Friday, April 21, 2023

စုန်ခြင်း ဆန်ခြင်း နိယာမ


 ❝ စုန်ခြင်း ဆန်ခြင်း နိယာမ ❞


သည် မနက် ဈေး အသိမ်း မှာ ကု,လားလေး မောင်မြင့် က သူ ရောင်း မကုန်သည့် လက်ကျန် နွားနို့ထုပ်လေး တစ်ထုပ် ကို “ ကြီးတော် အတွက် ” ဟု ဆိုပြီး ဒေါ်အေးမြ ကို လက်ဆောင် ပေးခဲ့သည်  ။ ဦးရွှေမှန် မနက်ခင်း ဈေးလေး မှာ ဈေးရောင်း ကြသည့် လမ်းဘေး ဈေးသည် အချင်းချင်း မို့ ရိုင်းပင်းသည့် သဘော ထင်ပါရဲ့ ။


အိမ် ရောက်တော့ မီးဖို မှ ပြာဖုံး နေသော မီးကျီးခဲလေးများ ကို ပါးစပ် ဖြင့် မှုတ် ပြာ ဖယ်၍ ပြန် စုကာ ဒေါ်အေးမြ နွားနို့ ကျို သည် ။ နှစ်ပွက် သုံးပွက် ပွက်ပြီး မလိုင် တက် လာ လျှင် ဖန်ခွက် တစ်ခွက် စာ ပင် အနိုင်နိုင် ကျန်မည့် နွားနို့ ကို ကြည့် ပြီး ဒေါ်အေးမြ စိတ်ညစ် နေသည်  ။


ဪ ... ရ မှာ က နွားနို့ တစ်ခွက် တည်း ။ တိုက် ကျွေး ချင်သူ က နှစ်ယောက် ။


တစ်ယောက် က အသက် ( ၇၈ ) နှစ် ရှိပြီ ဖြစ်သည့် သူ ၏ မိခင်ကြီး ဒေါ်ပု ။ နောက် တစ်ယောက် က အသက် နှစ်နှစ်ခွဲ သာ ရှိသေး သည့် မြေးငယ်လေး စာဥ ။


နှစ်ယောက်လုံး က နွားနို့ တိုက်ကျွေးဖို့ သင့်လျော်သည့် သူ ချည်းပဲ ။ ဘယ်သူ့ ကို တိုက်ရပါ့မလဲ ။ ဒေါ်အေးမြ ဝေခွဲ မရ ဖြစ် နေသည်  ။


•••••  •••••••  •••••


အိမ်ခါးပန်း တွင် ခြေချ ထိုင်၍ ပေါင် ပေါ် ဆန်ကော တင်ကာ မျက်လုံးလေး မှေးစင်း အားစိုက် ပြီး စပါးလုံး ရွေး နေသော မိခင်ကြီး ဒေါ်ပု ကို မီးဖိုချောင် အဖီ မှ နေ၍ ဒေါ်အေးမြ လှမ်း မြင် နေရသည် ။


မိခင်ကြီး ကို ကြည့် ပြီး ဒေါ်အေးမြ စိတ်မကောင်း ။ “ ပိန် လိုက်တာ အမေရယ် ” ဟု သူ့ စိတ် ထဲ က တိုးတိုး ရေရွတ်သည် ။


မှန်သည် ။ ဒေါ်ပု က လည်း အလွန် ပိန်သည် အရိုးပေါ် အရေတင် ဆိုသည့် စကားအတိုင်း သူ့ တစ်ကိုယ်လုံး အရိုး နှင့် အရေ သာ မြင်တွေ့ရသည် ။ အဆီအသား ဆိုတာ ဘယ်နေရာမှ ရှာ မရ ။


အေးလေ အဆီအသား ရှိ ရအောင် ယခု အရွယ် အထိ အမေ့ ခမျာ စားကောင်း သောက်ဖွယ် ကောင်းကောင်း ကန်းကန်း ရယ် လို့ ဘယ်အခါ က များ မှီဝဲ ခဲ့ရလို့ လဲ ။ တစ်သက်လုံး လင်ဆိုးမယား တဖားဖား ဘဝ နှင့် ကိုယ့် အမေ ထမင်း နပ် မမှန်ခဲ့တာ ဒေါ်အေးမြ အသိပဲ လေ ။


အရက်သမား ယောက်ျား မြည်း ဖို့ အမြည်း နှင့် သားသမီးတွေ စား ဖို့ ဟင်း ကို ဦးစားပေး နေရတာ နှင့် ပဲ သူ့ မှာ အမြဲလိုလို ထန်းလျက်ခဲလေး နှင့် ထမင်း စားခဲ့တာ ကို ဒေါ်အေးမြ မှတ်မိဘဲ ရှိပါ့မလား ။ ယောက်ျား ၏ ကြင်နာယုယမှု ၊ ပြုစုလုပ်ကျွေးမှုတွေ ဆိုတာ လည်း တစ်ခါမျှ အမေ မခံခဲ့ ရ ရှာ ။ ယောက်ျား ၏ နိုင်ထက်ကလူ ရိုက်နှက် ညှဉ်းပန်းမှု ဒဏ် ကို သာ ခါးစည်း ခံခဲ့ရသည် ။ အမေ့ ဘဝ ဆိုး လှသည် ။


အဖေ့ ကြောင့် ပဲ ဒေါ်အေးမြ လည်း စောစောစီးစီး အိမ်ထောင် ကျ ခဲ့ခြင်း ဖြစ်သည် ။ သို့သော် ဒေါ်အေးမြ ရသည့် ယောက်ျား က လည်း အဖေ နှင့် ထူး မခြားနား ။ ကိုအုန်းမောင် က အဖေ့ လို အရက် မသောက် တတ် ပေမဲ့ အား မကိုးရတာ ချင်း တော့  တူသည် ။ လက်ကြော မတင်းတာ ချင်း လည်း တူသည် ။ သူ နှင့် ယူခါစ ကတော့ အစိုးရ အထပ်သား စက်ရုံ က ဝန်ထမ်း လုပ်သား တဲ့ ။ ယူပြီး တစ်နှစ် လောက် မှာ အလုပ် ပြုတ်သည် ။


အလုပ် ပြုတ်ပြီး နောက်ပိုင်း အလုပ် လေးငါး မျိုး ပြောင်း လုပ်သည် ။ ရုပ်ရှင်လက်မှတ် မှောင်ခို ၊ ရထားလက်မှတ် မှောင်ခို ၊ ကားစပါယ်ရာ ၊ ငါးဒိုင် အကူ ၊ ပန်းရန် နောက်လိုက် စသဖြင့် ။ သို့ပေမဲ့ ဘယ် အလုပ် ကို မျှ သုံးလ ပြည့်အောင် မလုပ်ခဲ့ ။ ဆရာ ဆိုးလို့  ၊ အချင်းချင်း နှိမ်လို့  ၊ ရန်များ လို့ ဆိုတာတွေ က သူ့ အကြောင်း ပြချက်တွေ ဖြစ်သည် ။ မာန ကို ထိပါး လို့ ဆိုတာ က လည်း ပါသေးသည် ။ ထိပါးစရာ သူ့ မှာ ဘာ မာနတွေများ ရှိနေလဲ တော့ ဒေါ်အေးမြ လည်း မသိ ။


နောက်တော့ ဘာ အလုပ်မျှ ထပ် မရှာတော့ ဘဲ အိမ် မှာ ကလေး ထိန်း သလိုလို ၊ အိမ်စောင့်ပေး သလိုလို ၊ သိပ် မမာလို့ နားနေ သလိုလို နေခဲ့သည် မှာ အိမ်ထောင်သက် တစ်ခု လုံးပဲ ဆိုပါတော့ ။ ဒေါ်အေးမြ က တော့ မနက် ကောက်ညှင်းပေါင်း ၊ နေ့ ဖရဲသီးစိတ် ၊ ည မုန့်ဖက်ထုပ် လည် ရောင်းရင်း မိသားစု စားဝတ်နေရေး ဖြည့်ဆည်း တာဝန် ယူ ခဲ့ရသည် ။


အမေ နှင့် ဒေါ်အေးမြ က အကျိုးပေး ချင်း တူလှသည် ။ နှစ်ယောက် စလုံး လင် ကံ မကောင်း ။ တိုက်တိုက်ဆိုင်ဆိုင် အဖေ အသည်းကင်ဆာ နှင့် ဆုံးသည့် လ မှာ ပဲ ဘာအလုပ် မှ ပင်ပင်ပန်းပန်း မလုပ်ဘဲ မိန်းမ လုပ်စာ အခန့်သား  ထိုင် စား နေသည့် ကိုအုန်းမောင် ကလည်း နှလုံးရောဂါ ဖြင့် သေတော့ သားအမိ နှစ်ယောက် ရှေ့ဆင့် နောက်ဆင့် ဆို သလို မုဆိုးမ ဘဝ ကို ရောက်ခဲ့ကြရသည် ။


သည် တော့ ဒေါ်အေးမြ လည်း အမေ့ ကို အိမ် ပေါ် တင် ပြုစု ခဲ့သည် မှာ ယခု အချိန် အထိပဲ ဆိုပါတော့ ။


အိမ် ပေါ် တင် ပြုစုသည် သာ ဆိုတာပါ ။ အမေ့ ကို မသေရုံ တစ်မယ် ကျွေးထားတာ ဟု ဆိုပါက ပို မှန်ပေလိမ့်မည် ထင်သည် ။ ကောင်းပေ့ညွှန့်ပေ့ တွေ ဘယ်မှာ ကျွေးမွေး နိုင်လို့ လဲ ။


သည် မနက် လည်း ရောင်းဖို့ ကောက်ညှင်း ကို ပေါင်း အပြီး ပို သည့် မီး ဖြင့် ပြုတ် ထား ခဲ့သော ဆန်ပြုတ် အဖြူထည်လေး ကို သာ အမေ သောက် ထားရ ဦး မှာ ပါ ။


တကယ် ဆို လျှင် အား မရှိသည့် ၊ သွား လည်း မရှိသည့် အမေအို တစ်ယောက် အား မနက်စောစော အသား ဆန်ပြုတ်လေး ဖြစ်ဖြစ် ၊ ငါးဆန်ပြုတ်လေး ဖြစ်ဖြစ် ၊ လက်ဖက်ရည် ပါဆယ် နှင့် ပေါက်စီ ပူပူလေး ဖြစ်ဖြစ် မြိုးမြိုးမြက်မြက် ဖြစ် တာလေးတွေ ကျွေးသင့်သည် ပေါ့ ။


ဒါပေမဲ့ အမေ ရယ် ... ၊ ဆန်ဖိုး နဲ့ ဟင်းလျာဖိုး တောင် အနိုင်နိုင် ရှာ နေရတဲ့ ဘဝ မို့ အဲဒီ စားကောင်း သောက်ဖွယ်တွေ ဝယ် မကျွေးနိုင်တာ နားလည် ပေးပါ အမေ ဟု ဒေါ်အေးမြ စိတ် ထဲ ကျိတ် တောင်းပန် နေ မိသည်  ။


အင်း ... ယနေ့ တော့ ထူးထူးခြားခြား နွားနို့လေး တစ်ထုပ် လက်ဆောင် ရခဲ့ပါရဲ့ ။ ယခု ကျို ထား သည့် နွားနို့လေး ကို အမေ့ ကို ပဲ တိုက် လိုက် ရ လျှင် ကောင်း မလား ။ နွားနို့ က အား လည်း ဖြစ်သည် ။ အာဟာရ လည်း ဖြစ်သည် ။ ဝါး စရာ လည်း မလို ။ အမေ လည်း ကြိုက်သည် ။ အင်း ... ဘယ်လို လုပ်ရင် ကောင်းမလဲ ။


•••••   •••••   •••••   •••••


သားသမီး အချစ် ၊ မြေးအနှစ် ဆိုသည့် စကား က မှန် လှသည်  ။ စာဥလေး က ဒေါ်အေးမြ ၏ အသည်းနှလုံး ဆိုလျှင် မမှားပေ ။


မြေးလေး ၏ မျက်နှာ ကို တစိမ့်စိမ့် ကြည့်ပြီး ရင် ထဲ ဖြစ်ပေါ် လာ ရသည့် ပီတိမျိုး ကို ဒေါ်အေးမြ အရင် က မခံစားရစဖူး ။ မြေးလေး ကို ပွေ့ဟယ် ချီဟယ် လုပ် နေရသည့် အချိန် မှာ တော့ ဒေါ်အေးမြ ၏ အပူတွေ ၊ သောကတွေ ၊ အမောတွေ တစ်ခဏ ပြေပျောက် သွားသည် ကတော့ အသေအချာ ပဲ ဖြစ်သည်  ။


စာဥလေး က  ချစ်စရာ ကောင်းသည် ။ သူများ ကလေးတွေ လို ဖွံ့ဖွံ့ဖြိုးဖြိုး တုတ်တုတ်ခဲခဲကြီး တော့ မဟုတ် ။ သို့ပေမဲ့ ချစ်စရာ ကောင်းတာ တော့ အမှန်ပင် ။ ပြီးတော့ ဖတဆိုးလေး မို့ လည်း ကရုဏာ ပိုရသည် ။ နောက်ပြီး လိမ္မာလိုက်သည့် ကလေး ငိုခြင်း ၊ ယိုခြင်း ၊ ဂျီကျခြင်း ၊ ပူဆာခြင်း အလျဉ်း မရှိသည့် ကလေး ။ ခုလည်း ကြည့် ဆန်ရွေး နေသည့် သူ့ဘွားဘွားကြီး ခြေရင်း မှာ ထိုင်ပြီး သူ့ အိုးပုတ်ကလေးတွေ နှင့် ငြိမ်ငြိမ် သက်သက်လေး ကစား နေသည် ။


သူ လည်း ဘာမျှ စား ထားဟန် မတူ ။ သူ့ ဘွားဘွားကြီး သောက် သည့် ဆန်ပြုတ်ပဲ သောက် ထား ရ ဦးမှာ ပေါ့ ။ အလွန်ဆုံး သူ့ အမေ ဌေးဌေးလှိုင် အလုပ် မသွားခင် လမ်းထိပ် က ( ၅၀ ) တန် တိုရှည် တစ်ခု ဝယ် ကျွေး လျှင် သူစားရ လိမ့်မည် ။


သည် ကလေး ဘဝ က လည်း သနား စရာ ။ လူ့ ဘဝ ထဲ မရောက် ခင် အမေ့ ဝမ်း ထဲ မှာ ကတည်း က ဖတဆိုး ဖြစ်ရသည် ။ အဖေ ဆို သူ ကို သူ ဘယ်တုံးကမျှ မမြင်ဖူးခဲ့ သလို ဘယ်တော့မှ လဲ မြင်တွေ့ ရတော့ မှာ မဟုတ် ။


သူ့ အဖေ မောင်အောင်ဝင်း က လူကောင်း လေး ပါ ။ လူကောင်းလေး မို့  ဒေါ်အေးမြ ကိုယ်တိုင် သမီး ဌေးဌေးလှိုင် နှင့် ကြည်ကြည်ဖြူဖြူ ပေးစားခဲ့ခြင်း ဖြစ်သည်  ။ ကောင်လေးက ရိုးသားသည် ။ ကြိုးစားသည် ။ ကုန်ကားသမား ဆို ပေမဲ့ အသောက်အစား မရှိ ။ ကွမ်းလေး တမြုံ့မြုံ့ ဝါးပြီး နှုတ်နည်း ၊ စကားနည်း ၊ ခပ်အေးအေး ၊ ခပ်ပြုံးပြုံး နေတတ် သူ ဖြစ်သည် ။


ကားသမား မို့ အိမ် တော့ သိပ် မကပ်ရ ရှာ ။ သူ့ ကားအုံနာ ခိုင်း သမျှ တစ်မြို့ဝင် တစ်မြို့ထွက် သွား နေ ရသည် ။ တစ်လ မှာ သားမယား အနား နေ ရသည် က တစ်ပတ် ဆယ်ရက် ။ ကျန်သည့် ရက်တွေ က ကား ပေါ် မှာ  ၊ လမ်း ပေါ် မှာ ၊ တစ်မြို့တစ်ရွာ မှာ  ။


ဝင်ငွေလေး က တော့ မဆိုးလှပါဘူး ။ ခရီး က တစ်ခေါက် တစ်ခေါက် ပြန် လာလျှင် မယား လက် ထဲ နှစ်သောင်း မျိုး ၊ သုံးသောင်း မျိုး အပ်နိုင် ခဲ့သည် ပဲ ။ ထိုစဉ်တုန်း က တော့ ဌေးဌေးလှိုင် မှာ ရွှေတိုရွှေစ လေးများ ပင် ဝယ်နိုင် စုနိုင် ခဲ့ပါ ရဲ့ ။


အဘွား က လည်း လင် ကံ မကောင်း ။ အမေ က လည်း လင် ကံ မကောင်း ။ ဪ .… သူကလေး က တော့ လင်ကောင်း ရပြီဟဲ့ ဟု ဒေါ်အေးမြ ဝမ်းသာလို့ မှ မဆုံးခင် မောင်အောင်ဝင်း တစ်ယောက် ကျောက်ပန်းတောင်း အနီး မှာ ကား မှောက်ပြီး ဆုံးပြီ ဆိုသည့် သတင်းဆိုး ကို ကမ္ဘာ ပျက် သလို ကြားခဲ့ရ တော့သည် ။


ထိုစဉ်တုန်း ကတော့ ဌေးဌေးလှိုင် က စာဥ ကိုယ်ဝန် နေ့စေ့လစေ့ကြီး ။ သတင်း လည်း ကြား ရော မတ်တတ် ကနေ ဗိုင်းခနဲ လဲကျ သတိလစ် သွားသည် မှာ ဆေးရုံ ရောက်သည် ထိ ။ ကလေး ရော ၊ လူကြီး ပါ ပစ်ရပြီ မှတ်တာ ။ ကံကောင်းလို့ ဘာမျှ မဖြစ်ခဲ့ ။


နောက်ဆုံးတော့ လည်း ဒေါ်အေးမြ အိမ် တွင် နောက်ထပ် မုဆိုးမ တစ်ဦး ထပ် တိုးလာတာပဲ မှတ်မှတ်ရရ ဖြစ်တော့သည် ။ ယခုတော့ အိမ် မှာ မုဆိုးမ သုံးယောက် နှင့် ကလေးလေး တစ်ယောက် ။


မြေးလေး တစ်ယောက် ရ လာတာ ကိုဖြင့် ဒေါ်အေးမြ ဝမ်းသာ မဆုံး ။ ရှိတာ မရှိတာ အပထား ၊ ပို လာသည့် ပါးစပ်ပေါက်လေး အတွက် ဝန်ထုပ် ဝန်ပို ဟု မသတ်မှတ် ။ တစ်ခါမျှ ငြိုငြိုငြင်ငြင် မရှိခဲ့ ။


ဌေးဌေးလှိုင် အထက် သား နှစ်ယောက် ကတော့ ( ၁၀ ) တန်း ကျ သဖြင့် နှစ်ယောက် လုံး စစ်ထဲ ဝင် သွားကြသည်  ။ ယခုလောလောဆယ် တစ်ယောက် က ကသာ မှာ ။ တစ်ယောက် က မင်းပြား မှာ ။ ကသာ မှာ ရောက် နေသည့် အကြီးကောင် က ဒေသခံ မိန်းကလေး တစ်ဦးနှင့် အိမ်ထောင် ကျပြီး ကလေး တောင် တစ်ယောက် လား ၊ နှစ်ယောက် လား ရ နေပြီ ဖြစ်သည် ။ ချွေးမ ရော ၊ မြေးတွေ ပါ ဒေါ်အေးမြ တစ်ခါမျှ မမြင်ဖူးသေး ။ သူတို့ က လည်း ရန်ကုန် ဆင်း မလာနိုင် ။ ဒေါ်အေးမြ က လည်း သူ့တို့ ထံ မသွားတတ် ။ မြေးလေးတွေ ကို ဖြူသလား ၊ မည်းသလား ပင် မသိ ။


သည် တော့ ဒေါ်အေးမြ ၏ အချစ်တွေ က မြေးလေး စာဥ တစ်ယောက် တည်း အပေါ်  စုပြုံ ကျရောက် နေတာ ဆန်းတော့ မဆန်းပါဘူး ။ ဈေးရောင်း က အပြန် စာဥလေး ၏ မျက်နှာ ကို မြင် လိုက် လျှင် အမောတွေ ချက်ချင်း ပြေသွား တာ ကို ဒေါ်အေးမြ ကိုယ်တိုင် အံ့သြ မိသည်  ။


စာဥ ကို မွေးပြီး ခြောက်လ လောက် အထိ ဌေးဌေးလှိုင် က စိတ် ကယောက်ကယက် ဖြစ်နေ သေးသည်  ။ မီးတွင်းကြီး မှာ ကို ငိုလိုက် ၊ ရယ်လိုက် ၊ ပေါက်ကရတွေ ပြောလိုက် နှင့် မို့ နို့ ကလည်း ထွက် တစ်ချက် ၊ မထွက် တစ်ချက် ။ သူ စိတ် ကြည် နေလျှင် နို့ က ပန်းထွက် ကာ ၊ ဟော ... သူ စိတ် မကြည်လျှင် ဘယ်လောက် ညှစ်ညှစ် မထွက်ပြန်တော့ စာဥ ခမျာ နို့ ဝသည့် အခါ ဝ ၊ မဝ သည့် အခါ မဝ ဒုက္ခ ကြီးချက် ကတော့ မပြောချင် ။


သည် တော့ တစ်ထုပ် လျှင် ( ၁၀၀ ) ပေး ရသည့် တရုတ်နို့မှုန့်ထုပ် ကလေးတွေ ဝယ် ၊ ရေနွေးလေး နှင့် ခပ်ကျဲကျဲ ဖျော်ဖျော်ပြီး ကလေး ကို ဒေါ်အေးမြ တိုက်ခဲ့သည် မှာ ကလေး အခါလွန်သည် အထိ ဖြစ်သည် ။


ကလေး အခါလည် ရောက် တော့ ထမင်းလေး ဝါး ခွံ့ ၊ ထမင်းရည်လေး တိုက် လုပ်လို့ ရပြီ ဖြစ်သဖြင့် နို့မှုန့် ကို ဖြတ်လိုက်သည်  ။


ဌေးဌေးလှိုင် က လည်း စိတ်လေး တည်တည်ငြိမ်ငြိမ် ဖြစ် သွားပြီး လှိုင်သာယာ ငါးပိစက်ရုံ မှာ အလုပ် ဆင်းတော့ စာဥခမျာ မအေ့ နို့ ပါ လုံးလုံး ပြတ်သွား ရ တော့သည်  ။


တလောက ကုန်ခြောက်ဆိုင် က ကိုပွကြီး နှင့် မုန့်ဟင်းခါးဆိုင် က မတဆုပ် တို့ ပြော နေ သံ ကြားတာ က ဖြင့်  တရုတ်နို့မှုန့်တွေ ဘာဖြစ်သည် ဆိုလား ၊ ကလေး နှင့် မတည့်သည့် ဓာတ် တစ်မျိုး ပါသည် ဆိုလား တော်ပါသေးရဲ့ ။ နို့မှုန့် ကို စောစောစီးစီး ဖြတ် လိုက် မိလို့ ကလေး က ခုထိတော့ ဘာမျှမဖြစ် လူကောင် ညှက်သည် ကလွဲ ၍ မာ တော့ မာ နေသား ။


မောင်မြင့် သာ ဟိုအရင် ကတည်း က ဦးရွှေမှန်ဈေး တွင် နွားနို့ လာ ရောင်းခဲ့ပါက ကလေး ကို နွားနို့လေး အစိတ်သား လောက် တော့ နေ့စဉ် ဝယ် တိုက် ဖြစ် မှာ ပါ ။ မောင်မြင့် ဤ ဈေး မှာ ဈေး ရောင်း တာ ( ၆ ) လ မပြည့်တတ်သေး ။ သူ က အရင် မြောက်ဥက္ကလာဈေး မှာ ရောင်းခဲ့သည် တဲ့ ။ အပြိုင်အဆိုင် တွေ ပေါ် လာလို့ ဦးရွှေမှန်ဈေး ကို ရွှေ့လာ ခဲ့သည် တဲ့  ။


ကဲ ... အခုတော့ နွားနို့ တစ်ခွက် အိမ် ပေါ် ရောက်လာ ပါပြီ ။ စာဥလေး ကို တိုက် လို့ ရ ပါပြီ ။


အင်း ... နို့မျက်သည့် စာဥလေးကို ပဲ တိုက်ရ မလား ။ သွား မရှိ ၊ အား မရှိသည့် အမေအို ကို ပဲ တိုက်ရ မလား ။ ဘယ်လို လုပ်ရပါ့မလဲ ။


တစ်ဖက် က လည်း ကျေးဇူးရှင် မိခင် ။ တစ်ဖက် က လည်း မြေးအနှစ်လေး ။ ခက်တော့ ခက်တာပဲ ။


•••••  •••••  •••••


နွားနို့ က မီးဖို ပေါ် မှာ ကြာလေ ခမ်း လေ မို့ တော်တော်ပင် လျော့ နေပေပြီ ။ ဒေါ်အေးမြ က ဆုံးဖြတ်၍ မရသေး ။


နွားနို့ ကို ပန်းကန်လုံး ထဲ ပြောင်းထည့် ၊ သကြားလေး နည်းနည်း ထည့်မွှေပြီး အအေးခံ ထား ကာ အမေ ကို တစ်လှည့် ၊ မြေး ကို တစ်လှည့် ကြည့် ရင်း သက်ပြင်း သာ အခါခါ ချ နေမိသည် ။


နောက်ဆုံးတော့ ဒေါ်အေးမြ မျက်စိ မှိတ် ကာ စိတ် ကို တုံးတုံး ချ လိုက်သည် ။


ပြီးတော့ စာဥလေး ကို အသာ လက်ယပ် ခေါ် လိုက်သည် ။


စာဥ က ရုတ်ခနဲ ထ လာ ကာ ဒေါ်အေးမြ ဘေး တွင် လာ ရပ်သည် ။ ဒေါ်အေးမြ က ကလေး ကို မီးဖို အတွင်း နံရံ အကွယ် ဘက် တွန်း ပြီး ထိုင်ခုံလေး ပေါ် ထိုင် ခိုင်းသည်  ။ နှုတ်ခမ်း ပေါ် လက်ညှိုး တင်၍ အသံ မပြု ဖို့ လည်း သတိ ပေး လိုက်သည် ။


ပြီးတော့ နွားနို့ပန်းကန် ထဲ မှ နွားနို့ ကို ဇွန်းလေး ဖြင့် ခပ် ကာ စာဥ ကို တိုက်သည် ။


“ ရော့ မြေးလေး ... နွားနို့ သောက်စမ်း ... သိပ် ကောင်းတာ ”


စာဥ က နွားနို့ ကို တစ်ဇွန်း သောက် ကြည့် ပြီး မျက်နှာလေး ရှုံ့မဲ့ သွားသည်  ။


“ ဟင် ဘာလဲ ... ပူ လို့ လား ... ဘွားဘွား မှုတ် ပေးမယ် …. ရော့ ရော့ ... သောက် ၊ နောက် တစ်ဇွန်း ”


စာဥ က နှုတ်ခမ်း ကို အတင်းစေ့ ပိတ် ကာ ခေါင်း ကို တွင် တွင် ယမ်းသည်  ။


“ သောက်ချင်ဘူး ... သောက်ချင်ဘူး ”


“ ဟဲ့ သောက်စမ်းပါ .... ကောင်းတယ် .... အား ရှိတယ် ဟဲ့ ”


ကရုဏာ ဒေါသော နှင့် မို့ ရုတ်တရက် အသံ ကျယ် သွားသည် ကို အချိန်မီ ပြန် ထိန်းရင်း အိမ် ရှေ့ဘက် စိုးရိမ်တကြီး လှမ်း ကြည့် လိုက်သည်  ။ ဒေါ်ပု က တော့ သူ့တို့ မြေးအဘွား နှစ်ယောက် ကို ဂရု ထားမိဟန် မတူ ။ စပါးလုံး ရွေး မပျက် ဆက် ရွေး နေသည်  ။


“ သောက်ပါ မြေးလေးရယ် ” 


ဒေါ်အေးမြ က အသံ ခပ်အုပ်အုပ် နှင့် ထပ် ပြောသည်  ။


“ မီးမီး ကြိုက်ဘူး ”


“ ဟင် မကြိုက်ဘူး ...သေလိုက်ပါတော့ဟယ် ”


ဒေါ်အေးမြ စိတ်ပျက် လက်ပျက် ဖြစ် သွားသည်  ။


“ သောက်ကြည့်စမ်းပါဦး မြေးလေးရဲ့ လိမ္မာတယ် ... သောက်နော် တစ်ဇွန်း တစ်ဇွန်း တည်း ”


ဒေါ်အေးမြ အတင်း တိုက် သဖြင့် စာဥ က ရှုံ့ရှုံ့မဲ့မဲ့ နှင့် တစ်ဇွန်း မျို ချပြီးနောက် နောက် တစ်ဇွန်း မတိုက် ခင် အိမ် ရှေ့ ကို လှစ်ခနဲ ထ ပြေးသွား လေတော့သည်  ။


ဒေါ်အေးမြ အရုပ် ကြိုးပြတ် ဖြစ် ကျန်ရစ်ခဲ့သည် ။ သည် ကလေး ဘယ်လို ကလေး မှန်း မသိ ။ လူကြီး က ကောင်းတာ မွန်တာ သင့်တာ တော်တာ ကျွေးမွေးတာ ကို ကြေး ( ဂျီး ) က များ ချင်သည်  ။ သူ့ မှာ မအေ့နို့ ပင် ဝဝလင်လင် မစို့ခဲ့ရဘဲ နှင့် ။ အဘွား က သောက်စေချင် လွန်းလို့ တိုက်တာ ကို သင်းလေး က …. ။


နောက်ဆုံးတော့ ဒေါ်အေးမြ ဘာမျှ မတတ်နိုင် ။ နို့ပန်းကန်လုံးလေး ကိုင်ကာ အိမ်ရှေ့ပိုင်း သို့ ထွက်လာ ခဲ့သည်  ။


ဒေါ်ပု ဘေး ဝင် ထိုင်ကာ ဒေါ်ပုလက် ထဲ မှ ဆန်ကော ကို လှမ်း ဆွဲ ယူရင်း နွားနို့ခွက် ကို ကမ်းပေး လိုက်သည်  ။


“ နွားနို့ အမေ သောက် လိုက်ပါဦး ”


ဒေါ်ပု က ဒေါ်အေးမြ ကို ဖျတ်ခနဲ လှည့်ကြည့်သည်  ။ အမြဲလိုလို ဝေသီမှုန်မှိုင်း နေ တတ်သော ဒေါ်ပု ၏ မျက်လုံးများ လက်ခနဲ အရောင် ထွက် သွားသည် ။


“ ညည်း သောက်လေ ”


“ ဟင့်အင်း မသောက်ချင်ဘူး အမေ ... အမေ အား ရှိ အောင်လို့ အမေ့ ဖို့ … တမင် ဝယ်လာတာ ”


မုသားစကား က နှုတ် က အလိုလို ထွက်သွားသည် ။ ပြောပြီး ကာ မှ စိတ် ထဲ မလုံမလဲ ။


“ စာဥလေး ကော စာဥလေး ကို တိုက်ပါလား သမီး ရဲ့ ”


“ နေပါစေ ... သူ့ ကို ပြီးတော့မှ မုန့်စိမ်းပေါင်း ကျွေး လိုက်မယ် … အမေ က လူကြီး ... အမေ ပဲ သောက် လိုက်ပါ ”


ဒေါ်အေးမြ က ဒေါ်ပု လက် ထဲ နွားနို့ပန်းကန် ကို အတင်း ထည့်ပေး သဖြင့် နွားနို့ပန်းကန် က ဒေါ်ပု လက် ထဲ ရောက် သွားသည် ။


နွားနို့ခွက်ကလေး ကို ကိုင် ထားသော ဒေါ်ပု ၏ အကြောပြိုင်းပြိုင်း နှင့် လက် ရှုံ့ရှုံ့တွန့်တွန့်လေးများ မသိမသာ တုန်ယင် နေသည်  ။


“ ကျေးဇူး တင် လိုက်တာ သမီး ရယ် ... အမေ အခုတလော ခံတွင်း ပျက် နေလို့ နွားနို့လေး သောက်ချင် စိတ် ပေါ် နေတာ ကြာပြီ ... ညည်း ကို ပြော ရမှာ လည်း အားနာ နေလို့ … ညည်း က သတိတရ ဝယ် လာ တိုက်တော့ အမေ ဘယ်လို ကျေးဇူး တင်ရမှန်း မသိပါဘူး အေ ... ငါ့ သမီး စိတ် ၏ ချမ်းသာခြင်း ကိုယ် ၏ ကျန်းမာခြင်း နဲ့ ပြည့်စုံပါစေ ... အသက် ရှည်ပါစေ ... အနာ မဲ့ပါစေ ... ရောင်းပန်း ဝယ်ပန်း ပွင့်ပါစေ... စီးပွား လာဘ်လာဘ တိုးတက်ပါစေ ... ထီဆုကြီးများ လည်း ပေါက်ပါစေ ” 


အမေ ဖြစ် သူ ဒေါ်ပု က အသံတုန်တုန် ဖြင့် ဆုတွေ ပေး နေ သော်လည်း သမီး ဖြစ်သူ ဒေါ်အေးမြ မှာ တော့ “ ပေးတဲ့ ဆု နဲ့ ပြည့်ပါစေ ” ဟူသည့် စကား ကို ပင် မဆိုဝံ့ သဖြင့် မျက်နှာ ပူပူ နှင့် ခေါင်း ကို ငုံ့ ပြီး ခပ်မဆိတ်ဘဲ နေ နေ လိုက်ရသည်  ။


◾မနှင်းဖွေး


📖 ရွှေအမြုတေ မဂ္ဂဇင်း 

      ဧပြီလ ၊ ၂၀၁၉


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment