❝ စောင့်မနေနဲ့ ❞
“ ဟလို .... မောင်မောင် လား ဟေ့ ”
“ ဟုတ်ကဲ့ခင်ဗျာ ၊ ဘယ်သူပါလိမ့် ”
“ ချမ်းသာ ပါ ကွ ”
“ ပြော ... ဦးလေး ”
“ ဒီလိုကွာ .... မင်းတို့ ဩဂုတ်လ ၁၃ ရက်နေ့ ( အင်္ဂါနေ့ ) က လွှဲတဲ့ ငွေ ခုထိ ရောက် မလာလို့ ”
“ ဟင် ... ဘယ်လို ဖြစ်ပါလိမ့် ၊ အရင်က နေ့ချင်း လွှဲ နေ့ချင်း ရောက်ပါတယ် ၊ စောင့်ရ နောက်နေ့ ပဲ ”
“ အေး ... တစ်ခု ခုတော့ တစ်ခု ခုပဲ ၊ ဒီနေ့ ၁၅ ရက်နေ့ ( ကြာသပတေး ) အခု ဆယ့်နှစ်နာရီခွဲ နေပြီ ၊ ဘဏ် က ဖုန်း ခုထိ ဝင်မလာလို့ ”
“ အောင်လံ ရိုးမဘဏ် ကို ဆက် ကြည့် ပြီး ပြီလား ”
“ ဆက် ကြည့် ပြီးပြီ ၊ အင်္ဂါနေ့ က ပဲခူး က လွှဲတဲ့ ငွေ ခုထိ ရောက် မလာတဲ့ အကြောင်း ပြော ပြီးပြီ ၊ မင်း လည်း ပဲခူးဘဏ် ကို မေး ကြည့်ဦး ၊ ဖုန်းချ ထားလိုက်မယ် ”
ကျွန်တော် ဖုန်းချ ထားပြီး စာ ရေးရင်း စောင့် နေလိုက်၏ ။ ဆယ်မိနစ် ခန့် ကြာသော် -
“ ကရင်... ကရင်... ကရင် ”
“ မောင်မောင် လား ”
“ ဟုတ်ကဲ့ ဦလေး ၊ ပဲခူး အာရှဓနဘဏ် က ဖက်ဇ် အမှတ် ၃၂၀၄ နဲ့ ၁၃ ရက် နေ့ က လွှဲ လိုက်ပြီ လို့ ဆိုတယ် ”
“ အေး ... ကောင်းပြီ ”
ပဲခူး နဲ့ ဖုန်း ဖြတ် ၊ အောင်လံ ရိုးမဘဏ် သို့ ဆက် ၊ အကျိုးအကြောင်း ကောင်းစွာ မသိရ ။ နာရီ ကြည့် လိုက်တော့ ၃း၁၅ နာရီ ။ စောင့် နေလို့ မဖြစ်ဘူး ၊ သူ့ ဖုန်း ဘယ်တော့ လာမှန်း မသိ ။ သူတို့ အလုပ် နဲ့ သူတို့ ရှုပ် နေကြတာ ( ဘဏ်များ အလွန် အလုပ် များ တယ် ။ သွားကြည့် ၊ တွေ့မှာပါ ။ ) ကိုယ်တိုင် လိုက်သွားတာပဲ ကောင်းတယ် ။ စက်ဘီး ပေါ် တက် ၊ ဂျောက်ဂျက် ဂျောက်ဂျက် နင်း ၊ ဘဏ် သို့ ရောက် ။
“ ဖက်ဇ် နံပါတ် ၃၂၀၄ နဲ့ ပဲခူး အာရှဓနဘဏ် က ၁၃ ရက် နေ့ က ပို့တယ် လို့ ပြော တယ် ”
တယ်လီဖုန်း တစ်လုံး နဲ့ အလုပ် ရှုပ် နေသော စာရေးမ ကို ပြော ။ ထို စကား ကို မန်နေဂျာ က ကြား သွား ၊ သူ့ စားပွဲ မှ ထ လာ ။
“ လာပါဦး ၊ ထိုင်ပါဦး ”
ဘဏ်မန်နေဂျာ အမျိုးသမီး ခပ်ချောချော က သူ့ စားပွဲ ရှေ့မှာ ထိုင်ခိုင်း အကြောင်းစုံ ကို မေး ။ ကျွန်တော် က ရှင်းပြ ။ နာရီ ကြည့် လိုက်တော့ သုံးနာရီခွဲ နေပြီ ။ အချိန် သိပ် မရှိတော့ပါ ။
“ ရန်ကုန် ကို တင် ပေးစမ်း ၊ ရန်ကုန် ကို တင်ပေးစမ်း ၊ ခဏလေးနော် ဦးလေး ”
“ ဒီလို လုပ်ပါလား ၊ ဒီနေ့ အချိန် မရှိ ၊ နက်ဖြန် မှ ကျွန်တော် ... ”
“ ဟာ ... မပြန်ပါနဲ့ ဦးလေး ၊ ကျွန်မ ကြိုးစား ကြည့်ဦးမယ် ”
“ ရန်ကုန် ရပြီ ”
စာရေးမ တစ်ယောက် က အော် ။ မန်နေဂျာ သူ့ စားပွဲ မှ ထ ။ ရန်ကုန် မှ သက်ဆိုင်ရာ တာဝန်ရှိသူ နဲ့ အပြန်အလှန် ပြော ။ အိမ် ပြန်ရန် ဟန် ပြင် နေသော ကျွန်တော့် ဆီ လှမ်း လက်ကာ ပြ ။ မပြန်နဲ့ဦး ဆိုတဲ့ သဘော ။
“ ရမယ် ဦလေး ၊ ခဏ စောင့်ပြီး ထုပ်ယူ သွားပါ ၊ မနေ့ က တစ်နေ့လုံး ရန်ကုန် မှာ မုန်တိုင်း ရှိ လို့ အွန်လိုင်း ( on line ) က အလုပ် လုပ် မရဘူး ၊ အခု သမားရိုးကျ နည်း ဖက်ဇ် နဲ့ ပို့ လိုက်ပြီ ”
“ ရပြီ ဦးလေး ”
ဘဏ်မန်နေဂျာ က ရန်ကုန် မှ ပို့ လိုက်သော ဖက်ဇ် စာရွက် ကို ကိုင်မြောက် လို့ လာ ၊ ပြုံးရွှင်သော မျက်နှာ နဲ့ ။ ကျွန်တော့် ရှေ့သို့ ရောက် ဆိုင်ရာ စာရေးမ လက် ထဲ ဖက်ဇ် ကို အပ် ။ ကျွန်တော် က သူတို့ ထိုး ခိုင်းတဲ့ နေရာ လက်မှတ် ထိုး ၊ ရပြီ ငွေကျပ် ၂၀၀၀၀ဝ ( နှစ်သိန်း ) ။ ၁၄ ရက် နေ့ က ဘဏ် က ဖုန်း ဝင်လာ မလား ၊ တစ်နေကုန် စောင့် ၊ ဖုန်း မလာပါ ။ စိတ် မရှည်တော့ သဖြင့် ၁၅ ရက်နေ့ ၁၂း၃ဝ နာရီ ပဲခူး ကို ဖုန်းဆက် ၊ အောင်လံ ရိုးမဘဏ် ဆက် ။ ခုလို ဆိုတော့ လည်း မြန် လိုက်တာ ၊ ချက်ချင်းကြီး ဗျာ ။ ဘဏ်မန်နေဂျာ မိန်းမချောလေး နဲ့ တကွ ဘဏ် ဝန်ထမ်းများ ကို နှုတ်ဆက် ၊ ဘဏ် ထဲ မှ ထွက်ခဲ့ ။ ထိုင် စောင့် မနေတော့ဘဲ ကိုယ်တိုင် သွား လိုက်တဲ့ အကျိုး လက်ငင်း ခံစားရ ။ မောင်မောင် ဖုန်း နား မှာ ထိုင်စောင့် နေလိမ့်မည် ။
“ မောင်မောင် ရေ ... ရပြီ ဟေ့ ၊ မနေ့ က မုန်တိုင်း ရှိ နေလို့ အွန်လိုင်း က ဆက် မရလို့တဲ့ ကွာ ”
မောင်မောင် ထံ ချက်ချင်း ဖုန်း နဲ့ သတင်း ပို့ ။ သူ လည်း ဟင်းခနဲ ပင့်သက်ပြင်း ချ ။ ကျွန်တော် လည်း သက်ပြင်းချ ။
“ စောင့်မနေနဲ့ ၊ စောင့်မနေနဲ့ ”
ကျွန်တော့် ခေါင်း ထဲ ၁၉၆၃ ခုနှစ် ကတည်း က ရိုက် ထဲ့ ထား ခဲ့သည့် စကားလုံးများ ။
“ စောင့်မနေနဲ့ ”
ကျွန်တော် ငေးငေးငိုင်ငိုင် ငူတူတူ ဖြစ် နေလျှင် အပါး က ကျွန်တော့် ဖင် သံချွန် နဲ့ ထိုး လေ၏ ။ ( တရုတ်ကြီး ဦးခွေးလေး ကို ကျွန်တော် က ချစ်စနိုး “ အပါး ” ဟု ခေါ် ပါ၏ ။ )
“ ငါ့ မှာ မွေး ထားတဲ့ သားသမီး ၁ဝ ယောက် ရှိတယ် ၊ ထိုင် စောင့် နေ ဒီ ပါးစပ်ပေါက်တွေ ဘာ နဲ့ ကျွေး မလဲကွ ၊ ငါ့ မှာ အမြဲ အလုပ် လုပ် နေရတယ် ”
အပါး သည် ဆေးရွက်ကြီးများ ကို ဂုန်နီအိတ် နှင့် လှိမ့် ၍ အလိပ်ကြီး လုပ် နေရင်း မှ အော် ပြော လေ၏ ။ သူ့ အသက် ၈ဝ ကျော် ၉ဝ နား ကပ် နေပြီ ။ သွားကျိုး ၊ ပါးကျိုး နဲ့ လုပ် နေတုန်း ဗျာ ။ ဘာကို မှ စောင့် မနေပါ ။ မသေမချင်း လုပ်မယ့် လူကြီး ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment