Thursday, April 6, 2023

မြနှင်းဆီ


 ❝ မြနှင်းဆီ ❞


ဆရာလေး ကိုစိန်ဖေ နှင့် ဆရာမ မမြဆင့် တို့ သည် ယခု လ ကုန် ၍ လခ ထုတ် ရ လျှင် ပင် သည် မြို့ကလေး မှ ထွက်ခွာကြတော့မည် ။ သူတို့ ၌ လက်ထပ် ပြီးအောင် မျက်နှာ ရဲရဲ နှင့် ဆက် နေနိုင်သော သတ္တိ မရှိကြ ။


တကယ်စင်စစ်တော့လည်း ဘာ အပြစ် တစ်ခု မျှ ပြုမိရှာသည် မဟုတ် ။ သူတို့ သည် အများတကာ လို ပင် ဆန့်ကျင်သော လိင် ၊ တူညီသော အချစ် ရှိသူ နှစ်ဦး ဖြစ်၍ အတူ နေထိုင် ကာ သမီး သား နှင့် စီးပွားဖက် လိုသည် မျှ သာ တည်း ။


သို့သော် နုံနဲ့ သေးငယ် သော သူတို့ မြို့ကလေး တစ်မြို့ တည်း က မူ အာစရိယ ဆရာ တန် မယ့် ဆရာမ တန် မယ့် နှင့် နှလုံး နွဲ့ ရ သလော ၊ ချစ်ပွဲ ဖွဲ့ ရ သလော နှင့် အတော မသတ် ၊ ဒေါသ ဇော မပြတ် ရှိသည် ။


အချစ်မေတ္တာ ဆိုတာ သင်ကြား ၍ ရသလို တစ်နည်းအားဖြင့် သင်ကြား ပေး မှပဲ နေ ရသလို ကျောင်းသားများ နှင့် မတိမ်းမယိမ်း နေသည့် ငယ်ရွယ်သူ ဆရာ ၊ ဆရာမကလေး နှစ်ယောက် ကို စာသင်သားများ စာရိတ္တ ပျက်စရာ စံ နမူနာဆိုးများ ဟု သမုတ်လေ၏ ။


ကိုစိန်ဖေ မှာ စိတ်နှလုံး ညှိုးငယ်သူ ဖြစ်၍ သူ ပင် ထွက်ခွာဖို့ ဆုံးဖြတ်သူ တည်း ။


“ ပြီးတော့လည်း မြ ရယ် ၊ ကိုယ့် ကို အင်္ဂါ မဖွံ့ဖြိုးဘူး ၊ ယာ လုပ်နိုင်မှာ မဟုတ်ဘူး ဆို ပြီး အဖေ က ကျောင်း ထားလို့ ဆရာ ဖြစ်လာတာ ၊ တကယ်တော့ သိပ် မခံချင်လှဘူး ၊ ကိုယ့် မျိုးရိုး အလိုက်ပဲ ယာသမား သား ယာ လုပ်စားဦးမယ် ဆိုတာတော့ အမြဲ အကြံ ရှိတယ် ။ ပြီးတော့ ရန်ကုန်ကောလိပ်ကြီး က ထွက် မှ ဆရာ လုပ်လို့ ကောင်းစားတာ ပါ ကွယ် ။ ဘီအေ ၊ အမ်အေ အောင် မှ ကောင်းတာပါ ။ မောင့် လို ရှစ်တန်း အောင်ပြီး ဆရာဖြစ်သင် ကောလိပ် တက်ရတဲ့ လူ က ကျောင်းအုပ်ကြီး ဘယ်တော့မှ မဖြစ်နိုင်ဘူး ”


မမြဆင့် က မူ မျိုးရိုး အခြေ မြင့်ခဲ့သူ ဖြစ်သဖြင့် ကိုစိန်ဖေ ယာ လုပ်စားမည် ဆိုတာ ၌ အယုံအကြည် မရှိလှ ။ တခြား ရွှေ့စရာ လမ်း မရှိ၍ သာ မောင့် ရွာ သို့ လိုက်ရမည် ပင် ။ စင်စစ် မောင် ရန်ကုန် တက်ပြီး စားရေး လုပ်စားရင် ခံ့ခံ့ညားညား နေနိုင်ဦးမည် ထင်ဆင်သည် ။


မမြဆင့် မှာ ပိုက်ဆံ ချမ်းသာ ဖူး ၍ ပညာ ကောင်းစွာ မသင်ဖူး ၊ စိန်ရွှေ ဝတ်၍ ကျောင်း တက် ပြီး စာမေးပွဲ ကျ တတ်သော မိန်းကလေး တစ်ယောက် အဖြစ် မြို့ ကို အထင် ကြီးသော သဘော သာ ရှိသည် ။


သို့သော် လုပ်သမျှ ကောင်းသည် ။ အဓိပ္ပာယ် တစ်ခုခုတော့ ရှိသည် ဟု ထင်စား တတ် ကာ လင်သည် ကို တတ်နိုင်သည့် နည်း နှင့် ကူမယ့် မယား ပေ ။


သို့သော် မကျေမနပ် နှင့် ပြောမိသေးသည် မှာ


“ မြို့ ထဲ က အချို့တွေ က သူတို့ ကို မောင် က မကြိုက်လို့ သိပ် နာ နေတာပါ ၊ ဒါကြောင့် ဒီလောက် မနေနိုင်တဲ့ ဘဝ ရောက်ရတာ ။ ဒါပေမဲ့ ကိစ္စ မရှိပေါင် ၊ မောင် ယာ လုပ်တော့ ကောင်းကောင်း ထွက်အောင် အိမ် အတွက် မပူရအောင် မြ က လည်း ကူမှာပေါ့ ”


သို့လျှင် သူတို့ ၏ စိတ်ကူးပန်းကလေး မွှေးမွှေးကြိုင်ကြိုင် ပွင့်သည် ။ အရောင်စုံ ဖြင့် ခြယ်ပြီးသား ရှိသည် ။ နုနယ်ညံ့သက် လှသည် ။


ကိုစိန်ဖေ က အဖေ့ အကြံဉာဏ် ကို ယူဖို့ ၊ အဖေ နွား တွေ ဆီ က နွားချေး အလကား ရဖို့ ၊ ရာသီလိုက် စိုက်ရမည့် ဟင်းသီးဟင်းရွက်စေ့များ ရွေး ဝယ်ဖို့ ၊ ပေါင်းသင်ဖို့ ၊ မြက်နုတ်ဖို့ တသီတတန်း တွေးသည် ။


မမြဆင့် က မိုး လင်းလင်း ချင်း ထ ၍ တော်ဖီ ဖျော်မည် ။


တော အလုပ် လုပ်တယ် ရယ်လို့ မောင့် ကို တော အလိုက် အငတ်ငတ် အပြတ်ပြတ် မထားချင် ။ တစ်လ တစ်ခါ ဖြစ်စေ မြို့ကလေး ကို တက်ပြီး နို့ဆီဘူးကလေး ၊ ကော်ဖီမှုန့် ကလေး သကြားကလေး ဝယ်ရဦး မည် ပေါ့ ။


ချက်ပြုတ် ထားဖို့ ကတော့ ဆန် ပဲ ဝယ်ရမည် ။ ဟင်းသီးဟင်းရွက် က ယာ ထဲ က ရ မည် ။ အသားငါး က တောစရိုက် ရ တတ်သည့် နည်း ကို မမြဆင့် သိလေသည် ။


နေ့လယ် အားလျှင် မောင် ရဲ့ ချွေးစွတ်သော အဝတ် ကို ဖွပ်လျှော် ရသည် မှာ သီချင်းကလေး အေးချင်စရာ တည်း ။


မောင့် ကလေးတွေလည်း မွေးပေးရဦးမည် ဆိုတော့ ၊ အင်း တဖြည်းဖြည်း နဲ့ အလုပ် များဦးမည် ပေါ့ ။


ပျင်းစရာ အချိန်တောင် ရှိတော့မည် မဟုတ် ၊ ရာသီ ကြမ်း လာလျှင် အပူအချမ်း ကာ စရာ အဝတ်အထည် ကို လက် နှင့် ချုပ်ရပေ ဦး မည် ။


ပုံစံကလေးများ ကိုတောင် ဟို မဂ္ဂဇင်း သည် ဂျာနယ် က ရှာ ကူးဦးမှ ။


ထိုခဏ၌ ကိုစိန်ဖေ က လွှတ်ခနဲ ပြောသည် မှာ


“ အဲဒီ အဖေ လက်ဖွဲ့မယ့် မြေကွက် က ကျယ် လည်း ကျယ်တယ် ၊ အောင် လည်း အောင် ပေမဲ့ ခေါင်တယ် ၊ ဘာကြာသေးလဲ ၊ ယာ လုပ်တဲ့ ကု,လား တစ်ကောင် ဓားပြတွေ ခုတ် သွားတာ သေပါရောလား ”


သူတို့ သည် ငြိမ်သွားကြ လေသည် ။


“ မြ ကြောက် သလား ၊ ကြောက်စရာ တော့ မရှိပါဘူး ၊ အခု အနီးအနား မှာ ရှိ သမျှ က အဖေ့ လူတွေ ချည်းပဲ ”


မမြဆင့် က ဘာမှ မပြောနိုင်ချေ ။


သို့သော် ငယ်ရွယ်သူ တို့ ၏ မျှော်လင့်ချက် လောက် ဘယ်က ကြီးမား ပြင်းပြ ဦးမည်နည်း ။


မြ နှင့် မောင် တို့ မှာ အိမ်ထောင်ဦး တိုင်း ၏ ကွက်ကွက်ကွင်းကွင်း ယခု လက် နှင့် ပင် ဆုပ်ဖမ်း လို့ မိ မတတ် ထင်လင်းသော မှန်းမြင်ချက်များ ရှိသည် ။


သူတို့ သည် တစ်ခါတစ်ရံ ရှက်စ ကြောက်စကလေး ကိုယ်စီ နှင့် ပင် တစ်လ ငွေ ဘယ်လောက် စု လို့ အဖတ် တင်အောင် တစ်နှစ် မှာ ဘာတွေ ဝယ်မည် ဆိုတာပင် အသေးစိတ် တွက်ပြီး လေပြီ ၊


ပို၍ စိတ်ကူးယဉ် သော မမြဆင့် အဖို့ ယာ အလုပ်သမားတွေ ငှားပြီး စီမံခန့်ခွဲရုံ အလုပ် လုပ်ကာ အခု တောသူဌေးတွေ လုပ်နေကြ သလို ရန်ကုန် တက်ပြီး တိုက် ဆောက်ဖို့ ပင် ကြံ ပြီး လေပြီ ။


အေးလေ ပိုက်ဆံ ရှိလာပြီ ဆိုရင် ဓားပြ ကြောက်ရသည် မဟုတ်လား ။


ကိုစိန်ဖေ က မူ အလုပ်သမား ငှားနိုင်လို့ စောင့်ပြီး ကြည့်နိုင် ရှုနိုင်သည့် အခြေအနေ

ရောက်လျှင် ကြက် ဝက် မွေး ချင်သည် ။ နို့စားနွား မွေး ချင်သည် ။


ပညာတတ် ယာသမား နဲ့ တူ သည့် အလုပ်လေးတွေ လုပ် ချင်သည် ။ သား ယောက်ျား မားမား သုံးယောက် လောက် လိုချင်သည် ။


အဲသည် သားတွေ က သေနတ် ကိုယ်စီ နှင့် ထွားထွားကျိုင်းကျိုင်းကြီးတွေ ဆိုတော့ အင်းခွေးကြီး လေးကောင် လောက် ပါ မွေး လိုက်ရလျှင် ၊ နှုတ်ခမ်းမွေး ထားရမည့် အရွယ် ကျ လျှင် နှုတ်ခမ်းမွေး သပ်ရဦးမည် တကား ။


“ မြ ရဲ့ အမေရိကန် မှာ ဆိုရင် လယ်သမား ယာသမား ဆိုတာ တကယ့် ထိပ်ထိပ်ကြ သူဌေးတွေ ” ဟု ကိုစိန်ဖေက မျက်စိများ မှေး ၍ ပြောသည် ။


“ ဘေး အနား ယာတွေ က လူတွေ ဆိုတာ လက်သမား အလုပ်လည်း လုပ်တတ်တယ် မြ ရဲ့” ဟု ဗြုန်းခနဲ ပြောမိသေး ပြန်၏ ။


မမြဆင့် က တော့ သူ့ စိတ်ကူး ထဲ ဝင်ပြေးလို့ လာ မကြည့်နိုင်ရှာသမို့ 


“ ဟုတ်လား မောင် ” တစ်ခွန်း သာ အလိုက်သင့် ပြော တတ်၏ ။


တကယ်တော့ ကိုစိန်ဖေ သည် လေ ထဲ ၌ ခုနစ်ဆောင်ပြိုင် ပျဉ်ထောင်အိမ်ကြီး

ဆောက် နေ သည်မှာ ချွေးမ နှင့် မြေးများ နေစရာ အခန်းများပါ ပါ သတည်း ။ 


သို့သော် မမြဆင့် က


“ မောင် ရေ လ ကုန်ရင် ကုန်ချင်း ပြောင်း မှာ ဆိုတော့ ပစ္စည်းကလေး တွေ ဝယ်စရာ စာရင်း လုပ်ဦး မှ မွေ့ရာ မတတ်နိုင် တောင် စောင် နဲ့ ခြင်ထောင် တော့ ဝယ် မှ ” ဟု ပြောလိုက်ရုံ ဖြင့် ပင် မြေကြီး ပေါ် သို့ နှစ်ယောက် သား သူ ငါ အရင် ပြိုင်၍ ဘုန်းခနဲ ပြန် ကျသည် ။ 


ကိုစိန်ဖေ က ဝမ်းနည်းဟန် ရှိသည် ။


“ မြ တော့ ကိုယ့် ယူမိတာနဲ့ ဆင်းရဲတော့ မှာ ပဲ ၊ ယာသမား ဖြစ်တော့ မှာ ပဲ ၊ ဆင်းရဲ ခံနိုင်ပါ့မလား ကွယ် ”


“ မောင် နဲ့ နေမှ ဘာ ဆင်းရဲစရာ ရှိလဲ ” ဟု မမြဆင့်က မျက်နှာထား ရဲရဲကလေး ထား၍ ဖြေ၏ ။


“ မြ အလှ တွေ ပျက်ကုန်မှာ အသားတွေ မည်း ကုန်မှာ ”


“ မြ က ဘယ်လောက်များ လှ လို့တုံး တော် ၊ ဖြူ လည်း မဖြူပါ ဘူး ”


“ အမယ် ဒီထက် မလှစေချင်တော့ဘူး သိ ရဲ့လား ၊ ခုတောင် စိတ် ဘယ်လောက် ပူရ သလဲ ”


မမြဆင့် က ကိုယ့် ရုပ် သိပ် မလှမှန်း သိ သော်လည်း တကယ် လှသည် ဟု ခဏ ဖြစ်စေ ယုံကြည်ကာ သိပ်ကို ကျေနပ်ပစ်မိလေသည် ။


ရှက်တော့ ရှက်သေးသည် နှင့် ပြောမိ ပြောရာ ပြောရသည် မှာ


“ မြ က ပြင်တတ်လို့ပါ ၊ မြ က ဆံပင် သိပ် ပြင်ချင်တာပဲ ၊ ပန်း လည်း သိပ် ကြိုက် ပဲ ။ ဒါပေမဲ့ နှင်းဆီးပန်း တစ်ခုပဲ ခေါင်းပေါ် တင်တယ် ၊ တခြား ဘာ ပန်း မှ တန်ဖိုး ရှိတယ် မထင်ဘူး ၊ မြ တို့ ခြံကြီး ရှိတုန်း က နှင်းဆီတွေ စိုက် ထားတာ ရုံ ကြီး မှ အရှည်ကြီး ဖြစ် နေတာပဲ ။ အင်္ဂလိပ်လူမျိုးတွေ မှ စုံသို့ မောင် ၊ ရှမ်းပြည်နယ် က ယူ လာတဲ့ ခရမ်းရောင်နှင်းဆီ တောင် ရှိတယ် ”


ကိုစိန်ဖေ က ငေး နေ လေ၏ ။


စိတ်ကူး မျက်စိ ၌ သက်တံ ခုနစ်ရောင် ယှက်သန်းနေ ကာ မိုးပေါက်ကလေးများ နေရောင် ၌ ပြိုးပြက်လျက် ကျောက်သံ ပတ္တမြား လို တပ်မက်စရာ ဖြစ်နေ လေ၏ ။ 


မြေကြီး က နက်မှောင် ပွနူး ကာ သင်းရနံ့ တစ်မျိုး ထွက်၏ ။


“ အဲဒီ ရာသီ မှာ ယာတဲ နဲ့ ကပ် ပြီး မြ တို့ နှင်းဆီတွေ ရောင်စုံ စိုက်ရမှာပေါ့ မြ ရဲ့ ၊ ဟို တစ်မျှော် တစ်ခေါ်ကြီး မှာ တော့ အစိမ်းရောင် သက်သက် ရှိနေမှာပေါ့ ”


မမြဆင့် သည် စိတ်ပါလက်ပါ ပြုံးရွှင် ကာ


“ ဟုတ်တယ် မောင် ၊ ယာခင်း ရှေ့ မှာ နှစ်ယောက် အတူ ဓာတ်ပုံ ရိုက်ရ ဦးမယ် ၊ နှင်းဆီ တွေ ဝေ အောင် ပန်ပြီး ”


မမြဆင့် သည် ဓာတ်ပုံ တွဲ ရိုက်သည့် အခါ သူ့ ပခုံးလေး ပေါ် မောင့် လက် က လာလို့ သိုင်းတင် ထားစေချင်သည် ဆိုတာတော့ ထုတ် မပြောချေ ။


◾  ကြည်အေး


📖  မြဝတီမဂ္ဂဇင်း


📖  ကြည်အေး ဝတ္ထုတိုပေါင်းချုပ်သစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment