Saturday, April 15, 2023

သူဌေး နှင့် သူဌေးစောင့်နတ် တိုင်ပင်ခန်း


 ❝ သူဌေး နှင့် သူဌေးစောင့်နတ် တိုင်ပင်ခန်း ❞


ကျုပ် က တော့ ငွေတစ်သိန်း လှူ ဖို့ ဆုံးဖြတ်လိုက်ပြီ ။ 


ဘာဗျာ .. ငွေတစ်သိန်း ၊ ဘာဖြစ်လို့လဲဗျ ။ 


ဘာမှ မဖြစ်ပါဘူး ။ လှူချင် စိတ် ပေါက်လို့ပါ ။


မဟုတ်တာဗျာ ။ အလကား နေရင်း လှူချင် စိတ် ပေါက် တယ်လို့  ။ ရည်ရွယ်ချက် တစ်ခု ခု မရှိဘဲ နဲ့တော့ မလုပ်နဲ့ ဗျာ ။ ငွေ တစ်သိန်း ဆိုတာ နည်း သလား ။ 


နည်းတော့ မနည်းဘူးပေါ့ ဗျာ ။ ဒါပေမဲ့ ကိုယ် လည်း အချမ်းသာ ကြီး ချမ်းသာ နေ ပြီပဲ ။ အခုလည်း နေ့စဉ် နဲ့ အမျှ ငွေတွေ တရဟော ဝင် နေတာ ဆို တော့ ငွေ တစ်သိန်း လှူဖို့ ကျုပ် မှာ ဘာမှ မထိခိုက် နိုင်ပါဘူး ။ ပြီးတော့ ... 


ပြီးတော့ ဘာဖြစ်လဲ ။


ဒီလိုလေဗျာ ။ သူများတကာ တွေ လည်း ဒီလိုပဲ ချမ်းသာ လာတဲ့ အခါ လှူကြ တန်းကြတယ် မဟုတ်လားဗျ ။ ဘာသာတရား က လည်း အလှူဒါနအကျိုး ကို ဟောတယ် ။ အလှူရေစက် လက် နဲ့ မကွာ စသဖြင့် ပြောကြတယ် ။ ကျွန်တော် တို့ ဘာသာ တင် မက တခြား ဘာသာဝင်တွေ မှာ လည်း မိမိ ဝင်ငွေ ရဲ့ ဘယ်နှပုံ တစ်ပုံ ကို တော့ လှူဒါန်းရမယ်လို့ ဆိုတယ် မဟုတ်လားဗျ ။


ဒါတွေကတော့ ဗျာ .. ဘာသာရေး ကိစ္စတွေ လည်း မပြောချင်ပါ ဘူး ။ ဘယ် ဘာသာ မဆို လှူဖို့တန်းဖို့ အကြောင်း ပြောကြတာ ချည်းပဲဗျ ။ သို့သော် သူများ ပြောတိုင်း လုပ် ရမှာလား ဗျ ။ ခင်ဗျား ကို ဘယ်သူတွေ က ဘာသာရေး အကြောင်းပြပြီး လှူ ခိုင်း နေလို့လဲ ။


တိုက်ရိုက် ပြောတဲ့ ဆိုတဲ့ သူ တော့ ဘယ် ရှိမလဲဗျာ ။ ဒါပေမဲ့ ခင်ဗျား လည်း သိပါတယ် ။ ဒီလောက် ချမ်းသာပြီး ဘာ အလှူအတန်း မှ မလုပ် ဘူး လို့ စောင်းပါးရိပ်ခြည် ပြော နေ ကြတာတွေတော့ လည်း တစ်ဆင့် စကား ကြား နေရတာပဲ မဟုတ်လား ။


သူတို့ ဘာသာ သူတို့ ဘာပဲ ပြောပြော ပေါ့ ဗျာ ။ ချမ်းသာတာ မနာ လိုလို့ နည်းနည်းပါးပါး လျော့သွား ပဲ့သွား အောင် မြှောက် ပေးတာ ၊ မခံ ချင်အောင် ဆွ ပေး တာလည်း ဖြစ်နိုင်တာပဲ ။ ဒါလောက်နဲ့ တော့ ခင်ဗျား ပြဿနာ ဖြစ် မနေပါနဲ့ ။


အင်း ... အမှန်ကတော့ ဒီလိုဗျာ ။ ကိုယ့်ချင်း မို့ လို့သာ ပြောရမယ် ။ ကျွန်တော် ခုတလော စိတ် ထဲ မှာ သိပ် မဖြောင့်ဘူးဗျ ။ နည်းနည်း ကြောက် သလို လည်း ဖြစ်နေတယ် ။ ခင်ဗျား သိတဲ့ အတိုင်း ကျွန်တော့် ငွေ တွေ ဟာ စဉ်းစား ကြည့်ရင် မသန့်ရှင်းတဲ့ သဘောမျိုးတွေ ဖြစ် နေ မလားလို့ ကျွန်တော် တွေးပြီး ကြောက် ကြောက် နေတယ်ဗျာ ။


ဟာဗျာ .. ခင်ဗျား က လည်း ဘယ်လို ဖြစ်သွားရ ပြန်တာလဲ ။ ဒီ ငွေ တွေ ဟာ ဘာလို့ မသန့်ရှင်းရ မှာလဲဗျ ။ ငွေ ရှာတယ် ဆိုတာ ဒီလိုပဲ ရှာ ရ တာပဲ ။ ရဲရဲတင်းတင်း စီးလား နင်းလား လုပ်ရတာပဲ ။ အားနာ နေလို့ မရ ဘူး ။ သနား နေလို့ မရဘူး ။ ကိုယ့် လို ချမ်းသာ နေတဲ့ သည့်ပြင် လူတွေ လည်း အားလုံး သည်လိုပဲ လုပ်ကိုင် ပြီး ချမ်းသာ လာကြတာပဲ မဟုတ် လား ။ ဒီမှာ ... ဓားပြ တိုက် ရင် အိမ်ရှင် သနား နေလို့ မရဘူးဗျ ။ စီးပွားရေး လုပ်တဲ့ အခါမှာ လည်း ဒီလိုပဲ ။ လမ်း မှာ တွေ့တဲ့ ခလုတ်ကန်သင်း ရှင်းတန် ရှင်း ပစ် ရတာပဲ ။ ဒါတွေက လုပ်ငန်းကြီး လုပ်ကိုင် လာတဲ့ အခါ မလွှဲသာ မရှောင်သာ တွေ့ လာ ကြုံလာ ရမယ့် သဘာဝတွေ ။ အရေ ထူ စမ်းပါဗျ ။ ကိုယ့် ငွေ ကိုယ် သတီ စမ်းပါ ။ လုပ် တုန်းက ရဲရဲတင်းတင်း လုပ် လာ ခဲ့ပြီး အေးအေးဆေးဆေး စား ရမယ့် အချိန် ကျမှ သို့လော သို့လော ဖြစ် မနေ ပါနဲ့ဗျ ။ နေဦး ၊ ကျွန်တော် နားလည်ပြီ ။ ခင်ဗျား စိတ်ကူး ကျွန်တော် သဘော ပေါက်ပြီ ။ ခင်ဗျား စိတ် ထဲမှာ ဒီ ငွေ တွေ ဟာ မသန့်ရှင်းဘူး ၊ မည်း နေတယ် ။ ဒါတွေကို ဖြူ သွားအောင် လျှော်ဖွပ်တဲ့ သဘောနဲ့ တစ်သိန်း လောက် ဖဲ့ လှူ ချင်တယ် ။ အဲဒီလို လှူ လိုက် ရင် ခင်ဗျား ရင်ထဲ ရှင်းသွား ၊ ပေါ့သွား မယ် ။ ဒီသဘော မဟုတ်လား ။ ပွင့်ပွင့်လင်းလင်း ပြောဗျာ ။  


အင်း ... အဲဒီလို သဘောမျိုး ပဲ ဆိုပါတော့ဗျာ ။


ဒါပေါ့ လေ ၊ အချင်းချင်း သွေးကြောင်တယ် လို့လည်း မပြောချင် ပါဘူး ။ ဒါပေမဲ့ အခုလို ကိုယ့် လုပ်ငန်း ကိုယ် သံသယ ဝင်တဲ့ စိတ်တွေ တော့ ဖျောက်ဖျက် ပစ်စေချင်တယ် ။ နဂို ပုံမှန်အတိုင်း ရဲရဲတင်းတင်း နေ စမ်းပါဗျ ။ ခင်ဗျား လို ပုဂ္ဂိုလ်မျိုး ကြောက် နေရတယ် ဆိုတာ လူတွေ သိ သွားရင် ရှက်စရာ ဗျာ ။ သို့ သော် ခင်ဗျား သည် အတိုင်း အားတင်း လို့ မရနိုင်ဘူး ။ ငွေတစ်သိန်း လောက် ဖြုန်း လိုက်ရမှ နေသာ ထိုင်သာ ရှိသွား မယ် ဆို ရင်လည်း သည် တစ်ခါတော့ စိတ် အလို လိုက်ပြီး လုပ် လိုက်ပေါ့ဗျာ ။ ရပါတယ် ၊ ကိုယ် သူဌေး ပဲ ။ ဒါနဲ့ ဒီ ငွေတစ်သိန်း ကို ခင်ဗျား ဘယ်လို လှူ ပစ်မယ် စိတ်ကူး သလဲ ။


ကျွန်တော့် အသက် ငါးဆယ် ပြည့် မွေးနေ့ မှာ ကျောင်း မှာ သံဃာ အပါး တစ်ထောင် ပြည့် အောင် ပင့်ပြီး တစ်ရာတန် ဆွမ်းပွဲ တွေ ကပ်မယ် လို့ စိတ်ကူး ထား တယ်ဗျ ။


ဟားဟား ... ခင်ဗျား တော်တော် စိတ်ကူး ယဉ်တဲ့ လူဗျား ။ ဘယ် တုန်းကများ ခင်ဗျား ခေါင်း ထဲ ဒီလို စိတ်ကူး ဆန်းဆန်းပြားပြား တွေ ဝင် သွားပါလိမ့် ။ ဒီမှာ ကျွန်တော် ပြောမယ် ။ ခင်ဗျား ကျောင်း က သံဃာတွေ မှာ ဆွမ်းကွမ်း ဝေယျာဝစ္စ ဆိုတာ နည်းနည်းပါးပါး ချို့ငဲ့တယ် ဆိုတာ မျိုး တောင် မရှိပါဘူး ။ အားလုံး ပြည့်လျှံ နေတယ် ။ လှူမယ့် လူတွေ တန်းစီ နေတယ် ။ လှူ ချင်ရင် အစောကြီး ကတည်း က ရက်ချိန်း ယူ ထား ရတယ် ။ ပြီးတော့ သံဃာ ဆိုတာ တရား ဘာဝနာ စီးဖြန်း နေတာပဲဗျာ ။ ခြိုးခြံ တဲ့ အကျင့် ကို ကျင့် နေတဲ့ ပုဂ္ဂိုလ်တွေ ပဲဗျာ ။ ခင်ဗျား တစ်ရာတန် ဆွမ်းပွဲတွေ ဘာတွေ နဲ့ ပကာသန သွား မလုပ်နဲ့ ဗျာ ။ ပြီးတော့ ခင်ဗျား အလှူပွဲကြီး ခြိမ့်ခြိမ့်သဲ ဖြစ်အောင် သံဃာအပါး တစ်ထောင် က စုဝေး ကြွရောက် ပေး ရမယ့် သဘော ဆိုတော့ ကိုယ် က အားမနာ လုပ်ရာ မကျဘူးလား ။ အလှူ အတန်း ဆိုတာ လည်း မလှူ တတ်ရင် အပြစ် ဖြစ်တယ် ။


ဒါဆိုတော့ ကျုပ် က ဘာ လုပ်ရမလဲ ။


ဒါဖြင့် ဒီလို လုပ်လေဗျာ ။ ဟို တစ်နှစ် က အာရပ်သူဌေး တစ်ယောက် အာဖဂန် ဒုက္ခသည်တွေ အတွက် ငွေ လှူ သလိုပေါ့ ။ သူ့ ငွေ တစ်သန်း ကို ဘယ် အဖွဲ့အစည်း လက်မှ မအပ်ဘူး ၊ ဒုက္ခသည် စခန်း ထိ ကိုယ်တိုင် မာစီးဒီးကားကြီး နဲ့ သွားပြီး တွေ့တဲ့ လူ ကို ဒေါ်လာ တစ်ရာတန် ငွေစက္ကူ တစ်ရွက် စီ လျှောက် ဝေတယ် ။ အခုလည်း ခင်ဗျား ငွေ တစ်သိန်း ကို အဲဒီလို ပုံစံမျိုး လှူ ပါ့ လား ။ ဆင်းရဲသား ရပ်ကွက် ထဲ သွားပြီး တစ်အိမ်ထောင် ငွေတစ်ရာ စီ လှူမယ် ဆိုရင် အိမ်ထောင်စု တစ်ထောင် လှူလို့ ရနိုင်တယ် ။


ဟာ .. ရပ်ကွက် ထဲ ရုတ်ရုတ်သဲသဲ နဲ့ ပြဿနာ ရှုပ် တော့ ကိုယ့် တာဝန် ဖြစ်မယ်ဗျ ။


မရှုပ်ပါဘူးဗျာ ။ ဒီအတိုင်း လျှောက်ပြီးတော့ တော့ မဝေနဲ့ ပေါ့ ဗျ ။ ရပ်ကွက် လူကြီး အိမ် က ထိုင်ပြီး ဆီစာအုပ် နဲ့ တစ်ယောက်ချင်း လာ ထုတ် ခိုင်း ရင် ရပါတယ် ။ အရှင်းလေးပဲ ။


မဖြစ်ပါဘူးဗျာ ။ တော်ကြာ တိုးကြေကြနဲ့ ၊ ဒီ ဆင်းရဲသားတွေ မျက်နှာတွေ လည်း ကျွန်တော် မမြင်ချင်ဘူး ။ သူတို့ ရှေ့ လည်း ကျွန်တော့် မျက်နှာ မပြ ချင်ဘူးဗျ ။ ဒီ အထဲ မှာ လူလည်တွေ က ပါ လာဦးမယ် ။ ကျေးဇူး မတင်မယ့် အပြင် ငွေတစ်ရာ ယူပြီး ကျုပ် ကို မကြားတကြား ဆဲ ဦးမယ့် ကောင်တွေ ။ သူတို့ ဆီ က မတရား ယူ ထားတာတွေ ကာလဝိပါတ် နောက်ပိုး တက် မှာ စိုးလို့ စတိ လာ လှူတယ်တို့ ၊ ဘာတို့ ပြောပြီး လူအုပ်ကြား ထဲ မှာ ဩဇာ ထူထောင်မယ့် အကောင်တွေ ။ ပြီးတော့ ဒီ အထဲ မှာ ဆီစာအုပ် အပေါင်ခံ ထားတဲ့ လူတွေ ကလည်း တစ်ယောက် တည်း တစ်ထောင် ၊ တစ်ထောင့်ငါးရာ ရ သွား မှာ ရှိသေးတယ် ။


ဒါလောက်တော့ လည်း အသေးစိတ် လိုက် မနေနဲ့ ပေါ့ ဗျာ ။ လူ စုစု ရှိရင် ဒီ ထဲ မှာ လည် တဲ့ လူ ၊ ကျယ် တဲ့ လူ တစ်ယောက် ၊ နှစ်ယောက် တော့ ရှိမှာပဲပေါ့ ။ ကျုပ်တို့ လည်း ဒီ ကနေ့ ထိပ်တန်း ရောက်လာ ပေ မဲ့ တစ်ချိန် တုန်း က အောက်ခြေ မှာ ဒီလိုပဲ လုပ်ကိုင် စားသောက် လာ ခဲ့တာ မဟုတ်လားဗျ ။ ခင်ဗျား မေ့ သွားပြီလား ။


မမေ့ပါဘူးဗျာ ။ မမေ့လို့ ခက် နေတာပေါ့  ။ ခင်ဗျား စဉ်းစား ကြည့် ။ ကျွန်တော်တို့ က အဲသလို ကျယ်နိုင် လည်နိုင် လို့ တဖြည်းဖြည်း ချမ်းသာ လာတာ ။ မလည် တဲ့ ၊ မကျယ် တဲ့ လူတွေ က တဖြည်းဖြည်း ဆင်းရဲ လာတာ ။ သူတို့ များများ ဆင်းရဲ မှ ကျွန်တော်တို့ များများ ချမ်းသာ တာ ။ ဆင်းရဲ တာ တစ်ထောင် ၊ တစ်သောင်း ၊ တစ်သိန်း ... အဲသလို ရှိမှ သူဌေး တစ်ယောက် ရှိ လာ နိုင်တာ ။ အဲဒီတော့ လူတွေ ကို ကျုပ် က ကျုပ် ပိုက်ဆံ တွေ ပြန် ပေး လိုက်မယ် ဆိုရင် ကျုပ် သောက်ရူး ပေါ့ ဗျ ။ ကိုယ် ထူထောင် ခဲ့တဲ့ ဘဝ ကိုယ် ပြန် ဖျက်ဆီးတာ နဲ့ အတူတူ ပဲပေါ့ ဗျ ။ ဒါမျိုး ဘယ်နည်း နဲ့ မှ မလုပ်နိုင်ဘူး ။ တော်ပြီဗျာ ။ အလကား .. စာရင်း ရှုပ်တယ် ။ ကိုယ့် ပိုက်ဆံ ကိုယ့် လက် ထဲ သိမ်း ထားတာ အကောင်းဆုံးပဲ ။ ဘယ် မှ လှူ မနေ တော့ဘူး ။


◾ဖေမြင့်


📖 ရုပ်ရှင်အမြူတေ မဂ္ဂဇင်း

      မတ် ၊ ၁၉၈၈ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment