Thursday, April 20, 2023

ရွှေပြည်တော်သည် ( ၁၁ )

🔳 ဖားကန့်ရွာ မှာ 


ဤ ဝတ္တု အစ ၌ ဖေါ်ပြခဲ့သော မိုးကောင်းဘူတာ တွင် သော်တာစိန် နှင့် ပထမ ဦးဆုံး တွေ့ခဲ့သည့် ဘလှိုင် သူငယ်ချင်း စောထွန်း သည် ဖော်ပြပါ သတင်းစာများ ဖတ်ရချိန် သည် သူ့ အိမ် တွင် ညနေခင်း အရက် သောက်စဉ် ဖြစ်နေ လေ ရာ ၊ အရက်ကလေး တမြမြ သောက် နေရာမှ တအားကုန် အော် ကာ ...  

“ ဟေ ...  မရွှေမိုး ရေ လာစမ်းပါဦးကွ ” ဟု သူ့ မိန်းမ ကို လှမ်း ခေါ်လေ၏ ။

အသက် အစိတ် မျှ လုံးကြီးပေါက်လှ မိန်းမ တစ်ယောက် နောက်ဖေး ဘက် မှ ထွက်လာ ကာ ..

“ ဘာများတုန်း ကိုစောထွန်း ရဲ့ - အလန့် တကြား ”

သတင်းစာ ကို လက်ညှိုး ထောက်ပြ ကာ

“ ဒီမှာ - မင်း အသည်းစွဲ စာရေးဆရာကြီး မိန်းမ ရ သွားပြီကွ ”

မရွှေမိုး သည် သတင်းစာ လှမ်း ယူ ကြည့် ၍

“ ဟင်း .. ဆရာက အချောကြီး ဘဲ ၊ သူ ... လက်ထပ်ဖို့ ကိစ္စ နဲ့ ဘဲ ကသာ လာခဲ့တာ ထင်ပါရဲ့ ” ဟု ပြောပြီး သတင်းစာ ဖတ်နေ ရာ မှ သူ့ ယောက်ျား ကျော ဗျောခနဲ ထုလိုက်ကာ “ သက်သက် နောက်စရာ မရှိ ကြံဖန် နောက်တယ် ... ”

စောထွန်း အရက်ခွက် ပါးစပ် တေ့ နေရာ မှ ပြန်ခွာ၍ “ ဟဲ့ - ဘာကြောင့်လဲ ဟ ”

သတင်းစာ လက်ညှိုး ထောက် ပြ ၍

“ ဒီမှာ ကြည့်ပါလား - တောခို လက်နက်ချ ဗိုလ်ဖုန်းလှိုင် ရေးထားတာကြီး ကို ”

စောထွန်း သည် ဟက်ဟက်ပက်ပက် ရီ ၍

“ အဲဒါ .. အဲဒါ ...  သော်တာစိန် ဘဲ ကွ ”

“ အောင်မယ် ဗိုလ်ဖုန်းလှိုင် ဆိုတဲ့ ဘလှိုင် က ရှင့် သူငယ်ချင်း လို့ ရှင် ပဲ ပြောဖူးတယ် ”

“ အေးလေ ”

“ ဒါဖြင့် - ရှင့် သူငယ်ချင်း က စာရေးဆရာသော်တာစိန် လား ။ မဖြစ်နိုင်တာကြီး ”

“ ဗိုလ်ဖုန်းလှိုင် က သေနတ် ကိုင်တဲ့ လူ သော်တာစိန် က ကလောင် ကိုင်တဲ့ လူ တခြားစီ ဘဲ ၊ သို့သော်လဲ သူတို့ ရုပ်ချင်း သိပ် တူတယ်လို့ မင့် ငါ ပြောဖူးတယ် မို့ လား ”

“ အို ... ရုပ်ချင်း တူတာ နဲ့ပဲ ဆရာသော်တာစိန် က ကသာ လာ လက်နက် ချပြီး ဒီ ကောင်မလေး နဲ့ လက်ထပ်ရောတဲ့ လား ”

“ မဟုတ်ဘူး ဟေ့ ။ လူ မှားပြီး ကိုးယိုးကားယား ဖြစ်ကြတာ တွေ ကွ ငါ ပြောရဲတယ် - ဘလှိုင် တို့ မြင့်မြင့် တို့ မြင့်မြင့် အစ်ကို ကိုထွန်းအောင်ကြီး တို့ ဖြစ်ခဲ့ကြပုံတွေ လဲ မင့် တစ်ခါ ငါ ပြော ဖူးတယ် မဟုတ်လား ” 

မရွှေမိုး အံ့ဩကာ .. 

“ ဒီလောက်တောင် ပဲ တူ သလား ”

“ ဟာ တူပါတယ် ဆို – ရုပ်ရှင် ထဲ နှစ်ကိုယ် ခွဲ ထား သလိုပါပဲ ကွာ .. ဟီ .. ဟီ ... ငါ တော့ သူတို့ ဇာတ်ရှုပ် ထဲ သွားပြီး ပျော်ဦး မယ် ကွာ - နက်ဖန် တော့ ငါ ကသာ လိုက်သွားဦးမယ် ဟေ့ ” 

“ သွား သွား .. တော် တော့ ခု ရက် ထဲ အိမ် မှာ နားတယ် ကို မရှိဘူး ”

“ ဆရာသော်တာစိန် နဲ့ မြင့်မြင့် ကို နောက်ရအောင် ကွ ၊ နောက်ထပ် ဘာ ဆက် ဖြစ်ကြဦးမလဲ ၊ မသိသေးဘူး ဟီ ဟီ ”

“ အင်း သူများ ကိုးယိုးကားယား ဖြစ်တာ တော် ပျော်ပါ ” 

“ ငါ က ဆရာသော်တာစိန် ကို ဆရာ တော့ ကသာ မှာ ကိုယ် တွေ့ ဝတ္တု ရေးဖို့ ထူးထူးဆန်းဆန်း အဖြစ်တွေ ကြုံကောင်း ကြုံရလိမ့်မယ် လို့ ပြောလိုက်သေး ကွ ၊ အခုတော့ ငါ ပြောတာ မှန်နေပြီပေါ့ ကွ ၊ ဟား - ဟား - ဟား - ဟား ဒီမောင် ဘယ်လောက် တော်သလဲ လို့ ” ဆိုပြီး စောထွန်း သူ့ ရှေ့ က အရက်ခွက် ကို အားရ ပါးရ မော့ ပစ် လိုက်သည် ။

သူ့ဇနီး မရွှေမိုး က စောထွန်း ပြန်ချ လိုက်သော ဖန်ခွက် ထဲ အရက် ထပ် ငှဲ့ ပေးရင်း ..

“ တော်က ကြား က ပျော် နေ ကာယကံရှင် ဟို ဆရာ မှာတော့ ဘယ်လို နေမယ် မသိဘူး ”

“ ဟ .. သူ လဲ ပျော်မှာပေါ့ ဟ ၊ မိန်းမ ရတာ ဘယ်သူ မပျော်ဘဲ နေမှာ လဲ ၊ ငါ တောင် မင်း နဲ့ ရတုန်း က ဘယ်လောက် ပျော်သလဲ ကဲ ... ”

မရွှေမိုး သည် သူ့ ယောက်ျား စကား သိပ် စိတ်ဝင်စားပုံ မရှိဘဲ ၊ တစ်ခု ခု စဉ်းစားရင်း ..

“ ရှင် ပြောပုံ အတိုင်း ဆို ဆရာ တော့ ဆွမ်းခံ ရင်း ငှက် သင့်တာပဲ နော် ”

စောထွန်း သည် အရက်ခွက် ပြန် ကိုင် ရင်း -

“ ဒီ - ငှက်မျိုးတော့ သင့်စမ်းပါစေ ဗျာ  ၊ စောထွန်း တို့ သင့် လိုက်ချင်စမ်းပါဘိ ၊ ၇၅ ခါ တောင် သင့်လိုက်ချင်ပါသေးဗျား ” 

ယင်း ၌ မရွှေမိုး သည် သူ့ ကျောပြင် ဗျောတင် ၍ - 

“ သူ-  ဒါမျိုး အင်မတန် ကဲ တယ် ၊ ကဲ ... ကဲအုန်း ကဲအုန်း ...  ” 

စောထွန်း ကျော ကော့ ကာ “ ကောင်းတာ ကို မယ် ရဲ့ ”

    •••••   •••••   •••••   •••••

စောထွန်း သည် သူ ပြောသည့် အတိုင်းပင် နောက် တစ်နေ့ နံနက် ၌ ဖါးကန့် မှ မော်တော်ကား နှင့် လိုက်ခဲ့ ၍ မိုးကောင်းဘူတာ မှ မီးရထား ကို စီး ကာ ကသာမြို့ သို့ ရောက်ခဲ့ လေ၏ ။ 

ဘူတာ မှာ သူ့ အသိ တစ်ယောက် နှင့် တွေ့ လျှင် မြင့်မြင့် တို့ လင်မယား ယခု ဘယ်မှာ နေသလဲ ဟု မေးသည် ။ 

အသိ “ မျောက်ဆိပ်ပင်ရွာ မှာ .. စောထွန်း ရ ” ထို လူ က လည်း အဖြစ်မှန် မသိ၍ “  ဘလှိုင် ဒီလို လုပ် လိမ့်မယ် လို့ ငါ နည်း နည်း မှ မထင်ခဲ့မိဘူး ကွာ ”  

စောထွန်း က ပြောင်ပျက်ပျက် မျက်နှာ နှင့် - 

“ အချစ် ကိုး ကိုယ့် လူ ရ ၊ တိုင်းပြည် အတွက် အသက် ကို စွန့် စွန့် မသာပေါ့ ကွ ၊ မိန်းမ တော့ ဘယ် စွန့်နိုင်မှာ တုန်း ”  

ထို လူ က ယောင်ပေပေ နားထောင် နေ ပြီး မှ

“ မင်း ဟာ ဘာ ဆိုင်တုန်းကွ ... အင်မတန် မဟုတ်တရုတ် တော့ ပြောတတ်တဲ့ ကောင် ” 

စောထွန်း မျက်နှာ ပြန် တည် လိုက်ပြီး

“ ဟေ့ .. သူငယ်ချင်း အဲဒီ ကိစ္စ ဘလှိုင် အမေကြီး သိရဲ့လား လက်ထပ်တဲ့ နေရာမှာ အဘွားကြီး ပါ သလား ”

“ မပါဘူးကွ အဘွားကြီး သိဟန်တောင် အတူ ဘူး ၊ အဘွားကြီး အခု ဒီမှာလဲ မရှိဘူး ၊ အင်းရွာ သွား နေတာ တော်တော် ကြာပြီ ၊ ဒီနေ့ ပြန် ရောက်မယ်တော့ ကြား တာပဲ ”

“ မင်း နဲ့ ဘလှိုင် နဲ့ ကော တွေ့ပြီးပြီ လား ”

“ ဟေ့ အေ .. ဘယ်သူနဲ့ မှ တွေ့ ရသေးဟန် မတူပါဘူး ကွာ ၊ သူတို့ လုပ်ပုံဟာ တက်သုတ်ရိုက်ပဲ ကွ  ၊ ဘလှိုင် နဲ့ မြင့်မြင့် ဟာ မျောက်ဆိပ်ပင် မှာ ပဲ နေတယ် ။ လက်နက်ချတဲ့ နေ့ နဲ့ လက်ထပ် တဲ့ နေ့ နှစ်ခါ ပဲ ကသာ ကို ရောက်ကြတယ် ။ နို့ပြီး .. ဘလှိုင် ဟာ ဟိုတုန်းက ငယ်ပေါင်းကြီးဖော် တွေ မြင်တာ တွေ့တာ တောင် မှ ပြုံးရယ် ခြင်း ၊ နှုတ်ဆက်ခြင်း ၊ မပြုဘူးတဲ့ ကွ ။ လက်နက်ချတယ် ဆိုတော့ သူ့ ဟာ သူ ရှက်နေပုံ ပေါ် သကွ ”

စောထွန်း သဘောကျစွာ နှင့် ခေါင်း တဆတ်ဆတ် ညိမ့် ကာ ...  

“ ဟုတ်နိုင်တာပေါ့ ကွာ ... သို့သော်  ... သူ ငါ့တော့ စကား ပြော ပါ လိမ့်မယ် ... ငါ ခု မျောက်ဆိပ်ပင်ရွာ သွားမယ် လို့ ...  ” 

“ အေး - မင်းတို့ ချင်း အင်မတန် ရင်းတဲ့ သူငယ်ချင်း ပဲ ကွာ - သွား ... သွား ... ၊ ဒါနဲ့ ပြောရ ဦးမယ် ... ကိုထွန်းအောင်ကြီး တို့ က ဘလှိုင် ကို သူတို့ နှမ နဲ့ ပေးစားရတာ ကို သိပ်ပြီး ဝမ်းသာကြ ဟန် တူတယ် ။ အောင်မယ် ... အိပ်ရာ ၊ ခုတင် ၊ မွေ့ယာ ၊ ခြင်ထောင် ဝယ်တာ သူတို့ ညီအစ်ကိုတွေ ကိုယ်တိုင် ကွ ၊ မွေ့ယာကြီး များ တောင်ဆုပ်လောက် ထူတယ် ၊ အိစက်နေတာပဲ ” 

စောထွန်း မျက်နှာ ပြောင်စပ်စပ် ဖြစ် ပြန် ကာ ၊

“ အဲဒီဟာ ဟာ ကိုယ် နှစ်မ အတွက် အကောင်းဆုံး ဆောင် ရွက်ချက် ဘဲ ၊ မှတ်ထား ကိုယ့် လူ ဒါကြောင့် ရှေးလူကြီးသူမ စကား ရှိတယ် ဟုတ်လား ” 

ဟို လူ က စောထွန်း ထီး နှင့် ရွယ်ကာ ၊

“ တွေ့ ကရာတွေ ရှောက် ပြောရော့မယ် ၊ သွား - သွား ” ဆိုပြီး လူချင်း ခွဲခဲ့ ကြသည် ။

ကသာဘူတာ မှာ လူ လည်း နည်း သွား လေပြီ ၊ နောက်ဆုံး မီးရထား လုပ်သားများ နှင့် လက်ဖက်ရည်ဆိုင် က လူများ သာ ကျန် တော့သည် ။

◾ သော်တာဆွေ

📖 ရွှေပြည်တော်သည်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment