🔳 သူဋ္ဌေးဝါဒ
သူတို့ သုံးယောက် ပြန် ရောက်ချိန် မှာ နေဝင်ရီသရော ရှိနေချေ ပြီ ။ ကိုထွန်းအောင် သည် စွပ်ကျယ်အင်္ကျီ နှင့် နဖူး တွင် ချွေးစို လျက် မီးဖိုဆောင် ထဲ မှ ထွက်လာပြီး ...
“ အား .. ပြန် ရောက်ကြပလား ဟေ့ ၊ အဆင်သင့်ဘဲ ချက်လို့ ပြုတ်လို့ ပြီးပြီ ၊ လိပ်သားတော့ မင့် စိတ်ကြိုက် ဖြစ်အောင် ငါ ကိုယ်တိုင် ချက်တာဘဲ ယောက်ဖ ရ ”
သော်တာစိန် “ သိပ် ကောင်းမှာပေါ့ ယောက်ဖကြီး ရာ ”
စောထွန်း “ ထမင်း တော့ မြိန်အုံးမှာဘဲ ဟေ့ ”
ကိုထွန်းအောင် “ မင်း ကော လိပ်သား ကြိုက်လို့လား ”
စောထွန်း “ ဟာ - အသား မှာ လိပ် ၊ မယား မှာ ထိပ် လို့ တောင် စာဆို ရှိသမို့လား ကိုကြီး ရဲ့ ”
အောင် “ အမယ် - တယ် စာတဲ့ ဆိုပါလား ဟေ့ ၊ ရှင်းစမ်းပါ အုံး ၊ မင့် အဓိပ္ပါယ် ကို ”
ထွန်း “ ဒီလို အစ်ကိုကြီးရ ၊ မယား ထိပ်ပုတ် တော့ မေတ္တာရွှင်သတဲ့ ” ဆိုပြီး သော်တာစိန် အား “ ဟေ့ - ဘလှိုင် မယုံရင် မြင့်မြင့် ထိပ် ပုတ် ကြည့်စမ်း ၊ မေတ္တာရွှင်တဲ့ အပြုံးလေး ပြုံးလာလိမ့်မယ် ” သော်တာစိန် က သူ့ စကား လိုက်လျော ညီအောင် ပင် အနီး ရှိ မြင့်မြင့် ငယ်ထိပ် လက် နှင့် ရွယ်လေသော် မြင့်မြင့် က -
“ ဟင်း - သူ ကလဲ ကဲလာသနှော ... ”
ထွန်းအောင် သည် သဘောကျစွာ ပြုံးရီလျက် -
“ ကဲ - စောထွန်း မင့် စကား ဆက်ပါအုံးကွ ”
စောထွန်း “ ဆက်မှာပေါ့ ကိုကြီး က လဲ ၊ မယား ထိပ်ပုတ်တော့ မေတ္တာရွှင် သတဲ့ ၊ အသားလိပ်ကုတ်တော့ ခြစ်ရာ ထင် သတဲ့ ၊ ကဲ - မယုံကြည့်စမ်း ဟော့ဒီမှာ ကျွန်တော့် ခြေသလုံး ( ကန်တော့ ) အဲဒါ လိပ်ကုတ်တာ ပေါ့ ”
ကိုထွန်းအောင် က ကျယ်လောင်စွာ ရီမော လျက် -
“ အဲဒါ သူ ဟိုတုန်းက တို့ အိမ် က ခွေး ကိုက်ထားတဲ့ အစွယ်ခြစ် ရာ ပေါ့ ၊ အဟတ် ... ဟတ်ဟာ ... ခွေး က တော်ရုံတန်ရုံ လူ မကိုက် ပါဘူး ၊ ဒီကောင် မှ ဆော့လွန်း လို့ မျက်စေ့ နောက်ပြီး ဆော်တာ ” ဟု ပြောလိုက်ပြီးမှ “ ကဲ - ရေမိုး ချိုးကြအုံး မလား ၊ ထမင်း စားကြမလား ”
စောထွန်း “ ကျွန်တော် တော့ ဒီနေ့ အအေး မိပြီး မြစ် ထဲ မော်တော် ရှောက် စီးတာနဲ့ ရေချိုးချင်စိတ် မရှိတော့ဘူး ၊ တစ်မျိုးကြီး ဘဲ ၊ ဘယ်လို ဖြစ်မှန်းမသိဘူး ၊ ထူးထူးဆန်းဆန်း ဘယ့်နှယ်များ ဘယ့်နှယ် အရက် သောက်ချင်စိတ် ပေါ်မှန်း မသိဘူး အဟေ့ ” ဟု လေချဉ် တက်လိုက်သည် ၌ ကိုထွန်းအောင် က -
“ နင် အရက် စွဲနေမှန်း ငါ သိပါတယ်ဟ ” ဆို ပြီး “ ဟေ့ တုတ်ပုရေ ယူခဲ့စမ်းကွ ” ဆိုသည် ၌ နဘားဘူတာ တွင် သော်တာစိန်အား ဘလှိုင် အမှတ် နှင့် ပထမဦးဆုံး မြင်သူ ၊ နာမည် နှင့် လိုက်အောင် ပုပုတုတ်တုတ် လူသည် ဘမ်း ထဲ အသင့် ထည့်ထားသော ဝီစကီ ပုလင်း နှင့် ဆော်ဒါပုလင်းများ ဖန်ခွက် များ ကို ယူလာ လေ၏ ။
စောထွန်း က - သူ့ နှုတ်ခမ်း လက်ဝါး နှင့် ပွတ်ကာ မြင့်မြင့် နှင့် သော်တာစိန် အား ကြည့် ၍ -
“ ဒါကြောင့် စကော့ခ်ျဝီစကီ ထွက်ပါတယ်လို့ ပြောခဲ့တာ ပေါ့ ”
သော်တာစိန် နှင့် မြင့်မြင့် သည် ပြုံးရီ ကာ အဝတ် လဲရန် အိပ်ခန်း ထဲ သို့ ဝင် သွားကြလေ၏ ။
သော်တာစိန် ပုဆိုး လဲပြီး ပြန် ထွက်လာသော အခါ၌ ကိုထွန်းအောင် က အသင့် ငှဲ့ ပြီးသား တစ်ခွက် ပေး၍
-
“ မြစ် ထဲ က လေအေး မိလာမှာ အပူဓာတ်ကလေး သွင်းလိုက် အုံး ယောက်ဖ ရ ”
သော်တာစိန် က တစ်ဝက် လောက် မော့ လိုက်ပြီး ပြန် ချ ၊ စောထွန်းက လက်မြန် ပါးစပ်မြန် ဖြစ်၍ တတိယ ခွက် ရောက် နေ ချေပြီ ။ ထို့ကြောင့် နဂို က ရွှင် သူ မှာ ပို ရွှင် နေလျက် ...
“ အစ်ကိုကြီး ရဲ့ ဝီစကီများ တယ် သောက်ကောင်းတာဘဲ ၊ သူရာသျှတြကျမ်း မှာ ရေးထားတာတွေ့ ရတယ် ”
ကိုထွန်းအောင် “ အောင်မယ် သူရာသျှတြ ရယ် လို့ ရှိ သလား ကွယ် ”
စောထွန်း “ ရှိတယ် အစ်ကိုကြီး ရဲ့ ၊ အဲဒီ ကျမ်း ထဲ မှာ အရက်တွေ အကြောင်း ဘယ်လို ရေးထားသလဲ ဆိုရင် ကျွန်တော် တစ်ခု စီ ရွတ်ပြမယ် ၊ အင်း - မရွတ်မီ အာ ဆွတ် လိုက်အုံးမယ် ” ဆိုပြီး တတိယ မြောက် ခွက် ကို ရှင်းလိုက်ပြီး မှ -
“ ( ၁ ) သိင်္ဂါရွှေရည် ၊ ဝီစကီသည် ၊ မဒီထိပ်ထား ၊ ချစ်ရည်းစား နှင့်တူလေသည် တဲ့ ။
( ၂ ) ပတ္တမြား ရောင်ခြည် ၊ ဘရန်ဒီ မူ အိမ်သူစုလျား ၊ ချစ်မယား နှင့် တူလေသည် တဲ့ ။
( ၃ ) ရမ် ( မ် ) မူးခေါင် ၊ နီရင့်ရောင်သည် ၊ အိမ်ထောင်ပျက်မ ၊ အချောင်ရ နှင့် တူလေသည် ။ ပြည်တော်သာ ချက် ၊ ဖြူ အရက်ကား ၊ အပေါစားဖာ ၊ မရောဂါ နှင့် တူလေသတည်း - တဲ့ အစ်ကိုကြီး ရ ၊ ဝီစကီ ဘရန်ဒီ လို မကောင်းဘူ ဆိုသပ ၊ အို ... ကျွန်တော့ ခွက် ထဲ လဲ အရက် ထည့် ကြအုံးလေ ” ဆို သဖြင့် သော်တာစိန် က ပင် သူ့ ခွက် ထဲ ငှဲ့ ရာမှ စောထွန်း ခွက် ထဲ ပါ ဖြည့်လိုက်၏ ။ စောထွန်း သည် သူ့ ဟာ သူ ဆော်ဒါ ထည့်၍ မော့ လိုက်ပြီးမှ စကား ဆက် ပြန်၏ ။
“ ( ၄ ) ထို့ပြင် တစ်သန့် ၊ ရနံ့ မွှေးရွှင် ၊ ဂျင်အရက်မူ ၊ ဖြူစင် ဝတ်ရောင် ၊ သီလကြောင် နှင့် တူလေသည်- တဲ့ ”
ကိုထွန်းအောင် “ အဲသဟာ ဟုတ်သဟေ့ ဂျင် က အရက်နံ့ မဟုတ်ဘူး ၊ မွှေးမွှေးကလေး နဲ့ မူး တာ ကိုး ကွ ”
စောထွန်း သည် “ နားလည်ပါပြီ ၊ အစ်ကိုကြီး ” ဟု ဆိုပြီး သူ့ ခွက် လက်ကျန် မော့ ပစ် လိုက်၏ ။
ကိုထွန်းအောင် သည် စောထွန်း အား စေ့စေ့ ကြည့်ကာ -
“ အေး ... မင်းလဲ အဲလို ဖြစ်အောင် ကြပ်ကြပ် သောက်ပေး ကြားလား ”
“ ဟုတ်ကဲ့ အကိုကြီး ” ဟု ဆိုပြီး အရက်ပုလင်း ထပ် ငှဲ့ ပြန်၏ ။ သော်တာစိန် သည် ပြုံး နေ၏ ။
ကိုထွန်းအောင် က ဆက်လက်၍ -
“ ကဲ - လူ ကို အရက် က သောက်ပြီ ဆိုတာ ဆက် ပြောရဦးမယ် ၊ အဲဒီ လူမျိုး ကျတော့ အသောက်သမား ၊ အရက်သမား လို့ တောင် မခေါ်တော့ဘူး ၊ ' ယစ်ထုပ်ကြီး ' လို့ ခေါ်တယ် ။ အဲဒီ လူမျိုး ကျတော့ အရက် ရပ် လို့ အရက် ဖြတ် လို့ လဲ မရတော့ ဘူး ။ အရက် က လူ ကို သောက်ပစ် ထား လိုက်တာ သူတို့ ကိုယ်ခန္ဓာ ထဲ မှာ အဆုပ် တွေ ရောင် ၊ အသည် ကျွမ်း ၊ နှလုံးသား ဆွေး ၊ အူတွေ ပါးပြီး နောက် ဆုံးမှာ အဲဒီ အရက်ဒဏ် နဲ့ သေတာပါဘဲ ကွာ ”
မြင့်မြင့် သည် အလွန် ကြောက်ရွံ့ စိုးရိမ်ဟန် နှင့် နားထောင် နေ၏ ။
သော်တာစိန် သည် အာလူးကြော် စားရင်း သူ့ မေး သူ လက်ဝါး နှင့် ပွတ်နေ၏ ။
စောထွန်း ကား အရက် နောက် တစ်ပုလင်း ကို ဖွင့် ရအောင် ကြိုးစား နေ၏ ။
ကိုထွန်းအောင် က တစ်ဖန် ဆက်လက် ၍ -
“ အဲဒီတော့ တို့ က ကြိုက်လို့ သောက်ကြရင် .. အရက် က လူ ကို မသောက်ရအောင် အရက် က အရက် ကို မသောက်ရအောင် သတိ ထား ဆင်ခြင်ရမယ် ... ၊ အဲသည်ဟာ ဘာမှ လဲ ခက်တာ မဟုတ် ဘူး ဘယ်တော့မှ မနက်စောစော ကို အရက် မသောက်ဖို့ ဘဲ ၊ လွန်ခဲ့တဲ့ တစ်နေ့ က အရက် အလွန်အကျွန် ဖြစ်ခဲ့လို့ ခေါင်းခဲ လက်တုန် ဖြစ်နေ တောင် မှ ပစ်ကမီ မအပ် ဘဲ ဝမ်း နုတ် ပစ် ၊ အခုဆိုရင် ... စောထွန်း မင်း လွန်နေပြီ ၊ ဒါ ဝီစကီကွ ၊ မူးမှန်း မသိ မူးတယ် - မင်း နက်ဖန် တော့ ဝမ်း နှုတ်ရမယ် ၊ ငါ ဝမ်းနုတ်ဆေး ပေးမယ် ... ”
စောထွန်း “ ဟုတ်ကဲ့ - ကျွန်တော် ဝမ်းနုတ်ပါ့မယ် ၊ ဝမ်းနုတ် ရမဲ့ အတူတူ ဟောဒီ လက်ကျန်ကလေး တော့ ရှင်းလိုက်ပါရစေ အုံး ”
“ ရှင်းကွာ .. ရှင်း ” ဟု ဆိုပြီး ကိုထွန်းအောင် က ဆက်လက် ၍ “ အရက် ကို ကိုယ် ကြိုက်ရင် မသောက်ရဘူး လို့ မဆိုပါဘူး ၊ သို့သော် တန်ဆေး လွန်ဘေး ဘယ်အရာ မဆို တော်ရုံ ကောင်းတယ် ၊ ထမင်း တောင် အစား လွန် ရင် စားပိုး နင့် သေသေးတာဘဲ ကွာ ။ ဒီတော့ တို့ ဟာ အရက် ကို ကြိုက်တတ်လို့ သောက်မယ် ဆိုရင် ဟောဒီ အရက် ကို ( ထိုခေတ် က ၅ဝိ - ကျော် ၆ဝိ - မျှ ပေးရ သော စကော့ချ်ဝီစကီ ) အချိန် မှန်မှန် နဲ့ တန်ရုံ သောက်ကွ ၊ ဘာမျှ ဘေးဥပါဒ် အန္တရာယ် မဖြစ်ဘူး ။ စားကောင်း ၊ အိပ်ကောင်း ၊ လူ ကျန်းမာတယ် ” ( လက်မောင်း ကျွက်သား ထုတ်ပြ၍ ) ငါ့ ကြည့်ကွ ဟေ့ စောထွန်း မင်း နဲ့ ငါ နဘမ်း ချ မလား ”
စောထွန်း “ မလုပ်ပါနဲ့ ကိုကြီး ရာ ကျွန်တော်တို့ က အနု သမား ခင်ဗျာ့ ၊ အေးအေးဆေးဆေး အရက်ကလေး တစ်မြမြ သောက် နေ ရင် ပြီးရော ၊ လက်ရုံးအားကိုး မပါဘူး ”
ကိုထွန်းအောင် “ မင့် နှလုံးရည် ကော ဘာ ရှိလို့တုန်း ”
စောထွန်း “ ဟာ သာ မရှိသေး ”
သော်တာစိန် က ပြုံးနေ၏ ။ ကိုထွန်းအောင် က သူ့ ဘက် လှည့်၍ “ ကဲ ... ဒီတော့ ငါ့ ယောက်ဖ ၊ ဒီလို အရက်မျိုး ကောင်း ကောင်း သောက် နိုင်အောင် လောက မှာ ဘာ လိုသလဲ ကွာ ... ”
စောထွန်း က ဖြတ်၍ ... “ ဖန်ခွက် နဲ့ ဆိုဒါ လိုပါတယ် ခင်ဗျာ ”
ကိုထွန်းအောင် မှာ ရည်ရွယ်ချက် ရှိသည် ဖြစ်၍ -
“ မင်း အေးအေး နေစမ်း ၊ ငါ့ ယောက်ဖ ငါ မေးနေတာ ”
ဤမှ သော်တာစိန် က
“ ငွေ လိုပါတယ် အစ်ကိုကြီး ”
ယင်း၌ ကိုထွန်းအောင် က ကိုယ် ကို အကျ ပြင် ထိုင်လိုက်၍ -
“ အေး ... မင်းတို့ အရင်းရှင် စံနစ် မကောင်းဘူး ၊ မကောင်းဘူး ဖျက်ပစ်ရမယ် ပြောနေကြတယ် ၊ ဒီလို ပြောနေမယ့် အစား အခု လက်ရှိ တည် နေတဲ့ အရင်းရှင်စံနစ် ထဲ မှာ မိမိ ကိုယ် မိမိ အရင်းရှင် ဖြစ်အောင် ဆောင်ရွက် မှ အကျိုးတရား ခံစားရမယ် မဟုတ်လား ၊ ဟင် - မြင့် မြင့် ”
မြင့်မြင့် သည် ဘာမျှ ပြန် မပြော ၊ တုံနိဘာဝေ နေ၏ ။ သော်တာစိန် နှုတ် မှာ တခု ခု ပြောချင်၍ ရှာနေ၏ ။ သူ သည် တော်လှန် ရေး ကို ယုံ၍ တောခိုသူ မဟုတ်သော်လည်း -
ရှေးနှင့်မတူ သွင်မှုကခြားပြီမို
တွေးချင့်ယူကာ မြင်သူဖြင့် သနားကြရော့
ဟင် .. လူသားတို့ ရဲ့ ဆိုးကြမ္မာ ။
အတွင်းအပြင် လှစ်ပါလို
အခင်းလျှင် စစ်လိုက်ပြန်တော့
အရင်းရှင်စံနစ် ဆိုတာဟာလေ
အတင်းပင်ညှစ်ကာ လည်မျိုကိုစုပ်ပါသဗျ
ယုတ်မာစွ ဤမူဟန်ရယ်
ပြည်သူမှန်လျှင် သည်းတုန်လို့လှုပ်ကြရော့
လူမတန် ကံကိုကုတ်ကြတဲ့
တယူသန် ၊ ကိုဉာဏ်နုတ်တို့မှာ
ဂုတ်ကျိုးရရှာ ။
သော်တာစိန် သည် ဤ ဝတ္ထု အစက ဘော်ပြခဲ့သည့် အတိုင်း အမျိုး နှင့် တိုင်းပြည် ကို ချစ်သည် မှ တစ်ပါး အခြား မည်သည့် အသွင် ကို မျှ မဆောင်ခဲ့ သော် လည်း လက်ရှိ မြန်မာပြည် ဆင်းရဲသား များ ဒုက္ခ ရောက်နေကြပုံ တွေ မြင် ရ ပြန်တော့ -
ကလောင် မထိန်းနိုင်ဘူးဗျ
ရှောင်တိမ်းကာ ဒါတွေ ကွင်းချင်လဲ
အရင်းရှင် ဒီစံနစ်ဟာဖြင့်
အမြစ်ပါ မပြိုပျက်ရင်လ
ခက်ပါလိမ့် ဤကမ္ဘာ
မသာဘူး ... လူ့ဘုံ ခန်း ။
အမျိုး နဲ့ ဘာသာ
ညှိုးတဲ့ကာ ရောင်ဝါညစ်အောင်ဖြင့်
များလူကို ဝါးကူလို့နှစ်တာက
အခြေမှန် ဖွေလှန်လို့စစ်ကြတော့
အရင်းရှင် ဒီစံနစ်ပါဘဲ
မျိုးဘာသာ သာသနာချစ်သူ တို့ရေ
တွေးသစ်ကြစမ်း ။
ဤ ကဗျာ ကို ရေး ခဲ့သော စာရေးဆရာ အား သစ်စက်ပိုင်ရှင် ၊ စတိုးပိုင်ရှင် ၊ လူချမ်းသာ ကိုထွန်းအောင် သည် တောခို ရာ မှ လက်နက် ချ ရသော သူ့ ယောက်ဖ ဗိုလ်ဖုန်းလှိုင် အမှတ် နှင့် အရင်းရှင် တရား ကို ဟော နေသည် ။
ကိုထွန်းအောင် က ဆက်လက် ၍ -
“ ကဲ - ငါ့ ယောက်ဖ အခု ဆိုရင် မင့် မှာ ပညာအရည်အချင်း လဲ ရှိတယ် ၊ လူရည်လူစ လဲ ကောင်းတယ် ၊ ဟော - ငါတို့ မှာ က ငွေပင် ငွေရင်း နှင့် အလုပ်အကိုင်ကြီး ရှိနေပြီ ၊ မင်း သစ်လုပ်ငန်းဘက် ဝါသနာ ပါ သလား မြို့ပေါ် မှာ အရောင်းအဝယ် ဝါသနာ ပါ သလား ၊ ကြိုက်ရာ ကို ယူ ၊ မင်း လုပ်ဖို့ ငါတို့ အသင့် စီမံ ပေးမယ် ၊ ငါ့ ညီမ ၊ ငါ့ ယောက်ဖ မင်းတို့ တစ်သက်လုံး ချမ်းသာ ရမယ် ”
“ ဘယ့်နှယ်ကွာ အရင်းရှင်ခေတ် မှာ အရင်းရှင်စံနစ် မကောင်း ဘူး ရယ် လို့ တောခို တိုက် နေကြတယ် လို့ ဘဲ ၊ ကိုယ့် အခြေခံ ရှိ သားနဲ့ ၊ ကိုယ့် ကိုယ် ကိုယ် အရင်းရှင် ဖြစ်အောင် လုပ်ဖို့ ရှိတာဘဲ ၊ မင်းတို့ နဲ့ အတူ တောခိုတဲ့ ဟို ... ကွာစိ တို့ ကျောက်ဖြုံး တို့ ဆို ထားတော့ မိဘ မွဲတေ လို့ ၊ တသက်လုံး လူမွေး လူတောင် ပေါက်မယ့် ဟာတွေ မဟုတ်လို့ ။ ဟင် - မဟုတ် ဘူးလား ယောက်ဖ ”
ယင်း၌ သော်တာစိန် က -
“ ဒါပေမယ့် ...ဒီလို ရှိတယ် နောင်ကြီး ရဲ့ ၊ ချမ်းသာသူ တစ်ယောက် ရှိဘို့ ဟာ ကို ဆင်းရဲသား ပေါင်း မြောက်မြားစွာ ရှိကြရ လိမ့်မယ် ၊ အဲဒီလို လူနည်းစု ချမ်းသာပြီး လူများစု ဆင်းရဲ တဲ့ တိုင်းပြည် ဟာ လူတန်းစား မညီမျှတော့ ရင် ... ”
သော်တာစိန် ၏ စကား မဆုံးမီ ကိုထွန်းအောင် မျက်ထောင့် ကြီး နီ လာသည် ။ မြင့်မြင့် က သော်တာစိန် ပေါင် ကို ဆွဲဆိတ် လိုက်တော့ မှ သော်တာစိန် ရုတ်တရက် သတိရပြီး စကား ဖြတ် ပစ် လိုက်ရ သည် ။ ငါ့ ကို သူ စာရေးဆရာ သော်တာစိန် အနေ နှင့် ပြောနေခြင်း မဟုတ် ၍ သူ့ စကား လိုက်လျောညီထွေ ထောက်ခံ ခြင်းလည်း ကိုယ့် သိက္ခာ မကျနိုင် ဟု တွက်ဆ ယူ ရသည် ။
ကိုထွန်းအောင် က ဆက်လက် ၍
“ မင်းတို့ က လူတန်းစား ညီမျှဘို့ဘဲ ပြော , ပြော နေကြတယ် ၊ ဘယ့်နှယ် ညီနိုင်မလဲ ကွ ၊ လူ ဆိုတာ တစ်ယောက် နဲ့ တစ်ယောက် ကံချင်း ၊ ဉာဏ်ချင်း ၊ ဝိရိယချင်း မဆိုထားနဲ့ ရုပ်ရည်ချင်း မှာ လဲ တူကြတာ မဟုတ်တာဘဲ ... ဒီတော့ ဘယ့်နှယ် အကျိုး ပေးချင်း ကော တူတော့မှာ လဲကွ ၊ စဉ်းစားကြပါဦး ... ဟင် ... ဘယ့်နှယ်လဲ မောင်စောထွန်း ငါ ပြောတာ ”
စောထွန်း မျက်နှာချို သွေး လျှက် ...
“ ဟား ... လောက မှာ အစ်ကိုကြီး ပြောတဲ့ စကား လောက် မှန်တာ ဘယ် ရှိတော့မလဲ ဗျာ ... ရှား ရော ... ရှား ရော ... ”
မြင့်မြင့် နှင့် သော်တာစိန် က ပြုံးစိစိ နေသည် ၊ သော်တာစိန် သည် သူ , မနှစ်သက်သော အရင်းရှင်ဝါဒ ကောင်းကြောင်း များ အောင့်ညှစ် နားထောင် ရ တော့သည် ဖြစ်၍ အရက် ကို တော်တော် များများ သောက် မည့် ဟန် ပြု လေရာ မြင့်မြင့် က ရိပ်မိ သဖြင့် သူတို့ နှစ်ယောက် ကြားရုံ လောက် ခပ်တိုးတိုး “ အာရတီ - ဝိရတီ ” ဟု ဆိုလိုက်လေရာ သော်တာစိန် ရုတ်တရက် သတိ ရပြီး “ သိုင်းကျူး လေဒီ ” ဟု ပြုံးရွှင်စွာ ပြန် ပြော လိုက်လေ၏ ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment