Tuesday, April 18, 2023

တို့ အဖြစ် က နင့် ထက် ဆိုးတယ်


 ❝ တို့ အဖြစ် က နင့် ထက် ဆိုးတယ် ❞


“ လူတွေ ရဲ့ စိတ် ဟာ အတော်ဆန်း ကျယ်တယ် နော် အစ်ကိုကြီး ”


“ အမယ်လေး ကြီးကျယ် လိုက်တာ ရှင်းစမ်းပါဦး ဘာဖြစ်လို့လဲ ”


ကျွန်တော် တို့ သင်္ဘော သည် ပစိဖိတ်သမုဒ္ဒရာကြီး ကို ဖြတ်ကျော် ခုတ်မောင်း နေစဉ် တက်မစင် မှာ တာဝန်ကျ နေ သော သင်္ဘောသားလေး က လူတွေ ရဲ့ စိတ်ဓာတ် နဲ့ ပတ်သက်ပြီး မှတ်ချက်ချ ညည်းညူသည် ကို ကြား ရ၍ ဗဟုသုတ ရလို ရငြား မေး လိုက်မိသည် ။


အောင်မျိုးညွန့် က သူ့ ဇနီး ထံ မှ လာ သော စာပါ အကြောင်းအရာ တစ်ခု နှင့် ဆက်စပ် နေသည့် သူ့ အိမ်ထောင်ရေး ပြဿနာ တစ်ခု ကို ပြော ပြသည် ။


အောင်မျိုးညွန့် သည် သူ့ ဇနီး နှင့် မညား မီ ကပင် ယောက္ခမ အိမ် သို့ သွားလာ ဝင်ထွက် နေခဲ့သည် ဟု ဆိုသည် ။ သူ့ မရီး ဖြစ် လာ မည့် ရုံးစာရေး အပျိုကြီး ဦးဆောင်သည့် မြောက်ဥက္ကလာ -- ရပ်ကွက် ၊ ဓမ္မာရုံ ဝတ် အသင်း မှာ အသင်းသား အဖြစ် ပါဝင်ခဲ့ ဖူး၍ ဝတ်အသင်း ခေါင်းဆောင် အပျိုကြီး နှင့် လက်ပွန်းတတီး ရှိ ခဲ့ပြီး မမ မမ ဟု တဖွဖွ ခေါ်ခဲ့ရသည် ဟု ဆိုသည် ။


အပျိုကြီး က လည်း ရပ်ရေးရွာရေး ၊ သာရေး နာရေး ၊ ဘာရေး ညာရေး ဘာမဆို အကြောင်းကြီးငယ် ရှိလျှင် နေ့ည မဟူ အကူအညီ ပေး နိုင်ရန် အတွက် ဝတ်အသင်းသားလေး အောင်မျိုးညွန့် ကို လက်ကတုံး တောင်ဝှေး အဖြစ် အသုံးပြု ခဲ့သည် ။


တစ်ခါတစ်ရံ အကြောင်းကိစ္စ အမျိုးမျိုး ဖြင့် ညမှု ညတာ အချိန်အခါ မဲ့ အတူ သွား အတူ လာ လုပ်ခဲ့ရစဉ် က မြို့သစ်ရပ်ကွက် တို့ ၏ ဓာတ်မီးတိုင် မှိန်ပျပျ အောက် မှာ အရိပ်ကျ နေသော လမ်းကျဉ်းကလေး ထဲ မှာ မမ ခလုတ်တိုက် လဲ မှာ စိုး ၍ တူ နှစ်ကိုယ် လက်ချင်း တွဲ ခေါ် ရတာမျိုး လည်း ရှိခဲ့သည် ။


ခွေး ထွက် လိုက် လို့ အကိုက် ခံရ မှာ ကြောက်တယ် ဆိုပြီး လိုအပ်တာ ထက် ပို ဖက် ထားသော မမ ကို မကြောက်ရန် အားပေး ၍ ခွေး ကို အော်ငေါက် ခဲ ဖြင့် ပေါက် ပေးခဲ့ရသည့် အဖြစ်မျိုး လည်း ရှိခဲ့သည် ဟု ဆိုပါသည် ။


အောင်မျိုးညွန့် မှာ အပျိုကြီး မမ အိမ် သို့ နေ့တစ်ဓူဝ ဝင်ထွက် သွားလာ နေသော အခါ အပျိုကြီး ၏ ညီမ အငယ် ဆယ်တန်းကျောင်းသူ နှင့် လူငယ်တို့ ဘာဝ ချစ်ကြိုက် ကြပြီး ခိုးပြေးကြ လေတော့သည် ။


ခုတ်ရာ တခြား ရှရာ တလွဲ ဖြစ်ပြီ မို့ အပျိုကြီး ခမျာ ဆောက်တည်ရာ မရ ဖြစ် သွား လေသည် ။ “ စေတီ မှတ်လို့ ကိုးကွယ် နေတာ ဖွတ် ထွက် မှ တောင်ပို့ မှန်း သိ တော့တယ် ၊ ဒီယုံ မြင်လို့ ဒီချုံထွင် နေတဲ့ ကိလေသာ မုဆိုး ” စသည်ဖြင့် တတ်သမျှ မှတ်သမျှတွေ နဲ့ ဆဲဆိုပြီး “ အောင်မျိုးညွန့် ဆိုတဲ့ အကောင် ရဲ့ အသံ လဲ မကြားချင် ၊ ရုပ် လဲ မမြင်ချင် ” ဟု ပြောပြီး အိမ် က ထွက် သွား သည် ။ သူ့ ရုံး က လုပ်ဖော် ကိုင်ဖက် စာရေးမ အိမ် မှာ သွား နေသည် ။


အောင်မျိုးညွန့် တို့ ကိစ္စ ကို နှစ်ဖက် မိဘများ သဘော တူ၍ မင်္ဂလာကိစ္စ အတွက် အပျိုကြီးကို ခေါ်ရာ လိုက် မလာသည့် အပြင် “ အဲဒီ အကောင် ရဲ့ မျက်နှာ ကို မကြည့်ချင် ” ဟု ပြော လွှတ် လိုက်သည် ။ မင်္ဂလာ ကိစ္စ ပြီး ၍ တစ်လ ခန့်ကြာ မှ မျက်နှာ သုန်သုန်မှုန်မှုန်ဖြင့် အိမ် ပြန် ရောက် လာသည် ။ သူ့ ညီမ ကို စကား ပြောသော် လည်း အောင်မျိုးညွန့် ကို လုံးဝ စကား မပြော ဟု ဆိုသည် ။


အောင်မျိုးညွှန့် သင်္ဘောသား ဖြစ် ၍ နိုင်ငံခြား သို့ ထွက်လာသော အခါ အောင်မျိုးညွန့် ၏ ဇနီး မှာ ကိုယ်ဝန် အရင့်အမာ ဖြင့် ကျန် နေခဲ့သည် ။


ဇနီး ထံ မှ နောက်ဆုံး ရရှိသည့် စာ အရ သားလေး မွေးပြီး ၍ မိခင် ရော ကလေး ပါ ကျန်းမာကြောင်း ၊ အောင်မျိုးညွန့် မျက်နှာ ကို မကြည့်ချင် ဆို သည့် အပျိုကြီး က အောင်မျိုးညွန့် ၏ သားလေး ကို လက် ပေါ် က မချ ချစ် ကြောင်း ၊ “ သူ့ သားလေး ကို သူ ကြည့်ချင် မြင်ချင် ရှာမှာပဲ ” လို့ ပြောပြီး မျက်ရည် ကျ ကြောင်း ၊ “ အိပ်မက် ထဲ မှာ မျက်နှာငယ်လေး နဲ့ တွေ့တယ် ၊ သူ နေလို့ မှ ကောင်းရဲ့လား မသိဘူး ” လို့ ပြောကြောင်း ၊ တကယ်တော့ မမ ဟာ အစ်ကို့ ကို တကယ် မမုန်းပါဘူး ၊ သူ့ ကို မတိုင်ပင်ဘဲ ညီမ ကို ခိုးပြေး လို့ စိတ်ဆိုး သွားတာ သာ ဖြစ်ကြောင်း စသည် ဖြင့် အောင်မျိုးညွန့် က သူ့ ဇနီး ထံ မှ လာ သော စာပါ အကြောင်းအရာများ ကို ပြောပြရင်း မှ သူ့ မရီး အပျိုကြီး ၏ စိတ် သဘောထား ထူးခြား ဆန်းကြယ်ပုံ ကို တအံ့တဩ ပြော ပြသည် ။


“ ဟင်း ဟင်း ”


သူ့ စကား ဆုံးတော့ ကျွန်တော် သဘောကျ လွန်း၍ အသံ ထွက် အောင် ပင် ပြုံးလိုက် မိ ပါသည် ။ ပြီးတော့မှ သတိပေး စကား ပြော လိုက်သည် ။


“ မင်း မြန်မာပြည် ပြန် ရောက်ပြီး လို့ လူကြီးလူကောင်း အဖြစ် နဲ့ ဂုဏ်သိက္ခာ ရှိရှိ နေချင်တယ် ဆိုရင် မင့် မရီး အပျိုကြီး နဲ့ နီးနီးကပ်ကပ် မနေ မိ ဖို့ အရေးကြီးတယ် နော် ၊ ရှင်းရှင်း ပြောမယ်ကွာ ၊ အိမ်ခွဲ နေရင် အကောင်းဆုံး ပဲ ”


“ ဘာဖြစ်လို့လဲ အစ်ကိုကြီး ရဲ့ ”


“ ဘာဖြစ်လို့လဲ ဆိုတော့ မင်း သဘောပေါက် အောင် တို့ ဆွေမျိုးစု ရဲ့ အဖြစ်အပျက် တစ်ခု ကို ပြောပြမယ် နားထောင် ၊ တို့ အဖြစ် က နင့် ထက် ဆိုးတယ် ကွ ”


•••••  ••••••  •••••


ကျွန်တော်တို့ ဘကြီး ဦးကြာခိုင် အသက် ငါးဆယ် ကျော် မှာ ဆီးချုပ် ဝမ်းချုပ် ရောဂါ နဲ့ ဆုံးတော့ ကြီးတော် က ရိုးရိုးအအ ၊ မလုပ်တတ် မကိုင်တတ် နဲ့ မို့ ကျွန်တော်တို့ ဒေါ်လေး မအေးကြွယ် ( ဘကြီးကြာခိုင် ရဲ့ နှမ အငယ်ဆုံး ) က အိမ်ထောင် ကို ဦးစီး ရ တော့သည် ။


ဘကြီးကြာခိုင် က ကျွန်တော့် အဖေ ရဲ့အစ်ကို တစ်ဝမ်း ပဲ ကွဲ သည် ။ ဆွေမျိုးရင်းချာ ရုံ သာမက အိမ် ချင်း ကလည်း မဝေးလှဘဲ မျက်နှာချင်း ဆိုင် မကျ တကျ ၊ ရှေ့နောက် ဝဲယာ တို့ မှာ ဆွေမျိုးတွေ စုပြီး နေခဲ့ ကြသည် ။


ဘကြီးကြာခိုင် ဆုံးသည့် အချိန် က သူတို့ လယ် မှာ စပါး မသိမ်းရသေး ။ မိန်းမသားတွေ ချည်း ဆိုတော့ မလုပ်တတ် မကိုင်တတ် မို့ ကြီးတော်ကြီး ဘက် က စပ် နိုင် လျှင် ဆွေမျိုး တစ်စ တော်သည့် ကျောက်ပါးစပ် ရွာသား ကိုထွန်းမောင် ကို စာရင်းငှား အဖြစ် ခေါ်ရတော့ သည် ။ ကိုထွန်းမောင် က အားကောင်းမောင်းသန် လူပျိုကြီး ဖြစ်သည် ။ လွှတိုက် အငှား လိုက် နေရာ မှ လယ်စာရင်းငှား အလုပ် ရမည် ဆို၍ ဝမ်းသာအားရ လိုက် လာသည် ။


အလုပ်ကြမ်းသမား ပေမယ့် ရည်ရည်မွန်မွန် ရှိသည် ။ ကိုရင်ဝတ် ဖြင့် သင်္ဂြိုဟ် ကိုးပိုင်း နှင့် သဒ္ဒါကြီး ရှစ်စောင် ကို စာဝါ တစ်ကြိမ် စီ ပေါက်ပြီး သူ ဖြစ်သည့် အပြင် ဆရာတော် ၏ လက်ရင်း တပည့် တစ်ဦး လည်း ဖြစ်သည် ။


ကိုထွန်းမောင် အလုပ် စ ဝင် တော့ ရွာသူရွာသားတွေ ပြုံး ကြသည် ။ လူပျိုကြီး ထွန်းမောင် နဲ့ နုတ်သွက် လျှာသွက် ၊ ခြေသွက် လက်သွက် ၊ တစ်ကိုယ်လုံး သွက် နေတဲ့ အပျိုကြီး မအေးကြွယ် တို့ ဘယ်နေ့ ဘာဖြစ်ကြမလဲ မသိ ဆိုတာ တွေးပြီး ပြုံးကြခြင်း ဖြစ်သည် ။ ပြုံးတဲ့ အထဲ မှာ ကျွန်တော် တို့ အိမ်က လူ တွေ လည်း ပါသည် ။


ဘကြီးဦးကြာခိုင် ၏ အိမ်ခြံဝင်း ထဲ မှာ နွားကြီး လေးကောင် ချောင်ချောင် နေနိုင် အိပ်နိုင် သည့် နွားတင်းကုပ်ကြီး ရှိသည် ။ နွားတင်းကုပ် ဆိုပေမယ့် ရန်ကုန်မြို့သစ်တွေ က သာမန် အိမ် တစ်လုံးလောက် ကြီး ပါသည် ။ နွားတဲကြီး ၏ တစ်ဖက်စွန်း တွင် သာမန် မိသားစု တစ်စု နေနိုင် လောက်သည့် ကွပ်ပျစ် စင်မြင့် တစ်ခု ရှိသည် ။ ကိုထွန်းမောင် လယ် ထဲ မဝင်ရသေး မီ နွားတင်းကုပ်ကြီး ၏ ကွပ်ပျစ် မှာ နေရန် နေရာချ ထား ပေးသည် ။ ထမင်း ကို တော့ ဒေါ်လေး မအေးကြွယ် တို့ အိမ်ကြီး ပေါ်တက် ပြီး ကြုံ သလို စား ရသည် ။ အလေးအပေါ့ ကိစ္စ ကို တော့ သီးသန့် ဆောက်ထားသည့် မိသားစု စုပေါင်းအိမ်သာ မှာ ပင် တက် ရသည် ။


ကောက်လျင် ပေါ်ချိန် တွင် စပါး စ သိမ်း ရတော့ မှာ မို့ ကိုထွန်းမောင် လယ် ထဲ ဝင် ရသည် ။ လယ်စောင့်တဲ သို့ ထမင်း ပို့ ရန် တာဝန် ကို ( လပြည့် လကွယ် နှင့် ရှစ်ရက် ဥပုသ်နေ့ မှ အပ ) ဒေါ်လေး မအေးကြွယ် ဥပုသ် စောင့်သည့် နေ့ တွင် ကျောင်းအား နေသည့် ကျွန်တော်တို့ ညီအစ်ကို မောင်နှမ တစ်ဝမ်းကွဲ ၊ နှစ်ဝမ်းကွဲ ၊ သုံးဝမ်းကွဲ တွေ ကြုံသလို တစ်လှည့် စီ ပို့ကြရသည် ။ 


“ ဟဲ့ ဟိုကောင် ဗိုက်ကြီး လာစမ်း ၊ ဟဲ့ ဟိုကောင်မ မိချစ်စု လာစမ်း ၊ ထွန်းမောင် ကို ထမင်း သွား ပို့ချေစမ်း ” စသည်ဖြင့် ဒေါ်လေး က နာမည် တပ် ခေါ် ခိုင်းလျှင် လည်း အခေါ် ခံရသူ သွား ပို့ရမြဲ ဖြစ်သည် ။


ကောက်ကြီး ပြတ်၍ တလင်း နယ်ချိန် လောက် ရောက်တော့ ဒေါ်လေး ၏ လေသံ ပြောင်း လာသည် ။ 


“ ဟဲ့ ဘယ်သူ အားလဲ ၊ အားတဲ့ အကောင် လာစမ်း ၊ မောင်ထွန်းမောင် အတွက် ထမင်း သွား ပို့ပေးကြပါဦး ” ဟူ၍ ဖြစ်သည် ။


တလင်း နယ် ပြီး၍ စပါးတွေ ချိန်တွယ် ရောင်းချ နေချိန် မှာ တော့ ဒေါ်လေး ၏ ထမင်းပို့ အမိန့်သံ သည် လုံးဝ ပြောင်းလဲ သွား လေသည် ။


“ ဟဲ့ ဗိုက်ကြီး ရေ ၊ ဟဲ့ ချစ်စုမရေ နင့် ဦးလေး ကို ထမင်း သွား ပို့ပေးပါဦး ကွယ် ” ဟူ၍ ဖြစ်သည် ။


နင့် ဦးလေး တဲ့ ၊ ကျွန်တော်တို့ တူတွေ တူမတွေ အသံ မထွက်အောင် ရယ်ကြသည် ။ လူကြီးတွေ က တစ်ဖက် လှည့် ပြီး ကြိတ် ပြုံး ကြသည် ။ ကိုထွန်းမောင်ကြီး က ကျွန်တော်တို့ အစ်ကို အကြီးဆုံး နှင့် မှ သက်တူ ရွယ်တူ ဖြစ်သည် ။ အဲဒီတုန်း က ရှိလှ မှ နှစ်ဆယ့်ကိုး သုံးဆယ် ခန့် ဖြစ်မည် ။ ပိုဆိုးလာ တာ က “ မအေးကြွယ် ရေ မုန့်လေး လုပ်ချင်လို့ ကောက်ညှင်းဆန်လေးများ ရောင်းဖို့ ရှိလား ၊ အုန်းသီးခြောက်ကလေးများ ရဦးမလား ” စသည်ဖြင့် တစ်စုံ တစ်ယောက် က မေးလာလျှင် “ ကျွန်မ မသိဘူး ၊ မောင်ထွန်းမောင် ကို မေး ” ဟူ၍ ပင် ဖြစ်နေ လေပြီ ။


အဲဒီနှစ် က စပါး အထွက် ကလည်း ကောင်း ၊ စပါးဈေး ကလည်း ကောင်း ၍ ကိုထွန်းမောင် ၏ အမေ ကို စပါး ဆယ့်ငါးတင်း ပေးပြီး သည့် အပြင် ဒေါ်လေး က ကိုထွန်းမောင် ကို ဆုချသည့် အနေ ဖြင့် ရှစ်ဆယ့်ငါးကျပ် တန် ရွှေရောင် ရိုးမား လက်ပတ်နာရီ ကုမ္ပဏီ မှ မှာယူ ဆင်မြန်း ပေးသည် ။


စပါး ပေါ်ချိန် ပွဲတော်ရက် နီးလာ သော အခါ အထည်အဝတ် နှင့် ပစ္စည်း မျိုးစုံ လာ ရောင်း ကြသော တစ်ရွာဝင် တစ်ရွာထွက် ဈေးသည်တွေ နဲ့ အတူ ပုသိမ် ဘက် က သွားစိုက်ဆရာ တစ်ဦး လည်း ပါ လာ၍ ကျွန်တော်တို့ ရွာ နှင့် ပတ်ဝန်းကျင် ရွာများ မှ အပျိုလူပျိုများ အားလုံး ရွှေသွား တဝင်းဝင်း ဖြစ်ကုန် ကြသည် ။ ကိုထွန်းမောင်ကြီး က လည်း ရွှေသွား စိုက် ချင်သည် ဆို၍ ဒေါ်လေး မအေးကြွယ် က သူ တာဝန်ယူ ထိန်းသိမ်း ထားသည့် ဘိုးဘွားပိုင် ရွှေတွေ ထဲ က ရွှေတိုရွှေစလေးတွေ ကို ထုတ်ပေး လိုက် ပြန်သည် ။ ဒေါ်လေး မအေးကြွယ် ကို ရပ်ရွာ က သာ မက ဆွေမျိုးတွေ က ပါ နှာခေါင်း ရှုံ့ စ ပြုလာပြီ ဖြစ်သည် ။


တစ်ရွာလုံး ရွှေသွားတွေ နဲ့ ချည်းမို့ ဘယ်သူ့ ကြည့်လိုက် ကြည့်လိုက် အားလုံး ပြုံးရယ် နေတာ တွေ့ ရသည် ။ ဒီအထဲ မှာ ကိုထွန်းမောင် ရဲ့ အသားရောင် က မည်းပြောင်ပြောင် ၊ ရွှေသွား အရောင် က တလက်လက် ၊ လက်ပတ်နာရီ အရောင် က တဝင်းဝင်း နဲ့ မို့ ကြည့်သူ မြင်သူ တို့ မျက်စိ ကျိန်း ကုန်ကြသည် ။ သို့သော် လူတိုင်း ပြုံးရယ် နေကြ၍ စိတ်ချမ်းသာ ကြသည် ။ တပေါင်းပွဲတော် ရက် မှာ ကိုထွန်းမောင် က သဲကြိုး အဖြူရောင် ညှပ်ဖိနပ် ဝယ် စီး လိုက်သေးသည် ။ သူ့ ပိုက်ဆံ နဲ့ သူ ဝယ် တာလား ၊ ဒေါ်လေး ဝယ် ပေးတာလား ဆိုတာတော့ ကွဲကွဲပြားပြား မသိရ ၊ လယ်နုန်းမြေ တမန်းဆီ ဝ နေသော သူ့ ခြေထောက် မည်းမည်းကြီး မှာ ဖိနပ်သဲကြိုး က အဖြူ မို့ အရမ်း ပေါ်လွင် နေသည် ။


ရွာကာလသား လူပျိုတွေ ထဲ မှာ ကိုထွန်းမောင် က လက်ပတ် နာရီ နဲ့ ၊ ရွှေသွား နဲ့ ၊ ညှပ်ဖိနပ် နဲ့ ဆိုတော့ အသားနားဆုံး ရွာ့ စူပါစတား ဖြစ်နေ တော့သည် ။ ပြောရဲ ဆိုရဲမည် ဆိုပါက ရွာ့ ကွမ်းတောင်ကိုင် နဲ့ သူကြီးသမီး ကို ပင် ရနိုင်သည့် အဆင့် သို့ ရောက် နေသည် ။ တခြား သူလို ငါလို သာမန် ရွာသူ အပျိုတွေကို တော့ ကိုထွန်းမောင် က သာ ကြိုက်တယ် ဆိုရင် အောင်သွယ် ဒေါ်ရွှေအို က တစ်ဆင့် ပြောခိုင်း လိုက်လျှင် တစ်ခွန်း တည်းဖြင့် ကိစ္စ ပြီးသည် ။ မင်္ဂလာရက် ရွေးပြီး ဝက် နှစ်ကောင် သ,တ်ရန် အတွက် သာ စီစဉ်ရမည် ။


အဲဒီလို ပျိုတိုင်း ကြိုက်တဲ့ ကိုထွန်းမောင် ဖြစ်နေပြီ ဆိုတော့ ဒေါ်လေး မအေးကြွယ် က လည်း ကိုထွန်းမောင် ကို သူ့ မျက်စိ အောက် က အပျောက် မခံဘဲ အကြောင်း အမျိုးမျိုး အလုပ် အမျိုးမျိုး ပြပြီး အိမ်ခြံ ထဲ က ရွာ ထဲ မထွက်နိုင်အောင် လုပ်ထား ရသည် ။ ဒီကြားထဲ က ပဲ တစ်နေ့ မှာ ဖြစ်ချင်တော့ ကိုထွန်းမောင်ကြီး အိမ်သာ တက် နေစဉ် ဘကြီးကြာခိုင် ရဲ့ သမီးကြီး ကျွန်တော့် အစ်မ တစ်ဝမ်းကွဲ အပျို မတင်မြိုင် က တကယ် မသိလို့ မတော်တဆ ဖြစ်တာလား ၊ သိလျက်နှင့် တမင် အကွက် ဆင် တာလား မသိ ၊ အိမ်သာတံခါး ကို တွန်းဖွင့် ဝင်မိ ပါလေရော ၊ ကိုထွန်းမောင် က လည်း လက်ပတ်နာရီ ပတ် ၊ ခြေညှပ်ဖိနပ် စီး နေပေမယ့် ခပ်အအကြီး ဆိုတော့ အစ်မ မတင်မြိုင် ဝင် လာတာကို ငုတ်တုတ်ကြီး ထိုင်ပြီး ကြောင်အမ်းအမ်းကြီး ကြည့် နေ သတဲ့ ။


သူ့ ကိစ္စ ကလည်း တိုးလို့တန်းလန်း နဲ့ တူပါရဲ့ ။ မျက်လုံးကြီး ပြူးပြီး ကြောင်ကြည့် နေသည် ။ အဲဒီမှာတင် ကိုထွန်းမောင်ကြီး ကို အလစ် မပေးဘဲ အမြဲ စောင့်ကြည့် နေသော ဒေါ်လေး မအေးကြွယ် နဲ့ ပက်ပင်း တိုး လေတော့သည် ။


“ ဟေ့ ဒါ ဒါ ဘာ လုပ် နေကြတာလဲ ဟင် ၊ နေ့လယ် ကြောင်တောင်ကြီး လူမြင်ကွင်း မှာ ခွေးဇာတ် ခင်း နေကြတာပေါ့ ၊ ဟုတ်လား ”


အကျိုးအကြောင်း အခြေအမြစ် အဖြစ်အပျက် အမှန်အကန် ကို ဘာမျှ မစစ်ဆေး မမေးမြန်းဘဲ တစ်ခါတည်း စွပ်စွဲ အော်ဟစ် တော့သည် ။ မတင်မြိုင် က သူ့ အဒေါ် ကို မော်၍ ပင် ကြည့်ရဲ သူ မဟုတ် သလို ကိုထွန်းမောင်ကြီး က လည်း အလုပ်ရှင်နှင့် အလုပ်သမား မို့ ကြောက်သူ နှစ်ယောက် တို့ မှာ ဘာမှ ဖြေရှင်းထုချေခွင့် မရ ။ ကိုထွန်းမောင်ကြီး မှာ အခင်းကြီး သွားနေဆဲ မို့ သန့်ရှင်းရေး ပင် မလုပ်ခဲ့ရဘဲ အိမ်သာ ထဲ က ခုန်ထွက်ပြီး ခြေဦး တည့်ရာ ပြေး လေ တော့သည် ။


ကိုထွန်းမောင်ကြီး က သူ့ အိမ် ရှိရာ ကျောက်ပါးစပ်ရွာ သို့ ဦးတည် ပြေးသည် ။ ပြေးစရာ မရှိသည့် မတင်မြိုင် က ကိုထွန်းမောင်ကြီး နောက် ကို ရောယောင် ပြေး လိုက်ပြီး ကျောက်ပါးစပ်ရွာ ကို ပင် ရောက် သွားသည် ။


နောက် တစ်ရက် နှစ်ရက် လောက် ကြာတော့ သတင်း ရသည် ။ ကျောက်ပါးစပ်ရွာ မှ ရွာမိရွာဖလူကြီးတွေ က ကန်တော့ပွဲ တစ်ပွဲ တင် ခိုင်းပြီး ကိုထွန်းမောင် နှင့် မတင်မြိုင် တို့ ကို လက်ထပ် ထိမ်းမြား ပေး လိုက်သည် ဟူ၍ ဖြစ်သည် ။


အဲဒီ သတင်း လဲ ကြားရော ဒေါ်လေး မအေးကြွယ် ဆောက်တည်ရာ မရ ၊ ယမ်းပုံမီးကျ ဖြစ် နေ တော့သည် ။ ကိုထွန်းမောင် ကို ရော သူ့ တူမ ကို ပါ ကိုယ် မှာ ရှိသမျှ နဲ့ တိုင်းနှိုင်း ဆဲဆို ကြိမ်းမောင်း စောင်းမြောင်း အော်ဟစ် တော့သည် ။


“ သူဌေးသမီး ပဋာစာရီ ကျွန်ငဒါသ ရဲ့နောက် ကို လိုက်ပြေးတယ် ဆိုတာ မယုံခဲ့ဘူး ၊ အခု ကိုယ်တွေ့ ကြုံမှ ယုံတော့တယ်ဟေ့ ” ဟူ၍ ဝတ္ထုနိပါတ် ပိဋကတ် အကိုးအကားဖြင့် တစ်မျိုး ။


“ အရိပ် ခိုပြီး အခက် ချိုးစား တဲ့ အကြံသမား ၊ သစ်တုံးဆွဲမျိုး ၊ သေခြင်းဆိုး နဲ့ သေမယ့် အကောင် ” ဟု တင်စား၍ တစ်ဖုံ ။


“ သားရေ ပေါ် အိပ် သားရေနား စားတဲ့ ဂုတ်ကျားမျိုး ” ဟု ခိုင်းနှိုင်း ၍ တစ်သွယ် ၊ စကား ပရိယာယ် ကြွယ်ကြွယ်ဖြင့် အသံကုန် ဟစ်သည် ။


“ ကိလေသာမုဆိုး တို့အမျိုးမှာ ဒါမျိုး မရှိဘူးဟေ့ ၊ အရှက် ကို အသက် နဲ့ လဲပြမယ် ”


နေ့စဉ် နှင့် အမျှ အော်ဟစ် နေ လေတော့ အမြင်ကပ် လာသူတွေ က “ အသက် နဲ့ လဲ ရင် လည်း မြန်မြန်လဲ ဟ ၊ နားငြီးတယ် ” ဟု မကြားတကြား ပြောတာ ကို ကြား သွားသော အခါ ရှက် ပြီး အဆိပ် သောက် လိုက် တော့သည် ။


ဘယဆေးဆိုင် က ဝယ်လို့ ရတဲ့ စိန်နီ နဲ့ သံပရာရည် ကို ရောဖျော် သောက် ရာ စိန် အထည့် နည်း ၍ ထင်သည် မသေဘဲ ဝမ်းတွေ သာ သွား သည် ။ ဆရာတော် ၏ ရေမန်း တစ်ခွက်တည်းဖြင့် သက်သာ ပျောက်ကင်း သွားသည် ။


အဆိပ် သောက် ၍ မသေ သော အခါ အိမ် အပေါ် ထပ် မှာ ကြိုးဆွဲ ချ ပြန်သည် ။


ဒုန်းဒုန်းဒိုင်းဒိုင်း အသံ ကြား၍ အပေါ်ထပ် ပြေးတက် ကြည့် ကြရာ လည်ပင်း မှာ ဖြစ်သလို ချည် ထားသော ကြိုးပြတ်ကလေး တစ်ပိုင်း ကို ကိုင်ပြီး ထိုင် ငိုင် နေတာ တွေ့ကြရတော့သည် ။ ကြိုး က သေးသေး ခပ်ဆွေးဆွေး မို့ ပြတ် ကျပြီး မအောင်မမြင် ဖြစ်သွားပြန်သည် ။


ဒေါ်လေး ၏ အသက် အန္တရာယ် ကို ကာကွယ်ရန် အစောင့် ချထား သည့် ကြား က အလစ် မှာ ထွက်ပြေး သွားပြီး ရွာနောက် က ချောင်း ထဲ ကို ခုန်ချလိုက် ပြန်သည် ။


ကံကောင်း ချင် တော့ ဒေါ်လေး ခုန်ချသည့် နေရာ က ရေကူး မတတ် သည့် ကလေးတွေ ရေချိုးဆိပ် ဖြစ်နေ ပြန်သည် ။


တောရွာ ပီပီ ရေကူး တတ် သည့် ဒေါ်လေး ကို ဘယ်သူ မှ ဆင်း မဆယ် လိုက်ရဘဲ အအေးပတ် မှာကြောက်လို့ သူ့ ဟာသူ ရေ ထဲ က ပြန် တက် လာတော့ မှ ရွာ က လူတွေ သိကြရတော့သည် ။


ဒီလိုနဲ့ မိုးဦးကျ လာသောအခါ လယ် အနိမ့်ပိုင်းတွေ ထယ် ခွဲရတော့ မှာ မို့ လူကြီးတွေ က ဒေါ်လေး ကို ချော့မော့ ဖျောင်းဖျပြီး ကိုထွန်းမောင် နဲ့ မတင်မြိုင် တို့ လင်မယား ကို သွား ခေါ်ရသည် ။


မတင်မြိုင် မှာ ကိုယ်ဝန် လေးငါးလ ရ နေပြီ မို့ ဗိုက်ကလေးစူစူ ဖြင့် အိမ် ပြန် ရောက်လာသည် ။ ကိုထွန်းမောင် နဲ့ မတင်မြိုင် တို့ က ဒေါ်လေး ကို ဦးချ ကန်တော့သော အခါ “ ငါ့ ကို မတိုင်ပင်ဘဲ နဲ့ ကိုယ် ထင်ရာ ကိုယ် လုပ်သွားကြလို့ ဝမ်းနည်းတာပါ ” ဟု ပြောပြီး ငိုသည် ။


အဲဒီ နှစ် က ကိုထွန်းမောင် လယ် ထဲ ဝင်တော့ ထမင်းချက် ကျွေး ရန် မတင်မြိုင် ပါ လယ် ထဲ လိုက်ပါ သွားသည် ။ ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေ ထမင်း သွားပို့စရာ မလိုတော့၍ “ ဗိုက်ကြီး ရေ ၊ ချစ်စုမရေ ၊ နင့် ဦးလေး ကို ” ဆိုသည့် နှာခေါင်းသံကြီး ကို လည်း မကြားရတော့ပါ ။


ထိုနှစ် မိုး မကုန်မီ မှာ ပင် မတင်မြိုင် သမီးလေး မွေးပြီး မီးတွင်း ထဲ မှာ ဆုံးသွား ရှာသည် ။ မွေးဖွားမှု ကျွမ်းကျင်သူ မရှိ ၊ ဆေးဝါးကိရိယာက မပြည့်မစုံ ၊ ရောင်စုံသူပုန် တို့ ကြီးစိုးရာ တောရွာဒေသ မှာ ဖြစ်၍ ကျွန်တော့် အစ်မ မတင်မြိုင် ခမျာ ရေတိမ် မှာ နစ်ရ ရှာသည် ။


မတင်မြိုင် ကွယ်လွန် သွား သော အခါ ကိုထွန်းမောင်ကြီး စိတ်တွေ လေပြီး အရက်တွေ ဘာတွေ သောက်လာ တော့သည် ။ မတင်မြိုင် ရဲ့ သမီးလေး ကို တော့ တစ်ဆွေ တစ်မျိုးလုံး က သနားချစ် ချစ်နေ ကြသည် ။


နို့ဘူးတိုက် မွေး ရသူ ဒေါ်လေး မအေးကြွယ် ကတော့ ကလေး ကို အကြောင်းပြပြီး ကိုထွန်းမောင်ကြီး အနား ပို ကပ် လာ တော့သည် ။ ကိုထွန်းမောင်ကြီး လက် ထဲ က ကလေး ကို ဆွဲယူ ချော့မြူ ရာ မှာ လိုအပ်တာ ထက် ပိုပြီး ရင်ဘတ်ချင်း ကပ် လွန်းသည် ကို လူတိုင်း သတိထား မိသည် ။


ညနေ စောင်းလာ၍ ကိုထွန်းမောင်ကြီး အရက် သောက်ရန် သွား တော့မည့် အရိပ်အယောင် မြင်လျှင် “ ဟို တစ်ယောက် က ထမင်း စားခါနီး မှ ဘယ် သွားဦး မလို့လဲ ” ဟူ၍ လည်းကောင်း ၊ ကိုထွန်းမောင်ကြီး အရက် သောက်ပြီး ခပ်ထွေထွေလေး ဖြင့် အိမ်ရှေ့ ကွပ်ပျစ် မှာ အင်္ကျီ ကိုယ်ကျွတ် နှင့် အိပ်ပျော် နေလျှင် “ အအေးပတ် ပြီး သေတော့မှာပဲ ၊ ထ အိပ်ရာ ထဲ သွားမယ် ” ဟူ၍ လည်းကောင်း ဂရုတစိုက် ရှိလွန်းသည် ။


ရွာ တောင်ပိုင်း က အရက်ချက် ရောင်း သည့် နှစ်ခုလပ်မ မခင်မြင့် နှင့် ကိုထွန်းမောင်ကြီး တို့ ဘာလိုလို သတင်း ထွက်ပြီး မကြာမီ မခင်မြင့် အိမ် ပေါ် မှာ ကိုထွန်းမောင် နှင့် ရွာသား တစ်စု အရက် သောက် နေ ကြစဉ် ဒေါ်လေး အေးကြွယ် ရောက် လာပြီး ကြမ်းတော့ ရမ်းတော့သည် ။ ကိုထွန်းမောင် ကို ဆဲဆို ကြိမ်းမောင်း ဆွဲ ခေါ်သည့် အပြင် အယုတ္တ အနတ္တမျိုး ကို စုံ သွားသည် ။


နှစ်ခုလပ် ဖြစ်သူ မခင်မြင့် က ရှက် လွန်း၍ ဘာမှ ပြန် မပြော သော်လည်း တစ်ခု မှ မလပ် ရ သေးသည့် ကျွန်တော့် အဒေါ် အပျိုကြီး ၏ အသံ က တစ်ရွာလုံး ဆူညံ သွားသည် ။


ဆွေမျိုးစု ထဲ က လူကြီးတွေ က ဒေါ်လေး မအေးကြွယ် ၏ စိတ် ဆန္ဒ ကို ရိပ်စား မိ သည့် အပြင် မတင်မြိုင် သမီးလေး ၏ နောင်ရေး နှင့် ကြီးတော်ကြီး တို့ ၏ မိသားစု ဘဝ ရပ်တည်နိုင်ရေး အတွက် ကိုထွန်းမောင်ကြီး ကို လည်း လက်လွတ် မခံနိုင်သည့် အခြေအနေ ဖြစ် နေ၍ ရပ်ရွာလူကြီး စုံရာ ရှေ့ မှာ ပင် ဒေါ်လေး နှင့် ကိုထွန်းမောင်ကြီး တို့ ကို လက်ထပ် ထိမ်းမြား ပေး လိုက် ရတော့သည် ။ လူကြီးတွေ က အလိုက် သိစွာဖြင့် ကာယကံရှင် တို့ အရှက် ပြေ စေရန် ဟန်ဆောင် စကားလေး ပြောပေး ရသည် ။


“ လူကြီးတွေ က ကောင်းမယ် ထင် လို့ စီစဉ်တာ ကို မအေးကြွယ် က လဲ ကျေနပ်ပါကွယ် ၊ ကဲ ကဲ လူကြီးမိဘတွေ ကို ကန်တော့ကြ ”


တရားဝင် အကြင် လင်မယား ဖြစ်သွားကြပြီ ဆိုတော့ ဒေါ်လေး က ဝမ်းသာ လို့ လား ၊ ဝမ်းနည်း လို့လား မသိ ငိုသည် ။


“ မိသားစု တစ်ခုလုံး အတွက် ကျွန်မ ပဲ တစ်သက်လုံး ဒုက္ခ ခံသွားပါတော့မယ် ၊ ဟင့် ”


“ သာဓု သာဓု သာဓု ”


ရပ်ရွာ လူကြီးတွေ နဲ့ ဆွေမျိုးမိဘတွေ က သာဓု အနုမောဒနာ သုံးကြိမ် ခေါ်၍ မင်္ဂလာ အခမ်းအနား ကို အောင်မြင်စွာ ရုပ်သိမ်း လိုက်ပါတော့သည် ။


( ၁၉၈၅ ခုနှစ် ၊ အသက် ၆၄ နှစ် တွင် ကွယ်လွန်သွားရှာပြီ ဖြစ်သော ဒေါ်လေး မအေးကြွယ်အား လက်ဆယ်ဖြာ ထိပ် မှာ မိုး ၍ ရှိခိုး ကန်တော့ပါ၏ ။ ကိန္နရီချောင်းရွာသား အစ်ကိုကြီး ယောက်ဖ ဦးလေး ကိုထွန်းမောင်ကြီး အား ဆလန်ပေး အလေးပြု ပါ၏ ။ )


◾အဏ္ဏဝါစိုးမိုး


📖 ချယ်ရီ မဂ္ဂဇင်း  

       ဩဂုတ် ၊ ၁၉၉၂ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment