Wednesday, April 12, 2023

ရွှေပြည်တော်သည် ( ၃ )


 ( ၃ )


🔳 ပွင့်စမာလာ


ပိန်းနှဲကွင်းရွာ ဖော်ပြခဲ့ပါ မရည်သန့် တို့ အိမ် အပေါ် ထပ် တွင် တစ်ယောက် အိပ် ခုတင် တစ်လုံး ကို မွေ့ရာ ခြင်ထောင် နှင့် အသင့် ပြင်ပြီး နေ၍ လှပစွာ ဝတ်စားဆင်ယင် ထား သော မိန်းမပျိုကလေး သည် ထို အိပ်ရာ ပေါ် ၌ ပက်လက် လှန်ကာ ယောက်ျားပျို ၏ ဓါတ်ပုံ ကို မျက်နှာ အပ်၍ စိတ်ကူး ယဉ် လျက် ရှိလေသည် ။ အနီး ၌ တစ်စုံတစ်ယောက် ရှိမည် ဆိုလျှင် တီးတိုး ပြော နေသံ ကို ကြား ရပေမည် ။ 


“ မောင်နော် - မောင် ...  ဟော့ဒီ ခုတင် ပေါ် မှာ ဟောဒီ လို ပဲ အိပ်ရမယ် .. ည အချိန်မတော် သန့် အခန်း တော့ ထ မလာရဘူး ...  သိရဲ့ လား ၊ ဟင်း .. အထဲ က နေပြီး တံခါးမင်းတုံး ချ ထားလိုက် မှာ ဆရာ ၊ နို့ ပြီး သန့် က မောင်ကလေး နဲ့ အတူ အိပ်တာ - မဖြစ် ပါဘူး မောင် ရယ် .. မေမေ့ အခန်း က လဲ ခြေရင်း ခေါင်းရင်း ကပ် လို့  ၊ မင်္ဂလာ - မင်္ဂလာ ဆောင် ပြီး မှ မောင့် သဘော နော် ... ဟုတ် လား ...  အဲဒီတော့ မောင် က သန့် ပိုင် ရော ၊ သန့် က လဲ မောင့် ကို ပိုင်ရော ... ကြည့် လေ ... ကြည့် လေ ... ” 


ဓါတ်ပုံ နဖူး လက်ညိုး နှင့် ထောက်၍ 


“ သူ ဒီ က အကောင်း ပြော နေတာ သူ က ပြုံးစိစိ နဲ့ ဟင်း ... မောင့် နဖူး က လဲ လှလှကလေး ၊ ခေါင်း က လဲ ဆံပင် အခွေကလေးတွေ နဲ့ နို့ ပြီး ပါးချိုင့် ကလဲ ရှိ သေးတော့ ဧကန္တ ဧကန္တ - မောင် ဟာ မျက်နှာ များမယ့် လူ ပါ ၊ ဒီလိုဆို သန့် မကြိုက် ဘူးကွယ် ... သိလား ၊ ဟင့် - ဟင့် ” 


ရှိုက်ရင်း ကိုယ်ကလေး ကို စောင်း ပစ် လိုက်သည် ။


“ ကြည့်လေ ... သူ ဘယ်လောက်များ တတ် နိုင် သလဲ လူများ ကို ရိုးရိုး မိတ်ဖွဲ့စာ ရေးတာပဲ နာမည်ကလေး က “ မရည်သန့် ” ဆို တော့ သိပ် စာပေ ဆန်တဲ့ စကားလုံးကလေးဘဲ တဲ့ ၊ နိုပြီး - အသက် လဲ ၁၆ နှစ် ဆိုတော့ ( အို .. ငါ ကလဲ ဘာပြုလို့ များ ကိုယ့် အသက်အရွယ် ပါ ထည့် ရေး လိုက်မိတယ် မသိပါဘူး ။ ) ကိုယ့် ရဲ့ ညီမကလေး လောက် ရှိတာဘဲ ၊ ညီမကလေး တစ်ယောက် ရ လို့ ဝမ်းသာပါ တယ်ဗျာ ... ဆိုပြီး တော့ သူ့ ကိုယ် သူ ဒီ က ဦးသော်တာစိန် ရေး နေရာ က “ အစ်ကိုစိန် ” ဖြစ်အောင် လုပ်တယ် ၊ နောက် - ဓါတ်ပုံ ချင်း လဲ ပြီး တယ် မကြာပါဘူး လူများ ကို အစ်ကိုစိန် ခေါ် နေရာ က “ မောင် ” ဖြစ် သွားအောင် သူ လုပ်တယ် ၊ သူ အားကြီး တတ် နိုင် တယ် ... ။ အဂေါ်ဝိဇ္ဇာ အဂေါ် ပါမောက္ခကြီး ပေါ့ လေ ... ဟုတ်လား ... ဒီ စကားလုံးတွေ ဟာ သူ့ ကိုယ် သူ ဟုတ်နေလို့ သူ့ ဟာ သူ ရှာ ထွင်တာဘဲ ... ” 


နှုတ်ခမ်းကလေး စူ သွား ပြန် ကာ .. 


“ ဒီလိုဆို မောင် ဟာ အားကြီး ကြောက်စရာ ကောင်း တာပေါ့ ...  မြန်မာ တစ်ပြည်လုံး မှာ သန့် လို ဘဲ မောင့် ဆီ မိတ်ဖွဲ့ စာ ရေး မဲ့ မိန်းကလေးတွေ အများကြီး ၊ အဲဒီဟာတွေ ကို သာ မောင် က သန့် ကို လုပ် သလို အို - အို - အို သန့် ဆက် မတွေးဝံ့တော့ဘူး သိလား ... ”


နား နစ်ဘက် ကို လက်ဝါး နှင့် ပိတ် လိုက်ကာ ရွှေရင်အုံ နိမ့်ချည် မြင့်ချည် နှင့် သက်ပြင်း ရှူ ရင်း နှုတ် မှ တီးတိုးသံ ခေတ္တ ပြတ် သွား သည် ။


ပြီးမှ တစ်ဖန် အိပ် ရာ က ငေါက်ခနဲ ထပြီး ၊ ခုတင် ပေါ် တင်ပါးလွဲ ထိုင်၍ ဓါတ်ပုံ ကို ကောက်ကိုင် ပြန်ကာ လက်ညိုး ငေါက်ငေါက် ထိုး လျက် ... 


“ မောင် ဟာ စာ ရေး လဲ ကောင်းတယ် ၊ ရုပ် လဲ ချောတယ် ... ရည်းစားတွေ အများကြီး ရှိမှာဘဲ - ဟုတ်လား မဟုတ်ဘူးလား ပြော ဟင်း ... ဒီ ကိစ္စ ကို လူ ကိုယ်တိုင် ရောက် လာ မှ မျက်နှာချင်း ဆိုင် ရှင်း ရမယ် ၊ သန့် ကို မလိမ်ရဘူး မဝါ ရဘူး ။ မှန်တာ ကို ပြော ဟုတ်တာ ကို ဝန်ခံ ရင် ဖြင့် သန့် က ဒီလောက် မရိုင်းဘူး ၊ အတိတ် ကို ခွင့်လွှတ် မှာ ဘဲ ၊ အဲ သန့် ဆီ ရောက် ပြီးမှ နောက်ထပ် ဘာဘာညာညာ ဆိုရင် ဖြင့် မိသန့် အကြောင်း ပြလိုက်မယ် ၊ မောင့် ကျောပြင် ဗျော တင် ပြီ သာ မှတ်ပေရော့ .. ”


ယင်းအခိုက် အိမ် ရှေ့ လမ်းမ မှ နွား ချူ သံ ကြား ရပြီး နောက် အိမ် အောက်ထပ် မှ ..


“ သမီးရေ ... ရွှေဂဲ လှည်း ယူလာပဟေ့ ...” 


မေမေ့ အသံ ကို ကြားရသည် ၌ လက်သီး ကလေး ဆုပ် ကာ နှုတ်ခမ်းကလေး စူကာ ဓါတ်ပုံ ကြည့် ပြီး တစ်ယောက် ထည်း ဒေါ'ပွ နေ သော မရည်သန့် ကလေး မှာ သူ့ ဟာ သူ သတိ ရ ပြီး ရုတ်တရက်


“ မိန်းကလေး အဖို့ ဟို က လူ မူ မမှန်တော့ မခက်ပေ ဘူးလား မေမေ က အခု အိမ် လက်ခံ ဘို့ တောင် စီမံတယ် ”


“ သမီး ရဲ့ သူတို့ ချင်း မနေနိုင်လို့ ဖြစ် ကြတော့ တခြား မှာ ချိန်းတွေ့ တာ ထက် အိမ် မှာ တွေ့ခွင့် ပေး လိုက် တာ က မကောင်း ဘူးလား ကွယ် - ကိုယ့် မျက်စေ့ ရှေ့ တင် ”


“  ဒါတော့ ဟုတ်ပါတယ် ၊ မေမေ အိမ် ဘိတ်မန္တက ပြု ရလောက် အောင် ဒီ လူ အကြောင်း ဘာများ သိ ရသေးလို့ လဲ ... အိမ် ရောက် လာတော့ အပြောအဆို နဲ့ ရုပ်ရည်ရူပကာ တော့ ရန်ကုန်သား ပီပီ ကောင်းပါပြီတဲ့ ရှင် ဒါပေမဲ့ - သူ့ နောက်ပိုင်း မှာ သားကြီး မယားကြီး ရှိ နေတော့ ဘယ့်နှယ် လုပ်မလဲ ၊ မြို့ကြီးသားတွေ စိတ် ချ ရတာ မဟုတ်ဘူး ”


“ သမီး ပြောတာတွေ မေမေ စဉ်းစားပြီးသား ပါ ၊ ဒါကြောင့် ရန်ကုန် မှာ ကိုယ့်သွေး ကိုယ့်သား ထဲ က စိတ်ချ ရတဲ့ မောင်စံဝင်း ကို စုံစမ်း ခိုင်း လိုက်တယ်လေ ၊ မောင်စံဝင်း က ရှုမညီး စာအုပ်တိုက် အဆက်အသွယ် ရှိတော့ အဲဒီ စာရေးဆရာ ကို ရင်းရင်းနှီးနှီး ပဲ သိတယ် တဲ့ ။ လွတ်လွတ်လပ်လပ် လူပျို ပါ ပဲ တဲ့ ၊ အယ်ဒီတာ ခ နဲ့ သူ့ ဟာ သူ ဝတ္ထု ရေး တာ နဲ့ တလ တစ်ထောင် လောက် ဝင်ငွေ ရှိ တယ်တဲ့ ” 


မကြည်ခန့် မျက်နှာ ရွှင်လန်း သွား ကာ 


“ ဟုတ်လား မေမေ .. ဒီလိုဆို ကောင်းပါလေ တော် ” 


“ နို့ပြီး သူ စာရေးဆရာ တစ်ယောက် ဂုဏ် နဲ့ အိမ်တိုင်ယာရောက် လာတယ် ဆို တော့ သူ့ မေတ္တာ စစ် လိမ့်မယ် ဆိုတာ လဲ မေမေ ယုံတယ် ”


“ အမယ်လေး .. ဒါတော့ မေမေ ကိုယ်တိုင် က သော်တာစိန် ဝတ္တု တွေ ဖတ် - သဘော ကျပြီး ...”


“ နို့ မမ ... ကော ” မရည်သန့် ကလေး သည် စိတ်တိုင်းကျ ပြင် ဆင် ပြီး အိမ်ပေါ် မှ ဆင်း လာရင်း သူ့ အမ စကား ကို ကြား ၍ ဝင် ထောက် လိုက် သည် ။


“ မမ ဘဲ သော်တာစိန် ရေး တဲ့ ဝတ္ထုတွေ ကောင်းတယ် ကောင်းတယ် ဆိုပြီး အိမ် ယူ - ယူ လာလို့ ကျွန်မ စပြီး ဖတ်ရတာ ” 


ခန့် - “ အေ ... ဒါကတော့ သော်တာစိန် ဝတ္ထု ဖတ်ရုံတင် လောက်ပါ ”  


သန့် - “ ဒါကတော့ ကိုယ့် ကုသိုလ်ကံ အကျိုး ပေး သလောက် ဘဲပေါ့ ...”


ခန့် - “ အောင်မာ ကောင်မ က သူ့ လင် ဘဲ သူ ” 


မခံချင်စိတ် နှင့် ရုတ်တရက် စကား မှား သွား၍ 


“ အယ် ... ဟုတ်သေးပါဘူး ”


“ ဟုတ်တယ် - အဲ - အတည် ပြု လိုက်ပါတော့ ဗျာ ၊ မကြာမီ ဖြစ်ကြတော့မှာ ဘဲ ဟဲ - ဘဲ - ”


လှည်း နှင့် နွား ကို နေထား တကျ ပြု ပြီး မှ အိမ် ထဲ ဝင် လာသော ရွှေဂဲ က ထောက်ခံ လိုက်သည် ။ 


မကြည်ခန့် က မျက်လုံး တစ်ချက် ဝင့် ၍


“ နင် က တော့ ယောက်ဖ ရမယ် ဆို ဝမ်းသာ နေပေါ့ လေ ” 


ဂဲ - “ မသာဘဲ ရှိမလား မမခန့် ရယ် ... ကိုယ် ကို ကျွေးမွေးပြုစုမဲ့ လူ တစ်ယောက် ကောက် ရ တာပဲ ၊ ဟော .. ကျွန်တော် ၁၀ - တန်း အောင် လို့ ရန်ကုန် သွား ကျောင်း နေရမယ် ဆို တော့ အခု လာမဲ့ ယောက်ဖ က ရန်ကုန်သား ဗျ ၊ ဘယ်လောက် ဟန်ကျ လဲ ... ” 


ပြော လိုက်ပြီး သူ့ အမေ ဘက် လှည့် ၍ 


“ ကဲ ... ယောက်ဖ ထိုင်ဖို့ ကော်ဇော ပေးကြပါဦး ...”


ခန့် - “ မင့် ဟာ ဘုန်းကြီး ပင့် တာ ကျနေတာဘဲ ” 


ဂဲ - “ ဘုန်းကြီး ပင့်တာ ထက် အရေး ကြီးပြီလား မမ ရ ...  ဘုန်းကြီး ဆိုတာ ဆွမ်း စား ပြန် ကြွ သွားတာ ၊ အခု ကိုယ်တော် က တော့ တော်တော် နဲ့ ပြန်မှာ မဟုတ်ဘူး ...”


ခန့် - “ ကြည့်စမ်း ဒီ ကောင်လေး ကို စကား တတ် နေတယ် ...” 


ဂဲ - “ ဒါတော့ မမခန့် ဘဲ ကျွန်တော့ စ ပြီး သင် ထားတာ ကို ” 


ခန့် - “ မင်း များ ငါ ဘယ်လို သင် ရလို့တုန်း ... ”  


မကြည်ခန့် ယောက်ျား ကို လက်ညိုး ထိုး ပြကာ -


“ ဟောဒီ ယောက်ဖကြီး အိမ် ရောက်လာစ တုန်း ကလေ ကျွန်တော် က လေးငါးနှစ် သား လောက် က ဘာ နား မလည် ၊ ညာ နား မလည် နဲ့ ဒီ လူကြီး ဘယ်တော့ ပြန်မလဲ ၊ ပြန်မလဲ မေးတော့ မမခန့် က နက်ဖြန် ပြန်မယ် ၊ သဘက်ခါ ပြန်မယ် ဘဲ ဟော ဘယ်တော့ ပြန် တော့လို့ လဲ ...”


အားလုံးပင် ဝိုင်း ၍ ရွှေဂဲ ကို ချစ်စနိုး ရယ်မောကြသည် ။ နောက် ဆုံး၌ သူတို့ မေမေ က -


“ ကဲ ... သွားကြ အချိန် ဆိုတာ ကိုယ် က စော ရောက် နေရင် ကောင်းတယ် ”


ခန့် - “ ဘယ်လူ ဘယ်လူ သွားကြမလဲ ”


ဂဲ - “ ကျနော်တို့ မောင်နှစ်မ ဘဲ ပေါ့ ဗျ ... မမခန့် က ဘာလို့ ရှုတ် ချင်သေးလို့လဲ ”


ခန့် “ မရှုတ်ချင်ပါဘူးကွယ် ... မင်းတို့ ဟာ မင်းတို့ ဘဲ သွား ပင့် ချေကြပါ ...” 


မရည်သန့်ကလေး သည် လှည်းယာဉ်အိမ်ငယ်ကလေး ထဲ မှာ ကော်ဇော ကို တန်ရုံကလေး ခေါက် ခင်းပြီး ထိုင် လိုက်လေသည် ။


မောင်ကလေး ရွှေဂဲ သည် လှည်းဒေါက် ကို ဖြုတ် ကာ လှည်း ပေါ်  စွေ့ ကနဲ ခုန် တက် လိုက်ပြီး ကျွမ်းကျင်စွာ မောင်းနှင် ထွက်ခွာ သွား လေသည် ။ နွားချူသံ တချွံချွံ နှင့် နွားခြေ “ ဆရံ ” မှ ခတ် ထုတ်လိုက်သော ဖုံခိုး တို့ သည် ရွာရိုး မှာ စီလျှံဝေ သွားလေ၏ ။


ညနေတစ်စောင်း - နေခြည် က ကောင်းတုန်းမို့ မရည်သန့် သည် မရမ်းနုရောင် ပိုးထီး ကို ဖွင့် ဆောင်း၍ ၊ နေကာ မျက်မှန် ကို တပ် လိုက်ရာ ... သူ့ မျက်နှာ ပပဝင်းကလေး သည် ပင် ကို ပေါ်လွင် သော နှုတ်ခမ်း မို့ နီတျာတျာ နှင့် လွန်စွာ ပဏာရလေ၏ ။


သူ့ မောင် ရွှေဂဲ သည် ပင် ၊ လှည်း မောင်းရင်း သူ့ အစ်မ ကို မကြာခဏ လှည့် လှည့် ကြည့်ပြီး သည်၏ နောက်ဆုံး၌  “ အစ်မ က ကွာ - လင် ရခါ နီး မို့ ထင် ပါရဲ့ သိပ် လှ နေတာဘဲ ” ဟု မှတ်ချက် ချ လိုက်၏ ။


မရည်သန့် မှာ လည်း ဤအချိန် ဤအခါ တွင် စိတ် ၏ အတက် ကြွဆုံး ဖြစ် နေ၍ ပွင့်လင်းရွှင်မြူးစွာ ပင် -


“ အရင်တုန်း က ကော မလှဘူးလား - မောင်လေး ရဲ့ ” 


“ အရင်တုန်း က လှတာ က တစ်မျိုး - အခု လှတာက တကယ့် မြို့ကြီးသူ ရဲ့ အလှ ... ”

 

မရည်သန့် သည် အထက်တန်း ကျကျ အဖိုးတန် ပစ္စည်းများ နှင့် ဆင်ယင် ထားသော သူ့ ကိုယ် ကို ငုံ့ ကြည့်ရင်း


“ အို ... ဟုတ်လား ကွဲ့ ... ” 


ဟု ဆို လိုက်ပြီး သူ့ ကိုယ် သူ ကျေနပ်စွာ နှင့် 


“ ဒါတော့ ငါ့ လင် က မြို့ကြီးသား ဆိုတော့ မြို့ကြီးသူ လို ဆင် ခဲ့ ရတာပေါ့ မောင်လေး ရဲ့ ”


“ အော ဒါနဲ့ - မမ ” 


“ ဘာတုန်း မောင်လေး ” 


မောင်ရွှေဂဲ သည် တစ်စုံတစ်ခု ကို အတွေးကျူးလျက် -


“ အခု ည မမ နဲ့ ငါ အတူ မအိပ်ရတော့ဘူးပေါ့ ” 


“ ဟဲ့ - ဘာကြောင့်တုန်း ”  


“ ယောက်ဖ လာပြီ ကို ”


“ အို .. မဟုတ်တာ တို့ မင်္ဂလာ မှ မဆောင်ရသေးတာဘဲ ” 


“ မင်္ဂလာ က ဘယ်တော့ ဆောင် မှာလဲ ”


“ ဒါတော့ လူကြီးတွေ နေ့ကောင်း ရက်သာ ရွေးပေး မှာ ပေါ့ ” 


“ နင် တို့ မင်္ဂလာ ဆောင်ပြီး ရန်ကုန် လိုက် သွားမှာလား ဟယ် ” 


မရည်သန့် သည် နှေးကွေး သွား ကာ -


“ ဒါတော့ မပြောတတ်သေးဘူးကွယ် ...”  


ထိုနောက် အတွေး ကိုယ်စီ နှင့် စကား ပြတ် သွားကြပြီး လှည်း ကို ကကြိုး သတ်လိုက် ကကြိုး နှင်လိုက် ဖြင့် ကသာမြို့ဆီ သို့ ချဉ်း ကပ် သွားကြလေ၏ ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment