❝ နှလုံးသား တစ်မြွှာ ဖြာခနဲ ❞
တော်တော် ရက်စက်တဲ့ မိန်းမ ။ ကျွန်တော့် သူငယ်ချင်း ရဲ့ နှလုံး သား ကို အစိတ်စိတ် အမြွှာမြွှာ ဖြစ် သွားအောင် လုပ်ခဲ့တဲ့ မိန်းမ ။ ကျွန်တော် သူ့ ကို မုန်းတယ် ၊ သိပ် မုန်းပါတယ် ။
( ၁ )
ကျွန်တော်တို့ တက္ကသိုလ် ကျောင်း တက်စဉ်တုန်း က သူ ဟာ အလှဆုံး ထဲ က တစ်ယောက် ပေါ့ ။
ကျွန်တော် လည်း သူ့ သတင်း ကြောင့် သူ့ ကို လိုက် ကြည့် ခဲ့ရဖူးပါတယ် ။
ကျွန်တော့် အမြင် မှာ သိပ် မလှပါဘူး ၊ ဒါတောင် တော်တော်များများ ရဲ့ အမြင် တော့ လှ သတဲ့ ၊ ချော သတဲ့ ။
ချောတယ် ဆိုတာ ကို တော့ ကျွန်တော် ဝန်ခံချင်ပါတယ် ။ ဟုတ်တယ် ။ သူ့ အသား ဟာ ညက်ညက် ချောတယ် ။ ထိ မိ ဖူး လို့ ပြောတာပေါ့ ။
“ ကျွန်တော် က အကြံသမား ပဲ ”
တက္ကသိုလ် မှာ တုန်း က ကျွန်တော် သူငယ်ချင်းတွေ ကို အကြံ ပေး တယ် ၊ တလွဲ ချည်း ပဲ ။ ကျွန်တော် ကိုယ်တိုင် ကြံတယ် ၊ မအောင်မြင်ပါဘူး ။
ကျွန်တော့် ဘာသာ တိုးတိုးတိတ်တိတ် ကျိတ် ကြံ တာမျိုးပေါ့ ။
အဲဒါကလည်း သိပ်တော့ မကောင်းလှဘူး ၊ မကောင်းပေမယ့် ကိုယ့် စိတ် ကို ဖြေသာရုံကလေးတွေ ထင်မြင်ပါသည် ။
ဆိုပါတော့ ။ သူ ၊ သူ့ နာမည် ဆင့်ဆင့် တဲ့ ။ ဒါက လွှဲ ပြောထားတာ ၊ ဆင့်ဆင့် ထား လိုက်ပါတော့ ။
ခပ်ဆင်ဆင် တော့ တူ ပါတယ် ။
ဆင့်ဆင့် ချောတယ် ၊ လှတယ် လို့ သတင်း ကြီး နေလို့ ကျွန်တော် လိုက် ကြည့် ဖူးတယ် ။
လိုက် ကြည့် တယ် ဆိုတာ လိုက် စကား ပြောတာ မဟုတ်ပါဘူး ၊ လိုက် ပြီး ကြည့် ရုံ ကြည့် တာပါ ။
ရည်းစား စကား လည်း တစ်ခါ မှ မပြောဖူးပါဘူး ။ ဒါပေမဲ့ သူ့ အသား ကို ထိ ကြည့်ဖူးတယ် ။
ဆန်းဆန်းပြားပြား မတွေးပါနဲ့ ။
သူ က လည်း ကျွန်တော် သူ့ အသား ကို ထိဖူးတယ် ဆိုတာ သိချင် မှ သိ မှာ ။
မတော်တဆပါလေ လို့ ထင်ချင် ထင်မှာ ၊ ဒါမှမဟုတ် သူ က အပါး ပဲ ။ ကျွန်တော် သူ့ ကို တမင် ထိ တာလို့ သိချင် သိ နေမှာပေါ့ ။
အတန်းတွေ ကို ပြောင်းပြောင်း တက် ရတယ် မဟုတ်လား ။ သိပ် ဝေးဝေးကြီး ပြောင်း ရ တာတော့ မဟုတ်ပါဘူး ။ တစ်ခန်း နဲ့ တစ်ခန်း မလှမ်းမကမ်း ပေါ့ ။
ဥပမာ - အင်္ဂလိပ်စာ ဆို အေ ၁ဝ မှာ တက် ရတယ် ဆိုပါတော့ ။ လောဂျစ် ကို အေ ၄ မှာ တက် ရတယ် ။
တိတိကျကျတော့ မမှတ်မိတော့ဘူး ၊ အဲသလို အခန်း တစ်ခန်း က နေ နောက် တစ်ခန်း ပြောင်း တက် ရတာ ကိုပဲ မှတ်မိပါ တော့တယ် ။
ကျွန်တော် ဘာ လုပ်တယ် ထင်သလဲ ။
အတန်း တစ်တန်း က နေ တစ်တန်း အကူး မှာ နေရာ ဦး သလိုလို နဲ့ သူ နဲ့ မထိ ထိ မိအောင် ကြိုးစားတာ ပါပဲ ။
ဘယ် ကျောင်းသား မှ အတန်း တစ်တန်း က နေ တစ်တန်း အကူးမှာ နေရာ ဦး လေ့ မရှိပါဘူး ။
ကျွန်တော် နဲ့ ကျွန်တော့် သူငယ်ချင်း အကြံသမား နှစ်ယောက် ပဲ နေရာ လိုက် ဦးတယ် ။
မိန်းကလေးတွေ က အတန်း အပြောင်း မှာ နေရာ ကောင်း ရအောင် ဦးလေ့ ရှိကြပါတယ် ။
ဒီတော့ အတန်း တစ်တန်း လွှတ်ပြီဟေ့ ဆိုတာနဲ့ ရှေ့တန်း က မိန်း ကလေးတွေ ဟာ ဝေါခနဲ ထ ပြီး ပြေး ကြတယ် ။
တချို့တလေ ပဲ ခပ်မှန်မှန် သွားတယ် ။
ခပ်မှန်မှန် သွားတဲ့ အထဲ မှာ ဆင့်ဆင့် ပါတယ် ။
ကျွန်တော် တို့ က ပြေးတယ် ၊ မိန်းကလေးအုပ် ကို အမီ ပေါ့ ။ ‘ ငပေါတွေ ’ လို့ သြဘာ ပေးတာ ကို ကျွန်တော်တို့ သဘောကျစွာ ခံယူ လိုက်ပါသည် ။
မိန်းကလေးအုပ် ရဲ့ နောက် နား မှာ ဆင့်ဆင့် တို့ သူငယ်ချင်း တစ်စု ရှိတယ် ။
သူတို့ အစု ကြား ထဲ ကျွန်တော် ဖြတ်တယ် ။ မပြေးရုံ တစ်မည်ပေါ့ ။ အဲဒီလို သွားရင်း ၊ ဖြတ်ရင်း မတော်တဆ ထိ မိ သလို ခိုက် မိ သလို နဲ့ ဆင့်ဆင့် ကို ကျွန်တော် ထိ ထိ သွား ခဲ့ပါတယ် ။
‘ အကြံသမား ’ နှစ်ယောက် ဆိုတာ ကျွန်တော် နဲ့ စိုးအောင် ပါ ။
စိုးအောင် ဟာ ဆရာ ဇော်ဇော်အောင် ရဲ့ ဇာတ်လိုက် စိုးအောင် လို ပဲ ရုပ် ဖြောင့်တယ် ၊ သန်စွမ်းတယ် ၊ ဖျတ်လတ်တယ် ၊ လျင်တယ် ။
ဒါပေမဲ့ စိုးအောင် ဆိုတဲ့ ကောင်ဟာ ဆင့်ဆင့် အကွက် ထဲ လည်း ဝင် မိရော ကယောင် ဖြစ်သွား ရှာပါတယ် ။
ဆင့်ဆင့် ခိုင်း သမျှ ၊ ဆင့်ဆင့် ဆို သမျှ ၊ ဆင့်ဆင့် အမိန့်ပေး သမျှ -
အို - အားလုံး ဆင့်ဆင့် -
တစ်လောက လုံး ဆင့်ဆင့် ။
တစ်ဆင့် တည်း ဆင့်ပြီး ၊ တစ်ဆင့် ပြီး တစ်ဆင့် ။
ငပေါကြီး ဖြစ်သွား ရှာတယ် ။
ကျွန်တော့် သူငယ်ချင်းကို ကျွန်တော် ဒီလောက် နှိမ် ပြောတာတော့ မကောင်းဘူး ပေါ့ ။
ဒါပေမဲ့ မတတ်နိုင်ဘူး ။ ကျွန်တော့် သူငယ်ချင်း စိုးအောင် ဟာ တဖြည်းဖြည်း နဲ့ ဆင့်ဆင့် ရဲ့ ခိုင်းဖတ် ဖြစ်သွား ရှာတယ် ။
ဆင့်ဆင့် က သူ့ ကို ချစ်ပြီလား ၊ သူ နဲ့ ဆင့်ဆင့် ဖြစ် နေကြပြီလား မေး တော့ စိုးအောင် သက်ပြင်းပဲ ချ နိုင်တယ် ။
တိတိကျကျ မချစ်ကြသေးဘူး ၊ ချစ်သလိုလို ဘာလိုလို ပဲ တဲ့ ။
စဉ်းစားကြည့်ပါ ။
ညနေ ဆို စိုးအောင် ဟာ ရေမိုးချိုး သပ်သပ်ရပ်ရပ် ဝတ်စားပြီး ဆင့်ဆင့် တို့ အဆောင် ကို သွားတယ် ။
ဒီကောင် က ချွေးထွက် များလေ့ ရှိတယ် ။
ကျန်းမာရေး ကောင်းတယ် ။ ချွေးထွက် များတော့ တစ်ခါတလေ သူ့ ကိုယ် က ချွေးစော်တွေ နံ နေ တတ်တယ် ၊ ချွေးသုတ် တဲ့ မျက်နှာသုတ် ပဝါကလေး ကို သူ အမြဲ ဆောင် ထားရတယ် ။
ညနေစောင်း အတန်းတွေ ပြီးတဲ့ အချိန် ကျ ရင် ဒီကောင် အဆောင် ကို တန်း ပြေးတာပဲ ။ ကျွန်တော်တို့ နဲ့ လေ ပစ်တာတို့ ဘာတို့ မလုပ်တော့ ဘူး ။
အဆောင် မှာ ရေချိုးတယ် ၊ ဆပ်ပြာ ကို နှစ်ခါပြန် လောက် တိုက် တယ် ။ ရေချိုး ပြီးတော့ ချိုင်းကြားတို့ ဘာတို့ မှာ ပေါင်ဒါ ထည့် တယ် ၊ ချွေးနံ့ ကို အတန်အသင့် ထိန်း နိုင် တာပေါ့ ။
စွပ်ကျယ်အင်္ကျီ မှာ လည်း ပေါင်ဒါတွေ ဖြူးတယ် ၊ ပြီးမှ သူ့ အကောင်းဆုံး ဝတ်စုံ သုံးစုံ လောက် ထဲ က တစ်စုံ ဝတ်တယ် ။ အဆောင် ထမင်း ကို ကမန်းကတန်း စားပြီး ၊ ဆင့်ဆင့် တို့ အဆောင် ကို ပြေးတော့တာပဲ ။
ဒါတွေ ကို ကျွန်တော် က ဘာလို့ သိ နေရသလဲ ဆိုတော့ အစပိုင်း ဆင့်ဆင့် နဲ့ ဒီကောင် နဲ့ ပြေလည်ခါစ ဆင့်ဆင့် အဆောင် ကို အလည် သွား တော့ ကျွန်တော် က သူ့ အဖော် အဖြစ် နဲ့ လိုက်ဖူးလို့ပါ ။
ကျွန်တော် က တော့ ဒီကောင် ဆင့်ဆင့် အဆောင် ကို အလည် သွား မယ် ဆိုရင် မိန်းကလေး အဆောင် ထဲ မှာ အူကြောင်ကြောင် မဖြစ်အောင် ဘေး က ထိုင် ပေး ရတဲ့ ကောင်ပဲ ။
ကျွန်တော့် မှာ ရင်ခုန်စရာ မရှိပါဘူး ၊ ဆင့်ဆင့် တို့ အဆောင် မှာ ကျွန်တော် ကြိုက်တဲ့ မိန်းကလေး မရှိပါဘူး ။
အဲ - ရှိတော့ ရှိပါတယ် ။ ဒါပေမဲ့ ကျွန်တော် မစွံဘူး ၊ သူ့ အတွဲ နဲ့ သူ ဖြစ်နေပါပြီ ။
ဒီတော့ ကျွန်တော် က စိုးအောင် ရဲ့ အဖော် အဖြစ်နဲ့ ခဏ လိုက် ပေး ရတာပါ ။ မိန်းကလေးဆောင် ရဲ့ ဧည့်ခန်း မှာ တစ်ယောက် တည်း ငေါင် စောင်းစောင်း ထိုင် စောင့် ရမယ့် အစား ကျွန်တော် က အဖော် အဖြစ် လိုက် ထိုင် ပေးတာ ၊ အဆောင်သူ တချို့ ကို လည်း ကျွန်တော် ကြည့်ခွင့် ရတာပေါ့ ။
အဆောင် ကို သွား လည်ခွင့် ရတာလည်း ကျွန်တော့် လုံ့လ ပါပါ တယ် ။
တစ်နေ့ ကျောင်း စောစော ဆင်း လို့ ဆင့်ဆင့် ဟာ အဆောင် ကို မပြန် သေးဘဲ ကမာရွတ် လှည်းတန်းထိပ် သွားပါတယ် ။ ကျွန်တော်တို့ နှစ်ယောက် ဆင့်ဆင့် တို့ နောက် မယောင်မလည် လိုက် သွားကြပါတယ် ။
လှည်းတန်း မှာ ဆင့်ဆင့် က ပလတ်စတစ်ပစ္စည်း နည်းနည်းပါးပါး ဝယ်တယ် ။
ကျွန်တော် က ဆင့်ဆင့် ကို ခုမှ တွေ့ သလိုလို နဲ့ နှုတ်ဆက် တယ် ။ ဆင့်ဆင့် က တော့ မျက်နှာထား တည်ရာ က နေ ပြုံး ရုံပဲ ပြုံး ပြ ပါတယ် ။
“ ဘာတွေ လာ ဝယ်တာတုံး ” လို့ ကျွန်တော် က တရင်းတနှီး လေသံ နဲ့ မေးတယ် ၊ ဆင့်ဆင့် က မဖြေချင် ဖြေချင် နဲ့ ။
“ ပန်းကန်လေး ဘာလေးပါ ” လို့ ဖြေတယ် ။ သူ့ လက် ထဲ မှာ ပလတ်စတစ် ပန်းကန် သေးသေးလေး နှစ်ချပ် တွေ့ ရတယ် ။ ဇွန်း သေးလေးတွေ လည်း ဝယ်တယ် ။ သူတို့ ဘယ်လို အသုံးချမယ် ဆိုတာ ကျွန်တော် တွေး ကြည့် မနေတော့ပါဘူး ။
“ လှတယ်နော် ” လို့ ကျွန်တော် က ပြောတော့ ဆင့်ဆင့် သူငယ်ချင်း က -
“ ဘာ လှတာလဲ ” လို့ ခပ်စူစူ မေးတယ် ။
သူတို့ စိတ် ထဲ ကျွန်တော် က ဆင့်ဆင့် ကို လာ ကြိုးစား နေတယ် ပဲ ထင် သလား မသိဘူး ။ ကျွန်တော် ဆင့်ဆင့် ကို သိပ် မကြိုက်လို့ ရင်တုန် ပန်းတုန် မဖြစ်ဘဲ စကား စ နိုင်ခဲ့တာပေါ့ ။
“ အားလုံး လှတာပဲ ”
ကျွန်တော် က ရယ်ရွှန်း ဖတ်ရွှန်း ပြန် ပြောတယ် ။
စိုးအောင် က ကျွန်တော့် ကို လက် ကုတ်တယ် ။
ဒီမှာတင် ဆင့်ဆင့် က စိုးအောင် ကို ဂရုစိုက် မိတယ် ထင်ပါရဲ့ ၊ စိုးအောင် ကို တစ်ချက် ကြည့်တယ် ။
မဆိုးပါဘူး ။ ဆင့်ဆင့် ဟာ စွဲမက်စရာ ကောင်းတဲ့ အကြည့် မျိုး ကြည့် တတ် တယ် ။
စိုးအောင် က ခေါင်းကြီး ငုံ့ လိုက်တယ် ။
သူတို့ သိသွားကြပြီ ၊ စိုးအောင် ဆင့်ဆင့် ကို ကြိုးစား နေတယ် လို့ ။ ဆင့်ဆင့် မသိမသာ ပြုံးတယ် ။
သူ့ အပြုံး က လည်း ဆွဲဆောင်အား ရှိ တာပါပဲ ။
“ ရှင်တို့ က လောင်ချာတွေပဲ ”
ဆင့်ဆင့် ရဲ့ အဖော် က ပြောတယ် ၊ အဲဒီ မိန်းကလေး က ကျွန်တော် တို့ နဲ့ အတန်းချင်း မတူပါဘူး ။ တခြား ဘာသာတွဲ ယူတဲ့ မိန်းကလေး ။
“ ဟုတ်ပါတယ် ၊ မှန်ပါတယ် ၊ ကျွန်တော်တို့ က လောင် လည်း လောင် တတ်တယ် ၊ ချာ လည်း ချာတယ် ”
“ အဲသလို ကိုယ့် ကိုယ် ကိုယ် နားလည် ရင် ပြီးတာပါပဲ ”
အဖော် မိန်းကလေး က ဆင့်ဆင့် ကို လက် တို့ပြီး သွားကြဖို့ ဟန် ပြင်တယ် ။
ကျွန်တော် က စိုးအောင် ကို ဆွဲ ပြီး သူတို့ နောက်နား ကပ် လိုက်ခဲ့တယ် ။
“ အဆောင် ကို လာ လည် ရ မှာလား ဟင် ”
ကျွန်တော် ပဲ အရဲ စွန့်ပြီး မေး လိုက်ရပါတယ် ။
“ မလည်ရပါဘူး ”
အဖော် မိန်းကလေး ပဲ ပြန် ပြောတယ် ။
“ အတင်း လာရင်ကော ”
“ ရိုက်ထုတ်မှာပေါ့ ”
“ ဒါဖြင့် ပိုကောင်းတာပေါ့ ၊ ရိုက်ပြီး မှ သနား လာ မှာ ”
“ ကိုဝဏ္ဏ ၊ တစ်တန်းတည်း သားချင်း နှောင့်ယှက်ဖို့ မကောင်းပါ ဘူး ၊ တကယ်ဆို သူများ နှောင့်ယှက် ရင် တောင် စောင့်ရှောက်ဖို့ ကောင်း တယ် ”
ဆင့်ဆင့် က တည်ငြိမ်တဲ့ လေသံ နဲ့ ပြန် ပြောတယ် ။
“ အဲဒါပါပဲ ၊ အဲဒါ လို ချင် နေတာ ၊ ကျွန်တော့် သူငယ်ချင်း က စောင့် ရှောက် ”
ကျွန်တော့် ကို စိုးအောင် က ပါးစပ် လှမ်း ပိတ်တယ် ။ ပြီးတော့ -
“ ကျွန်တော် တောင်းပန်ပါတယ် ဗျာ ၊ ဒီကောင် က တော့ မဆင့် တို့ သိတဲ့ အတိုင်းပဲ ”
စိုးအောင် အမှတ်တွေ ဝင် ယူ လိုက်တယ် ၊ သူ ပြောပုံက ကျွန်တော် ဟာ ဗရုတ် တစ်ကောင် ဖြစ်ပြီး ၊ သူ က တော့ လူကောင်း သူကောင်း ပုံစံ မျိုး ၊ ကျွန်တော် အောင့်အည်း နေ လိုက် ရ ပါတယ် ။ သူငယ်ချင်း အတွက် အနစ်နာ နည်းနည်း ခံ လိုက်ရုံပေါ့ ။ သိက္ခာ သိပ် မကျပါဘူး ၊ ကျစရာ သိက္ခာ လည်း အများကြီး မှ မရှိတာ ။
“ ဟုတ်ပါတယ် ၊ ကျွန်တော် က ခုန သူ ပြောတဲ့ လောင်ချာ ပဲ လို့ ထား လိုက်ပါ ။ ဒီကောင် က မဆင့်ဆင့် နဲ့ သူငယ်ချင်း ဖြစ်ချင်တယ် ။ တစ်တန်း တည်းသားချင်း ပဲ ၊ ဖြစ်လိုက်ပါဗျာ သူငယ်ချင်း ”
ကျွန်တော် အဲဒီ နေ့ က ဘယ်လို အာရွှင် နေ မှန်း မသိပါဘူး ။
“ ကျောင်းသူ နဲ့ ကျောင်းသားတွေ ဟာ သူငယ်ချင်းတွေ ပဲ ပေါ့ ၊ ဒီ လောက် သိ ရရင် ရှင်တို့ ပြန် လှည့်ဖို့ ကောင်းပါပြီ ”
ဆင့်ဆင့် ဟာ အဲသလို စကားမျိုး တွေ တတ် ပါတယ် ။ ပြော ပြီးပြီး ချင်းပဲ သူတို့ ဆက် လျှောက် သွား ကြပါတယ် ။ သူ့ အဖော် က တော့ ကျွန်တော့် ကို မျက်စောင်း ထိုး သွားပါလေရဲ့ ။
“ မလှပါဘူး ”
စိုးအောင် ကျွန်တော့် ကို အဲဒီ နေ့ က ဆီချက်ခေါက်ဆွဲ ကျွေးတယ် ၊ လက်ဖက်ရည် တိုက်တယ် ။
အဲဒီက အစ လို့ ထင်ပါတယ် ။
( ၂ )
ဆင့်ဆင့် နဲ့ စိုးအောင် တို့ မျက်လုံးချင်း စကားတွေ ပြောကြတယ် နဲ့ တူပါရဲ့ ၊ သိပ် မကြာဘူး စိုးအောင် က ဆင့်ဆင့် တို့ အဆောင် ကို အလည် သွား ဖို့ ကျွန်တော့် ကို အဖော် ခေါ်တယ် ။
ကျွန်တော် က လည်း မျက်နှာ ပြောင်ပြောင် နဲ့ ပဲ လိုက် သွားတယ် ။ ဟုတ်တယ်လေ ။ ကျွန်တော် က ဆင့်ဆင့် တို့ အဆောင် က မိန်းကလေး တစ်ယောက် နဲ့ မှ မပတ်သက်ဘူး ၊ ရင်ခုန် စရာ လည်း မရှိဘူး ။
စိုးအောင် က တော့ လက်ဖျားခြေဖျားတွေ တောင် အေး နေတယ် ။ ဖြစ်မှာပေါ့လေ ၊ သူ ချောက်ချား နေတာ ကိုး ။
ပထမဆုံး နေ့ က ဆင့်ဆင့် စိုးအောင် ကို ထွက် တွေ့ ပါ့မလား လို့ စိုးရိမ် မိ သေးတယ် ။
ထွက် တွေ့ ပါတယ် ။ ကျွန်တော့် ကို မြင် တော့ ပြုံးတယ် ၊ စိုးအောင် ကို ပြုံးပြတာ မဟုတ်ဘဲ ကျွန်တော့် ကို ပြုံးပြတာပါ ။ သူ ပြုံးပုံ က လည်း လူပြက် တစ်ယောက် ကို မြင် လို့ ပြုံး တာမျိုး ။
“ ကဗျာစာအုပ် လာ ရောင်း တာပါ ”
ကျွန်တော် က အသင့် ပါ လာတဲ့ ကဗျာစာအုပ်ကလေး ကို ပြ လိုက်တယ် ။
“ ကိုဝဏ္ဏ က ကဗျာတွေ ဘာတွေ ရေး လို့လား ”
“ ကျွန်တော် ရေး တာ မဟုတ်ဘူး အာသာ ရေး တာလေ ၊ သိတယ် မဟုတ်လား ၊ အတန်းထဲက ‘ အာသာမပြေ ’ လေ ။ ဘယ်လောက် စားရ စားရ အာသာ မပြေတဲ့ကောင် ။ အင်္ဂလိပ် လို အာသာ ။ မြန်မာ လို ‘ အာသာ မပြေ ’ ။ တရုတ် လို လောရှည် ၊ ရုရှား လို ကျတော့ ဖွတ်ကျားစကီး ”
ဆင့်ဆင့် မပွင့်တပွင့် ရယ် ပါတယ် ။
ကျွန်တော် နေ့လယ် က အတန်း ထဲ မှာ တစ်ခါ နောက် မိ တာ ကို သူ သတိရ သွားတယ် နဲ့ တူပါရဲ့ ။
ဆရာ က လည်း ကျွန်တော်တို့ ငိုက် လာလို့ ပျော်စရာ စကားလေး တစ်ခွန်း ပြောတာပါ ။
ဆရာ က -
“ ဆောခရတ္တိ ရဲ့ အဖေ ဘယ်သူလဲ သိကြလား ” လို့ မေးပါတယ် ။
ကျွန်တော် က အမေရိကန် ရုပ်ရှင်ကားတွေ ထဲ က အမေရိကန် ကျောင်းသားတွေ လက်ထောင်ပုံ မျိုး နဲ့ လက် ကို ပြား လိုက်ကြီး ထောင် လိုက် ပါတယ် ။
“ ဟား ၊ တယ် ဟုတ်ပါလား ။ မင်း က ဆောခရတ္တိ ရဲ့ အဖေ ဘယ်သူ လဲ သိတယ် ၊ ကဲ ပြောစမ်းပါဦး ဘယ်သူလဲ ”
“ ကာကူးဗန္ဓုလ ကျော်စိန် ပါ ”
ကျွန်တော် တို့ အတန်း ထဲ က တရုတ်ကပြား သူငယ်ချင်း ရဲ့ နာမည် ကို ပြော လိုက်ပါတယ် ။
ကျော်စိန် က ပွစိပွစိ နဲ့ ခပ်တိုးတိုး ဆဲ ပါတယ် ၊ ကျောင်းသူကျောင်းသားများ ရယ်ပါတယ် ။
“ ကဲ - ကျော်စိန် ခင်ဗျား သား အကြောင်း ခင်ဗျား ပဲ နည်းနည်း ပြောပြစမ်းပါဗျာ ”
ဆရာ က ဆက် လှုပ် လိုက်ပါတယ် ။
ကျော်စိန် က -
“ ကျွန်တော် နဲ့ ဘာမှ မဆိုင်ဘူး ဆရာ ”
ကျွန်တော် က -
“ မယားပါသား မယားပါသား ” လို့ အော်ပါတယ် ။
တစ်တန်းလုံး ရယ်ကြပါတယ် ။
ဆရာ က -
“ ကဲ - တော်လောက်ပါပြီ ၊ အိပ်ငိုက်လည်း ပြေ လောက် ပါပြီ ။ စာ ဆက် သင်ရအောင် ”
အဲဒါကို သတိရ လို့ နဲ့ တူ ပါတယ် ။ ဆင့်ဆင့် က ကျွန်တော့် ကို ပြောပါတယ် ။
“ ကိုအာသာ ရဲ့ အဖေ ကော ကိုဝဏ္ဏ သိ လား ”
“ သိပ် သိတာပေါ့ ၊ ဗန္ဓုလ ကျော်စိန် ပဲ ”
သူ မပွင့်တပွင့် ရယ် ပြန် ပါတယ် ၊ အဲဒီအချိန် ထိ စိုးအောင် ကို စကား မပြောသေးပါဘူး ၊ စိုးအောင် က လည်း သွားကြီး ဖြဲပြီး တဟီးဟီး ဖြစ်နေ ပါတယ် ။
“ ကဗျာ စာအုပ် ဝယ် ရင် ပြန် မှာလား ”
ချုံခို တိုက်ကွက် ကို ဆင့်ဆင့် ပိုင် ထားပုံ ရပါတယ် ။
“ ဟင့်အင်း စိုးအောင် ပြန်ခါနီး မှ ရောင်းခဲ့မှာ ပါ ”
ကျွန်တော် က လည်း လျှပ်တစ်ပြက် တန်ပြန် လိုက် ပါတယ် ။ မျက်စောင်းကလေး ထိုး ပါရဲ့ ၊ ကျွန်တော့် ကို လိုလို နဲ့ စိုးအောင် ကို ပါ ။
အဲဒီ ကတည်း က စိုးအောင် စ ပြီး ခံ ရတော့တာပါပဲ ။
နောက် ရက်တွေ မှာ ကျွန်တော် လိုက် မသွားရင် ကျွန်တော့် ကို မေး သတဲ့ လေ ။
“ ကိုဝဏ္ဏကြီး က ရယ်ရတယ် ”
အဲဒီတော့ ကျွန်တော် လည်း တစ်ခါတလေ လိုက် လိုက် သွားပါ တယ် ။
သူတို့ နှစ်ယောက် အတွက် ကျွန်တော် က ဇာတ်ပို့ လူရွှင်တော် အဖြစ်ပေါ့ ။
နောက်တော့ စိုးအောင် ပဲ ညနေတိုင်း ရေချိုး ပေါင်ဒါ လူးပြီး သွား လေ့ ရှိပါတယ် ။
စိုးအောင် ဟာ ဆင့်ဆင့် ခိုင်း သမျှ လည်း အားလုံး လိုက်လျော ပါ တယ် ။ ဆေးလိပ် မသောက်ရဘူး ဆိုလို့ စိုးအောင် ဆေးလိပ် ဖြတ် ပါတယ် ။
ကျွန်တော်တို့ က တောင် နောက် ပါ သေးတယ် ။
“ မင့် ဟာကြီး က ဘတ်စ်ကား လား ၊ ဘိုင်စကုပ်ရုံ လား ၊ တစ်ခုခု ဖြစ် မှာပါကွာ ၊ ဆေးလိပ် မသောက်ရ ဆိုတာ ဘတ်စ်ကား ပေါ် နဲ့ ဘိုင်စကုပ်ရုံ ပဲ ကြားဖူးတယ် ၊ ဘတ်စ်ကား တောင် ဂိတ် မှာ ရပ်နေတုန်း သောက်လို့ ရသေးတယ် ”
“ အများပြည်သူ နဲ့ ဆိုင်တဲ့ နေရာတွေ မှာ ဆေးလိပ် မသောက်ရဘူးတဲ့ ကွ ။ ဒါကြောင့် မင်း ဆင့်ဆင့် ဟာ အများပြည်သူ နဲ့ ဆိုင်တာ ဖြစ်ရမယ် ”
သူငယ်ချင်းတွေက အဲသလို နောက် တာ ကို စိုးအောင် မခံနိုင်ပါဘူး ။
“ ခွေးကောင်တွေ ခွေးစကား ပြောတယ် ”
စိုးအောင် ရှူးရှူးရှားရှား ပြန် ပြောခဲ့ပါတယ် ။
“ အေးလေ ၊ တို့ ခွေး ဖြစ်တာ အရေး မကြီးပါဘူး ။ မင်း နွား မဖြစ်ဖို့ အရေးကြီးတယ် ”
ကျွန်တော် အဲသလို ပြောခဲ့ဖူး ပါရဲ့ ။
( ၃ )
တစ်နှစ် ကုန် လို့ တစ်နှစ် ကူးခဲ့ ပါတယ် ။ စိုးအောင် နဲ့ ဆင့်ဆင့် တို့ ဟာ တတိယနှစ် ဝိဇ္ဇာတန်း မှာ စ သိ ခဲ့ကြတာပါ ။
ကျောင်း ပိတ်ခါနီးတော့ ကျွန်တော် က စိုးအောင် ကို မေးတယ် ။
“ ဆင့်ဆင့် နဲ့ မင်းနဲ့ အတိအလင်း ဖြစ် သွား ကြပြီလား ”
စိုးအောင် ခေါင်းမညိတ် ခေါင်းမခါ ခပ်တွေတွေ နဲ့ ညနေစောင်း နှင်းမှုန်ကလေးတွေ ကို ကြည့် နေ ပါတယ် ။ ပြီးတော့ သက်ပြင်း ချ ပါတယ် ။ ဘာမှ ပြန် မပြောဘူး ။
“ မင်း ဟာ က မပြတ်မသား နဲ့ကွာ ၊ မင်း သူ့ ကို ပြောပြီးပြီ မဟုတ်လား ”
“ ပြောတာတော့ ပြောပြီးပါပြီ ”
“ သူ က ဘာတဲ့လဲ ”
“ ဖြည်းဖြည်းပေါ့ တဲ့ ”
“ မင်းတို့ ဟာ က ဇာတ်မျောကြီး ဖြစ်လိမ့်မယ် ထင်တယ်ကွာ ”
စိုးအောင် က တွေဝေ ငေးမော သွားပါတယ် ။ ပြီး ... ။
“ သူ ငါ့ ကို မချစ်တာတော့ မဟုတ်ဘူးကွ ”
“ ဒါပေမဲ့ ချစ်ပါတယ် လို့ တော့ မပြောသေးဘူး ဆိုပါတော့ ”
“ အင်း ... ”
အင်း - ရှည်ကြီး ကို ညည်း လိုက်တယ် ။
“ ဘာတဲ့လဲ ၊ သူ့ မိဘတွေ သဘော တူ ထားတဲ့လူ ရှိလို့တဲ့လား ”
“ အဲသလို လည်း မဟုတ်ဘူး ”
“ ဒါဖြင့် ဘာဖြစ်လို့တဲ့လဲ ”
“ သူ ငါ့ ကို တစ်သက်လုံး ချစ်သွားနိုင်ပါ့မလား လို့ သူ့ ကိုယ် သူ မသေချာသေးလို့ တဲ့ ”
“ ဒါ သက်သက် ကြိုး ရှည်ရှည် နဲ့ လှန်တဲ့ သဘောပဲ ၊ မင်း ပြတ်ဖို့ လိုပြီ ထင်တယ် စိုးအောင် ”
စိုးအောင် ခေါင်း ခါတယ် ၊ စိတ်ဓာတ် ကျနေတဲ့ ပုံမျိုး ။
“ ငါ လည်း ဘာမှ မပြောတတ် တော့ပါဘူးကွာ ၊ ငါ သူ့ ကို ချစ်တာ တော့ သေချာပါတယ် ”
“ ဒီတစ်ခါ ကျောင်း မပိတ် ခင် သူ့ ဆီ က ပြတ်ပြတ်သားသား အဖြေ ရ အောင် တောင်းကွာ ၊ မရရင် မင်း က စ ပြီး ဖြတ် လိုက်တာပေါ့ ”
“ ငါ ကတော့ သူ့ ကို စ ပြီး မဖြတ်နိုင်ဘူး ကွာ ”
“ ဒါဆိုလည်း နောက် တစ်နှစ် လောက် ဆက်ပြီး ခံ လိုက်ဦးပေါ့ ”
“ ဘယ်နှစ် ဖြစ်ဖြစ် ငါ စောင့်နိုင်ပါတယ် ကွာ ”
“ မင်း ချိုပေါက်လာပြီ ထင်တယ် စိုးအောင် ၊ မြက် ပဲ စားတော့ ။ ကျောင်းဝင်း ထဲ မှာ မြက်တွေ အများကြီးပါကွာ ”
ကျွန်တော် လည်း စိုးအောင် ကို အားမလို အားမရ ဖြစ် လာတာ နဲ့ ပြော ပစ်လိုက်တယ် ။ သူ ကျွန်တော့် ကို စိတ် မဆိုးပါဘူး ။
“ နောက် နှစ်တော့ အဆင်ပြေတန် ကောင်းပါရဲ့ ကွာ ”
သူ့ လေသံ က ပျော့ လွန်းတယ် ။
ဆောင်းဦး ရဲ့ ညချမ်း ဟာ ကမန်းကတန်း ရောက် လာ ပါတယ် ။
အဲဒီ နှစ် ကျောင်း အပိတ် မှာ သူတို့ ချင်း စာ အဆက်အသွယ် ရှိခဲ့ ကြတယ် တဲ့ ၊ ဘာတွေ ရေးကြတယ် တော့ မသိဘူး ။ ကျွန်တော့် စိတ် ထင် တော့ ဆင့်ဆင့် က ဝေ့လည်ကြောင်ပတ်တွေ ပဲ ရေး ပေး မှာပါ ။
ဟိုကောင် စိုးအောင် ငနွား က တော့ လွမ်းစာခွေတွေ ပါး မှာ ပေါ့ ။
( ၄ )
နောက် တစ်နှစ် လည်း ဒီလိုပဲ အီးရောအီးရော နဲ့ ကုန်သွား ပြန်ပါတယ် ။
စိုးအောင် က ဆင့်ဆင့် ဆီ အမြဲ သွားတယ် ။
ကျောင်း အားချိန် မှာ လည်း သူတို့ တတွဲတွဲ ပဲ ။
အားလုံးကတော့ စိုးအောင် နဲ့ ဆင့်ဆင့် ဖြစ်နေကြပြီ လို့ ထင်ထားကြတယ် ။
ကျွန်တော် က တော့ စိုးအောင် နဲ့ လက်ပွန်းတတီး နေတာမို့ ဆင့်ဆင့် ဆီ က ပြတ်သားတဲ့ အဖြေ မရသေးဘူး ဆိုတာ သိ နေတယ် ။
ခက်တာ က စိုးအောင် ကို နားချလို့ မရတာပဲ ။
“ ချစ်တယ် လည်း မဟုတ် ၊ မချစ်ဘူး လည်း မဟုတ်နဲ့ မင်းတို့ ကိစ္စ ငါ တော့ စိတ် ကုန်တယ် စိုးအောင် ၊ ငါ့ ကို လာ လာ ငို မပြနဲ့တော့ ။ မင်း ထိုက် နဲ့ မင်း ကံ ပဲ ”
“ ငါ့ မှာ ရင်ဖွင့် ပြောရမယ့် လူ မရှိဘူးကွာ ။ မင်း တစ်ယောက် တည်း ကိုပဲ ငါ ပြောတာပါ ။ တခြား လူတွေ မေး ရင် ပြော ရင် ငါ ပြုံး နေလိုက် တယ် ။ တချို့ ညတွေ ကျရင် ငါ ငို မိ တယ်ကွာ ၊ မရှက်ပါဘူး ။ သူ့ ကို ငါ ဘာဖြစ်လို့ ဒီလောက် ချစ်မိရသလဲ မသိဘူး ”
စိုးအောင် က ဆွေးဆွေး မြည့်မြည့် ပြော လာတော့ ကျွန်တော့် သူငယ်ချင်း အတွက် စိတ် မကောင်း ဖြစ်ရ ပြန် ပါ ရော ။
တစ်ခါတလေ ကျ ဆင့်ဆင့် ကို ကျွန်တော် သွား တွေ့ပြီး စိုးအောင် ကို ချစ်သလား မချစ်ဘူးလား မြန်မြန် ပြောဗျာ လို့ မေး လိုက် ချင်စိတ် ပေါက် လာ တတ်ပါတယ် ။ သူ့ အတွက် အားမလို အားမရ ဖြစ်လွန်း လို့ပါ ။
ဒါပေမဲ့ အဲသည် နှစ် လည်း ဒီလိုပဲ ကုန် သွားခဲ့ပြန်ပါတယ် ။ နောက်ဆုံးနှစ် စာမေးပွဲတွေ ဖြေ ပြီးတော့ စိုးအောင် ကို ကျွန်တော် ဇွတ် လွှတ် လိုက် တယ် ။
“ မင်း သွားတွေ့ ၊ ပြတ်သားတဲ့ အဖြေ တောင်း ၊ ဒါ နောက်ဆုံး အခွင့် အရေးပဲ ။ ခုထိ မရေမရာ ဆိုရင်တော့ သူ့ မျက်နှာ တည့်တည့် ကြည့်ပြီး ပက်ပက်စက်စက် ပြော ပစ်ခဲ့ ။ ဒါ ဇာတ်သိမ်းခန်းပဲ ။ နောက်နောင် လည်း ဒီကောင်မ အတွက် တွေး မနေ နဲ့တော့ ။ မင့် ကောင်မက တိုက် တစ်လုံး ၊ ကား တစ်စီး တစ်လ ဝင်ငွေ ရှစ်ထောင် လောက် ကို မှန်း နေတာပဲ ဖြစ် ရ မယ် ”
အဆောင် ရှေ့ ကို ရောက်တော့ စိုးအောင် တွေ ပြီး ရပ် နေ သေးတယ် ။ ကျွန်တော် က အတင်း တွန်း လွှတ်ရင်း -
“ မင်း သွား မမေးရင် ငါ သွား မေးမယ် ”
ဆိုတော့ မှ ဒီကောင် ဖြည်းဖြည်းလေးလေး အဆောင် ထဲ ဝင် သွား တယ် ။ အဆောင် ရှေ့ ကံ့ကော်ပင် အောက် မှာ ကျွန်တော် ထိုင် စောင့် နေ တယ် ။
ညနေစောင်း ဧည့် ပြန်ချိန် ကျ မှ စိုးအောင် ပြန် ထွက် လာတယ် ။ ဆင့်ဆင့် က အဆောင်ဝ ထိ လိုက် ပို့တယ် ။ ကျွန်တော့် ကို လည်း ပြုံးပြ နှုတ်ဆက် ပါတယ် ။ ကျွန်တော် မျက်နှာကြောတွေ တင်း နေ မှာပါ ။ သူ့ ကို ကျွန်တော် သရော် တဲ့ အပြုံးမျိုး ပြုံးပြ မိခဲ့ သလား မသိဘူး ။
လမ်း မှာ စိုးအောင် ကို မေး တော့ -
“ သူ ငါ့ ကို ချစ်ဖို့ ကြိုးစားပါတယ် တဲ့ ၊ စာ ရေး လိုက်မယ် တဲ့ ”
“ အဲဒီ စာ ဝါးလုံးခေါင်း ထဲ ဝင် သွားမှာပဲ ။ အလကား ကောင်မပါ ကွာ ၊ မင်း ကို ခိုင်းဖို့ သက်သက် တွဲ တာပါ ၊ တက္ကသိုလ် မှာ နေတဲ့ အချိန် အတွင်း အစေခံ တစ်ယောက် ကို အခမဲ့ ငှား သလိုပေါ့ ။ အဲဒီ အစေခံ က နှုတ်ခမ်းနီ တို့ ၊ အဝတ်အစား တို့ ၊ စာအုပ် တို့ တောင် ပြန် ပေးရသေးတယ် မဟုတ်လား ”
“ ဒီလိုတော့ မပြောပါနဲ့ ဝဏ္ဏ ရာ ။ သူ ငါ့ ကို ဘာ တစ်ခု မှ မပူဆာဖူးပါဘူး ”
“ မင်း က အလိုက်တသိ ဝယ်ခြမ်း ပေးခဲ့တယ်ပေါ့ ”
“ ငါ့ မတ်ေတာ ငါ့ စတေနာ နဲ့ ပါ ”
“ အရူး ၊ အပေါ ၊ မင်း နွား ထက် အောက်တန်းကျတယ် ”
“ ပြောချင်ရာ ပြောတော့ သူငယ်ချင်း ၊ ငါ ဟုန် နေပြီ ”
အဲဒီတုန်းက မိုးတွေ သည်းကြီးမည်းကြီး ရွာ ခဲ့တာကို မှတ်မိ နေ ပါတယ် ။
( ၅ )
ကျောင်း က ထွက်ပြီးတဲ့ နောက် ကိုယ့်နည်း ကိုယ့်ဟန် နဲ့ လှုပ်ရှား နေ ကြရတဲ့ အတွက် အဆက်အသွယ်တွေ တဖြည်းဖြည်း ဝေးသွား ကြပါ တယ် ။
စိုးအောင် က ကုန်သွယ်ရေးဌာန မှာ ဝင် လုပ်တယ် ။ ပထမ နေ့စား ၊ နောက် လခစား ၊ နောက် ဌာနတွင်း စာမေးပွဲတွေ ဖြေရင်း အရာရှိ ပေါက်စ အဖြစ် နဲ့ နယ်တွေ လျှောက် သွားရ သတဲ့ ။
ဆင့်ဆင့် က တော့ စာရင်းကိုင် ဒီပလိုမာ တစ်ခု ဆက် တက် သတဲ့ ။ နောက် အစိုးရ အလုပ် ဝင်တယ်တဲ့ ၊ ဘယ် ရောက် သွားသလဲ ဆိုတာ မသိ ရပါဘူး ။
သူတို့ချင်း အဆက်အသွယ် ရှိ မရှိ လည်း မသိရတော့ဘူး ။
လွန်ခဲ့တဲ့ ဆယ်နှစ် လောက် က သူငယ်ချင်း တစ်ယောက် က အကြောင်း ကြားလို့ စိုးအောင် လက်ထပ်တော့မယ် ဆိုတာ သိ ရတယ် ။
မှော်ဘီ မှာ တဲ့ ၊ မှော်ဘီ က မိန်းကလေး တစ်ယောက် နဲ့ ပဲ တဲ့ ။
ဒါဆို ဒီကောင် ဆင့်ဆင့် ရဲ့ စက်ကွင်း က လွတ် သွားပြီပေါ့ လို့ ကျွန်တော် ထင်ခဲ့တယ် ။ ဆင့်ဆင့် သတင်း တော့ ဘာမှ မကြားရပါဘူး ။
သူငယ်ချင်း တွေ ချိန်းစုပြီး မှော်ဘီ က စိုးအောင် ရဲ့ မင်္ဂလာဆောင် ကို သွား ကြတယ် ။ ကျွန်တော်တို့ တစ်ည ကြို ရောက်တယ် ။
အဲဒီ ည မှာ လူပျိုည ဆိုပြီး သောက်ကြတယ် ၊ ကျွန်တော်တို့ က တော့ ဆင့်ဆင့် အကြောင်း စကား မစကြေး ဆိုပြီး တိုင်ပင် ထားကြတယ် ။ ဒါပေမဲ့ စိုးအောင် နည်းနည်း မူး လာတဲ့ အချိန်မှာ သူ ကိုယ်တိုင် ပဲ ဆင့်ဆင့် နဲ့ ပတ်သက်ပြီး ပြော ပြတယ် ။
ကျောင်း က ထွက်ပြီး သူ စာ အဆက်အသွယ် လုပ်ပါတယ် တဲ့ ။ ဆင့်ဆင့် က လည်း စာ ပြန်ပါ သတဲ့ ။ တစ်နှစ် လောက် ကြာ တော့ ‘ မေ့လိုက် ပါတော့ ’ ဆိုတဲ့ စာ လာ သတဲ့ ။ ဒါနဲ့ သူ လည်း နယ်စွန်နယ်ဖျား တွေ မှာ သွား အမှုထမ်း နေလိုက် သတဲ့ ။ ခုတော့ မှော်ဘီ မှာ တာဝန် ပြန် ကျတယ် ။ ဒီ က မိန်းကလေး တစ်ယောက် နဲ့ ရည်ငံတယ် ၊ ယူကြတယ် ။ ဒါပေမဲ့ သူ ဆင့်ဆင့် ကို မမေ့နိုင်သေးဘူး ၊ တစ်သက်လုံး သတိရ နေမယ် လို့ ပြောတယ် ။
တစ်ယောက် တစ်ပေါက် နဲ့ သူ့ ကို ဆဲကြ ဆိုကြတယ် ။ တချို့ သူငယ်ချင်း က လည်း ရွှေပြည်အေးတရား ဟောတယ် ။ စိုးအောင် က တော့ ပြော သမျှ ငုံ့ ခံပြီး သူ ဆင့်ဆင့် ကို မမုန်းပါ ၊ မမေ့ပါ လို့ ပဲ ပြောနေတယ် ။ သား နဲ့ မယား နဲ့ ကြာ လာ လျှင် တော့ ဒါတွေ ပြီးသွားမှာပါ လို့ ကျွန်တော် ထင် မိတယ် ။
( ၆ )
လွန်ခဲ့တဲ့ နှစ်ပတ် လောက် က ကျွန်တော် မမျှော်လင့်ဘဲ ဆင့်ဆင့် ကို ပြန် တွေ့ ရတယ် ။
ကိစ္စ တစ်ခု ရှိလို့ ရုံး တစ်ရုံးကို သွားရင်း နဲ့ ပါ ။ ရုံး ထုံးစံ အတိုင်း အဆင့်ဆင့် တင်ပြရ ပါတယ် ။
ရုံးအုပ်စာရေးကြီး က ကျွန်တော့် ကို သိ နေလို့ သက်ဆိုင်ရာ အရာရှိ နဲ့ ကိုယ်တိုင် ဝင်တွေ့ လိုက်ပါ ဆိုလို့ အဲဒီ သက်ဆိုင်ရာ အရာရှိ ရုံးခန်း ကို သွား ရပါတယ် ။
တံခါး ကို ဖွင့် အဝင် မှာ ပဲ ဆင့်ဆင့် ကို အရာရှိစားပွဲ မှာ တွေ့ လိုက် ရတယ် ။ သူ ကျွန်တော့် ကို တွေ့ တွေ့ ချင်း မှတ်မိ ပါတယ် ။
“ ဟင် ဘယ်က ဘယ်လို မျက်စိ လည်ပြီး ရောက် လာတာလဲ ကိုဝဏ္ဏ ”
ကျွန်တော် သိပ် မအံ့သြလှပေမယ့် ရုတ်တရက် ကြောင်ပြီး ကြည့်နေမိ ပါတယ် ။
“ ထိုင်လေ ... ”
ကျွန်တော် သူ့ ရှေ့ မှာ ဝင် ထိုင် လိုက်ပါတယ် ။
ကျွန်တော့် ကိစ္စ ကို မေး ပါတယ် ။ ပြီးတော့ သူ တတ်နိုင် သလောက် ကူညီ ပေးပါတယ် ။ ကျွန်တော့် ကိစ္စ အတွက် လိုအပ်တဲ့ စာရွက်စာတမ်း စသည်ဖြင့် တွေ ကို သူ့ တပည့် စာရေးမလေး ခေါ် ပြီး လုပ်ခိုင်း လိုက် ပါ တယ် ။ ပြီးတော့ -
“ မတွေ့တာ ကြာ လှပြီ နော် ၊ ငယ် သူငယ်ချင်းတွေ ပြန် တွေ့ ရတာ ဝမ်းသာပါတယ် ၊ အချိန် ရတယ် မဟုတ်လား ”
“ ရပါတယ် ”
“ လက်ဖက်ရည် သောက်နော် ၊ ကျကျ ပဲ လား ”
“ ဟုတ်ကဲ့ ”
လက်ဖက်ရည် မှာ ခိုင်း လိုက် ပါတယ် ။
“ ကျောင်း တုန်း က သူငယ်ချင်းတွေ ပြန် တွေ့ သေးလား ”
“ စုံစုံစေ့စေ့ တွေ့ တာ တော့ စိုးအောင် မင်္ဂလာ ဆောင် တုန်းကပါ ။ နောက်တော့ တစ်ခါတလေ မှ တစ်ယောက် စ ၊ နှစ်ယောက် စ တွေ့ တော့ တယ် ”
သူ့ ကို ကျွန်တော် ခပ်ထေ့ထေ့ ပြော မိပါတယ် ။ စိုးအောင် ရဲ့ နှလုံးသား ကို အစိမ်းလိုက် ခွဲခဲ့တဲ့ မိန်းမ မဟုတ်လား ။ နည်းနည်း တော့ ငေါ့ ချင် သေးတယ် ။
“ ဪ ... ”
သူ့ မျက်နှာ ညှိုးရိပ်တွေ သန်း သွားပါတယ် ။ နည်းနည်းတော့ ထိ သွားမှာပေါ့ ။
“ ကျွန်မ လည်း ကြိုပြီး မသိရ လို့ အဲဒီ မင်္ဂလာပွဲ ကို မတက်ဖြစ်ခဲ့ ဘူး ။ သူ လက်ထပ်မယ့် ရက် ကို သိခဲ့ရရင် ကျွန်မ ရောက်အောင် သွားပါ တယ် ၊ မှော်ဘီ မှာ ဆို ”
“ မဆင့်ဆင့် သွားလို့ ဘာ ထူးမှာလဲဗျာ ။ ပိုလို့ ဆိုး လာစရာ သာ ရှိ တော့မပေါ့ ”
“ ဒါက သူ့ ဘက်ကပဲ ကိုဝဏ္ဏ ရယ် ၊ ကျွန်မ က တော့ ဒီလောက် သွေး မနည်းပါဘူး ။ သူ့ မင်္ဂလာပွဲ ကို ကျွန်မ ကြည်ကြည်ဖြူဖြူ တည်တည် ငြိမ်ငြိမ် တက်ချင်ပါတယ် ”
ကျွန်တော် ဒေါသ ဖြစ် သွားတယ် ၊ သူ ကပဲ တစ်ပြန်ကြီး -
“ အဲသလိုများ သွား ဖြစ်ခဲ့ရင် မင်္ဂလာပွဲ ပျက်နိုင်တာပေါ့ ”
“ ဘာဖြစ်လို့လဲ ကိုဝဏ္ဏ ၊ သူ့ ကို ကျွန်မ ခွင့်လွှတ်ပြီး သွားမှာပါ ”
“ ဗျာ ၊ မဆင့် က ပဲ သူ့ ကို ခွင့်လွှတ်ဦးမယ် ဟုတ်လား ”
“ အင်းလေ သူ့ ကို ကျွန်မ ခွင့်လွှတ်ပါတယ် ။ ခုချိန် ထိ လည်း ကံ ကံ၏ အကြောင်းအကျိုး တရား လို့ ပဲ သဘော ထားပါတယ် ။ သူ့ ကို ကျွန်မ မနာကြည်း တော့ ပါဘူး ”
“ ဘယ်လို ”
“ သူ ကျွန်မ ကို စွန့်ခွာ သွားပေမယ့် ကျွန်မ သူ့ ကို မနာကြည်းဘူး လို့ ပြော တာပါ ”
“ ဟင် ... ”
ကျွန်တော့် ဦးနှောက် ချာချာလည် သွားပါတယ် ။
“ ကျွန်တော် မရှင်းဘူး မဆင့် ၊ သူ က မဆင့်ကို စွန့်ခွာ သွားတာလား ၊ မဆင့် က သူ့ ကို စွန့်ပစ်ခဲ့တာလား ”
“ ကိုဝဏ္ဏ ဘာမှ မသိဘူးလား ”
“ တစ်ခုပဲ သိတယ် ။ မဆင့် က သူ့ ဆီ ကို မေ့လိုက်ပါတော့ လို့ ရေးလိုက်တယ် ဆို ”
“ သူ က အဲသလိုပဲ ပြော သလား ”
“ အင်း ... ”
“ ဪ ... ”
ဆင့်ဆင့် မျက်နှာ မှာ မဲ့ပြုံးကလေး ပေါ် လာပါတယ် ။ ခဏကြာ ငြိမ်သက် နေတယ် ။
ကျွန်တော် တစ်ခု ကို သဘောပေါက် မိတယ် ။
“ နေပါဦး ၊ မဆင့် က သူ့ ကို အဲသလို စာမျိုး မရေးခဲ့ ဘူးလား ”
“ ပြီးသွားပါပြီ ကိုဝဏ္ဏ ပြီးခဲ့ပါပြီ ၊ သူ ပြောတာ ကို သာ ယုံ လိုက်ပါတော့ ”
“ နို့ မဟုတ်ဘူးလား ”
“ ဒီ အချိန် ရောက်မှတော့ ပြန် ရှင်းပြ မနေချင်တော့ပါဘူး ”
“ မဟုတ်သေးဘူး မဆင့် ၊ ဒီ ကိစ္စ သာ ပြန်ပြင်လို့ မရတော့ ပေ မယ့် ကျွန်တော့် သံသယ ကို တော့ ဖျောက်ပေးပါ ၊ ကျွန်တော် မဆင့် ကို အချိန် ပြည့် မုန်းခဲ့ မိ တာပါ ”
“ ဆက်ပြီး မုန်း နေ လိုက် ပါတော့ ကိုဝဏ္ဏ ရယ် ”
သူ့ မျက်နှာ ဟာ အသိဉာဏ် တစ်ခု ကို ပွင့်လင်းစွာ ရ လိုက်သလို ပြောင်း သွားပါတယ် ။ ကျွန်တော် နည်းနည်း ရှင်းစ ပြုပါပြီ ။
“ မဆင့် က သူ့ ကို စ ဖြတ်တာ မဟုတ်ဘဲ သူ က မဆင့် ကို ... ”
“ သူ့ ကို ကျွန်မ သိက္ခာ မချပါရစေနဲ့ တော့ ၊ သူ့ အခြေအနေ လည်း သိပ် မကောင်းရှာပါဘူး ။ အလုပ် က ထွက် လိုက် ရတယ် ။ မှော်ဘီ မှာ ဈေး ရောင်းနေ သတဲ့ ။ ကျွန်မ စာနာ တတ် ပါတယ် ။ သူ့ သတင်း ကို တော့ ကျွန်မ နားစွင့် နေ ဆဲပါ ။ ခုတော့ ကျွန်မ သူ့ ကို သံယောဇဉ် ဖြတ် လို့ ရပါပြီ ။ သူ့ စကားလုံး ကို ကျွန်မ စကား ဖြစ်အောင် ပြောခဲ့တာပဲ ။ ဒါကြောင့် ရှင်တို့ တစ်တွေ အားလုံးက ကျွန်မ ကို လမ်း မှာ တွေ့ ရင် တောင် စကား သိပ် မပြောချင်ကြ တာ ကိုး ”
“ ကျွန်တော့် ကို တစ်ခုခု ပြောပြပါလား ဗျာ ။ စကား တစ်ခွန်းလောက် နဲ့ ကျွန်တော့် သံသယတွေ ရှင်း သွားနိုင်ပါတယ် ”
“ အေးလေ သူ့ ကို ကိုဝဏ္ဏ တို့ မမုန်းဘဲ ခွင့်လွှတ်နိုင်မယ် ဆိုရင်တော့ ပြောပြပါ့မယ် ။ မေ့ လိုက်ပါတော့ ဆိုတဲ့ စာ ကို ကျွန်မ က သူ့ ဆီ ရေးတာ မဟုတ်ပါဘူး ။ သူ က ကျွန်မ ဆီ ရေး လိုက်တာပါ ။ အဲဒီ စာလေး ကို ကျွန်မ ခုထိ သိမ်း ထား ပါတယ် ။ ကိုဝဏ္ဏ ဖတ်ချင် ရင် နက်ဖြန် လာခဲ့ဦးပေါ့ ။ ဒါက သက်သေ အဖြစ် ပြ နိုင်တဲ့ စာ မို့လို့ပါ ။ သူ့ ကိုတော့ ခွင့်လွှတ်လိုက် ကြပါ ရှင် ”
“ ဒါဖြင့် မဆင့် က မေ့လိုက်ပါတော့ ဆိုတဲ့ စာ ပေးခဲ့တာ မဟုတ်ဘူးပေါ့ ”
သူ မဲ့ပြုံး ပြုံး ရင်း ပြန် ပြောပါတယ် ။
“ အဲဒီ နေ့ က သူ့ ဆီ ကို ကျွန်မ စာ ထည့်မယ် လုပ်တုန်း ၊ သူ့ ဆီ က စာ ရောက် လာပါတယ် ။ ကျွန်မ ရေး ထားတဲ့ စာ က သူ့ ကို တစ်သက်လုံး ချစ်ဖို့ ဆုံးဖြတ်ပြီး ပြီ ဆို တဲ့ စာ ပါ ။ ကျွန်မ ဆုံးဖြတ်ချက် အတိုင်း ခုန အထိ ကျွန်မ သူ့ ကို .... ”
အသံ တိမ်ဝင်သွားသည် ။
“ ခုတော့ ပြီးသွားပါပြီလေ ၊ ပြီးပါပြီ ”
◾မောင်ဝဏ္ဏ
📖 စံကားပွင့် မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၇ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment