🔳 စာ ကို စေရလေပြီ
၃ - ယောက်သား အိမ် အောက် ရောက်ကြသည် ၌ စောထွန်း က
“ ဪ .... ဒီ ယောက်ဖကြီး မျိုး ရတာ က တော့ နို့ ဆွဲညှစ် လိုက်တိုင်း စကော့ခ်ျဝီစကီ ထွက်တဲ့ နွားမ ရ ထား တာ နဲ့ အတူတူ ဘဲဗျ ”
မြင့်မြင့် က “ မဟုတ်တရုတ် ပလုပ်တုတ် ” ဟု ဆို၍ သူ ရင် နှင့် ကျော ကို လက်သီး နှစ်ဖက် နှင့် ထု ၊ သော်တာစိန် က လည်း -
“ ခင်ဗျား ဟာ က လဲ ကြံကြံဖန်ဖန် ဗျာ ”
“ ဪ ... ကိုယ် ကြိုက်တာ ပြောရတာကို ဗျ ”
“ ကျွန်တော် နဲ့ မိုးကောင်းဘူတာ မှာ တွေ့ခဲ့ရ တဲ့ ခင်ဗျာ့ ယောက်ဖ တွေ လဲ ကောင်းပါတယ် ဗျာ ”
“ ဟာ ... ဒါပေမဲ့လို့ သူတို့ က တောသား ဖွတ်ကြားတွေ ဗျ ၊ ချက်အရက်လောက် ထွက် တဲ့ နွားမ နဲ့ တူတယ် ”
သော်တာစိန် သည် သူ့ စကား သဘောကျစွာ ပြုံးရယ်ပြီး ၊
“ ခင်ဗျား အရက် သောက် တတ် တာ ဘယ်လောက် ကြာပြီ လဲ ”
မြင့်မြင့် –
“ ဟာ .. သူ ကျောင်းသား ကတည်း က စ တွယ် လာ တာဘဲ ”
စောထွန်း - “ အဲဒီတုန်းက တစ်ခါတစ်ရံ ပေါ့ ဗျာ.. အခုလို နေ့စဉ် မပြတ် သောက်ခဲ့ တာ တော့ ၁၀ - နှစ် လောက်ဘဲ ရှိပါသေးတယ် ”
သော်တာစိန် “ ဟင်း ... သောက်သက် သိပ်မသေးဘူး ” ဟု ဆိုပြီးမှ တစ်ခု သတိရ၍ “ အေး ... မေးထားရ ဦး မယ် ၊ ကိုဘလှိုင် ကော သောက်တတ် သလား ”
စောထွန်း “ ကျောင်းသား တုန်း ကတော့ မသောက်တတ် ဘူး ”
မြင့်မြင့် “ အခု တော ရောက် တော့ သောက် နေရပြီ မသောက် မဖြစ်ဘူး ၊ တော မှာ ငှက်ဖျား ရှိတယ် ၊ ကျွန်မတို့ တောင်မှ အနည်း အကျဉ်း သောက်ခဲ့ရတယ် ။ စည်း နဲ့ ကမ်း နဲ့ ဆေးဖြစ် ဝါးဖြစ် သောက်ရတာပေါ့ လေ ”
စောထွန်း “ ဟ - အရက် မှ ကိုယ် သောက်ချင် သလောက် မသောက်ရရင် နင်တို့ တောခို ရတာ ဘာ အကျိုးရှိတုန်း ဟ ”
မြင့်မြင့် “ အော် ... အရက် သောက် ရအောင် တောခိုကြတာ မှ မဟုတ်ဘဲ ”
စောထွန်း “ နင်တို့ ဝါဒက တစ်မျိုးပဲလေ ... ငါ့ ဝါဒ ကတော့ လူ့ပြည် နေ တာဟာ အရက် သောက် ဖို့ ဘဲ ၊ ဒါဟာ ဘယ် လီနင် ၊ ဘယ် စလာလင် ဆီ က မှ ခံယူတာ မဟုတ်ဘူး ၊ ကိုယ် မူပိုင်ဝါဒ ”
သော်တာစိန် “ ကောင်းဗျာ .. ခင်ဗျာ့ ဝါဒ တယ် ပြတ်သား တယ်”
စောထွန်း ( ခတ်တည်တည်ကြီး နှင့် ) “ ကျုပ် က ဒီ , ဝါဒ ဘယ်သူ့ ကို မှ လဲ မဖြန့်ဘူး ၊ မသိမ်းသွင်းဘူ ... ဟုတ်သလေ တော်ကြာ ဆရာ့ ဝါဒ ခံယူပါတယ် ဆိုပြီး အရက် လာ ကပ်သောက် နေ ခက်နေ အုံးမယ် ”
သော်တာစိန် က “ ဟုတ်ပေါ့ဗျာ ” ဆိုပြီး ၃ - ယောက်သား လမ်းလျှောက်ကြရင်း မို့ အပျင်းလည်း ပြေရန် “ ခင်ဗျား အရက် သောက်ပုံ သောက်နည်းလေး တော့ ခံယူချင်ပါတယ် ဘယ်အချိန် မှာ သောက်တတ်ပါသလဲ ”
“ မိုး ရွာတဲ့ အခါနဲ့ မိုး မရွာတဲ့ အခါ နှစ်ချိန်ဘဲ သောက်ပါ တယ် ”
“ ရှင်းပါပေဗျာ ... နည်းယူဖွယ်လဲ ကောင်းပါပေ့ ”
“ ဆရာ ကော - ဘယ်အချိန် သောက်လဲ ”
“ ကျုပ် ကတော့ ယောက်ခမကြီး အိပ်နေချိန် နဲ့ နိုးနေချိန် မှာ သောက်ပါတယ် ”
စောထွန်း က ရီမော ၍-
“ ဟာ - ဟား ဒီလိုဆို ဆရာ အရက် မသောက်ရတော့ဘူး ”
“ ဘာကြောင့် ”
“ အခု - မြင့်မြင့် မှာ အမေ ရော အဖေ ရော မှ မရှိတော့တာဘဲဗျ ”
သော်တာစိန် မြင့်မြင့် ဘက် လှည့်၍ ၊
“ နို့ - မြင့်မြင့် ပြောတော့ သူ တောခို နေတုန်း အမေ က အသဲ အသန် ဖြစ်လို့ သမီး ပြန်လာပါ ၊ မလာရင် သမီး အတွက် သေရ ပါလိမ့်မယ် ဆိုလို့ ပြန်ခဲ့ရတာ ဆို ”
မြင့်မြင့် “ အဲဒီတုန်းက ရှိသေးတယ် ဆရာ ရဲ့ ၊ ကျွန်မ ရောက်တော့ ပြန် သက်သာတယ် ။ ဒါပေမဲ့ နောက် နှစ် တော့ အဲဒီ မီးယပ်ရောဂါ ပြန် ထ ပြီးတော့ ဆုံးတာပါဘဲ ”
ဤတွင် စောထွန်း က “ အဲဒါ နင့် အပြစ်ဘဲ ”
မြင့်မြင့် “ ဘာကြောင့်လဲ ရှင့် - ကျွန်မ က မေမေ အတွက် တောခို ရာ က တောင် ပြန်လာခဲ့ရပြီကော ”
စောထွန်း “ အဲဒါကြောင့် ပြောတာပေါ့ ၊ နင် ပြန်လာခဲ့ လို့ နင့် အမေ သက်သာတဲ့ အခါမှာ နင် ပြန် တောခို ဖို့ ကောင်းတယ် ”
မြင့်မြင့် “ ဘာဖြစ်လို့လဲ ”
သော်တာစိန် က တော့ စောထွန်း ဘာ ပြောမည် ကို ကြို သိ နေ၍ ပြုံး နေသည် ။
စောထွန်း က “ ဟ - နောက်နှစ် နင့် အမေ အဲဒီ ရောဂါ ပြန် ဖြစ် တဲ့ အခါမှာ နင် က တော က တစ်ခါ ပြန်လာ ခဲ့တော့ ဒီ ရောဂါ သက်သာ သွား ပြန်ရော မဟုတ်လား ၊ ဒီလိုချည်း နင် က တော ခို လိုက် အမေ မီးယပ်ရောဂါ ထ လိုက် ၊ နင် ပြန် အလင်းဝင် လိုက် နင့် အမေ သက်သာ သွား လိုက် ၊ နင် တော ပြန် ခို လိုက် လုပ် နေရင် နင့် အမေ ခုထက် ထိ သေ မှာ မဟုတ်ဘူး ”
သော်တာစိန် က သဘောကျ စွာ ရီမော နေ၍ မြင့်မြင့် စိတ် မရှည်တော့ ဟန် ဖြင့် -
“ တော်စမ်းပါတော့ရှင် ... မဟုတ်တရုတ်တွေ ပလုပ်တုတ် တီး လိုက်ရ ဦး မလား - ဟင်း ... ”
သို့သော် စောထွန်း က ခပ်တည်တည် နှင့် ဆက်လက် ၍
“ မိန်ကလေးများ အဲဒါ ဉာဏ် မရှိတာ .. အခုတော့ တို့ ဆရာ ယောက်ခမ မရှိတော့ သူ့ စကား အရ အရက် သောက်ဖို့ လမ်း မရှိတော့ဘူးပေါ့ ”
ယင်း၌ သော်တာစိန် က -
“ ဒါဖြင့် ကျွန်တော် စကား ပြန် ပြောင်းမယ်ဗျာ ”
စောထွန်း “ ဘယ်လို ပြောင်း မလဲ ”
စိန် “ ယောက်ဖကြီး အိပ်ချိန် နဲ့ မအိပ်ချိန် မှာ ... ”
စောထွန်း သဘောကျ စွာ ဖြင့် -
“ ဟုတ်ပြီ ... အဲဒါ အလုပ် ဖြစ်သွားပြီ ”
မြင့်မြင့် “ အမယ်တော် .. သူတို့ဘဲ မဟုတ်တရုတ်တွေ မနား တမ်း ပြောနိုင်ကြတယ် ”
သည်တော့ စောထွန်း က မြင့်မြင့် ကို လက်ညိုး ငေါက်ငေါက် ထိုး ၍ -
“ ဟဲ့ - ကာလဆန်ဆန် ယမင်းကညာ တစ်ယောက် ရဲ့ ၊ ဟာသ ဉာဏ် ဆိုတာ ပျင်းတာ ပျောက်သကွဲ့ ၊ ဟောဒီ နင်းတာ ရှောက်တာ တောင်မှ ( ခြေလှမ်း ကျကျ နင်းပြ ၍ ) ခြေမြှောက် ရတယ် မအောက်မေ့ဘူး .... နားလည်သလား ”
သော်တာစိန် က “ အောင်မယ် ... ကိုစောထွန်း က ကဗျာ ဉာဏ် လဲ မခေပါလား ”
စောထွန်း “ ကဗျာဉာဏ် မခေဆို စာ အတန်တန် ပွေ လိုက် တော့ ဟောဒီ မြင့်မြင့် နှာတန် ရှည်တာ ဟာ - ဘာကြောင့်လဲ ဆို တာ သိလာရသဗျ ”
သော်တာစိန် “ အမယ် .. တယ် ... ဟုတ်ပါလား ဆိုစမ်းပါဦးဗျာ ”
မြင့်မြင့် “ အောင်မယ်လေး ရှင် ... သူတို့ နှစ်ယောက် အတိုင်ဖေါက် က လဲ ညီပါဘိ ”
စောထွန်း “ အတိုင်အဖေါက် ညီ ဆို ဟောဒီလို ... ဟောဒီလို စတိုင် နဲ့ ရှောက်မည် ကို ဗျ ”
သော်တာစိန် က သူ့ ဟန်ပန် ကြည့်၍ ရယ်မောပြီး -
“ ကဲ - ဗျာ ... မြင့်မြင့် နှာတံ ရှည်တာ ပြောစမ်းပါအုံး ”
မြင့်မြင့် က သော်တာစိန် အား စွေစောင်းစောင်း ကြည့်၍ ၊
“ အောင်မယ်လေး .. သူ ကလဲ ဟဲ့ - ”
စောထွန်း က မြင့်မြင့် အား ဂရု မစိုက်ဘဲ -
“ သူ နှာတံ ရှည်တာက ဒီလို ဆရာ .. သူ မမွေးခင် သူ တို့ အဖေ က အိန္ဒိယား က ဆင်ကြီး တကောင် ဝယ် လာတယ် ၊ အဲဒီ ဆင်ကြီး ကို သူ့ အမေ က သိတ် သဘောကျတာ ကို .. အဲဒါကြောင့် အဲဒါကြောင့် ဆရာ့ မိန်းမ နှာတံ ရှည် နေတာ ဆရာ စဉ်းစားမိ ပြီလား ”
“ အင်း ... စဉ်းစားမိပါပြီဗျာ - အိန္ဒိယ အယ်လီဖဲင့် ပေါ့ ”
မြင့်မြင့် က စောထွန်း ကျော ထု လေသည် ။
စောထွန်း “ ဟဲ့ - နင် ငါ့ ကျော ထုရင် မချောနု ဆိုတဲ့ သမီးကလေး ပထမ မွေးရလိမ့်မယ် ၊ အဲ ... ( သော်တာစိန် ဘက် ညွှန်ပြ၍ ) ဟို ကျော ထု မှ ကိုစောပု ဆို တဲ့ သားကလေး မွေးမယ် ၊ အဲဒါ ... ကြိုက် တာ ရွေးတော့ ”
မြင့်မြင့် မှာ အထု ရပ်၍ ရယ်ရပြန်သည် ။
“ သူ ကျောင်းသားတုန်း ကတည်း က ဗလွတ်ရွှတ်နောက် အပြော မှာ ဒီလိုဘဲ ဆရာရေ့ ”
မြင့်မြင့် က သော်တာစိန် အား ပြောသည် ကို စောထွန်း က
“ ဟဲ့ - နင့် လင် နင် ... ဆရာ - ဆရာ ခေါ် မနေပါနဲ့ “ မောင် ” တို့ “ မှောင် ” တို့ လုပ်မှ အရသာ ရှိတော့မပေါ့ ဟဲ့ - ညံ့ လိုက်တာ က လဲ လွန်လို့ ၊ မှောင် တို့ မောင် တို့ လုပ်ပြီး ညု စမ်းပါဟယ် ... ငါ ကဗျာ တစ်ပုဒ် လောက် စပ် ချင်လို့ပါ ”
မြင့်မြင့် “ အို .. ရှင် ကဗျာ စပ်ချင်တာနဲ့ - ဘာ ဆိုင်လို့တုန်း ”
“ ဆိုင်ပြီလား .. နားထောင် ငါ့ ကဗျာ က ဒီလို .. ”
“ ကသာ သူ ကြာမူ က များ ဆရာ တစ်ဆူ လာယူ ၍ သွား - ဟား - ဟား - ကဲ - မကောင်းဘူးလား ” ဟု သော်တာစိန် အား မေး၍ “ ကောင်းပါဗျား ” ဟု ဖြေလိုက်မိသည် ကို ၊
“ ဟား - ဟား ... ဆရာ ကတော့ ကောင်း မှာပေါ့ ၊ ခုလောက် ဆို မြင့်မြင့် လဲ ကောင်းရောပေါ့ ... ဟေ - ဟေ ”
မြင့်မြင့် တစ်အား လိုက် ထု ၍ စောထွန်း ပြေး လေသည် ။ သော်တာစိန်ပါ ပြေး လိုက်ခြင်းဖြင့် သုံးယောက် သား မကြာမီ မော်တော် ရှိသော မြစ်ဆိပ် မျောက်ဆိပ်ပင်ကြီး အောက် သို့ ရောက်ကြ လေ၏ ။
ရေစပ် ဆင်းခဲ့ကြပြီး မော်တော် ကို ဆွဲယူ ပြီး သော် သော်တာစိန် က စာအိတ် ကို စောထွန်း အား ပေး၍ ၊
“ ကဲ ... ကိုစောထွန်း ခင်းဗျား တစ်ယောက် ထဲ ဘဲ သွားဗျာ ”
စောထွန်း မော်တော် ပေါ် တက် ရင်း -
“ ဟာ .. တစ်ယောက် ထဲ ပျင်းစရာကြီး ဗျာ .. ဆရာတို့ က ဘာလို့ မလိုက်မှာလဲ ဗျ ”
သော်တာစိန် “ ကျွန်တော်တို့ နှစ်ယောက် ထဲ ဒီ မြစ်ဆိပ်ရေ စပ် မှာ နေခဲ့ချင်လို့ပါ ဗျာ ”
စောထွန်း “ ဟား - ဟား နားလည်ပြီ ၊ တစ်ပါးကညာ အလှ နဲ့ ညားခါစ ဆိုတော့ မြစ်ရေ ပုဆိုးစိုစိုနဲ့ အချစ်တွေ တစ်မျိုး ပို ချင် လို့ကိုး ဗျ - ပလို့ဂျီ ... ” ဟု ဆိုကာ မော်တော် ကို စက်နှိုး ၍ မောင်းနှင် သွားလေ၏ ။
မြင့်မြင့် နှင့် သော်တာစိန် သည် ကမ်းပေါ် ပြန် တက်ကာ မျောက်ဆိပ်ပင်ကြီး အောက် နှစ်ယောက် သား ရပ် လျက် ကဆုန်လ မိုးဦးကျ ၏ စိမ်းစိုသော လယ်ကွင်းပြင်ကြီး ကို မျှော်ကြည့် နေ လေသည် ။ ဤ မြက်ခင်းပြင်ကြီး တွင် သူတို့ လာခဲ့ ကြသော ကန်သင်းရိုး ခြေလှမ်းကလေး ထင်းထင်း ရှိသည် ။
ဤ လမ်း သည် ပင်လျှင် ယခင် ည က မြင့်မြင့် သည် သော်တာစိန် အား မြစ်ဆိပ် သို့ လိုက် ပို့ခဲ့ခြင်း ဖြစ်ပေသည် ။
◾သော်တာဆွေ
📖 ရွှေပြည်တော်သည်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment