Friday, April 14, 2023

ပုတီး တစ်ကုံး နှင့် ချိန်းကြိုး တစ်ခု


 ❝ ပုတီး တစ်ကုံး နှင့် ချိန်းကြိုး တစ်ခု ❞


တောင်ဘက် နှစ်အိမ် ကျော် လောက် က မိန်းမ အော်သံ တစ်ခု သည် စူးစူးဝါးဝါး ထွက်ပေါ် လာသည် ။ တစ် ပြိုင်နက် ပင် ရေလုံးကြီး မြေ ပေါ် သို့ ထိုးကျသံ နှင့် ကာလသား လူငယ်များ ၏ ဟားတိုက် ရယ်မောသံ သည် ကိုဆေးရိုး တို့ အိမ် ဘက် သို့ လွင့်ပျံ လာ လေသည် ။ 


အမျိုးသမီး တစ်ယောက် အား ကာလသားများ က ချောင်းမြောင်း ပြီး ရေပက်ခြင်း ဖြစ်ပေမည် ။ ကိုဆေးရိုး သည် တောင်ဘက် ဆီ သို့ လည် ဆန့် ကာ လှမ်း ကြည့် ၏ ။ သူ့ မျက်နှာ ဝယ် ပြုံးရိပ် သန်းခြယ် နေ ပေသည် ။ 


“ သေနာယုတ် တေ ၊ မသာတေ ” 


ဆဲသံ တော့ ကြား သည် ။ သို့ရာတွင် ရွာသူ တို့ ၏ စရိုက် အရ ဟန် လုပ်သော စကား သာ ဖြစ်၍ ဒေါသသံ ပါသည် ဟု မထင် ။ နှစ်သက်ဖွယ် ကောင်းသည် ဟူ၍ ပင် ကိုဆေးရိုး က ထင်သည် ။


“  ဟား ဟား ဟား ” 


“ အိုးတေ ကို ရေစို ကုန်ပြီ ။ မြွေပွေး ကိုက် ” 


ဆဲရေးသံ မပြတ်သေး သလို အူလှိုက် သည်းလှိုက် ရယ်မောသံ လည်း စီဝေ နေ၏ ။ ကိုဆေးရိုး သည် မြင်းခုံ ဟု ခေါ်သော အလျား တစ်တောင့်ထွာ ခန့် ရှိ ခွေးခြေ ပေါ် တွင် ခြေ တစ်ဖက် တင် ၍ ထောင် ကာ ဆေးပေါ့လိပ်ကြီး ကို အေးဆေးစွာ ရှိုက်ဖွာ နေ၏ ။ သူ ၏ ပြောင် ၍ မှောင် နေသော ကိုယ် ပေါ် ဝယ် လုံချည် အနွမ်း တစ်ထည် သာ ပခုံး တင် လျက် ရှိသည် ။


ကိုဆေးရိုး သည် မသိမသာ ပြုံး လိုက် မိ၏ ။ အပြုံး ရိပ် ကြောင့် သူ့ မျက်နှာ သည် အတန်ငယ် တိုး ၍ နုပျို လာလေ သလား ဟူ၍ပင် ထင် ရသည် ။ တကယ်တော့ မျှော်လေရာ ၌ ရွက်သစ်မြမြကလေးများ စိမ်း နေ ပုံ က နေ့သစ်ဦး ကို ပို၍ နုလန်းစေသည့် ပြင် ကြည်နူး ချမ်းမြေ့ဖွယ် ကောင်းနေပေသည် မဟုတ်လား ။ နည်းနည်း ပါးပါး ပက် ကစားကြသော ရေ က လမ်း ၌ အိုင်ရွှဲ နေ ခြင်း မရှိ ။


သို့ရာတွင် ထန်းတော ထဲ မှ ဖြတ်သန်းလာသော လေနုအေး သည် နွေ ၏ လေ နှင့် မတူသော အအေး ဓာတ် ကို ဆောင် နေ၏ ။ ထန်းတော ထဲ မှ ဝှေ့ဝန်း သွယ်ဆင်း လာရသောကြောင့် လားမသိ ထန်းညွန့်နံ့ က လေးများ ပင် သင်း နေသည် ထင်ရ၏ ၊ လေပြည်နု ၏ ကယုကယင် ပင့်တို့ ကစား ခံရသော သစ်ကိုင်းများ မှာ ကိုဆေးရိုး ၏ မျက်စိ ထဲ ၌ စိမ်းသစ်သော အရောင်များ ယမ်းဝှေ့ လျက် ကြည်နူး အေးချမ်း နေပေသည် ။ ထို့ ကြောင့်ပင် စိတ် အေးချမ်းခြင်း နှင့် နံနက် ၏ သာယာ ခြင်း တို့ မှ ယှက်မိုး ကာ ကိုဆေးရိုး မှာ လန်းဆန်းနုပျို နေခြင်း ဖြစ်သည် ။ ကိုဆေးရိုး ၏ ပြုံးယောင်ယောင် မျက်လုံးများ မှာ ရီမှိုင်း နေသည် ။ ငယ်ရွယ် စဉ် က သင်္ကြန်ကာလများ ဆီ သို့ သူ့ စိတ် က ပြေးရောက် နေပေ၏ ။


အဆစ် ကျဲ သော ဝါး ကို ဖြတ်၍ အဆစ် တစ်ဖက် ချန် ကာ ၎င်း တွင် အပေါက်သေးကလေး ထားပြီး တုတ် တွင် အဝတ် ပတ် ၍ ထိုး ရသော တော ဖြစ် ရေပြွတ်များ သည် ကိုဆေးရိုး တို့ ၏ စိတ်တိုင်းကျ အသုံးတော် မခံ နိုင်ပေ ။ အဘယ့်ကြောင့် ဆိုသော် တော ဖြစ် ရေပြွတ် များ သည် အရင်း အဖျား ညီ နေ သဖြင့် ချုံကြိုချုံကြား   မှ ချောင်း ၍ လည်းကောင်း ၊ ကြမ်းကြား မှ ထိုးပက်သော အခါတွင် လည်းကောင်း ဖိတ် တစ်ဝက် စဉ် တဝက် ဖြစ် ကုန်သည် ။ မြို့ သံဖြူဆိုင် မှ ဝယ်သော သံဖြူ ရေပြွတ် ကို နှစ်ပြား ပေး ရ၏ ။ အရင်း တွင် ကန့်တော့ ကဲ့ သို့ ကျယ်ကား နေကာ အဖျား ရှူး သွား သဖြင့် ချောင်းမြောင်း လုပ်ကြံ ရန် ကောင်း ပေသည် ။


တစ်ခုသော သင်္ကြန် အတက်ည တွင် ကိဆေးရိုး နှင့် ကိုပိတ်စ သည် မကျီးဒန် အား ရေ ပက် ရန် ချောင်း မြောင်း နေ ကြ၏ ။ မကျီးဒန် သည် အိမ် ထဲ မှ ထွက် မလာပေ ။ နောက်ဖေး နောက်ဖီ သို့ မျှ မထွက် ။ 

သန်းခေါင် သာ တိုင် သွားသည် ။ ကျီးဒန် ထွက် မလာပေ ။ ထို့ကြောင့် ကိုဆေးရိုး နှင့် ကိုပိတ်စ သည် လှေကား တစ်ခု ရှာ ကျီးဒန် တို့ သားအမိ အိပ် သော နေရာ နှင့် နီးသော ထရံ ကို ကပ် ထောင်သည် ။ ထန်းရွက် အသာ ဖြဲ ကာ အဖျား ရှူး သော သံဖြူပြွတ် ဖြင့် ထိုး ပက် ကြ လေသည် ။


“ ဟဲ့ ခွေးသားတွေ ၊ မအေသေနာတွေ ” 


မကျီးဒန် ၏ အမေ က မိန်းမ ပီပီ ထ ဆဲ ၍ မကျီးဒန် ၏ အဖေ က နှစ်ဖက်ချွန် ဖြင့် လိုက် ပစ်သည် ။ အဘယ်မျှ နာနာကြည်းကြည်း ဆဲစေ ကာ မူ ကိုဆေးရိုး တို့ မှာ မနာ နိုင် ။ တစ်နေရာ မှောင်ရိပ် တွင် ကုပ် ထိုင်ပြီး ကျိတ်၍ ရယ် နေကြ လေ၏ ။ သူတို့ သည် ပထမ အချက် အား ဖြင့် မိန်းကလေး အား ရေ စို စေ ချင်၏ ။ ဒုတိယ အား ဖြင့် မအေ နှမ ထွက် ဆဲသည် ကို ကြား ချင် ကြ၏ ။ ဆဲသံ ကြား ရသည် မှာ ပျော်စရာ ကောင်း သလောက် ၊ ထွက် ၍ တောင်းပန် လျှင် ပျင်းစရာ ။


“ ကျီးဒန် ၊ နင်တို့ အိမ် ထဲ ည တုန်းက ရေတွေ ပက် သွားတယ် ဆို ”


ကိုပိတ်စ သည် မနေနိုင် မထိုင်နိုင် ဖြင့် နောက် တစ်နေ့ နံနက် ၌ ချောင်း ထဲ လက်ယက်တွင်း တွင် ကျီးဒန် အား စ လေ၏ ။ သူတို့ ပေ ပဲ ဟု ကျီးဒန့် က အတပ် သိ သဖြင့် မျက်စောင်း ထိုး သည် ။ စကား တော့ မပြောပေ ။ 


“ ဟဲ ဟဲ ” 


ကိုဆေးရိုး က တော့ ဘေး က တဟဲဟဲ ရယ် နေ သည် ။ ကျီးဒန် မှာ ရေအိုး ထဲ သို့ ရေ ကို သာ တစ်မှုတ် ပြီး တစ်မှုတ် ခပ် ထည့် နေသဖြင့် ကိုပိတ်စ က ဆက်၍ မေး၏ ။


“ ည တုန်းက ပက်တဲ့ ရေတွေ နင့် ဗိုက်ပေါ် မကျဘူး လားဟင် ”


“ သေခြင်းဆိုး ၊ ကာလနာ ”


ကျီးဒန် သည် တစ်ချက် သာ ဆဲပြီး ရေမှုတ်ကြီး နှင့် ကိုပိတ်စ ခေါင်း ကို ဖြောင်းခနဲ မြည် အောင် ထ ရိုက် လိုက်လေ၏ ။


“ တော့် အမေ ကို သွား မေး ”


မျက်နှာကြီး အရဲ သား ဖြင့် ကျီးဒန် ထွက် သွား တော့ မှ ကိုဆေးရိုး မှာ ကိုပိတ်စ ၏ ခေါင်း က ဒဏ်ရာ ကို ကြည့် ဝံ့ သည် ။ ကိုပိတ်စ ၏ ခေါင်း မှာ ဖူး ရုံ သာ ဖူး သွား ၏ ။ ဖြောင်းခနဲ မြည်သံ မှာ ကိုပိတ်စ ၏ ခေါင်း ကွဲခြင်း မဟုတ်ဘဲ ကျီးဒန် ၏ အုန်းရေမှုတ် ကွဲ သွားခြင်း သာ ဖြစ်သည် ။


“ မင်း က ဗိုက် ပေါ် မကျဘူးလား မေးတော့ ရှက် ရှက် နဲ့ ဆော်တာပေါ့ ကွ ။ ဟား ဟား ဟား ” 


“ အဟီး ငါ က လည်း ဗိုက် ပေါ် ကျ စေချင်တာ ကိုး ကွ ”


ကိုဆေးရိုး မှာ မကျီးဒန် ၏ ဒေါသ နှင့် ရှက်သွေး ဖုံး နေသော မျက်နှာကလေး ကို မြင်ယောင် ကာ ကျေကျေ နပ်နပ် ပြုံး နေ မိ လေ၏  ။


“ ဘာ တစ်ယောက် တည်း ပြုံး နေတာလဲ ” 


ကိုဆေးရိုး ၏ လက် ထဲ မှ ဆေးလိပ်တိုကြီး လွတ် ကျ သွားသည် ။ မြင်းခုံ ပေါ် သို့ ဒူး ထောင် ပြီး တင် ထား သော ခြေ တစ်ဖက် မှာ လည်း မြေ ပေါ် သို့ ပြုတ်ကျ သွား ကာ ကိုဆေးရိုး သည် မော့ ကြည့် မိ၏ ။ ကိုဆေးရိုး ၏ ရှေ့ တွင် မကျီးဒန် က မားမားကြီး ရပ် နေသည် ။ 


“ ဘာ ပြုံးနေတာလဲ ”


မကျီးဒန် က ခပ်ပြုံးပြုံး ဖြင့် ထပ် မေးသည် ။ ကိုဆေးရိုးမှာ သည်တော့မှ ပြန် လည် ပြုံး နိုင်လာ၏ ။ 


“ ဘာရယ် မဟုတ်ပါဘူးဟာ ။ တောတွေး  ၊ တောင် တွေး တွေ ပဲ ”


“ ကဲ ရေမိုးချိုး လေ ။ ဥပုသ် စောင့် သွား ရအောင် ” 


ရေစကား မိုးစကား ပြော လာတော့ မှ ကိုဆေးရိုး မှာ မကျီးဒန် ကို သတိ ထား မိသည် ။ မကျီးဒန် ၏ မည်းညစ်သော မျက်နှာ မှာ စင်ကြယ် နေသည် ။ ဆံစ ၌ ရေ ပေါက်ကလေးများ သီး နေ၏ ။


“ ကနေ့ မနက် အေး သလိုလို ပဲ ဟ ”


“ အေးမှာပေါ့ တော် ရဲ့  ၊ အင်္ကျီ ချွတ် ထားတာ ကို ။ ကဲ ကဲ ရေ မချိုး ရင် လည်း အဝတ်အစား လဲ ပေတော့ ”


မကျီးဒန်က ပြောပြောဆိုဆို တဲဘက် သို့ ပြန် လှည့် သွား လျှင် ကိုဆေးရိုး သည် မြင်းခုံ ပေါ် မှ ဆင်း ရပ် လိုက်၏ ။ သူ သည် တဲဘက် သို့ ခြေလှမ်း ပြင် ပြီး မှ နွား နှစ်ကောင် ဘက် သို့ မျက်လုံး ရောက် သွား၏ ။ တစ်စုံတစ်ရာ သတိ ရ ဟန် ဖြင့် ခြေ တန့် သွားသည် ။ 


“ ကျီးဒန် ရေ ကောက်ရိုး သွား နုတ် လိုက်ဦးမယ် ဟေ့ ။ အပြန် မှ ဆို ကသီ နေ လိမ့်မယ် ” 


“ စောစော က တော့ ထိုင် နေ ပြီးတော့ ”


အဘယ်မျှ ဆက်လက်၍ တဲ ထဲ မှ ရေရွတ် မြည် တွန် နေသည် မသိ ။ ကိုဆေးရိုး ကတော့ သုတ်သီးသုတ် ပျာ လှမ်းထွက် ခဲ့လေ၏ ။ ကာလသား တို့ သည် တရုန်းရုန်း ဖြင့် ပြေးလွှား နေကြ၏ ။ တဟေးဟေး တဟား ဟား နှင့် မို့ မြင်သူ ရယ်မြူး ချင် စရာ  ၊ အချင်းချင်း ဖြင့် ရေ ဖြင့် လိုက်လံ ပက် သလို အိုးမည်း ဖြင့် လည်း လိုက်လံ သုတ် နေ၏ ။ ရွာလယ် တံခါးနား သို့ မရောက်မီ တဟီးဟီး တဟားဟား ရယ်မောသံများ ကို ကြား ရသည် ။ အသံ လာ ရာ သို့ ကြည့် လိုက်သော အခါ ယောက်ျား တစ်ယောက် သည် ရွယ်တူ ကာလသား တစ်ယောက် အား ချိုင်း မှ ကိုင်မြှောက် ၍ မ ထား ၏ ။ မ ထား သူ မှာ ကိုဆေးရိုး သား ဘညိန်း ဖြစ်၏ ။ အမ ခံ ရ သူ မှာ ထွန်းရင် ဖြစ်သည် ။


“ လှမေ ရေ အိုးမည်း ယူခဲ့ပါ ဟ ”


ဘညိန်း က အိမ် ထဲ သို့ လှမ်း အော်၍ ထွန်းရင် သည် နီး ရာ တိုင် သစ်ပင် စသည်များ ကို လှမ်း ၍ ဆွဲ မိရန် ကြိုးစား နေ၏ ။ မီရာ မြင်ရာ များ ကို လည်း လှမ်း ကန် နေ၏ ။ တစ်ခုခု ကို ထွန်းရင် ဆွဲ မိ သွား လျှင် အားပြု ရာ ရ သဖြင့် ဘညိန်း လက် ထဲ က လွတ်မည် ။ တစ်ခု ခု ကို ကန် နိုင် ပါက ဘညိန်း ရော မိမိ ပါ ဖင်ထိုင် လျက် လဲကျ ၍ လွတ်မြောက် နိုင်မည် ။ ယခု သော် ဆီးစပ် လောက် မှ ဖမ်းချုပ် ကာ အပေါ် မြှောက် ထား သဖြင့် ထွန်းရင် မှာ ရွယ်တူ ဗလတူ ဖြစ်လျက် ယက်ကန် ယက်ကန် နေရ၏ ။


“  အဟား အဟား ” 


ထွန်းရင် မှာ အော်ဟစ် ရယ်မောရင်း ဘညိန်း အား ခြေ ဖြင့် နောက်ပြန် ကန် နေသည် ။


“ လှမေ ရေ .. မြန်မြန် လုပ်ပါ ဟ ။ ဒီမှာ မြင်းကန် နေတယ် ဟေ့ ။ အိုးမည်း အိုးမည်း ၊ ဝက်ဆီ နဲ့ နယ်ခဲ့ ဟေ့ ”


“ လာပြီ လာပြီ ”


လှမေ ၏ အသံ နှင့် အတူ လှမေ သည် အိမ် ထဲ မှ ပြေး ထွက် လာ၏ ။ သူ တစ်ပါး ကို လုပ်ချင် လွန်း အား ကြီး သော ကြောင့် လှေကား မှ ဝမ်းလျား ထိုး လိမ့် ကျ သည် ။ လှမေ လူးလဲ ထ ၏ ။ သူ့ ပါး တစ်ခြမ်း တွင်

ဖုန်တွေ လူး နေ၏ ။


“ ကိုင်ထား ကိုင်ထား ” 


ပါးတစ်ခြမ်း တွင် ဖုန်တွေ ပေ နေသော လှမေ ။ လက် က မည်းမည်း ၊ သွား က ဖွေးဖွေး ဖြင့် ဘညိန်း အနား ကပ် လာပြီး ထွန်းရင် ၏ မျက်နှာ ကို အိုးမည်း နှင့် ထိမ်းမြား လိုက်သည် ။ နဖူး မှ မေး သို့ သပ် ချ လိုက်ခြင်း ဖြစ်၏ ။


“ ဖရူး ဖရူး အားဟားဝါး ”


ထွန်းရင် သည် အော်ဟစ် ရာ က ဘညိန်း ၏ ဇက်ပိုး ကို နောက်ပြန် ဖမ်း ကိုင်ပြီး ခုန် လိုက်၏ ။ မြေပြင် မှာ ရေ ဖြင့် ရွှဲ နေ သဖြင့် ဘညိန်း ချော်လဲသည် မှာ ဘိုင်းခနဲ ။ လှမေ သည် ထွန်းရင် ၏ ရင်ဘတ် ပေါ်သို့ မှောက်လျက် ကျ ပုံ မှာ အွတ် ခနဲ ။ လဲလျက် ကွဲလျက် လှမေ သည် ထွန်းရင် ၏ တစ်ကိုယ်လုံး မှီရာ ကို အိုးမည်း ဖြင့် သုတ် နေ၏ ။ လှမေ ၏ အိုးမည်း သည် ဘသိန်း ကို လည်း ပေ ၏ ။ ထွန်းရင် ကို လည်း လူး၏ ။


“ လာကြပါဦး ဗျို့ ၊ လင်မယား နှစ်ယောက် ဝိုင်းပြီး သတ်နေကြပါတယ် ဗျို့ ”


ထွန်းရင် သည် ရောက်တတ် ရာရာ အော် လေ၏ ။ လှမေ ရော ဘညိန်း ကို ပါ ခြေ ဖြင့် ကန် လက် ဖြင့် တွန်း ၍ ထ ပြေး၏ ။ ပုဆိုး သည် လှမေ ၏ လက် ထဲ ၌ ကွင်း လိုက် ကျွတ် ကျန် ခဲ့သည် ။


“ အားဟားဟား ရှူး ဟဲ့ ရှူး ဟ ”


လှမေ မှာ အူတက် မတတ် ရယ်မော နေရ သဖြင့် ဘာမျှ မအော်နိုင် ။ ဘညိန်း က သာ ရယ် တစ်ဝက် အော် တစ်ဝက် ဖြင့် ခွေး တစ်ကောင် ကို ရှူးတိုက်သံမျိုး ပေး နိုင်သည် ။ တစ်ကိုယ်လုံး တွင် အိုးမဲများ ပေကာ သရဲ ရုပ် ပေါက် နေသော ထွန်းရင် ခမျာ ဖင် အပြောင်သား ဖြင့် ပြေးထွက် လာ ရာ ၊ တစ်ဖက် အိမ်ဝိုင်း တွင်း မှ ခွေး တစ်ကောင် က ထွက် ၍ ဆွဲသည် ။ 


“ ဟဲ့ ဘညိန်း ၊ ဟဲ့ ဘညိန်း ”


ထွန်းရင် သည် ခွေး ကို ဘညိန်း ဟု အော် မောင်းရင်း နောက်ပြန် ပြေး လာ၏ ။ ကိုဆေးရိုး ကို အင့်ခနဲ မြည် အောင် ဝင် တိုက်သည် နှင့် တစ်ပြိုင်နက် ဖက် ထား တော့သည် ။


“ လုပ်ပါဦး ရီးဆေးရိုး ရဲ့ ရီးဆေးရိုး ရဲ့ လုပ်ပါဦး ဗျ ။ ဘညိမ်း လိုက် ကိုက် နေတယ် ”


“ တယ် ဒီကောင် ဟာ ”


ကိုဆေးရိုး မှာ ထွန်းရင် ကို တွန်းပစ် ရ ၏ ။ တွန်း မပစ် လို့ လည်း မရပေ ။ ထွန်းရင် သည် ကိုဆေးရိုး အား ဖက်ထား ပြီး မျက်နှာ ဖြင့် ပွတ်၏ ။ ခါး မှ လုံချည် ကို လည်း အတင်း ဆွဲ ချွတ် နေ၏ ။


“ ဟ မလုပ်ပါနဲ့ ဟ ၊ မလုပ်ပါနဲ့ ဟ ”


ပုဆိုး ကျွတ်လု ကျွတ်ခင် ဖြစ်လာ သဖြင့် ကိုဆေးရိုး မှာ အူယားဖားယား အော်၍ တောင်းပန် ရ လေ၏ ။ သား နှင့် ချွေးမ ရှေ့ တွင် ဗလာကျင်း မှ ဖြင့် အကျိုးနည်း ရချေ ရဲ့ ။


“ ဟ ထွန်းရင် ရ ၊ မလုပ်ပါနဲ့ ဟ ”


ထွန်းရင် သည် ကိုဆေးရိုး ၏ လုံချည် ကို လုယူ နေ ရာ က ဘညိန်း တို့ အိမ် ထဲ သို့ လှမ်း ကြည့် လိုက်၏ ။ ဘညိန်း နှင့် လှမေ သည် ဖအေ ကို ကူညီရန် ပြေး လာ ကြ၏ ။ လက် ထဲ တွင် အိုး တစ်လုံး ကို လည်း ကိုင်စွဲ လာကြ၏ ။


“ အမယ်လေး ဗျ ၊ အားဟား ခွေးလင်မယား ” 


သည် တစ်ကြိမ် ထပ်မံ မိလျှင် မသက်သာ တော့ ပြီ ။ ထွန်းရင် သည် ကိုဆေးရိုး ခါး မှ လုံချည် ကို လွှတ် လိုက်ပြီး ကိုဆေးရိုး ၏ ပခုံး ပေါ် မှာ တင်ထားသော လုံချည် ကို ဆွဲယူ ထွက်ပြေး သွားလေ၏ ။


“ ဟေ လိုက်ဟ ၊ ဟား ၊ ဟား ၊ ဟား ”


“ ဟဲ့ခွေး ၊ ဟဲ့ခွေး ”


ထွန်းရင် က ရှေ့ က လုံချည် ဝတ်ရင်း ပြေး၏ ။ ထွန်းရင် ကို ခွေး တစ်အုပ် က လိုက် ဆွဲ ၏ ။ ခွေးအုပ် ၏ နောက် က ဘညိန်း တို့ လင်မယား ။ ဘညိန်း က ရယ် မော အော်ဟစ် ၍ လိုက် သလို ထွန်းခင် က လည်း ခွေး မောင်း ရင်း ပြန်ကြည့် ပြန်ကြည့် နှင့် ပြေးရာ ဖုံချိုင့် တစ်ခု ထဲ တွင် ဟပ်ထိုး လဲ ကျ သွား လေ၏ ။ ကိုဆေးရိုး သည် ကလေးတွေ ကို ဆက်ကြည့် မနေနိုင်တော့ပေ ။ တလင်း ဘက် သို့ ဆက်လျှောက် လာ ခဲ့သည် ။


“ လူငယ် လူရွယ်တွေ ပေ ကိုး ”


ကိုဆေးရိုး မှာ ပြုံးပြုံးကြီး ရေရွတ် မိ လေ၏ ။ သူ့ ခါး နှင့် ရင်ဘတ် ၌ ထွန်းရင် ပွတ် သွားသော အိုးမည်းတွေ ပေကျံ နေ၏ ။ ဝက်ဆီ ဖြင့် နယ်ထား သော ကြောင့် ပွတ်ဖျက် ၍ မရပေ ။ 


မကြာသေးမီ က အုတ်အုတ်ကျက်ကျက် စည်ကားခဲ့သော တလင်းဝိုင်းကြီး သည် ယခုမူ သွေ့ ခြောက် တိတ်ဆိတ် နေပေသည် ။ သရက်ရွက်ခြောက် များသည် ရွက်စောင်း ကို ထောင်၍ ရွက်တိုက် ပြေးလွှား နေ၏ ။ သရက်ရွက် တိုင်း ၌ မည်းမည်း သရက်စေး  ပြောက်များ ထင် နေသည် ။ ကိုဆေးရိုး သည် လေးဖက် ခြံ ကာ ထားသော ခြံတံခါး ကို ဖွင့် ဝင်ခဲ့၏ ။ ကိုဆေးရိုး တို့ မှာ ကောက်ရိုးပုံ ကို ပင် ခြံ ကာ ထား ကြ ရသည် ။ လူ ကို မကာဆီး နိုင်ပေမဲ့ နွားလွတ် တွေ ကို တော့ မကာ ဆီး လျှင် မဖြစ် သဖြင့် ကာဆီး ထား ရ ပေ၏ ။ သည် ဒေသ ၌ နွားစာ မှာ ကောက်ရိုး မှ လွဲ၍ ဘာမျှ မရှိသောကြောင့် ဖြစ်သည် ။


ကောက်ရိုးပုံ မှာ အသားကျ နေပေပြီ ။ ထိပ်ပိုင်း နှင့် လူ တစ်ရပ်ကျော် သော နေရာများ ၌ ဖြူရော်ရော် အစင်း က ဖုံးအုပ် နေ၏ ။ ကောက်ရိုးမျှင်များ သည် လည်း စီရီ သွယ် ဆင်း နေ၏ ။ လူ့ ခါး ၊ လူ့ ရင်စို့ ခန့် နေရာ များ တွင် မူ ရွှေရောင် ကောက်ရိုးမျှင် အသစ်ကလေးများ က ခေါင်းပြူ ၍ ငေါ ထွက် နေ၏ ။


ကိုဆေးရိုး က လက် နှစ်ဖက် ဖြင့် ကောက်ရိုးမျှင် များ ကို စု ဆွဲ လိုက်သည် ။ သို့ရာတွင် လုံးဝ ကျွတ်ထွက် လာ အောင် ဆွဲနှုတ်လိုက်ခြင်း ကား မဟုတ် ။ တစ်ထွာ ခန့် မျှ ဆွဲ နုတ်ပြီး နောက် ကောက်ရိုးပုံ တွင် တန်းလန်း တပ် လျက် လိမ်ကျစ် နေ လေ၏ ။


လူ က တဖြည်းဖြည်း နောက် ဆုတ်ရင်း တစ်မိုက် ခန့် ဆွဲလိုက် ၊ လိမ်ကျစ် လိုက်ဖြင့် ကိုဆေးရိုး ၏ လက် ထဲ တွင် ကြိုးပင်ကြီး တစ်ပင် ဖြစ်လာ ပေသည် ။ ကြိုး အရှည် နှစ်လံ ခန့် ရသော အခါ ကောက်ရိုးပုံ  မှ    မဖြတ် သေးဘဲ မြေပြင်ပေါ် ချ ထား လိုက်ကာ ၊ ကောက်ရိုးပုံ များ ကို ဆွဲနုတ်၍ တင်သည် ။


ကိုဆေးရိုး သည် ကောက်ရိုးပုံ ၏ ဘေးဘက် အနှံ့ လျှောက် ၍ ဆွဲ နုတ်၏ ။ အထက်ရော အောက်ပါ နုတ် သည် ။ သဘော မှာ တစ်နေရာ တည်း နုတ် လျှင် ကောက်ရိုးပုံ တစ်ဖက် စောင်းကြီး ဖြစ် သွားကာ ကြာ သော် ပြို ကျမည် စိုးသော ကြောင့် ဖြစ်သည် ။ အပုံ ထဲ က ဆွဲနုတ် ယူခဲ့သော ကောက်ရိုး သည် တစ်ပင် စီ စီ ထား သလို ညီညီညာညာ ရှိ၏ ။ စဉ်း ခုတ် ရန် ကိုင်တွယ် သော အခါ သက်သာ လွယ်ကူ၏ ။ စဉ်း သော အခါ၌ လည်း စိတ် ကြိုက် ရ၏ ။ ပြိုကျ သော ကောက်ရိုးပုံ မှ ကောက်ရိုး သည် ကန့်လန့်လည်း ပါ၏ ။ စောင်းလျက် တည့် တည့် စသည် လည်း ပါ၏ ။ ကိုင် ရာ တွင် ပွထ နေ ကာ စဉ်း သော အခါ ၌ လို သလို မရ ၊ ရှည်သော အချောင်း ၊ တိုသော အမျှင် စသည် ဖြင့် စိတ်ပျက်ဖွယ် ထွက် လာ လေ တော့သည် ။


ကိုဆေးရိုး သည် အထက် အောက် အနှံ့အပြား သိမ်းနုတ် ၍ ကြိုးချ ထားခဲ့ သော နေရာ ရောက်အောင် တစ်ပတ် ပတ် မိသော အခါ နုတ်ပြီး သမျှ ကို ကြိုး ပေါ် တင်သည် ။ နုတ်ပြီး သမျှ ကို လိုက်လံ ပွေ့ယူသော အခါ မြေပြင် ပေါ် တွင် ရှုပ်ထွေး မကျန်ခဲ့အောင် အားလုံး စု သိမ်းသည် ။ အချို့နေရာ ၌ စပါးစေ့ကလေးတွေ ကျ ကျန် ခဲ့၏ ။ စပါး နယ်စဉ် က လူငှား ကို သုံးစွဲ ခဲ့ ပါ လျှင် ကောက်ရိုးပုံ ထဲ က ထွက် လာသော စပါးစေ့ကလေး ကို ကြည့်ပြီး လူငှား သည် “ ကပျစ်ကညစ် ” လုပ်၏ ဟု ဆို စရာ ရှိသည် ။ ယခုမူ မိမိ ကိုယ်တိုင် မို့ နှမြော ရုံ သာ တတ် နိုင်၏ ။


တစ်ခါတစ်ရံ ၌ စပါးစေ့များ ကြွေ ထွက်ခြင်း မရှိ သေးသော အပင်များ ကို ပင် ဆွဲနှုတ် မိတတ်၏ ။ တွေ့ မြင်ရ တတ်၏ ။ ကိုဆေးရိုး သည် အနှံကလေးများ ကို သပ်ခြွေ ၍ လုံချည်ခါးပုံစ ထဲ ထည့်ထား လိုက်လေ သည် ။ လယ်သမားတို့ လုပ်စာ မြေ မှာ တစ်ဝက် ဟူ၍ ရှိ သော်လည်း ကိုဆေးရိုး မှာ နှမြောစိတ် ကို မသတ်နိုင် ပေ ။ ကောက်ရိုး တစ်ကြိမ် နုတ်တိုင်း တစ်ခါ ကောက် ယူသိမ်း ဆည်းသော စပါးစေ့များ သည် တောင်ငယ် ပမာ ရှိသော မိမိ လယ်ထွက် စပါး နှင့် စာသော် မဖြစ် လောက်ပေ ။ သေးငယ်၏ ၊ နည်းပါး၏ ။ သို့သော် တစ်လမြူ စာ ရှိသော စပါးစေ့များ ပင် ဖြစ်စေဦးတော့ ၊ မြေ မှာ အလဟဿ ဆုံးရှုံးရခြင်း ထက် လူ့ အကျိုးစီး

ပွား အတွက် သုံးစွဲရခြင်း က သာလွန် ကောင်းမွန်သည် မဟုတ်ပါလား ။


စပါးများ နို့ရည် တည် သည် မှ စ ၍ မရိတ်သိမ်း မချင်း ဖျက်ဆီး စားသောက်သော ကြက်တူရွေး ၊ စာ နှင့် ချိုးငှက် တို့ ၏ ပယောဂ ကြောင့် ပြုန်းတီး ခဲ့ရ သမျှ နေရာ တွင် အစား ထိုး ဖို့ ပဲ ရရ ၊ လူ့ အဖို့ ကတော့ စုဆောင်း သိမ်းဆည်း နိုင်သမျှ သိမ်းဆည်း လေ အကျိုး ရှိလေ လေ ပင် ။ ထို့ကြောင့်ပင် လယ်သမား တိုင်း သည် စိုက် ၍ ဖြစ်သည့် နေရာ မှန် လျှင် စိုက်သည် ။ ကျေးစာ ငှက်စာ ပဲ ရရ ဟူ၍ သော် လည်းကောင်း သတ်မှတ် ပြောဆို ကြသေးသည် ။


ကိုဆေးရိုး က တစ်လမြူ ခန့် ရှိသော စပါးစေ့များ ကို ခါးပိုက်ထောင် ထဲ ထည့်ပြီး ကောက်ရိုးထုံး ကို ရွက် ၍ ကောက်ရိုးခြံ ထဲ မှ ထွက် လာ၏ ။ ခြံတံခါး ကို ပြန် ပိတ်သော အခါ ကောက်ရိုးထုံး အလယ် တည့်တည့် ကို ခြံတိုင် စူးဝင် နေသဖြင့် ခေါင်း ပေါ် မှ ချ ၍ ဖယ်ရှား ပစ် လိုက် ရသည် ။ အဝင်အထွက် ခြံတိုင်များ မှာ ကောက် ရိုးမျှင်များ ဖြင့် ဝေ နေ၏  ။ လေ နှင် တိုင်း တလူလူ လွင့် နေသော ကောက်ရိုးမျှင်များ ကို မော့ ကြည့်လိုက်စဉ် တွင် ကိုဆေးရိုး မှာ မမျှော်လင့်ဘဲ နှင့် ဝင်းဝင်းပြက် နေ သော ပန်းအလှ ရွှေပွင့်များ ကို လှမ်း မြင် လိုက်ရလေ သည် ။


ရွှေပိတောက်ပွင့်များ ပါ တကား ။ တလင်း အနီး ရှိ စေတီပျက် တစ်ဆူ ဘေး မှ ပိတောက်ပင်ပျို ၏ အပွင့် များ ဖြစ်သည် ။ စေတီ တွင် လွှမ်း နေ သော ရေညှိခြောက် များ သည် မွဲမွဲစိမ်းစိမ်း အရောင် ကို နောက်ခံ ကာ ရွှေ သစ်ဦး လို ထိန်ဝင်း နေသော ပိတောက်ပွင့်တွေ ကို မြင် ရ သည် မှာ ရင်အေး စရာ ။ ပိတောက်ရွှေပွင့် ၏ ရှေ့ တွင် တလူလူ လွင့် နေသော ကောက်ရိုးမျှင်များ သည် လုံမ ပျို ၏ ဆံယဉ်နူများ သဖွယ် ။


ကိုဆေးရိုး ၏ မျက်နှာ မှာ နု နေသည် ။ သစ် နေ သည် ။ မြန်မာ့ အယူအဆ အား ဖြင့် နှစ်ကူးကာလ ၊ နှစ် ဦး သမယ ၌ ရွှင်လန်းအေးချမ်းရခြင်း သည် ကောင်း မြတ်သော နိမိတ် ပင် ။


ကြိမ် ဖြင့် ပြီးသော သပိတ်ခြေ သဖွယ် ၊ အလယ် သိမ် ၍ အဖျား နှစ်ဖက် ဝေကား နေသော ကောက်ရိုးထုံးကြီး ကို ရွက် လျက် ရွာ ထဲ သို့ ကိုဆေးရိုး ဝင် လာချိန် ၌ ကာလသား တို့ ၏ ရေပက် မြူးထူးသံများ စဲ သွားပေ ပြီ ၊ လူကြီးလူရွယ် လူလတ်များ သည် ဝတ်ကောင်း စားလှ ဆင်၍ ဥပုသ် စောင့်ရန် ထွက်လာကြ ပေပြီ ။ 


“ အေးမေ တို့ မပြီးသေးဘူးလား ဟေ့ ”


“ ပြီးပြီ မဦးသာရေ ခဏလေး ”


အချင်းချင်း စောင့်ဆိုင်း ခေါ်သူ က ခေါ်၍ 


“ ဟေ့ လှဒန် တို့ သွားကြမယ်လေ ။ ဘယ်အချိန် ရှိပြီလဲ ”


“ သွားနှင့် ငွေသော့ ရေ ၊ နွားစာ စဉ်းထားခဲ့ရဦး မယ် ဟေ့ ”


တစ်ကျောင်းတည်း အတူ သွား စောင့်မည့် သူ ချင်း ရပ်စောင့် နေသူ များ က ရပ်စောင့် နေ သလို ကျန်သူများ လည်း ကျန် ခဲ့၏ ။ အဖော် နှင့် လိုက်ရန် အပြေးအလွှား ပြင်ဆင် နေသူ က ပြင်ဆင် ၊ ကလေး ခေါ်သံ ၊ ခွေး ရိုက် သံ ၊ အိုးခွက်များ ဖုံးအုပ်သံ ဖြင့် စိုပြည် စည်ဝေ နေ၏ ။ 


“ ဟေ့ ကျီးဒန်တို့ ၊ သီလ မယူဘူး လား ။ ဝါဦးတုန်း ကတော့ ပျိုးနုတ်ချိန် မို့ ၊ ဝါကျွတ်တော့ ထွန်တုံးပိတ် ချိန် မို့ ၊ သင်္ကြန် တွင်း တော့ ဘာ လုပ် နေကြလဲ ” 


“ အရှေ့ဖျား က ဖိုးစံဝေ ၊ လျှာ က ခပ်ရှည်ရှည် ” ဟု ကာလသား တို့ အမည် ပေး ထား သော ဖိုးစံဝေ သည် ကိုဆေးရိုး တို့ အိမ်ရှေ့ ၌ ရပ် နေ၏ ။ 


“ သွားမလို့ပါ ဗျ ။ ကောက်ရိုးလေး သွား နုတ် နေလို့ပါ ” 


မျက်နှာ ကို ကောက်ရိုးမျှင်များ ဖုံးအုပ် နေ သဖြင့် ဖိုးစံဝေ မှာ အသံ ကြား မှ ကိုဆေးရိုး မှန်း သိ တော့သည် ။ 


“  အေး အေး ဘယ်ကျောင်း သွားကြမလို့လဲ ”  


“ သရက်ချင်တောင် ကျောင်း ပေါ့ ဗျာ ” 


ကိုဆေးရိုး က ဝန်အလေး ကို ရွက် ပြီး ရပ် စကား ပြော မနေနိုင် သဖြင့် အိမ်ဝိုင်း ထဲ သို့ ဝင် လာသည် ။ ဖိုးစံဝေ က တော့ သူ ၏ ဝါသနာ အတိုင်း ဆက်လက် ရှည်လျား နေ၏ ။


“ သီလ ရဲ့အကျိုး က အသက်ရှည်ခြင်း ၊ ပညာကြီး ခြင်း ၊ ဘုန်းတန်ခိုးကြီးခြင်း နဲ့ နတ်ပြည်ခြောက်ထပ် မှာ စုန်ဆန်ကူးလူးရခြင်း လို့ ဆို မဟုတ်လား ။ မနက် စောစော ထပြီး သံဃာတော်များ ကို လှူဖွယ်တွေ ဆက်ကပ် လှူဒါန်းတာ ၊ သီလ ယူရင်း ဆွမ်းခဲဖွယ်ဘောဇဉ် နဲ့ ကပ်လှူ ပူဇော် ရ တဲ့ ဒါနအကျိုး ကတော့ မရှိ မလှ မဝ ဟူသော စကား ” 


ဖိုးစံဝေ သည် အဘယ်မျှ ထိအောင် ဆက်လက် ဟောပြော ကျန်ရစ်ခဲ့သည် မသိ ။ ကိုဆေးရိုး က တော့ သွားချိန် ပြန်ချိန် နှင့် ကျောင်း တွင် တရားကလေး ဘာလေး နာယူနေရဦးမည့် အချိန် တို့ ကို ခန့်မှန်း ပြီး ချောင်း ထဲ သို့ ပြေးဆင်း ခဲ့သည် ။ ကမ်းခြေ ကို ကပ် ၍ အိုင် ဖြစ် နေခဲ့သော ရေအိုင် တစ်ခု ထဲ တွင် အပြေးအလွှား နှစ်ပြီး ပြန် တက်ခဲ့ လေသည် ။


မကျီးဒန် မှာ ကြေးလင်ပန်း ထဲ တွင် ဆွမ်းပန်းကန် ဟင်းခွက်များ ထည့် ၍ ခပ်ပေါပေါ ရသော အုပ်ဆောင်း အကျဲ နီနီဖြင့် အုပ် ထားသည့် ဆွမ်းလင်ပန်း ကို ရွက် လျက် အိမ်ရှေ့ တွင် ရပ်နေ၏ ။


လက် ထဲ တွင် ပုတီးပင် မှ ဖြစ်သော ပုတီးစေ့ ဖြင့် လုပ်သည့် စိပ်ပုတီးသေးသေးကလေး ကို ကိုင် ထား သည် ။ သောက မောဟ တို့ နှင့် အမြဲတမ်း နပန်းလုံး နေ ရသော သူ့ မျက်နှာမှာ အေးချမ်း နေ၏ ။ 


“ မီးဖို အဝင်ဝ ကို သေသေချာချာ ဆို့ ခဲ့နော် ” 


ထန်းရွက် ကို ကာပြီး ဝါး ဖြင့် ဇလီ သတ်ထားသော အဆောက်အအုံ ၌ တံခါး မရှိချေ ၊ တံခါး မရှိသော ကြောင့် ပိတ်ခဲ့ ဟု မပြောနိုင် ဘဲ အိုးခွက် ထန်းရွက် စသည် ဖြင့် ဆီးဆို့ ခဲ့ ရန် လှမ်း အော်ရခြင်း ဖြစ်သည် ။


“ အေးပါ ဟ ၊ ငါ့ ပုတီး ကော ။ တွေ့ပြီ တွေ့ပြီ ”


လူ ကို မမြင်ရ သော်လည်း ကိုဆေးရိုး သည် လုံချည် မနိုင် ပဝါ မနိုင် ဖြင့် အပြေးအလွှား ဖြစ်နေရသည် ဟု အသံ ကြား ရုံ ဖြင့် မကျီးဒန် က ခန့်မှန်း မိသည် ။ မှန် ၏ ။ ကိုဆေးရိုး မှာ ဖိုသီဖတ်သီကြီး ထွက် လာကာ တဲရှေ့အဝင် ပေါက် ကို ဝါးလုံး ၊ ဝါးခြမ်း ၊ ထန်းရွက် တို့ ဖြင့် ကာ သည် ။ နွားတင်းကုပ် ထဲ ပြေးပြီး နွား နှစ်ကောင် ကို ပြင်ဆင် ချည်နှောင် ၏ ။ တစ်ဖန် ဝင်းပေါက် ဝ ကို ပိတ်ဆို့ ရ ပြန်သေး၏ ။ 


“ လာပါတော် ၊ တော်ရုံသဖြင့် ရှိ ၊ တော်ရော ပေါ့ ”


မကျီးဒန် က စိတ် မရှည် သလို လောဆော် တော့ မှ ကိုဆေးရိုး သည် ဖားဖားဖားဖား ဖြင့် ရှေ့က ထွက် လာခဲ့သည် ။


“ ကျီးဒန်တို့ ဘာတွေ ချက်ခဲ့လဲ ” 


“ မန်ကျည်းရွက်သုပ် နဲ့ မောင်မခေါ်ခြောက် ခြောက် ချက် ပါ တော် ။ တော်တို့ လို ဝက်သား ၊ ကြက်သား မတတ်နိုင်ပါဘူး ”


တောင်တံခါးနား အရောက် တွင် မအေးဘုံ အထွက် နှင့် ဆုံ သဖြင့် တစ်ဦး ကို တစ်ဦး ဟင်း မေးကြခြင်း ဖြစ် သည် ။


“ ကြက်သား ထင်ထားလို့ အမဲရွတ် တောင် မချက် နိုင်ပါဘူး အေ ရယ် ။ ကုက္ကိုရွက်သုပ် နဲ့ မုန့်ဖက်ထုပ် ပဲ တတ်နိုင်ပါတယ် ”


ကိုဆေးရိုး နှင့် မအေးဘုံ ၏ ခင်ပွန်း ကိုသာဦး က ရှေ့ က သွား၍ မအေးဘုံ သမီး တင်မေ ၊ မကျီးဒန် ၊ မအေးဘုံ တို့က အစဉ်လိုက် တန်း၍ စကား တပြော ပြော ဖြင့် လျှောက်လာ ကြသည် ။ ပုရပိုက်တန်းရွာ နား သို့ ရောက်သော အခါ တင်မေ မှာ တွန့်ဆုတ် တွန့်ဆုတ် ဖြစ် နေ၏ ။ ပုရပိုက်တန်း ရွာသားများ သည် လမ်းဘေး တွင် စဉ့်အိုးကြီးတွေ ချ၍ လာ သမျှ ရထား ( မြင်းလှည်း ) ကို အရွှဲ လောင်း နေကြ၏ ။


သို့သော် မည်သည့်ကာလသား မျှ တင်မေ အား ရေ မပက်ကြပေ ။ တင်မေ အား ငေးကြည့် ရုံ သာ ကြည့် နေကြ၏ ။ သို့စဉ်တွင် ခုနစ်နှစ်ရွယ် ကလေး တစ်ယောက် က တင်မေ ထံ သို့ ပါးပြွတ်ကြီး ဖြင့် ပြေး လာ၏ ။


“ ဟဲ့ ကလေး ၊ ဥပုသ်စောင့် သွားမယ့် လူ ကို မပက်ရဘူးလေ ”


မကျီးဒန် က ဆီး ၍ ပြော လိုက်သော အခါ ကလေးငယ် မှာ တန့် သွား၏ ။ ကာလသား တွေ ငြိမ် နေကြခြင်း မှာ လည်း ဥပုသ်သည် မှန်း သိသောကြောင့် ဖြစ်ပေသည် ။ ပုရပိုက်တန်းရွာ တံခါးဝ ကို ကျော်လွန် မှ တင်မေ မှာ နေသာ ထိုင်သာ ရှိ သွား၏ ၊ ရေစိုကြီး ဖြင့် ကျောင်းတွင် ထိုင် ရလျှင် ကသိကအောက် နိုင်လှသည် ။ တွေ့ပြန်ပါပြီ ၊ သရက်ချင် ရေပက် အဖွဲ့ ။ ရာဝင် စဉ့်အိုးတွေ ၊ ဘဲဥအိုးကြီးတွေ ချ၍ တာလမ်း ကို ခွ ထား သည် ။ ရထား တစ်စင်း မှာ ရေလောင်း သူ တွေ အောက် မှ ကုန်းအော် နေ၏ ။


“ ဧရာဝတီ ခြေကန် ပက်တော့ ရယ်တာပေါ့ ”  


“ စလင်းချောင်းကြီး ခြေကန် ပက်တော့ ၊ ရယ်တာပေါ့ ဟေ့ ရယ်တာပေါ့ ”


တောင်ဘက်မှ ရထား ( မြင်းလှည်း ) တစ်စီး မောင်းလာသည် ကို မြင်မှ ရေလောင်း ဆဲ ရထား ကို လွှတ် လိုက်ကြ၏ ။


“ အမေ့ ချွေးမ ပျောက်လို့ ရှာ ၊ တွေ့ပြီတွေ့ပြီ သူပဲ သူပဲ ”


ရေ အရွှဲသား ဖြင့် ထွက်လာ သော ရထား ပေါ် မှ လူများ သည် ကိုဆေးရိုး တို့ လူအုပ် နား အရောက် တွင် တင်မေ ကို လက်ညိုး ငေါက်ငေါက် ထိုး၍ အော်ကြ၏ ။ 


“ ငါ့ မယားလေး ပျောက် လို့ ရှာ ၊ တွေ့ပြီ တွေ့ ပြီ သူပဲ သူပဲ ”


ကိုသာဦး မှာ ချာခနဲ လှည့် ၍ ရထား ကို ကြည့် မိ ၏ ။ ရေခံဦးထုပ် ကိုယ်စီ ဆောင်း ထားသော လူငယ် သုံး ယောက် ကို မြင်ရ၏ ။


“ ဟေ့ ၊ မင်းတို့ ရိုင်းလှချည့်လား ” 


“ ယောက္ခမကြီး ပျောက်လို့ ရှာ ၊ တွေ့ပြီ တွေ့ပြီ သူပဲ သူပဲ ”


ကိုသာဦး သည် ရထား ဘက် သို့ ပြေး သွား၏ ။ ရထား သည် မောင်း မြဲ မောင်း သွား သဖြင့် ခပ်လှမ်းလှမ်း သို့ ရောက်သွား လေပြီ ။ တင်မေ မှာ မျက်နှာကလေး ပျက် ၍ ကိုသာဦး မှာ တောက် တခေါက်ခေါက် ဖြင့် ကျန်ခဲ့သည် ။


“ မိမဆုံးမ ဖမဆုံးမတွေ ” 


“ မြို့ က လူငယ်တွေ က တော့ ဒီ အတိုင်းပဲ ကိုသာဦး ရေ ”


ကိုဆေးရိုး က ညည်းညည်းညူညူ ပြောလိုက်၏ ။ လမ်း တစ်လျှောက်လုံး အေးအေးဆေးဆေး ဖြင့် လျှောက် လာသော လူ ငါးယောက် မှာ အပျော် လွန်သော လူငယ်များ ကြောင့် ပျက်သွား ပေပြီ ။ အေးချမ်း နေ သော ကိုသာဦး မှာ ဒေါသ ကြောင့် အသားဆတ်ဆတ် တုန် နေ ရပြီ ။


တင်မေ မှာ ရှက် သဖြင့် မျက်နှာ မထားတတ် တော့ ပြီ ။ သို့သော် မတတ်နိုင်တော့ပြီ ။ ကျောင်း သို့ ရောက် ရန် လည်း မဝေးတော့ပြီ ။ စိုးရိမ်ရသည် မှာ ဇာတ်တူ တောသား ရေပက်သမားများ မဟုတ်ဘဲ တောင် မှ လည်းကောင်း ၊ မြောက် မှ လည်းကောင်း လာ ကြသော မြင်းရထား ပေါ် က ကာလသားတွေ သာ ဖြစ်၏ ။ ရှေ့ တွင် ရထား တစ်စီး ကို လမ်းပိတ် ကာ ရေလောင်း နေ ကြ၏ ။ မြောက်ဘက် မှ လည်း တစ်စီး လာ နေသည် ။ ထို့ကြောင့် ကိုဆေးရိုး တို့ သည် တာလမ်း ၏ ဘေး နွား လှည်းများ မောင်းရန် သတ်မှတ် ထားသော လမ်း သို့ ဖဲ့ ဆင်းပြီး လျှောက် လာ ကြ၏ ။ သရက်ချင်ရွာ တံခါးဝ သို့ တဖြည်းဖြည်း နီးကပ်လာ၏ ။ ရေပက်ခံ ရထား ပေါ် မှ သံချပ်သံများ လည်း ကျယ်လောင် လာ သည် ။ 


ကိုဆေးရိုး တို့ ၏ ကျောဘက် မှ လာသော ရထား ရွာ တံခါးဝ ရောက်သော အခါ မူလ ရှိပြီး ရထား နှင့် ပြိုင်၍ ရေလောင်း ခံ ရလေ၏ ။ သံချပ်သံများ နားကွဲမ တတ် ဆူ လာ၏ ။ ရေပက်သူများ ကလည်း တရကြမ်း ပက်နေ ကြသည် ။ လျှာနှင့် ဦးထုပ်ကလေး တွေ ကိုယ်စီ ဆောင်း ထား သော လူ လေးယောက် ရေပက်ခံ ရထား ပေါ် မှ ရုတ်ခနဲ ပြေးဆင်း လာ ကြ၏ ။ သူတို့ လက် ထဲ တွင် ပါ လာသော စက်ဘီး လေထိုးတံ လို ပြွက်မျိုး ဖြင့် တင်မေ ကို ဝိုင်း ပက်ကြသည် ။


“ ဟဲ့ ၊ ဟဲ့ ၊ ဥပုသ်သည် ကို ရေ မပက်ရဘူး ” 


မအေးဘုံက ကယောင်ချောက်ချား ပြော၏ ။ 


“ ဥပုသ်သည် ကို နာနာ ပက် တဲ့ သိကြားမင်း က မှာ လိုက်တယ် ”


တစ်ယောက် သော သူ သည် ပါးစပ် က သံချပ် ဆို ရင်း တင်မေ အား ရှေ့ တည့်တည့် မှ ၀င် ပက်၏ ။


“ မောင် တို့ တရား မလွန်ဘူးလား ကွယ် ” 


ကိုဆေးရိုး က ကြိမ်းမောင်း၏ ။ လူ လေးယောက် သည် ကိုဆေးရိုး နှင့် ကိုသာဦး အား မည်သို့မျှ အရေး မထား ဘဲ တင်မေ့ ရှေ့သို့ သွားကာ တို့ မလို ဆိတ် မလို က ကြ လေ၏ ။


“ ဒီ မောင် နမ်းတဲ့ ပန်းစံပယ် ရယ် ဒီ ကိုယ် နမ်းတဲ့ ပန်းစံပယ် ရယ် ”


“ ချစ်ပါ ချစ်ပါ နှမရယ် ၊ မေတ္တာ မေတ္တာ မျှမယ် ”


“ တို့တော့မယ်တဲ့ ဆိတ်တော့မယ် ၊ မောင်ကြံရွယ် တဲ့ စံပယ်ကုံးရယ် မင်းဘယ်သို့ တုံး ”


“ ကဲ တို့လိုက် ဆိတ်လိုက် ဦး ဟေ့ ”


ကိုသာဦး သည် ပိန်ရှည်ရှည် ၏ ပါးစပ် ကို ပြောပြောဆိုဆို ပြေး ရိုက် လိုက်လေ၏ ။


သို့ရာတွင် ကိုသာဦး မှာ ထို သူ လက် တစ်ချက် ယမ်း လိုက်ရုံဖြင့် ခွေခနဲ ကျ သွားသည် ။ ကျန်လူများ က ဝိုင်း ၍ ခြေဖြင့် ကန်သည် ။ ကိုဆေးရိုး မှာ မတတ်သာ တော့ ဘဲ ဝင် လုံး ရတော့ ရာ လက်သီး တစ်ချက် မိပြီး ပုံ လဲကျ သွားလေ၏ ။


“ လာကြပါဦး တော် ၊ သ,တ်ကုန်ကြပါပြီ ” 


မကျီးဒန် နှင့် မအေးဘုံ ၏ ငယ်သံ ပါ အောင် အော်သံ နှင့် အတူ သရက်ချင် ရွာသားများ ပြေးလွှား ရောက်ရှိ လာကြတော့သည် ။ အပျော် ကျူးသော လူငယ်လေးယောက် သည် ကြီးမား သော လူအုပ် ကို ချိန်းကြိုး ၊ ဓားမြှောင် ထုတ်၍ ခုခံကြ လေ၏ ။ သရက်ချင် ရွာသား များမှာ တပ်လန် သွားရာ က ထို သူများ ရထား ပေါ် မတက်နိုင် မီ ဓားရှည် ၊ ငန်းပြား ၊ သံတုတ် ၊ နှစ်ဖက်ချွန် ကျောက်ခဲ စသည့် ရရာ လက်နက် ဖြင့် ပိုင်းဝန်း တိုက် ခိုက်ကြ လေ၏ ။


ရွာလူကြီးများ နှင့် ကျောင်း မှ သံဃာတော်များ ရောက် လာပြီး ဖျန်ဖြေတော့ မှ ရန်ပွဲ မှာ ပြီးစီး သွား သည် ။ အပျော် လွန်သော လူငယ်များ သည် မိမိ တို့ လူ ကို ရထား ပေါ် တင်ပြီး ထွက်ပြေး သွားကြ သော် လည်း ကြီးမားသော သွေးကွက်များ ကို ချန်ပစ်ခဲ့ကြသည် ။ သရက်ချင် ရွာသားများ မှာ အနည်းငယ် မျှ သာ ဒဏ်ရာ ရ သဖြင့် အပျော် လွန်သူ လူငယ်များ ၏ ဒဏ်ရာ ကို ခန့်မှန်း နိုင် ပေမည် ။


“ ဥပုသ်စောင့် သွားမယ့် လူ ကို ရေ နဲ့ လည်း ပက် သေး ၊ ထိကပါး ရိကပါး လည်း လုပ်သေး ၊ ရိုင်းစိုင်းလွန်းတော် ”


မကျီးဒန် က သွေးကွက် ကို ကြည့်ရင်း အသံကုန် ကြီး ဖြင့် ရေရွတ် လိုက်၏ ။ သူ ငုံ့ ကြည့်ရာ သွေးကွက် ထဲ မှာ တော့ ချိန်းကြိုး တစ်ခု နှင့် ယောက်ျား ကိုင် ဂုဏ်တော်ပုတီး တစ်ကုံး ။


◾ဆင်ဖြူကျွန်းအောင်သိန်း


📖 ကိုဆေးရိုး ဝတ္ထုတိုပေါင်းချုပ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment