Saturday, April 8, 2023

စိန်ခေါ် လျှင် တိမ်ပေါ်ထိ လိုက်မည့် သူ


 

❝ ဆရာသော်တာဆွေ ( သို့ ) စိန်ခေါ် လျှင် တိမ်ပေါ်ထိ လိုက်မည့် သူ ❞

ကျွန်တော် ဆရာ သော်တာဆွေ ကို သတိရ လေ တိုင်း ဆရာ ၏ ဘရန်ဒီ တစ်ပုလင်း ကို အမှတ်ရ နေမိသည် ။ ကျွန်တော်တို့ စာပေနယ် ဝင် ခါစ မှာ ဘရန်ဒီတစ်ပုလင်း နှင့် နဖူးတွေ့ ဒူးတွေ့ တွေ့ ခဲ့ရသည် ။ အကြံရ ခက်ပါသနော် ၊ ဖန်ခွက်တော် ဘရန်ဒီတွေ ဝင်းပါလို့ ဟူသော ဆရာ့ ငိုချင်း ကို ခုထိ အမှတ်ရ ဆဲ ရှိသည် ။ ထိုအချိန် မှ စ၍ ဆရာ ၏ “ ကျွန်တော့်ဘဝ ဇာတ်ကြောင်းများ ” “ဘဝထိုထို ” “ ရွှေပြည်တော်သည် ” “ ပုဂံသူရဲကောင်းများ ” စသည် တို့ ကို ခဏခဏ စာအုပ်စင် မှ ထုတ် ဖတ် ကြည့်သည် ။

ဖတ်တိုင်း လည်း ကောင်းသည် ။ ဖတ်ပြီးတော့ လည်း ထပ် ဖတ် ချင်သည် ။ ဆရာ့ စာ ဖတ်ရသည် မှာ အစာကြေ နေသောသူ လမ်းလျှောက် တိုင်း ထမင်း ဆာ လာ သလို ဖြစ်သည် ။ အမှန် က တခြား စာဖတ်ပရိသတ် များ လည်း ကျွန်တော့် နည်းတူ ဖြစ်ပါလိမ့်မည် ။ ဆရာ့စာ ကို ကြိုက်တာ တွေ သာ ပြော ရလျှင် ကျမ်း တစ်ဆူ ပေ တစ်ဖွဲ့  ပြုစုရမည် ဖြစ်ပါသည် ။ ကျွန်တော် ဤအထိ ရည်ရွယ်ရင်း မရှိပါ ။ ဆရာ့ ကို သတိတရ ရှိလှ၍ ဆရာ့ စာ အနည်းငယ် ကို ပြန်လည် ဖောက်သည်ချ ရခြင်း သာ ဖြစ်ပါ သည် ။

အဓိက ကျွန်တော် ဖော်ပြချင်တာ က ဆရာ နှင့် ကျွန်တော် စာပေ ဟောပြောပွဲ ခရီးတစ်လျှောက် မှာ ၁၄ ရက် ၊ ၁၅ ရက် လောက် လက်တွဲ လျှောက်ခဲ့ရာ မှာ ဆရာ ၏ “ စိန်ခေါ် လျှင် တိမ်ပေါ် ထိ လိုက်မည့်သူ ” အဖြစ် ဆရာ့ သတ္တိ ၊ ဆရာ့ သွေး ကို ကျွန်တော် တအံ့တသြ တွေ့ ခဲ့ရ သောကြောင့် တည်း ။

ထိုအချိန် က ၁၉၈၆ ခုနှစ် ဖြစ်သည် ။ ပန်းတောင်းမြို့နယ် စာပေ ဟောပြောပွဲ အတွက် ဆရာသော်တာဆွေ ၊ ဆရာနတ်နွယ် နှင့် ဆရာအီကြာကွေး တို့ ကို ကျွန်တော် ဖိတ်ခဲ့သည် ။ စကား အလျဉ်းသင့်၍ ပြောရဦး မည် ၊ ထိုစဉ်က စာပေဟောပြောပွဲ အတွက် ရန်ပုံငွေ ရှာ ရာ တွင် စာပေလုပ်သား ကဗျာဆရာများ ဝိုင်းဝန်း ရေးသား ထုတ်ဝေသော “ ပန်းတောင်းသား ” ကဗျာစာအုပ် ကို တစ်အုပ် နှစ်ကျပ် နှုန်း ဖြင့် ရောင်း ခဲ့ပါသည် ။

ထို စာအုပ် ကို ရောင်းနည်း မှာ ဤသို့ ဖြစ်သည် ။ မြို့ပေါ် ၅ ရပ်ကွက် သမဝါယမ ဥက္ကဋ္ဌများ ကို တစ်ရပ်ကွက် လျှင် စာအုပ် ၁၀၀ စီ ရောင်းချ စေပြီး နယ်မြေ ကျင်းပရေး ဒေသများ ဖြစ်သည့် ဆင်တဲ ၊ ဥသျှစ် ပင် ၊ ထုံးဘို ၊ ကွင်းလှ ၊ ကမြိုင် ၊ ကပစ ၆ တို့ ကို ၂၀ဝ အုပ် စီ ရောင်းချ စေ ခဲ့သည် ။ ဘယ်နေ့ ဘယ်ရက် ကို ကျွန်တော့် ဆီ ငွေလာ အပ်ပေါ့ ။ သိကြသည့် အတိုင်း ကဗျာစာအုပ် ဆိုတော့ ( ရုပ်ပြ မှ မဟုတ်တာ ) ဘယ် အလွယ်တကူ ဝယ် လိမ့်မလဲ ။ သည်မှာ ကျွန်တော့် ဆီ အခက်အခဲ မျိုးစုံ ၊ စုံစီနဖာ ရောက်ရှိ လာ ကြသည် ။ ကျွန်တော် က လည်း စာပေလုပ်သား မှာ ဥက္ကဋ္ဌ အဖြစ် ၈ နှစ် တိုင်တိုင် ဖြစ်ရလေကား ၊ ကျွန်တော့် ရာသီ မှာ ( စာဆိုတော်ပွဲ ပြော တာပါ ) ကျွန်တော် က “ အကောင် ” ဖြစ်နေသည် ။ သည်တော့ သူတို့ က တင်ပြကြသည် ။

“ ရောင်း မရဘူးဆရာ ”

“ အုပ် ၅၀ လောက် ပဲ ရတယ် ”

“ စာအုပ် ပေး ရင်တော့ ယူတယ် ဆရာ ၊ ပိုက်ဆံ တော့ မရဘူး ”

ကျွန်တော့် မှာ ဆရာတွေ ခေါ်ဖို့ အချိန် နီးကပ်လာပြီ ဖြစ်၍ သူတို့ အခက်အခဲ အတွက် ရင်လေး နေ ရသည် ။ သို့သော် ထိုအချိန် က ကျွန်တော် သူတို့ အခက်အခဲ အားလုံး ကို ခြုံငုံသုံးသပ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချ ပေး လိုက်သည် ။

“ ခင်ဗျားတို့ နယ်မြေ မှာ သမဝါယမ မရှိဘူးလား ”

“ ရှိ ရှိပါတယ် ဆရာ ”

“ ဟာ ဒါဆို လွယ်ပါတယ် အခု ကျွန်တော် ရုံး က ရေနံဆီ ထုတ် ပေး လိုက်ပြီ ။ အဲဒါ ကဗျာစာအုပ် နဲ့ ရေနံဆီ တွဲ ရောင်းလိုက်ဗျာ ။ ကျွန်တော် သန်ဘက်ခါ ငွေ လိုချင်တယ် ။ ဆရာတွေ ရန်ကုန် သွား ကြိုရဦးမယ် ဗျ ”

သူတို့ အားလုံး ခေါင်းညိတ် အတည်ပြု ထွက်ခွာ သွားကြသည် ။ နောက် နေ့ မနက် မှာ ကျွန်တော့် ဆီ ကဗျာစာအုပ် ဖိုး အကုန် အတိအကျ အပ် ကြလေသည် ။ ကွင်းလှ ကော်မတီက ကျွန်တော့် အနား ကပ်၍ တိုးတိုး ပြော သည် ။

“ ဆရာ့ ကဗျာစာအုပ် ကျန်သေးလား ၊ ဟင် ”

“ ဘာ လုပ်မလို့လဲ ”

“ ဟို ကျန်သေးရင် ကျွန်တော့် ကို အုပ် ၁ဝဝ လောက် ထပ်ပေး ပါဦး ၊ အခု ထပ် ဝယ်မယ့် လူ က စာရင်း ပေး ထားတာ ကို ၈ဝ ကျော် လောက် တောင် ရှိ တယ် ”

“ ဪ .. ”

ကျွန်တော့် မှာ ဘာမျှ မပြောနိုင်ဘဲ “ ဪ ” ချ ရလိုက်ပါသည် ။ ကျွန်တော့် မိတ်ဆွေ ကဗျာဆရာများ ၊ နောက် ကဗျာစာအုပ် ထုတ် လျှင် ကျွန်တော့် ‘ နည်း ’ ကို ယူ နိုင်ပါသည် ။ သို့သော် ရေနံ ထွက်ရာ ဒေသများ ဖြစ်သည့် မန်းသံပရာကန် တို့ ပြည်ရေနံမြေ  တို့ နှင့် ဆက်သွယ်ထား ဖို့ လိုပါလိမ့်မည် ။ ( ဤကား စကားချပ်တည်း )

•••••   •••••   •••••

ကြုံကြိုက်တုန်း ဟောပြောပွဲ ရန်ပုံငွေ ရှာခဲ့ရသည့် ( ဟောပြောပွဲ ရင်ခုန်သံများ ထဲမှ တစ်ချက် ) ကို ဆရာ သော်တာဆွေ နှင့် ပတ်သက်နေ၍ ပြောရခြင်း ဖြစ်ပါသည် ။ ထိုနှစ် က ခုန ကဗျာစာအုပ် ထပ် တောင်းသည့် နယ်မြေ ကွင်းလှ ကစလ စက်ရုံ ၊ စာပေဟောပြောပွဲ သည် ဆရာတို့ အဖို့ ရော ကျွန်တော်တို့ အတွက်ပါ အအောင်မြင်ဆုံး ဟောပြောပွဲ ဖြစ်လေ သည် ။ အဲသည် ကွင်းလှ ဟောပြောပွဲ မှာ ပင် ဆရာသော်တာဆွေ က “ စိန် ခေါ်လျှင် တိမ်ပေါ်ထိ တက် လိုက်မယ်ကွ ” ကို စ ခဲ့ခြင်းဖြစ်သည် ။ အဲသည် အကြောင်း နောက် မှ ပြောပါမည် ။

ထို နှစ် က ထူးထူးခြားခြား ကွင်းလှ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ စက်ရုံမှူး ဒုတိယ ဗိုလ်မှူးကြီး စောနယ် ( လ် ) ဆင်ခိုင် က ကျွန်တော်တို့ စာပေလုပ်သား တစ်ဖွဲ့လုံး ကို ဖိတ်ကြားပါသည် ။ ဖိတ်စာ တွင် ဖော်ပြ ထားသည် မှာ “ အထူးအစီအစဉ် ဖြင့် ဧည့်ခံရန် ရှိပါသဖြင့် မပျက်မကွက် တတ်ရောက်ပါရန် ” ဟူ၍ ဖြစ်သည် ။ ကျွန်တော်တို့ စာပေလိုက်စား အဲ ... စာပေလုပ်သားများ မှာ နဂို ကတည်း က ကွင်းလှ ကို သွားချင်သူ များ ဖြစ်ရ ကား အားလုံး တက်ရောက်မည့် သူများ ဖြစ်သွားပါသည် ။ အဲသည့် စာရင်း ကို ကျွန်တော် ချရေးပြပါမည် ။ ချ ရေးရသည် မှာ အကြောင်း ရှိပါသည် ။

နောက်ပိုင်း ဖော်ပြမည့် ဆရာသော်တာဆွေ နှင့် ပတ်သက် နေသောကြောင့် တည်း ။

လိုက်မည့်သူများ မှာ

၁ ။ ကပစ ၆ မှ ကဗျာဆရာ မောင်မောင်ငြိမ်းအေး ( ယခု ကာတွန်း ဆရာနေမျိုးအေး )

၂ ။ ကပစ ၅ မှ ကဗျာဆရာ မောင်ခိုင်ခန့် ( ဒေးဒရဲ )

၃ ။ ကပစ ၆ မှ ကဗျာဆရာ ပန်းတနော်ထိန်ဝင်း

၄ ။ ကပစ ၆ မှ ကဗျာဆရာ ချိုလှိုင် ( တွံတေး )

၅ ။ ကစလ ၃ မှ ကဗျာဆရာ ပန်းတောင်း နေမင်းထင်

၆ ။ ဥသျှစ်ပင် မှ ကဗျာဆရာ ထိုက်ကြည် ( ဥသျှစ်ပင် )

၇ ။ ကွင်းလှ မှ ကဗျာဆရာ ကျော်လွင် ( စက်မှု ) ကစလ ၄ ( စက်ရုံခွဲမှူး )

၈ ။ ဆင်တဲ မှ ကဗျာဆရာ ရဲဘော်ဘမောင် ( ယခု ဗညားဘမောင် )

၉ ။ ကပစ ၆ မှ ကဗျာဆရာ မောင်မောင်မြင့်ကြူ ( ဥက္ကလာ )

၁၀ ။ ပန်းတောင်း မှ သတင်းစာဆရာ ကိုတင်အုန်း

၁၁ ။ ပန်းတောင်း မှ သတင်းစာဆရာ ဦးသိန်းဆောင်

၁၂ ။ ခတ္တိယ မှ သတင်းစာဆရာ ကိုခင်မောင်ဝင်း ( ကွယ်လွန် )

၁၃ ။ ကွင်းလှ မှ ကဗျာဆရာ မောင်ခက်ဝေ ( ကနောင် ) [ ကောက် နွယ် ( ကနောင် ) ၏ ညီ ]

၁၄ ။ ပြည်မြို့ မှ ကဗျာဆရာ ချမ်းငြိမ်းအေး ( ပြည် )

၁၅ ။ ဆင်တဲ မှ ကဗျာဆရာ မောင်သဲနု ( ပုတီးကုန်း )

အဲဒါ ပန်း တောင်း မှ စာပေလုပ်သား အကုန် ဖြစ် ပါသည် ။ ကျွန်တော်တို့ စာပေ အဖွဲ့များ ကို ဆရာ သော်တာဆွေ မြင် သော အခါ ဆရာ့ ဟန် အတိုင်း အားလုံး ကို ပြုံးပြုံးကြီး ကြည့် နေပါသည် ။ ကျွန်တော် က သူတို့ ကို တစ်ယောက် ချင်း မိတ်ဆက် ပေးပါသည် ။ မိတ်ဆက် ပေးပြီးတော့ ဆရာ က ဆိုပါသည် ။

“ ငါ လည်း ကဗျာဆရာပဲ ကွ ၊ ငါ ကဗျာတွေ အများကြီး ရေးခဲ့ တာ မင်းတို့ တွေ့ တယ် မဟုတ်လား ၊ ငါ ဖြစ်ချင်တာ ကဗျာဆရာ ကွ ခု တော့ ဟာသစာရေးဆရာ လာ ဖြစ်နေတယ် ၊ ဒီလိုပဲကွ ဘဝ ဆိုတာ ဖြစ် ချင်တာ ဖြစ်တာ မဟုတ်ဘူး ”

ဆရာ က ပြောပြီး ရယ် နေပါသည် ။ ဆရာ ရယ် လျှင် အသံ ထွက်လေ့ မရှိပါ ။ မျက်နှာ ရော ၊ မျက်လုံး ရော ပြုံး လာခြင်း ဖြစ်သည် ။

ကဲ - လိုရင်း ချုပ် ရ လျှင် ၊ ဆရာသော်တာဆွေ တို့ အဖွဲ့ နှင့်အတူ ကျွန်တော် တို့ အဖွဲ့ တပျော်တပါး ကပစ ၅ ပွဲခွင် မှ ကွင်းလှ ပွဲခွင် သို့ စက်ရုံ မာဇဒါးကား ဖြင့် ချီတက် လာကြပါသည် ။

ကွင်းလှ ကို ညနေ ၄ နာရီ လောက် ရောက်ကြပါသည် ။ စက်ရုံမှူး ဒုတိယ ဗိုလ်မှူးကြီး စောနယ် ( လ် ) ဆင်ခိုင် ဦးဆောင်၍ ဆရာ တို့ ကို ကြိုဆိုပါသည် ။ စက်ရုံမှူး က စကား ပြော အလွန် ကောင်း ပါသည် ။ စကား ပြော အလွန် ကောင်း သလို သူ သည်နှစ် အထူးစပါယ်ရှယ် စီစဉ် ထားသော အစီအစဉ်များ ကို ပြောပြပါသည် ။

“ အခုအချိန် က စပြီး ထန်းပင် ပေါ်  ထန်းရည် တက် သောက် တဲ့ အစီ အစဉ် က စ ပါမယ် ၊ အစီအစဉ် ( ၂ ) က ညစာ ကို ဂျပန်ထုံးစံ အတိုင်း ဆရာတို့ ကို ဧည့်ခံပါမယ် ၊ အစီအစဉ် ( ၃ ) ကတော့ ဆရာတို့ ကို ဝါးတား ဒန့်စ် ရေအက နဲ့ ဧည့်ခံဖျော်ဖြေပါမယ် ၊ ကျွန်တော့် အစီအစဉ်တွေ ပြီး မှ ဆရာတို့ အစီအစဉ်အတိုင်း ဟောကြပါ ၊ ပြောကြပါ ၊ ကဲ ... အခုပဲ ထန်းပင် ဆီ သွား ရအောင် ”

ကျွန်တော်တို့ စက်ရုံမှူး အစီအစဉ် ကို တအံ့တသြ ဖြစ်နေပါသည် ။ တက် သောက်ရမည့် ထန်းပင် မှာ ရေကန် ၏ ရေစပ် နား တွင် ဖြစ်သည် ။ ဘယ်လို တက်မလဲ ။ အဝေး က လျှောက် လာရင်း စက်ရုံမှူး က ဆရာနတ်နွယ် နှင့် ဆရာအီကြာကွေး ကို မေး လိုက်ပါသည် ။

“ ဆရာတို့ ကျွန်တော် နဲ့ အပေါ် တက် ပါလား ၊ အပေါ် မှာ ၅ ယောက် စာ ထိုင်ခုံ လုပ် ထားတယ် ”

ဆရာကွေး က ခေါင်းခါ ပြပြီး

“ ဟာ .. စက်ရုံမှူးကြီး ကျွန်တော် က မူးစေတတ်တာ ဆိုလို့ တစ်ခုပဲ လုပ် တတ်တယ် ၊ အဲဒါက ဒီအောက် မှာ ပဲ သောက်တယ် ၊ ဟဲ - ဟဲ - ဟဲ ”

စက်ရုံမှူး သဘောကျ ၍ အားရပါးရ ရယ်သည် ။ သူ ရယ်လျှင် တခြားသူ ပါ ရယ်ချင် အောင် ရယ် တတ်ပါသည် ။ ဒါလည်း ပါရမီ တစ်မျိုး ဟု ဆိုရမည် ။ ဆရာနတ်နွယ် က တော့ မတက်လိုကြောင်း စက်ရုံမှူး ကို ခေါင်း ခါ ပြ လိုက်သည် ။

“ ဟာ - ကျုပ် တစ်ယောက် တည်း ပျင်းစရာကြီး ”

ကျွန်တော်တို့ ပြောရင်း ၊ ဆိုရင်း ထန်းပင် ခြေရင်း သို့ ရောက်လာ သည် ။ အဲသည် ရောက် မှ ထန်းပင် ပေါ် တက်ရန် သံခြေနင်း လှေကားလေး များ လုပ် ထားပြီး ထန်းပင် ပေါ် ဖက် တက်ဖို့ မလိုဘဲ သံလက်ရန်းများ ကို အပေါ် အထိ အခိုင်အမာ လုပ်ထားကြောင်း တွေ့ ရသည် ။ ဆရာ သော်တာဆွေ က ထန်းပင် ကို ကြည့်၍ ခေါင်း တညိတ်ညိတ် ဖြင့် သဘောကျ နေ သည် ။ပြီးတော့ -

“ ကဲ - စက်ရုံမှူးကြီး ၊ ခင်ဗျား နဲ့ ကျွန်တော် တက်မယ် ၊ လာ ”

ဆရာ က ပထမဦးဆုံး သုတ်သုတ် နှင့် တက် သွားလေသည် ။ ကျွန်တော့် မှာ ကြည့်ရင်း က ၊ ဆရာ့ အတွက် ရင် တမမ ဖြစ်နေရသည် ။ အံမယ် လေး ... ငါ တောင် မတက်ရဲဘူး ၊ ဆရာ တက် သွား လိုက်တာ လူငယ် တောင် အရှုံး ပေးရမယ်ဟု ကျွန်တော့် စိတ် ထဲ ဆရာ့ ကို ကြည့်ရင်း တွေး နေမိသည် ။ ဆရာ ပြီးတော့ စက်ရုံမှူး နောက်က လိုက် တက် သွားသည် ။ အပေါ် ရောက် တော့ ကျွန်တော်တို့ ကို ဆရာ က လက်မ ထောင် ပြ လိုက်သည် ။

ကျွန်တော် အဲသည့် ဆရာ့ ပုံ ကို ခုထိ မြင်ယောင် နေမိသည် ။ ထန်းပင် ပေါ် မှာ က အဆင်သင့် ။ ထန်းရည် ခံ ထားသော အိုး က လက် တစ်လှမ်း ၊ ဘာနှင့် သောက်မလဲ ၊ အဲဒါလည်း အခက်အခဲ မရှိ ၊ သံဆွဲခြင်းလေး ထဲ မှာ ဖန်ခွက် ရော ၊ မြေပဲကြော် ၊ အသားကြော် ၊ ဝက်အူချောင်း မှ အစ ပဲကြီးလှော် အဆုံး ထည့် ထားပြီး ၊ ထို သံခြင်းလေး က စက်သီးကြိုး မှ တစ်ဆင့် ဆရာတို့ ရှေ့မှောက် ထန်းပင် ပေါ် ရောက်သည် အထိ တက် လာသည် ။

ကောင်းလေစွ ဟု ပြောရ မလား ။ အဆင် ချောသည် ဟု ဆိုရမလား မသိ ။ ဆရာတို့ အဖို့ တော့ “ ကွက်တိ ကျသွားလေ သတည်း ” နာရီဝက် လောက် ဆရာ နှင့် စက်ရုံမှူး ထန်းပင် ပေါ် မှာ ထန်းရည် သောက်ပြီး သကာလ ၊ ဆင်း လာပုံ လည်း ကြည့်ပါဦး ။

တက် ခဲ့သော သံလှေကားလမ်း မှ မဆင်း ကန်စပ် နေရာ မှ ၊ စက်သီး ဖြင့် လူဝင် ထိုင် လို့ ရသော သံကုလားထိုင် ၂ လုံး တက် လာသည် ။ ဆရာ အနား ရောက်တော့ အဲသည် သံကုလားထိုင် ထဲ ဝင် ထိုင် လိုက်သည် နှင့် စက်သီး ဖြင့် မြေပြင် သို့ လျောကျ သွားလေသည် ။

ဪ - စက်ရုံမှူး ၏ ပထမ အစီအစဉ် က တော့ “ ဟုတ်ပေ့ ” ဖြစ်နေ ပေသည် ။ ဆရာ အောက် ရောက် တော့ ကျွန်တော် နောက် လိုက်သည် ။

“ ဆရာ ကျွန်တော့် အတွက် ပို မသောက်လာဘူးလား ”

“ အေး သောက်ခဲ့တယ် ”

ကာတွန်းဆရာ နေမျိုးအေး က လည်း မေးသည် ။

“ ဆရာ ကျွန်တော့် အတွက် ရော ”

“ အေး သောက်တယ်ကွာ ”

နောက် တစ်ယောက် က ထပ် မေးမည် အပြု ၊ ဆရာ ပြောလိုက်ပုံ မှာ

“ ဟေ့ကောင်တွေ ၊ မင်းတို့ အားလုံး အတွက် ငါ ဖိသောက်လိုက်တယ် ၊ ခု ထမင်း တောင် စားနိုင်ပါ့မလား မသိဘူး ”

ကျွန်တော်တို့ ဆရာ့ အပြော မှာ သဘော ကျစွာ ရယ် လိုက်ကြပါ သည် ။ ကျွန်တော်တို့ ထမင်းစား အပြီး ဝါးတားဒန့်စ် ရေအက ရှိရာ ၊ ပြပွဲခန်းမ သို့ ထွက် လာစဉ် ဆရာ့ အနား ကပ် ၍ ကျွန်တော် မေးလိုက် သည် ။

“ ဆရာ ခုနက ထန်းပင် ပေါ် တက် တာ ဆရာ မကြောက်ဘူးလား ”

“ ဟဲ - ကိုမြေကြီး ရ ၊ ငါ က စိန်ခေါ် ရင် တိမ်ပေါ် ထိ လိုက်တက်မယ့် ကောင်ကွ ”

ထို့နောက် ကျွန်တော့် နားနား ကပ်၍

“ အလကား တင်စား ပြောတာ တိမ်ပေါ် ကော ဘယ်လို တက်လို့ ရမလဲ ကွ ၊ ခုဟာ က ထန်းပင် မို့ လို့ တက်လို့ ရတာ ။ အဲ - တက်စရာ ခုလို လုပ် မထား ရင် လည်း ငါ ဘယ်လို လုပ်တက်လို့ ရမလဲကွ ။ ငယ်ငယ် ကတော့ ငါ လည်း ထန်း တက်တဲ့ ကောင်ပဲ ။ ခုတော့ ဘယ် ရတော့မလဲ ။ အေး ခုဟာ က တက်စရာလေး က ကောင်းတယ်ကွ ။ အေး တက်စရာ ရှိလျက် သား နဲ့ မင်း က ဘာလို့ မတက်တာလဲ ”

ကျွန်တော် ဆရာ့ စကား မှာ ငေးမော သွားသည် ။ ဆရာ့ အပြော ကို နားထောင် ရင်း က ဆရာ့ဘဝဇာတ်ကြောင်း တွေ ထဲ က ပုံရိပ်များ အစီအရီ ပြန် မြင်ယောင် လာသည် ။

နယူးတာဝှာဘား မှာ ဘွိုင်ကု,လား နှင့် ရန် ဖြစ်စဉ် ဆရာ က အရပ် ပု နေ၍ စားပွဲခုံ ပေါ် တက်ပြီး ကု,လားထိုင် နှင့် ထ ရိုက်ပုံ ၊ မန္တလေး မှာ အကြွေး မပေး သဖြင့် ကြွေးရှင် အိမ် မှာ တစ်လ ကိုးသီတင်း အိပ်ပြီး ထမင်းစား စောင့် တောင်း ပုံ စသည် စသည် ပုံရိပ်များ ထင် လာ ပါတော့သည် ။

ကျွန်တော့် မှာ ထို ည က ဟောပြောပွဲ ပြီး၍ ဧည့်ရိပ်သာ သို့ ရောက်ပြီး အိပ်ရာ ဝင်သည် အထိ ဆရာ ထန်းပင် ပေါ် သွက်သွက်လက်လက် တက် သွားပုံလေး ကို ခုထိ မြင်ယောင် နေမိပါသည် ။ ဪ – ဆရာ့ စကားပြေ အရေးအသား ကို ကျွန်တော် နားလည် သလို ပြော ရ လျှင် ဆရာ ထန်းပင် တက်တာ နှင့် တူသည် ဟု ကျွန်တော် ထင် ပါသည် ။ ဆရာ သည် လုပ်စရာ ရှိတာ ကို အချိန် မဆိုင်းဘဲ လုပ် တတ်ပါသည် ။ ခက်ခဲမည် ဟု ထင် ရသော ထန်းပင် ပေါ် တက်ရာ တွင် ပင် ဆရာ့ မှာ ကြောက်ကြောက်လန့်လန့် ၊ ခက်ရာခက်ဆစ် မဖြစ်ပါ ။

ထို့အတူ ဆရာ့ စကားပြေ အရေးအသား သည် လည်း ခုန ဆရာ ထန်းပင် ပေါ် သို့ အထစ်အငေါ့ မရှိဘဲ တက် သွား သလို ပြေပြစ်ရှင်းလင်း လွယ်ကူ ချောမွေ့ လှပေသည် ။ ဆရာ့ စာ ကို ဖတ်သူ တိုင်း ၊ ဘာ အဘိဓာန် မှ ဆောင်စရာ မလိုဘဲ လွယ်လွယ်ကူကူ ၊ ချောချောမွေ့ မွေ့  ၊ ညက်ညက်ညော ညော ဖြင့် ဖတ်ပြီး ရင်း ဖတ်ပြီး ရင်း ဖြစ် နေပေတော့ သတည်း ။

ဆရာ ကောင်းရာ သုဂတိ လားပါစေ ။

◾မောင်မြေကြီး ( ပန်းတောင်း )

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment