Friday, April 21, 2023

ရွှေပြည်တော်သည် ( 12 )


 🔳 အမှန် သိကြသော ဤသုံးယောက်


စောထွန်း ၊ ဘလှိုင် ၊ မြင့်မြင့် တို့ သည် ကျောင်း နေဖက် ငယ် သူငယ်ချင်းများ ဖြစ်ကြ၍ လွန်စွာ ရင်းနှီး ခင်မင်ကြသည် ။ သို့သော် စိတ်ဓါတ်ချင်း က တော့ မတူကြချေ ၊ စောထွန်း က ပျော်ပျော် နေ ပျော်ပျော် စား စီးပွားရေး သမား ဖြစ်သည် ။ ဘလှိုင် နှင့် မြင့်မြင့် တို့ တောခိုချိန် မှာ သူ မိုးကောင်း တွင် အိမ်ထောင် ကျ ၍ ကျောက်တွင်း အလုပ် လုပ်ကိုင် နေသည် ။


သူတို့ ကျောင်းသား ဘဝ က ဤ မျောက်ဆိပ်ပင်ရွာ ရှိ မြင့်မြင့် တို အိမ် သို့ ဘလှိုင် နှင့် စောထွန်း သည် မကြာခဏ ရောက်နေကျ ဖြစ် လေရာ စောထွန်း သည် မည်သူ့မှ ခေါ်ခြင်းမေးခြင်း မရှိဘဲ အိမ်ပေါ်သို့ တက် သွားပြီး ဧည့်ခန်း ထဲ ၌ သူ့ ဘက် ကျောပေး ၍ ထိုင်လျက် သိုးမွေးထည် ထိုး နေသော မြင့်မြင့် ကို မြင်လျှင် “ ဟေး ဟေး ... မိပဟေ့ ” ဟု အော်လိုက်ရာ မြင့်မြင့် သည် ဆတ်ခနဲ လှည့် လိုက်ပြီး ၊


“ အောင်မယ်လေး လန့် လိုက်တာ ကိုစောထွန်းကြီး နှယ် ”


“ အောင်မယ် ... သေရဲတာ အလံနီ ဆိုတဲ့ ရဲနီမ က များ အခု လင် ရ မှ လန့်တတ် ကြောက်တတ် နေပလား ” ဆိုပြီးမှ မျက်နှာ ပိုး သပ်၍ “ အေးလေ ... ဒါ မိန်းမတို့ ဓမ္မတာ ဘဲ ” ဟု ခပ်တည်တည် အဘိဓမ္မာ တစ်ရပ် လုပ်လိုက် သဖြင့် မြင့်မြင့် က - 


“ ကြီးကျယ် မနေစမ်းပါနဲ့ ထိုင်စမ်း ၊ ဘယ်က ဘယ် လှည့် လာခဲ့တာလဲ ”


စောထွန်း သည် မြင့်မြင့် အနီး ကုလားထိုင် တစ်လုံး တွင် ဝင် ထိုင် ၍


“ ဒီ ... တမင် လာခဲ့တာပေါ့ ဟ ၊ ကဲ ... ဟို ဆရာ ကော ... ” 


“ ဆင် ရှောက် စီးနေလေရဲ့ ၊ ဆင် မစီးဖူးလို့တဲ့ ” 


“ အေးလေ ... ရန်ကုန်သား ဆိုတော့ ဆင် ဘယ် စီးဘူးလိမ် မှာတုန်း ... ၊ ဟီ ... ဟီ ... ဆင် ပါတဲ့ ဝတ္ထုတွေ တော့ ဖတ်ရချေသေး ... ”


“ ဒီမှာ ကိုစောထွန်း သူ ရှင် နဲ့ မိုးကောင်းဘူတာ မှာ စ တွေ့ ခဲ့တာ ဆို ”


“ အေး .. ငါ့ စိတ်ထဲ အဲဒီတုန်း ကတည်း က ကိုထွန်းအောင် တို နဲ့ တွေ့ ရင် တစ်ခု ခုတော့ ဖြစ်လိမ့်မယ် ထင်လိုက်သားဘဲ ၊ ဟား - ဟား ဟား - ဟား ဖူးစာ ပေါ့ မြင့်မြင့် ရာ ၊ ဒီရုပ် ဒီရည်ပဲ ဟာ ကို နင့် အဖို့ မှာ သေနတ် နဲ့ ကလောင် ပြောင်းလိုက်ရုံ ပေါ့ ... ”


 မြင့်မြင့် က တွေ၍ စဉ်းစား နေသည် ။


စောထွန်း က ဆက်လက်၍ -


“ ဒီမှာ မြင့်မြင့် ရ လင် နေစ ဆင် သေမှ ဖြစ်သွားအောင် နင် တို့ ဆင် တစ်ကောင် လောက် ခု ညစာ ငါတို့ သ,တ် ကျွေး ပါလား ၊ ဟား .. ဟား ... ဟား .. ဟား ... ”


စောထွန်း က သူ့ စကား သူ သဘောကျ စွာ တဟားဟား ရယ် သည် ။ မြင့်မြင့် အစ်ကို ကိုထွန်းအောင် တို့ မှာ မြို့ က အရောင်း အဝယ် အလုပ် အပြင် သစ်တောလုပ်ငန်း လည်း လုပ်ကိုင်၍ ဆင် များ ရှိသည် ။


မြင့်မြင့် သည် စောထွန်း ရယ် နေသည် ကို ကြည့်ပြီး ၊ 


“ ရှင် - တယ် ပျော် နေတယ် ပေါ့လေ ... ”


“ ဟဲ့ ... ကိုယ့် သူငယ်ချင်းမ လင် ရတာ မပျော်ဘဲ ရှိပါ့မလား ရော့ - ဟောဒီမှာ လက်ဖွဲ့ဖို့ ယူခဲ့တာ အကောင်းစား ကျောက်စိမ်းလက်ကောက် တစ်ရံ ဆရာ့ ဖို့ က ဆွဲကြိုးတစ်ကုံး ”


 မြင့်မြင့် “ အို ... ယောက်ျား က ဆွဲကြိုး ဆွဲရမယ်လို့ပဲ ... ” 


“ ဟဲ့ - ခုခေတ် သူတို့ ရန်ကုန် က ယောက်ျား ကြီးငယ်တွေ ဆွဲကြိုးတွေ နဲ့ တဲ့ ခင်ဗျာ့ ... ”


“ ဆရာ က တော့ ဆွဲ မတဲ့လားလို့ စာရေးဆရာ ရင့်မာကြီး ဟာ ကို ။ နို့ပြီး ရှင့် ဟာ က ကျောက်စိမ်း ဆွဲကြိုးကြီး ”


“ ဟ ... မိုးကောင်း က လာလို့မှ ကျောက်စိမ်း မပါ ရင် မိုးကြိုး ပစ်တော့မပေါ့ ဟဲ့ ... ” 


ဆိုပြီး မှ မျက်နှာပိုး သတ်၍ - 


“ အလကားပါ ... ငါ နင့် ဖို့ ယူခဲ့တာပါပဲ ... ရော့ ” 


မြင့်မြင့် သည် လက်ကောက် နှင့် ဆွဲကြိုး ကို ယူ၍ ခတ်တွေတွေ ကြည့် နေစဉ် စောထွန်း က တစ်ခု သတိရ ပြန်ပြီး  ၊ 


“ ဟေ့ .. နင် ခု နပြောတော့ နင့် လင် နင် ‘ ဆရာ ’ တဲ့ ဘယ် နိပ် မလဲဟာ ... ခုနှယ် ခေတ်စား နေတဲ့ “ မောင် ” တို့ “ မှောင် ” တို့ ခေါ်မှ အရသာ ရှိတော့ မပေါ့ကွ ... ဟား ...ဟား ... ဟား ... ” 


 မြင့်မြင့် က မျက်စောင်း ခဲ၍ ၊


“ ကိုစောထွန်း နော် ... ကိုစောထွန်း ... တယ် အူမြူး နေ ” 


“ မြူးရမယ်လေ .... ငါတို့ ဆရာ နဲ့ ငါ့ သူငယ်ချင်းမ ကောင်းစား နေတဲ့ ဟာ ကို ဘူတာ မှာ သာဗေးကြီး က တွေ့ လို့ ပြောလိုက်တယ် ... အိစက်ညက်ညောတဲ့ ဖဲမွေ့ရာကြီး က လဲ တောင်ဆုပ်လောက် တဲ့ အဟိ ... ” 


မြင့်မြင့် သည် စားပွဲ ပေါ် ရှိ စီးကရက် သံဘူး နှင့် ကောက် ရွယ် လိုက် ပြီး မှ လက် ကို အရှိန် သတ်ကာ ...


“ ရော  ... ပါးစပ် ကို စီးကရက် နဲ့ ဆို့ ထားအုံး .. ”  


စောထွန်း သည် စီးကရက်ဘူး ကို ဆီး ယူကာ ..


“ ဟတ် - ဟား - ဒါ တို့ ဆရာ သောက်တဲ့ သုံး သုံးလုံး စီးကရက် ပါလားဟေ့ ... သူ့ စာ ထဲ မှာ ထည့် ရေးတာ မကြာခဏ ပါ ပါ လာ တတ်တယ် ... ”


မြင့်မြင့် က စောထွန်း ဆေးလိပ်မီး ညှိ နေသည် ကို ကြည့်ရင်း 


“ ရှင် - သူ့ စာတွေ တော်တော် ဖတ်တယ် ထင်တယ် ... ” 


“ ငါ ကတော့ တော်တော်ပါ ဟာ ... ငါ့ မိန်းမ မိရွှေမိုး က အသည်းစွဲ ဟဲ့ ... ဒါကြောင့် သူ့ ဆရာကတော် အတွက် ဆိုပြီး ဒီ ဆွဲကြိုး နဲ့ လက်ကောက်တွေ ပေးလိုက်တာပေါ့ ” 


မြင့်မြင့် သည် ပြုံးစိစိ နှင့် ... 


“ ကျေးဇွန်းတင်ပါသရှင် ... ” 


စောထွန်း သည် စီးကရက် လက်ကြား ညှပ်ကာ သိုးမွေးထည် ထိုး နေသော မြင့်မြင့် ကို စေ့စေ့ ကြည့် နေရာမှ ၊


“ ဒါ - ဆရာ့ အတွက် ဆွယ်တာ ဟုတ်လား .. ”


“ ဆိုပါတော့ .... ”


“ ထိုးပေးလိုက်ပါ ဟယ် ... သူ့ ခမြာ ချမ်းရှာမယ် ... အထက် မြန်မာပြည် ဒီတစ်ခါ ရောက်ဖူးတာ တဲ့ ”


“ အောင်မယ်လေး ကိုစောထွန်းကြီး ကို ကျေးဇွန်းတင်ပါသရှင် ”


မြင့်မြင့် က ပြောင်ချော်ချော် နှင့် ၊


“ ရှင့် အပူ မရှိပါဘူး ... ကျုပ် လင် ကို ကျုပ် ဆင်မှာပေါ့ ... ”  


“ ဒါနဲ့ ဟေ့ ... မြင့်မြင့် နင့် ငါ မေးစမ်းမယ် .. ” 


“ ဘာတုန်း .... ”


“ နင် ဟာ ဆရာသော်တာစိန် ကို ဘလှိုင် မဟုတ်မှန်းလဲ သိသား နဲ့ ဆိုတော့ အချစ် ဆိုတာ ဟာ ရုပ် ကို ချစ်တာလား .... နာမ် ကို ချစ် တာလား ၊ ရုပ်တရား သဘောလား ၊ နာမ်တရား သဘောလား ” 


မြင့်မြင့် သည် စီးကရက်ဘူး နှင့် ကောက် ရွယ်ပြန်၍ ၊ 


“ အောင်မယ်လေး - ကြီးကျယ်လိုက်တာ ဟဲ့ ”


“ ဪ ... နင် တို့ က လက်ဝဲ အဘိဓမ္မာတွေ သုံးသပ်ထားတယ် ဆိုတော့ မသိလို့ မေးရတာပေါ့ ဟ ” 


မြင့်မြင့် သည် စိတ် မရှည်နိုင်သံ ဖြင့် -


“ ဘာမှ မဟုတ်ဘူးရှင့် - အစ်ကိုတွေ က သေနတ် နဲ့ ပစ်သ,တ် မယ် လုပ်လို့ လက်ထပ်ရတာ ရှင့် ” 


စောထွန်း သည် ခေတ္တ စဉ်းစားဟန် ပြုပြီး -


“ ဟင်း - ဟင်း ဒါပေမယ့် အချစ်တရား ဆိုတာဟာ တစ တစ နဲ့ မြစ်ဖျား က ရေဆင်း သလို မသေမချင်း စီးဝင်တာပါပဲ ခင်ဗျာ ... ဟား - ဟား - ဟား - ဟား ” 


မြင့်မြင့် က စီးကရက်ဘူး နှင့် ကောက် ရွယ်ရ ပြန်သည် ။ စောထွန်း က လက်ကာဟန် ပြု ကာ ၊


“ အခု ဆိုလည်း တော်တော်များ ” 


သူ့ စကား မဆုံးမီ အိမ်မြင့်ကြီး ပြူတင်းပေါက် အောက် ဆင် ကျောကုန်း နှင့် ဖေါင်ကားကြီး တစ်ခု ရောက် လာကာ သော်တာစိန် က ဖေါင်ကား ထဲ မှ ထ ၊ ပြူတင်းပေါက် သံတိုင် လက်ရမ်း ကူးလိုက် ၍ အပေါ် ပေါက် မှ အခန်း ထဲ ဝင်လာသည် ၌ စောထွန်း က -


“ ဟား ... ဟား ... ကိုယ့် ဆရာ က ဆင် စီးပြီး မြင်း တော့ မရံပါလား ” 


“ မြင်း တော့ ခင်ဗျား ပဲ ရှာပေးဗျာ ... ကိုစောထွန်း ရောက် နေ တာ ဘယ်လောက် ကြာသွားပြီလဲ ”


“ တော်တော်လေး ကြာ သွားပြီ ဆရာ ”


ယင်း၌ သော်တာစိန် က အိမ် တွင်းဘက် ကျီး ကြည့် ကြောင် ကြည့် ပြု ၍ -


“ ဟို ဆရာတွေ မရှိကြဘူလား ” 


မြင့်မြင့် ၊


“ မရှိဘူး ”


သော်တာစိန် ၊


“ အား - တော်ပါသေးရဲ့ ၊ ဒီမှာ ကိုစောထွန်း ။ ခင်ဗျား ၊ ခင်ဗျ သူငယ်ချင်း ကိုဘလှိုင် ကို ဘယ်လို ခေါ်သလဲ ”


“ ဘလှိုင် လို့ ခေါ်တာပဲ ”


“ ကိုဘလှိုင် က ကော ခင်ဗျား ကို ဘယ်လို ခေါ်လဲ ” 


“ စောထွန်း ခေါ်တာဘဲ  ”


“ ကျုပ်တို့ လူမှား ဖြစ်ကြတယ် ဆိုတာ ခင်ဗျား သိပြီး ဖြစ် နေမှာဘဲ ၊ ဒီတော့ သူ့ အစ်ကိုတွေ ရှေ့ကျရင် ကျွန်တော် က လည်း ခင်ဗျား ကို စောထွန်း ဘဲ ခေါ်မယ် ၊ ခင်ဗျား က လည်း ကျွန်တော့ ကို ဘလှိုင် လို့ ခေါ်ရမယ် ၊ နားလည် လား ...အခြေအနေ တွေ က မရှင်းကြသေးဘူး ”


စောထွန်း က ပြုံးပြုံးကြီး လုပ်၍ ၊


“ ကောင်းပါပြီ ဆရာ ”


“ ဆရာ လုပ်မနေစမ်းပါနဲ့ - စောထွန်း ရ သူငယ်ချင်း ရ ”


“ အေး ... ကောင်းပါပြီး - ဘလှိုင် ရ ” ဆိုကာ သုံးယောက် သား ရယ်မော လိုက်ကြလေ၏ ။ ပြီး မှ စောထွန်းက   -


“ တခု သတိထားအုံး နော် ၊ ဆရာ က ကျွန်တော့ ကို ဘလှိုင် ဖြစ် နေဦးမယ် ” 


“ အစစ် ပဲ ... အစစ် ပဲ.. အဲဒါ ဖြစ်နိုင်တယ် ”


“ ကဲ - ကျွန်တော် ဒီ လာခဲ့တဲ့ ကိစ္စကတော့ ဆရာတို့ လင်မယား ကို ကျွန်တော်တို့ ဆီ ပျားရည်ဆမ်း လိုက်ဖို့ ခေါ်ရအောင် လာ တာဘဲ ၊ ဆရာ လဲ ကျွန်တော်တို့ ဆီ က ကျောက်စိမ်းလုပ်ငန်း အကြောင်း ဗဟုသုတ ရ သွားအောင်လေ ” 


ဤတွင် သော်တာစိန် သည် တစ်စုံတစ်ခု ကို သတိရ သွား၍ ... 


“ ကဲ ... ခင်ဗျားတို့ ဆီ ပျားရည်ဆမ်း လိုက်ဖို့ ကိစ္စ ခဏ ထားဦး ၊ ဒါနဲ့ ”  ဟု ဆိုကာ မြင့်မြင့် ဘက် လှည့်၍ “ သူ .. ဟိုရွာ က အိမ် သိပါ မလား ” 


မြင့်မြင့် လည်း စိတ်ကူး ပေါက်သွားဟန် နှင့် - 


“ ဟာ ...ကိုစောထွန်းကြီး သိမှာ ပေါ့ ”


စောထွန်း .... 


“ ဘာတုန်း ”


“ ပိန္နဲကွင်းရွာ မှ - ဒေါ်လှညွန့် အိမ်ရှင် ... အဲဒီ အဒေါ်ကြီး .. ရှင် သိမှာပေါ့ ” 


“ သိသားဘဲ .... ကျွန်တော်တို့ ငယ်ငယ် ကသာ မှာ နေတုန်း က ဒီ အဒေါ်ကြီး က ကျွန်တော်တို့ အမေ ကုန်စုံဆိုင် ဝယ်နေကျ ဘဲ ” 


သော်တာစိန် “ ခင်ဗျား အဲဒီ ရွာ လဲ ရောက်ဖူး မှာ ပေါ့  ” 


ထွန်း - “ ရောက်ဖူးတာပေါ့ဗျာ ၊ ကသာ နဲ့ ဘာ ဝေးတာ မှတ် လို့ - ငယ်ငယ်တုန်း က ဆောင်းတွင်း ကျ ဆီးသီး သွား သွား စားကြ တာဘဲ ”


သော်တာစိန် ၊ မြင့်မြင့် ဘက် လှည့် ၍


“ ဒါဖြင့် အဲဟ စာ ကိုစောထွန်း ပို့ခိုင်း လိုက်ရင်ကောင်းမယ် ” 


မြင့်- “ ကောင်းတယ် ” 


စိန် - “ ကိုစောထွန်း အဲဒါ တစ်ခု ကြုံတုန်း ကူညီစမ်းပါ ဗျာ ” 


ထွန်း - “ ဘာလဲဗျ ”


စိန် - “ မထူးတော့ပါဘူး ဟာ- အိုပင်းလက်တာ ဘဲ ဗျ ၊ ခင်ဗျား လမ်းကျတော့ ဖွင့် ဖတ်သွား ”


ထွန်း - “ ကဲ - သွားတာ ကတော့ ဟုတ်ပါပြီဗျာ - မြစ်ကူး ရမှာ ကြီး ၊ ခင်ဗျား က ကျွန်တော့ ငလုံးလက်ဖယ်များ အောက်မေ့ နေလား ” 


စိန် - “ ညောင်ဦးဖီး ပါ ဗျ ”


မြင့် - “ တော်ကြာ အစ်ကိုကြီး တို့ ကသာ က ပြန် လာရင် မော်တော် ပါ လိမ့်မယ် ... အဲဒါနဲ့ သွားပေါ့ ”


စိန် - “ ကိုစောထွန်း - မော်တော် မောင်းတတ် ရဲ့ မဟုတ်လား ” 


မြင့်- “ အောင်မယ်လေး ”


ထွန်း - “ အေး .... ငါ က မော်တော် ရှေ့ က မောင်းတော့ နင် နဲ့ ဘလှိုင် က ... ” 


ယင်းအခိုက် - လှေကား မှ တက် လာသော ခြေသံများ ကြား ရ၍ - မြင့်မြင့် က နှုတ်ခမ်း ရှေ့ လက်ညှိုးကလေး တေ့ လိုက်ကာ - 


“ ရှူး ... ”


ခဏအတွင်း ၌ ကိုထွန်းအောင် သည် ပြောင်လက်သော အဝတ်အစားများ နှင့် သူ့ လက် ထဲ မှ အင်ဖက် တစ်ထုပ် နှင့် စက္ကူသေတ္တာ တစ်ဘူး ဆွဲပြီး အခန်းဝ ရောက် လာလျက် - 


“ ဟ ...စောထွန်း လဲ ဘဲ ပါ လားဟေ့ - မင်းတို့ သုံးယောက် ခုလို မြင် ရတော့ ငါ ဝမ်းသာလိုက်တာကွာ ဟို မင်းတို့ ဆယ်သုံး လေး နှစ် အရွယ်တွေ တုန်း က ဒီ အိမ်မှာ ဒီလိုဘဲ ကျောင်းပိတ် နေ့ များ လာလာ လယ် ကြတာကို ပြန် သတိရသကွ ”  


ဆိုပြီး မြင့်မြင့် သို့ သူ့ လက် ထဲ က အင်ဖက်ထုပ်ကြီး ပြလျက် -  


“ ဟေ့ - ညီမ - ဒီမှာ လိပ်သားကွ ၊ ငါ့ ယောက်ဖ တောထဲ နေရ တာ လိပ်သား မစားရတာ ကြာတော့မယ်  ... ဟုတ်ဘူးလားကွ ” 


သော်တာစိန် ကို မေးလိုက် သဖြင့် -


“ ဟုတ်တာပေါ့ - ယောက်ဖကြီးရ ” ဟု ကြိတ် လိုက်၏ ။ 


စင်စစ်တော့ ဤ အညာက လိပ်သား ကို သော်တာစိန် တစ်ခါမျှ မစားဖူးခဲ့ ၊ စကော လောက် ရှိသော ကမ္ဘာလိပ်ကြီး များ ကို အမျှောင်းမျှောင်းကြီးတွေ လှီး ၍ တစ်ပိဿာတွဲ ကြီး တွေ ကသာ ဈေး ထဲ မှာ ရောင်းလေ့ ရှိ၏ ။ ကြိုက်တတ်သူ အဖို့ အလွန် ကောင်းပါ၏ ။ 

စောထွန်း စိတ် ထဲ ၌ ကား သော်တာစိန် ရန်ကုန် သား လိပ်သား မှ စားဝံ့ပါ့ မလား ဟု သံသယ ရှိ၏ ။

ကိုထွန်းအောင် က ဆက်၍ -


“ ငါ့ ယောက်ဖ က ဟို ငယ်ငယ် ကတည်း က လိပ်သား အင်မတန် ကြိုက်တာကွ ၊ တို့ အိမ်များ လာရင် လိပ်သားဟင်း ချက်ဖို့ ပူစာ တာပဲ ၊ ဒါ သတိ ရလို့ ငါ အခု ဝယ်လာခဲ့တာကွ ” 


ထို့နောက် အခြား လက်တစ်ဖက် က စက္ကူဘူး ပေးပြန်၍ ... 


“ ဟောဒါ က ... ခရင်းမ်ကိတ် နဲ့ - အဆော့တက်ကိတ် ဒါတော့ အခု စား လိုက်ကြဦး .. ဟင်း ချက်ရမှာ နဲ့ ထမင်း စား ဘို့ က လိုလိမ့် ဦးမယ် ” 


ဆို သဖြင့် မြင့်မြင့် ယူပြီး စားပွဲ ပေါ် တင်၍ ၃ - ယောက် သား တစ်ခုစီ ယူ စား လိုက်ကြရ၏ ။


ကိုထွန်းအောင် သည် သူ့ လက် ထဲ က ပါသော ပစ္စည်းများ ပေး အပ် ပြီး၍ အပေါ်ဖုံး အင်္ကျီ ချွတ် ကာ အင်္ကျီချိတ် သွား ချိတ်ရင်း - 


“ ခုန ငါ အိမ်ပေါ် တက် လာတော့ စောထွန်း ပြောတာ ငါ ကြား လိုက်ပါတယ် ၊ ဘာကွဲ့ - မင်း မော်တော် ရှေ့ က မောင်း တော့ မြင့်မြင့် နဲ့ ဘလှိုင် က ဆိုတာလေ ”


မြင့်မြင့် သည် မိန်မ ပီပီ ဖြတ်ထိုးဉာဏ် သုံး၍ ၊


“ အော် ... ဟို အကိုကြီး ရ ကျွန်မတို့ ငယ်ငယ် က မြစ် ထဲ မော်တော်ဘုတ် လျှောက် စီးတာ ပြော နေကြတာ ၊ အဲဒါ ကိုစောထွန်း က အခုလဲ စီးကြရ ကောင်းမှာတဲ့ ပြောနေတာ ” 


ကိုထွန်းအောင် သည် ရွှန်းပသော မျက်နှာဖြင့် ၊ 


“ အောင်မယ်လေး - သွား စီးကြပါဗျာ - စီးကြပါ ၊ ကိုကြီး မော်တော်ဘုတ် ဆိပ်ကမ်း မှာ ချည်ပစ်ခဲ့ပါတယ် ” 


၃ - ယောက် သား ဝမ်းသာအားရ ခုန်ထ ကြကာ သော်တာစိန် နှင့် မြင့်မြင့် က သင့်လျော်သော အဝတ်အစား လဲ ကြရန် အိပ်ခန်း ထဲ ဝင် သွား ကြသည် ။ ကိုထွန်းအောင် က ကု,လားထိုင် တစ်လုံး ပေါ် မှာ ဝင် ထိုင်သည် ။


စောထွန်း ကား ညားစ လင်မယား ချောင်းကြည့် မည် ဟု အခန်းစ လိုက်ကာ ကြား မျက်စေ့ ရောက် သွား သည် တွင် ဒါ ကို ကြိုတင် သိပြီးနေသော မြင့်မြင့် က သူ စား နေသော ခရင်းမ်ကိတ် နှင့် မျက်လုံး ပိတ် တီး လိုက်ရာ မျက်နှာ ပေကျံကြီး နှင့် ပြန် လှည့် လာသော စောထွန်း အား ၊ ကိုထွန်းအောင် က ဝမ်းခေါင်းသံ ပါ ကြီး နှင့် ၊


“ ဟား - ဟား - ဟား - ဟား ”


တအောင့်လောက် အကြာ ၌ သော်တာစိန် က ဘောင်းဘီရှည် စပို့ရှပ် နှင့် မြင့်မြင့် က ကျစ်ဆဲမြီး နှစ်ခွေချ နှင့် ဘလောက်စ် ကိုယ်ကြပ် အင်္ကျီ နှင့် ထမီ သရက်ထည် ပွင့်ရိုက် အဆင်ဆန်းကလေး နှင့် ထွက်လာကြပြီး -


“ သွားမယ်နော် -အစ်ကိုကြီး ” ဟု နှုတ်ဆက် ကြ၍ ၃ - ယောက် သား လှေကား အဆင်း တွင် ကိုထွန်းအောင် သည် စေ့စေ့ ကြည့်လျက် ၊


“ ငါ့ ညီမ နဲ့ ငါ့ ယောက်ဖ က တော့ နေ နဲ့ လ ရွှေ နဲ့ မြ ပါဘဲ ကွာ ” ဟု ဩဘာ ထောပနာ ပြု လိုက်သေး၏ ။


◾သော်တာဆွေ


📖 ရွှေပြည်တော်သည်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment