Tuesday, April 25, 2023

မုသား ပျားရည် နှစ်စက်


 ❝ မုသား ပျားရည် နှစ်စက် ❞


ကြင်ယုံ မရှိတုန်း သူ့ အဝတ်သေတ္တာ ကို ဖွင့်ကြည့် ဦး မှ ။


ရှားစေတွေ ပေကုန်မည် စိုး သဖြင့် လက် ကို ပုဆိုး ဖြင့် နှစ်ခါ သုံးခါ လောက် ပွတ်လိုက် ရသေး၏ ။ ပြီးမှ သေတ္တာ ထဲ က ရှိစု မဲ့စု အဝတ်လေးတွေ ကို ထုတ် ပုံ လိုက်ပြီး အထည် ကောင်း ရွေး ကြည့်သည် ။


စိန်ကတ္တီပါ အင်္ကျီလေး က ဝတ်လို့ ရပါ သေးတယ် ။ မဆိုးသေးပါဘူး ။ ရှန်အင်္ကျီ က လည်း ဝတ်နိုင်သေး တာပဲ ။ ဇင်းမယ်လုံချည် ကို ဖြန့် ကြည့် မိ၏ ။ အရောင် မလွင့်သေး ။ သို့သော် ပိုးတောက် ထားသည့် အပေါက်လေး တွေတော့ ရှိသည် ။


“ ဟောတော် .. ဘယ့်နှယ် ထဘီတွေ ကိုင် နေရတာ လဲ အဘိုးကြီး ရဲ့ ၊ ငရဲ ငအုံတွေ ကြီး ကုန်တော့မှာပဲ ”


ဈေးဝယ် ပြန်လာသော ဒေါ်ကြင်ယုံ ၏ အသံ ကြောင့် ဖိုးတင်ငွေ လက် ထဲ မှ လုံချည် ကို ဖျတ်ခနဲ လွှတ်ချ လိုက် သည် ။


“ မင်္ဂလာဆောင် သွားရင် မင်း ဝတ်စရာ အဝတ် မှ ရှိရဲ့လား လို့ ပါ ကွယ် ”


“ ရှိတာပဲ ဝတ် သွားတာပေါ့ တော် ။ ဒီ အရွယ် ရောက် မှ တော့ လှဖို့ မလိုတော့ပါဘူး ”


ဒေါ်ကြင်ယုံ က ဈေးခြင်း ကို ချ လိုက်ရင်း ပြောသည် ။


“ မင်္ဂလာဆောင် ကို ရှင် ပါ လိုက်ခဲ့စေ ချင်တာ ။ မမြခင် တို့ က ရှင့် ကို လည်း တွေ့ချင်ကြမှာပဲ ”


“ ဒါတော့ ဒါပေါ့ကွယ် ။ ဒါပေမဲ့ ဆရာလွင် တို့ အလှူ က လည်း မသွား လို့ ဘယ် ကောင်းပါ့မလဲ ။ တိုက်တိုက် ဆိုင်ဆိုင် အလှူ နဲ့ မင်္ဂလာဆောင် က လည်း တစ်ရက် တည်း ဆိုတော့ ဒီလိုပဲ လူ ခွဲပြီး သွားကြမှ အဆင်ပြေ တော့ မှာ ပေါ့ ”


ဒေါ်ကြင်ယုံ က ဈေးခြင်း ထဲ မှ ဖီးကြမ်းငှက်ပျောသီး နှင့် ဆေးလိပ်စည်းများ ကို ထုတ် လိုက်သည် ။


“ ဆေးလိပ်တွေ က လည်း ဈေး တက် လိုက်တာ လွန်ပါ ရော ။ ကိုယ် က ပြန် ရောင်းတော့ သိပ် ဈေး တင်လို့ ရတာ မဟုတ်ဘူး ။ ငှက်ပျောသီး က နည်းနည်းတော့ စိမ်းတယ် ။ အလုံး ညီပြီး လှ လို့ ဝယ် လာတာ ။ ဆိုင် မှာ ချိတ် ထား ရင်း မှည့် လာ မှာပါ ”


ဖိုးတင်ငွေ က ထိုင်ရာ မှ တဖြည်းဖြည်း အား ယူ ၍ ထ သည် ။


“ ငါ ဆိုင် ကို သွားတော့မယ် ။ မင်း မလာသေးလို့ စောင့် နေတာ ”


“ ဟုတ်ကဲ့ ၊ ငှက်ပျောဖီး က ထားခဲ့ပါ ။ ကျုပ် လာမှ ယူခဲ့ပါမယ် ။ ဪ  ...  နေဦး  ... နေဦး သွေးဆေး နဲ့ သကြား နဲ့ ဖျော်လိုက် ဦးမယ် ။ ဆေး သောက်ပြီး မှ သွား ။ မနေ့ည က ခေါင်းမူးတယ် ဆို ”


ဖိုးတင်ငွေ ပြန် ၍ ထိုင်ရ ပြန်သည် ။ ခရေပင်တန်း ကြား မှ တရွေ့ရွေ့ တွားသွား နေသော မြေနီလမ်းလေး ကို ငေးကြည့် နေ မိ၏ ။


     •••••   •••••   •••••


( ၂ )


အလှူမဏ္ဍပ် ထဲ မှာ ပရိသတ်တွေ ကျိတ်ကျိတ်တိုး နေသည် ။ ခြေသုတ်ခုံ မှာ ခြေသုတ်ရ င်း လှမ်း ကြည့် လိုက်၏ ။ ဟိုမှာ ဆရာလွင် မဟုတ်လား ။ ဆရာလွင် ရုပ်ကျ မသွားသေးဘူး ။ နည်းနည်းတော့ ပိုပြီး တောင် ခန့် လာ သေးတယ် ။


“ အဘ ဒီဘက် ကြွပါ ၊ ဒီမှာ ထိုင်ပါ ”


လူငယ်လေး တစ်ယောက် က သူ့ ကို ခေါ်ပြီး မဏ္ဍပ် ၏ ဝဲဘက်ခြမ်း ရှိ လွတ် နေသော နေရာ တွင် အထိုင် ခိုင်းသည် ။ အင်း ... နည်းနည်း အိုက်စပ်စပ် နိုင် သလားပဲ ။ ဆိုင် ကို စိတ် ရောက် သွား၏ ။ ဆိုင် ကို တော့ ပိတ်ထားခဲ့ ရ တာ ပဲ ။ မတတ်နိုင်ဘူး ။ မကြင်ယုံ က တော့ ပြော ပါတယ် ။ မယ်လှ သမီးလေး ကို တစ်မနက် လောက် အထိုင် ခိုင်းရင် ရတယ် လို့ ။ ဒါပေမယ့် ကိုယ် က စိတ် မှ မချတာ ။ ဒီ ကောင်မလေး က ကွမ်းယာ တောင် အပေါက် အလမ်း တည့် အောင် ယာ တတ်တာ မဟုတ်ဘူး ။ တစ်နေ့ က ကြည့် ပါလား ။ ကွမ်းရွက် ပေါ် မှာ ရှားစေး ကို အရင် သုတ်ပြီး ထုံး ကို နောက် မှ သုတ် ရ တယ်လို့ ။ ကြား ကြားဖူးပေါင် ။ ဒီတော့ ထုံးသုတ်တံ မှာ ရှားစေး တွေ ပေ ကုန်တာပေါ့ ။ အဲဒီ သုတ်တံ ကို ထုံးအိုး ထဲ စွက် ခနဲ စိုက် လိုက်တော့ ထုံးရည်ဖြူဖြူ ထဲ မှာ ရှားစေညိုညိုတွေ ပျံ့ ကုန် ပြန်ရော ။ ဘယ်မှာ သပ်ရပ်ပါ တော့ မလဲ ။ ဒါနဲ့ ငေါက် ပစ် လိုက်တယ် ။ ကြင်ယုံ က တော့ ဝင် ပြောပါသေးတယ် ။


“ တော် က လည်း တော့် ထုံးအိုး ထဲ ကို ဘယ်သူက ဆင်းပြီး က မှာ မို့လဲ ” တဲ့  ။ အင်းလေ .. ကိုယ် က ဘာမဆို သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ် ရှိနေမှ ကျေနပ်တာ ကိုး ။ ဒါဟာ အနုပညာသမား ရဲ့ ဉာဉ် ပဲ လား မသိပါဘူး ။


ဪ ... အနုပညာ ဆိုလို့ ဆရာလွင် တို့ များ ကျတော့ လည်း အနုပညာ နဲ့ အကျိုး ပေး လိုက်တာနော် ။ ခုထိ တီးတုန်း ဆိုတုန်း ။ အနုပညာ ဆိုတာ အိုတယ် မရှိဘူး တဲ့ စကား ဟာ ဆရာလွင် တို့ အတွက်တော့ တယ် မှန်တာပဲ ။ သူ က လည်း တကယ့် ပါရမီရှင် ပဲ လေ ။ အကြာကြီး တွဲခဲ့ဖူးတဲ့ လူတွေပဲ ။ ကိုယ့် ဝိုင်း ခေါင်းဆောင် အကြောင်း ကိုယ် အသိဆုံး ပေါ့ ။


“ ရော့ ... အဘ ထမင်းစား လက်မှတ် ”


စောစောက နေရာ ချ ပေးသော ကောင်လေး က မီးရထား လက်မှတ် အရွယ် အဝါရောင် ကတ်ပြားလေး တစ်ခု လာ ပေး၏  ။ သူတို့ အလှူ က ဒန်ပေါက်ထမင်း ကျွေးတာ ဆိုတော့ ဒီလို လက်မှတ်တွေ ဘာတွေ နဲ့ သေချာကျကျနန လုပ်ရ တာ ကိုး ။ ဆရာလွင် ၏ မြေး ရှင်လောင်း များ မဏ္ဍပ် ခေါင်းရင်း က စင်မြင့် ပေါ် မှာ သွား ထိုင်နေသည် ကို မြင်ရ၏  ။ 


“ အနီရောင် လက်မှတ် ရတဲ့ ပုဂ္ဂိုလ်များ ကျွေးရုံ ကို ကြွပါ ခင်ဗျား ”


အသံချဲ့စက် မှ အော်သံ ကို ကြား ရ၏ ။ မဏ္ဍပ် ထဲ မှ လူအချို့ ထွက်သွား ကြသည် ။ ဆရာလွင် နှင့် စကား ပြောချင် စိတ်တွေ ရင် ထဲ မှာ တလိပ်လိပ် ပေါ်ထွက် လာသည် ။ ဟိုတုန်း က သဘင်ဝန် တို့ ၊ အေးဝမ်း တို့ မှာ ဓာတ်ပြား သွင်း တုန်း က ကြုံခဲ့တဲ့ အဖြစ်အပျက် ကလေးတွေ ပြန် ပြောရင်း တမြုံမြုံ အရသာ ခံ ချင်သည် ။ ရုတ်တရက် ထ ရပ်ပြီး လူအုပ် ကြား ထဲ တိုး ၍ လှမ်း လာ ခဲ့၏ ။


“ အဘ ဘယ်လဲ ဘယ် သွား မလို့လဲ ”


စောစောက လူငယ်လေး ရောက် လာပြီး ဖိုးတင်ငွေ ၏ အင်္ကျီ စ ကို ကျောဘက် မှ စုဆွဲ ထားရင်း ပျာပျာသလဲ မေးသည် ။ ဖိုးတင်ငွေ နောက်သို့ အနည်းငယ် ယိုင် သွား၏ ။


“ ငါ ဆရာလွင် နဲ့ စကား သွား ပြောမလို့ပါကွာ ”


လူငယ် က ဖိုးတင်ငွေ ၏ ပုဆိုးအင်္ကျီ တို့ ကို မျက်စိ ကို ရှုံ့ရင်း အစုန်အဆန် ကြည့် နေသည် ။


“ နေဦး အဘ ရဲ့ ၊ ဆရာကြီး က ဟိုမှာ ထိပ်တန်းပုဂ္ဂိုလ် တွေ ကို ဧည့်ခံ နေတာ ၊ အဘ သွားလို့ မဖြစ်သေးဘူး ”


လူငယ်လေး ၏ စကား ကြောင့် အသာ ပြန်ပြီး ထိုင် နေ လိုက်ရ၏ ။ ဆရာလွင် တို့ များ တယ်ပြီး ကုသိုလ် ကောင်းတာ ပဲ နော် ။ သူ့ အလှူ ကို ထိပ်သီးပုဂ္ဂိုလ် တွေ တောင် လာပြီး ချီးမြှင့် ရတာ ပဲ ။ မဏ္ဍပ် ရှေ့ တွင် ခေတ်ပေါ် ကားလေး တစ်စီး ထိုး ရပ်၏ ။ ကား ပေါ် မှ အဝတ်အစား ပြိုးပြိုး ပြောင်ပြောင် ဝတ် ထားသော လူငယ် တစ်ဦး နှင့် အပေါင်း အသင်းများ ဆင်း လာသည် ။ ပရိသတ် အားလုံး ဝိုင်း ကြည့် နေကြ၏ ။ အချို့ က မတ်တတ် ထပြီး ကြည့်ကြ သဖြင့် မဏ္ဍပ် ထဲ တွင် ရုတ်ရုတ်သဲသဲ ဖြစ် သွားသည် ။


“ သော်နောင်စိုး ... သော်နောင်စိုး ”


“ အဲဒါ သော်နောင်စိုး လေ ၊ အဆိုတော် ရုပ်ရှင်မင်းသား သော်နောင်စိုး ပေါ့ ”


တီးတိုး ပြောသံများ နေရာ အနှံ့ အပြား မှ ပေါ်ထွက် လာသည် ။ ခေါင်းရင်းဝိုင်း တွင် ထိုင် နေရာ မှ ဆရာလွင် ထ ပြီး လျှောက်လာသည် ကို မြင် ရ၏ ။ ငါ့ အနား ရောက် လာ ရင်တော့ နှုတ်ဆက်ဖြစ် အောင် ကို ဆက် လိုက်မယ် ။ ဆရာလွင် လျှောက် လာသည့် လမ်းကြောင်း သည် ဖိုးတင်ငွေ နှင့် လူ နှစ်ယောက် စာ လောက် သာ ခြား သဖြင့် အားတက် နေ မိ၏ ။ ဆရာလွင် ငါ့ ကို မြင်ပါစေ ။ မြင်ပါစေ ။ ဟော ... ဆရာလွင် ငါ တို့ နား ရောက် လာပြီ ။ ငါ့ ကို ကြည့် နေပြီ ။ ငါ့ ကို မြင် သွားပြီ ။ ဆရာလွင် ငါ့ ကို မြင်သွားပြီ ။ ဟင် ... မျက်လွှာ ချ သွား ပါလား ။ နှုတ် လည်း မဆက်ပါလား ။ မမှတ်မိဘူး ထင်ပါရဲ့ ။ ဆရာလွင် ငါ့ ကို မမှတ်မိတော့ဘူး ထင်တယ် ။ အေးလေ ... ပရိသတ်တွေ က များ တာ ကိုး ။ လူအုပ် ထဲ မှာ ဆိုတော့ ဇဝေဇဝါ ဖြစ်နေ မှာ ပေါ့ ။ မမှတ်မိလို့ ပါ ၊ ဆရာလွင် က မာန မကြီး တတ် ပါဘူး ။


ဒီအခြေအနေ မျိုး မှာ ကိုယ် က လည်း ဇွတ် နှုတ် မဆက်ရဲတော့ပါဘူး ။ ပါးစပ် က အာစေး ထည့် ထား သလို ဖြစ်နေပါပြီ ။ 


ဟော .... ဆရာလွင် နဲ့ ရုပ်ရှင်မင်းသားလေး နဲ့ တွေ့ နေ ကြပြီ ။ အမယ်  ...  ရုပ်ရှင်မင်းသားလေး က ဆရာလွင် ကို လက်အုပ် ချီ ပြီး ဂါရဝ ပြု သဗျ ။ ဆရာလွင် တို့ များ နော် ဒီနေ့ခေတ် လူငယ်တွေ နဲ့လည်း ဝင်ဆန့် တုန်း ပဲ ။


“ အဝါရောင် လက်မှတ် ရတဲ့ ပုဂ္ဂိုလ်များ ကျွေးရုံ ကို ကြွပါ ခင်ဗျား ”


အသံချဲ့စက် မှ ဖိတ်ခေါ်သံ ပေါ်ထွက် လာ သဖြင့် ကျွေးရုံ သို့ သွားခဲ့ ရ၏ ။


ထမင်း စားပြီး ပြန်လာတော့ ဧည့်သည်အသစ် တွေ ထပ် ရောက်ပြီး ပြည့်ကျပ် နေ သဖြင့် မဏ္ဍပ် ထဲ သို့ ပြန် မဝင် ဖြစ်တော့ ။ အိမ် ကို သာ ပြန်လာခဲ့တော့၏ ။


ဆရာလွင် ငါ့ ကို မမှတ်မိဘူး နော် ၊ ဪ ... မမှတ်မိတာ ဘာ ဆန်းလဲ ။ ငါကလည်း အရင်တုန်း က ပတ္တလားတင်ငွေ မှ မဟုတ်တော့ တာ ။ ငါ့ ရုပ် ကလည်း ပြောင်း ခဲ့ပြီ ။ အရင်က ပတ္တလား လက်ခတ် ကိုင် ခဲ့တဲ့ ငါ့ လက်တွေ က လည်း ထုံးသုတ်တံ ၊ ရှားစေသုတ်တံ တွေ ကို ပြောင်းပြီး ကိုင်နေခဲ့ရ ပြီလေ ။


     •••••   •••••   •••••


( ၃ )


လမ်းထိပ် ရောက်၍ မင်္ဂလာခန်းမ ကို လှမ်း မြင်ရသည် နှင့် ဆိုက်ကား ကို ကတန်းကမန်း အရပ် ခိုင်း လိုက် ရ၏ ။


ဒါတောင် ဆိုက်ကားသမား က ခန်းမ ရှေ့အထိ လိုက်ပို့ပါ့မယ် တကဲကဲ နှင့် လောကွက် ချော်သေး သဖြင့် တော်ပါပြီ ကွယ် ။ ဒီနေရာ မှာ ပဲ ရပ်ပါတော့ ဟု မနည်း ပြောယူ ရသည် ။ ဘာပဲ ပြောပြော အစီအရီ ရပ် ထားတဲ့ မင်္ဂလာပွဲ လာ ကားလှလှတွေ ရဲ့ ရှေ့ က ဆိုက်ကား နဲ့ ဖြတ်ပြီး သွား ရမှာ ရှက်သလိုလို ရွံ့သလိုလို ဖြစ်မိတာတော့ အမှန်ပဲ ။


အေးငြိမ့်သော ဂီတသံများ လွှမ်းခြုံ ဖြန့်ကြက် နေသည့် မင်္ဂလာခန်းမ အတွင်း သို့ ဝင်လာ ခဲ့၏ ။ အဝင်ဝ ၌ မိန်းမပျိုလေးများ က သတို့သား ၊ သတို့သမီး အမည် ပါ သော ကတ်ပြားလေး တစ်ခု နှင့် စီးကရက် တစ်လိပ် ကမ်း ပေး၏ ။ စားပွဲလွတ် တစ်လုံး မှာ ဝင် ထိုင်ရင်း ကိုတင်ငွေ သာ ပါ လာ ရင်တော့ တီးဝိုင်း ကို သိပ် သဘောကျ မှာ ပဲ ဟု တွေးနေ မိသည် ။ ဟိုတုန်းက ကိုတင်ငွေ က ပတ္တလား တီးပြီး မိမိ က စည်းဝါး ကိုင်ကာ သီးချင်း ဆိုခဲ့ပုံများ ကို ပြန်သ တိရ နေ မိသည် ။


ဪ ... ဒါနဲ့ မမြခင် တစ်ယောက် မတွေ့ရသေးပါလား ။ ဘယ်နေရာ မှာ ဘာ အလုပ်တွေ များ ရှုပ်နေလို့ ပါလိမ့် ။ အေးလေ ... သတို့သမီး မိခင် ဆိုတော့ အလုပ်များ ပေ မှာပေါ့ ။ မမြခင် နဲ့ တွေ့လို့ ကတော့ လက်မောင်း ကို ဆွဲ ဆိတ်ပြီး ငယ်ကျိုးငယ်နာ တွေ ပြန် ဖော်ရင်း စလိုက် ပြောင်လိုက် ဦးမယ် ။ အူလှိုက်သည်းလှိုက် မရယ်မမော ရတာ ကြာလှပြီ လေ ။


ဘိသိက်ဆရာ စင်ပေါ် တက် လာပြီး အခမ်းအနား စ၏ ။ အားလုံး ငြိမ်သက်စွာ ထိုင်နေကြသည် ။ ဘိသိက်ဆရာ က ပဏာမစကား ပြောခြင်း ၊ သတို့သား နှင့် သတို့သမီး ကို ပွဲထုတ်ခြင်း ၊ လက်ထပ်ပေးခြင်း ၊ မင်္ဂလာစကား ပြောခြင်း ၊ ကျေးဇူးတင် စကား ပြောခြင်း ၊ မင်္ဂလာအခမ်းအနား အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာခြင်း တို့ကို အစဉ်အလာ အတိုင်း ပြုလုပ်သည် ။


မမြခင် အား တွေ့လို မြင်လို စိတ် ပြင်းပြ နေသော ဒေါ်ကြင်ယုံ မှာ အခမ်းအနား ပြီး အောင် မနည်း အောင့်အည်း နေရ၏ ။

တွေ့ချင်တာပေါ့ တော် ။ မမြခင် တို့ နဲ့ ကျုပ် တို့ နဲ့


အိမ်ချင်း ကပ် နေလာ ကြတာ ။ မမြခင် တို့ အခုလို ဆိုင်ကြီး ကန္နားကြီး နဲ့ မဖြစ်ခင် လင်မယား နှစ်ယောက် အပ်ချုပ်စက်လေး တစ်လုံး နဲ့ တကုတ်ကုတ် လုပ်ကိုင် စားနေစဉ် ကတည်း ကျုပ်တို့ နဲ့ ခင်မင်လာ ကြတာ ။ ကျုပ် နဲ့သူ နဲ့ က လက်ဖက် အတူ သုပ် စားဖက် ၊ ဈေး အတူ သွားဖက်တွေ ။ ဟယ် ... ဟိုမှာ မမြခင် မဟုတ်လား ။ သွား နှုတ်ဆက်ဦး မှ ။ မမြခင် နှင့် သတို့သား ၊ သတို့သမီး တို့ က ထိပ်ပိုင်း ရှိ လူကုံထံ စားပွဲဝိုင်းများ ဘေး မှာ ရပ်ရင်း ဓာတ်ပုံ အရိုက် ခံနေ ကြ၏ ။ ကင်မရာ မီးရောင် တလက်လက် တွင် စိန်ရောင် ၊ ရွှေရောင် တွေ ပြုံးပြက် နေသည် ။


ဒေါ်ကြင်ယုံ တစ်ယောက် လှမ်းခြေ ယူ နှေးခဲ့ရ၏ ။


အိုး ...သွားလို့ မဖြစ်ပါဘူး ။ ပိုးပဝါ ၊ ဂျပန်ပိုး နဲ့ ကြိုးကြီးချိတ်တွေ ကြား မှာ စိန်ကတ္တီပါ အကျအနွမ်းလေး က သွား နှုတ်ဆက် ရင် မမြခင် တို့ ကို ဂုဏ်သရေ ညှိုးနွမ်း အောင် လုပ်ရာ ရောက်တော့ မပေါ့ ။ မတော်တဆ ဓာတ်ပုံ ထဲ များ ပါသွား မှ ဖြင့် လှနေတဲ့ မြင်ကွင်းလေး ငါ့ ကြောင့် အကျည်းတန် သွား ပါရော့မယ် ။ နှုတ် မဆက်တော့ပါဘူး ။ မမြခင် မြင်သည် ဖြစ်စေ ၊ မမြင်သည် ဖြစ်စေ မင်္ဂလာဆောင် ကို ကိုယ် ရောက်ဖို့ က ပဓာန ပဲ မဟုတ်လား ။


ဒေါ်ကြင်ယုံ သည် တင်းထားသော စိတ် ကို အဆုံးတိုင် လျှော့ချ ပစ် လိုက်၏ ။ နေသာ ထိုင်သာ ရှိသွား သဖြင့် အရည်ပျော်စ ပြုနေသော ရေခဲမုန့် တစ်ဇွန်း ကို ကော် စား လိုက်သည် ။


ထို့နောက် စားပွဲ မှ ထ သည် ။


ထီလက်မှတ် ထည့် ၍ ပိတ် ထားသော စာအိတ်လေး တစ်လုံး ကို ငွေဖလား ထဲ သို့ ထည့် လိုက်ရင်း မင်္ဂလာခန်းမ ထဲ မှ ခပ်ရို့ရို့ ထွက်လာခဲ့၏ ။


     •••••   •••••   •••••


( ၄ )


ဒေါ်ကြင်ယုံ က အကြော်ဆန်များ ကို ပလတ်စတစ် အိတ်ငယ်များ ထဲ သို့ ထည့် နေသည် ။


ဖိုးတင်ငွေ က ကွမ်းရွက်ဗန်း ကို ရေစို အဝတ်စ ဖြင့် အုပ်ထား လိုက်ပြီး ဒေါ်ကြင်ယုံ အနီး မှာ လာ ထိုင်၏ ။


“ မင်္ဂလာဆောင် က တော့ စည် လိုက်တာ တော် ။ မပြောပါနဲ့ တော့ ဆရာလွင် တို့ အလှူ က ရော စည် ရဲ့လား ” 


“ အေးကွဲ့  .. စည်တယ် ”


ဒေါ်ကြင်ယုံ က လက်ဖက်ဇလုံ ထဲ မှ လက်ဖက်သား အနည်းငယ် ကို နှိုက်ယူ လိုက်ပြီး လက် ထဲ တွင် အတောင့်လေး ဖြစ်အောင် ဆုပ်သည် ။ ထို့နောက် ပလတ်စတစ်အိတ် ထဲ သို့ သွင်း လိုက်၏  ။


ဖိုးတင်ငွေ က ဖယောင်းတိုင် တစ်တိုင် ကို မီး ညှိ ၏ ။ အကြော်ဆန် ထည့် ထားသော ပလတ်စတစ်အိတ် တစ်အိတ် ကို ကောက် ယူ သည် ။ အဝ ဘက် မှ အနား များ ကို သံပေတံ မှာ တင် ၍ ခေါက် ၏  ။ ဖယောင်းတိုင် မီးတောက် တွင် ဘယ်ညာ ရွေ့၍ အလိုက်သင့် အပူ ပေးရင်း ပလတ်စတစ်အိတ် ကို ပိတ်သည် ။


“ မမြခင် က တောင် တော့် ကို မေး နေ သေးတယ် ။ ကိုတင်ငွေကြီး အရင် လို ကျန်းကျန်းမာမာ ပဲလား တဲ့ ”


ဒေါ်ကြင်ယုံ က ဗန်း ထဲ မှ အကြော်ဆန် ထည့် ထားသော ပလတ်စတစ် အိတ်ကလေး တွေ ကို စီ သလိုလို နှင့် မျက်နှာ ကို တစ်ဖက် သို့ လွှဲ ထား ရင်း ပြောသည် ။


“ မင်း ကို လည်း ဆရာလွင် က မေးရှာပါတယ် ကွာ ။ ကြင်ယုံ တစ်ယောက် ရော အခု သီချင်း ဆို သေးလား တဲ့ ”


အသံ မတုန်အောင် ထိန်းရင်း ဖိုးတင်ငွေ က ပြန် ပြော လိုက်လေသည် ။


◾မြတ်သင်း


📖 မဟေသီမဂ္ဂဇင်း

     ၂၀၀၅ ၊ ဇူလိုင် 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment