Tuesday, April 25, 2023

မတ္တရာ ဒေါ်ထူးထူး


 

❝ မတ္တရာ ဒေါ်ထူးထူး ❞

[ မတ္တရာမြို့ ဈေး ထဲ ကို မနက် ကိုးနာရီ ကျော် လောက် ရောက် သွားရင် ဈေးဆိုင် တစ်ဆိုင် မှာ လူတွေ ကြိတ်ကြိတ်တိုး နေတာ နေ့စဉ် တွေ့မြင် နိုင်ပါတယ် ။ တစ်ခေတ် တစ်ခါ က သမဝါယမဆိုင် မှာ ဆန် ရောင်း ပေး တဲ့ နေ့ လို လူတွေ တိုး တာပါ ။ အများစု က တော့ ကျေးလက် တောရွာ က လာကြတာ ။ အချို့က တောင်း ကို ခါးစောင်း တင် လို့ ၊ အချို့က တောင်း ကို ခေါင်း ပေါ် ရွက် လို့ ။

ဆိုင်ခန်း က သုံးခန်း ရှိတယ် ။ နှစ်ခန်း မှာ ဆေးဝါး အမျိုးစုံ ရောင်း တယ် ။ တစ်ခန်း မှာ တော့ လူနာတွေ ထိုင် စောင့် ဖို့ ခုံတန်းလျားရှည်တွေ နဲ့ လူနာ ကြည့် ဖို့ ခုတင် တစ်လုံး ချ ထားတယ် ။ ခုတင် က ရှေး ပုံစံ ကျွန်းခုတင် ၊ ပွတ်လုံးတွေ နဲ့ ။ သည် ခုတင် ပေါ် မှာ လဲလျောင်း နေတဲ့ လူနာ ကို ဆရာမ က သွေးပေါင်ချိန် တိုင်းမယ် ၊ နားကျပ် နဲ့ ထောက် ပြီး သွေးတိုးသံ ၊ နှလုံးခုန်သံ ၊ ခန္ဓာကိုယ်တွင်း က သွေးလေ လှုပ်ရှားသံတွေ ကို နားထောင် မယ် ။

ဆရာမ ရဲ့ ပုံစံ က ရှေးမြန်မာ အဒေါ်ကြီး တစ်ယောက် ရဲ့ ပုံ ပါ ။ ပုံရိုး ရင်ဖုံးအင်္ကျီ နဲ့ ။ ဘီးဆံပတ် နဲ့ ။ တစ်ခါတစ်ရံ ဆံထုံး မှာ ဘောပင် တစ်ချောင်း ထိုး လို့ ။

ပွတ်လုံးတွေ နဲ့ ကျွန်းခုတင် ၊ ရှေးရိုးပုံစံ ဆရာမ ဘေး မှာ လည်း လူနာတွေ က မတ္တရာမြို့ ဝန်းကျင် ကျေးရွာ တွေ က ဖြစ်တယ် ။ အချို့ လူနာတွေ က တော့ မန္တလေး က လာ ကြတာ ဖြစ်တယ် ။ လူနာ အချို့ ဟာ နွမ်းပါးပုံ ရပြီး အချို့ လူနာ တွေ က တော့ ငွေကြေး ပြည့်စုံဟန် ရှိတယ် ။ ဆရာမ ရဲ့ ကုသမှု ကို လေးစား အားကိုး ပြီး လာကြတာပေါ့ ။

ဆရာမ ဒေါ်ထူးထူး ( ၅၈ နှစ် ) ဟာ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း လည်း လုပ်တယ် ။ မတ္တရာ ဒေါ်ထူးထူး ရဲ့ အဆုတ်သန့် ၊ ရွှေဝတ်မှုန် ဆိုတဲ့ ဆေးတွေ ကို မြန်မာ တစ်နိုင်ငံလုံး မှာ သိသူ များတယ် ။ မြန်မာပြည် တောင်ဘက် ဖျား တနင်္လာရီတိုင်း က မြစ်ချာင်းနံဘေး အိမ်ဆိုင်ကလေး မှာ မတ္တရာ ဒေါ်ထူးထူး ရဲ့ ဆေးထုပ် ရောင်း သလို ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမကြီး ပေါ် က မှန်ခန်းဆောင် ဆေးဆိုင် မှာ လည်း ဝယ်ယူ လို့ရ နိုင်တယ် ။

ဆရာမ ဒေါ်ထူးထူး က သူ့ ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်း ကို ခေတ်မီ တိုးတက်အောင် ပြုပြင် ပြောင်းလဲမှုတွေ လုပ်တယ် ။ စက်ကိရိယာတွေ အစားထိုး တပ်ဆင်တယ် ။ ဒါပေမဲ့ အနယ်နယ် အရပ်ရပ် က ဆေး အမှာလွှာ ကို သူ့ ထုတ်လုပ်မှု က မနိုင်မနင်း ပေး နေ ရတယ် ။ ဆေးပစ္စည်း တစ်မယ်ချင်း ကို သူ့ လက် သူ့ မျက်စိ နဲ့ စစ်ဆေးချင် တဲ့ စိတ် ရယ် ၊ ဆေးဝါး ထုတ်လုပ်မှု ကို တစ်နေကုန် အချိန် မပေး ဘဲ နေ့ တစ်ဝက် ကို ဈေး ထဲ မှာ လူနာ ကုသမှု လုပ် နေတာရယ် ကြောင့် လည်း ဆေး ထုတ်လုပ်မှု က အလျှံပယ် မထွက် တာ ဖြစ်နိုင်ပါတယ် ။

မတ္တရာမြို့ ကို သွား ရောက်ပြီး ဆရာမ ဒေါ်ထူးထူး ကို ကျွန်တော် တွေ့ဆုံ ပြီး သူ့ လုပ်ငန်း သူ့ ရည်မှန်းချက်တွေ မေးမြန်းခဲ့ပါတယ် ။ ]

•••••   •••••   •••••   •••••

မတ္တရာမြို့နယ် မွေတလိုင်း ရွာကလေး မှာ ကျွန်မ ကို မွေးပါတယ် ။

တိုင်းရင်းဆေးပညာ ဘယ်လို မျိုးစေ့ ဖြစ်လာတယ် ဆိုတာ ပထမ ပြောပါမယ် ။ ကျွန်မ ရဲ့အဖေ ဦးသိဒ္ဓိ က မြေဧက အများကြီး စိုက်ပျိုးတဲ့ ခေတ်မီ တောင်သူကြီး ပေါ့ ။ စာပေ လည်း ဝါသနာ ပါတယ် ။ ဆေးပညာ လည်း လိုက်စားတယ် ။

ဟို ခေတ် က တော့ ဆေးပညာ လိုက်စားတဲ့ လူ က လည်း နည်းတယ် ။ ဆေးဆရာ က လည်း ရှားလေတော့ အတန်အသင့် ဝေဒနာလေးတွေ ကို အဖေ က အခကြေးငွေ မယူဘဲ ဆေး ပေးလေ့ ရှိတယ် ။ ရွာသူ ရွာသားတွေ ၊ အိမ် မှာ ဝိုင်းဝန်းကြတဲ့ တောင်သူ လုပ်သားတွေ ကို အဖေ က ဆေး ပေးတယ် ။

တစ်စတစ်စ အတွေ့ အကြုံကလေး များ လာတော့ မရှိ မဖြစ် အိမ်သုံး ဆေးကလေးတွေ ကို ဖော်တယ် ။ ဝမ်းနုတ်ဆေး ၊ ဝမ်းပိတ်ဆေး ၊ လေဆေး ၊ အစာကြေဆေး ၊ အခိုးပွင့်ဆေး စတဲ့ ဆေးလေးတွေ ပေါ့ ။

နောက်တော့ ကျွန်မ အမေ ဒေါ်ဆံမိ က မွေတလိုင်း ရွာကလေး မှာ ဆေးဆိုင်ကလေး ဖွင့်တယ် ။ ကျွန်မတို့ ဘဝကလေး က တောရွာ မှာ လျက်ဆား သည်ပါရှင့် ဆိုပြီး လည် ရောင်း ခဲ့ ရ တာပါ ။ အမေ နဲ့ အတူ တောင်သူ လည်း တစ်ဘက် လုပ် ၊ ဆေး ကု ရာ လည်း ဝင် ကူ နဲ့ ဆေးပညာ နဲ့ ပိုပြီး ရင်းနှီး လာ တာပေါ့ ။

အမေ က လည်း ဆေးပညာ ကို ဝါသနာ ပါတယ် ။ အသင့်အတင့် ဝေဒနာလေးတွေ ကို ကုသ ပေးပြီး ကြီးမားတဲ့ ဝေဒနာ ကို တော့ ဆိုင်ရာဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာတွေ ဆီ ညွှန်ပြပေးတာ ၊ အမေ ကိုယ်တိုင် လိုက်ပို့တာ ။ ကူညီစောင့်ရှောက် ပေးတာတွေ ကြောင့် ရပ်ရွာ က ချစ်တဲ့ ဆရာမ တစ်ယောက် အလိုလို ဖြစ်လာတယ် ။

ကျွန်မ က လည်း အမေ့ လူနာ အမေ့ ပရိသတ် ကို ဝိုင်းကူပြီး ဆေးပေးတာ ၊ ဆေးမှုန့် ထောင်းတာ အတူ လုပ် ရတဲ့ သမီး ဖြစ်လာပါတယ် ။ ကျွန်မတို့ မောင်နှမ လေးယောက် မှာ ကျွန်မ က အမေ့ ကို ကူရင်း တိုင်းရင်းဆေးပညာ လေ့လာ ခဲ့ ရတယ် ။

တိုင်းရင်းဆေးဆရာတွေ အစိုးရ စာမေးပွဲ အောင် မှ သာ ဆေး ကုသခွင့် ဆေး ထုတ်လုပ်ခွင့် ရမယ် လို့ ဖြစ်လာတယ် ။ အောင်လက်မှတ် ရ ရေး က ကျွန်မ တာဝန် ဖြစ် လာတယ် ။ မှန်တဲ့ အတိုင်း ပြော ရရင် ကျွန်မ က ခုနစ်တန်း တောင် မအောင် သေးဘူး ။ တိုင်းရင်းဆေးကျောင်း တက် ဖို့က အလယ်တန်းလေး မှ မအောင် လို့ မဖြစ်ဘူး လေ ။ ကျွန်မ မှာ မရှက်နိုင် မကြောက်နိုင် အသက် ၂၂ နှစ် အရွယ်ကြီး နဲ့ အလယ်တန်း ဖြေဆို ခွင့် ပြန် လျှောက် ရတာ ။ ၂၂ နှစ် ဆိုတော့ ရယ်စရာကြီး ပေါ့ ။ ရွာ မှာ အလယ်တန်း က လည်း မရှိဘူး ။ ကျောင်း သွား တက် ရအောင် က လည်း မဖြစ်နိုင်ဘူး ။ အလွတ်ဖြေ ဖြေ ခွင့် ပြုတယ် ။

ကိုယ့် ထက် ငယ်တဲ့ ကလေးတွေ ကို ငါ့ ကို ပြောပြကြပါဦး ဟဲ့ လို့ စာ မေး ရတယ် ။ မကြီး မငယ် နဲ့ ကလေးတွေ ကို မေး ရတာ ။ ကျွန်မ ကို အလွတ် ပညာသင် ပေးတဲ့ ဆရာကြီး တစ်ယောက် ရှိတယ် ။ ကျွန်မ အိမ် နဲ့ နှစ်မိုင် လောက် ဝေးတယ် ။ ည ည ဆရာ အားလောက် မှ စာ သွား မေး ရတာ ။ လမ်း မှာ လူ ကလည်း ပြတ်သေး ၊ တစ္ဆေ ခြောက်တယ် ပြောကြတဲ့ နေရာ ကလည်း ရှိသေး ၊ ကျွန်မ မှာ တိုင်းရင်းဆေးပညာ ၁၁ ကျမ်း ကို သင်ယူတယ် ။ နောက် စာမေးပွဲ အောင် ပြီး ဆေး ကုသခွင့် လက်မှတ် ရတယ် ။ ၁၉၇၄ ခုနှစ် မှာ တိုင်းရင်းဆေး ကောင်စီဝင် ဆရာကြီး ဦးအုံးရွှေ ၊ ဆရာမကြီး ဒေါ်ထွေး တို့အိမ် မှာ လက်တွေ့ရင်ဆိုင် ကုထုံးတွေ ကို တပည့် ခံပြီး သင်တယ် ။ ၁၉၇၅ မှာ တော့ အစိုးရ တိုင်းရင်းဆေးသိပ္ပံ မှာ မွမ်းမံ သင်တန်း အပတ်စဉ် ၅ ကို တက်ခွင့် ရတယ် ။ တိုင်းရင်းဆေးပညာ ၁၄ ဘာသာ ကို ကြိုးကြိုးစားစား သင်တာပါ ။ ၁၄ ဘာသာလုံး ဂုဏ်ထူး ရ ခဲ့တယ် ။ ( ရယ်လျက် ) အဲဒါ ကြွားရာ ကျ မှာ စိုးလို့ ပြောလေ့ မရှိပါဘူး ။ ဒါဆို ညည်း ကုတတ် သလား မေး ရင် ကျွန်မ စာတွေ့ တတ်တာ လက်တွေ့ မတတ်သေးပါဘူး ။

ကျွန်မ မွေတလိုင်းရွာ က နေ မတ္တရာမြို့ ပေါ် ကို စ ပြောင်း လာ တော့ လက် ထဲ မှာ ရှေးငွေ တစ်ရာ့ငါးဆယ် ပဲ ပါ လာတာ ။ ကျွန်မ ရဲ့ ညီမလေး က ဆယ်တန်း ရောက်ပြီ ။ သူ ကျောင်း နေ ဖို့ မြို့ပေါ် ပြောင်းခဲ့ကြတာပေါ့ ။ အဖော် မရှိတော့ အိမ်ငှားကလေး နဲ့ နေ ရတယ် ။ အိမ်ငှားခ က တစ်လ တစ်ဆယ် ပေး ရတယ် ။ တိုင်းရင်းဆေး စာမေးပွဲ က လည်း အောင် တော့ ဆေးဆိုင်လေး စ ဖွင့်တယ် ။ ဒီကနေ့ ဆိုင်တွေ လုပ်ငန်းတွေ ဟာ တစ်ရာ့ငါးဆယ် က ပွား လာခဲ့တာ လို့ ပြော ရင် ပုံပြင် လို ဖြစ် နေတာပေါ့ ။

လူ တစ်ယောက် ရဲ့ အသက် တစ်ချောင်း ၊ ဝေဒနာ တစ်ခု ပျောက်ကင်း ဖို့ ဆိုတာ အအေးအပူ ရောဂါ အသွင် လက္ခဏာတွေ ကို တကယ် ဝေဖန်ပိုင်းခြားနိုင် မှ ဆေးဆရာ တစ်ပါး လုပ်သင့်တာပါလား တွေး ပြီး ဆေးဝါးတွေ ရဲ့ အစွမ်း ကို သုတေသန လုပ်မယ် ။ လူနာ အတွေ့ အကြုံ ယူမယ် လို့ အကြံ ဖြစ် ပါတယ် ။

ဒါကြောင့် မတ္တရာမြို့ မှာ ဆိုင်ခန်း သုံးခန်း ဝယ်ယူ လိုက်တယ် ။ တစ်ခန်း တစ်ထောင့်ငါးရာ ။ ပထမ တစ်ခန်း က တော့ နာမည်ကြီး ပြီး သား ဆေးဆရာတွေ ထုတ်လုပ်တဲ့ ဆေးတွေ ကို ရောင်းတယ် ။ ဆိုင် မှာ ရောင်းသူ ဝယ်သူတွေ စည်ကား စေချင် တာ လည်း ပါတယ် ။ ဆေးဆိုင်ကြီးတွေ နဲ့ ရင်းနှီးမှု ပိုချင်တာလည်း ပါတယ် ။ ဒုတိယ ဆိုင်ခန်း မှာ အိမ်သုံးဆေးဝါး အမျိုးစုံ ရောင်း တယ် ။ တတိယ အခန်း က တော့ ကျွန်မ ရဲ့ ဆေးကုခန်း ပေါ့ ။ ကျွန်မ ဖော်စပ်ထားတဲ့ ဆေး အမျိုးပေါင်း ၇၀ လောက် နဲ့ လူနာတွေ ကို လက်တွေ့ ကုသ ပေး ရင်း ကျွန်မ သုတေသန ပြုလုပ် ချင် လို့ ဖွင့်တာပေါ့ ။

အဲသည်လို ကုသတဲ့ အခါ ဆေးစွမ်းပုံ ၊ မစွမ်းပုံ ကို သိဖို့ ရာ ဆေး ကို တံဆိပ်ကလေးများ ၊ အိတ်ကလေးများ ၊ ဘူးကလေးများ နဲ့ သင့် ရာ ထည့် သွင်း ပြီး ဆီလျော်တဲ့ ဆေး အမည်ကလေးတွေ ပေးပြီး အမှတ်အသား ပြု ပါတယ် ။ အမည် ပေး တဲ့ အခါ အဓိပ္ပာယ် ရှိတဲ့ အမည်ကလေး တွေ ပေး ရတယ် ။ ချောင်း ဆိုး ရင် အဆုတ်သန့် ၊ ပန်းနာ ဖြစ်ရင် ရွှီ ၊ အားနည်းသူ အတွက် လန်း ၊ အမူးအမော် ဖြစ်ရင် သိကြားရေစင် စသဖြင့် ပေါ့ ။

သုံးစွဲတဲ့ ဝေဒနာရှင် က ဆေးအမှတ်အသား နဲ့ ဆေး ရဲ့ အကျိုး အပြစ် ကို ရေရေရာရာ ပြန် ပြော နိုင်အောင် ရည်ရွယ်တာပါ ။ ကျွန်မ ကို ဆေး အကြောင်း ပြန် ပြောဖို့ မေတ္တာရပ်ခံ ခဲ့တယ် ။ ဝေဒနာရှင် က ပြန် ပြောတဲ့ အဖြေ က သာ ကျွန်မ ရဲ့ ဆေးကုသမှု အဓိပ္ပာယ် ရှိ မှာပါ ။ အသက် တစ်ချောင်း အတွက် မို့ အထူး အလေး ထားတယ် ။ အရေးကြီး တဲ့ ဘဝ စာမေးပွဲ ဖြေရ သလို အလေး ထားတယ် ။ ဝေဒနာရှင် ရောဂါ ပျောက်တိုင်း စာမေးပွဲ အောင် သလို ဝမ်းသာ အားတက် ရ တာပါ ။

ဆေး ကုသရာ မှာ သုံးတဲ့ ဆေးတွေ က ပြည်သူလူထု ကြား စိမ့်ဝင် သွားတယ် ။ လေး - ငါးနှစ် ကြာ တဲ့ အခါ ပြည်သူတွေ က ဆေးတွေ ရဲ့ အစွမ်း ကို သိ လာတယ် ။ ဆေး ကုသူတွေ ထက် ဆေး ဝယ်သူတွေ က များ လာတယ် ။ နောင်အခါ မှာ တော့ အမြို့မြို့ ဆေးဆိုင်ကြီးတွေ က ပါ ဖောက်သည် ယူပြီး ပြန်လည် ဖြန့်ဖြူး ရောင်းချ ပြီး မြှောက်စား အားပေး ကြလို့ ယခု အခြေအနေ ကို ရောက် လာ တာ ပါပဲ ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment