Tuesday, October 25, 2022

လူပျို အပျို ဖတ်စာ ( ၁၅ )


 

ကမ္ဘာ မှာ တော့ အချစ်စိတ် ကို “ seven year old ” လို့ ဆိုကြပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် အတူတူ နေရင်း အချစ်စိတ် ဆိုတာ ခုနစ်နှစ် ပဲ ခံပါသတဲ့ ။ ဒါကြောင့် ကမ္ဘာကျော် စုံတွဲ တွေ နိုင်ငံခြား စုံတွဲ တွေ ကို ကြည့်ပါ ။ ခုနစ်နှစ် ကျော် ပေါင်းသင်းတာမျိုး ရှားပါတယ် ။ ဆိုလိုတာ က ဆက်လက် ပေါင်းသင်း နိုင်တယ် ဆိုရင်တောင် သံယောဇဉ် စိတ် နဲ့ ပဲ ဆက်လက် ပေါင်းသင်း ကြပါတယ် ။ စတင် ချစ်ခင် တုန်း က လို တက်ကြွ တဲ့ စိတ် မရှိတော့ပါဘူး ။

တစ်ယောက် ကို တစ်ယောက် ချစ်တဲ့ စိတ် ဟာ ခုနစ်နှစ် ပဲ ကြာ ပါသတဲ့ ။

ကျွန်တော် တို့ ဆီ မှာ တစ်လင် တစ်မယား စနစ် ကို အလေး ထား တဲ့ အတွက် တစ်ယောက် ကို တစ်ယောက်  သံယောဇဉ် သား ၊ မြေး ၊ မြစ် သံယောဇဉ်များ နဲ့ ပြန်လည် ဖွဲ့သီ နေထိုင်လေ့ ရှိကြပါတယ် ။ တည့် လား ဆိုတော့ အတော် များများ ဟာ မတည့်ကြပါဘူး ။

ကျွန်တော့် အဖေ နဲ့ အမေ ဟာ မင်္ဂလာသက် နှစ် ငါးဆယ်ကျော် ပါပြီ ။ ရန် ဖြစ်တာ မရှိသလောက် ပါပဲ ။ သိရသလောက် သူတို့ အိမ်ထောင်သက် အတွင်း မှာ ရန် တစ်ခါ ပဲ ဖြစ် ဖူးပါတယ် ။ အဲဒီ ရန်ပွဲ ဟာ လည်း နှစ်ငါးဆယ် ကျော် ပဲ ကြာ ပါတယ် ။ အရေးတော်ပုံ ( ၆ ) စောင်တွဲ က မွန်ဘုရင် ရာဇဓိရာဇ် နဲ့ အင်းဝမင်းခေါင် တို့ စစ်ပွဲ ထက် ကို ဆယ်နှစ် ကျော်ပဲ ပို ကြာ ပါတယ် ။ ဒါတောင် ကလေး လည်း ခုနစ်ယောက် မွေး ပါတယ် ။ တည့် များ တည့် ရင် ပလိုင်း နဲ့ လိုက် ကောက် ရမလား မသိပါဘူး ။

ကမ္ဘာ ပေါ် မှာ အခိုင်မာဆုံး ကြိုး ဆိုတာ သံယောဇဉ်ကြိုး လို့ လည်း ဆိုပါတယ် ။ ဟုတ်ပါလိမ့်မယ် ။ ဒီလို ခိုင်မာလွန်း တဲ့ကြိုး ကို ချည်နှောင် ထား တဲ့ နေရာ က လည်း အရေး ကြီး ပါလိမ့်မယ် ။

နှလုံးသား မှာ ချည်နှောင် မိ ရင်တော့ ဘာမှ မဖြစ်ပေမဲ့ လည်မျို မှာ ချည်နှောင် မိ ရင် တော့ ခိုင်မာလွန်းလှတဲ့ ကြိုး ဟာ လူသတ်လက်နက် လည်း ဖြစ် ပါလိမ့်မယ် ။

လူငယ်တွေ ဟာ သံယောဇဉ်ကြိုး ကို ကောင်းမွန်စွာ မသုံးတတ် ကြပါဘူး ။ သံယောဇဉ်ကြိုး ဆိုတာ တစ်ဖက်သား ကို အတင်း ချည်နှောင် ပြီး ဆွဲယူ နေ တဲ့ အတွက် တစ်ဖက်သား မှာ လှုပ် မရ ၊ လှည့် မရ နဲ့ ဘာမှ လုပ် မရတဲ့ ဘဝ နဲ့ နေထိုင် ရ သူ အများကြီးပါ ။ ဒီ ကြား ထဲ သံယောဇဉ်ကြိုး ကို ပဲ သူ့ ဖက် က လည်း ဆွဲ ၊ ကိုယ့် ဖက် က လည်း ဆွဲ နဲ့ သံယောဇဉ်ကြိုး က မခံနိုင်တော့ ဘဲ ထောင်းခနဲ ပြတ် နှစ်ဖက်လုံး ဖင်ထိုင် လဲကျပြီး အဆုံးသတ် နေတာ လည်း အများကြီးပါ ။

အမှန်တော့ သံယောဇဉ်ကြိုး ဆိုတာ ချည်နှောင် ထား ပြီး ဖြေလျော့ ပေးခြင်း ဖြစ်ပါတယ် ။ ဒီ ကြိုးကလေး နဲ့ ပဲ ကိုယ့် ချစ်သူ ကို အမြင့်ဆုံး နေရာ လွှင့်တင် ပေး ရတာမျိုးပါ ။ သူ ဘယ်လောက် ပဲ အမြင့် ရောက် သွားသွား သူ ဘယ်လောက် ပဲ အဝေး ကို သွားသွား ချည်နှောင် ထား တဲ့ ကြိုး သာ ခိုင်မာ ရင် သူ နဲ့ ကိုယ် နဲ့ ဟာ ဘယ်တော့မှ မဝေးပါဘူး ။ သူ ကိုယ့် ဆီ တစ်နေ့ ပြန် လာမှာပါ ။

တချို့က လည်း သံယောဇဉ်ကြိုး ကို လွဲမှား စွာ အသုံး ပြုပြီး ကိုယ့် ချစ်သူ ရဲ့ နှလုံးသား ကို ချည် မထားဘဲ လည်မျို ကို ချည်နှောင် ထားတာမျိုး လည်း ရှိ ပါတယ် ။

“ လုံးဝ မလှုပ် နဲ့ ငါ တင်း လိုက်ရင် နင့် မှာ အသက် ပျောက်သွားမယ် ”

မိန်းကလေး တွေ မှာ ဒီလို မျိုး ပို ဖြစ် ကြပါတယ် ။ မိန်းကလေးတွေ ရဲ့ စိတ် ကို က

“ ငါ တင်း ရင် နင် လျှော့ ၊ နင် တင်း ရင် လည်း နင့် ဘာသာ နင် လျှော့ ”

ချစ်စ ခင်စ မှာ တော့ ဒီ ဝါဒ က ရချင် ရပါလိမ့်မယ် ။ ရေရှည် မှာ သူ့ ဖက် က ပြန် တင်းရင် ပြတ် ထွက် သွားနိုင်ပါတယ် ။ ရိုးရှင်းမှု မပါတဲ့ ချည်နှောင်မှု ဟာ ရေရှည် မှာ အသုံး မဝင်ပါဘူး ။

တချို့က ငွေကြေး နဲ့ သံယောဇဉ် ကို ဝယ်ယူ ကြတယ် ။ တချို့ က ဂုဏ်တွေ ရာထူးတွေ နဲ့ သံယောဇဉ် ကို ရအောင် ယူ တတ် ကြပါတယ် ။

လူတွေ က လည်း ဒါမျိုးတွေ ကြုံ လာတဲ့ အခါ လူ ကို သံယောဇဉ် တွယ် တာ နဲ့ စာ ရင် ဂုဏ်တွေ ငွေတွေ ကို သံယောဇဉ် တွယ် မိကြတယ် ။

ထင်ယောင် ထင်မှား ဖြစ် လာကြပါတယ် ။ လူ ကို ချစ် မိတာ မဟုတ်ဘဲ ဂုဏ်တွေ ငွေတွေ ကို ချစ်မိ နေတာ မျိုး ဖြစ် တတ်ကြပါတယ် ။ ဥပမာ - လူ ကို ချစ်တာ မျိုး မဟုတ်ဘဲ ဗိုလ်ကတော် ဖြစ်ချင် လာ တာမျိုးပါ ။ လူ ကို မချစ်ဘူး မဟုတ်ဘူး ချစ်ပါတယ် ၊ ဒါပေမဲ့ ဂုဏ် ကို ပို ချစ်မိ နေ တတ်တယ် ။
( ဥပမာ ပြောတာ နော် အားလုံး ကို မဆိုလိုပါဘူး )

သူ သာ ဒီ ဂုဏ် မရှိတော့ ရင်  ချစ်နိုင်ပါတော့ မလား ။

တချို့ က လည်း ချစ်ပါသတဲ့ ။ ကိုယ့် ကို ငွေဖြည့်ကတ် လို သဘော ထားပြီး ဖြည်းဖြည်းချင်း ခြစ် ယူ နေတာမျိုး ။

လူ ထက် စာရင် အဲဒီ လူ ပိုင်ဆိုင် ထား တဲ့ ငွေတွေ ကို ပိုပြီး မက်မော ချစ်ခင် နေတာမျိုး ။

လူတွေ က ရောထွေး တတ် ပါတယ် ။

“ ကဲ အဲဒီ လူ မှာ အဲဒီလို ဂုဏ်တွေ ငွေတွေ မရှိရင် ချစ် နိုင်ပါ့မလား ”

“ သွားသေလိုက်လေ ” လို့ ပြောမယ့် သူတွေ အများကြီး ပါ ပဲ ။ ကိုယ့် အနီး အနား မှာ လူတွေ အများကြီး ရှိလျက် နဲ့ ဘာလို့ ခပ်ဝေးဝေး က လူ ကို သံယောဇဉ် တွယ် မိတာလဲ ။ ဒါဟာ စဉ်းစား စရာပါပဲ ။ လူ ကို ချစ်တာ မဟုတ်ဘဲ နဲ့ ဂုဏ် ကို ငွေ ကို ချစ်တဲ့ သူ တစ်ယောက် ဟာ သံယောဇဉ်ကြိုး ကို နှလုံးသား မှာ ချည် မှာလား ။ ဒါမှ မဟုတ် ...

“ ကိုယ့် ရဲ့လည်မျို ကို ချည်ထားမှာလား ”

ကိုယ် သာ ဘာမှ မဟုတ်တော့ရင် သူ လည်း အဲဒီ ကြိုး ကို ဆွဲညှစ် လိုက်ဖို့ ဝန်လေးပါတော့မလား ။

ရာထူး က ပြုတ် သွားလို့ လင်မယား ကွဲ တယ် ။ ဆင်းရဲသွား လို့ လင်မယား ကွဲ တယ် ။ ဒါမျိုးတွေ က ကျွန်တော် တို့ ပတ်ဝန်းကျင် မှာ အမြဲ ကြား နေကျ စကားတွေ ပါပဲ ။ တကယ် ချစ်တယ် ဆို ဘယ် ဘဝ ဖြစ်ဖြစ် ဘာလို့ အေးအတူ ပူအမျှ မနေနိုင် ကြတာတုံး ။ အဖြေ က တော့

“ သံယောဇဉ် ကြိုး မှား ချည် ထား မိလို့ပါပဲ ”

လူ ကို ချည်ရမယ့် အစား ဂုဏ်တွေ ၊ ငွေတွေ ကို ချည် ထား မိလို့ပါပဲ ။ ဂုဏ်တွေ ၊ ငွေတွေ မရှိတော့ တဲ့ အခါ သူ ဟာ ကိုယ့် အပေါ် မှာ ထား တဲ့ သံယောဇဉ် ဘာမှ မရှိ တော့ပါဘူး ။

မူးယစ်ဆေး စွဲ နေတဲ့ သူ တစ်ယောက် ဟာ ချစ်သူ က မူးယစ်ဆေး သုံးစွဲ တာ မကြိုက် လို့ မူးယစ်ဆေး ဖြတ် ပစ် ဖို့ ပြောတယ် ။

“ ဆေး ဖြတ်ပြီး မှ ငါ့ ဆီ လာပါ ”

ချစ်သူ ရဲ့စကား ကြားတဲ့ အခါ မခံစားနိုင်ဘဲ ဆေး ကို ပို ချ ဖြစ်ပါသတဲ့ ။ ဘာကြောင့်လဲ …

သူ တကယ် သံယောဇဉ် ရှိတာ မူးယစ်ဆေး ဖြစ် ပါတယ် ။ ချစ်သူ ဆိုတာ အကြောင်းပြချက် သက်သက် ။

သူ ဟာ ကိုယ့် ကို သံယောဇဉ် မရှိတာ သေချာပါတယ် ။

တချို့က လည်း ပြော ကြတယ် ။

“ သံယောဇဉ် အရောင် ပြောင်းသွားတယ် ” တဲ့ ။

မဟုတ်ပါဘူး ။

အစ ကတည်း က

“ သံယောဇဉ် နေရာ မှား နေတာပါ ”

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment