Sunday, April 16, 2023

အရွယ်လွန် တို့ ရဲ့ ပစ္စုပ္ပန်


 ❝ အရွယ်လွန် တို့ ရဲ့ ပစ္စုပ္ပန် ❞


ဗိုက် က ဆာ သလိုလို မဆာ သလိုလို ။ ထမင်း စား ပြီး တာလား ၊ မစားသေး တာလား မမှတ်မိဘူး ။ ထမင်း စား ပြီးပြီ ဆို မနက် စာလား နေ့လယ် စာလား ။ ညနေစာ မဟုတ်တာတော့ သေချာတယ် ။ မိုး မချုပ်သေးဘူး လေ ။ မြသွယ် ဘယ် ရောက် နေတာလဲ ။ ပြောတော့ ပြောတယ် ။ ဘာကိစ္စ နဲ့ ဘယ်ကို သွားမယ် ဆိုလား ။ အို ဒုက္ခ ဒုက္ခ ၊ အသက် ကြီး တာ ဘာ တစ်ခု မှ မကောင်းတော့ ပါလား ။


“ ဘဘ အသက် ဘယ်လောက် ရှိပြီလဲ ” 


တချို့ ကလေး တွေ က မေးကြတယ် ။ ကျုပ် က လည်း ကျုပ် ပါ ပဲ ။ ကိုယ့် အသက် ကိုယ် မမှတ်မိဘူး ။ မေ့ချင် ယောင် ဆောင် တာတော့ မဟုတ်ရေးချ မဟုတ်ရပါ ။ 


“ ခြောက်ဆယ် ကျော် တာ တော့ မှတ်မိ သလိုပဲ ။ ပင်စင် ယူ တော့မယ့် ဘဘ ကို ရုံးဝန်ထမ်းတွေ က ဝိုင်း ကန်တော့ ကြ လို့ နှစ်ပေါင်း သုံးဆယ် ကျော် လေးဆယ် နီးပါး နေ ခဲ့တဲ့ ရုံး ကို ခွဲ ရ မှာမို့ ငိုခဲ့ရ သေးတယ် ။  ခု ပြန် စဉ်းစား ခုတောင် ငိုချင် သေးတယ် ”


လို့ ပြော ရင်း ဝဲ လာတဲ့ မျက်ရည် ကို ပခုံး ပေါ် က တဘက်လေး နဲ့ တို့ မိ သေးတယ် ။ 


“ ဘဘ အသက် က ခုနစ်ဆယ် ကျော် ပြီ မဟုတ်လား ” 


“ ဟုတ်မယ် ဟုတ်မယ် ၊ ခြောက်ဆယ် ကျော် တာတော့ တော်တော် ကြာ သွားပြီ ။ ဘဘ ကို ကန်တော့ တဲ့ ရုံးဝန်ထမ်း တွေ တောင် ပင်စင်ရုံး မှာ တွေ့ ရတယ် ။ တချို့လည်း ပင်စင် တောင် မစားရပါဘူး ၊ သေ တဲ့ လူ သေ ကုန်ကြပြီ ”


“ ဒါဆို ဘဘ ရှစ်ဆယ် ကျော်ပြီ ထင်တယ် ”


“ ဟုတ်မယ် ၊ ဟုတ် မယ် ။ တစ်နှစ် တစ်ခါ ကျင်း ပတဲ့ သက်ကြီး ပူဇော်ပွဲတွေ တက် ရတာ များ လှပြီ ။ ဘယ်လောက် မှန်း မသိတော့ ပါ ဘူး ။ သက်ကြီးပူဇော်ပွဲ က လူဟောင်းတွေ အတော်များများ လည်း မတွေ့ရတော့ပါဘူး ။ လူသစ်တွေ တိုး လာတာ တွေ့ ရတယ် ။ လူသစ်တွေ က ဘဘ ကို လာ လာ နှုတ်ဆက် ကြတယ် ။ မှတ်ဉာဏ် က မကောင်းတော့ ပါဘူး ။ ဘယ်သူတွေ နဲ့ ဘယ်တုန်း က ဘယ်လို ဆုံကြတွေ့ကြတယ် ဆိုတာ သူတို့ ပြော တုန်းက မှတ်မိ သလိုပါပဲ ။ သူတို့ လည်း နှုတ်ဆက် ကျောခိုင်း လိုက် ရော မှတ်မိ သလို ရှိတဲ့ အရာခပ်သိမ်း တွေ လည်း နှုတ်ဆက် ကျောခိုင်း သွားကြတော့ တာပဲ ”


“ ဘဘ က အချစ်ဝတ္ထု တွေ အသက် ကြီး တဲ့ ထိ ရေး တုန်း ပဲနော် ”


“ အချစ် ဝတ္ထုရယ် လို့ သတ်သတ်မှတ်မှတ် ရေးတာ မျိုး တော့ မဟုတ်ရပါဘူး ။ ရေးတတ် သလို ရေး လိုက်တော့ အချစ်ဝတ္ထု ဖြစ် သွားရော ”


ကျုပ် ကို ခုလို လာလာ စကား ပြော ကြတဲ့ အတွက် ဝမ်းသာတယ် ။ ကျုပ် အနီး အနား မှာ မြသွယ် ပဲ ရှိတာ ၊ သမီး သားမြေးများ သက်ကြီးလူအိုတွေ အနား မလာကြ တော့ဘူးလေ ။ 


မြသွယ် က ကျုပ် ထက် ငယ်တယ် ။ ဘယ်လောက် ငယ်သလဲ တော့ မမှတ်မိဘူး ။ မြသွယ် နဲ့ က အိမ်နီးချင်း ။ ကျုပ် ကျောင်း တက်တဲ့ အချိန် ထိ မြသွယ် မမွေးသေးဘူး ။ တစ်ရက် ကျောင်း က အပြန် ဘေးအိမ် က “ အုဝဲ - အုဝဲ ” နဲ့ ကလေး ငိုသံ ကြားလို့ ပြေး ကြည့် တော့ နီကြင်ကြင် နဲ့ ကော်ပတ်ရုပ် ကလေး လို လှတဲ့ မြသွယ် ကို ပထမဦးဆုံး မြင်ဖူးတာပဲ ။


ဘာ ပြော ကောင်းမလဲ ၊ ကျောင်း မသွားခင် နဲ့ ကျောင်း အပြန် မြသွယ်လေး ကို လက် က မချ ပွေ့လိုက် ၊ ချီလိုက် ၊ နမ်းလိုက် နဲ့ အရမ်း ချစ်ဖို့ ကောင်းတာ ။


“ အဘိုးကြီး ဘာတွေ လျှောက် ပြော နေတာလဲ ၊ နား ရှက်စရာ ၊ သူငယ် ပြန် နေပြီလား မပြောတတ်ပါဘူး ”


မြသွယ် ရှေ့ မြသွယ် မွေး ကင်းစလေး အကြောင်း ပြော ပြ တော့ မြသွယ် က ရှက်လို့ မဆုံးဘူး ။


“  ဟဲ့ - မြသွယ် ရဲ့ ၊ မင်း ကို ငယ်ငယ် ကတည်း က ချီခဲ့ ပိုးခဲ့ တာ တဲ့ ။ မင်း တစ်ကိုယ် လုံး ငါ မမြင်ဖူးတာ မရှိဘူး ”


“ ပြောပြန်ပြီ ၊ ဒါလား လူကြီး စကား ။ ကိုယ် က ဖြင့် သေခါ နီးပြီ ၊ အပြောအဆို က အချိုး ကို မကျဘူး ”


ရယ်ရတယ် ၊ စာရေးဆရာ ကို စကား ပြော အချိုး မကျဘူး တဲ့ ။ စာပေဟောပြော ပွဲတွေ မှာ ထင်တိုင်းကြဲ ပွဲကျ ခဲ့တဲ့ ကောင် ပါ ။ ဘယ် စကား ပြောရမလဲ ၊ ရယ်စရာလား ၊ အတည်လား အားလုံး တတ် နိုင်တယ် ။ ဘာ အချိုးမကျ စရာ ရှိပါ့မလဲ ။ ပြောသာ ပြောရတာ ၊ ခုအချိန် ပြောဆို ဘာ ပြောရမှန်း မသိတော့ဘူး ။

 

စကား ပြောဖော်တွေ လည်း မလာ ။ မြသွယ် ဘယ် သွား နေတာလဲ ။ ပြောတော့ ပြော သွားပါရဲ့ ၊ ဘယ်ဆိုလား ပြောတုန်းကတော့ ကောင်းကောင်း မှတ်မိပါတယ် ။ ခု ကျတော့ တွေးလို့ မရတော့ ဘူး ။


“ ဟော အဘိုးကြီး ထမင်း ခုထိ မစားသေးဘူး လား ၊ စားချိန် မမှန် သောက်ချိန် မမှန် နဲ့ သူငယ်ပြန် နေပြီ ”

 

မြသွယ် ပြန် လာရင် ခုလို ပဲ ပူညံပူညံ လုပ် တတ်တယ် ။ ပူပူညံညံ လုပ် မှာပေါ့ ၊ ငယ် ငယ် က လည်း အငို သန်တယ် ၊ ငိုကြောရှည်မလေး ။ ဘယ်လို ချော့ချော့ တော်တော် နဲ့ အငို တိတ် တာ မဟုတ်ဘူး ။


“ ဟုတ်လား -  ထမင်း မစားရသေးဘူးလား ။ ဆာ သလို လို မဆာ သလို လို  ၊ စားပြီး သလိုလို မစားပြီး သလိုလို နဲ့ ရေရေရာရာ ဘာမှ တွေးလို့ မရဟူး ဟေ့ ။ ဒါနဲ့ မင်း က ဘယ် သွား နေတာလဲ ”


“ အဘိုးကြီး က လည်း နော် ၊ အဘိုးကြီး ပင်စင် သွား ထုတ် တာလေ ။ သေသေချာ ချာ ပြောထားရက် နဲ့ ”


ဟုတ်ပေသားကပဲ ။ လကုန် ရက် နီးရင် ပင်စင် ထုတ် ရတယ် ဆိုတာ ။ ဪ မေ့တတ်လိုက်တာ ထမင်းမေ့ ဟင်းမေ့ ။


•••••   •••••   •••••   •••••


မြသွယ် အပျိုကြီး ဖားဖား ၊ ကျုပ် က လည်း လူပျို ကြီးကြီးမားမား အရွယ် ရောက် မှ လူကြီးမိဘတွေ အားကိုး နဲ့ အိမ်ထောင်ရက်သား ကျခဲ့ရတာ ။ ကျုပ် က အချစ် ဝတ္ထုတွေ ရေး သာ ရေး ပေမဲ့ အချစ် ဆိုတာ ကို သိပ် နားလည်လှတာ မဟုတ်ဘူး ။ အချစ် ကို မရှာခဲ့တာလား ၊ အချစ် ကို မတွေ့ခဲ့တာလား ။ အချစ် ကို မရှာဘဲ မတွေ့ဘဲနဲ့ တော့ အချစ် ဝတ္ထု ရေး မဖြစ်ဘူး ထင်တာပဲ ။ ခုချိန် ပြန် တွေး ကြည့်တော့ ဘာတွေ တွေးပြီး ဘာတွေ ရေးခဲ့မှန်း မသိတော့ပါဘူး ။ သိလည်း မသိချင်တော့ပါဘူး ။


စာ မရေးတာ လည်း ကြာပြီ မဟုတ်လား ။ ဘယ် တုန်းဘယ်ခါ ဘယ်ကာလ က စာ မရေးတော့တာလဲ မသိပါ ဘူး ။ ဝတ္ထု အဟောင်းလေး တွေ စုဆောင်းပြီး စုပေါင်း ထုတ် တတ်တဲ့ စာအုပ်တိုက် က စာအုပ် နဲ့ စာမူခ ပေးလာ တော့ ကျုပ် ရေးခဲ့တဲ့ ဝတ္ထု ဟုတ် မဟုတ် မျက်စိကို ပွတ်ပြီး ရင်း ပွတ်ရင်း ကြည့် ရတာ ။ ဟား အနှစ် လေးဆယ်ကျော် က ဝတ္ထု တဲ့ လေ ။ ဘယ်အချိန် က ရေးပြီး ဘယ်အချိန် က မဂ္ဂဇင်း မှာ ပါသွားမှန်း မသိ ဘူး ။ မြသွယ် က ရှုမဝမဂ္ဂဇင်း စာအုပ် အဟောင်းလေး ကို ယူ ပြ တော့မှ ရှုမဝ ထဲ မှာ ရေး ထားတဲ့ ဝတ္ထု ကို ပြန် သုံးထား တာပါလား လို့ သိရတော့တာ ။


စာ ဘယ် အချိန် က ရေးခဲ့မှန်း မသိပေမဲ့ ဘာဖြစ်လို့ မရေးဖြစ်တာလဲ ဆိုတာ ကို တော့ ရေးတေးတေး မှတ်မိ သလိုပဲ ။


“ တော် ဒီ အရွယ်ကြီး ရောက်တဲ့ အထိ အချစ်ဝတ္ထု တွေ ရေးနေတာ တော် မရှက်ပေမဲ့ ကျွန်မ ရှက်တယ် ” 


တဲ့ ။ မြသွယ် က အကြီးအကျယ် ကန့်ကွက် ခဲ့တာ ။


“ အချစ်ဝတ္ထု မရေးဘဲ အမုန်းဝတ္ထု ရေးရမှာလား ။ အချစ်ဝတ္ထု ကမှ ချစ်စရာ ကောင်းလို့ ဖတ်ကြဦးမယ် ။ အမုန်းဝတ္ထု ဆို မုန်းစရာ ကောင်းလွန်းလို့ ဘယ်သူ က မှ ဖတ်ကြမှာ မဟုတ်ဘူး ”


“ တော် ဘာ ရေးရေး အချစ်ဝတ္ထု မဟုတ်ရင် ပြီးရော ”


ခက်ချေပြီကော ။ တစ်သက်လုံး ရေး လာတဲ့ အချစ် ဝတ္ထု တစ်မနက်နဲ့ ရိုက်သတ် ရ မတဲ့ လား ။ မြသွယ် ကြောင့်  ဝတ္ထု မရေးဖြစ်တော့ တာ လား ။ အသက်ကြီး လို့ ကလောင် ညောင်း ပြီး အတွေး မကောင်း လို့ အရေး မကောင်းတော့တာ လား ။ မရေးဖြစ်တာတော့ ကြာပြီ ။ ဘယ်လောက် ကြာ ပြီလဲ ဆိုတာတော့ မသိဘူး ။


“ ဘဘ က စာရေးဆရာ ပါ ” 


လို့ စာဖတ် တဲ့ လူငယ်တွေ ကို ပြော ပြတော့ 


“ ဘဘ  ကလောင် နာမည် က ဘာလဲ ”


လို့ မေးကြတယ် ။ ကလောင် နာမည် ပြော ပြတော့ သိတဲ့ လူ တစ်ယောက် မှ မရှိတော့ဘူး ။ ဟုတ်မှာပဲ လေ ၊ စာရေးသက် ဟာ ကြာခဲ့တာကိုး ။ အမှတ် ထင်ထင် ဘယ် ဆု မှ ရဖူးတာ လည်း မဟုတ် ၊ စာ ရေးတုန်း က လည်း လူသိများ ထင်ရှား တာလည်း မဟုတ်တော့ စာ မရေးတဲ့ အချိန် မှာ မဂ္ဂဇင်း ထဲ ပါ လေရာ ကလောင်တစ် ချောင်း ကို ဘယ် သိတော့မှာ လဲ ။


“ တော် တောပြော တောင်ပြော အလေဏတော ပြောနေမယ့် အစား စာ ပြန်ရေး ပါလား ” တဲ့ ။ “ ခုမှ နှမြောနေ သလား ၊ သုမနကျော မှာ ဒဏ် ရာတွေနဲ့ ” ဆို သလို မြသွယ် က ကျုပ် စာ မရေးတာ အကြာကြီး ကြာ မှ လာ ပြောတယ် ။


“ ဘာ စာ ရေးရမှာလဲ ” ပြောတော့ “ တော် ရေးချင်တာ ရေးလေ ” တဲ့ ။ ကဲ ခုကျမှ စာရေးဆရာ အကြောင်း ကောင်းမှန်း သိ ။ ရေး နေတုန်း ကတော့ ဟိုဟာ မရေး နဲ့ ဒီဟာ မရေးနဲ့ တဲ့ ။ စာပေစိစစ်ရေးမှူး ကျနေတာပဲ ။ စာ မရေး နိုင် တော့ မှ စာ ရေးခိုင်းနေ တယ် ။ စာ ရေးဖို့ နေနေသာသာ ဘောပင် နဲ့ လက် နဲ့ အပေါင်းအသင်း မဖြစ်တာ ကြာ တော့ ဘောပင် က အကိုင် မခံ ချင်တော့ သလို ရုန်းလိုက် ဖယ်လိုက် ။ စာရွက် က လည်း ထော်လော်ကန့်လန့် ။ မျက်စိ မှုန်မှုန် လက်တုန်တုန် နဲ့ ဘာ တစ်ခုမှ အဆင် မပြေပါဘူး ။ ဟိုတုန်းက ဘယ်လို ရေးခဲ့ပါ လိမ့်လို့ တွေးရင်း ဟိုတုန်းက ရေးခဲ့တဲ့ စာတွေ ပြန်ဖတ် ကြည့်တော့ ဟား ငါ တယ် ဟုတ်ပါလား ။ ဒါတွေ ဘယ်လို တွေးပြီး ဘယ်လို ရေးခဲ့ပါလိမ့် လို့ အံ့သြမိတယ် ။ ခုချိန် မှာတော့ အတောင် ညောင်းတဲ့ ငှက် လို အပျံ မတတ်တော့ ဘူးလေ ။


•••••   •••••   •••••   •••••


“ ဘလေး အောင် ”


ခေါ်သံ ကြား လို့ လှည့် ကြည့် မိတယ် ။ အရွယ် ရောက်စ မိန်းမပျို တစ်ယောက် ဆို တာတော့ သိ လိုက်တယ် ။ လူတိုင်း က ဘဘ လို့ ခေါ် နေ ကျ ၊ “ ဘလေးအောင် ” အခေါ် က နား စိမ်းလှတယ် ။ ဘလေးအောင် အခေါ် ကို ကြားဖူးပါ တယ် ။ ဘယ်တုန်း က ပါလိမ့် ။


“ ဟဲ့ မြသွယ် ၊ လာစမ်း ပါဦး ဟ ။ သူ က ဘယ်သူတုံး ”


ထမင်း ချက် ရာ က ထွက် လာတဲ့ မြသွယ် က ကျုပ် မမှတ်မိတာ ကို မမှတ်မိ ကောင်းလား လို့ မျက်စောင်း ကြီး ခဲ လိုက် သေးတယ် ။


“ ဟဲ့ ခြုအဲ ဘယ်တုန်း က ရောက်လာတာလဲ  ။ ကြည့်စမ်းပါဦး နင့် ဦးလေး ကတော့ လေ နင့် ကို မှတ်မိပုံ မပေါ်ဘူး ”


ခြုအဲ ဆိုပါလား ၊ ဘယ် က ခြုအဲ ပါလိမ့် ။ ပြီးတော့ ကြားဖူး ၊ သိတော့ သိဖူးတဲ့ နာမည် ပါ ။ မသိလို့ မေးပြန် ရင်လည်း မြသွယ် က အော် ဦးမယ် ။


“ ခုထိ မမှတ်မိသေးဘူး လား ။ ကိုယ့် တူမ အရင်း ခေါက်ခေါက်ကြီး ကို များ မမှတ်မိဘူး တဲ့ ။ ဟိုက ဖြင့် နို့မှုန့် တို့ ၊ အိုဗာတင်း တို့ ၊ မုန့် တို့ စားစရာ သောက်စရာလေး တွေ အမြဲမပြတ် ပို့ပို့ ပေး နေတာ ။ ကြည့် သာ ကြည့် ပေတော့ မင်း ဦးလေး ဖြစ်ပျက်နေပုံ ”


ဪ ဟုတ်လေသား ပဲ ။ ဘလေးအောင် လို့ ခေါ် ကတည်း က ကိုယ့်မြို့ ကိုယ့်ဒေသ က ဆိုတာ သိ သင့်တယ် ။ တိုင်းစွန်ပြည်ဖျား နယ်ခြား မြို့ကလေး မှာ ကြီးပြင်းခဲ့တဲ့ ဘဝ ကို တွေးမိ လာတယ် ။ ခြုအဲ ဆိုတာ မျက်လုံး ပြူးပြူး နဲ့ ကျုပ် အပေါ် ဆိုးနွဲ့ နေကျ ကောင်မလေး ။ အရွယ် ရောက် တော့လည်း သိတတ် လိုက်တာ ။ ဘယ် မှတ်မိပါ့ မလဲ ။ မတွေ့တာဘဲ နှစ်ပေါင်း ကြာ ရော့မယ် ။ ပွေ့ခဲ့ ချီ ခဲ့ တဲ့ ကလေးအရွယ် မှ မဟုတ်တော့တာ ။ ဝဝတုတ်တုတ် တကယ့် မိန်းမကြီး ဖြစ်နေ တော့ တာ ကိုး ။ တူမလေး က ကောင်း ရှာပါတယ် ။ နယ် ခြား မှာ နေတော့ ဟိုဘက် နိုင်ငံ က ဆေးဝါး ၊ အစားအစာ ၊ ဝတ်ထည်ခြုံထည်တွေ မပြတ် ပို့ ပေး ရှာတယ် ။  


“ ဟဲ့ မတွေ့တာ ကြာလှ ပြီကိုး ၊ မေ့တာ အပြစ်လား ”


“ လူ မြင်လို့ မမှတ်မိဘူး ဆိုရင်တော့ ထားပါတော့ ၊ ခြုအဲ ဆိုတဲ့ အသံ ကြား ရင် တော့ မှတ်မိရ မှာပေါ့ ”


“ အေးပါကွာ မှတ်မိပါ ပြီ ။ မတွေ့တာဘဲ ကြာလှပြီ မဟုတ်လား ။ ကဲ တူမလေး ကျန်းမာပါစေ ၊ ချမ်းသာပါစေကွယ် ”


ကျုံ့ကျုံ့ကလေး ပုံ့ပုံ့ကလေး ထိုင် ကန်တော့ နေတဲ့ ကျုပ် တူမလေး ကို ဆုတွေ ပေး မိတယ် ။ ကျုပ် ရဲ့ သမီးသား မြေး တွေ က လည်း အဝေး ရောက် နေတော့ ချစ်ချစ်မုန်းမုန်း ပြုံးပြုံးမဲ့မဲ့ မြသွယ် နဲ့ နှစ်ယောက် တည်း မတည့် အတူ နေ ရတာ မဟုတ်လား ။ မြသွယ် ပြောလည်း ပြောပါစေ ပေါ့ ။ ကိုယ့် ကို မကြာမကြာ ထောက်ပံ့ နေတဲ့ တူမ ကို မေ့ တာ က တော့ လွန် တာပေါ့ ။ လွန်ကာ မှ လွန်ရော အရွယ် လွန် တွေ ရဲ့ ဖြစ်တတ်တဲ့ သဘောလို့ ပြော ရရင် လွန်မယ် မထင် ပါဘူး ။


တူမလေး က နာရေး ကူညီမှုအသင်းတွေ ဖွဲ့ပြီး လူမှု ရေး လုပ်ငန်းတွေ လုပ် နေတာ တဲ့ ။ ခုလည်း နာရေးကူညီမှု အသင်းကိစ္စ ရန်ကုန် ဆင်းရင်း လမ်း ကြုံလို့ ဝင် လာတာတဲ့ ။ အေးကွယ် မင်းတို့ ဘလေးအောင် လည်း မင်းတို့ နာရေး ကူညီမှုအသင်း နဲ့ တွေ့ဖို့ သိပ် မဝေးလောက်ဘူး ထင်ပါရဲ့ ။


တစ်နေ့ မှာ မြသွယ် နဲ့ နှစ်ယောက် သား စကား ကောင်း နေတုန်း သက်ကြီး ရွယ်အို အမျိုးသမီး တစ်ယောက် ရောက် လာတယ် ။ မြင် တာနဲ့ ဘာကြောင့်မှန်း မသိဘူး ချက်ချင်း မှတ်မိ နေတယ် ။


“ ဟဲ့ မိဖြူ ၊ ဘယ်လိုက ဘယ်လို ရောက် လာတာလဲ ”


“ မြို့ ကို အလည် ပြန် မလို့ လမ်း ကြုံလို့ ဝင် လာတာ ၊ မတွေ့တာ ကြာလို့ လိပ်စာ အတော် မေး ယူ ရတယ် ”


“ ကျုပ် နာမည် မေး ရင်တော့ သိတဲ့ လူ မရှိပါဘူး ။ မြသွယ် ယောက်ျား ဆို ရင်တော့ လူတိုင်း သိကြတယ် ”  


ကျုပ် က အရွှန်း ဖောက် ပေမဲ့ မြသွယ် က မိဖြူ အလစ် မှာ မျက်စောင်းကြီး တခဲခဲ နဲ့ ဘာ အလွဲတွေ ရှိနေပြီလဲ မသိ ။


“ တော် က မမဖြူ ကျ တော့ ချက်ချင်း လက်ငင်းကြီး ကို မှတ်မိနေပါရော လား ”


မိဖြူ ပြန်လို့ မှ ခြံ ဝ မကျော် သေး ဘူး ။ ကျုပ် ကို ချက်ချင်း လက်ငင်းကြီး အငေါ် တူး တော့ တာ ပဲလား ။


“ မမှတ်မိဘဲလား ဟာ ၊ ဒို့ ငယ်ငယ်တုန်း က ... ”


“ ဟုတ်ပါတယ် ၊ တော် က ငယ် က အချစ် အနှစ် တစ်ရာ ဘယ် မေ့ပါ့မလဲ ”


“ ငယ်ကျိုးငယ်နာတွေ ပြော မနေပါနဲ့တော့ ကွာ ၊ အတိတ် ဆိုတာ အတိတ် မှာ ပဲ ကျန်ခဲ့ပါပြီ ”


“ ဘာတဲ့လဲ ၊ ငယ်ကျိုး ငယ်နာ ကို အတိတ် မှာ မကျန်ဘဲ ပစ္စုပ္ပန် ထိ မှတ်မိ နေ တာ က ဘာ သဘောလဲ ။ ကိုယ့် တူမ အရင်း ခေါက်ခေါက် ကို တော့ မမှတ်မိဘူး ။ တော့် ကို အချစ် အလွမ်းတွေ ရေး ကောင်း အောင် ကုန်ကြမ်းတွေ ဖောဖောသီသီ ပေး ခဲ့တဲ့ ရည်းစားဟောင်း ကျတော့ မှတ်မိနေ တယ်ပေါ့ ။ အံ့သြစရာပဲ တော့် ဦးနှောက် ကလည်း မှတ်မိချင် တဲ့ သူကို မှတ်မိပြီး မမှတ်မိ ချင် တဲ့ သူ ကို တော့ မမှတ်မိ တော့ ဘူးတဲ့ လား ”


မြသွယ် ပြောလည်း ပြော စရာပဲ ။ မြသွယ် ကို ဘယ်လို စောဒက စကားမျှ မဆိုဝံ့ တော့ ပါ ။


◾ခြိမ့်သဲ


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၅ ခုနှစ် ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment