Thursday, April 13, 2023

မြသဒ္ဓါ


 

❝ မြသဒ္ဓါ ❞

မြင်းခြံမြို့ မှ စာချပုဂ္ဂိုလ် ဦးညာဏိက သည် ရန်ကုန် သို့ ရုတ်တရက် ကြွခဲ့ရလေ သည် ။ ဝါ ဆိုခါ နီး ဖြစ်၍ တစ်ကြောင်း ၊ ဗြုန်းခနဲ ထ လာရသည် မှာ ကသိကအောင့် ဖြစ်သော် လည်း ရဟန်းတော် သည် စိတ် ၌ ဘာမျှ ငြူစူခြင်း မရှိလှ ။ ဒါသည်ပင် ဘုရားသားတော် ဖြစ်သည် က စ၍ အလေ့အကျင့် ဖြစ်လေ၏ ။ သူ သည် မြင်းခြံဆရာတော် ၏ အမိန့် ကို သာ နာခံမြဲ ဖြစ်ခဲ့ကာ ထို အမိန့် သည် လည်း ဖြစ်ပျက် လာသော အကြောင်း ကိစ္စ တို့ ကို မှီ၍ လျော်ကန်အောင် စီမံ ခြင်းသာ ဖြစ်လေ့ ရှိသော ကြောင့် ပြုခဲ့ဖူးသော ကံ ဖန်တီးခြင်း လို့ လည်း သူ ယူဆ နိုင်သည် မှာ အမှန်ပင် ။

ဆရာတော် က ဤသို့ မိန့် ခဲ့ လေ၏ ။

“ ဟဲ့ ... မောင်ညာဏိက ... ရန်ကုန် သရက်တောတိုက် တွင်း က ဘာ ကျောင်း တဲ့ ၊ ရွှေတောင်တန်း သူဌေး ဦးဖိုးနှင်း ဆောက်တဲ့ ကျောင်း ဟာလေ ။ အဲဒီ ကျောင်းထိုင် မောင်သောဘိတ ဟာ နာ နေတယ် လို့ လျှောက် ခဲ့တယ် ၊ ကျောက်နာ တဲ့ ။ ထူ နိုင်မယ် မဟုတ်ဘူး ဆို ကြတယ် ။ အဲဒါ နင် မီ အောင်သွား ၊ မောင်သောဘိတ ပျံလွန် ရင် ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ် ပြီးတော့ သံဃာတွေ ဥမကွဲ သိုက်မပျက် ထိန်းပြီး ကျောင်းထိုင် ပေတော့ ”

ဦးညဏိက သည် ရန်ကုန် သို့ ပထမအကြိမ် ရောက်ဖူးခြင်း လည်း ဖြစ် သောကြောင့် ရောက် ရောက်ချင်း နာ နေသော ဆရာတော် ဦးသောဘိတ ကို ရှိခိုး ဝတ်ပြု၍ ရွှေတိဂုံဘုရား သို့ တက် ဖို့ စိတ်ကူး ၏ ။ ဆရာတော် နာ နေ သည်မို့ နဂိုက တိတ်ဆိတ် မြဲ သော ကျောင်း တွင် စာအံချိန် ပင် စာအံ သံ မကြားရ ၊ ဘုရား ဝတ်ပြုချိန် ၌ ခါတိုင်း လို ညီညာ ပြိုင်တူ ရွတ်ကာ ရှိခိုးမှု မပြုကြတော့ဘဲ အသံ မထွက်ဘဲ ရှိခိုး ကြ၏ ။ ပြီးလျှင် မသယာသော မျက်နှာ များ ဖြင့် သံဃာ အပေါင်း ကိုယ်စီ ဆုတောင်းကြ ဟန် ကို မြင်ရ လေ၏ ။ ဦးညာဏိက သည် သံဃာ တစ်မျက်နှာ မှ တစ်မျက်နှာ စေ့စေ့ ကြည့် မိလျှင် အရပ် ရှည်ရှည် အသား ညိုညို နှင့် ရုပ်ရေ သပ္ပာယ် လှသော မြင်းခြံ ကိုရင် ဘဝ ကတည်း က ထွက်ခွာ သွားသော ဦးပဉ္ဇင်း ဦးနန္ဒိယ သည် စင်ကြယ်သော ဦးပြည်း ကို ငုံ့ ၍ မျက်ရည် တိတ်တဆိတ် ကျသည် ကို မြင်ရ လေ၏ ။ ဦးနန္ဒိယ သည် မယ်တော် ၊ ခမည်းတော် ပျံလွန်သည် ကို မှ ပြန်လာ သင်္ဂြိုဟ်သူ မဟုတ်ခဲ့ ။ ဘုရား ပရိနိဗ္ဗာန် ပြုသည့် အခါမှာ ရှင်အာနန္ဒာ တစ်ထောင့် ၌ ငိုကြွေးသည် ကို သတိရ မိ သေး၏ ။ သို့သော် ဆရာတော် ဦးသောဘိတ သည် စကား ဆို နိုင်တော့သည် မဟုတ် ၊ ဖျောင်းဖျ တရားချ နိုင်တော့သည် မဟုတ် ။ သူဌေး ဦးဖိုးနှင်း ပင့်ဆောင် လာသည့် ဆရာဝန် သည် လည်း ပြန် လေပြီ ။ ဆေး ပူဇော် လိုသော မြန်မာသမားတော် လည်း ပုဆစ် တုပ်၍ သာ ရှိခိုးလျက် နေလေပြီ ။

ဦးညာဏိက သည် ဆရာတော် ကို တစ်ကြိမ် ထပ်၍  ရှိခိုး လေ၏ ။ မပျံလွန်မီ ပူဇော်ခြင်း ပေ တည်း ။ ထို့နောက် မမြဲသော လောက ၌ သေဆဲ သေလတ္တံ့ သော အမှုကြောင့် တုန်လှုပ် သည် ၊ ချောက်ချားသည် မဖြစ်လှဘဲ နဂို ရည်ရွယ်ရာ ရွှေတိဂုံဘုရား သို့ ဦးတည် ၍ လာ ခဲ့လေ၏ ။

ကျောင်းပြင် ၌ မူ သင်္ကန်းညိုရင့် ကို ဆင်သည့် ဦးနာရဒ သည် တံမြက်စည်း လှည်း ၍ နေသည်ကို တွေ့၏ ။ သူ ကျောင်း သို့ ရောက်ရောက်ချင်း ဦးနာရဒ  တံမြက်စည်း လှည်း သည် ကို အရင်ဆုံး တွေ့ရ၏ ။ တံမြက်စည်း ကို လက် က မချသလော ၊ မကြာခဏ သုတ်သင် ရှင်းလင်း လေ သလော ဟု တွေးတော မိ၏ ။ ဦးနာရဒ သည် အပြင် ထွက်မည် ပြုသော ဧည့်သည် သံဃာ ကျောင်းထိုင် ဆရာတော်လောင်း ကို မြင်လျှင် တံမြက်စည်း လှည်းသည် ကို ရပ် လိုက် ၏ ။ ထို့နောက် “ အရှင်ဘုရား ... သွားတတ် လာတတ်ပါမလား ဘုရား ” ဟု မေးလေ၏ ၊

“ ကိစ္စမရှိပါ ဘူးလေ ။ မြင်းရထား စီး သွားမယ် ။ ရောက်တဲ့ အချိန် ရောက်လိမ့် မပေါ့ ” ဟု ပြော လိုက်လေ၏ ။

“ တပည့်တော် ဆွမ်းစား ဝတ်ပြုရပါဦးမယ် ဘုရား ... ဆွမ်းစားဝတ် ပြီး ရင်တော့ တပည့်တော် လိုက်ပို့ နိုင်ပါ လိမ့်မယ် ။ ဒီနေ့ အဖို့တော့ ရှင်ရာဇော ဆွမ်းစား ဝတ် ပြုနိုင်မယ် မထင်လို့ပါ ဘုရား ၊ ဆရာတော် အညစ်အကြေး ပေ သမျှ ကို သူ လျှော်ပါ လိမ့်မယ် ဘုရား ”

“ ကိစ္စ မရှိပါဘူးလေ ” ဟု ဦးညာဏိက လည်း ထပ်၍ ပြော၏  ။ “ ကျုပ် ဘာသာ ကျုပ် သွားတတ် ပါတယ် ။ ဘာမှ ပူမနေနဲ့  ၊ ဆွမ်းစား လည်း မစောင့်နဲ့  ။ ဘုရား က ထမင်းဆိုင်တွေ မှာ ဝင် စား လိုက်မယ် ”

သူ လှည့်ထွက် လာသည် နှင့် တစ်ပြိုင်နက် တရှဲရှဲ တံမြက်စည်း လှည်းသံ ကြားရ ပြန် လေ၏ ။

ဦးညာဏိက သည် ရန်ကုန်မြို့ ၌ တိုက်တာ ၊ ဈေးအိမ်များ ကြီးကျယ်သည် ကို တွေ့ လျှင် ကြီးကျယ်ပေသကိုး ဟုသာ တွေးတော ၏ ။ သူတောင်းစားများ ကို မြင် လျှင် ပိုက်ဆံ ကြွေများ စွန့်ကြဲ လိုက်၏ ။ ကု,လားများစွာ ကို မြင်လျှင် ဒါ့ကြောင့် ကုလားမြို့ လို့ ခေါ်တာပဲ ဟု တွေးတော၏ ။ မြင်းရထား စီး မိ၍ မြင်း ကို မောင်းသမား ရိုက် လျှင် “ ဟဲ့ .. မရိုက်နဲ့ ၊ အင်မတန် အပြစ် ကြီးတယ် ။ သူ့ လည်း မှီခို စားသောက် သေး ၊ သူ့ လည်း နှိပ်စက်သေး ” ဟု တားမြစ်၏ ။ ဆွမ်းစားချိန် မှာ ရွှေတိဂုံ လှေကားထစ်များ ကို တက် မိ၏ ။ ရွှေတိဂုံစေတီ ကို ပန်း နှင့် ဆီမီးများ ပူဇော်သေး၏ ။ ပြီးမှ ခဏ ဆင်းပြီး ဆွမ်း ဝယ် စား လေ၏ ။ ထမင်းဆိုင် က ဆွမ်းဖိုး တစ်ဝက် သာ ယူ၍ တစ်ဝက် လှူဒါန်းသည် ကို သာဓု ခေါ်၏ ။ လက်ဖက်ရည် ကပ် သည်ကို ငြင်းပယ် လိုက် ပြီး လျှင် ဘုရား ရင်ပြင်တော် သို့ ပြန် တက်ကာ တစ်နေ့လုံး ဝိပသနာကမ္မဌာန်း စီးဖြန်း လျက် နေသည် ။

ည မိုးချုပ် မှ သူ ပြန်လာသည် ။ ဘတ်စ်ကား စီး ၍ ပြန်သည်မို့ လမ်းမှား နေ သေး၏ ။ လန်ခြား ခေါ် ၍ စီး ရ၏ ။ နောက်ဆုံး၌ ကျောင်း သို့ ရောက်သော် ဆရာတော် ပျံလွန် နှင့် ပြီ ကို တွေ့လေ၏ ။

“ အရှင်ဘုရား စီမံ သမျှပါ ဘုရား ” ဟု စာချ ပုဂ္ဂိုလ်များ ဖြစ်သော ဦးသောမန ၊ ဦးဝိသုဒ္ဓ နှင့် ဦးပညောဘာသ တို့ က ဆီး၍ ကျောင်း အပ် လေ၏ ။ သို့လျှင် ရန်ကုန် ရောက်၍ တစ်ည အိပ်ပြီးသည့် ကာလ မှ ဦးညာဏိက သည် ဆရာတော် အဖြစ် သို့ ရောက် ကာ ရန်ကုန် တွင် ဝါ ဆို ရန် စီမံရလေသည် ၊ ဘုန်းကြီးပျံ ပွဲတော် ကို သူတို့ ကျောင်း ၌ လုပ်လေ့ မရှိသောကြောင့် ကြီးကျယ်သော တာဝန် လည်း မရှိချေ ။

    •••••   •••••   •••••   •••••

ဆရာတော် ဦးညာဏိက သည် ချက်ချင်းပင် နေသား ကျ သွား လေ၏  ။ သူ ကိုယ် ၌ က နေမြဲ ဝတ်မြဲ စားမြဲ ဟူသော တွယ်တာခြင်း မရှိသည့် အတွက် နေရာသစ် ၌ သူ မစိမ်း ချေ ၊ နံနက် လေးနာရီ တုံး ခေါက် လျှင် ရှင်ရာဇော သည် သွားပွတ်တံ ၊ သွားတိုက်ဆေး ဆပ်ပြာ ခွက် ၊ မျက်နှာသုတ်ပဝါ နှင့် ရေဇလုံ နှစ်ခွက် လာ၍ ကပ်မြဲ ဖြစ်လေ၏ ။ “ အရှင်ဘုရား ... ရေနွေး လိုရင် ရပါတယ်ဘုရား ” ဟု ပြောသေး၏ ။ သို့သော် ဆရာတော် သည် လက်ကာ ၍ သာ ပြကာ နေ့စဉ် ရေအေး နှင့် သာ မျက်နှာ သစ်၏ ။ တကယ်တော့ ဆရာတော် ကျိန်းစက်ရာ ခုတင် ပေါ် မှ လှမ်း ကြည့် လျှင် တောင် ဆွမ်းစားကျောင်း အဖိုဆောင် ၌ မီးဖို ပေါ် ရေနွေးအိုးကြီး ဆူနေသည် ကို မြင်နိုင် ၏ ။ ရေနွေးနွေးလေး နှင့် သာ ဆိုလျှင် သက်သောင့် သက်သာ ရှိမည် ဆိုတာကို သူ သတိပင် မရမိချေ ။

ထို့နောက် ရှင်ရာဇော သည် မီးဖိုး ဆီ သို့ သွား၍ ကျောင်းသားများ နှင့် လုပ်ကိုင် စ ပြု ၏ ။ ဘုရားဆောင် ၌ ဦးနာရဒ ဘုရားပန်းအိုး နှင့် သောက်တော်ရေ လဲ သံ ကြား ရ၏ ။ ဘုရားဆောင် သို့ သူ ရောက်လျှင်တော့ သံဃာ အားလုံး စုမိပြီး ဖြစ်လေ၏ ။ စောစောက မီးဖို မှာ ရှိသော ရှင်ရာဇော လည်း ရောက် နေပြီ ပင် ။ ဆရာတော် သည် သူ့ အတွက် ခင်းထားသော နှစ်ပေ ပတ်လည် ခန့်ရှိ ကော်ဇော ပေါ် ၌ မထိုင်ဘဲ သံဃာများနှင့် ရော၍ သင်ဖြူး ပေါ် ထိုင်ကာ ဘုရား ဝတ်ပြု ကြ လေ၏ ။

ထို့နောက် ဆွမ်းစားကျောင်း သို့ သွားကြ၏ ။ ပဲပြုတ် နှင့် ထမင်း ရော ကြော် ၍ လက်ဖက်ရည်ကြမ်းပွဲ ပြင် သည် ကို အငွေ့ တထောင်းထောင်း နှင့် မြင် ရ၏ ။ ထိုနေရာ ၌ သံဃာ တို့ စကားစမြည် ပြောလေ့ ရှိသည် ကို သူ သတိထား မိလေ၏ ။ သူ့ ၌ ကား စကား များစွာ ပြောစရာ မရှိ ။

နံနက် ဆွမ်းစား ပြီးလျှင် ကျောင်း သည် အနည်းငယ် ညိုးညံစ ပြု လာ လေ၏ ။ ဦးနာရဒ သည် တံမြက် လှည်း ၏ ။ ရှင်ရာဇော သည် ည က ဆေး ထားသော ကနုတ်များ ကို နေ လှန်း၏ ။ ဆွမ်းခံ ကြမည့် ကိုယ်တော်များ သင်္ကန်း ပြင်၍ ရုံ ကြ၏ ။ သူတို့ ကျောင်း သည် ဆွမ်းခံ ရာ ၌ ယပ် ကိုင်ခွင့် မပြု ၊ ဖိနပ် စီးခွင့် မရ ၊ ပို့ ဆွမ်းလည်း အားမပေး ၊ စာချ ပုဂ္ဂိုလ် ပုဂ္ဂိုလ် က အစ ဆွမ်းခံ ထွက်ကြရ၏ ။ သို့ကြောင့် သူဌေးဦးဖိုးမင်း လစဉ် လှူမြဲ သော ဆန်အိတ် နှင့် ဆီပုံး တို့ ကို ကျောင်းနီးချင်း သို့ စွန့်ကြဲ ရလေ၏ ၊ တစ်ခါတစ်ရံ ငါးခြောက် နှင့် ငှက်ပျောသီးများ ပင် မကုန်နိုင် သောကြောင့် စွန့်ရ ပြန်၏ ။

ဆွမ်းခံ ကိုယ်တော်များ ပြန် လာလျှင် ရှင်ရာဇော သည် ကျောင်းသားများ နှင့် ဆွမ်းပြင် ဆဲ ။ ဦးနာရဒ သည် သံဃာအများ ချိုးရန် ရေတွင်း မှ ရေ ငင် လေ၏ ။ ရေတွင်း နံဘေး ရှိ သံစည်ကြီး ၃ လုံး အပြည့် လောင်းလေ၏ ။ ကျောင်းသားငယ် တစ်ယောက် ကို ခေါ်ကာ သစ်ပင် ရေ လောင်း စေ၏ ။ နောက်ဆုံး မှ ဆွမ်းစားကျောင်း သို့ ရောက် တတ်သည် ။

ဆွမ်းစား ပြီးလျှင် ဆရာတော် ကျိန်းစက်ဖို့ ပြင်ကြ၏ ။ သို့သော် ဦးညာဏိက ၌ နေ့လယ် အိပ် တတ်သော အကျင့် မရှိ ။ သူ သည် ပရိယတ္တိ မှ ပဋိပတ္တိ သို့ ကူးပြောင်းလာသည် ဖြစ်၍ ဝိပဿနာ ကမ္မဌာန်း စီးဖြန်း လေရာ နေ့လယ် တစ်ရေး ကျိန်းစက် တတ်သော ဖြူဖြူ၀၀ ဦးသောမန သည်ပင် မလဲလျောင်းဝံ့ ဘဲ ဦးပဉ္စင်းပျိုများ ၊ ကိုရင်များ ကို စာ ချဖို့ပြင်လေ ၏ ။

သို့လျှင် ညနေ စောင်း လျှင် ခဏ နားကြရလေ၏ ။ ကုန်ဈေးတန်း အထည်တိုက် မှ ပြန် လာသော သူဌေးဦးဖိုးနှင်း နှင့် ဇနီး သားသမီး တစ်စု သည် ဘိလပ်ရည်ပုလင်းများ ဖြင့် ဝင် ကန်တော့လေ၏ ။ ဦးဖိုးနှင်း ဇနီး က ဘုရား တင်ရန် မေမြို့ပန်းများ ကပ် သေး၏ ။ ဆွမ်း ဒကာ ဒကာမများ လည်း တစ်ဦး စ နှစ်ဦး စ လာ၍ ကန်တော့ကြ သေး၏ ။ ထိုနောက် ည မိုးချုပ် ၌ ဘုရား ဝတ်ပြု ကာ စာ အံသူ အံ ၊ လဲ လျောင်း သူ လျောင်း ၊ ကျိန်းစက် သူ စက်ကြလေ သည် ။

    •••••   •••••   •••••   •••••

ကျောင်းထိုင် ၍ ရက် အတော် ကြာသွားလျှင် ဦးညာဏိက ဆရာတော် သည် ကျောင်း ရှိ သံဃာတော် တို့ ၏ ထူးခြားသော ဝသီကလေးများ ကို မှတ်မိ လာ၏ ။ ရှင်းရာဇော သည် ဖြူ လည်း ဖြူ အလွန် လည်း သပ္ပာယ် ၍ ငယ်ရွယ် ပျိုမျစ် သည် မို့ သာသနာ့ ဘောင် ၌ ဖြောင့်တန်းပါမည် လော ဟု သူ ပူပန်မိသည်များ ပျောက်ခဲ့သည် ။ ရှင်ရာဇော သည် ဉာဏ် ကောင်း၍ စာပေ ၌ မွေ့လျော် ၏ ။ သူ့ ထက် ဝါ ရသော သံဃာ အများ ကို လည်း ရိုသေ ၏ ။ တစ်ခါမှ အအား မနေဘဲ ကျောင်းဝေယျာဝစ္စ ကို ပြု၏ ။ ဆရာတော် မှ အစ စာချဂ္ဂိုလ် ဟူသမျှ ကို ညစဉ် နင်းနယ်ပေး လိုသော ဝါသနာ လည်း ရှိ၏ ။ တစ်ခါမျှ ဆွမ်းခံရက် ပျက်သည် လည်း မရှိ ၊ ပြီးတော့ ကျောင်းသားများ ကို စာ သင် သေးသည် ။

ဦးပဉ္စင်း ဦးနန္ဒိယ က မူ စကား နည်း လှသည် ။ ဆွမ်းခံ မှန်သည် ။ စာချ ပုဂ္ဂိုလ် အဆင့် လည်း မရောက်သေး ။ စာသင်ခန်း လည်း ပြီးစီးခဲ့ပြီ ဖြစ်ကာ ဆရာတော် နှင့် တစ်ခါတစ်ရံ လာ၍ ဝိပဿနာ မှု ပြု၏ ။ အများအားဖြင့် တော့ စက်ကရိယာ မှန်သမျှ ကို ပြင်နေတတ် လေ သည် ။ သူ့ အခန်း ၌ နာရီမျိုးစုံ ရှိလေသည် ။ ဒကာများ အိမ် မှ နာရီဟောင်းများ ချွတ်ယွင်းသည် ကို ပြုပြင်ပေး တတ်၏ ။ စွန့်ပစ်တော့မည့် နာရီများ ကို တောင်းခံ လာပြီး ပြင်ဆင် ကာ ဆွဲချိတ်တက်၏ ။ သို့လျှင် သူ့ အခန်း တွင်း ၌ နောက်ပြန် သွားသော နာရီ ၊ ခဲ နှင့် ချိန်သီး ကို ကြိုး နှင့် ဆွဲ ထားမှ သွားသော နာရီ စသည်ဖြင့် အမျိုးစုံ ရှိကာ တစ်ခန်းလုံး တချက်ချက် မြည် နေ တတ်လေ၏ ။

ဦးနန္ဒိယ သည် ကလေး လည်း ချစ်တတ်ပေသေး၏ ။ သူဌေး ဦးဖိုးနှင်း ၏ သားကလေး အပု ကို ဆွမ်းခံ ထွက် သွားရင်း ခေါ်လာတတ်၏ ။ အပူ၏ ကစားရာကလေးများ သံပတ် ပျက်သည် ကို ဖြုတ်၍ ပြင်ဆင် ပေး တတ်၏ ။ ပြီးတော့ ရှင် ပြုလျှင် အသင့် ဖြစ်ရန် သင်္ကန်း တောင်း မှ အစ ကျကျနန နှုတ်တိုက် ချ သင်လေ၏ ။

စာချပုဂ္ဂိုလ် ဦးသောမန မှာ မူ ဖြူ ဖြူဝဝ နှင့် စကား များ စွာ ပြောလေ့ ရှိ လေသည် ။ ကျောင်းကိစ္စ ကြီးငယ် ကို ဆရာတော် အား လျှောက် တတ်၏ ။ ကိုရင် နှင့် ကျောင်းသား များ ကို လည်း ဆူပူ မြည်တွန် တတ်၏ ။ ဆွမ်းခံ ကြွ ရင်း သူ ကြိုက်သော ငါးဖယ် နှင့် အုန်းနို့ချက်ဟင်း အကြောင်း ဆွမ်း လောင်း သော ဒကာမကြီးများ နှင့် ဆွေးနွေး တတ် လေသည် ။ လက်ဖက် ကို လည်း တောင့်တ တတ်၏ ။ တရားရှည်ကြီး လည်း ဟော တတ်သည် ။

ဦးပညာဘာသ က မူ စိတ် အလွန် တိုသော ကိုယ်တော် တည်း ။ ကျောင်းသား ကိုရင် များ ကို စာချရင်း ငေါက် တတ်၏ ။ ဦးပဉ္စင်းများ ကို  ‘ အပယ်ကောင်တွေ ’ ဟု ဆဲ တတ်၏ ၊ သို့သော် သူ့ ၌ ရှိသော စားစရာများ ကို အကုန်အစင် စွန့်ကြဲ တတ်၏ ။ သင်္ကန်း နှစ်ထည် ထက် ပို လာလျှင် စွန့်ကြဲ ပစ် ပြန်၏ ။ သူ အမွေ ရ ထားသော လယ်ကွက် မှ ရသမျှ ငွေ ကို ကျောင်း ကိစ္စ အဝဝ ၌ သုံးရန် အကုန် လှူပစ်ကာ လက် ၌ ပိုက်ဆံ တစ်ပြား မှ မကပ် နေတတ်လေသည် ။

ငယ်ရွယ်သော သံဃာများ နှင့် ကိုရင်များ ကို ဦးနာရဒ က ထိန်းအုပ် စီမံလေ၏ ၊ သင်္ကန်းညိုမွဲ ကို ဝတ်၍ တံမြက်စည်း လှည်း ၊ ရေခပ် မပြတ် ပြုသော ထို ကိုယ်တော် ကို တစ်ကျောင်းလုံး ဝိုင်း ကြည်ညို ကြသည် ထင်၏ ။ ဦးနာရဒ ကိုယ်တော် ၏ ပြော စကား ကို ဆရာတော့် စကား နှင့် တန်းတူ ရိုသေ လိုက်နာ ကြသည် ။ ဦးနာရဒ ၌ ရှေး ဆုတောင်း ကောင်းခဲ့ သည် တည်း ။

သို့သော် ပြုံးပြုံး ပြုံးပြုံး နှင့် မျက်ခမ်းစပ်သော ၊ စကား မြန်မြန် ဗလုံးဗထွေး ပြော တတ်သော ဦးပဉ္ဇင်း ဇဝန ကို မူ ဆရာတော် ဆုံးမ ဖို့ ဖြစ် လာသည် ။

ဦးပဉ္ဇင်း ဇဝန သည် အင်မတန် ဆိုး၏ ။ ည ၆ နာရီ ထိုးသည် နှင့် အပြင် မထွက်ရဘဲ ကျောင်းတံခါး ပိတ်သည် ကို ခိုး ၍ ကျော် ထွက်ကာ ရုပ်ရှင် ကြည့်တတ် လေ၏ ။ သူများ စာ အံ ချိန် မှာ ဝတ္ထု ၊ မဂ္ဂဇင်း ဖတ် တတ် ၏ ။ ဆွမ်း ခံရင်း ဆွမ်းဒကာ အိမ် မှ လူငယ်များ နှင့် ဘောလုံးပွဲ အကြောင်း ပြောတတ် သေး၏ ။ သတိ သုံးကြိမ် ပေး၍ မရလျှင် ကျောင်း မှ နှင်ရပေ တော့သည် ။ တကယ်တော့ ဦးဉ္စင်း ဇဝန သည် ဆရာတော် နှင့် ညီအစ်ကို တစ်ဝမ်းကွဲ တော် သေး၏ ။ ယခင် ဆရာတော် လက်ထက် က လည်း ဆို ဆုံးမ ၍ မရဘူး ဆိုသည် ။

     •••••   •••••   •••••   •••••

“ အရှင်ဘုရား .. ဟိုဘက် ရွှေဘိုကျောင်း ကို မော်တော်ကား တစ်စင်း တရုတ်သူဌေး လှူ သွားပါတယ် ။ ဆရာတော် က ယပ်လှဲ တရားဟော ကောင်းမို့ ဥပုသ် နေ့တိုင်း ဘုရားကြီး ပေါ် မှာ တရားဟော ရတော့ အသွားအလာ ပင်းပန်းလှတယ် ဆိုပြီး လှူတာ နဲ့ တူပါတယ် ဘုရား  ” ဟု ဦးဖိုးနှင်း က စကား စ လေ၏ ။

ဦးဖိုးနှင်း သည် ဖဲသင်္ကန်း ပိုးသင်္ကန်း ကို လှူချင်၏ ။ ကြေးခုတင် နှင့် ပန်းဇာခြင်ထောင် ၊ သက္ကလပ်မွှေးပွစောင် တို့ လှူချင် တတ်၏ ။ ဘုန်းကြီးပြန် ပွဲ ကြီးကျယ်စွာ မလုပ်ရသည် ကို မကျေနပ် လှချေ ။ ယခုလည်း မော်တော်ကား လှူချင်ပြန်ပြီ မို့ ဘုန်းကြီး ဦးသောမန နှင့် စောစော ကတည်း က စကား သွင်းထားပြီး ယခု စလေပြီ ။

“ ကျုပ် တို့ က တရား လည်း မဟောတတ် ၊ သွားစရာ လည်း မရှိ ။ မော်တော်ကား လည်း မလိုချင်ဘူး ” ဟု သာ ဆရာတော် က ပြတ်ပြတ် မိန့် လေရာ ဦးဖိုးနှင်း သည် အတော် မျက်နှာ ပျက် ၍ သွားလေ၏ ။

“ ဒီလိုပါ ဘုရား ... တပည့်တော် က ဒီ နွေ မှာ သားကလေး အပု ကို ရှင်ပြုမယ် မှန်း ပါတယ် ၊ သား က လည်း တစ်ယောက်တည်း မို့ ကိတ္တိမ တွေ ရှင်အပါး ၂၀ လောက် လည်း ထည့် ပြုချင်ပါတယ် ။ အလှူ မှာ လူပရိသတ် ကျွေး တာ လည်း ကျွေးတာပဲ ဘုရား ၊ သံဃာတွေ အတွက် သင်္ကန်း လှူတာ လည်း လှူတာပဲ ဘုရား ။ ဒါပေမဲ့ ဖြစ်ဖြစ်မြောက်မြောက် ပစ္စည်း တစ်ခု လည်း ဆရာတော့် ကျောင်း အတွက် လှူချင်တာပါ ဘုရား ”

ဆရာတော် သည် ဦးဖိုးနှင်း ၏ သဒ္ဓါတရား ကို အကဲခတ် မိသော်လည်း နဂို က အလှူခံ လေ့ မရှိ ၊ ဒါနအကျိုး ဟောလေ့ မရှိသော ဘုန်းတော်ကြီး ဖြစ်သည့် အတွက် မည်သို့ အကြံ ပေးရမည် မသိ ဖြစ်လေ၏ ။

“ ရှင် ပြုတော့ လူတွေ အများကြီး ဖိတ် မလို့လား ”

“ တင်ပါဘုရား .. ဒါကတော့ လူ တို့ ဝတ္တရား က လည်း ရှိပါသေးတယ် ဘုရား ၊ မိတ်ဆွေ အပေါင်းအသင်း မှန်သမျှ ဖိတ်ရပါတယ် ။ ဒီ ကျောင်းတိုက် မှာ တော့ ဆံ့မယ် မထင်ပါဘူး  ၊ မြို့တော်ခန်းမ မှာ ဧည့်ခံမယ် စိတ်ကူးပါတယ် ဘုရား ”

“ ဟင် .. မြို့တော်ခန်းမ က ရှင်ပြု လို့ လည်း ရသလား ” ဟု ဆရာတော် က မေး လျှင်

“ ဧည့်ခံရုံပါ ဘုရား ”

“ ဒကာကြီးတို့ ပင်ပန်း နေ မှာပေါ့ ။ မြို့တော်ခန်းမ ငှားရတဲ့ စရိတ် ကို ဟောဒီ မြေ ကွက်လပ် မှာ မဏ္ဍပ် ထိုး လိုက်ပါလား ။ ဒါမှမဟုတ် သိမ် ဘေးနား ကပ်ပြီး ထိုးရင် သိမ် ထဲ ရော ၊ သိမ်ပြင် မဏ္ဍပ် ကော ၊ ကျောင်းတိုက် ထဲ ရော ပရိသတ် နေလောက် ရော ပေါ့ ”

“ သိမ် က ကျဉ်း လည်း ကျဉ်း ၊ ဟောင်း လည်း ဟောင်း ဆိုတော့ ... ” ဟု ပြောရင်း သူဌေး ဦးဖိုးနှင်း သည် မျက်နှာ လင်းထိန် ကာ ဝမ်းသာအားရ လက်အုပ် ချီ ၍ လျှောက်၏ ။

“ အကြံ ရပြီ ဘုရား ... သိမ်ဟောင်း ကို ဖျက်ပြီး သိမ်သစ် ဆောက်ပါရစေ ဘုရား  ၊ တပည့်တော် ဘယ့်နှယ် ခုမှ ဒီအ ကြံ ပေါ် ပါလိမ့် ။ တပည့်တော် အဘိုး ဆောက်ခဲ့တဲ့ သိမ် ဆိုပြီး သူ့ ဒါန ကို သာ သတိ ရ နေတယ် ။ ဒီလို လုပ် ချင်ပါတယ်  ဘုရား ။ သိမ်သစ် ကို အကြီးအကျယ် ဆောက် ၊ ဆင်းတုတော် ဉာဏ်တော် မြင့်မြင့် မန္တလေး ကို မှာယူ ပြီး တကယ့် ရွှေပလ္လင် ကို အနုဆုံး ထွင်းစေမယ် ဘုရား ”

“ အင်း .. ကောင်းတယ် ” ဟုသာ ဆရာတော် က ပြော လေ၏ ။

“ သို့ပေမဲ့ ဒကာကြီး ကို လည်း စိတ် ချမ်းသာအောင် လုပ်ရ မှာမို့ သမီး နားထွင်းတာပါ သိမ် ထဲရော လုပ်နိုင်အောင် ယောက်ျားမိန်းမ မရွေး ဝင်နိုင်တဲ့ သိမ် ဆောက် ရအောင် ၊ အဲဒါ  ဘာ သိမ် ခေါ်ပါသလဲ ဘုရား ” ဟု ဦးဖိုးနှင်း က မေးလေ၏ ။

မိုး မကုန်ခင် ပင် ကျောင်းဝင်း ထဲ သို့ အုတ်များ လာ ပုံ၏ ။ အင်္ဂတေအိတ်များ ကို ကျောင်းတိုက် အောက်သို့ သွင်း၏ ။ ခင်းရန် ကျောက်ပြားများ ရောက် လာ၏  ။ အုတ်ကြွပ်များ လာ ချ၏ ။ သံတန်းသံပေါင်များ ကရိန်း နှင့် ဆွဲယူ၏ ။ ဆရာတော် မျက်စိ ရှေ့ တွင်ပင် အင်တိုက် အားတိုက် ဆောက်သော သိမ်ကြီး ပြီးစီးသွားတာ မြန်ဆန်လွန်း လှ ၍ “ နတ်ဘုံနတ်နန်းများ ပေါ်တယ် ဆိုတာ ဒီလိုပဲ နေမှာပဲ ” ဟု သတိရ မိလေ၏ ။

ထို သိမ် သည် ဆရာတော်သစ် ဦးညာဏိက လက်ထက် တွင် တိုးတက်သော အကြီး ဆုံး အဆောက်အဦ ဖြစ်ကာ သိမ် နှင့် ကျောင်းတိုက် လျှံ သွားအောင် စည်သော အပု ၏ ရှင်ပြုပွဲ သည် လည်း အကြီးဆုံးသော အလှူ ဖြစ်လေ၏ ။ သူဌေးဦးဖိုးနှင်း က အငြိမ့် ထည့် ချင်သည် ကို လက် မခံသောကြောင့် “ အား မနာ တတ်တဲ့ ဆရာတော် ” ဟူသော ဘွဲ့ ကို လည်း ရ လိုက် ၏ ။ အငြိမ့် ကို ရွှေတောင်တန်း ရှိ သူဌေး အိမ် မှာ က စေ ရ၏ ။ ဗြောဝိုင်း ကို မူ ဆရာတော် ခွင့်လွတ်တော် မူလေရာ ဦးသောမန က ပြုံး၍ “ ဟန်ကျပါသ ဘုရား ၊ ဗြောသံ ကြားမှ ခြေ လှမ်းလို့ တယ် ကောင်းသကို ဗျ ” ဟု ဆို လေသည် ။

အလှူ ပြီး သွား လျှင် သဒ္ဓါ တက် ၍ မဆုံးသော သူဌေးဦးဖိုးနှင်း သည် ကျောက်ပြား ခင်းသော ကြမ်းလုံးပြည့် ကော်ဇောကြီး ကို ကု,လားပြည် သို့ မှာ ၍ ရက်စေကာ ခင်း လှူ လေ၏ ။ သိမ် တွင်း ၌ ဆွမ်းကျွေး တရားနာ ကို လည်း မကြာမကြာ လုပ် သေး၏ ။ သိမ်ကြီး ၏ ပါဠိ အမည် မတွင်ဘဲ ဦးဖိုးနှင်းသိမ် ဟု တွင်သည် ကို လည်း အားရ၍ မဆုံးတော့ချေ ၊ မော်တော်ကား တစ်စီး ထက် အများကြီး မြင့်မြတ်သော အလှူ ပေ ပဲ ဟု သူ့ နှုတ် မှ ဝန်ခံ သေး ၏ ။ သို့သော် ဆရာတော် က အစ ဘယ်သူမှ မထင်မှတ်သော နည်းဖြင့် သိမ် အဆောက်အဦ အကျိုးထူး ပေးရန် ရှိသေးသည် ကို မူ မမှန်းမြင် နိုင်ကြချေ ။

     •••••   •••••   •••••   •••••

စစ် ဖြစ်၍ ဗုံး ကြဲသည် ။ စက်သေနတ် နှင့် ပစ်သည် ဆိုသည့် ကိစ္စ တွေ့ လာကြ သော် လည်း တစ်ကျောင်းတိုက် လုံး သည် ရဟန်းသံဃာ ကို ဘယ်သူ က မှ အန္တရာယ် ပြုမည် မဟုတ် ဟု ထင်မှတ်လျက် စိတ်အေး လက်အေး ပင် ရှိသေး၏ ။ သို့သော် ဗုံး နှင့် စက်သေနတ် သည် မင်္ဂလာဒုံ လို ၊ သင်္ဘောဆိပ် လို ၊ မီးရထား ဘူတာရုံ လို နေရာများ မှာ သာ မွှေ့ရမ်း သောင်း ကျန်းရာ က မြို့တွင်း လူနေအိမ်ခြေ ကို ထိပါးစ ပြု လာလေ၏ ။ သူဌေးဦးဖိုးနှင်း တို့ တစ်အိမ်သားလုံး လည်း ရန်ကုန် မှ ပြေး လေ၏ ။ ဆွမ်းဒကာများ လည်း မနေဝံ့ တော့ အနည်းဆုံး ရန်ကုန် အစွန်အဖျား သို့ ပြေးရှောင်ကြ လေရာ ဆရာတော် ဦးညာဏိက သည် ကျောင်း တိုက် ရှိ သံဃာ တို့ ကို စည်းဝေး စေ ရ၏ ။

“ ကိုင်း .... ငါ့လူ တို့ အခြေမလှ တဲ့ အခိုက်အတန့် မှာ လျော်ကန် သလိုသာ လုပ်ကြ ပေတော့ ။ ဆရာတော် က ခွင့်ပြု လိုက်ပြီ ။ ကိုယ့် ရပ်ရွာ ပြန် လို လည်း ပြန်ကြ ။ သည်မှာ ပဲ ဆင်းဆင်းရဲရဲ နေလို က နေကြ ” ဟု ပြောလေ၏ ။

“ အရှင်ဘုရား ကော ဘယ်လို လုပ်မယ် ကြံပါသလဲ ဘုရား ” ဟု ရှင်ရာဇော က မေးလျှင်

“ ငါ တော့ ဒီ ကျောင်း မှာပဲ စောင့် ရမယ် ။ ဒကာတွေ နဲ့ အလှူဒါန အဆောက်အအုံ ကို ပစ်ပြေး လို့ မတော်ဘူး ။ ငါ့ တစ်ဝမ်း တစ်ခါး တော့ သပိတ် တစ်လုံး နဲ့ လည် ခံရင် ရကောင်းပါ ရဲ့ ” 

“ တပည့်တော် လည်း သည်မှာ နေရစ်ပါရစေ ဘုရား ” ဟု ရှင်ရာဇော က လျှောက်လေ၏ ။

“ တပည့်တော် လည်း နေရစ် ချင်ပါတယ် ဘုရား ”  စသည်ဖြင့် ဝိုင်း လျှောက် ကြ၏ ။ ဆရာတော် က စီမံရ ပြန်၏  ။

“ မောင်သောမန က ခု တစ်လော သိပ် မကျန်းမာဘူး ။ မောင်ပညောဘာသ က လည်း အညာ က တပည့် ဘုန်းကြီးများ ကို ဒီနှစ် စာ သင်ဖို့ ပြောထားတာ ရှိ သေးတယ် ။ မောင်ဝိသုဒ္ဓ လည်း မယ်တော် ၊ ခမည်း တို့ က မှာလှပြီ ။ စာချ ပုဂ္ဂိုလ် ၃ ဦး က အညာ ပြန်ကြ ။ ပဉ္ဇင်း ကိုရင်ကျောင်းသား ထဲ က လိုက် ချင် သူ လိုက် ၊ မလိုက်ချင် သူ နေရစ် ”

ထို့ ကြောင့် သရက်တောတိုက် တစ်တိုက်လုံး ပြာ ကျအောင် ဗုံး ကြဲသော နေ့တွင် ကျောင်းတိုက် ၌ သံဃာ များစွာ မရှိချေ ။ မမျှော်လင့်ဘဲ မီးတောက် ကြီးများ ထ လာသည် ကို မြင်ရ၏ ။ ဘုန်းကြီးကျောင်း များ ၌ လာ ခိုသူ လူများ အော်ဟစ် ထွက်ပြေးကြသည် ကို လည်း မြင် လိုက်၏ ။ ကလေး နှင့် မိန်းမများ ငိုသံ လည်း ကြား ရ၏ ။ ရွှေဘိုကျောင်း ရှင်ပြုပွဲ ၌ လူများ အတုံးအရုန်း လဲကျ သေဆုံး သည် ကို လည်း တွေ့ လိုက်ပြီး ဆရာတော် သည် ခါတိုင်းလို နေလို့တော့ မဖြစ် ၊ ရှောင်တိမ်းဦး မှ တော်မည် ဟု သတိ ရ ကာ သိမ်တွင်း သို့ ဝင်ခဲ့ရ လေ၏ ။

သိမ်းတွင်း ၌ ရှင်ရာဇော သည် ကြမ်းတိုက်ဆဲ မို့ ပုန်းရှောင် ပြီး သား ဖြစ်လေ၏ ။ “ တခြား လူတွေ ကော ရာဇော ” ဟု မေးရင်း ကျန်ရစ်သူ ကိုရင် နှစ်ပါး ပြေးဝင် လာ၏ ၊ “ နန္ဒိယ ကော ၊ နာရဒ ကော ၊  ပေါကြွယ် ကော ” ဟု မေးဆဲ လေယာဉ်ပျံ ထိုးချသံကြီး ဝီခနဲ မြည်ဟည်း လာပြီး စက်သေနတ်များ ပစ်သံ ၊ ဗုံး ပေါက်ကွဲသံ ကြားရ ပြန်၏ ။ မီးခိုးလုံး မည်းပြီး အူထ လာသည် ကို မြင်ရ ပြန် လေ၏ ။

“ ဟဲ့ ... နန္ဒိယ ကော ၊ သူ့ အခန်း ထဲ က မထွက် ပါ လား ။ နာရီ ပြင်ရာ က မထဘူး ထင် တယ် ၊ နာရဒ လည်း တစ်မနက် လုံး တံမြက်စည်း လှည်း နေတာ မြင်တယ် ။ ဘယ်မလဲ ၊ ပေါကြွယ် ကော မီးဖို ဘေး မှာ စောစော က တွေ့ သားပဲ ။ ဘယ်မလဲ ” ဟု ဆရာတော် သည် နှလုံး ငြိမ်ဆိမ်မြဲ ဖြစ်ရာ က ပူပန် လာလေ၏ ။

ထိုခဏ၌ “ ဆရာတော် ဘုရား ၊ ဆရာတော် ဘုရား" ဟု ခေါ်သံ ကြားလေ၏ ။ “ ဒါ ဘယ်သူ့ အသံလဲ ရာဇော ” ဟု လှည့် မေးသော် တုန်လှုပ်မည် ကို ချုပ်တည်း နေသော ပဉ္စင်း တက်စ ဦးရာဇော က “ ဦးတေဇောဘာသ အသံ ပါ ဘုရား ” ဟု ဖြေ လေ၏ ။

“ သည်ကောင် ဘာဖြစ်လို့ ခေါ်နေ သလဲ ။ ငါ သွား ကြည့် ဦးမယ် ” ဟု ဆရာတော် က ဆို လျှင် “ စက်သေနတ် တွေ ပစ်နေ ပါတယ် ဘုရား ။ တပည့်တော် သွား ပါမယ် ” ဟု ဦးရာဇော က ပြောလေ၏ ။

“ နင် နေခဲ့ ။ ဒီနေရာ က တစ်ပါးမှ မခွာနဲ့  ” ဟု ခပ်ပြတ်ပြတ် မိန့် ကာ ဆရာတော် သည် ရုတ်ခနဲ ထွက်ကာ အသံ ကြား ရာသို့ မှန်း လာခဲ့လေ၏ ။

ဦးတေဇောဘာသ သည် ဆရာတော် အနား နေရလှသည် မဟုတ် ၊ ဆွမ်းခံပုဂ္ဂိုလ် ဖြစ်၍ စာသင်သား အသစ် လည်း ဖြစ်လေ၏ ။ အောက်သား လည်း ဖြစ်၏ ။ သူ့ ကို ကျောင်းတိုက် နှင့် မလမ်းမကမ်း မှာ လဲလျက် တွေ့ လေ၏ ။ အနား ရောက် သော် သင်းပိုင် တစ်ထည်လုံး စိုရွှဲ နီရဲအောင် သွေးများ သွန်အိုင် နေသည်ကို မြင်ရ လေ၏ ။

“ ဟဲ့ ဘာဖြစ်သလဲ ”

“ ပေါင် ပြတ်သွားပါပြီ ဘုရား ” ဟု ငိုသံပါ နှင့် လျှောက်လေ၏ ။

“ ကိုင်း .... ငါ့ ကို မှီစမ်း ” ဟု ဆိုကာ ဆရာတော် သည် ပွေ့ချီ လေ ရာ အလွန် ကျစ်လျစ် ၍ လေးလံလှသည် ကို တွေ့ ရလေ ၏ ။ “ ထ လည်း မထနိုင်ဘဲ ကိုး ဒုက္ခ ဒုက္ခ ” ဆရာတော် ညည်း မိ လေ၏ ။ “ ဒီလို လုပ် ၊ ငါ့ ကျော ပေါ် ရင်ဘတ် နဲ့ ကပ် ပြီး လည်ပင်း ကို ဖက်စမ်း ”

အတော်ပင် ခဲယဉ်းစွာ ဦးတေဇော ကို ထမ်းပိုး ယူ ရ၏ ။ ကျော ပေါ် ရောက်၍ မတ်တတ် ရပ် မိလျှင် ဟန်ကျ ပေပြီ ။ ဆရာတော်သည် စက်သေနတ်သံ ၊ ဗုံးသံ ၊ လေယာဉ်ပျံသံ ၊ ပေါက်ကွဲသံများ ကို အာရုံ မှ ပြတ်တော် မူ လေ၏ ။ မီးတောက်မီးခိုးများ ကို လည်း မြူ လို့ မှ အမှတ် မထင်အောင် စိတ် ဆောင် တော် မူလေ၏ ။ သတ္တဝါအများ ကို လည်း မေတ္တာ ပို့ လေ၏ ၊ ဦးတေဇော အတွက် ပရိတ် ရွတ်စ ပြု လေ၏ ။ ထိုခဏ၌ ဆရာတော် ၏ ကိုယ်စိတ် နှစ်ပါး သည် ငြိမ်းချမ်း သွားကာ လေးလံ လှသော ဦးတေဇော ကို ချီပိုး ရသည် မှာ လည်း ပေါ့ သွား၏ ။ ဆရာတော် သည် ခြေလှမ်း မြန်မြန် ခပ်မှန်မှန် ပင် ဆေးရုံကြီး သို့ လာခဲ့၏ ။

ဆေးရုံကြီး သို့ ရောက် သော် သူ နှုတ်ခွန်း တစ်ပါဒမျှ မဟ ။ ဆရာဝန် တစ်ယောက် ကို မြင်၍ လူနာ ကို အပ်ခဲ့၏ ။ ပြီးသော် ပြန်၍ မကြည့်တော့ဘဲ ကျောင်းတိုက် သို့ ပြန်လာခဲ့ လျှင် မီး လောင်ဆဲ ၊ မီးခိုး လုံး ထ ဆဲ ၊ အုတ်ပုံ ဖြစ် နေသော ကျောင်းတိုက် ကို မြင် လေ၏ ။

သို့သော် ထုထည် ထူထဲ ၍ သစ်သား မဖြစ်စလောက်သာ ပါ သော ဦးဖိုးနှင်း သိမ် ကား မားမားကြီး တည် နေလေ၏ ။ သိမ်တွင်း သို့ ဝင် ခဲ့သော် ကိုရင် နှစ်ပါး နှင့် ဦးရာဇော ကို တွေ့ရ၏ ။ ဦးနန္ဒိယ ၊ ဦးနာရဒ နှင့် ကျောင်းသား ပေါကြွယ် တို့ မလာရောက် နိုင်ကြတော့ ချေ ။

    •••••   •••••   •••••   •••••

စစ် ပြီးသွားသည် အထိ ဆရာတော် ၊ ဦးရာဇော နှင့် ကိုရင် နှစ်ပါး တို့ သည် သိမ်တွင်း၌ နေကြရ၏ ။ ထမင်း တစ်နေ့ တစ်နပ် ပင် ပြတ်သည် ကို ပေါင်မုန့် ကု,လား တစ်ယောက် ရိပ်မိ၍ လာ လှူမှ ပေါင်မုန့် တစ်လှည့် မုန့်ကြွပ် တစ်လှည့် ၊ ထောပတ်မုန့် တစ်လှည့် စားရသည်များ မှ လည်း လွတ်ကင်း ခဲ့ လေပြီ ။ သို့သော် ယခင် အခြေအနေ သို့ ပြန် မရောက်တော့ချေ ။

သူဌေးဦးဖိုးနှင်း လည်း မွဲ လေပြီ ။ ဆွမ်းဒကာ တို့ လည်း အများအားဖြင့် ဆင်းရဲကုန် ကြကာ ဒကာ့ သားသမီးများ လည်း ခေတ်ပညာ သင်၍ လခစားများ ဖြစ်ပြီး ကျောင်း တိုက် ကို ဆက်လက် မကိုးကွယ်ကြတော့ သည် မို့ ကွန်မြူနစ် တွေ ဖြစ်ကုန် ထင်ပါရဲ့ ဟု ဆရာတော် တွေးမိလေ၏ ။ သစ်သားကျောင်း ပြန် ဆောက် ဖို့ ရာ ဒကာဟောင်းများ ဆော်သြ ၍ တအိအိ နှင့် ကျောင်း ပြန် ဖြစ် လာ၏ ။ စာသင်သားများ လည်း များများ လက် မခံနိုင်တော့ ၊ စာချ ပုဂ္ဂိုလ် သုံးပါး ပြန် လာ သော် အိုမင်း စ ပြုပြီမို့ ဆွမ်း မှန်မှန် ထွက် မခံနိုင်ချေ ။ ဦးရာဇော တစ်ပါး သာ ညိုမောင်းလာသော အသားအရေ ၊ ရင့်ရော်လာသော မျက်နှာ နှင့် မိုး ရွာ ထဲ ဆွမ်း ထွက် ခံကာ ဆရာတော် မှ အစ ဘုန်းကြီး ကြီးများ ကို လုပ်ကျွေး လေ၏ ။ သနပ်ခါးတုံး ရောင်း နေသော ဇဝန လူထွက် လည်း လှူဖွယ်ဝတ္ထု လာ လှူ၏ ။ ဦးသောမန မူ တီဘီ ဖြစ်ကာ ဆေး မမှီဝဲနိုင် ဓာတ်စာ မစားနိုင်ဘဲ ပျံလွန်လေ၏ ။ အလွန် စိတ် တိုသော ဦးပညောဘာသ သည် ပင် စိတ် အေးငြိမ် ကာ သည်းခံ တတ် လာသည် ကို တွေ့ လေ၏ ။

ဦးဖိုးနှင်း သိမ် ကား ခိုင်ခိုင်မာမာ တည်လျက် နေသော်လည်း ပြုပြင်ဖို့ လို သေး၏ ။ ကြမ်းလုံးပြည့် ကော်ဇောကြီး ကား အနား လည်း စုတ်ဖွာ ၊ အမွေး လည်း ထုံး ပေပြီ ၊ သည် သိမ်ကြီး ကို မွမ်းမံသူ မှ ပေါ်ပါဦး မည်လား ။ သိမ်ဝင် ရဟန်းခံ ရှင်ပြုပွဲ ဖြစ်နိုင်ဦးမည်လား ဟု ဆရာတော် တွေးမိ တတ် လေသည် ။

တစ် ညနေ တွင် မြင်ဖူး သလိုလို ရှိသော လူရွယ် တစ်ဦး သည် ကိုးနှစ်ရွယ် သားကလေး ကို လက် တွဲ ၍ ကျောင်းတိုက် တွင်း သို့ ဝင် လာ လေ၏ ။ သူ့ နောက်က သူ့ ဒကာမ နှင့် တူသူ မိန်းကလေး လည်း ပါ လာ၏ ။ သူတို့ သည် ဆရာတော် ကို ဦးချ ၍ “ နေကောင်းပါရဲ့လား ဘုရား ” ဟု မေးလျှောက် လေ၏ ။

“ နင် တို့ က ဘယ်သူတုံး ဘယ်ကတုံး ” ဟု ဆရာတော် က မေး သော်

“ တပည့်တော် ဦးဖိုးနှင်း သား အပု ပါ ဘုရား ၊ ကြီးနာမည် တော့ မောင်အောင်ထွန်း ပါ ”

“ ဟေ ... ဟုတ်ကဲ့လား ၊ ဘယ် ပျောက်နေတုံး ။ မင်း အဖေ လေ ဖြတ်တဲ့ ဆီ ငါ တစ်ခါ တော့ ရောက်တယ် ။ မင်းတို့ အတူ မနေကြဘူး ထင်တယ် ”

“ တင်ပါ ဘုရား ၊ အိမ်ခွဲ နေပါတယ် ။ ဒါကတော့ တပည့်တော် ဒကာမ ပါ ။ ဒါက တော့ သား ပါ ။ ဟဲ့ လူလေး .... ဆရာတော် ကို ကန်တော့ ပြီးပြီလား ”

“ ပြီးပြီ ဖေဖေ ရဲ့”

“ ကလေး တောင် အတော် ကြီးမှ ကိုး ”

“ တင်ပါ ရှင် ပြုချင်ပါပြီ ဘုရား ။ အရှင်ဘုရား တို့ ကျောင်း မှာ အပ် ၊ သိမ် ထဲ မှာ ရှင်ပြု ရမယ် လို့ ဖေဖေ က ပြောပါတယ် ဘုရား ”

“ အင်း .... ကောင်းတယ် ” ဟု ဆရာတော် က မိန့်၏ ။

“ ကလေး ကျောင်း ပိတ် ပိတ်ချင်း တပည့်တော် တို့ တစ်ခါ လာပါဦးမယ် ဘုရား ”

“ ဟဲ့ နေဦး ... ၊ နင့် ကလေး နာမည်က ဘယ်လိုတုံး ကွဲ့ ” ဟု ဆရာတော် က သတိ ရ လာပြန်လေ၏ ။

“ တပည့်တော် နာမည် မောင်လေးမြင့် ပါ ” ဟု ကလေး က သွက်သွက်လက်လက် ဖြေ လေ၏ ။

“ မင်း ကိုရင် ဝတ် မလား ၊ ဟောဟို သိမ်ကြီး ထဲ မှာလေ ။ အဲဒါ မင့် ဘိုးအေ ဆောက် တဲ့ သိမ်ပဲ ” ဟု ဆရာတော် က ပြောလေ၏ ။

“ အဖေကြီး ဆောက်တဲ့ သိမ် ဆို ကျွန်တော် တို့ သိမ် ပေါ့နော် ဖေဖေ ”

“ ဒါပေါ့ သား ရဲ့ ”

“ ကျွန်တော်တို့ သိမ် ကို ကျွန်တော် ရှင်ပြု ဖို့ ဆေး အသစ် သုတ်ဦး မှ ပေါ့ ဖေဖေ ရဲ့ ။ ဟိုမှာ အင်္ဂတေတွေ က လည်း ကွာ လို့  ။ ဒီလိုဆို ဘယ် လှမလဲ ” ဟု ကလေး က ပြော လေ၏ ။ သူ့ အဖေ က ရယ်မော လေ ၏ ။ သူ့ အမေ က လိမ္မော်သီးခြင်း ကို ဦးရာဇော ထံ ဆက်ကပ်၏ ။ ဆရာတော် က မူ ကား စိတ် တွင်း မှ သာဓု ခေါ် စ ပြု လေ၏ ။

◾ ကြည်အေး

📖 မြဝတီမဂ္ဂဇင်း

📖 ကြည်အေး ဝတ္ထုတိုပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment