Saturday, April 1, 2023

မမေ့တဲ့ ကြယ်


 ❝ မမေ့တဲ့ ကြယ် ❞


လမ်းထိပ် က စာအုပ် အငှားဆိုင်လေး ကို တာရာမင်းဝေ ရဲ့ လူငယ်တစ်ယောက် ရဲ့ ကျောက်ထွင်းရာဇဝင် စာအုပ် သွား ပြန် အပ်တဲ့အချိန် ဆိုင်ပိုင်ရှင် ကိုသက် က မင်းလူ စာအုပ်တွေ ဖတ် မလားလို့ မေးတယ် ။


ကျွန်တော် ဖတ် တဲ့ စာရေးဆရာတွေ ထဲ မှာ ဒီ စာရေးဆရာ ကို တစ်ခါမှ မဖတ်ဖူးဘူး ။ ပေးလေ ဖတ်ကြည့်မယ် ဆိုပြီး ချစ်သော ပန်းကလေး ကို ငှား သွား လိုက်တယ် ။ နောက်ရက် နောက်ရက် တွေ မှာ စာအုပ် တိုင်း ဟာ မင်းလူ ချည်း ဖြစ်နေတော့ တာ ပါပဲ ။


ဆရာမင်းလူ ရဲ့ စာအုပ်တွေ ချည်း ဖတ်ပြီး ဒီ စာရေးဆရာ ဟာ ဘယ်လို ပုံစံမျိုးလဲ ဆိုတာ သိပ် သိချင် ခဲ့တယ် ။ တာရာမင်းဝေ တစ်လှည့် ၊ မင်းလူ တစ်လှည့် နဲ့ ကျွန်တော် အဲဒီ စာအုပ်ဆိုင် က ရှိရှိ သမျှ သူတို့ ရေးတဲ့ စာအုပ်တွေ ကို တက်ကုန် ဖတ်ခဲ့တယ် ။ 


အဲဒီ ဆိုင်ပိုင်ရှင် က ကျွန်တော့် အတွက် မင်းလူ စာအုပ်တွေ ကို ရှာ ဝယ် ပေး ခဲ့တယ် ။ အဲဒီလို နဲ့ ကျွန်တော် ဟာ ပန်းကျောင်း ၊ ရေတမာ ၊ သူ့ဆံပင်နှင်းဆီပွင့်တွေနဲ့ ၊ ချစ်မြားရှင်အစ ချစ်မြားရှင်အဆုံး ၊ အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ ၊ ရင်ထဲက ဆောင်းရာသီ ၊ မိညီမ ၊ အချစ်သည် အသက်ရာကျော် ရှည်ပါစေသတည်း ၊ နှစ်ကိုယ်ခွဲ ၊ ယမကာလုလင် ၊ ဖော်ကွာဝေး ၊ … စသဖြင့် တော်တော်များများ ကို ဖတ်ပြီး နေခဲ့ပြီ ။


•••••   •••••   •••••   •••••


တက္ကသိုလ် ပထမနှစ် စာမေးပွဲ ဖြေပြီး ချိန် မှာ ကျွန်တော် က အဖေ့ ကို အလုပ် လုပ်ချင်တယ် လို့ ပြော လိုက်တယ် ။ အဲဒီမှာ အဖေ က မင်း စာစီစာရိုက် တာကို လေ့ကျင့် ထား ။ ငါ အလုပ် ရှာ ပေးမယ် တဲ့ ။ အဖေ ဟာ စာနယ်ဇင်းပန်းချီဆရာ တစ်ယောက် ဖြစ်ပါတယ် ။ ဒါကြောင့် အဖေ့ အဆက်အသွယ် နဲ့ ပဲ ရွှေအမြုတေမဂ္ဂဇင်းတိုက် ကို ကျွန်တော် ရောက် လာ ခဲ့တယ် ။ 


အဲဒီ မှာ မဂ္ဂဇင်း နှစ်စောင် နဲ့ ဂျာနယ် တစ်စောင် လုပ် ပါတယ် ။ စာဖတ် ဝါသနာ ပါတဲ့ ကျွန်တော့် အတွက် စာအုပ်ပုံ ထဲ ပြုတ်ကျ သွားတဲ့ အဖြစ်ပေါ့ ။ ကိုယ်တိုင် လည်း စာစီရင်း ဖတ် ၊ ကိုယ် ဖတ် ချင် တဲ့ စာအုပ်လေးတွေ လည်း ဖတ်ရပါတယ် ။ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း မှာ မင်းကိုဉာဏ် ဆိုတဲ့ ကလောင် နဲ့ ဖတ်ကြည့်ပါ ကဏ္ဍ ကို ရေးနေတဲ့ သူ ဟာ ကျွန်တော် လေးစားရတဲ့ စာရေးဆရာ မင်းလူ ဆိုတာ အဲဒီ အချိန်တုန်း က မသိခဲ့ပါဘူး ။ ဆရာ ဦးဝင်းငြိမ်း ၊ ဆရာမျိုးမြင့်ညိမ်း နဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) တို့ရဲ့ နှုတ်ဖျား က ‘ ကိုဉာဏ် ’  ၊ ‘ ကိုဉာဏ် ’ ဆိုတာ ဆရာမင်းလူ ကို ခေါ်မှန်း လည်း မသိခဲ့ပါဘူး ။ ‘ ကိုဉာဏ် ဆီ က စာမူ ရပြီလား ’ ဆိုတဲ့ အမေးတွေ ဟာ တစ်လ တစ်ခါ ကြားရလေ့ ရှိပါတယ် ။ အဲဒီလိုနဲ့ နောက်တော့ မှ ဆရာမင်းလူ ရဲ့ ကလောင်ခွဲ ဆိုတာ သိလိုက်ရတာပါ ။ 


ဒီ ပတ်ဝန်းကျင် ၊ ဒီ အသိုင်းအဝိုင်း ထဲ မှာ ဖြတ်သန်းရင်း ဆရာမင်းလူ ရဲ့ ဆွေးမျိုးနီးစပ် တော်တဲ့ ကိုဟန်ဇော် နဲ့ ရင်းနှီး ပတ်သက်ခဲ့တယ် ။ အဲဒီမှာ စ တာပါပဲ ။ ကျွန်တော် သိချင်တဲ့ ဆရာ့ အကြောင်းတွေ ကို မေး ကြည့်တယ် ။ ကိုဟန်ဇော် က လည်း ဆရာ့ အကြောင်းတွေ ကို ကြုံရင် ပြောပြတယ် ။ ဆရာ့ စာအုပ်တွေ ကို ပေး ဖတ်ခဲ့တယ် ။ ဆရာ့ ရဲ့ သမီး အငယ် ဖြစ်တဲ့ စာရေးဆရာမ ယုယ နဲ့ လည်း ခင်မင်ခွင့် ရ ခဲ့တယ် ။ ဆရာ့ ကို မှတ်မှတ်ရရ ဖူးငုံ ဆယ်ကျော်သက်မဂ္ဂဇင်း က ပြုလုပ်တဲ့ ပွဲ တစ်ခု မှာ စ ပြီး မြင်ဖူးခဲ့ပါတယ် ။ အဲဒီမှာ ဆရာမင်းလူ နဲ့ လည်း အမှတ်တရ ဓာတ်ပုံ ရိုက်ခွင့် လည်း ရ ခဲ့တယ် ။ ကိုဟန်ဇော် ရဲ့ အကူအညီ နဲ့ ပါ ။


ရွှေအမြုတေမဂ္ဂဇင်းတိုက် ( မဟာဗန္ဓုလပန်းခြံလမ်း ၊ အလယ်ဘလောက် ) မှာ တုန်းက ဆရာ တစ်ခါ ရောက်လာခဲ့တယ် ။ အဲဒီတုန်းက ရုံး မှာ အယ်ဒီတာတွေ မရှိတဲ့ အချိန် ၊ ကွန်ပျူတာ အခန်း ရှိရာ ထဲ သို့ ဆေးလိပ်ကလေး လက်ကြား ညှပ် ပြီး ဝင် လာတဲ့ ဆရာ့ ရဲ့ ပုံ ကို ကျွန်တော် အခုထိ မြင်ယောင် နေဆဲပါ ။


•••••   •••••   •••••   •••••


ဆရာ နေမကောင်း ဖြစ်နေတယ် ၊ ဆေးရုံ တက်နေရတယ် ဆိုတဲ့ သတင်းတွေ က ဆရာ ဦးဝင်းငြိမ်း ၊ ဆရာမျိုးမြင့်ညိမ်း နဲ့ ဆရာမ မသီတာ ( စမ်းချောင်း ) တို့ရဲ့ ပြော စကားများ နဲ့ ကျွန်တော် ကြားသိခဲ့ရတယ် ။ 


၁၄ . ၈ . ၂၀၁၃ တကယ့် ကို အမှတ်ရစရာ အကောင်းဆုံး နေ့ပါ ။ ပျော်ရွှင်စွာ မှတ်သား ထားရတဲ့ နေ့ တော့ မဟုတ်ပါ ။ အဲဒီ နေ့ မနက် က ဆရာ ဦးဝင်းငြိမ်း က ရုံး ကို အလာ သူ့ တိုက်ခန်း လှေကား မှာ ခြေချော် လဲပြီး ခြေထောက် အရိုးနု ကျိုးသွားခဲ့ပါတယ် ။ အဲဒီ ည မှာပဲ ဆရာ မင်းလူ ဆုံး ပါတယ် ။ ဆရာ မောင်ဝံသ ဆုံး ပြီးတော့ သိပ် မကြာခင် မှာပဲ ဆရာမင်းလူ လည်း ဒီ လောက ကို နှုတ်ဆက် သွား ခဲ့ပါပြီ ။ ဆရာ့ ဈာပန အခမ်းအနား ကျင်းပတဲ့ နေ့ က ကျွန်တော် နောက်ဆုံး အနေ နဲ့ ဆရာ့ ကို ဂါရဝ ပြု ချင်လို့ လိုက်ပို့ ချင်ခဲ့ပေမယ့် ကျွန်တော်တို့ ရဲ့ အယ်ဒီတာ တစ်ဖွဲ့လုံး သွားကြမှာ ဆိုတော့ ကျွန်တော် နေရစ် ခဲ့ ရ ပါတယ် ။ ဆရာ့ ကို နှုတ်ဆက် ဂါရဝ ပြုခွင့် တောင် ကျွန်တော် မရခဲ့ပါဘူး ။


•••••   •••••   •••••   •••••


တစ်ရက် မှာ ကိုဟန်ဇော် က ဆရာမင်းလူ ရဲ့ တစ်နှစ်ပြည့် အနေ နဲ့ စာအုပ် လုပ်မယ် လို့ ပြောပါတယ် ။ ကျွန်တော် လည်း နိုင် သလောက်တော့ ဝိုင်းကူ လုပ်ပေးမယ် လို့ ကတိစကား ဆို လိုက်တယ် ။ ဒါနဲ့ ကိုဟန်ဇော် နဲ့ ဆရာမင်းလူ ရဲ့ အိမ် ကို ပထမဆုံး အကြိမ် လိုက် သွား ခဲ့ပါတယ် ။ ဆရာ့ အိမ် မှာ ဆရာ့ ဓာတ်ပုံတွေ တွေ့ ရ ၊ ဆရာ့ ကား ကို လည်း တွေ့ရ ၊ ဆရာ့ ဇနီး ( ကျွန်တော့် အခေါ် ‘ ဆားတစ်တို့ ’ ) ကို လည်း တွေ့ရပါတယ် ။ ပြီးတော့ ဆရာ့ သမီး အငယ် မယုယ နဲ့ လည်း စာအုပ်ကိစ္စ တိုင်ပင် ဖြစ်ခဲ့တယ် ။ စာအုပ် ကို ပြုလုပ်မယ့် အပိုင်း ကို ကျွန်တော်တို့ လုပ်ပါ ဆိုပြီး မယုယ က ပြောပါတယ် ။ ဒီ စာအုပ် မှာ အပိုင်း ၄ ပိုင်း ထည့်ချင်တယ် တဲ့ ။ ဆရာ့ ရဲ့ ရေးဖော်ရေးဖက် စာရေးဆရာ အပိုင်းရယ် ၊ သူငယ်ချင်း အပိုင်း ၊ မိသားစု အပိုင်း နဲ့ ပရိသတ် အပိုင်း ဆိုပြီး လုပ်မယ် လို့ ပြောပါတယ် ။ စာအုပ် ကိစ္စ စကား ပြောရင်း ကျွန်တော် က မယုယ ရေးတဲ့ သေးစိုသောလက် ဝတ္ထု အကြောင်းလေး ပြောဖြစ် ခဲ့တယ် ။ အဲဒီ ဝတ္ထုလေး က ရင်ထဲ တော်တော် ထိမိတဲ့ အကြောင်း ၊ ဖတ် နေရင်း ဖတ်နေရင်း နဲ့ မျက်လုံး ထဲ မှာ ရုပ်ရှင်ပြကွက်တွေ လို မြင်မိတဲ့ အကြောင်း မယုယ ကို ပြောပြဖြစ်တယ် ။ ပြီးတော့ ကျွန်တော် က မရဲတရဲလေး တောင်းဆို ကြည့် မိတယ် ။ မယုယ ကျွန်တော် ရော ဆရာ့ ပရိသတ် တစ်ယောက် အနေ နဲ့ ရေး လို့ ရ မလားပေါ့ ။ မယုယ က ရေးပါလို့ ပြောတော့ ကျွန်တော် တော်တော် ပျော် သွားပါတယ် ။ ပြီးတော့ ဘာ ရေးရမယ် မှန်း မသိဘူး ။ စဉ်းစားတယ် ၊ အချိန် တော်တော် ကြာအောင် စဉ်းစားတယ် ။ 


စာအုပ် ကို စာစီ နေရတာ က တစ်ဖက် ၊ Layout လုပ်ဖို့ က တစ်ဖက် နဲ့ ဆိုတော့ တော်တော်နဲ့ မရေးဖြစ်ခဲ့ဘူး ။


စာအုပ် ကို ပထမဆုံး စ ပြီး Layout စ ကိုင်ဖို့ တိုင်ပင် တဲ့ ည က ၁၄ . ၇ . ၂၀၁၄ ၊ အချိန် က ည ၁၁ နာရီ ဝန်းကျင် ။ အဲဒီ အချိန် မှာ ကိုဟန်ဇော် က ကျွန်တော့် ကို ပြောတယ် ။ ‘ ပိုင်ပိုင် တိုက်ဆိုင်မှု တစ်ခုပဲလား တော့ မသိဘူး ။ ဒီ အချိန် က ဦးဉာဏ် ဆုံးတာ ၁၁ လ ပြည့်တဲ့ အချိန် ပဲ ’ တဲ့ ။


ဆရာ့ ရဲ့ နောက်ဆုံး ခရီး ကို လိုက်ပို့ ခွင့် မရခဲ့ပေမယ့် ဆရာ့ ရဲ့ တစ်နှစ်ပြည့် အမှတ်တရ စာအုပ် ကို လုပ်ကိုင်ခွင့်လေး ရတာ ၊ ပရိသတ် တစ်ယောက် အဖြစ် ပါဝင် ရေးသားခွင့် ရတာတွေ ဟာ ကျွန်တော့် အတွက် အမှတ်တရ ဖြစ်စေခဲ့ပါတယ် ။


သဘာဝအုပ်စု ရဲ့ဖခင်ကြီး စာရေးဆရာ ဒါရိုက်တာ ( ဦး ) သာဓု ၊ စာရေးဆရာ မောင်ဝဏ္ဏ ၊ စာရေးဆရာ သုမောင် ၊ စာရေးဆရာ မင်းလူ တို့ ဟာ သူတို့ ရေးသားတဲ့ စာပေတွေ ကို ဖတ်ပြီး ကျွန်တော် လေးစား အားကျ နှစ်ခြိုက်ခဲ့ရ သူတွေ ဖြစ်ပါတယ် ။


ဆရာမင်းလူ အပြင် လူ့ လောက မှာ မရှိတော့ဘူး ဆိုပေမယ့် ဆရာ့ ရဲ့ စာဖတ် ပရိသတ်တွေ ရဲ့ ရင် ထဲ မှာ ဆရာ ဟာ အမြဲတမ်း ရှိနေမယ့် မမေ့တဲ့ကြယ် လို့ ကျွန်တော် ဆိုလိုက်ချင်ပါတယ် ။


ဆရာ့ စာတွေ နဲ့

ဆရာ့ ကို လေးစားတဲ့


ပိုင်နိုင်အောင်


◾ပိုင်နိုင်အောင်


📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment