Wednesday, April 19, 2023

လိပ်ပြာချစ်သူ


 

❝ လိပ်ပြာချစ်သူ ❞

[ သည်ဘက် က လာတဲ့ လေ က အဲယားကွန်း ထဲ က ထွက် သလို လေ အေးစိမ့် နေတာပဲ ၊ သည်ဘက်က တော့ လေပူကြီး လို့ ခက်မာ က တအံ့တဩ ပြော လိုက်တယ် ။

ကျွန်တော်တို့ တစ်တွေ ပုပ္ပားတောင်မကြီး ရဲ့ထိပ် ကို ရောက်နေကြတာပါ ။ တောင်မကြီး ထိပ် မှာ တောင် သုံးလုံး ဖိုခနောက်ဆိုင် တည်ရှိတယ် ။ တောင် သုံးလုံး ထဲ မှာ မှန်ပြတောင် က အမြင့်ဆုံး ပေ ငါးထောင် လောက် မြင့် ပါတယ် ။ စပါးပုံတောင်ထိပ် က နေ မှန်ပြတောင်ထိပ် ကို သွားတဲ့ လမ်းကလေး က အိမ်ခေါင်မိုး ခေါင်အုပ် လမ်းကြောင်း နဲ့ တူပါတယ် ။ ဘယ်ဘက် က ပုပ္ပားမီးတောင် ချိုင့်ဝှမ်း ။ အမှန်တကယ် တော့ လမ်းကလေး ဟာ မီးတောင် နှုတ်ခမ်းသား ဖြစ်တယ် ။ မီးတောင်ချိုင့်ဝှမ်းပိုင်း ကို နေရောင် က မနက် ၁ဝးဝဝ နာရီကျော် လောက် မှ ထိုးပြီး နေ့ ၂းဝဝ နာရီ လောက် ဆိုရင် တောင်ကွယ် လို့ နေ မထိုးတော့ဘူး ။ မီးတောင် ချိုင့်ဝှမ်း ထဲ က သစ်ပင်တွေ က စိမ်းစိုတယ် ။

ကျွန်တော်တို့ တောင်တက် အဖွဲ့ သားတွေ က ခေါင်အုပ် နဲ့ တူတဲ့ လမ်းကြောင်းကလေး ပေါ် မှာ လျှောက်လှမ်း လာ ရင်း သဘာဝတရား ကို စိတ်ဝင်စား မိကြတယ် ။ ဘယ်ဘက်မီးတောင်ချိုင့်ဝှမ်း ထဲ မှာ ပေါက်တဲ့ သစ်ပင်တွေ က စိမ်းမြ တဲ့ သစ်ပင်ကြီးတွေ ၊ ညာဘက် တောင်စောင်းပြင် ဆင်ခြေလျှော မှာ တော့ သစ်ပင်ကြီး မရှိဘဲ မြက်ရိုင်းပင် ဝါခြောက်ခြောက်တွေ ၊ အိမ်ခေါင်မိုး သွပ် ကို တစ်ဘက် ခြမ်း မှာ ဆေးဝါ ခြယ်ပြီး တစ်ဘက်ခြမ်း က ဆေးစိမ်း သုတ်ထား သလိုပါပဲ ။ ဦးဒိန်းဒေါင် ဆံပင် နဲ့ တူလိုက်တာ လို့ တူးတူးသာ က တင်စားတယ် ။

တောင်စောင်း ဆင်ခြေလျှော က တစ်နေကုန် နေ အပူ ခံရတာမို့ မြက်ရိုင်း ဝါခြောက်ခြောက်တွေ ပဲ ပေါက်တာ ၊ သည်လွင်ပြင် ကို ဖြတ်ပြီး တိုက်တဲ့ လေ က ပူ တာပါ ။ မီးတောင်ချိုင့်ဝှမ်း က တော့ သစ်တောသစ်ပင်တွေ ကြောင့် လေ က အေးစိမ့် တာပါ ။

ပုပ္ပားတောင်မကြီး ဟာ အညာဒေသ မှာ ထီးထီးမားမား အမြင့်ဆုံး တောင်ကြီး ဖြစ်တယ် ။ တစ်ချိန်က မီးတောင်ကြီး ဖြစ်ခဲ့ပြီး ပေါက်ကွဲ ခဲ့တယ် ။ မီးတောင်ဝ အဆို့ ဟာ လွင့်စင်ကျပြီး မနီးမဝေး မှာ ပုပ္ပါးတောင်ကလပ် အဖြစ် ရှိ နေတယ် ။ တောင်မကြီး ပေါ် မှာ အမြင့်ဆုံး နေရာ ဖြစ်တဲ့ မှန်ပြတောင်ထိပ် မှာ ကျွန်တော်တို့ တောင်တက် အဖွဲ့ သားတွေ အတူ ထိုင်ပြီး လေးဖက်လေးတန် ကို ကြည့်ပြီး သဘာဝ အလှ မှာ အပန်းဖြေ နေ မိတယ် ။ မီးတောင်ချိုင့်ဝှမ်း ထဲ က တိုက်ခတ် လာတဲ့ လေ က အေးမြလတ်ဆတ်တယ် ။

အေးမြကျော် က အဝေးကြည့် မှန်ပြောင်း တစ်လက် နဲ့ ငှက်ရှာကြည့် ပြီး တွေ့ ရင် ကိုအောင်ထွန်းဦး ကို ပြတယ် ။ ငှက်တွေအကြောင်း ရှင်းပြတယ် ။

အဲသည် အချိန်မှာ ရွှေရောင်လိပ်ပြာ တစ်ကောင် အတောင်ပံ တဖျပ်ဖျပ် ခတ်ပြီး ပျံ လာတယ် ။ အဲဒါ ဂိုးလ်ဒင်း ဘတ်ဝင်း ( Golden Birdwing ) ပဲ ၊ ကမ္ဘာ မှာ ရှားပါးလိပ်ပြာ လေ ၊ မြန်မာနိုင်ငံ မှာ ပဲ တွေ့ရတာ လို့ မစန်းစန်းနွယ် က ပြော လိုက်တယ် ။ အားလုံးဟာ သူ ပြတဲ့ လိပ်ပြာ ကို လိုက်ကြည့် ပါတယ် ။

မစန်းစန်းနွယ် ( ၃၄ နှစ် ) က လိပ်ပြာ ကို စိတ်ဝင်တစား လေ့လာ နေသူ ဖြစ်ပါတယ် ။ အသား ညို တဲ့ သူ့ ရုပ်သွင် က အညာသူ မှန်း သိသာတယ် ။ ဘောင်းဘီရှည် ၊ တီရှပ် ၊ ဂျင်းဂျာကင် ဝတ်ဆင်ပြီး ကျောပိုးအိတ် ကို အမြဲ လွယ်ထားပေမဲ့ သနပ်ခါး ပါးကွက်ကြား နဲ့ ဆံပင် ထုံးဖွဲ့ ထားပုံ က သူ့ ရိုးဂုဏ် ကို ဖော်ပြ နေပါတယ် ။

ပုပ္ပားတောင်မကြီး တောင်ထိပ် မှာ ထိုင်ရင်း မစန်းစန်းနွယ် က သူ နဲ့ လိပ်ပြာ အကြောင်း ကို ပြောပြတယ် ။ ]

•••••   •••••   •••••

လိပ်ပြာတွေ သစ်ပင် တစ်ပင် က တစ်ပင် ကို ကူးရင်း ဝတ်မှုန် ကူးပေးတယ် ။ အပူပိုင်း ဒေသ သစ်တောတွေ ဝတ်မှုန် ကူး တာ ရှစ်ဆယ် ရာခိုင်နှုန်း ကို လိပ်ပြာတွေ က လုပ်ပေးတာတဲ့ ။ လောက မှာ လိပ်ပြာတွေ သာ မရှိခဲ့ရင် သစ်တောတွေ ပြုန်းသွား နိုင်တယ် လို့ ပညာရှင် တစ်ယောက် က ကျွန်မ ကို ပြောဖူးတယ် ။

လိပ်ပြာ ကို ကျွန်မ စပြီး လေ့လာ မိတာက ၁၉၉၉ ခုနှစ်က ပေါ့ ။ ကျောင်း ပြီး တာ က ဓာတုဗေဒ အဓိက နဲ့ စိတ်ဝင်စား တာ က လိပ်ပြာ ။ ( ပြောရင်း ဟက် ဟက် ပက်ပက် ရယ်တယ် ။ )

ကျွန်မ ကို ကျောက်ပန်းတောင်း နဲ့ ၁၂ မိုင် ဝေး တဲ့ မဲဒီးရွာ မှာ မွေးတာ ။ အဖေ က စက်မှုလယ်ယာ ဝန်ထမ်း ၊ ကျွန်မ က သစ်တော ထဲ ရောက် လာပြီး လိပ်ပြာတွေ လိုက် ဖမ်း နေတယ် ။ ( သူ ထပ် ရယ် ပြန် ပါတယ် ။ )

ပုပ္ပား မှာ ကျွန်မတို့ လိပ်ပြာတွေ လိုက် ဖမ်း ကြတယ် ။ ဖမ်း မိတဲ့ လိပ်ပြာတွေ ကို ဖမ်မလီ ( family - မျိုးရင်း )  ၊ စပီရှီ ( species - မျိုးစိတ် ) ခွဲပြီး မှတ်တမ်းတင်ကြတယ် ။ ဘယ်လို ခွဲရတယ် ဆိုတာ အစ်မ ဒေါ်ခင်ဌေး က လည်း သင် ပေးတယ် ။ လိပ်ပြာ နဲ့ ပတ်သက်တဲ့ သင်တန်းတွေ လည်း တက်ဖူးတယ် ။ ပြီးတော့ စာအုပ်တွေ နဲ့ လည်း တိုက်ကြည့် ရတယ် ။ ( မစန်းစန်းနွယ် က သူ့ ကျောပိုးအိတ် ထဲ မှာ အသင့် ပါလာတဲ့ အင်္ဂလိပ်ဘာသာ နဲ့ ရေးထားတဲ့ လိပ်ပြာ အကြောင်း စာအုပ် ကို ပြ ပါတယ် ။ စာအုပ် ထဲ မှာ လိပ်ပြာတွေ ရဲ့ ပုံ ကို ရောင်စုံ ရိုက်နှိပ် ဖော်ပြ ထားတယ် )

ပုပ္ပား မှာ ကျွန်မ တို့ စ ရှာ ကြတုန်း က လိပ်ပြာ စပီရှီ ( မျိုးစိတ် ) ၇၂ မျိုး စ တွေ့တယ် ။ လိပ်ပြာ တစ်ကောင်ဖမ်း မိရင် ဘော်ဒီ ( body ) ကို နည်းနည်း ဖျစ် လိုက်တယ် ။ ဟီးလင်း (Ki-lling -သ,တ်ဖြတ်) ပြီး ဘူး ထဲ ထည့် ယူလာတာပေါ့ ။ ပြီးတော့ press ( ဖိပြီးပုံသွင်း ) လုပ်တယ် ။ စပီရှီ ခွဲပြီး မှတ်တမ်း တင်တယ် ။

ဖမ်း ရတာ နည်းနည်းတော့ စိတ်ရှည် ရတယ် ။ အချို့ အကောင်တွေ က အရမ်း သန်တာ ၊ လှစ်ခနဲ ဆို ပျံ ပြေးရော ။ ကျွန်မတို့ က ပိုက် နဲ့ ဖမ်းရတာ ။ ဖမ်း မိပြီး ကီးလင်း လုပ်ရတော့ ငရဲကြီး မှာ တော့ ကြောက်တယ် ။ ( ပြောရင်း သူ ရယ်ပါတယ် ။ ) ငရဲကြီးမယ် လည်း ထင်တာပဲ ။ ကျွန်မ ခေါင်းတွေ ဘာတွေ ကိုက်တဲ့ အခါ အဲဒါ လုပ်လို့ ထင်တယ်လို့ အမေ က ပြောတယ် ။ မသ,တ်ရ ရင်တော့ ကောင်းတာပေါ့လေ ။

ကျွန်မတို့ လိပ်ပြာ စု ရာမှာ ရပြီး သား အကောင် ဆိုရင် တော့ မဖမ်းဘူး ။ အသစ် ဆိုရင် တော့ မရ အရ လိုက် ဖမ်း တာပဲ ။ ကျွန်မတို့ စ မှတ်တမ်း တင်ခါ စ က ပုပ္ပား မှာ လိပ်ပြာ ၇၂ မျိုး တွေ့တယ် ။ ယခု ဆို အသစ် ထပ်တွေ့တာ နဲ့ ၉၄ မျိုး ရှိ သွားပြီ ။ ကျွန်မတို့ ပုပ္ပားတောင်မကြီး အနှံ့ လျှောက် သွားရင်း လိပ်ပြာ စပီရှီ အသစ်တွေ တွေ့အောင် ရှာ နေတာပဲ ။ နောက်ထပ် အသစ် တွေ့ ရင် တော့ ဟာ သည်ကောင် အသစ် ဟေ့ ၊ အရမ်း ပျော်တာပေါ့ ။ ကမ္ဘာ မှာ ရှားပါး စာရင်းဝင် လိပ်ပြာ လေးမျိုး ပုပ္ပားတောင် မှာ ကျွန်မ တို့ တွေ့ ထားတယ် ။ ဂိုးလ်ဒင်းဘတ်ဝင်း ( The Golden Birdwing )  ၊ ကွန်မွန်ဘတ်ဝင်း ( The Common Birdwing ) ၊ ကွန်မွန်းရို့စ် ( The Common Rose ) နဲ့ ပန်း ( The Pans ) ပေါ့ ။

လိပ်ပြာ စပီရှီ အသစ် ဘယ်လောက် တွေ့ချင် သလဲ ပြော ရရင် အိပ်မက် ထဲ တောင် ထည့် မက်တာ ။ အိပ်မက် ထဲ မှာ အရမ်း လှတဲ့ လိပ်ပြာလေး တွေ တွေ့ တော့ လိုက် ဖမ်းတာပေါ့ ။ ( ရယ်ပါတယ် ) လိပ်ပြာ စပီရှီ အသစ် တစ်ကောင် တွေ့ တဲ့ အဖြစ် ကို ပြောပြရင်လည်း ရယ်ရတယ် ။ တော ထဲ ကို ခက်ခက်ခဲခဲ သွား ရှာတုန်းက တွေ့တာ မဟုတ်ဘဲ အခု လိပ်ပြာမျိုးစုံ ပြထားတဲ့ ပုပ္ပားတောင် အမျိုးသား ဥယျာဉ် ပညာပေးပြခန်း မှာ တွေ့တာ ။ ခန်းမ ဘေး က ခြံ ထဲ မှာ တောင် မဟုတ်ဘူး ။ ပြခန်း ထဲ က မှန်ကောင်တာ ပေါ် မှာ လိပ်ပြာ က လာ နားတယ် ။ ကျွန်မ စိတ် ထဲ ဒါ အသစ်ပဲ ဆိုပြီး ဖမ်း လိုက်တာ ၊ ( ရယ်လျက် ) ၊ တကယ် လည်း မှတ်တမ်း မတင် ရသေးတဲ့ ရှားပါး လိပ်ပြာမျိုးစိတ် တစ်ခု ကို ကျွန်မ ရ လိုက်တာပါပဲ ။

လိပ်ပြာ ကို တော်တော် ပြည့်ပြည့်စုံစုံ လေ့လာထားပြီး တောထဲ လျှောက် သွားနေတဲ့ သူ ၊ ပုပ္ပားတောင်မကြီး တစ်ခု လုံး မှာ ဘယ်နေရာ ဘာကောင် ရှိသလဲ သိတဲ့ သူ ၊ လိပ်ပြာ စပီရှီ အသစ် ကို အငမ်းမရ ရှာဖွေနေတဲ့ သူ အတွက် ပြခန်း မှန်ကောင်တာ မှာ လိပ်ပြာ စပီရှီအသစ် က လာ နားတာ ရယ်စရာ အဖြစ်အပျက် တစ်ခု ပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment