်တန်းစားတွေ များ လာ လို့ က တော့ ဇာတ် ပျက်ပြီ သာ မှတ်ပေတော့ ” တဲ့ ။  


◾သက်ဦးမောင်


📖 ငွေတာရီမဂ္ဂဇင်း

      ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment