❝ မောင်သိန်းလွင် ရဲ့ မောင်သာရ ❞
ညှာရွှေတစ်ခက် ကြွေရက်စော မဂ္ဂဇင်းဝတ္ထုတို တစ်ပုဒ် တည်း နဲ့ သူ့ ကို စာဖတ် ပရိသတ် သိ သွား ကြတယ် ။ မျိုးမမ ပကာသနီ နဲ့ လုံးချင်းဝတ္ထုရှည် လောက ကို ဝင်လာ ပြန်တော့ လည်း ပရိသတ် လက်ခံခဲ့ ကြတာပဲ ။ အဲဒီ နောက်ပိုင်း မှာ ဝတ္ထုရှည် ၊ လုံးချင်းဝတ္ထု ပေါင်း များစွာ နဲ့ စာဖတ် ပရိသတ် ကို နှစ်ပေါင်း ၃ဝ ထိန်း လာ နိုင်ခဲ့တဲ့ “ ဆရာမောင်သာရ ” နဲ့ တွေ့ဆုံ ပေးဖို့ စီစဉ်ထား ပါတယ် ။
စာတည်းချုပ် က မောင်သာရ နဲ့ တွေ့ပါ လို့ ပြောပြီး ကတည်း က သူ့ လုံးချင်းတွေ ကို ပြန် ဖတ်ခဲ့ပါတယ် ။ ဘာ တွေ့ လာသလဲ ဆိုတော့ သူ့ ရေးဟန် ။ ပထမပိုင်း က ရေးဟန် တွေ နဲ့ နောက်ပိုင်း မှာ ရေး လာတဲ့ ရေးဟန် တွေ ထူးထူးခြားခြား ပြောင်း လာတာ တွေ့ရ ပါတယ် ။
“ မောင်သာရ ” ဆိုတဲ့ နာမည် တစ်လုံး စာပေလောက မှာ ဝုန်းခနဲ ဖြစ်လာတာ ကို က ထူးခြားတဲ့ ရေးဟန် ကြောင့် ပါ ။ အောင်မြင် နေတဲ့ ရေးဟန် ကို စွန့်နိုင်တဲ့ စာရေးဆရာ က သိပ် ရှားပါးတယ် ။ မောင်သာရ ဘာကြောင့် လိုင်း ပြောင်း ခဲ့တာလဲ ။ ပြီးတော့ စာပေလောက ထဲ မှာ သူ သွားလာ လှုပ်ရှားပုံ က တခြား သူတွေ နဲ့ မတူဘူး ။ ဘယ် အုပ်စု နဲ့ မှ မရောဘူး ။ တစ်ယောက်တည်း ပဲ ။ စမ်းစမ်းနွဲ့( သာယာဝတီ ) ရဲ့ စကား နဲ့ ပြောရရင် “ တစ်ကောင်တည်းပဲ ၊ ဒါပေမဲ့ ခြင်္သေ့ ” ဆိုတာမျိုး ။ ထုတ်ဝေသူ တော်တော်များများ က “ မောင်သာရ ” ဆိုတဲ့ အသံ ကြား ရ ရင် နားကြော စိမ့်ကြ သတဲ့ ။ ဘာကြောင့်ပါလဲ ။ သူ့ စာအုပ်တွေ ဖတ်ရင်း ဒီ အတွေးတွေ ဝင် နေတဲ့ ကြားကပဲ မန္တလေး က ဆရာမကြီး လူထုဒေါ်အမာ ရဲ့ အသက် ၇၀ ပြည့် မွေးနေ့ ဖိတ်စာ ရောက် လာတော့ မန္တလေး ကို အပြေး အလွှား သွားခဲ့ရ သေးတယ် ။ ရထား ပေါ် မှာ အသွား အပြန် မောင်သာရ ဝတ္ထုတွေ နဲ့ ပဲ ။
အနယ်နယ်အရပ်ရပ်က မန္တလေးသား အနုပညာသည်တွေ တော်တော်များများ ဒေါ်အမာ့ မွေးနေ့ပွဲ မှာ တွေ့ခဲ့ရ ပေမဲ့ မောင်သာရ ကို တော့ မတွေ့ခဲ့ရပါဘူး ။ ကျွန်တော် နဲ့ ပဲ လွဲလေ သလား ။
••••• ••••• ••••• •••••
🅠 ဆရာ ... တစ်နေ့ က ဒေါ်ဒေါ့် မွေးနေ့ပွဲ မလာဘူးလား ၊ ကျွန်တော် မတွေ့မိလို့ ။
ခင်ဗျား က မန္တလေးသား ဆိုတော့ ဒီ ပွဲ ကို ဘာကြောင့် ကျွန်တော် မလာတာလဲ ဆိုပြီး မေးချင်တာ ထင် တယ် ။ ဒီလိုဗျ ၊ ကိုဝင်းငြိမ်း ရ ။ ကျွန်တော် မန္တလေးသား အစစ် ပါ ။ စစ်လိုက်သမှ မန္တလေး မြို့လယ်ကောင် ၈၁ လမ်း နဲ့ ၂၉ လမ်း ထောင့် က မီးသတ်မျှော်စင်ကြီး နား မှာ မွေးတာ ။ ဒီထက် ဘာ စစ်စရာ ရှိသေးလဲ နော ။ ဒါပေမဲ့ ကျွန်တော် က သာရေး ကိစ္စတွေ ကို သွား ခဲ တယ် ။ သွားလေ့ သွားထ မရှိဘူး ။ အဲ ... နာရေး ကိစ္စ ဆိုရင်တော့ သွား ပါတယ် ။ နာရေး က လွဲရင် နတ်တော်လ စာဆိုတော်နေ့ ဟောပြောပွဲ တောင် မသွားဘူး ဗျာ ။ ဒီနှစ် ကျ မှ ကျွန်တော်တို့ ဆရာမကြီးတွေ က လည်း မွေးနေ့တွေ ထူးထူးခြားခြား အပြိုင်အဆိုင် လုပ်လိုက်ကြ
တာဗျာ ။
ဒါတွေကို ကျွန်တော် က ဘယ်လို မြင်သလဲ ဆို တော့ အင်အား စမ်းတဲ့ သဘော ၊ စည်းရုံးတဲ့ သဘော နဲ့ လုပ်ကြတာ များ လား လို့ ။
🅠 ကျွန်တော် နဲ့ လွဲများ နေလို့လားလို့ ပါ ။ ကျွန်တော်တို့ အင်တာဗျူး စ , လိုက်ရအောင် ဆရာ ။
စလေဗျာ ၊ ဘာက စမလဲ ။
🅠 ဆရာ့ နာမည်ရင်း က “ မောင်သိန်းလွင် ” ကလောင် နာမည် က “ မောင်သာရ ” ။ ဒီ နာမည် ကို ဘာ ကြောင့် ယူခဲ့တယ် ဆိုတာ အကြောင်း များ ရှိသလား လို့ပါ ။
အဲဒါကတော့ တို့ဘက်က ကြည့်တော့ သူရဲကောင်း ၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက် ဆိုတဲ့ ကျွန်တော့် ရဲ့ စာပေဘဝ ကိုယ်ရေး အတ္ထုပ္ပတ္တိ ထဲ မှာ ရေးခဲ့ပါ တယ် ။ ကိုဝင်းငြိမ်း က ထပ် မေးလာတော့ ပြောရသေး တာပေါ့ ။
ဒီလိုဗျ ၊ စောစောတုန်း က ကျွန်တော် “ မောင်သာရ ” လို့ ကလောင် နာမည် ယူ လိုက်တော့ သူများ ထက် မသာရရင် ဘာဖြစ်တယ် ၊ ညာဖြစ်တယ် ။ ဒါကြောင့်မို့ ကလောင် နာမည် ကိုတောင် မောင်သာရ လို့ ယူတာ ဘာ ညာ နဲ့ ထင်ကြေး နဲ့ ပြောကြတယ် ။ တကယ် အဖြစ်အပျက် အမှန် က အဲဒီလို မဟုတ်ပါဘူး ။ ပထမဆုံး ရေးတဲ့ ဝတ္ထု က ထောင်ထဲ က နေ လှမ်း ပို့ရတာ ဆိုတော့ နာမည် ရင်း နဲ့ ပေးလို့ မရတာ နဲ့ ကလောင် နာမည် ရွေး ကြတယ် ။
အဲဒီ ခေတ်တုန်းက ပြည်တော်သာခေတ် ဆိုတော့ “ ပြည်တော် သာ ရမည် ” ဆိုတဲ့ စာတန်းကလေးတွေ ကို တံဆိပ်တုံး ရိုက်ကြတယ် ။ ဆိုင်းဘုတ် ဆွဲ ကြတယ် ။ အဲဒီ စာတန်း ထဲ က “ သာရ ” ဆိုတာ ကို ဖြုတ်ယူ လိုက်တာပဲ ။ အဲဒီကနေ မောင်သာရ ဖြစ်သွားတာပဲ ။
ကျွန်တော့် ဝတ္ထု ရှုမဝ ရောက် သွားတော့ အဲဒီ တုန်း က အယ်ဒီတာ ကိုတင့်တယ် က ကျွန်တော့် ဆီ ကို စာ လှမ်း ရေးတယ် ။ သူ က“ မောင်သာရ ” ဆိုတာ နည်းနည်း ထောင့်တယ်ပေါ့ ။ “ မောင်သာယာ ” လို့ ပြင်ရင် ကောင်း မလား ဆိုပြီး လှမ်း စာ ရေးတာပဲ ။ ဒါပေမဲ့ ဒီ စာ က ကျွန်တော့် ဆီ ကို ရောက် မလာပါဘူး ။ ဒါနဲ့ မဂ္ဂဇင်း ထဲ မှာ ကျွန်တော့် ဝတ္ထု ပါ လာတော့ “ မောင်သာရ ” နဲ့ ပဲ ပါလာတယ် ။ တကယ်တမ်း က တော့ ဟိုတုန်းက “ ရှင်မဟာ ရဋ္ဌသာရ ” ရှိတယ် ၊ “ ရှင်လင်္ကာသာရ ” ရှိတယ် ၊ “ ရှင်တေ ဇောသာရ ” ရှိတယ် ။ အဲဒီဟာတွေ ကို စိတ်ကူး ရပြီး “ သာရ ” ကို ယူတာ မဟုတ်ဘူး ။ အဲဒီ “ ပြည်တော်သာရမည် ” ထဲက ကောက် ယူ လိုက်တာပဲ ။ သူများ ထက် သာ ရ မယ် ဆိုတဲ့ အဓိပ္ပာယ် လည်း မဟုတ်ပါဘူး ။
🅠 အဲဒီတုန်းက ရှုမဝ ကို ဆရာ ပို့ လိုက်တဲ့ ဝတ္ထု က ... ။
ညှာရွှေတစ်ခက် ကြွေရက်စော ။
🅠 ၁၉ ... ။
၅၅ ။
🅠 ဒီ ဝတ္ထုက ဆရာ့ ပထမဆုံး ပုံနှိပ် ဖော်ပြခြင်း ခံရတဲ့ ဝတ္ထုပဲ ပေါ့ ။
ဟုတ်ပါတယ် ။
🅠 ဒီဝတ္ထု အရင်ကကော ဆရာ စာ ရေး သေးလား ။
အရင်ကတော့ ကဗျာလေးတွေ တောက်တိုမည်ရ လေး ၊ ငါး ၊ ခြောက် နေရာလောက် ရေးဖူးတယ် ။ သို့သော် သိပ်ပြီးတော့ မဖြစ်ထွန်းဘူး ဗျ ။ ရှင်းရှင်း ပြောရရင် သူများ ရေးနေတဲ့ ကဗျာမျိုး လည်း မရေးချင်ဘူး ဗျ ။ ကဗျာ ကို လည်း ကျွန်တော် က ပုံစံ အသစ် တစ်ခု ထွင် ချင်တယ် ပေါ့လေ ။ အဲဒီတော့ ကျွန်တော် ကြိုးစား ကြည့်တယ် ။ သို့သော်လည်း သိပ် မကြိုက်ဘူးဗျ ။
အဲဒါ မအောင်မြင် တော့ ရေးချင်တဲ့ စိတ် က လည်း များ နေတယ် ။ ထောင်ထဲ ရောက် နေတော့ အချိန် က လည်း ရ နေတယ် ။ အဲဒီတော့ ကဗျာ မစပ်ဘဲ နဲ့ စကား ပြေ ရေး လိုက်တာပဲ ။ ဒီ့ အရင် က ရေးဖူးတယ် ဆိုတဲ့ ကဗျာ တွေ ကလည်း သမားရိုးကျ ကဗျာတွေပါ ။ ထူးထူးခြား ခြား မဟုတ်ပါဘူး ။
🅠 ကလောင် နာမည် က .. ။
မောင်မင်းလွင် ။
🅠 ဘယ် မဂ္ဂဇင်းတွေ မှာ ပါခဲ့တာလဲ ဆရာ ။
စာပေသစ် ၊ နောက် ... လူထုဂျာနယ် ၊ စာပေသစ် မဂ္ဂဇင်း က ကိုအောင်လင်း တို့ ဦးစီးပြီး ထုတ် တာလေ ။
🅠 ဒါဆို “ ညှာရွှေတစ်ခက် ” ထက် ကဗျာတွေ က ပို စော တာပေါ့ ။
စောတယ် ။
🅠 ဘယ်နှနှစ် လောက် ကွာ မလဲ ။
လေး ၊ ငါး ၊ ခြောက်နှစ် လောက် ကို ကွာမယ် ။
🅠 ဒါဆို ဆရာ စာ ရေးတဲ့ သက်တမ်း က “ ညှာရွှေ တစ်ခက် ” က စရင် နှစ် ၃ဝ ၊ ကဗျာတွေ က စ တွက် ရင် တော့ နှစ် ၃ဝ ကျော်ခဲ့ပြီ ပေါ့ ။
ဒါပေါ့ ၊ ကျော်ခဲ့ပြီပေါ့ ။
🅠 နှစ်ပေါင်း ၃ဝ ကျော် အတွင်း ဆရာ က ဝတ္ထုတို ၊ ဝတ္ထုလုံးချင်း တွေ အများကြီး ရေးခဲ့တဲ့ သူ ဆိုတော့ အခု ကျွန်တော်တို့ ကြုံတွေ့ နေရတဲ့ ပြဿနာ တစ်ခု ကို ဆွေးနွေး ပေးစေ ချင်ပါတယ် ဆရာ ။
အဲဒါကတော့ ဒီနေ့ တချို့ တချို့သော ဆရာများ ရေးနေတဲ့ ဝတ္ထုတိုတွေ ကို စာဖတ်ပရိသတ် က ဖတ်ပြီးတဲ့ အခါမှာ “ ဒါ ဝတ္ထုတိုလား ကွ ” လို့ မှတ်ချက် ချ သံ ကြား နေရပါတယ် ။ ဒီတော့ ဝတ္ထုတို ၊ ဝတ္ထုရှည် ဘာ ကွာခြား တယ် ဆိုတာ ရှင်းပြစေချင်ပါတယ် ဆရာ ။
ကျွန်တော် ဒီ မေးခွန်းမျိုး ကို ဝိုင်အမ်စီအေ မှာ လုပ်တဲ့ ဆွေးနွေးပွဲ တုန်း က ပရိသတ် ထဲ က တစ်ယောက် ထ , မေးလို့ ဖြေခဲ့ဖူးပါတယ် ။ အဲဒါကို ကြားတဲ့သူ တွေ ထဲ က တချို့ အသိုင်းအဝိုင်း က ကျွန်တော့် အဖြေ ကို သိပ် ဘဝင် မကျကြဘူးလို့ ပြောကြတယ် ။ သရော်ကြတယ် ။
အမှန်ကတော့ ကိုဝင်းငြိမ်း ရယ် ... လွယ်လွယ် လေး ပါ ။ ဝတ္ထုတို ဆို တာ က တို တဲ့ ဝတ္ထု ကို ခေါ်တာ ။ ဝတ္ထုရှည် ဆိုတာက ရှည်တဲ့ ဝတ္ထု ကို ခေါ်တာ ။ တိုခြင်း ၊ ရှည်ခြင်း အပေါ်မှာ မူတည်ပြီး ဝတ္ထုတို ၊ ဝတ္ထုရှည် ဆို တာ ခေါ်တယ် ။ ဝတ္ထုတို ၊ ဝတ္ထုရှည် ကြား မှာ ရှိတဲ့ ဝတ္ထု ကို ခုဆို ဝတ္ထုလတ် လို့ တောင် ခေါ်ကြသေးတယ် ။ အင်္ဂလိပ် မှာ လည်း Short Story , Novel , Novelet ရယ်လို့ ရှိတာပဲ ။
ကောင်းပြီ ။ ဝတ္ထုတို ၊ ဝတ္ထုရှည် ဆိုတာ ဟာ အရှည် ၊ အတို ပေါ် မူတည်ပြီး ခွဲတာ မဟုတ်ပါဘူး ဆိုပြီး တော့များ ပညာရှိ ဟန်ဆောင် ပြီးတော့ စည်းကမ်းတွေ ၊ ဝိဂြိုဟ်တွေ ထုတ်ကြဦးမယ် ဆိုရင် သူတို့ ကို ကျွန်တော် မေးချင်တဲ့ မေးခွန်း တစ်ခု ရှိပါတယ် ။
လုံးချင်းဝတ္ထု ၊ ဘယ် လုံးချင်းဝတ္ထု ကို ဝတ္ထုတို လို့များ ခေါ်ဖူးပါသလဲ ။ မဂ္ဂဇင်း ထဲ မှာ ပါတဲ့ ဘယ်ဝတ္ထု ကို ကော ဒါတော့ လုံးချင်းဝတ္ထု ပါ လို့ ဘယ်သူက ပြောဖူး သလဲ ။
ဒါကြောင့် ကျွန်တော် က တိုတဲ့ ဝတ္ထု ကို ဝတ္ထုတို ၊ ရှည်တဲ့ ဝတ္ထုကို ဝတ္ထုရှည်လို့ လွယ်လွယ်ကလေး ဖြေလိုက်တဲ့ အခါ ကျတော့ “ ဟာ ... ဒါတော့ ငါ သိသား ပေါ့ကွာ ” လို့ ဆိုကြမယ် ။ ဒီ အဖြေ က ပညာရှိ မဆန်ဘူး ပေါ့ဗျာ ။ မေးတဲ့ လူ က မေး လို့ ဖြေ တဲ့ လူ က ဖြေရမယ် ဆိုရင် ပညာရှိ လို ဖြေ မှ ကြိုက်တာ ကိုး ။ အကျယ်ချဲ့ ဖြေ မှ ကြိုက်တာကိုး ဗျ ။ ဒီ အထဲ မှာ ဝတ္ထုတို ဆိုတာ ဘယ်လို ဖွဲ့စည်းရမယ် ၊ ဘာတွေ ပါရမယ် ၊ ညာတွေ ပါရမယ် ။ ဝတ္ထုရှည် ဆိုတာ ဘယ်လို ဖွဲ့စည်းရမယ် ၊ ဘာတွေ ပါ ရမယ် ၊ ညာတွေ ပါရမယ် အဲဒီလို သတ်မှတ်ချက်တွေ ရှိကောင်း ရှိနိုင်မယ် ။
ဒါပေမဲ့ အဲဒီ ကန့်သတ်ချက်တွေ ဟာ အချိန် ကာလ အလျောက် ပြောင်းလဲ ရွေ့လျား နေတယ် ။ ဥပမာ - ၁၉ ရာစုနှစ် က ဆိုကြပါစို့ ။ ကျွန်တော်တို့ ဆီ မှာ တော့ မဟုတ်ဘူးပေါ့ဗျာ ။ ကျွန်တော်တို့ ဆီ မှာ က ၂၀ ရာစုနှစ် ကျမှ ဝတ္ထု ရယ်လို့ ဖြစ်လာတာ ကိုး ။ ၁၉ ရာစုနှစ် ခေတ် က ဝတ္ထုတို သတ်မှတ်ချက် နဲ့ ၂၀ ရာစု ဝတ္ထုတို သတ်မှတ် ချက် မတူနိုင်ဘူး ။ ၂ဝ ရာစု ခေတ်ဦး နဲ့ ၂၀ ရာစု ခေတ်လယ် သတ်မှတ်ချက် ချင်း မတူနိုင်ဘူး ။ ၂ဝ ရာစု ခေတ်လယ် က သတ်မှတ်ချက် နဲ့ အခု ၂ဝ ရာစု ခေတ်နှောင်း သတ်မှတ်ချက် မတူနိုင်ဘူး ။
တခြား ဟာ မကြည့် နဲ့ ။ ကျွန်တော်တို့ မဂ္ဂဇင်း တွေ မှာ ပါ နေတဲ့ ဝတ္ထုတိုတွေ ပဲ ပြန်ကြည့် ။ “ ဒဂုန် ” ခေတ် က ဝတ္ထုတို တွေ နဲ့ အခုခေတ် ဝတ္ထုတိုတွေ နဲ့ မတူ တော့ဘူး ။ ဒီနေ့ လူငယ်တွေ ရေးနေကြတဲ့ ၁၉၈ဝ ပြည့် နှစ် နောက်ပိုင်း မှ အင် နဲ့ အား နဲ့ တက်လာကြတဲ့ လူငယ် ကလောင်သစ်ကလေး တွေ ရှိတယ် ။ အထူးသဖြင့် ဘဝ သရုပ်ဖော် ရေးနေတဲ့ လူငယ် စာရေးဆရာတွေ ရေးတဲ့ ဝတ္ထုတိုတွေ နဲ့ ဟို စစ်ပြီးခါ စ တုန်းက ရှုမဝ တို့ ၊ မြဝတီ တို့ မှာ ရေးခဲ့တဲ့ ဆရာကြီးတွေ ရဲ့ ဝတ္ထုတိုတွေ ဟာ ပုံစံချင်း မတူတော့ဘူး ။ တည့်တည့်ကြီး ဥပမာ ပြောရရင် ဒီနေ့ နုနုရည် ( အင်းဝ ) ၊ ကျော်စွာထက် ၊ လူမျိုးနော် တို့ ရေးတဲ့
ဝတ္ထုတိုတွေ နဲ့ ဟိုဘက်က ဆရာဦးသုခ တို့ ၊ ဆရာသာဓု တို့ ၊ ဆုံးသွားတဲ့ ဆရာတင့်တယ် တို့ ရေးခဲ့တဲ့ ဝတ္ထုတိုတွေ ဟာ ပုံစံချင်း မတူတော့ဘူး ။
ဝတ္ထုတို ဖွဲ့စည်းပုံ ပုံသဏ္ဌာန် ၊ တည်ဆောက်ပုံ ချင်း ကို က မတူတော့ဘူး ။ သာမန် အားဖြင့် ပြောရတာ စာ ဆိုတော့ စာ သမား မှ ပြောလို့ ရတာပေါ့ ။ အိမ်တွေ ဆိုရင် ၊ အဆောက်အအုံတွေ ဆိုရင် သိပ် သိသာတယ် ။ ရှေးတုန်းက တိုက် က ရှေးတုန်းက တိုက်ပဲ ၊ သိသာတယ် ။ စစ် မဖြစ်ခင် က ဆောက်တဲ့ တိုက် ကလည်း သိသာတာပဲ ။ စစ်ဖြစ် ပြီးမှ ဆောက်တဲ့ တိုက် နဲ့ မနေ့ တစ်နေ့ က ဆောက်တဲ့ တိုက် က လည်း ကွာခြားတာ ချက်ချင်း သိသာတာပဲ ။ ပုံချင်း ကို မတူတော့ဘူး ။ အဲဒီလိုပဲ တည်ဆောက်ပုံချင်း ကွာခြားသွားတယ် ။
ဒီဘက်ခေတ် ကျတော့ အပြောင်းအလဲ က သိပ် မြန်တယ် ။ ကျွန်တော်တို့ တိုင်းပြည် မှာ ဝတ္ထုတို သက်
တမ်းက နှစ်ပေါင်း ၅၀ လောက် ပဲ ရှိသေးတော့ ဒီလောက် သက်တမ်း အတွင်းမှာ တခြား နိုင်ငံကြီးတွေ ကို အမီ လိုက်ရတာ ဆိုတော့ တည်ဆောက်ပုံ ပြောင်းလဲမှု က တခြား နိုင်ငံတွေ ထက် မြန်တယ် ။ နောက် တစ်ချက် က သူတို့ နိုင်ငံ မှာ ပုံသဏ္ဌာန် ပြောင်းလဲတာ သိသာတယ် ။ ကျွန်တော်တို့ ဆီ မှာ က ပြောင်းသာ ပြောင်းလဲ နေတယ် ။ အသစ်တွေ ထဲ မှာ အဟောင်း က လည်း ရော ပါ နေတာပဲ ။ ဒီနေ့ မဂ္ဂဇင်းတွေ ထဲ မှာ ကြည့်ရင် ကလောင်သစ်ကလေးတွေ ရေးနေ ကြ သလို စောစောက ပြောတဲ့ ကလောင်ဟောင်းကြီး တွေ က လည်း ရေး နေ ကြတာပဲ ။ ဒါပေမဲ့ ပုံသဏ္ဌာန်ချင်း တော့ မတူကြဘူး ။ ပါတာ တော့ တစ်ပြိုင်နက်တည်း ပါ နေကြ တာပဲ ။ အဲဒီလို ရှိတယ် ။
အဲဒီတော့ ဝတ္ထုတို ပဲ ဖြစ်ဖြစ် ၊ ဝတ္ထုရှည် ပဲ ဖြစ်ဖြစ် ဘာစည်းကမ်း ၊ ညာစည်းကမ်း ကန့်သတ်ချက် ရှိရမယ် ဆိုရင် အဲဒီ စည်းကမ်းကန့်သတ်ချက် က အမြဲတမ်း ရွေ့လျား နေတဲ့ အတွက် ဘယ်တော့မှ မမီနိုင်ဘူး ။ ပြောင်းလဲ နေတဲ့ လူ က ရှေ့က အမြဲ သွား နေမှာပဲ ။ စည်းကမ်းကန့်သတ် တဲ့ လူ က နောက် က ပဲ လိုက်နေရမှာ ။ အဲဒါကြောင့်မို့ ဘယ်လို မှ ပြေး မလွတ်တဲ့ အမှန်ဆုံး သဘောတရား က ဝတ္ထုတို ဆိုတာ တို တဲ့ ဝတ္ထု ၊ ဝတ္ထုရှည် ဆို တာ က ရှည် တဲ့ ဝတ္ထု ။ ဒါပဲ ။
🅠 ဆရာ့ ရှင်းလင်းချက် နားထောင်ရတော့ “ မောင် ... သူက ဘယ်သူလဲဟင် ” ဝတ္ထု မှာ ဆရာ ရေးခဲ့ တဲ့ အမှာစာ ကို သွား သတိရ မိတယ် ။ အဲဒီ အမှာစာ မှာ ဆရာ ရေး ထား တာ က ရသစာပေ ရဲ့ စည်းကမ်း မှာ ဇာတ် အကြောင်း စာရေးဆရာ က ဝင် မပြောရဘူး ။ ဇာတ်ကောင် က သာ ပြောသွားရမယ် ။ စာရေးဆရာ က ဝင် ပြော ရင် ရသစာပေ စည်းကမ်း ပျက်တယ် ။ ဒါပေမဲ့ ဒီ စည်းကမ်း ဟာ အချိန်ကာလ ရွေ့လျား လာတာနဲ့ အမျှ ပြောင်း လဲ လာတယ် ။ စာရေးဆရာ က ဝင် ပြောသင့် ရင် လည်း ပြောရမှာပဲ ။ ဒီ ဝတ္ထုမှာ ဆရာ က ဒီ စည်းကမ်း ကို ချိုးဖျက် ထားတယ် လို့ ရေး ထားတယ် ။
အဲဒီတော့ ရသစာပေ ရဲ့ စည်းကမ်း ဟာ လည်း ခုနက ပြောတဲ့ ဝတ္ထုတို ၊ ဝတ္ထုရှည် တို့ လို ပဲ ရွေ့လျား ပြောင်းလဲ နေတယ်လို့ ဆရာ လက်ခံပါသလား ။
လက်ခံတာ မဟုတ်ဘူး ။ ကျွန်တော် က ယုံကြည်တာ ။ အခုဆို ပြောင်းလဲနေပါပြီဗျ ။ ကျွန်တော်တို့ ဆီ မှာ က ဒီလိုလေ ။ ပညာတတ် တချို့ ရှိတယ် ။ သူတို့ က စာအုပ်အဟောင်းကြီး တွေ ကိုင်ပြီး အဲဒီ စာအုပ်အဟောင်း ကြီးတွေ ထဲ က သဘောတရားတွေ နဲ့ အပြင်ဘက်က ဝတ္ထု တွေ ကို တိုင်းတာ ကြတယ် ။ ပြော ကြတယ် ။ အဲဒါဟာ မသိတဲ့ လူ အတွက် တော့ အထင် ကြီးစရာ ရှိမှာပေါ့ ဗျာ ။ ဥပမာ တစ်ခု ကျွန်တော် ပြောပြမယ် ။
တစ်လောတုန်းက စာရေးဆရာ တချို့ က ပြော ကြတယ် ။ သူတို့ ဝတ္ထုတွေ ကို ဖန်တီးကြတဲ့ နေရာမှာ သူတို့ ဇာတ်ကောင် ကို သူတို့ မနိုင်တော့ဘူးပေါ့ ။ ဇာတ်ကောင် ကို လွှတ်ပေး လိုက်ရတဲ့ အတွက် ဇာတ်ကောင် က သူ လုပ် ချင်တာတွေ လုပ်တယ် ။ သူ သွားချင်ရာ သွားတယ်လို့ သူတို့ ဝတ္ထု အမှာတွေ ထဲ မှာ ရေး ကြတယ် ၊ သို့မဟုတ် ဆောင်းပါး လုပ်ပြီး ရေးကြတယ် ။
ကိုယ့် ဇာတ်ကောင် ကို ကိုယ် မနိုင်ပါဘူး လို့ ရေး ကြတာ ဟာ တကယ်တမ်း ပြောရရင် အောက်တန်းကျပါ တယ် ။ ဘာဖြစ်လို့လဲ ဆိုတော့ “ ဇာတ်ကောင်ဟာ အသက် ဝင် သွားလို့ ” တဲ့ ။ သူတို့ စကားလုံး နဲ့ သုံးရရင်တော့ Round Character ခေါ်တာပေါ့ ဗျာ ။ အသက် ဝင် သွားတဲ့ အတွက် ဇာတ်ကောင် က လှုပ်ရှား လာပြီး စာရေးဆရာ က သူ့ ကို လုပ်ခိုင်း ချင်တိုင်း လုပ်ခိုင်း လို့ မရတော့ဘူး လို့ ဆိုကြတယ် ။
ကျွန်တော် တစ်ခါ ပြောဖူး ပါတယ် ။ တက္ကသိုလ် ကျောင်းဆောင် မှာ နေတဲ့ ကောင်မလေး တစ်ယောက် က ထမင်း စား ပြီးတော့ ထ ပြီးတော့ လက်ဆေးတယ် တဲ့ ။ ဆေး လို့ မရဘူးဗျ ။ ကောင်မလေး ကို တက္ကသိုလ် မှာ ထားတယ် ။ အဆောင် မှာ ထားတယ် ။ ဒီ ကောင်မလေး က လက်ဆေး လို့ မရတော့ဘူး ။ ဘာကြောင့်လဲ ... တက္ကသိုလ်ကျောင်းဆောင် မှာ နေတဲ့ ကျောင်းသူ ကျောင်း သား အားလုံး ထုံးတမ်းစဉ်လာ အရ ဇွန်း နဲ့ ခက်ရင်း နဲ့ စားကြရတယ် ။ လက်ဆေး တဲ့ အစဉ်အလာ မရှိဘူး ။ ဇာတ်ကောင် စရိုက် ပီပြင် အောင် ဇွန်း နဲ့ ခက်ရင်း နဲ့ စား ရ မှာပဲ ။ စာရေးဆရာ က ထိန်း လို့ မနိုင်ဘူး ဆိုပြီး လက်ဆေး ချင် တိုင်း ဆေး လို့ မရဘူး ။
အဲဒါက ဟိုး လွန်ခဲ့တဲ့ အနှစ် ၄၀ ၊ ၅၀ လောက် က အင်္ဂလိပ်စာပေ မှာ ရေးခဲ့ကြဖူးတယ် ။ အဲဒါကို အခု မှ ကျွန်တော်တို့ ဆီ က အသားတယူ ပြောနေကြ တယ် ။ ကိုယ့် ဝတ္ထု က ဇာတ်ကောင် ကို မနိုင်ဘူး တို့ ၊ ဘာ တို့ ။
အခုဟာ က ကိုယ့် ဝတ္ထု က ဇာတ်ကောင် ကို နိုင်ဖို့ ၊ မနိုင် ဖို့ ထက် နိုင်တယ် ၊ မနိုင်ဘူး ဆိုတဲ့ ပြဿနာ ကို ပြောရမယ့် ခေတ် ကို မဟုတ်တော့ဘူး လို့ ကျွန်တော် ထင် တယ် ။ အဲဒါက Characterisation ပဲ ရှိသေးတယ် ။ ဒီနေ့ ကျွန်တော် တို့ “ အင်တာနေရှင်နယ် ” ဝတ္ထုတွေ မှာ ပြဿနာ က Characterisation ထက် မြင့် သွားပြီ ။ ဒီ ကနေ့ က Theme ပြဿနာ ဖြစ် နေပြီ ။ Characterisation က Elementry အဆင့်ပဲ ရှိတယ် ။ စာရေးဆရာ ဆိုတာကွာ အနည်းဆုံး Characterisation တော့ နိုင်ရမှာပေါ့ ဆိုတဲ့ အဆင့် ရောက် သွားပြီ ။ မြန်မာစာ ရေးရင် အနည်းဆုံး သတ်ပုံ တို့ ၊ သဒ္ဒါ တို့ တော့ နိုင်ရမှာပေါ့ ဆိုတဲ့ အဆင့် ရောက် သွားပြီ ။
အဲဒါကို အဟုတ်ကြီး အောက်မေ့ပြီး ပြောကြ တုန်း ၊ ဆိုကြတုန်း ရှိသေးတယ် ။ သို့သော် ဒါကိုတော့ ထားပါတော့လေ ။ သူ့ အဆင့် နဲ့ သူ ပြောကြတာ ကို ကျွန်တော်က မဝေဖန်ချင်ပါဘူး ။
“ မောင် ... သူက ဘယ်သူလဲဟင် ” မှာ ကျွန်တော်က Character ကို မရေးတော့ဘူး ။ စာ ရေးတဲ့ နေရာ မှာ မူလ စည်းကမ်း က ဘာလဲ ဆိုတော့ စာရေးဆရာ က ဝင် မပြောနဲ့ ။ စာရေးဆရာ က ဝင် ပြောရင် ရသ ပျက် တယ် ။ စာဖတ်တဲ့ သူ က သူ့ ဘာသာ သူ နားလည်ရမယ့် ကိစ္စ ကို စာရေးဆရာ က ဝင် ဝင် ပြောတော့ သူ့ ဦးနှောက် နဲ့ သူ ဘာမှ လုပ်စရာ မရှိတော့ဘူး ။ စာဖတ်တဲ့ သူ နေရာ ကို ဝင် ယူတယ် ။ လွှမ်းမိုးတယ် ။ ဒါကြောင့် စာဖတ်တဲ့ သူ မှာ အရသာ ပျက်တယ် ။ ဒါကြောင့် “ ရသ ” ပျက်တယ် လို့ ပြော ကြတာပဲ ။
ဆိုပါတော့ ဗျာ ... ဝတ္ထု ထဲ မှာ လူ တစ်ယောက် က လူဆိုး ။ ဒါပေမဲ့ စာရေးဆရာ က ဒီ လူ ဟာ လူဆိုး ပဲ ဆို တာ ဝင် မပြောနဲ့ ။ ဒီ လူ ဘယ်လို ဆိုးသလဲ ဆိုတာတွေ ကို စာရေးဆရာ က ရေး ပြ ရမယ် ။ ဒီ လူ လူဆိုးပဲ ဆိုတာကို စာဖတ်တဲ့ သူ ကိုယ်တိုင်က စဉ်းစားရမယ် ။ စာရေးဆရာ က ဒီ လူ ဟာ ဆိုးလိုက်တာ တာတေ ကို လန် နေတာပဲ လို့ ဝင်ပြီး မှတ်ချက် မချရဘူး ။ မူလ စည်းကမ်း က ဒီလို ဆို တာကိုး ။
အဲဒီ ဝတ္ထု ထွက်တုန်း က ကိုမောင်မောင်ညွန့် ( နွယ်သစ် ) က ဝေဖန်ပါတယ် ။ မူလ စည်းကမ်း လို့ သာ ပြောကြ တာပါ ။ တကယ် အတိအကျ လိုက်ပြီး သမိုင်း ထောက် ကြည့်တဲ့ အခါကျတော့ မရှိဘူး ။ ဒီလို ရေးရင် ရသ ပျက်တယ်လို့ ဘယ်သူက ပြောခဲ့တာလဲ ။ လိုက်ရှာ ကြည့် တော့ ဘယ်သူ ပြောခဲ့တာ မှ မရှိဘူး ။ မှန်သလား ဆိုတော့ တစ်ခေတ် တစ်ခါတုန်း က တော့ အဲဒါ မှန် ချင် ရင် မှန်မှာ ပေါ့လေ ။ ဒါပေမဲ့ ဒီနေ့ ခေတ် အခါက အဲဒီလို မဟုတ်တော့ဘူး ။ တတ်နိုင် သမျှ မြန်မြန် သိချင် ကြတယ် ။
နောက် တစ်ခုက အရသာ ခံဖို့ အချိန် ထက် လူ့ လောက အကြောင်း ကို မြန်မြန် သိချင်တယ် ။ အဲဒီတော့ စာရေးဆရာ က ပြန် ပြောပြတဲ့ နေရာမှာ ဘောင်တွေ ၊ စည်း ကမ်းတွေ ကို များသော အားဖြင့် ထုံးစံအတိုင်း ကျော်လွှား လာကြတယ် ။ ကျော်နင်းလာ ကြတယ် ။ စာရေးတဲ့ သူ ဆို တာ တခြားသူတွေ ထက် ပိုပြီး စည်းကမ်းတွေ ၊ ဘောင် တွေကို ဆန့်ကျင်တယ် ။ တတ်နိုင်သမျှ ဘောင် နဲ့ စည်းကမ်း နဲ့ကို မနေချင်ဘူး ။ သူ့ ကို ဘောင်နဲ့ စည်းကမ်း နဲ့ ထားရင် ရှေ့ဆုံးက ဆန့်ကျင်တာပဲ ။ အဲဒီလို ဆန့်ကျင်လာ ကြတာ နဲ့အမျှ ကျွန်တော်တို့ ဖတ်မိ သမျှ နိုင်ငံခြား ဝတ္ထု တွေ ထဲ မှာ စာရေးဆရာ က ဝင် ပြော တာပဲ ။
အဲဒီမှာ စာအုပ်ဟောင်းကြီးတွေ ကိုင် ပြီး ပြော နေတဲ့ သူတွေ ကို ကျွန်တော် တစ်ခု ပြော ချင်တယ် ။ စာ ရေး တာ ဘာဖြစ်လို့ ရေးတာလဲ ။ ကလောင်သစ်ကလေးတွေ ၊ မနေ့တစ်နေ့ က စာ ရေးတဲ့ ကလေးတွေ လို ဝါသနာ ပါ လို့ ရေးတာတို့ ၊ ကျော်ကြား အောင်မြင် ချင် လို့ ရေးတာတို့ ၊ ပိုက်ဆံ ရ ချင်လို့ ရေးတာ တို့ ဆိုရင် ထား လိုက်တော့ ။ ဒါ တွေက စာ ရေးတဲ့ အခြေခံ ရည်ရွယ်ချက် မဟုတ်ဘူး ။
စာ ရေးတဲ့ သူ ၊ တကယ့် စာရေးဆရာ ဆိုရင်တော့ စာ တစ်ပုဒ် သို့မဟုတ် စာ တစ်အုပ် ရေးပြီ ဆိုရင် သူ က တစ်စုံတစ်ခု သော စကား ၊ စကား ဆိုတာ က ဗျာ ၊ အင်္ဂလိပ် လိုတော့ Message ကို ပေးချင်လို့ ရေးတာ ။ အဲဒီ Message ဆိုတာ က လည်း ဒဿန “ Philosophy ” မပါတဲ့ ဝတ္ထုတို တွေ ၊ ဝတ္ထုရှည်တွေ အများကြီး ပါပဲ ။ မဂ္ဂဇင်းတွေ ထဲ မှာ ပါသမျှ ဝတ္ထုတိုတွေ ထဲ မှာ လည်း အဲဒါမျိုးတွေ အများကြီး ပဲ ။ ဒါပေမဲ့ ပီသတဲ့ ဝတ္ထုတို ၊ ဝတ္ထုရှည် ဖြစ်ချင် ရင် တော့ အဲဒီ တစ်စုံတစ်ရာ သော Philosophy ပါ ရ မယ် ။
စာရေးဆရာ ကို အတွေးအခေါ် ပညာရှင် ( Philosopher ) လို့ ကမ္ဘာ က အသိအမှတ် ပြု ထား တာပဲ ။ ဘယ့်နှယ် ... ဒီ ချစ်တာတွေ ၊ ကြိုက်တာတွေ ၊ ညားတာ တွေ ၊ ကွဲတာတွေ ၊ ပြေလည်သွားတာတွေ ချည်း ပဲ ရေး နေ ရင် သို့မဟုတ် လူဆိုး နဲ့ စုံထောက် ရှေ့ က ပြေး နောက် က လိုက် ၊ ပစ်ခတ် ၊ နောက်ဆုံး ကျ တော့ စုံထောက် က လူဆိုး ကို မိသွားတာချည်းပဲ ရေး နေရင် Philosophy ဘယ် ရှိပါ့ မလဲ ။ သူ က ရာဇဝတ်ဘေး ပြေး မလွတ် ဆိုတဲ့ Theme အပြင် နောက်ထပ် မရှိတော့ဘူး ။
အချစ်ဝတ္ထု ဆိုတာ Pattern ရက်လုပ်ထားတဲ့ အဆင့် ပဲ ရှိတယ် ။ သူ က ဘာ Message မှ မပေးနိုင်ဘူး ။ ဒါကြောင့် သူ့ ဆီ က ဘာမှ မရနိုင်ဘူး ။ အဲဒီတော့ ကျွန်တော်တို့ က စာဖတ်သူ အတွက် Message ပေး နိုင်အောင် ရေး ရမယ် ။ အဲဒီ အခါမှာ ဘာလဲ ဆိုတော့ စာ ရေးတဲ့ သူ က Message ပေးဖို့ အတွက် ဇာတ်ကောင် ကို ရှာ ရတယ် ။ တစ်ခါတလေ ကျတော့ ဇာတ်လမ်း ကို ရှာ ရတယ် ။
ဇာတ်ကောင် ကို ပဲ ရှာရှာ ၊ ဇာတ်လမ်း ကို ပဲ ရှာရှာ စာဖတ်သက် ရင့် သွားတဲ့ သူတွေ ဆိုရင် ကိုဝင်းငြိမ်း သိပါ လိမ့်မယ်ဗျာ ။ မြန်မာစာ ဆိုပါစို့ ။ သေသေချာချာ ဖတ် ကြည့်ရင် စာရေးဆရာ ဟာ ဘယ် ဇာတ်ကောင် ရဲ့ နောက် မှာ ရောက် နေသလဲ ။ ဒီ စာမျက်နှာ မှာ ဘယ် ဇာတ်ကောင် ကို ပူး ပြော နေတာလဲ ။ စာရေးဆရာ က ဘယ် နေရာက ရေး နေတာလဲ ဆိုတာ သိသာပါတယ် ။
ဥပမာ ဆိုပါတော့ ... “ တိုယိုတာ ကိုရိုလာ ကားကလေး သည် ပြည်လမ်း အတိုင်း အမြန် မောင်းနှင် လျက် ရှိလေ၏ ” ။ ဒါဆိုရင် စာရေးဆရာ ဟာ ကား ထဲ မှာ ပါ မသွားဘူး ။ အဲဒီ ကား ကို မြင်သာတဲ့ နေရာ တစ်နေရာ မှာ ရပ် နေတာပဲ ရှိတယ် ။
နောက် တစ်ခု ကြည့်ရအောင် ။ “ သူ သည် အိတ် ထဲ ၌ ရှိသော ဆေးလိပ် ကို ထုတ်၍ သူ တစ်လိပ် သောက် လိုက်ပြီး ကျန် တစ်လိပ် ကို သူ့ မိတ်ဆွေအား တိုက် လိုက် သည် ။ သူ့ စိတ် ထဲ က ဒီ ဆေးလိပ် ကို မပေးချင်ဘဲ နှင့် ပေး လိုက် ရသည် ။ ဘာဖြစ်လို့လဲ ဆိုလျှင် သူ့ မှာက ဆေးလိပ် နှစ်လိပ် ပဲ ရှိသည် ။ ဒီ တစ်လိပ် တိုက် လိုက်သည့် အတွက် ဒီနေ့ တစ်နေ့လုံး နောက်ထပ် သောက်စရာ သူ့ မှာ ဆေးလိပ် မရှိတော့ဘူး ။ ဆေးလိပ် ဝယ်စရာ ပိုက်ဆံ ကလည်း မရှိတော့ပေ ” ။
ဒီသဘောမျိုး ရေး ထားတာ ဖတ် ရရင် စာရေးဆရာ က ဘယ်သူ့ နောက်မှာ ရှိတယ် ဆိုတာ သိသာတယ် ။ ဆေးလိပ် ပေးတဲ့ သူ ရဲ့ နောက် မှာ ရှိတယ် ။ ဆေးလိပ် ယူ တဲ့ လူ ရဲ့နောက် မှာ မရှိဘူး ။
အဲဒီလိုပေါ့ .... ဘယ်နေရာ ရောက်ရောက် စာရေးတဲ့ သူ ဘယ်နေရာမှာ ရောက်နေတယ် ဆိုတာ စာဖတ်တဲ့ သူ က မြင်လို့ ရတယ် ။ အဲဒီတော့ မြင် နေပြီ ၊ မြင် နေမှ ဘာ ထူးသလဲ ။
ကျွန်တော် ပြောတာ နှစ်ချက် နော် ။ ပထမ တစ်ချက် က စာ ဘာဖြစ်လို့ ရေးသလဲ ။ ပြောချင်လို့ ရေးတာ ၊ ပြောချင်လို့ ရေး မှ တော့ ပြောပါစေ ။ လိုက် ပြောပြော ၊ ရှေ့ က ပြောပြော ၊ ဝင် ပြောပြော ၊ ပူး ပြောပြော ၊ ဇာတ်ကောင် နေရာ က ပဲ ပြောပြော ၊ ပြောပါစေ ။
ဒုတိယ အချက်က ဘာလဲ ၊ ပူး မှန်းလည်း သိနေပြီ ။ စာရေးဆရာ ဘယ်နေရာ ရောက်နေတယ် ဆိုတာလည်း မြင်နေ ရပြီ ။ သိလျက်သား နဲ့ စာရေးဆရာ က ဘာကြောင့် ပုန်းခို နေချင် ရ တာလဲ ။ စာဖတ်တဲ့ သူ သိ နေပြီ ဆို ကတည်း က လုံ မှ မလုံတော့ဘဲ ။ ဘာကြောင့် ပုန်းနေချင် ရ တာလဲ ။ စာရေးဆရာ မပုန်းပါ နဲ့ ။ ပြောပါ ၊ ဝင် ပြောပါ ။
တစ်ခုတော့ ရှိပါတယ် ။ တစ်ချိန်တုန်း က ကျွန်တော်တို့ စာရေးဆရာတွေ ဆိုးဆိုးဝါးဝါးကြီး မှားခဲ့ ဖူးတာတွေ ရှိပါတယ် ။ အဲဒါလောက်ကြီး မမှားဖို့ တော့ လိုတာပေါ့ ။ ဥပမာ ဗျာ ... စာရေးဆရာ တစ်ယောက် က ဝတ္ထု တစ်ပုဒ် ရေးတယ် ။ သူ့ ဇာတ်ကောင် က စာရေးဆရာ ပဲ ။ ဘယ် သွားလဲ ဆိုတော့ ပြည့်တန်ဆာအိမ် သွားတယ် ။ ပျော်ပါးဖို့ရာပေါ့ ။ ဒီ အိမ်မျိုး ကို သွားတယ် ဆို ကတည်း က စာရေးဆရာ ပဲ သွားသွား ၊ ဘယ်လို အလုပ်မျိုး လုပ်တဲ့ သူ ပဲ သွားသွား ၊ ဘာလုပ်ဖို့ သွားတယ် ဆိုတာ ရှင်း နေ တာပဲ ။
ဒါပေမဲ့ သူ က အဲဒီလို မဟုတ်ဘူး ။ ပြည့်တန်ဆာအိမ် သွား ၊ ပြည့်တန်ဆာမ နဲ့ ထိုင်ပြီး အာလာပ သလ္လာပ တွေ ပြော ဆွေးနွေး ၊ ပြည့်တန်ဆာမ က သူ့ ဘဝ ပျက် ရတာ ဟာ အရင်းရှင် စနစ်ဆိုးကြီး ကြောင့် ပျက် ရတာ ပြုရတာ ဘာညာ ဆိုပြီး ပြောတယ် ။ အဲဒီတော့ အရင်းရှင်စနစ်ဆိုး ကြီး ကြောင့် ၊ စီးပွားပျက်ကပ် ကြီး ကြောင့် ဒီလို ဖြစ် ရတာ ဘာညာ ပြောရင် စာဖတ်သူ ဘက် က အရသာ ပျက်တယ် ။
ဘာကြောင့်လဲ ဆိုတော့ အရင်းရှင်စနစ်ဆိုး တို့ ၊ စီးပွားပျက်ကပ် တို့ ဆိုတဲ့ စကားလုံးကြီးတွေ က ဘယ့်နှယ် ကြောင့် ဒီ ပြည့်တန်ဆာမ ပါးစပ် ထဲ ရောက် ရတာ လဲ ။ သူ က ဘယ့်နှယ် လုပ်ပြီး ဒါတွေ သိ သလဲ ။ အမှန်က စာရေးဆရာ က ဝင် ပြောတာ ၊ ပူး ပြောတာ ။ ပြောချင် တာ ပေမဲ့ ပြောမယ့် စကား နဲ့ ပြောတဲ့ ပါးစပ် နဲ့ က မတန် ဘူး ဖြစ် သွားတယ် ။ အဲဒါလောက် က တော့ တန်တဲ့ စကား ပဲ ပြောအောင် လုပ်ပေးရ မှာပေါ့ ။ ဒါလောက် က တော့ ခုနက Characterisation လိုပဲ စာရေးဆရာ လုပ် နေမှတော့ တတ် ရ မှာပေါ့ ။
“ မောင် .. သူက ဘယ်သူလဲ ဟင် ” မှာ တော့ ကျွန်တော် က ဗြောင် ဝင် ပြောတာပဲ ။ ခင်ဗျားတို့ ဘာပြော ကြ မလဲလို့ မေးခဲ့တာပဲ ။ ဘယ်သူက မှ တော့ ဘာမှ မပြော ကြပါဘူး ။ မောင်စွမ်းရည် က လည်း ထောက်ခံ ခဲ့တာ ပါ ပဲ ။ နွယ်သစ် က လည်း ထောက်ခံ တာ ပါပဲ ။
🅠 ကျေးဇူး တင်ပါတယ် ဆရာ ၊ ရေးဟန် နဲ့ ပတ် သက်ပြီး ပြောပါရစေ ဆရာ ။ စာပေလောက မှာ မောင် သာရ ရယ် လို့ နာမည် ရ လာတာ ပထမပိုင်း တုန်း က ဆရာ့ ရေးဟန်တွေ ကြောင့် လို့ အားလုံးက လက်ခံ ထား ကြတယ် ။ အခု နောက်ပိုင်း မှာ ဆရာ့ ဟန် ကို အားမကိုး တော့ တာ တွေ့ရပါတယ် ။ ဘာဖြစ်လို့ ပြောင်း သွားတာလဲ ။
ဒီလိုဗျ ။ စောစောတုန်း က ကျွန်တော်က ရေးဟန် ကို အားထား သလို တော့ ဖြစ်သွားတာပေါ့ ဗျာ ။ ဒီလို ဗျ ။ ကျွန်တော် စ ရေးတော့ “ ညှာရွှေတစ်ခက် ” ခေတ် ၊ ၁၉၅၅ တုန်း က လမ်းသရဲ တို့ ဘာ တို့ မရှိဘူးဗျ ။ ဒါပေမဲ့ အဲဒီတုန်း က ကျောင်းသား အချင်းချင်း ထဲ မှာ ပဲ မိန်းမ ကိစ္စ နဲ့ ရည်းစား လု ကြပြီး တစ်ယောက် နဲ့ တစ်ယောက် ဓား နဲ့ ထိုး ရာက ထောင် ထဲ ရောက် ရတယ် ။ အဲဒီ အကြောင်း ကျွန်တော် က ရေး တာ ။
ထောင် ထဲ ရောက် လာတော့ ဒီ ကောင်လေး က နောင်တ ရတယ် ။ တကယ်တမ်း က ဒီ ကောင်လေး က ဆိုးလှချေ ရဲ့လို့ မဟုတ်ဘူးဗျ ။ သူ့ အဖေ က ရုပ်ရှင်ရုံ မှာ ဆိုင်းဘုတ်တွေ ၊ ပိုစတာတွေ ဆွဲတဲ့ သူ ဆိုတော့ နိုင်ငံခြား ရုပ်ရှင်ကားတွေ အလကား ကြည့် ရတယ် ။ သူ့ ကို ရုပ်ရှင် ထဲ မှာ ပါတဲ့ အနောက်တိုင်း ယဉ်ကျေးမှု က လွှမ်းမိုး သွား တယ် ။ ဒါကြောင့် သူ ဒီလို ပျက်စီး သွား ရတယ် ။ ဒီလို ဒုက္ခ ရောက်သွားရတယ် လို့ ဝတ္ထု ရဲ့ ရည်ရွယ်ချက် က ဆို ချင်တာ ။
သို့သော် ကျွန်တော် ဆိုလိုချင် တဲ့ ဝတ္ထု ရဲ့ ရည်ရွယ်ချက် က မပေါ်လွင်ဘူး ဗျ ။ ဝတ္ထုဖတ် ပရိသတ် အား လုံး လိုလို ပဲ ( အများ အပြော ပေါ့ လေ ) ကျွန်တော့် ရေးဟန် နုနု ၊ လှလှ ၊ အဖွဲ့အနွဲ့ ကဗျာ ဆန်ဆန်ကလေးတွေ နောက် ပါ သွားတယ် ။ ခုနက ကိုဝင်းငြိမ်း ပြောတဲ့ Style က အကြောင်းအရာ ကို ဖုံး
သွားတယ် ။ ကျွန်တော် က ဘာ ဖြစ်သွားသလဲ ဆိုတော့ “ ဟန် ” သမားကြီး ဖြစ်သွားတယ် ။ “ ဟန် ” နောက် ကို ကျွန်တော် လိုက် သွား မိတယ် ။ ဒီနေ့ တချို့ စာရေး ဆရာတွေ ရှိသေးတယ် ။ ကျွန်တော် က ပြော ရ တာတော့ မကောင်းဘူးဗျ ။ ကိုယ် ဖြစ် ချင်တာ က တော့ တစ်မျိုးပဲ ။ ဒါပေမဲ့ ကိုယ့် ကို ပရိသတ် က လက်ခံ သွားတာက ဟန် သမား အဖြစ် လက်ခံ သွားတယ် ။ ပရိသတ် လက်ခံ တာ ကို ကိုယ် က ရုတ်တရက် မစွန့်လွှတ် နိုင်ဘူး ။ မစွန့်လွှတ်ချင် ဘူး ။ ပရိသတ် လက်ခံမှု ရ ဖို့ ဆိုတာ လည်း လွယ်တာ မှ မဟုတ်ဘဲ ။
ဝတ္ထု တစ်ပုဒ် ရေး လိုက်တယ် ။ အဲဒီ ဝတ္ထု ကို အယ်ဒီတာ က ကြိုက်ဦး မှ ၊ အယ်ဒီတာ က ကြိုက် လို့ ထည့် ပေးလိုက်ပြီ ထား ၊ အဲဒီ ဝတ္ထု ကို စာဖတ် ပရိသတ် အားလုံး က လက်ခံ နိုင် ဖို့ ခဲယဉ်းတယ် ။ အဲဒီလို ဖြစ်ခေါင့် ဖြစ်ခဲတွေ ဖြစ်လာပြီး ကိုယ့် ကို အနှစ်သက် ခံရပြီ ဆိုတဲ့ အချိန် ကျ တော့ ထုံးစံအတိုင်း သူတို့ ဒါ ကြိုက်ပါလား ဆိုပြီး လုပ်ရတော့ တာ ပဲ ။ တစ်နည်း အားဖြင့် ပြော ရရင် တော့ ပရိသတ် နောက် လိုက်တာပဲ ။
အဲဒီလို ပရိသတ် နောက် လိုက်ရင်း လိုက်ရင်း နဲ့ နစ် သွားတဲ့ သူတွေ မနည်းတော့ဘူး ။ ခုထက် ထိ လည်း ရှိနေဆဲ ပဲ ။ တချို့ဆို လို့ ရှိရင် နား မဝင်ဘူး ။ ပြောလို့ မရဘူး ။ ဒါတော့ နောက်မှ ထပ် ပြောကြတာပေါ့ ။ ကျွန်တော် က အဲဒီလို ဟန်သမား အဖြစ် နဲ့ ပရိသတ် နောက် ပါ သွားတယ် ။ မြန်မာစာ ငါ တတ်တယ် ၊ ငါ နိုင်တယ် ၊ ဒိုး လို မွှေ ရေ လို နှောက် နိုင်တယ် ဆိုပြီး ကျွမ်း တွေ ထိုးပြ ၊ မြန်မာစာ နဲ့ ပတ်သက်ပြီး စတန့်တွေ လုပ်ပြ ၊ အမျိုးစုံ လုပ်ပြ ခဲ့တယ် ။ ဒါပေမဲ့ သိပ် သိသာတယ် ။ ဟန် ဆိုတာက စကားလုံး တွေ နဲ့ ဝတ္ထု လုပ် သွား တာ ကိုး ဗျ ။ ကြာလာတဲ့ အခါ ကျတော့ စကားလုံး ခန်းခြောက် လာ တယ် ။ စကားလုံးတွေ ထပ် လာတယ် ။ ရှားပါး လာတယ် ။ ဝတ္ထုတွေ မှာ ဇာတ်လမ်း အား ပြုတဲ့ ဝတ္ထုတွေ ဆို ရင်လည်း ဇာတ်လမ်း အား ပြုပါ များတော့ ပုဆိုးများ ရက် သလို အဆင်တွေ ထပ် လာတယ် ။ အဲဒီလိုပဲ ဟန် မှာ လည်း ကြာတော့ ထပ် လာတယ် ။ ဆင် လာတယ် ၊ ခန်း ခြောက် လာတယ် ။ ဟိုဘက် က ဇာတ်လမ်း ခန်းခြောက် လာတယ် ။ ဒီဘက် က ဟန်စကားလုံး တွေ ခန်းခြောက် လာတယ် ။ အဲဒီလို ခန်းခြောက် လာတော့ ကိုယ့် ဘက် က ထုတ်လုပ်မှု က ကျဆင်း လာတယ် ။ ရေးစရာ အကြောင်း အရာ ရှိပေမဲ့ ပရိသတ် က ကိုယ့် ကို လက်ခံတဲ့ ဟန် နဲ့ ရေး စရာ မရှိတော့ဘူး ။
အဲဒီမှာ ပရိသတ် နောက် ကို ဆက် လိုက်မလား ၊ ကိုယ့် ယုံကြည်ချက် အတိုင်း ဆက် သွားမလား ဆိုတာ ကိုယ့် ဟာ ကိုယ် ပြန် မေး ခဲ့တယ် ။ ကျွန်တော် ကိုယ့် ယုံကြည်ချက် အတိုင်း ဆက် သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ် ။ ပရိသတ် နောက် မလိုက်ခဲ့ဘူး ။ အဲဒီလို ပရိသတ် နောက် မလိုက်တော့ ဘဲ ကိုယ့် ယုံကြည်ချက် အတိုင်း ရေး လိုက် တော့ ကျွန်တော့် စောင်ရေ ဟာ ပရိသတ် နောက် လိုက်တဲ့ စောင်ရေ နဲ့ အများကြီး ကွာခြား သွားတယ် ။
အထူးသဖြင့် မောင်သိန်းလွင် ၏ မစန်းစန်းဝင့် စာအုပ် လေးတွဲ မှာ တစ်သောင်း က နေ နှစ်ထောင် အထိ ကျ သွားတယ် ။ အုပ်ရေ တစ်သောင်း ရိုက် နေရာ က နေ နောက်ဆုံးပိတ် စတုတ္ထတွဲ ကျတော့ နှစ်ထောင် ပဲ ရိုက်ရ တော့တယ် ။ တဖြည်းဖြည်း နဲ့ စောင်ရေ ကျ လာတယ် ။
မောင်သိန်းလွင် ၏ မစန်းစန်းဝင့် နောက်ပိုင်း မှာ စောင်ရေ အာမခံချက် မရှိတော့ လို့ ကျွန်တော့် စာအုပ် ကို ထုတ်မယ့်သူ တောင် မရှိတော့ဘူး ။ အဲဒီလို ဖြစ် သွား တယ် ။ ဒါပေမဲ့ ကျွန်တော် ပေတေ နေခဲ့တယ် ။ ကျွန်တော့် ယုံကြည်ချက် ကို တော့ မလျှော့ဘူး ။ ဒီ ယုံကြည်ချက် အတိုင်း ဆက် ရေး လာတာ မတ်တတ်ရပ်လို့ လမ်းမှာငို တို့ ဘာတို့ ကျတော့ ပြန် အောင်မြင် လာတယ် ။
ကျွန်တော် သိ သလောက် က တော့ ကျွန်တော်တို့ တိုင်းပြည် မှာ ကျွန်တော့် လို ပဲ ပရိသတ် နောက် လိုက် နေတဲ့ နည်း က မမှန်ကန်တော့ဘူး ။ ငါ တော့ ပြုပြင်ပြောင်းလဲ ဖို့ လိုပြီ ဆိုပြီး ပြင်ခဲ့တဲ့ တခြား စာရေးဆရာ တစ်ယောက် ရှိ သေးတယ် ။ နာမည်ကြီး ထဲ က ပါ ပဲ ။ သူ လည်း အချစ် ဝတ္ထု မှာ သူ့ ပရိသတ် နဲ့ ထိပ်တန်း ရောက်ခဲ့တဲ့ စာရေးဆရာ တစ်ဦး ပါ ပဲ ။ နာမည်တော့ မပြောတော့ ပါဘူး ။
သိကြမှာပါ ။ သူ ဆိုရင်လည်း အဲဒီလိုပဲ စွန့်စား ပြီး ပြင် ခဲ့တယ် ။ သူ လည်း ကျွန်တော့် လို ပဲ စာအုပ် တစ် သောင်းခွဲ လောက် ရိုက် နေရာ က နေ သုံးလေးထောင် လောက် အထိ ရုတ်တရက် ချက်ချင်း ထိုး ဆင်း သွားတာပဲ ။
အချစ်ဝတ္ထု ဖတ် တဲ့ ပရိသတ် ကို သူ က အချစ် ဝတ္ထု မပေးတော့ဘဲ နဲ့ တခြား ဝတ္ထု ပေးတယ် ။ အဲဒါကို ပရိသတ် က လက် မခံဘူး ၊ ကျ သွားတယ် ။ ကိုဝင်း ငြိမ်း ... ဒီလို ရှိတယ်ဗျ ။ စာပေနယ် မှာ ၊ အနုပညာနယ် မှာ ဆိုကြပါစို့ ဗျာ ။ နံပါတ် တစ် က အနုပညာသည် တစ်ယောက် “ ဖြစ် ” ဖို့ ခက်တယ် ။ ဒုတိယ ... ဖြစ်ပြီး အောင်မြင်ဖို့ ခက်တယ် ။ နောက် တတိယ အချက် က အောင်မြင်ပြီး အဲဒီ အောင်မြင်မှု ကို ထိန်းထား နိုင် ဖို့ ခက်တယ် ။
ကိုယ် က အောင်မြင် နေတဲ့ အချိန်မှာ ကိုယ့် ပုံစံ က မှားနေပြီ ဆိုတာ သိ လာတယ် ။ ကျွန်တော် ထင် တယ်လေ ။ ဒါ ကျွန်တော် လုပ်ခဲ့လို့ ပြောတာ မဟုတ်ပါဘူးနော် ။ ပြုပြင်နိုင်ဖို့ရာ အတော် ခဲယဉ်းတယ် ။ ဘာဖြစ်လို့ ခဲယဉ်းတာလဲ ဆိုတော့ အချက် နှစ်ချက် ရှိတယ် ။ ပထမ အချက် က အောင်မြင်မှု ကို စွန့်လွှတ် ရမယ် ။ ဒုတိယ အချက် က အဲဒီ အောင်မြင်မှု နဲ့ တစ်ပါတည်း ပါ နေတဲ့ ငွေကြေး ကို စွန့်လွှတ် ရမယ် ။
ဆိုပါစို့ဗျာ ၊ စာအုပ် တစ်အုပ် ကို ခဏ ထား လိုက် ဦး ။ ရုပ်ရှင် နဲ့ ဥပမာ ထား ကြည့် ရအောင် ။ ကျော်ဟိန်း ကို ခြောက်သောင်း ပေးပြီး ရုပ်ရှင် ရိုက်တယ် ။ တချို့ သရုပ်ဆောင် က အဓိက နေရာ က ပါ ရပြီး သရုပ်ဆောင်ခ ငါးထောင် ၊ ခြောက်ထောင် ပဲ ပေး ရတယ် ။ ဒါတောင် ရိုက်မယ့် သူ မရှိဘူး ။ တချို့ ဆိုရင် သရုပ်ဆောင်ခ မပေးရတဲ့ အပြင် ကိုယ့် စရိတ် နဲ့ ကိုယ် လာပြီး ရိုက်ပါ့မယ် ဆိုတဲ့ သူတွေ တောင် ရှိသေးတယ် ။ အခမဲ့ သရုပ်ဆောင်မယ့် သူ တွေ ရှိတယ် ။ သူ က ပြန် ပိုးပြီး ပေးမယ့် သူတွေ ရှိတယ် ။
အဲဒီလိုပဲ ကျွန်တော်တို့ စာပေလောက မှာ လည်း ကိုဝင်းငြိမ်း သိတဲ့ အတိုင်း စာမူခ အများဆုံး ရတဲ့ သူ က သုံးသောင်း ပတ်ဝန်းကျင် လောက် ရတယ် ။ တစ်အုပ် ကို သုံးသောင်း ၊ သုံးသောင်း အထက် လောက် ရ ကြတယ် ။ တချို့ ကျ တော့ လည်း စာမူ ခြောက်ပုဒ် လောက် ပေး မှ သုံးပုဒ် လောက် ကို ကိုယ့် နာမည် နဲ့ ထုတ် ပေးပြီး ကျန်တဲ့ သုံးပုဒ် လောက် က ရှဲဒိုး အဖြစ် အသုံး ခံ ရတယ် ။ ကိုယ့် နာမည် သုံးတဲ့ သုံးပုဒ် အတွက် က လည်း စာမူခ တစ်ပြား မှ မရဘူး ။ ဒီလို စာရေးဆရာ တွေ လည်း ရှိတယ် ။ အဲဒါ တောင် ထုတ်မယ့် သူ က မရှိဘူး ။
အဲဒီတော့ “ တန်း ” ချင်း က ဒီလောက် ကို ကွာခြား နေတယ် ။ တခြား နယ် မှာ ကွာခြားတာ ထက် စာပေ နယ် မှာ က ပိုပြီး သိသာတယ် ။
အဲဒီလို ကွာခြားမှု များတဲ့ နေရာ မှာ ကိုယ် က အောင်မြင်မှု ရပြီးသား ။ ဒါကို စွန့်လွှတ်ဖို့ ဆိုတာ ဘယ် လောက် ခဲယဉ်းမလဲ ကိုဝင်းငြိမ်း စဉ်းစားကြည့် ။
အဲဒီလို အောင်မြင်မှု ကို စွန့်ဖို့ရာ ဝန်လေး လို့ ဒီနေ့ ထက် ထိ ပရိသတ် နောက် လိုက် နေတဲ့ လူလတ် စာရေးဆရာ သုံးယောက် ရှိတယ် ။ ကျွန်တော် က ပြင် ဖို့ ၊ နောက် ဆုတ် ဖို့ ပြောတယ် ။ သူတို့ နောက် မဆုတ်ရဲဘူး ။ ခုထက်ထိ အမှား ကို ဆက် နင်း နေကြ တုန်းပဲ ။ မနေ့ တစ်နေ့ က တစ်ယောက် သေသွားပြီ ။ အမှားကြီး ကို ပဲ ငါ ယုံကြည်လို့ လုပ်တာကွ လို့ လုပ် သွားတယ် ။ ဒီနေ့ သုံးယောက် ကျန် သေးတယ် ။ မှားမှန်း လည်း သူတို့ သိတယ် ။ ဒါပေမဲ့ ဝန် မခံဘူး ။ ဆက် လုပ်ကြတုန်းပဲ ။ ဘယ်နေ့ ကျဆုံးမယ် ဆိုတာ ကို စောင့်ကြည့် ရမယ် ။
ခုနက ကျွန်တော် ပြောတဲ့ အချစ်ဝတ္ထုစာရေး ဆရာကြီး က တော့ မှားမှန်း သိတယ် ။ ပြင်တယ် ။ ပရိသတ် က အပြင် မခံဘူး ။ ပြင်လို့ မရတော့ဘူး ။ တတိတိ နဲ့ ပရိသတ်ရဲ့ ဆန့်ကျင်တာ ခံရပြီး ကျဆုံး သွားတာပဲ ။ ဒါ ကျွန်တော်တို့ ဒီနေ့ စာပေ မြင်ကွင်းမှာ မြင်နေရတာပဲ ။
Style အားကိုးပြီး ရေးတာ မှားတယ် လို့ မြင် လာတော့ ကျွန်တော် ပြင်တယ် ။ ဒီနေ့ ကျတော့ ပုံစံ အသေ ကို မထားတော့ဘူး ။ ရေးချင် သလို ပဲ ရေး တော့တယ် ။ အတတ်နိုင်ဆုံး ၊ အလွယ်ဆုံး ၊ အထိတွေ့နိုင်ဆုံး ပုံစံ နဲ့ပဲ ရေး တော့တယ် ။
တစ်ခုတော့ ရှိတယ် ကိုဝင်းငြိမ်း ရ ။ ခင်ဗျားတို့ ပေဖူးလွှာ မဂ္ဂဇင်း လို ပေါ့ ဗျာ ။ ပေဖူးလွှာ ထွက် လာတော့ ခင်ဗျားတို့ စာတည်းချုပ် က ကျွန်တော့် ကို မေးတယ် ။ သူ့ မဂ္ဂဇင်း ဘယ့်နှယ်လဲ ၊ ဝေဖန်စမ်း ပါ ပေါ့ ။ ကျွန်တော် စကား တစ်လုံး ပဲ ပြောခဲ့ ပါ တယ် ။ အဆင်အပြင် ပကာသန က တော့ ကောင်းတယ်ဗျာ လို့ ။ ကျွန်တော် က တော့ သိတဲ့ အတိုင်းပဲ ၊ သူ က မေးတော့ အမြင် အတိုင်း ပြော လိုက်တာပဲ ။ ကျွန်တော့် စကား က သွယ်သွယ်ဝိုက်ဝိုက် လှလှပပ မရှိတော့ သူ့ နား ထဲ နားဝင်ပီယံ ရှိ ချင် မှ ရှိ လိမ့်မယ် ။
ပေဖူးလွှာ က လည်း ပထမ ပိုင်း မှာ အဆင်အပြင် အလှအပတွေ နဲ့ ပရိသတ် ကို ဆွဲဆောင် နေရတာ ကိုး ။ စာပေရသ ပိုင်း အနေနဲ့ သိပ် မရှိလှသေးဘူး ။ ခုတော့ ပရိသတ် လည်း ရပြီးပြီ ဆိုတော့ ခုလို စာရေးဆရာ အင် တာဗျူး တို့ ၊ စာပေစကားဝိုင်း တို့ ၊ စာပေ နဲ့ ပတ်သက်တာ တွေ အလေး ပေးပြီး ပြင် လာတာ တွေ့ရတယ် ။ သူ လည်း ပရိသတ် နောက် မလိုက်တော့ ဘဲ ကိုယ့် ယုံကြည်ချက် နဲ့ ရပ်နေပြီ ဆိုတဲ့ သဘောပေါ့ ။
◾ဝင်းငြိမ်း
📖 ဝင်းငြိမ်း နှင့် စာရေးဆရာများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment