Monday, April 3, 2023

ထို ဆွဲကြိုး


 ❝ ထို ဆွဲကြိုး ❞


မောင်သာဇံ သည် ခင်မေ ကို စောင့်ကြို နေရင်း ရင် လေး သလို ဖြစ်လာသည် ။ ခါတိုင်း ခင်မေ ကို ယခု လောက် ကြာကြာကြီး စောင့် ရလေ့ မရှိ ။ ဆိုက်ကား ကလိုင်တီး အချက် ပေး လိုက်သည် ဆိုလျှင် ခင်မေ သည် သုံးထပ်တိုက် ပြတင်းပေါက် မှ ကိုယ်ရိပ် လာ ပြသည် ။ သာဇံ ဟုတ် မဟုတ် ငုံ့ ကြည့်သည် ။ ခဏ စောင့်ဦး ဟူသည့် သဘောဖြင့် မျက်ရိပ် လက်ရိပ် ပြသည် ။ နောက် မကြာမီ လှေကားရင်း ရှိ တံခါးပေါက်ကြီး မှ ခင်မေ ပေါ် လာပြီး ဆိုက်ကား ပေါ်  တက် ထိုင် လေ့ ရှိသည် ။ ထိုအခါမှ မောင်သာဇံ က သနပ်ခါးနံ့ကလေး ၊ ပေါင်ဒါနံ့ကလေး ၊ ဆီမွှေးနံ့ကလေး သင်းပျံ့ပျံ့ ကို ရှူရှိုက် ရင်း ဆိုက်ကား ကို တစ်လှိမ့် ချင်း နင်း ထွက် လေ့ ရှိသည် ။


ယနေ့ မှာ မူ ခါတိုင်း လို မဟုတ်ခဲ့ချေ ။ မောင်သာဇံ သည် ၁၅ မိနစ် ကို တစ်ကြိမ် ခန့် အချက် ပေး ခဲ့ရသည် မှာ ငါးကြိမ် တိုင်တိုင် ရှိခဲ့ပြီ ။ ခါတိုင်း ကိုယ်ရိပ် ပြလေ့ ရှိသည့် ပြတင်း ကို မော့ ကြည့် ရသည် မှာ လည်း ဇက်ပိုးများ ပင် အောင့် ခဲ့ ရပြီ ။ ခင်မေ ပေါ် မလာသေး ။ ခင်မေ ၏ အရိပ်အယောင် ကို ပင် မမြင်ရသေး ။ ထို့ကြောင့် မောင်သာဇံ သည် ခင်မေ ကို စောင့်ကြို နေရင်း မှ ရင် လေး သလို ဖြစ်လာသည် ။ နေ မချိ ၊ ထိုင် မချိ ဖြစ်လာသည် ။ အလိုလို နေရင်း လက်ဖဝါး မှ ချွေးစေးများ ထွက် လာသည် ။ ရင် တဒိန်းဒိန်း ခုန် လာသည် ။ လမ်းသွား လမ်းလာ များ က မောင်သာဇံကို ဂရုစိုက် မကြည့်၍ သာ ၊ ဂရုစိုက် ကြည့်ကြပါ လျှင် မောင်သာဇံ မျက်နှာ ပျက်နေသည် ကို အထင်းသား မြင်ကြရ ပါလိမ့်မည် ။ သင်္ကာ မကင်းစရာ ထင်ကြပါ လိမ့်မည် ။


သူ့ ကိုယ် သူ သတိ ထားပြီး စိတ် ငြိမ်အောင် ကြိုးစား နေမိသည် ။ ခင်မေ အလုပ် များ နေလို့ ဖြစ်မှာပါ ။ ခင်မေ သည် သူ့ အိမ်ရှင် ကလေးများ ကို ထမင်း ကျွေး နေရ၍ ကြာနေခြင်း ဖြစ်ပေမည် ။ သို့မဟုတ် သူ ထိန်းရသော ကလေးများ အနက် တစ်ဦး ဦး နေ မကောင်း ဖြစ်နေ၍ ပြုစု နေရသဖြင့် ကြာ နေခြင်းလား မသိ ။ စသည်ဖြင့် တောင်စဉ် ရေ မရ တွေး နေမိသည် ။


ခင်မေ ကို လွန်ခဲ့သည့် နှစ်ရက် က တစ်ခါ တွေ့ ရသည် ။ တွေ့သည့် နေ့ တိုင်း တွင် နောက် တစ်ခါ တွေ့ ရမည့် ရက် နှင့် အချိန် ကို ခင်မေ က ချိန်းလေ့ ရှိသည် ။ မောင်သာဇံ က ချိန်းရခြင်း မရှိချေ ။ သူ အလုပ်ချောင်မည့် ရက် ကို တွက်ချက် ပြီး သေချာ မှ လည်း ချိန်းလေ့ ရှိပေသည် ။ ပြီးတော့ မေ့သည့် အခါ ဟူ၍ တစ်ခါ မျှ မရှိခဲ့ဖူးပေ ။


သို့သော် ယနေ့ ခင်မေ အဘယ်ကြောင့် ပျက်ကွက် နေရပါလိမ့် ဟု မောင်သာဇံ စဉ်းစား သည် ။ စဉ်းစား ၍ လည်း မရပါ ။


အခွင့်အရေး သာ ရှိလျှင် မောင်သာဇံ သည် ခင်မေ ဆင်းလာလေ့ ရှိသော လှေကား မှ ခင်မေ တို့အခန်း ကို တိုက်ရိုက် တက် သွားပြီး တံခါး ကို ခင်ပြင်းပြင်း ခေါက် လိုက်ချင်၏ ။ သို့သော် ခင်မေ က မောင်သာဇံ ကို ထိုကဲ့သို့ မပြုရန် တားမြစ်ထားသည် ။ နောက်ဆုံး ခင်မေအနေ နှင့် ရည်းစား ရှိသည် ။ သို့မဟုတ် အပြင်လူ နှင့် အဆက်အသွယ် ရှိသည့် အကြောင်း ကို ပင် သူ့ သခင် နှင့် သခင်မ တို့ မသိ ရအောင် ပိပိရိရိ နေရန် လိုသည် ဟု ပြောထား ဖူးသည် ။


အကယ်၍ ခင်မေ နှင့် သခင်မ တို့ တစ်စုံတစ်ရာ အစွန်းအထင်း ရှိသည် ဟု သိ သွားလျှင် သူတို့ အိမ် တွင် ဆက် ထားလိမ့်မည် မဟုတ် ဟု လည်း မောင်သာဇံ ကို သတိ ပေး ထားဖူးလေသည် ။


ထို့ကြောင့် မောင်သာဇံ သည် ဆိုင် သော် လည်း မဆိုင် သလို ၊ ပိုင် သော် လည်း မပိုင် သကဲ့သို့ နေထိုင် လာခဲ့ရသည် မှာ ကြာမြင့်ခဲ့ လေပြီ ။


•••••   •••••   •••••   •••••


မောင်သာဇံ သည် လမ်းသွားလမ်းလာ များ ကို ငေးမောရင်း ဆိုက်ကား ဘေးတွဲ ပေါ် တွင် ထိုင် ကာ ခရီးသည် ကို စောင့်နေ ဟန်မျိုး နှင့် ဒူး ကို ကွေး ၍ လက် နှစ်ဖက် နှင့် သိုင်း ကာ ထိုင်နေ၏ ။ လူပုံ ငြိမ် သော် လည်း သူ့ စိတ် မှာ ခင်မေ လာချိန် ပေါ်မလာ သဖြင့် အလွန် မငြိမ်မသက် ဖြစ်နေရှာ၏ ။


နေရောင် သည် တစ်စ တစ်စ ပျောက်ကွယ် ကာ ဓာတ်မီးရောင်များ ထိန်လင်း လာကြ၏ ။ လမ်းမကြီး ပေါ် မှ မော်တော်ကားများ ၏ အသံ မှာ အဆက်မပြတ် ဆူညံ နေကြ၏ ။ သူ့ ဆိုက်ကား ရပ် ထားသည့် လမ်း ထောင့် နှင့် မျက်နှာချင်းဆိုင် မှ စာပုံနှိပ်စက် အသံ လည်း ရပ်သွားပြီး စောစောက ပြေးလွှား အော်ဟစ် ဆူညံ နေသော လမ်း ပေါ် မှ ကလေးများ သည် လည်း တဖြည်းဖြည်း တိတ်ဆိတ်၍ ကျဲသွား၏ ။ တစ်စတစ်စ ကြက်ပျောက် ၊ ငှက်ပျောက် ပျောက် သွား ကြ၏ ။ ပလက်ဖောင်း ပေါ် တွင် ချရောင်း နေသော ဈေးသည်များလည်း သိမ်း သူ က သိမ်း ၊ ပြန် သူ က ပြန် ကြ၏ ။ သူတို့ နေရာ တွင် မှောင်ခိုပစ္စည်းရောင်းသူများ က တစ်ဖန် နေရာ ယူ ကြ ပြန်သည် ။


ရေမြောင်း ပပ်ကြားအက်ကြီး အတွင်း မှ ကြွက်ကြီးများ ထွက်လာ ကြ ပြန်သည် ။ ဟို တစ်ကောင် ၊ သည် တစ်ကောင် နှင့် ပြေးလိုက် လွှားလိုက် ပျောက်သွားလိုက် နှင့် တစ်စ တစ်စ မောင်သာဇံ သည် စိတ် လျှော့စ ပြုလာ၏ ။ စောင့် နေလို့ရော လာ မှ လာပါဦး မလား ။


•••••   •••••   •••••   •••••


ခါတိုင်း ဆို လျှင် ယခု အချိန်လောက် တွင် လူသူ ကင်း၍ လေကောင်း လေသန့် ရသော ကမ်းနားသင်္ဘောဆိပ် တွင် သူတို့ ရောက်နေကြပြီး နှစ်ယောက် သား တစ်ယောက် လက် ကို တစ်ယောက် ဖျစ်ညှစ် ဆုပ် ကိုင် ရင်း မည်သည့် ကဗျာဆရာ မှ မရေးစပ်ဖူးသေးသော ၊ သို့မဟုတ် မည်သည့် စာရေးဆရာ မျှ မဖွဲ့နွဲ့ရဖူးသေးသော အချစ်စကားများ ကို နှစ်ဦးသား ပြောနေကြလေ့ ရှိသည် ။ တစ်ခါတစ်ရံ လူ လစ်လျှင် လစ် သလို မောင်သာဇံ က ခင်မေ ၏ ခါး ကို ရစ်သိုင်း ၍ ဖက်သည် ။ ပခုံး နှစ်ဖက် ကို ဖျစ်ညှစ်သည် ။ ချစ်သူ တို့ ဘာဝ အနည်းဆုံး ခစ်ခနဲ ရယ်မော သွားအောင် တစ်နည်းနည်း လုပ်လေ့လည်း ရှိသည် ။ ပြီးလျှင် နန်းကြာညို ဇာတ်လမ်းကလေး ခင်း ကာ မြစ်ရေပြင် ကို နှစ်ဦးသား ကျော ပေး၍ မြို့ထဲ ပြန်လာ ခဲ့ ကြ၏ ။


ခင်မေ ကို လမ်းထိပ် တွင် ချ ပေးပြီး မောင်သာဇံ က သူ့ တဲနန်း ရှိရာ အလုံကမ်းနား ကို ပြန်လေ့ ရှိ၏ ။ ထမင်းကလေး ဘာကလေး စားပြီး တစ်ဖန် သီတာရုပ်ရှင်ရုံ ဖြစ်ဖြစ် ၊ မြို့ထဲ ရုပ်ရှင်ရုံများ ဖြစ်ဖြစ် တစ်ပတ်ပြန် ကျော့ လေ့ ရှိသည် ။


ယခုသော် ခင်မေ ပေါ် မလာသေး ။ မောင်သာဇံ စောင့် ရင်း မောလှပြီ ၊ ဝမ်းတွင်း က လည်း တကြုတ်ကြုတ် မြည် လာပြီ ။


•••••   •••••   •••••   •••••


ခင်‌မေ နှင့် သာဇံ မှာ ရန်ကုန် ဇာတိများ မဟုတ်ကြချေ ။ စာဘူးတောင်း ဘက် ဆီ မှ ဖြစ်ကြသည် ။ တစ်ရွာ တည်း သာ နေလာ ခဲ့ကြသော်လည်း ရွာ တွင် ရှိစဉ် က သမီးရည်းစား များ မဟုတ်ကြပေ ။


နှစ်ဦး စလုံး မှာ စီးပွားရေး အခြေအနေ မကောင်း သလို ၊ ဆွေမျိုးသားချင်း အမှီသဟဲ လည်း ကောင်းကောင်း မရှိကြချေ ။ အဒေါ် ဝမ်းကွဲ တစ်ယောက် အိမ် တွင် ခင်မေ မှာ ကပ်ရပ် နေခဲ့ ရသည် ။ တစ်နေ့ ထို အဒေါ် က ရန်ကုန် ခေါ် လာပြီး ယခု ခင်မေ ရောက်နေသော ကု,လားသူဌေး ထံ အပ်နှံ ထား ခဲ့သည် ။ ခင်မေ တစ်လ ကို ငါးဆယ် ရရှိ ပေသည် ။ အဝတ်အထည် နှင့် အစားအသောက် အတွက် ပါ မပူပင် ရ သဖြင့် ခင်မေ ရသော ငွေငါးဆယ် မှာ တိုလီမိုလီ ဝယ်ရုံ မှ အပ အသားတင် လေးဆယ် လောက် တော့ လတိုင်း လိုလို စု မိ နိုင်ခဲ့သည် ။ သူ စု လို့ ရသည့် ငွေ အထဲ မှ မောင်သာဇံ ၏ ငွေ နှင့် ပေါင်း ထားပြီး ဆိုက်ကား ကိုယ်ပိုင် ဝယ် ရန် နှစ်ယောက် သား တိုင်ပင် ကြသည် ။ ကိုယ်ပိုင် ဆိုက်ကား ဝယ်ပြီး မှ ခင်မေ က ဈေး ရောင်းမည် ။ မောင်သာဇံ က ဆိုက်ကား နင်းမည် ။ ပြီးလျှင် ကလေးများ နှင့် ပျော်ပျော် နေကြမည် ဟု နှစ်ယောက် သား တွက်ကိန်းများ ချထားပြီး ဖြစ်သည် ။


မောင်သာဇံ မှာ လည်း ခင်မေ ကဲ့သို့ပင် ရွာ တွင် နေခဲ့စဉ်က စာရင်းငှား လုပ်ခဲ့ရသည် ။ နောက် လယ် လုပ်ငန်း ကို အေးအေးချမ်းချမ်း မလုပ်ရ သဖြင့် ရန်ကုန် ကို တက်လာခဲ့သည် ။ ပထမ မြူနီစပယ် တွင် မိတ်ဆွေ တစ်ယောက် နှင့် ဆက်သွယ် မိ သဖြင့် အမှိုက်သိမ်း တစ်နေ့ သုံးကျပ် ဆယ့်ငါးပြား နှင့် လုပ်ခဲ့သည် ။ နှစ်အတန် ကြာ ပြီး ရန်ကုန် တွင် ရေလည် လာ ကာ မှ ဆိုက်ကားနင်း ဘဝ ကို ပြောင်း လုပ်သည် ။ ယခု ဆို လျှင် စားစားသောက်သောက် ဖြင့် တစ်နေ့ ငါးကျပ် ၊ ခြောက်ကျပ် ကိုယ့် တွက် ကျန် ခဲ့သည် ။ ၎င်းတို့ ကို ဖဲ့၍ ဖဲ့၍ စု လာ ခဲ့သည် ။


ခင်မေ နှင့် ဆိုက်ကား နင်းရင်း တွေ့ ခဲ့ကြသည် ။ ရွာ မှာ နေစဉ်တုန်း က တစ်ဦး ကို တစ်ဦး ခပ်စိမ်းစိမ်း နေခဲ့ကြ သော်လည်း ရန်ကုန် ကို ရောက် မှ မြင်တွေ့ပြီး တစ်ဦး ကို တစ်ဦး မောင်နှမ လို ခင်မင် လာခဲ့ကြသည် ။ ဆွေမဲ့ မျိုးမဲ့ အခြေအနေမဲ့ များ ဖြစ်ကြရ၍ လည်း တစ်ဦး ကို တစ်ဦး အားထား လာ ကြသည် ။ တစ်ဦး ကို တစ်ဦး ယုံကြည် လာ ကြသည် ။ တစ်ဦး ကို တစ်ဦး သံယောဇဉ် ရှိ လာ ကြသည် ။ ထို့နောက် ချစ်ကြိုက် ခဲ့ကြပြီး အိမ် တစ်ဆောင် မီး တပြောင် နေ နိုင်ဖို့ တိုင်ပင်ခဲ့ကြသည် ။ ခင်မေ သည် မောင်သာဇံ ကို တကယ် ချစ်၍ တကယ် မြတ်နိုး သလို မောင်သာဇံ ကလည်း ခင်မေ ကို တကယ် မြတ်နိုး ၊ တကယ် တွယ်တာ ခဲ့လေသည် ။


ခင်မေ သည် ရန်ကုန် ရောက် လာကာ မှ တစ်သွေး တစ်မွေး ဖြစ်လာသည် ။ မြင်စ က ခင်မေ ကို ရုတ်တရက် မမှတ်မိ ။ ခင်မေ က ဝမ်းသာအားရ .. 


“ ဟောတော့ ... ကိုသာဇံကြီး ”


ဟု အထိတ်တလန့် အော် ခေါ် နှုတ်ဆက် သည့် တိုင် မောင်သာဇံ သည် ဆိုက်ကား ပေါ် မှ ဆင်းရတော့ မလို မဆင်းရတော့ မလို ၊ ဝါးဖပ်ဦးထုပ် ကို ချွတ်ရတော့ မလို မချွတ်ရတော့ မလို ၊ ရင် ထဲ မှာ ဟာ သလိုလို ပြည့် သလိုလို ၊ ဝမ်းသာရ သလိုလို ၊ ဝမ်းနည်းရ သလိုလို မဖော်ပြ တတ်သော ဝေဒနာ ကို ခံစား လိုက်ရလေသည် ။


“ ကိုသာဇံ ဒီက ခဏ စောင့် နေနော် ၊ ကျုပ် အပေါ်ပြန် တက်ပြီး ခဏနေ ဆင်းခဲ့မယ် ၊ အားရပါးရ စကား ပြောရအောင်ပါ တော် ”


ဟု မှာ ထားပြီး ပြန် ဆင်း လာသည် ။ ထို ရက် မှ စ၍ ယခု ရက် တိုင် ယခု အခြေ တိုင် ရောက်လာခဲ့သည် မှာ နှစ်နှစ် ခရီး သို့ ပင် တိုင်ခဲ့ လေပြီ ။ နှစ်နှစ် အတွင်း တစ်ခါ မျှ ပျက်ကွက်လေ့ မရှိသော ခင်မေ ယနေ့မှ ဘာကြောင့် နောက်ကျ နေရပါလိမ့် ဟု နောက်ဆုံး အတွေးကြော ပြတ်ချိန် ဝယ် မောင်သာဇံ ၏ စိတ် မှာ တထင့်ထင့် ဖြစ်လာရ ပြန်လေ၏ ။


•••••   •••••   •••••   •••••


“ ကိုသာဇံ စောင့်ရတာ ကြာပြီလား ဟင် ”


ဟု ခင်မေ ၏ အသံနွဲ့နွဲ့ ကလေးကို ကြားရ မှ မောင်သာဇံ သတိ ပြန်ရ လာလေသည် ။ ခင်မေ ဘယ်အချိန် က သူ့ အနား ရောက်လာရပါလိမ့် ။ သူ သည် ယခု မှ အပူလုံးကြီး ကျသွား သလို ခင်မေ ၏ ဝိုင်းစက်ဝန်းပြည့်သော မျက်နှာ ကို အကျေနပ်ကြီး ကျေနပ်ဟန် ဖြင့် ကြည့် လိုက်၏ ။ ရင် ထဲ မှ သက်ပြင်း ကို မှုတ်ထုတ် ရင်း ပြုံး လိုက်၏ ။ ရင် ထဲ မှာ လှိုက်၍ ဝမ်းမြောက် လာ သဖြင့် မျက်နှာ မှာ ကြည်လင်တောက်ပ နေ၏ ။ တဖျပ်ဖျပ် မျက်တောင် ခတ်ရင်း ခင်မေ့ ကို ထပ်၍ ပြုံး ပြ၏ ။ ခင်မေ က ပြန် မပြုံး ၊ သူ့ အကြည့် ကို လွှဲသလို မျက်နှာ အောက်ချ ထား၏ ။ ဆိုက်ကား ပေါ် ရုတ်တရက် မတက် ၊ ခပ်ဖင့်ဖင့် လုပ် နေ၏ ။


မောင်သာဇံ ရင် တစ်ခုလုံး ဒိတ်ခနဲ ဖြစ်သွား၏ ။ ဘာဖြစ်လို့လဲ ခင်မေ ရယ် ... ဟု မျှ မှ မမေးသော်လည်း ခေါင်း ကို ငဲ့၍ ဆိုက်ကား ဘေး ခင်မေ ၏ မျက်နှာ ကို အကဲ ခတ် ၍ ကြည့်နေ မိသည် ။


“ သွားရအောင် ကိုသာဇံ ၊ အေးအေးဆေးဆေး ကျမှ ခင်မေ ပြောမယ် ”


ဟု ခင်မေ က ပြောပြောဆိုဆို ဆိုက်ကား ဘေးတွဲ ပေါ် သို့ တက်ထိုင် မှ သတိ ရကာ လမ်းမကြီး ဘက် သို့ တွန်း၍ နင်း တက်ပြီး တစ်လှိမ့် ချင်း လှိမ့်လာခဲ့၏ ။


တစ်လမ်းလုံး ခင်မေ မှာ မျက်လွှာ ချ ၍ တိတ်ဆိတ်စွာ လိုက်ပါလာ ခဲ့သည် ။ မောင်သာဇံ က လည်း မေးချင် လျက် က တိတ်ဆိတ်စွာ ပင် ခင်မေ ကို အကဲ ခတ်ရင်း နင်းလာခဲ့၏ ။


လူ ရှင်းသော ဆိပ်ကမ်း တစ်နေရာ ကို ရောက်လာ ကြ၏ ။ ဆိုက်ကား ကို ရပ် လိုက်သည် ။ ခင်မေ သည် ဆိုက်ကား ပေါ် မှ ဆင်းကာ ကမ်းနဖူး အုတ်ခုံကလေး တစ်ခုပေါ် တွင် ထိုင် လိုက်၏ ။ မောင်သာဇံ လည်း ခင်မေ နှင့် ကပ်လျက် ဝင် ထိုင်လိုက်၏ ။


လေအေးကလေး တိုက်ခတ် လာသည် ။ ဒီရေ တက် နေသဖြင့် မြစ်လုံး ပြည့်လျှံ နေသည် ။


ခင်မေ့ ရင် မှာ လည်း ပြောစရာများ ပြည့်လျှံ နေပေသည် ။ သို့သော် ခင်မေ တိတ်ဆိတ် နေသည် ။ ငြိမ်သက် နေသည် ။ ငေးငေးနေသည် ။


“ ခင်မေ …  ဘာဖြစ်လာသလဲ ဟင် ”


မောင်သာဇံ က တိုးတိုးသက်သာ မေးရင်း ခင်မေ ၏ ပခုံး ကို ဆွဲ၍ သူ့ ဘက် သို့ လှည့် စေ၏ ။


“ ဟင် ... ခင်မေ ငိုနေပါလား ”


ခင်မေ သည် မောင်သာဇံ ၏ ရင်ခွင် မှာ မျက်နှာ အပ် ကာ ရှိုက်၍ ရှိုက်၍ ငို နေသည် ။ မျက်ရည်များ တစ်ပေါက် ချင်း လိမ့်ဆင်း လာကြ၏ ။ ခပ်ဖြည်းဖြည်း ရှိုက် ရာမှ တိုး၍ တိုး၍ ရှိုက် လာ၏ ။ မောင်သာဇံ ၏ ရင်ခွင် သို့ ဖိပြီး တိုးရင်း မှ အသံ ထွက်သည် အထိ ငို မိလိုက်တော့၏ ။ မောင်သာဇံ မှာ ထိတ်ထိတ်ပျာပျာ ဖြစ်သွား၏ ။ ခင်မေ ၏ ကိုယ်လုံးကလေး ကို သိမ်းဖက် ထား၏ ။ လက်ကလေးများ ကို ယူ ကာ ဖျစ်ညှစ်ထား၏ ။


“ ဘာဖြစ်တာလဲ ခင်မေ ရယ် ၊ နင့် သခင် က မနေရတော့ဘူး လို့ ပြောလို့လား ”


ခင်မေ ခေါင်း ကို ယမ်းသည် ။ ရှိုက်မြဲ ရှိုက်နေ၏ ။


“ ဒါဖြင့် ဘာဖြစ်သလဲ ၊ ပစ္စည်း ပျောက်လို့များ နင့် ကို ဆူပူကြိမ်း လို့ လား ”


ခင်မေ က ခေါင်း ကို ယမ်း ပြ၏ ။ ရှိုက်မြဲ ရှိုက် နေသည် ။


“ ကလေးတွေ တစ်ခုခု ဖြစ်လို့ နင့် ကို ရိုက် လို့လား ”


ခင်မေ က ခေါင်း ကို ခါ ပြသည် ။


“ ဒါဖြင့် ဘာဖြစ်တာလဲ ဟာ ငါ့ ကို ပြောစမ်းပါဦး ”


ခင်မေ က အရှိုက် ရပ် သွားသည် ။ မောင်သာဇံ ကို လက် နှစ်ဖက် နှင့် ဖက်၍ မောင်သာဇံ ၏ မျက်နှာ ကို မော့ ကြည့်သည် ။


ပြီးလျှင် ..


“ ကိုသာဇံ ၊ ခင်မေ ကို တကယ် ချစ်ပါတယ် နော် ”


ဟု မေး၏ ။ ရှိုက်သံ ပါ နေသဖြင့် မပီမသ ဖြစ် နေ၏ ။ မောင်သာဇံ က တော့ နားလည် ပါသည် ။


“ ဒါ …  မေးနေရသေးသလား ခင်မေ ရယ် ”


ဟု သက်ပြင်း ချ ရင်း ပြုံးပြီး ပြော လိုက်၏ ။


“ ကျုပ် လည်း တော့် ကို ချစ်ပါတယ် တော် ၊ နှစ်နှစ်ကာကာ အားကိုးတကြီး နဲ့ ကျုပ် ချစ်တာပါ တော် ”


ဟု ပြောပြီး ရှိုက် နေ ပြန်၏ ။


“ ဒါ ... ဘာဖြစ်သလဲ ခင်မေ ရယ် ”


ဟု နားမလည် သလို မေး လိုက်ပြန်၏ ။


“ ကျုပ် ဟာ တစ်ကောင်ကြွက် ပါ နော် ၊ ကိုသာဇံ ”


“ ခင်မေ ရယ် ဒါ အဆန်းလား ၊ နင် တစ်ကောင်ကြွက် ဖြစ်သလို ငါ လည်း တစ်ကောင်ကြွက် ပါ ပဲ ခင်မေ ရယ် ၊ နင် … ငါ့ ကို အားကိုး သလို ငါ လည်း နင့် ကို အားကိုး တာပဲ မဟုတ်လား ”


ခင်မေ က ခေါင်းညိတ် ပြ၏ ။ မျက်ရည်စများ ကို သုတ်ရင်း မောင်သာဇံ ၏ မျက်နှာ ကို လက်ဖဝါးနှစ်ဖက် ဖြင့် ပွတ် စမ်း ရင်း


“ ခင်မေ တစ်ခု ပြောပါရစေ ကိုသာဇံ ”


ဟု ဆိုနေ ပြန်၏ ။


“ ပြောပါ ခင်မေ ၊ ငါ က လွဲပြီး နင့် မှာ တခြား ပြောစရာ လူ မရှိပါဘူး ၊ ငါ့ မှာ လည်း နင့် လို ပါပဲ ”


“ ပြောရမှာ ရှက် လည်း ရှက်ပါတယ် တော် ၊ ပြီးတော့ တော့် ကို လည်း သိပ် သနားတယ် ”


မောင်သာဇံ သည် ခေါင်းနားပန်း ကြီး သွား၏ ။ ဘာများ ပြောရမှာ မို့ လဲ ခင်မေရယ် ဟု စိတ် တွင်း မှ ညည်းညူရင်း အလုံးကြီး မျိုချ လိုက်ရ၏ ။


“ ပြီးတော့လေ တော် ကျုပ် ကို မုန်းပြီး ပစ်သွား မှာ လည်း သိပ် ကြောက်တာပဲ တော် ရယ် ”


“ ပြော မှာ သာ ပြောစမ်းပါ ခင်မေ ရယ် ၊ ငါ စိတ်ပူလှပြီ ။ နင့် ကို ငါ ဘယ်တော့ မှ မမုန်းပါဘူး ၊ ပစ်လည်း မပစ်ပါဘူး ”


ခင်မေ သည် မည်ပုံ မည်နည်း ပြောရမည်နည်း ဟု ခပ်တွေတွေ စဉ်းစား ပြီး ကာ မှ ...


“ ဒီလိုတော့ ... ၊ ဟို တစ်နေ့ က ကျုပ်တို့ အစ်မ က တညင် ကို သွားစရာ ရှိလို့ သွားတယ် ၊ ကျုပ် က အိမ် မှာ ကလေးတွေ နဲ့ နေရစ် ခဲ့ ရတယ် ”


“ အစ်ကို က နေ့ခင်း မှာ အလုပ် က နေပြီး ပြန် လာတယ် ။ ကလေး တွေ လည်း အိပ် နေ ကြတုန်း ၊ အစ်ကို နေ့လယ်စာ စားရအောင် ဆိုပြီး ကော်ဖီ ဖျော် ၊ မုန့် တစ်ပွဲ ပြင် ပေး နေတုန်း အစ်ကို က ကျုပ် ကို အမှတ်တမဲ့ ဗြုန်းခနဲ အတင်း ဖက် ပြီးတော့ ကြံ တယ် တော့ ”


မောင်သာဇံ မှာ မျက်လုံး ပြူး သွား တော့၏ ။ ဆုပ်ကိုင် ထားသော ခင်မေ ၏ လက်များ ကို လွှတ်ပစ် လိုက်၏ ။ ပြူးကျယ် သော မျက်လုံး များ ဖြင့် ခင်မေ ကို ကြည့် လိုက်၏ ။ မနည်း စိတ် ကို ချုပ်တည်း ထားရဟန် ရှိ၏ ။ အလိုလို လက်သီးများ ကို ဆုပ်ထား လိုက် မိ၏ ။ မောင်သာဇံ သည် ခင်မေ ဆက် ပြောမည် ကို မကြားချင် တော့ ချေ ။ သို့သော် ခင်မေ က ဆက် ပြောသေး၏ ။


“ ကြံတယ် ဆိုပေမဲ့ မအောင်မြင်ပါဘူး တော် ၊ ကျုပ် က အတင်း အော်ပြီး ရုန်း လိုက်တာပဲ ။ ရုန်းတာ နဲ့ ပဲ ကြောင်အိမ် ပေါ် က ပုလင်းတွေ ၊ ဖန်ခွက်တွေ တိုက် မိပြီး ကျကွဲ ကုန် တာပေါ့ ၊ အဲဒီမှာ ကလေးတွေ လည်း နိုး လာပြီး ထမင်းစားခန်း ထဲ ပြေးဝင်လာကြတယ် ။ ဒါနဲ့ သူ လည်း ကိုယ်ရှိန် သတ်ပြီး နောက် ဆုတ် သွားတယ် ။ ကျုပ် က တော့ ငိုတော့ တာ ပဲ ၊ တော့် ဆီ ကို ဒရောသောပါး ပြေးလာခဲ့ ချင် တာပဲ ”


“ အကြံ မအောင်မြင်ဘူး ဆိုတာ နင် တကယ် ပြောတာ နော် ၊ ငါ့ ကို တော့ မညာပါဘူး နော် ”


“ တကယ် ပြောတာပါ တော် ၊ ဘုရားပေးပေး ကျမ်းပေးပေး ပါ တော် ၊ ကိုသာဇံ ကို လည်း ကျုပ် မညာပါဘူး တော် ”


“ နင် က အကျိုးအကြောင်း ကို နင့် အစ်မ ပြန်လာတော့ မတိုင်ဘူးလား ”


“ မတိုင်ရသေးဘူး တော့ ”


“ နင် တိုင်ရမှာပေါ့ ၊ ဘာလဲ နင်က အလို တူ လို့ မတိုင်ဘဲ နေရတာလား ၊ နောက် ဒါထက် ကဲလာရင် ဘယ်လို လုပ်မလဲ ”


“ အလို တူ လို့ မတိုင်တာ မဟုတ်ပါဘူး တော် ၊ ကိုသာဇံ က လည်း ကျုပ် က အစ်မ လာရင် တိုင်မယ် ပြောတော့ အစ်ကို က နင် မတိုင်နဲ့ ၊ ငါ နင့် ကို ရွှေဆွဲကြိုးလေး တစ်ခု ပေးမယ် ပြောလို့ ရွှေဆွဲကြိုးလေး ရအောင် မတိုင်ဘဲ နေတာပါ တော် ”


မောင်သာဇံ သည် ဖျတ်ခနဲ ခင်မေ ဘက် ကို လှည့် ကြည့်လိုက်သည် ။ မျက်လုံးများ မှာ မီးတောက် နေသည် ။


“ တော် … ခင်မေ … တော် ၊ ငါ စိတ်မချဘူး ၊ နင် အဲဒီ အိမ် ကို လည်း မပြန်နဲ့ တော့ ၊ အခု တစ်ခါတည်း ငါ့ ဆီ လိုက် နေတော့ ”


“ မဖြစ်သေးပါဘူး ကိုသာဇံ ရယ် ၊ တစ်ခါတည်း လိုက်တော့ ကျုပ် ပစ္စည်းလေး တွေ ဘယ့်နှယ် လုပ် ယူ မလဲ ”


“ ဘာပစ္စည်းလဲ ၊ ဘယ်လောက် များ လို့ လဲ ၊ ပြန်ပြီး ထူထောင်မှာ ပေါ့ ၊ ငါ့ မှာ လည်း အသင့်အတင့် စု ထားပြီး ရှိပါတယ် ဟာ ” ဟု မောင်သာဇံ ပြော လိုက်၏ ။


ခင်မေ တွေ ၍ စဉ်းစား နေသည် ။ ပြီးမှ တစ်စုံတစ်ခု သတိရ သလို မောင်သာဇံ ကို မော့ ကြည့်ပြီး ...


“ ကိုသာဇံ ကျုပ် အခု ပြန်ပြီး သုံးရက် လောက် နေမယ်လေ ၊ ဒီ အတွင်း အစ်မ လည်း ရှိနေတာပဲ ၊ ပြီးတော့ ကျုပ် ကလည်း သတိ နဲ့ နေ မှာပေါ့ တော် ”


“ ဘာ ပြန်လုပ်ရမှာလဲ ဟာ ”


ဟု မောင်သာဇံ က ညည်း လိုက်၏ ။


“ ဒီလိုလေ ... ကိုယ့် ပစ္စည်းကလေးတွေ လည်း သိမ်း ၊ ကိုယ် စုထားတဲ့ ငွေကလေး လည်း ပြန် ယူ ၊ ဒီ အတွင်း အစ်ကို့ ဆီ က ရွှေဆွဲကြိုးလေး လည်း ရ လာမှာပေါ့ တော် ”


ဟု ပြုံးစစ နှင့် မောင်သာဇံ ၏ မျက်နှာ ကို ကြည့် ရင်း ပြောလိုက်၏ ။


“ ရွှေဆွဲကြိုး ဘာလုပ်ဖို့လဲ ”


“ ဘာ လုပ်ရမှာလဲ ရောင်း စားရင် ရှင့် ဖို့ ဆိုက်ကား ကိုယ်ပိုင် လွယ်လွယ် ဝယ် နိုင်တာပေါ့တော် ”


ဟု ခင်မေ က ပိုင်နိုင်စွာ ပြောလိုက်၏ ။


မောင်သာဇံ တွေဝေ သွားသည် ။


ကိုယ်ပိုင် ဆိုက်ကား လွယ်လွယ် ဝယ် နိုင်တာပေါ့ ဆိုသည် ကို နား မှ မထွက် နိုင်အောင် ဖြစ်သွားသည် ။ ငြိမ် ၍ စဉ်းစား နေသည် ။


နောက်မှ တစ်စုံတစ်ခု ဆုံးဖြတ်သလို လုပ်ပြီး မှ ...


“ ကောင်းပြီလေ ၊ သိမ်း စရာ ရှိတာ သိမ်း ၊ မနက်ဖြန် မနက်ကျတော့ ရှစ်နာရီ လောက် ငါ လာ ခေါ်မယ် ၊ တစ်ခါတည်း သာ အကျိုးအကြောင်း ပြောပြီး ဆင်း ခဲ့တော့ ၊ ဒီ အတွင်း မှာ လည်း သတိ ထား ပြီးတော့ နေ ၊ မနက်ဖြန် တော့ လိုက် ဖြစ်အောင် သာ လိုက်ခဲ့တော့ ကြား လား ”


ဟု ခပ်မာမာ ခပ်ပြတ်ပြတ် ပြောလိုက်၏ ။


ခင်မေ သည် မောင်သာဇံ ကို နားမလည်သော မျက်လုံးများ နှင့် ကြည့် လိုက်ရင်း ...


“ ဟင် .. နေမယ် ဆိုရင် ရွှေဆွဲကြိုးကလေး ရတဲ့ အထိ နေလိုက် ရင် မကောင်းဘူးလား ကိုသာဇံ ရယ် ”


ဟု အသနား ခံသော လေကလေး ဖြင့် မေး ရှာသည် ။


“ တော် … ခင်မေ ၊ နင့် ရွှေဆွဲကြိုး ကို မမက်နဲ့ တော့ ၊ နင် ဘာမှ မသိဘူး ၊ နင် ဘာမှ နားမလည်ဘူး ၊ ဒီကောင် ကုန်သည်မျိုးတွေ ဟာ အမြတ် မရဘဲ ဘာမှ မလုပ်ကြဘူး ၊ နင့် ကို ဆွဲကြိုး ပေး ပြီးတော့ ဒီကောင်ကြီး ဘယ်လောက် အမြတ်ထုတ် သွားမလဲ ဆိုတာ နင် ဘာမှ မသိဘူး ၊ အမြတ် မရဘဲနှင့် နင့် ကို ရွှေဆွဲကြိုး အလကား ပေးပါ့ မလား ဟ ”


နောက်ဆုံး အော် ပြောလိုက်သည့် အသံ မှာ ကျယ်လောင်လှတော့၏ ။ ရေပြင် ဆီ မှ ပင် ပဲ့တင် ထပ် သွား၏ ။ စောစောက မနီးမဝေး မှ အော်နေသော ပုရစ်သံကလေးများ တိတ်ဆိတ်သွား ကြ၏ ။


ခင်မေ ပင် လျှင် လန့်ဖျပ် ပြီး မျက်စိ မျက်နှာ ပျက် သွား၏ ။ မောင်သာဇံ ကို ကြောက် သလို လည်း ဖြစ် သွား၏ ။


“ ဒါဖြင့် လည်း ရွှေဆွဲကြိုး ကို ကျုပ် မယူတော့ပါဘူး တော် ”


ဟု အလိုလို ပြောမိလျက်သား ဖြစ်သွား၏ ။


“ ဒါပေါ့ဟာ …၊ နင် နဲ့ ငါ နှစ်ယောက် ရှာဖွေ စုဆောင်း ပြီးတော့ နင့် စိတ်ကြိုက် ဆွဲရ ပါစေမယ် ခင်မေ ရယ် ၊ ဒါအတွက် သိပ် မက် မနေပါနဲ့ဟယ် ”


ဟု လေပျော့ကလေး နှင့် ချော့ရင်း ခင်မေ ၏ ကျော ကို လက်နှင့် ပွတ် ပေး နေ၏ ။


ခင်မေ က ခေါင်းညိတ် လိုက်သည် ။


မောင်သာဇံ ၏ ရင် မှာ ပေါ့ပါး သွား၏ ။


ထိုအခိုက် ရန်ကုန် ဆိပ်ကမ်း ဆီသို့ ဝင် လာသော သင်္ဘော မှ ဥဩရှည်ကြီး မှုတ်သံ ကြား ရ၏ ။ သင်္ဘော မှ ထိုး လာသော မီးမောင်းကြီး သည် ရေ ပြင် ကို ဝင်း ခနဲ လက် သွား၏ ။


ထို မီးမောင်း သည် မောင်သာဇံနှင့် ခင်မေ တို့ နှစ်ယောက် ဆီ သို့ တည့်တည့်ကြီး ဖြာကျ လာ၏ ။ နှစ်ယောက်သား တစ်ဦး ကို တစ်ဦး မျက်နှာချင်း ဆိုင် လိုက် မိကြ၏ ။


သူတို့ မျက်လုံးများ မှ အရောင်တို့ သည် သင်္ဘော မီးရောင်ကြောင့် တောက်ပ နေကြ၏ ။ တစ်ဦး ကို တစ်ဦး နားလည်ခြင်း ၊ ချစ်ခြင်း ၊ ခင်ခြင်း ၊ ယုံကြည်ခြင်း ၊ အားကိုးခြင်းဖြင့် ဖက်ထား လိုက်ကြသည် ဖြစ်ခြင်းကား ဆိုဖွယ်ရာ မရှိပြီ ။


◾မင်းဏီ


📖 ထို


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment