Wednesday, April 12, 2023

ပြီးတော့ ကြောင် ကို ပါ ယူသည်


 

❝ ပြီးတော့ ကြောင် ကို ပါ ယူသည် ❞

( ၁ )

ကော့ချဲရွာ တစ်ရွာလုံး ဒီ သူငယ်မ အလှဆုံး ဖြစ်ပေသည် ။ ဘယ်သူလဲ - လှမှန် ။

ကော့ချဲရွာ တရွာလုံး ဒီ ပုဂ္ဂိုလ်ကြီး အစောင် မဆုံး ဖြစ်လေသည်  ။ ကိုကြောင်ငါး ။

ဟုတ်ကဲ့ ၊ လှမှန် သည် ရွှေသွားကလေး နှင့် ဗျာဆံဝိုက်ကလေး နှင့် နားသန်သီးကလေး နှင့် အင်္ကျီစုတ်ကလေး နှင့် ၁၈ နှစ် ရွယ် သူငယ်မချောကလေး ဖြစ်၏ ။ မြက်ခြင်းကလေး ကို ရွက်ပြီး သုတ်သုတ် - သုတ်သုတ် နှင့်
သွားပြီလား ဆို မှ ဖြင့် ခြေသလုံး တုတ်တုတ်ခဲခဲ ညိုမည်းမည်းကလေး မှ ချောကလက် အတောင့်ကလေး လမ်းလျှောက် သွားသည့် အလား နှစ်သက်ဖွယ် ကောင်းပါလေ၏ ။

ပုန်းရည်ကြီး အိုး ထဲ လိမ့်ကျ သော ဘဲဥ နှင့်  တူ သည့် လက်မောင်းလုံးလုံး ၊ ခြေသလုံးခဲခဲ ကလေး ကို လှုပ်ခြောက် ကာ ကြွနင်း ကာ ဖြင့် နားသန်သီးကလေး ကို ခါယမ်း စေလျက် ကော့ချဲရွာ ၏ လှဥကင်း ဖြစ်သော လှမှန် တစ်ယောက် ဆိုင် ထဲ ဝင် လာလျှင် ကိုကြောင်ငါး တစ်ယောက် ပျော် နေ၏ ။ စာဇင် ကို ခယဝယ လုပ် နေသော သူကြီး နှယ် ၊ သူကြီး ကို ဒူး တုပ်သော ရွာခေါင်း နှယ် ၊ ရွာခေါင်း ကို အရိုအသေ ပြုသော ဆယ်အိမ်ခေါင်း နှယ် တည်း ။

“ ကိုကြောင်ငါး ၊ ကြာညို့ တစ်ပြားဖိုး ပေးပါ ”

“ တီးပြားဖိုးပါလို့ ပို့ လည်း လမန် ။ တီပုလင်းလုံး ယူသွားပါ ။ တီးမူး နဲ့ ပေးမယ် ”

“ ပိုက်ဆံ မရှိပါဘူး ရှင် ။ တစ်ပြားဖိုး ဆိုရင် အကြာကြီး ခပ်ရပါတယ် ”

“ ပဲစံမီရှိ ၊ ကိစမီဆီ ။ အာကရွေးယူသွားလေ ။ မတ်ထားတာပေါ့ ”

ကိုကြောင်ငါး ၏ မျက်လုံးတွေ ဝင်းပြောင် နေပါသည်  ။ လှမှန် က မျက်နှာ လွှဲကာ ဖြေ ပါသည် ။

“ နေပါစေ ရှင် ၊ တစ်ပြားဖိုး ဆို တော်ပါပြီ ”

ခေါင်းမာလွန်းသော ဒီ အဖြေကြောင့် ကိုကြောင်ငါး သည် လှမှန် ၏ လက် ထဲ မှ ပန်းကန် ကို စိတ်ပျက်စွာ လှမ်း ယူပြီး ပန်ကန် ထဲ မှာ ပါ လာသော ကြေးပြား ကို အကြွေခွက် ထဲ သို့ ပက်ထည့်လိုက်၏ ။

“ ဝက်စား ချက်မီလို့ လား လမန် ”

ပြောစရာ မရှိ ၊ ကြံဖန်ပြီး စကား ရှာသော ကိုကြောင်ငါး ၏ အမေး ကို လှမှန် က ခေါင်းညိတ် ၍ ဖြေ၏ ။

“ တီရုတ်ပဲငံပီလေ ၊ ဝက်စား နဲ့ အားကြီး လိုက်လယ် ၊ ယူစွားပါလား ၊ စိတ်ကောင်းလယ် ”

“ မစားတတ်ပါဘူးရှင် ၊ နေပါစေ ”

လှမှန် သည် ကြာကြာ ဆိုင်း မနေချေ ။ တရုတ်ပဲငန်ပြာရည်များ ဘောင်ဘင် ခတ်ပြီး ဖိတ်မကုန်ရုံ တမယ် အသော့ နှင်ကာ ထွက် သွားရာ ၊ ကိုကြောင်ငါး မော ၍ ကျန်ခဲ့ရ၏ ။ တော်တော် ခေါင်း မာတဲ့ ကောင်မလေး ပဲ ဟု တွေးကောင်း တွေးနေမည် ။

ကိုကြောင်ငါး နည်းတူ ရင်မောရ သူ တစ်ယောက် က လည်း ဆိုင် နှင့် မျက်နှာချင်းဆိုင် ခပ် လှမ်းလှမ်း တွင် ရှိ၏ ။ သူ က စလူမိုး အိမ် တစ်လုံးတွင်း မှ ထွန်းဟန် ဖြစ်နေချေ၏ ။ ထွန်းဟန် က ဘာကြောင့် ရင်မောရ သလဲ ။ ဒါကို မဖော်ပြ မီ ကိုကြောင်ငါး အကြောင်း ကို ဦးစွာ ဖော်ပြရန် လိုပေသည်  ။

     •••••   •••••   •••••   •••••

( ၂ )

ငွေအိတ် ကို လှုပ်ကာလှုပ်ကာ ဖြင့် လယ်သမားများ ကို အိမ်တိုင်ယာရောက် စနစ်ဖြင့် ချစ်တီးများ က ဖြို ချိန်တွင် တရုတ်တို့ သည် လည်း ကျေးရွာ အနှံ့ ထိုးဝင်လာ ခဲ့ ကြရာ ၊ တရုတ် တို့ ၏ ထိုးစစ် တွင် ကော့ချဲရွာ သို့ ရောက်လာသော ကိုကြောင်ငါး သည် လည်း စစ်ကြောင်း တစ်ကြောင်း ဖြစ်ပါချေ၏ ။

ကော့ချဲရွာ သို့ ကိုကြောင်ငါး ရောက်လာ စ က ဥစ္စာရတနာ နှင့် တူတာ ဆို၍ ပါးစပ် ထဲ က ရွှေ သွား ၂ ချောင်း ပဲ ပါ ၏ ။ နားထင် ချိုင့်ချိုင့် မျက်တွင်း ကျကျ လက်ပြင် ကုန်းကုန်း နှင့် သာမန် ပေါက်ဖော် တစ်ယောက် မျှ သာ ဖြစ်၏ ။ သူ သည် ရွာခေါင်း ကိုပေါင်ကွေး ၏ ခြေ ကို ဖက်ပြီး လိုက် လာကာ ကိုပေါင်ကွေး ၏
တပည့် ကဇော်တင်မြိုင် အား ဆရာ တင်လျက် ကုန်စုံဆိုင် တည်ထောင်ခဲ့ လေသည် ။

မြို့ပေါ် က ထောင်ကဲကြီးများ သည် ကိုကြောင်ငါး ၏ အခြေအနေ ကို တိုးတက်လမ်း ရှိသည် နှင့် အမျှ လိုချင်တာ ပေးကြ၏ ။ ကိုကြောင်ငါး ကလည်း အကြွေး ယူလေ ကြိုက် လေ ၊ လိုချင်သမျှ ပေး၏ ။ ကော့ချဲရွာ တစ်ရွာလုံး ကို သူ အစောင်မဆုံး ဖြစ်သည် ဆိုလောက် သော ကိုကြောင်ငါး ပါ တကား ။

ကိုကြောင်ငါး အဘယ်သို့ စောင်မပါ သနည်း ။ မုန့်ပဲသွားရည်စာ ၊ မီးဖိုချောင်သုံးပစ္စည်း နှင့် အလှကုန်များ အပြင် စာဇင်ကြီးများ ဘာများ ကြွ လာမှ အသုံး ဝင် သော ဆော်ဒါလင်မနစ် က အစ အယ်ဘောလှိုင် အောင် ထားရှိကာ ၊ အယ်ဘောလှိုင် အောင် ကြွေး ပေးပြီး ကြွေးစာရင်း တွင် သုညကလေးတွေ တိုးတိုး မှတ်ပေးခြင်း ပေတည်း ။

ဆော်ဒါလင်မနစ် ဆို တာ လည်း  ၊ ယနေ့ခေတ် နှယ် ဖော့သံပြားပိတ်များ မဟုတ် ။ သူ့ ခေါင်း ကို ရိုက်ခွဲစမ်း ။ ခေါင်းသာ ကွဲမည် ပုလင်း က တော့ ဘယ်ခါမှ မကွဲအောင် မာ၍ လည်ပင်းသိမ် နှင့်ဖန်ဂေါ်လီ ဆို့ ထားသော ပုလင်းများ ဖြစ် ရာ ဖောက် လိုက်လျှင် ဖောင်းခနဲ မြည် ။ ပြီး ရှီးရှီးရှဲရှဲ အသံ မြည်ကာ အမြှုပ် ဝေနေစဉ် မော့ကြ၏ ။ ပုလင်း အဆို့ ဖန် ဂေါ်လီ သည် အပြင် လည်း ထွက် မလာ အထဲ လည်း ကျ မသွား ။ လည်ပင်း သိမ် ထဲမှာ ဂလောင်ဂလောင် လှည့်ပတ် ကျက်စား နေ ချေ၏ ။

ကော့ချဲ့ရွာသား တို့ သည် လင်မနစ်ပုလင်း တို့ အဖောက် ခံရသော သမယ ၌ အဘယ်မည် သော အကြောင်းခြင်းတကြောင့် ဖောင်ကနဲ မြည်ခြင်း ပြုကြရသနည်း ။ ဘဇာကြောင့် ရှိရှိ မြည်ကာ အမြှုပ် ဝေရ သနည်း ။ ဖန်ဂေါ်လီကလေး က ကော အဘယ်ဝတ်ကြောင့် ပြေး မလွတ်ရ သနည်း စသည် တို့ ကို ကြံဆ စူးစမ်းရင်း ၊ အလောင်းအစား နှင့် သောက်ကြ၏ ။

ဟုတ်ကဲ့ ။ ယင်းသည့်အတွက် ကိုကြောင်ငါး ခမျာ မှာ အင်ဖက်တဲ နှင့် ကြာကြာ မနေရဘဲ ၊ လေးပင် ပျဉ်ထောင်အိမ်ကြီး နှင့် ဖြစ်သွား ရှာပါတော့၏ ။

လေးပင် ပျဉ်ထောင်အိမ်ကြီး ဆိုတော့ အပေါ်ထပ် မှာ ဂျင်ဝိုင်း လုပ်၍ လွန်စွာ ကောင်းတော့၏ ။ ကြွေးစာရင်း တွင် သုည တိုး ၍ တိုး၍ မှတ်ခြင်း နှင့် ဂျင်ဝိုင်း ၏ စောင်မမှု ကြောင့် တစ် ရှဉ်း ထွန်လယ် ကို ဦးစွာ ထိုးအပ်ရ သူ မှာ ရွာ ၏ ထိပ်သီး ကိုပေါင်ကွေး ဖြစ်ပါချေ၏ ။

“ အားကီး စေ့ မီကောင်းဘူး ဆရာ ။ တီလယ် ကို ဆရာ ပဲ ပြန် ယူပါ ။ စာကယုတ် ထဲမာလော့ ကီလော်ပိုင် လယ်ပဲ ရေးပေးပါ ဆရာ ”

ကိုကြောင်ငါး သည် အဟုတ် စိတ်ဆင်းရဲနေ ရှာ၏ ။ ကိုပေါင်ကွေး က တော့ ကော်မူး နေပြီမို့ ဇာတိမာန်တွေ ဟု န်းဟုန်းကြွနေ၏ ။ ယင်းသမို့ကြောင့်လည်း တစ်ရှဉ်းမောင်းလယ် ကို ဒေါသတကြီး ထိုးအပ်ခြင်း ဖြစ်ချေ၏ ။

“ ဟေ့- သူများကြွေး ကို သံသရာမှာ ကစိပတ် အဖြစ် မခံဘူးကွ သိရဲ့ လား ၊ ပေး စာချုပ် ”

ကိုပေါင်ကွေး သည် ကြွေးငွေ ဤမျှ ကို မဆပ် နိုင် ၍ ထို မည်သော လယ် ကို ပေးအပ်ကြောင်း လက်မှတ်ထိုး ပေး၏ ။ သို့သော်လည်း ကိုကြောင်ငါး စိတ် မကောင်း ။

“ ကျီလော် တောင်းပန်ပါလယ် ဆရာ ။ တီလယ်ကို ဆရာ့တစ်သက်လုပ်စားပါ ။ ဆရာ လက်မီခံရင် ကျီလော် အီများကီး စေ့မီကောင်းဘူး ”

ရပ်ရွာ က လည်း တောင်းပန် ၊ ကိုကြောင်ငါး ကလ ည်း ရှိခိုး ၊ ဦးတင်မေတ္တာရပ် သည့် အတွက် ကိုပေါင်ကွေး သည် လယ် ကို ပြန်လည် လက်ခံ ခဲ့၏ ။ သို့သော်လည်း ပေါ့လေ ၊ ဆော်ဒါလင်မနစ် ကလည်း ဆက်၍ မြည်မြဲ ၊ အံစာမုန့် ကလည်း လေးထောင့် ဖြစ် မြဲ ၊ ကြွေးစာရင်း နောက် မှာ လည်း သုည က တိုးမြဲ တိုး သော အခါ ကိုပေါင်ကွေး ၏ သမီးကြီး မှာ ကိုကြောင်ငါး နှင့် အိမ်ထောင် ကျ သွားလေ၏ ။

သမီးကြီး ဘိုးဘိုးအောင် နှင့် ရ သွားသော အခါ ကိုပေါင်ကွေး သည် ဓနိရည် ကို မဟဲတော့ပြီ  ။ ချက်အရက် တွင် ငှက်သိုက် ဟု ဆိုသော ဆေးသကြားနီနီတွေ ရော ထားသော တော်နစ် ကို ချ လေ၏ ။ အရက် သိပ် မူးတော့ အမူး ပြေရန် ဘိန်းရှူ ၏ ။ ဘိန်း သိပ် မူးသော် ဒါကို ဖြေရန် အရက် သောက် ။

ရွာ ၏ ထိပ်သီး ကို အရက် နှင့် ဘိန်း သံသရာ ထဲ မောင်း ထည့်ပြီးသော ကိုကြောင်ငါး သည် ကော့ချဲ လယ်သမား ကြီးငယ် တို့ ၏ လယ်များ ကို ဆက်လက် သိမ်းပိုက် လေ၏ ။ တစ်ဆက်တ ည်း သမီးကညာများ ကို လည်း သိမ်းပိုက် ပြန် ကာ ရွာ ၏ လှထိပ်မှူး လှမှန် ကို သဘောကျသည် အထိ တိုးတက် လာ လေ၏ ။

လှမှန် ကို ကိုကြောင်ငါး မှန်းရွယ် နေချိန် ဝယ် ကော့ချဲ ၌ လယ်ကြီးကြီး ပိုင်သော လယ်သမား ရှားပါး သွား ချေပြီ ။ ကိုကြောင်ငါး ၏ သီးစားချည့် လိုလို တစ်ရွာလုံး ဖြစ်ကုန် ရာ လှမှန် ၏ ဖခင် တစ်ဦး တည်း သာ လယ်ကလေး ဆယ်ဧက ကို ပါးနပ်စွာ လုပ်ကိုင် ရင်း အညစ် မခံရ အောင် တော့ ထားချိန်လည်း ဖြစ်သည်  ။

ကိုကြောင်ငါး ၏ ဆိုင် ထဲ သို့ လှမှန် ဝင်သွား တာ မြင်တိုင်း ရင်ကျပ် သလို ပန်းနာ ထ သလို ဖြစ် ရသော ထွန်းဟန် ကား လှမှန် ၏ တစ်ဦး တည်း သော ချစ်သူ ဖြစ်သည်  ။ သူ က ကိုကြောင်ငါး ၏ ခြေလှမ်းတွေ ကို စိစစ်တတ်သူ ဖြ စ်သည် ။ ဒီ ဆိုင် နှင့် လှမှန် ပတ်သက်တာ ကို မကြိုက် ။ သို့သော်လည်း သူ ကိုယ်တိုင် ပင် ကိုကြောင်ငါး ၏ သီးစား တစ်ဦး ထံ မှာ လုပ်ကိုင် နေသော သူရင်းငှား ဖြစ် နေတော့ ပင့်သက် ခါခါ ရှူရန် မှ တစ်ပါး ဘာမျှ မတတ်နိုင်ပါ တကား ။

     •••••   •••••   •••••   •••••

( ၃ )

ရွာခေါင်း ကိုပေါင်ကွေး သည် ကိုပေါင်ကွေး သာပဲ ဖြစ်သည် ။ သူ့ သမက် မူ ကား ဦးကြောင်ငါး ဖြစ် လာပြီ ။ မြေပိုင်ရှင်ကြီး ၊ ဇရပ် ဒါယကာကြီး ၊ ရေကန်ဒါယကာကြီး စသည် ဖြ င့် ဘွဲ့တွေ ဒြပ်တွေ လည်း တစ်သီကြီး ဖောင်းပွနေ ချေပြီ ။

ဒီမျှ ကြီးပွားချမ်းသာ လာသော ဦးကြောင်ငါး သည် သူ ၏ သီးစားများ အပေါ် တွ င် စွတ်ကယ် စွတ်ကယ် ကြွေး မပေးတော့ပါ ။ အကြင်သူ ထံ မှ ဤမျှသာ ရ နိုင်၏ ။ ထိုအခါ ထိုမျှ လောက် သာ လျှင် အကြွေး ပေးတော့၏ ။

သို့ဖြစ်လျှင် ကိုကြောင်းငါး ၏ အလှူတော်ကြီး ရပ်ဆိုင်း သွားပြီ လော ။

ဟုတ်ကဲ့ - မရပ်စဲသေးပါ ။

သူ သည် ထွန်တုံး ထွန်းတံ ၊ ထယ်သွား ၊ ထယ် ဘောင် ၊ စက်တုံး ၊ အိမ်ခါးပန်း ၊ စဉ့်အိုး စသည် များကို အပေါင် ခံခြင်း ပြု ပါ၏ ။

ငါးမတ်တန် ထယ်သွား ကို ငါးမူး ဖြင့် အပေါင်ခံ ထားပါက လယ်လုပ်ချိန် တွင် သူကောင့် သား လယ်သမား သည် ဘယ်နည်း နှင့် မျှ သုံးမတ် တစ်ကျပ်မှူးတင်း ပေး ၍ မရွေးဘဲ နေနိုင်မည် မဟုတ်ပေ ။ ခြောက်မူးခန့် တန်သော ထွန်တုံး ကို တစ်မူး ဖြင့် အပေါင်ခံ ထားရာ လယ်လုပ်ချိန် ၌ လယ်သမား သည် သုံးမူး ပေးပြီး ရွေးမည် မုချ ။

လှည်းတစ်စီးလုံး ပေါင်မလား ၊ ဦးကြောင်ငါး မငြင်း ။ အဲ - လာတော့ မရောင်းနှင့် ။ အားကြီး စိတ်ဆိုးသည် ။ မျက်ပေါက် မှေး၍ ရွှေသွား ကွယ် ပ ချေသည်  ။

“ ခီများ တို့ အားကြီး ခက်တာပဲ ။ ကောက်လှိုင်းတိုက်မယ် ၊ ပွဲလမ်းသဘင် စားမယ် ၊ ပီ မလဲ - လဲ ။ ခက်လယ် ကဲကဲ - တီစယ် ယူစွား ”

သို့ကလို မဟုတ်၍ ဘီး တစ်ဖက် ပဲ ဖြစ်စေ ၊ နှစ်ဖက် ပဲ ဖြစ်စေ ချွတ် ပေါင် ဦးမလား ။ ရောင်း သာ မရောင်းနှင့် ။ ဦးကြောင်ငါး စိတ် မဆိုးချေ ။ သို့ကလို ဆိုင် တစ်ဖက် ၊ ပေါင်နှံခြင်း တစ်ဖက် ၊ ဂျင် တစ်ဖက် ၊ လယ်ထောက်ခ စသည် များ ဖြင့် ဦးကြောင်ငါး တစ်ယောက် မနိုင်မနင်း နှင့် တာဝန် များ နေရာ ကိုပေါင်ကွေး ၏ သမီးကြီး က ဆိုင် ကို ထိန်းသိမ်းဖော်ကား ရပါ၏ ။ သို့သော်လည်း ဦးကြောင်ငါး လစ် လျှင် လစ် သလို ဆွေမျိုးသားချင်းများ အား ပေးပစ် တတ်၍ စိတ် မချ ရ ။

ကဇော်တင်မြိုင် ကား သိပ်ပြီး စိတ်ချ ရ၏ ။

သူ့ ကို မူ ဦးကြောင်ငါး ၏ သက်တော်စောင့် ထား ရ သဖြင့် အခြား နေရာတွင် သုံး ၍ မဖြစ် ။ သို့ကလို အကျပ်အတည်း ဖြစ်နေသည့် အတွက် ရန်ကုန်တွင် ရှိ နေသော ဖခင် ဦးယောင်ဝါး ကို
လှမ်း ၍ ခေါ်ရ တော့၏ ။ ဦးယောင်ဝါး ပုကွကွ ဖြူဆွတ်ဆွတ် သည် ရန်ကုန်ရွှေမြို့တော် ၃၆ ကောင်ဒိုင် တစ်ခု မှ အလုပ်သမား ဖြစ်၏ ။

ဦးယောင်ဝါး ခရီး ရောက် မဆိုက်တွင် ပင် ဦးကြောင်ငါး က အိမ်ပေါ် အိမ်အောက် လှည့်လည် ပြသ၏ ။ ဂျင်ဝိုင်း ၊ ဘိန်းခန်း ၊ ဈေးဆိုင် ၊ သိုလှောင်ထားသော လယ်ယာထွက်ပစ္စည်းများ နှင့် အပေါင်ခံပစ္စည်း စသည် တို့ တည်း ။

ဦးယောင်ဝါး သည် ၄ - ၅ နှစ် အတွင်း ဒါလောက် ကြီးပွားသော သား ကို ချီးကျူး၍ မဆုံး ရှိသည် ။ အပေါင် ခံထားသော စဉ့်အိုး ၊ ပေါင်းချောင် ထွန်တုံး ၊ ထွန်တံများ ထားရာ အခန်း ထဲ သို့ ရောက် လာ ပြန်၏ ။ ဒီမှာ ဦးယောင်ဝါး အံ့သြရ လေ၏ ။

“ ဟ - ကြောင်ငါး ရဲ့ ။ နင့် ဟာက တယ် လည်း လောဘ ကြီးသကိုး ဟ ”

“ ဘာဖြစ်လို့ လဲ အတယ် ”

“ နင့် ဟာ က ဂျင်ဝိုင်း လည်း ထောင် ၊ ဘိန်းခန်း လည်း ထား ၊ ဈေး လည်း ရောင်း ၊ ကုန် လည်း လှောင် တဲ့ အပြင် လယ် လည်း လုပ်သေး သလား ”

“ မဟုတ်ပါဘူး အတယ်ရဲ့ ။ ဒီ ရွာ ထဲ က လယ် တွေ ကို ကျွန်တော် ပိုင် နေပြီလေ ။ ပေါင် စရာ မရှိ တော့ဘူး ။ ရွှေ ဆို လို့ လည်း မိုးကြိုး တောင် မ ကျန်တော့ ဘူး ”

“ ဒီ ရွာ ထဲ က ရွှေ ဘယ်လောက် ထွက်သလဲ တဲ့ ”

“ တစ်ပိဿာ လောက် ပဲ ရပါတယ် အဖေ ။ ဒါ တွေ လည်း အတိုးစား တာနဲ့ ပဲ ဆုံး ကုန် ပါပြီ ။ ဒီတော့ သူတို့ မှာ ပေါင်စရာပစ္စည်း မရှိတော့ မ ချေး ရင် ကျွန်တော် အတိုး မရတော့ဘူး ”

“ သြ ၊ အေး - အေး - အေး ။ ဒါကြောင့် ဒီဟာ တွေ ကို အပေါင်ခံတယ် ဆိုပါတော့ဟာ ”

ဦးယောင်ဝါး က ရွှေသွား တဝင်းဝင်း နှင့် မေး တော့ ၊ ဦးကြောင်ငါး က လည်း ပါးစပ် ဖြဲ ကာ ရွှေသွား တလျှပ်လျှပ် နှင့် ခေါင်းညိတ် ပြ၏ ။

“ ဒါပေမဲ့ ကြောင်ငါး ရယ် ။ နင့် ဟာတွေ က သစ်သား နဲ့ လုပ် ထားတာပဲ ဟ ။ တော ထဲ သွားပြီး အချိန်မရွေး ခုတ်ပြီး အသစ် လုပ်ရင် နင် နစ်နာမှာ ပေါ့ ”

ဒါလည်း ဟုတ်တော့ ဟုတ်သည် ။ သို့သော် လည်း ပေါ့ လေ ။ ညီအစ်မ ၂ ယောက် ဖင် က ကောက် လင် ရပေါက် က နီး လေသည် ။ အတိတ် ပေးပြီး ၊ တီကောင် ကို ဖွင့် လို ဖွင့် ၊ မြွေ ကို ဖွင့် လို ဖွင့် လုပ်ပြီး စား ရန်သာ နားလည်သော ဦးယောင်ဝါး သည် ဦးကြောင်ငါး ၏ သိမ်မွေ့သော အပေါင်ခံနည်း ကို မရိပ်မိ ပေ ။ သူ က ရောက်စ ဆို တော့ အကျယ် ရှင်းပြ၍ သဘော ပေါက် ချင် မှ ပေါက်မည် ။

“ စိတ်ချ အဖေ ၊ စိတ်ချ ။ ဒီ ရွာ က လူတွေ ဟာ ပစ္စည်း တစ်ခု ကို ပေါင် ပြီး ရင် ဘယ်တော့မှ မရွေး ဘဲ မနေဘူး ။ ပြီးတော့ ဒါတွေ ဟာ မရွေးရင် မဖြစ်တဲ့ ပစ္စည်း တွေ ”

ပြီးစလွယ် ရှင်းပြ လိုက်ရာ ဦးယောင်ဝါး သည် ခေါင်း တညိတ်ညိတ် နှင့် မှတ်သား ထား၏ ။

ဦးကြောင်ငါး သည် ဦးယောင်ဝါး ၏ သား ဖြစ်သည် မှာ မှန်၏ ။ ကော့ချဲ ဗဟုသုတ အရာ တွင် ကား ဦးယောင်ဝါး က သား ဖြစ်နေပြီ ။

“ ဗမာစကား လည်း မြန်မြန် တတ်အောင် သင်ပါ အဖေ ။ သူတို့ ရဲ့ ဓလေ့ထုံးစံ နဲ့ စိတ်နေ သဘော ကို လည်း မြန်မြန် နားလည် မှ ဖြစ်မယ်  ဖေဖေ ”

“ စိတ်ချပါကွာ ”

“ ဒါမှ အဖေ့ ကို လွှဲတန် လွှဲ နိုင်မှာ ”

“ အေးပါကွာ ၊ အေးပါ ”

    •••••   •••••   •••••   •••••

( ၄ )

ဦးယောင်ဝါး သည် သား ဦးကြောင်ငါး ၏ အလို ကို လျင်မြန်စွာ ဖြည့်စွမ်းရန် မီးကုန်ယမ်းကုန် ကြိုးစားခဲ့လေ၏ ။ ကြည့် ၊ သူ ဘယ်မျှ ကြိုးစားသည် ဆိုတာ ကြည့် ။

ဦးယောင်ဝါး သည် အစိမ်းရောင် ခေါင်းပေါင်း ၊ အပြာရောင် တောင်ရှည် နှင့် အဝါရောင် ရင်ဖုံးအကျီ ဆင်ယင်လျက် သား ရှင်ပြု အလှူပွဲ တစ်ခု သို့ ဇွတ် တက်လာ ပါ ပြီ  ။ သူ့ ကို ကြည့် ကာ ကော့ချဲရွာသား တို့ ပါးစပ် ပြဲ နေကြ၏ ။

“ ဟာ ၊ ဘယ့်နှယ် ဟာ ကြီး လဲ ”

“ ဟာ - ခရမ်းသီး ကို ဆနွင်း သုတ်ထားတယ် ဟေ့ ”

ဟုတ်ကဲ့ ။ ခရမ်းညိုသီး တစ်လုံး ကို ထောင် ထား ပါ ။ အညှာ က အစိမ်း ၊ အသီး က အပြာ မဟုတ်လား ။ အလယ် တည့်တည့် တွင် နနွင်း တစ်ကန့် ဖြင့် ခါး ကို ရစ် လိုက်ပါ ။ ထိုရော ကာလဝယ် ဦးယောင်ဝါး ဖြစ် လာ လေ တော့၏ ။

သို့မို့ကြောင့် ကာလသားများက ဝါးကနဲ ဟား လိုက်ကြပါချေ၏ ။ ဦးယောင်ဝါး က တော့ သူ့ ကို ရယ်လို့ ရယ်မှန်း မသိ ။ အတည်ပေါက် ဖြင့် မဏ္ဍပ် ထဲ လှမ်းဝင် လာရာ ရယ်မောသံ ညံ သည် ထက် ညံ လာ လေ၏ ။ သို့သော်လ ည်း အလှူရှင် မှာ ကိုကြောင်ငါး ၏ အသီးစား ဖြစ်ရာ မရယ် ရဲ ။ ဂါဗနာ ဘုရင်ခံမင်းမြတ် ကို ကြိုဆိုသော မူလတန်း ကျောင်းဆရာ လို မျက်စိမျက်နှာ ပျက်နေ၏ ။

“ ဟေ့ကောင်တွေ ၊ ဒါ ရီစရာလား ။ မင်း တို့ တော်တော် အသုံးမကျတဲ့ အကောင်တွေ ”

ကာလသားတွေ ကို မာန် ရာ တွင် တင်း သလောက် ဦးယောင်ဝါး ဖက် အရောက် ၌ ပျော့ချို သွားသော မျက်နှာ ဖြင့် ကြိုဆို ၏ ။

“ ဦးယောင်ဝါး ကိုယ်တိုင် လာ သလား ။ ဝမ်းသာ လိုက်တာ သူဌေးအဖေ ရယ် ။ ကြွပါ ကြွပါ ”

သို့သော်လည်း ဦးယောင်ဝါး မှာ ဗမာ စကား ကောင်းကောင်း မတတ်သေး သဖြင့် ခေါင်းညိတ် ပြ ရုံသာ တတ်၏ ။

“ ထမင်း စားခဲ့ပြီးပြီလား ဗျ ”

ဦးယောင်ဝါး ခေါင်းညိတ် ၏ ။

“ မစားခဲ့ရသေးရင် ထမင်း စားဖို့ ကြွပါ ”

ခေါင်း ပဲ ညိတ်၏ ။ ယော ခက်ကပြီ ။ သို့သော် လည်း အလှူရှင် က လက်ဆွဲ ခေါ်ကာ ထမင်း ကျွေး သည် တွင် ဒီတော့မှ ပိုပြီး ခွကျ သော ဦးယောင်ဝါး ။

တစ်သက်လုံး တူ ဖြင့် ထမင်း စားခဲ့သော ဦးယောင်ဝါး ။ ကော့ချဲ ရောက်တော့ လည်း သား က တရုတ် မို့ တူ ဖြင့် ပင် စားခဲ့၏ ။ ဗမာဓလေ့ အတင်း နားလည်အောင် ကြိုးစား ကာ အတင်း ဝင် ရော အတင်း စီးပွား ရှာရန် အားထက်သန်ခဲ့ သော ဦးယောင်ဝါးသည် .လက် ဖြင့် ကား ထမင်း မစား ခဲ့ မိ ။

ဟော - အတင်း လက်ဆေး ခိုင်းပြီ ။ လက် ဖြင့် စားရ ပါပြီ ။ အဲ ထမင်း ကို လက်ချောင်း ဖြင့် စု ကိုင်ပြီး မ , ယူ လိုက်ရာ ၊ တစ်လုတ်စာ ထမင်းစုစုကလေး က ပန်းကန် ထဲ မှာ ကျန်နေ ခဲ့ ပါလေ ရော ။ အင်း ဒုက္ခ ။

တစ်ဖန် လက်ငါးချောင်း ကို ပူးပြီး ထမင်း ကို ဇွန်း ဖြင့် ခပ်သလို ခပ် လိုက်ရာ ၊ ၃ - ၄ စေ့ ခန့် လ က် ထဲ သို့ ပါ လာ၏ ။ ဟုတ်ကဲ့ ၊ ပါးစပ် ထဲ ဘယ်လို ထည့် မည်နည်း ။

ဦးယောင်ဝါး က တော့ ပါးစပ် ကို ဟပြီး ပစ် ထည့် လိုက်ပါ၏ ။ ကော့ချဲသား တို့ နှင့် ရောချင် အားကြီး သဖြင့် ဆက်ကာ ဆက်ကာ ဒုက္ခ ခံ လို က်ရာ ၊ ထမင်း ဆယ်လုတ် ပါးစပ် ထဲ ရောက်ချိန် ဝယ် ဦးယောင်ဝါး ၏ နှုတ်ခမ်း ပါးနား မေးစေ့ နှင့် အဝတ်တွေ ပေကျံကုန်ရုံ သာမက ဇွန်း ခပ် သလို လက်ခုပ် ဖြင့် ခပ်သည့် အတွက် ပန်းကန် ထဲ မှာ လည်း ထမင်း မရှိပြီ ။

ကော့ချဲသား ကာလသား တို့ သည် ဦးယောင်ဝါး ကို ဟားစရာ သတ္တဝါ အဖြစ် လှိမ့်ကာ လှိမ့်ကာ ဟား ကြ၏ ။ လူးကာ လူးကာ သော ကြ၏ ။

“ ဟေ့ကောင်တွေ မင်းတို့ တော်တော် ခက်ပါ ကလား ဟင် ။ ခွေးတွေ ”

ပြောမည့်သာ ပြောရ အလှူရှင် ကိုယ်တိုင် ပင်လျှင် ဦးယောင်ဝါး ကို  မကြည့်ရဲ ။ ကြည့်လျှင် မပြုံးဘဲ မနေနိုင် ။ အူ ထဲ က ယားလို့ ယားလို့ လာ ရ၏ ။ ဦးယောင်ဝါး ခမျာကြီး မှာ လ ည်း နနွင်းရစ် ထားသော ခရမ်းသီး ဟင်းအိုး ထဲ ကို အစိမ်း လိုက် လိမ့်ကျ ထားတာနှင့် တူ နေသ ည် မဟုတ်လား ။ ယင်းသမို့ ကြောင့် ဦးကြောင်ငါး အား ပြေး ခေါ်ကာ ဦးယောင်ဝါး အား သည်ပိုး သွား စေရ၏ ။

အနှီဦး ယောင်ဝါး သည် “ ဒါဘာလဲ ”

တစ်လုံး ကို ပီသစွာ သင်ကြား ပြီးသော အခါ ချွေးမ အားကိုး ဖြင့် ဗမာစကား စုဆောင်းသည် ။ ဦးကြောင်ငါး ၏ အိမ် သို့ ကိစ္စ ရှိ၍ သွားမိသူတွေ ၊ ဦးကြောင်ငါး ကို အခန့်သင့် မတွေ့ပါ က သေပေတော့ ။ ဖြေ ၍ မဆုံးသော ဒါဘာလဲ တွေ နှင့် ပက်ပင်း တိုးကာ ဦးကြောင်ငါး ၏ အိမ် သို့ နောက် တစ်ခေါက် လာရန် အတော် စိတ်ကုန် သွားပေရော့မည် ။

သို့သော်လည်း ပေါ့ လေ ၊ ဦးယောင်ဝါး တတ် သိ သော မြန်မာဝေါဟာရများ ကို ကြည့်ပါဦး ။

သရံ ပေါ့ ထောင်ကဲကြီး ရဲ့  ။ ပျဉ်ပြား လေ ။ ဟာ ခက်တော့တာပဲ အင်ဒုံ ဗျ ။ ဒါကို ပဲကွပ် ခေါ် တယ် ။ ထွန်တုံး မှ မသိတော့ဘူးလား ။ ဦးကြောင်ငါး ကလည်း သေပြီလား မသိဘူး ဓမ ဗျ ဓမ ။ ဒါလား ထယ် လို့ ခေါ်တယ် ။ ပေါက်ဆိန် ဗျ ပေါက်ဆိန် စသည် ဖြင့် မူရင်းထက် များစွာ ရှည်လျားနေသော ဝေါဟာရတွေ ဖြစ်နေပါ လေ၏ ။

ပသို့ဆိုစေ ၊ ဝေါဟာရ အရှည်တွေ ကို ဦးကြောင်ငါး က သုတ်သင်တိပြတ် ပေး၏ ။ ဤသို့လျှင် ဗမာစကား ပြော တတ်သော ဦးယောင်ဝါး အဖြစ်သို့ တစ်နေ့တခြား ရောက်ရှိလာသော အခါ ဦးယောင်ဝါး သည် မိန်းမ လိုချင် လာ၏ ။ အဘယ်သို့ သော မိန်းမ နည်း ။

“ ငါ့ ယူလဲ့ မီးမ ၊ ကြောင်ငါး မီးမလဲ့ ငါရမီ ။ လာရမီ ။ စီဘော ကောင်းရမီ ။ ရွှေစွားပါရမီ ။ အာပရိုဖိရမီ ။ အားစက်ကီးလယ် မီးကယောင်းဘူး ”

ကာလသားများ သည် ပျင်း လျှင် ဦးယောင်ဝါး ထံ လာ ကြ၏ ။ လာ ကတည်း က စပ်ဖြဲဖြဲ နှင့် လာ ရကြ၏ ။

“ ဦးယောင်ဝါး မိန်းမ မယူသေးဘူးလား ”

“ မီးမ ။ အား - ယူမီလေ ၊ အခု လား ”

သူတို့ ဝါးခနဲ ရယ်ကြရလေ၏ ။ ပြီး ဆက်ကာ ဆက်ကာ ရယ်မော ကြ၏ ။ ဦးယောင်ဝါး ဖြေ သမျှ သည် သူတို့ ဟားစရာ အတိ ။

စင်စစ် ဟားစရာ မဟုတ်ကြောင်း သူတို့ တဖြည်းဖြည်း နားလည် လာကြသော အခါ ပါးစပ် ပြဲရ မျက်လုံး ပြူးကြရ တော့သည် ။ ဦးယောင်ဝါး အလိုရှိသော မိန်းမ ကား ရွာလယ်ပိုင်း မှ မြေတူးကုလား နှင့် ရ ဖူးသော မမဲချိတ် လို မိန်းမ မဟုတ် ။ အရှေ့ပိုင်း က အပျိုကြီး မဝင်း ကို ပင် ဦးယောင်ဝါး မစဉ်းစား ။

အနို့ ၊ အဘယ်သူ ပါ နည်း ။

ကော့ချဲရွာ တစ်ရွာလုံး တွင် ဒီ သူငယ်မ အလှဆုံး ဖြစ်သော လှမှန် ။

“ အမယ်လေး ၊ ဗုဒ္ဓေါ ”

ဦးယောင်ဝါး ၏ အဖြေ ကို ကြားရသူ တိုင်း ကိုယ့် နဖူး ၊ ကိုယ့် ရင်ဘတ် ကို ရိုက်မိ ထိမိ ကြ၏ ။ အနှာသို့ ချည်း ရေရွတ် မိကြ ပါချေလေပေ၏ ။

“ တန်ရာ တန်ရာ ပြောပါ ဦးယောင်ဝါး ရယ် .. ။ သင်္ချိုင်းကုန်း ရောက် နေမှ ပဲ ၊ ပုခက် ထဲ က ကလေးမ အပျို ဖြစ်အောင် စောင့်ဦးမယ် လို့ ရှင် ”

လှမှန် ကို ဦးယောင်ဝါး ချိန် မှန်း နေကြောင်း ကြားရသူ တိုင်း က “ န - သာဓု ” ခေါ်ကြ သော် လည်း ဦးကြောင်ငါး က မူ သာဓု အကြိမ်ကြိမ် ခေါ်၏ ။ ဣတိ သာဓု ဟု အထပ်ထပ် ရွတ်၏ ။ ဟုတ်ကဲ့ ၊ ဗမာမ ငယ်ငယ်ကလေး ကို ရသော သူ့ အဖေ သည် ဗမာလုံးလုံး ဖြစ် ကာ သူ့ စီးပွား ကို အားစိုက် ခွန်စိုက် ဆောင်ရွက်တော့မည် မဟုတ်ပါလော ။

     •••••   •••••   •••••   •••••

(၅ )

ဒီ တစ်ရွာလုံး တွင် ဦးကြောင်ငါး ၏ ဆိုင် သာ လျှင် အားထား စရာ ရှိ၏ ။ ဒီ ဆိုင် ကို လှမှန် သွား လျှင် ထွန်းဟန် ရင်ပူ ရ၏ ။ နင် မသွားပါနဲ့ ဟာ ပြောနိုင်သော ခွန်အားလည်း သူ့ မှာ မရှိ ။

ဦးကြောင်ငါး က လည်း သူ့ အဖေ ကို လှမှန် နှင့်ပေးစား စေရန် ဘိန်းစား ရွာခေါင်း ကိုပေါင်ကွေး မှ တစ်ဆင့် ကြိုးစား လို ကြိုးစား ၊ ကဇော် တင်မြိုင် နှင့် ခြိမ်းခြောက် လို ခြိမ်းခြောက် ။ တစ်ခါတစ်ရံ စာဇင်ကြီးတွေ ဆားပုလင်း တွေ လာ လျှင် အငေါက်ငန်း ခိုင်း လို ခိုင်း နှင့် သိုင်းဝိုင်း အကျပ်ကိုင် လာ လေ၏ ။

လှမှန် ၏ ဖခင် က တော့ သူ့ သမီး ကို တရုတ် အဖိုးကြီး နှင့် သဘော မတူ သလို ၊ ထွန်းဟန် နှင့် လည်း မကြည်ဖြူပေ ။ လှမှန် ၏ အမေ ကား ၊ ထွန်းဟန် ဆင်းရဲ၍ သဘော မတူသော်လည်း လ ယ် ဘယ်နှစ်ဧက လက်ဖွဲ့မည် ။ ရွှေ ဘယ်လောက်သား တင်မည် ဆိုသော အသံတို့ ကြောင့် သ မီးလှ နော်ဇာ ကို သေခါနီး မသာကြီး နှင့် ကျေနပ်ချင် နေ၏ ။ လင် က တင်းမာ နေလို့ သာ ငြိမ် နေရ ရှာ၏ ။

လှမှန်မှာ လမ်း ၂ သွယ် သာ ရွေးစရာ ရှိ၏ ။ အဖေ သည် ပြောဖန်များ ပါ က မယား စကား ကို ခေါင်းညိတ် တန်ရာ၏ ။ ထွန်းဟန် ကား ချက်ချင်း ချမ်းသာ မလာနိုင် ။

ဒီလို ဆိုလျှင် ရွှေပုံ ပေါ် မှာ မသာ ရှုံ့တွ ကို လင် လုပ် မည် လော ။ ချစ်သူ နှင့် လွတ်ရာသို့ တည်း ပြေး မည် လော ။ ဒီ ၂ လမ်း သာ ရှိ၏ ။ အခြား လမ်း မရှိ ။

အဖန်ဖန် စဉ်းစား ၊ ထောင့် အမျိုးမျိုး မှ သုံးသပ်ပြီးသည့် အဆုံးဝယ် ဟောဒီ သူငယ်မ ၊ ဒီ သူငယ်မ သည် လမ်း တစ်သွယ် ကို ရွေးချယ် လိုက် ကာ အိမ် က ကြောင်ကြီး ငပြည့် ကို ပိုက်၍ ဦးကြောင်ငါး ၏ ကုန်စုံဆိုင် သို့ လာခဲ့၏ ။ ဆိုင် တွင် ဦးယောင်ဝါး သာ ရှိသည် အခန့် သင့် လွန်း ကြီး သင့်လှ ပေစွ ။

“ လ - မန် ။ အား လ - မန် ”

တရုတ်ကြီး ၏ မျက်လုံးတွေ ပြောင်လက် အရောင် ထွက် ကာ ပါးစပ် ထဲ က ရွှေသွား နှင့် အားပြိုင် နေသည် ။

“ ဟောဒီ ကြောင်ကြီး ကို ပေါင်ချင်လို့ ဦးယောင်ဝါး ရဲ့ ”

“ အီလကားယူစားပါ ။ ကယောင် ပေါင်လို့ မီရဘူး လေ ”

“ ရပါတယ် ရှင် ။ ထွန်တုံး တို့  ၊ စဉ့်အိုး တို့ တောင် ဦးကြောင်ငါး ကတော့ အပေါင် ခံ တာပဲ ။ ပြန်လည်း ရွေးမယ် ။ အတိုး လည်း ပေး မှာ ပါ ဦးယောင်ဝါး ရဲ့ ”

စဉ့်အိုး ဆို တာ ၊ ထွန်တုံး ဆိုတာ ပါ လာတော့ ကော့ချဲရွာသား တို့ သည် ဘာကို ပဲ ပေါင်ပေါင် မရွေးဘဲ မနေကြ ဆိုသော ဦးကြောင်ငါး ၏ သင်ကြားချက် ကို ဦးယောင်ဝါး အမှတ် ရ ၏ ။

“ ကောင်းဘီလေ ၊ ဘယ်လောက် ပေးရမီလဲ ။ တီကျပ်လား ။ နီကျပ်လား ၊ စုံကယပ်လား ”

“ သုံးကျပ် ဆို ရင် တော်ပါပြီ ရှင် ”

“ ဟီးဟီး ၊ ဟဲဟဲ ”

အဖြစ် တော်လေစွ ။ ငွေ သုံးကျပ် ဖြင့် လက်ဖျားကလေး ကို ကိုင် လိုက် ရသည် မှာ ဝေလမင်းသား ၏ ကွမ်းဖတ် ကို ရ သလောက်နီးနီး ကံကောင်း ချေ စွ ။

ဦးယောင်ဝါး သည် ကြောင်ကြီး ငပြည့် ကို ကြက် လှောင်သော ဆောင်း တစ်ခု ဖြင့် အုပ်ထားသည် ။ အပေါင်ခံ ပစ္စည်း မပျောက်ပျက် အောင် ထိန်းသိမ်း ရန် က အပေါင်ခံသူ ၏ တာဝန် ဖြစ်သည်  ။

သို့သော်လည်း ကြောင် သည် ကြက် မဟုတ် ပါချေ ။ မကြာမီ တညောင်ညောင် တဝေါင်ဝေါင် အော် ကာ ဆောင်း ကို တိုးပါ ဝှေ့ပါ တော့သည်  ။ ကုတ်ပါ ဖဲ့ပါ တော့သည်  ။

“ ဒီ ကယောင် ဟာ ငိန်ငိန်မီနေဘူး ”

ဦးယောင်ဝါး သည် ဆောင်း ကို တုံးတွေ ဖိ ထား သည်  ။ အဲဒီလို လုပ်နေဆဲ မှာ ပင် ကြောင် ငပြည့် သည် အတင်း တိုး ထွက်လာ၏ ။ ဦးယောင်ဝါး သည် အပေါင်ခံပစ္စည်းကြီး ကို အတင်း လိုက် ဖမ်းလေ၏ ။

“ မီးမီး ၊ ဟ မီးမီး ၊ မီးမီး ဟ မီး ”

သူတစ်ပါး တို့ က ကြောင် ကို “ မီမီ ” ဟု တစ်မျိုး ၊ “ မြီမြီ ” တစ်ဖုံ အသံပေး ခေါ်ငင် သလို ၊ ဦးယောင်ဝါး က လည်း မီးမီးမီး အော်လျက် ကြောင်ကြီး နောက်သို့ အတင်း ပြေး လိုက်လာရာ တစ်ရွာလုံး လန့်ဖျပ်ပြီး မောင်းထုသံ ၊ လူစုသံ များ ဆူညံ သွား လေ၏ ။ ရေအိုး ရေပုံး ဆွဲပြီး ထွက် လာ ကြ၏ ။ မီးချိတ် ၊ မီးကပ် ၊ မီးရိုက်ဝတ်များ ယူ ၍ ပြေး လာ ကြ၏ ။

“ ဟ - မီးခိုး လည်း မမြင်ပါ လား ၊ ဘယ်မှာ လဲ မီး ”

“ မီးမီးမီး - ဟဲ့ မီးမီး ”

ဦးယောင်ဝါး သည် အိမ်ကြို အိမ်ကြား သို့ ဝင် ပြေးရင်း အော်၏ ။ ချဉ်ပေါင်ပင် ၊ ပဲပင် ၊ ဗူးပင် ထဲ ဝင် တိုး ရင်း လည်း အော်၏ ။ နွားတင်းကုတ် ထဲ လှည့်ပတ် ပြေးရင်း လည်း အော် ၏ ။ ခွေး တွေ က သူ့ ကို လိုက် ဆွဲ၏ ။

“ မီးမီးမီး ၊ ဟ - မီးမီးမီး ။ ဝုတ်ဝုတ်ဂိန် ”

“ ဟာ - ဒီ တရုတ်ကြီး ရူး နေပြီလား မှ မသိ တာ ။ တယ်လေ ငါ မီးချိတ် နဲ့ ရိုက် လိုက် ရ ရင် သေတော့မှာ ပဲ ”

ဦးယောင်ဝါး အပေါ ထခြင်း ဖြစ်ကြောင်း သိ မှ ရေရွတ်ကာ ပြန်လှည့် သွားကြ၏ ။ အချို့က လည်း မကျေမနပ် ဆဲရေး ရေရွတ် သွားကြ၏ ။ ဦးယောင်ဝါး ခမျာ မှာတော့ တစ်မျက်နှာလုံး တစ်ကိုယ်လုံး စုတ်ပြတ် လျက် ၊ သွေးချင်းချင်း နီ လျက် ၊ အမော ဆို့ လျက် အိမ် သို့ ပြန် လာ၏ ။ အပေါင်ခံပစ္စည်း မရှိလျှင် ချေးငွေ လည်း ဆုံး လေပြီ ။ ကြောင်ငါး ကို ဘယ်လို ပြောရပါ့ ။

သူ သည် ဦးကြောင်ငါး ပြန်ရောက်လာသည် အထိ ခွေးခြေ တစ်လုံး ပေါ် တွင် ကြောင်အို တစ်ကောင် ပမာ ထိုင်မှိုင် နေလေသည် ။ အကြောင်းခြင်း ကို သိသော ခဏဝယ် ဦးကြောင်ငါး ၏ မျက်နှာကြီး မှာ နီရဲ သွားလေ၏ ။

“ အတယ် လုပ်တာ က ဟုတ်မှ မဟုတ်ဘဲ ဗျ ။ နွား လို ကျွဲ လို ခိုင်း ရတဲ့ အကောင်မျိုး တောင် အစာ ကျွေး ထားရအုံးမှာ ဗျ ။ အခုတော့ ကြောင် တဲ့ ။ အတယ့် ကြောင် ကို သူ ကြိုက်တဲ့ အစာ ရှာ ကျွေး ရ ရင် အတိုး မကဘူး ။ အခု ထွက်ပြေးပြီ ၊ ဘယ်နှယ် လုပ်မလဲ ”

“ အေးကွာ ၊ ငါ မှားသွားတယ် ။ မင်း ကလည်း ဗမာ တွေ ဟာ ၊ ဘာပဲ ပေါင်ပေါင် ပြန် ရွေးတယ် ပြောတာကိုး ကွ ”

ဦးယောင်ဝါး က အမှား ကို ဝန်ခံသည့် တိုင်အောင် ဦးကြောင်ငါး သည် အဆူ မရပ်သေး ။ ဆက်ကာ ဆက်ကာ ပြောနေ သေး၏ ။ ဆူ နေ သေး၏ ။ အဘယ်မျှ ဆူသလဲ ဆိုတော့ အပြစ် ရှိ သူ စိတ်ဆိုး လာအောင် ဆူ၏ ။

“ ဦးယောင်ဝါး ၊ ဦးယောင်ဝါး ”

ကဇော်တင်မြိုင် မောကြီးပန်းကြီး အော်လျက် ဆိုင် ထဲ ပြေးဝင် လာ သဖြင့် ဦးကြောင်ငါး အဆူ ရပ်လိုက်၏ ။

“ လှမှန် - လှမှန် ၊ ခုနက ထွက် သွားတဲ့ ရထား ကို စီးပြီး ရန်ကုန် ဖက် ကို ထွန်းဟန် နဲ့ ပါ သွားပြီ ။ ထွက်ပြေးကြပြီ ”

ဦးကြောင်ငါး ရော ဦးယောင်ဝါး ပါ မျက်လုံး ပြူး သွားကြ၏ ။ ဦးကြောင်ငါး သည် ကြာရှည် အံ့သြနိုင် သော်လည်း ဦးယောင်ဝါး မှာ မူ မျက်နှာ ရှုံ့လျက် ဒူးခွေ ကျ သွားကာ အော်ဟစ် ငိုယို လိုက်ပါတော့၏ ။

“ အဲဒီ ကြောင် ကို လာ ပေါင် တာ ဟာ လှမှန် ပဲ ပေါ့ ။ အခုတော့ ၊ ငါ ချေး လိုက်တဲ့ သုံးကျပ် ဟာ သူ လင် နောက် လိုက်ပြေးဖို့ ခရီးစရိတ် ပေး လိုက်သလို ဖြစ်ပါပေါ့လား ဟ ။ ဟီး - ကြောင်ငါး ၊ ငါ့ လည်ပင်း ကို ဓား နဲ့ ခုတ်လိုက်ပါတော့ ဟ ”

◾  ဇင်အောင်

📖  ငွေတာရီမဂ္ဂဇင်း

📖  အောက်မေ့ဖွယ် ဟာသဝတ္ထုများ ( ၄ )

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment