Friday, October 7, 2022

ပြတိုက် ထဲ က ပြဇာတ်


 

❝ ပြတိုက် ထဲ က ပြဇာတ် ❞

၂ဝဝ၂ ကမ္ဘာ့ဖလားပွဲ တွင် ဘရာဇီးအသင်း ၏ အခြေအနေ မှာ မရေမရာ ဖြစ် နေသည် ။ ခြေစစ်ပွဲ တွေ တုန်း က လည်း ရှုံးပွဲတွေ များခဲ့သည် ။ ဘရာဇီး ဘောလုံး သမိုင်း မှာ တစ်ခါမှ မကြုံဖူး အောင် အခြေအနေ ဆိုး ခဲ့သည် ။ ခြေစစ်ပွဲ တောင် အောင် ပါ့မလား ဟု စိုးရိမ် ခဲ့ကြရသည် ။ အသေအလဲ ကြိုးစားပြီး မှ အောက်ဆုံး အဆင့် က နေ ကပ်ပြီး ခြေစစ်ပွဲ အောင် ခဲ့ရသည် ။ တစ်ကမ္ဘာလုံး ရှိ ဘောလုံးပရိသတ် တွေ လည်း ရင်တမမ မော ခဲ့ကြရသည် ။

ဘရာဇီးအသင်း သည် ခြေစစ်ပွဲ အောင် ခဲ့သော် လည်း စိတ် မအေး ရ သေး ။ ကမ္ဘာ့ ဘောလုံး အဆင့်အတန်း သတ်မှတ် ရာ တွင် နံပါတ်တစ် နေရာ မှာ သာ အမြဲ ရှိခဲ့သော ဘရာဇီးအသင်း သည် ၂၀၀၁ မှာ တော့ အဆင့် လျှောကျ သွားရလေသည် ။

ဒီတော့ ၂ဝဝ၂ ကမ္ဘာ့ဖလားပွဲ မှာ အောင်မြင်မှု ရဖို့ တော် တော် အခက် ကြုံ နေကြရ၏ ။ ဗိုလ်စွဲနိုင်ခြေ ရှိသော အသင်းတွေ သတ်မှတ် ရာ မှာ လည်း အရင် က ရွှေထီး ဆောင်း ခဲ့သော မျက်နှာ ကို ထောက်၍ အားနာပါးနာ စာရင်း သွင်း ပေးခဲ့ကြသည် ။ သိပ် ဟက်ဟက်ပက်ပက် မရှိ ။ တချို့က ဘရာဇီး ခေတ် ကုန်ပြီ လို့ တောင် အမနာပ ပြော ချင် လာကြသည် ။

ဘရာဇီး ဘောလုံး အသင်း မှာ အထည်ကြီး ပျက် လို ဖြစ်နေ၏ ။ ထိပ်တန်း ဘောလုံး အကျော်အမော်တွေ အများကြီး ရှိ သော်လည်း တစ်ယောက် နှင့် တစ်ယောက် အတွဲ မမီဘဲ ဖြစ်နေရ၏ ။ ဒံပေါက် ရယ် ၊ ဖာလူဒါ ရယ် ၊ စတုမဓု ရယ် ရော စား ရသလို အီလည်လည်ကြီး ဖြစ်နေရ၏ ။ အသင်း အောင်မြင်မှု ပြန် ရဖို့ အမျိုးမျိုး စဉ်းစားရာ မှ ထူးခြားသော အကြံအစည် တစ်ခု ကို စိတ်ကူး မိကြ၏ ။ နှစ်ဆယ်ရာစု ၏ အကောင်းဆုံး ဂန္ထဝင် ဘောလုံးသမားကြီး ပီလီ ကို ဘရာဇီးအသင်း မှာ ပြန်လည် ပါဝင် ကစား ခိုင်းဖို့ပင် ဖြစ်လေ၏ ။

•••••   •••••   •••••   •••••

အမေရိကန် နှင့် မဟာမိတ်များ သည် အာဖဂန် စစ်ပွဲ မှာ အနိုင် ရပြီး အောင်ပွဲ ခံခဲ့ကြသည် ။ သို့ရာတွင် လွတ်လွတ်ကျွတ်ကျွတ် ဝမ်း မသာနိုင် ၊ ထီ ပေါက်ပြီး လက်မှတ် အသိမ်း လွန် နေတဲ့ လူ လို မချင့်မရဲ ဖြစ် နေရသည် ။ အကြမ်းဖက်သမား ခေါင်းဆောင် တွေ ကို ဖမ်း လို့ မမိသေး ။ ဘယ်ဆီ ရောက်နေမှန်း လည်း မသိ ။ သူတို့ ကို ဖမ်း မိတဲ့ တိုင်အောင် အကြမ်းဖက်ဝါဒ ကို အမြစ်ပြတ် အောင် ချေမှုန်းနိုင်ပြီ ဟု ကြွေးကြော် နိုင်မည် မဟုတ်သေး ။

သူတို့ သည် စစ်ပွဲ ကို ဆင်နွှဲ ရာ မှာ ခေတ် အမီဆုံး ၊ အဆန်းသစ်ဆုံး နောက်ဆုံး ပေါ် လက်နက်တွေ ကို ထုတ် သုံးခဲ့ကြသည် ။ ကြဲ ချခဲ့သည့် ဗုံး တန်ချိန်ပေါင်း က လည်း မနည်းမနော ပဲ ။ ရန်သူ စစ်သား အားလုံး တို့ ၏ ကိုယ်အလေးချိန် စုစုပေါင်း ထက် တောင် ပို များနေမလား မသိ ။ သို့ရာတွင် မှန်းချက် မကိုက်သေး ။

သူတို့ သုံးစွဲခဲ့သည့် ဆက်သွယ်ရေး စနစ်တွေ ကလည်း အံ့မခန်းပဲ ။ စစ်မြေပြင် မှာ ရောက်နေသော စစ်သား တစ်ယောက် က အမေရိကန် မှာ ကျန်ခဲ့တဲ့ ရည်းစား ဆီ ဂြိုဟ်တု က တစ်ဆင့် ဖုန်း လှမ်း ဆက်လို့ ရ လောက်တဲ့ အထိ အဆင့် မြင့်သည် ။ သို့ရာတွင် သူ တို့ အလို ရှိသော ရန်သူ ခေါင်းဆောင် တွေ ကို တော့ ခြေရာတောင် မိ အောင် မရှာနိုင် ။

သူတို့ ၏ လက်ရွေးစင် ကွန်မန်ဒိုတပ်သားများ မှာ လူစွမ်းကောင်း များ ဖြစ်၏ ။ ခေတ်မီ ဆက်သွယ်ရေး ကိရိယာများ ၊ အစွမ်းထက်ဆုံး လက်နက်များ ကိုင်ဆောင် ထားကြသည် ။ အထူး လေ့ကျင့်ထားသူများ လည်း ဖြစ်သည် ။ သူတို့ ၏ တိုက်ခိုက်ရေး စွမ်းရည် က လည်း သူတို့ ဘက် က တစ်ယောက် ကျ လျှင် ရန်သူဘက် က အယောက် နှစ်ရာ ကျအောင် ချေမှုန်း နိုင်သည် ။ အဲ ... တစ်ခု ရှိတာက သင်္ချာ သဘော အရ အချိုးချ ကြည့်လျှင် ရန်သူ ဘက် က လူ နှစ်ရာသေတဲ့ အခါတိုင်း ကိုယ့် ဘက် ကလည်း တစ်ယောက် သေပေးရမည့် အနေ အထား ဖြစ်သည် ။ ထိုအခါ ရိန်းဂျားတပ်သား တို့ သည် ရန်သူ နှစ်ရာ ပြည့် အောင် မသတ်ကြတော့ ။ တစ်ရာကိုးဆယ့်ကိုး ယောက် သတ်ပြီးတာ နဲ့ ဆက် မတိုက်တော့ဘဲ ပြန် လှည့် လာကြတော့သည် ။

ဒီလိုနဲ့ပဲ အကြမ်းဖက်သမားတွေ ကို အပြီးအပြတ် ချေမှုန်းပစ်ဖို့ အခက်အခဲ တွေ့ နေရသည် ။ တကယ်တမ်း အရေး ကြီးသည့် တိုက်ပွဲ က လည်း တောထဲ တောင်ထဲ မှာ သူသေ ကိုယ်သေ ရင်ဆိုင်ရမည့် သဘော ဖြစ်၏ ။ မိုက်မိုက်ကန်းကန်း တိုက်ရဲ တဲ့ လူမျိုး မှ ဖြစ်မည် ။ ထို့ကြောင့် အထူးတပ်ဖွဲ တစ်ဖွဲ့ ကို စုစည်းရသည် ။ ထို တပ်ဖွဲ့ ထဲ တွင် မွန်ဂို လေးသည်တော်များ ၊ ဂျပန် ဆာမူရိုင်းများ ၊ ထရိုဂျင်စစ်သည်တော်များ ပါဝင်ပြီး စစ်သူကြီး ဟန်နီဘော က ကွပ်ကဲအုပ်ချုပ်သည် ။

•••••   •••••   •••••   •••••

အကြမ်းဖက်သမားတွေ ဆို တာ က တောကြိုအုံကြား မှာ သာ ရှိ နိုင်တာ မဟုတ် ၊ မြို့ကြီးပြကြီး တွေ မှာ လည်း ခိုအောင်း နေတတ်သည် ။ ဒါတင်မက ၊ တခြား ဒုစရိုက်သမားတွေ လည်း ရှိ သေးသည် ။ သူခိုး ၊ ဓားပြတွေ ၊ လူသတ်သမားတွေ ၊ မူးယစ်ဆေးဝါး မှောင်ခိုတွေ ၊ လူလိမ် လူကောက်တွေ ။

ခုချိန် မှာ ခေတ်မီ ထောက်လှမ်းရေး ကိရိယာတွေ သုံး နေပြီ ဖြစ်သော ကြောင့် သူတို့ ကို လွယ်လွယ် ဖမ်းနိုင်မည် ထင်ကြသည် ။ သို့ရာတွင် ဒီလို မဟုတ် ။ သူတို့ က လည်း ခေတ်မီ ကိရိယာတွေ သုံး ပြီး ကိုယ်ရောင် ဖျောက် နိုင် နေကြပြန်သည် ။ ပြီးတော့ လူဆိုးတွေ ဆို တာ က လည်း ဟို အရင် က လို အရုပ် ဆိုးဆိုး ။ လူမိုက် ဂိုက်မျိုး မဟုတ်တော့ ။ သာမန် သူ လို ငါ လို မျိုးပင် ဖြစ်၏ ။ လူကောင်းတွေ ကြား ထဲ ရောနှော နေ လိုက်လျှင် အလွယ်တကူ ရှာ မတွေ့နိုင်တော့ ။ ပြီးတော့ သူတို့တွေ က အရင် က ထက် ဉာဏ်ရည် ဉာဏ်သွေး လည်း ပို မြင့်လာသည် ။

ဒီ ကြားထဲ မှာ လူတွေ က အက်ဖ်ဘီအိုင် တို့ ၊ စီအိုင်အေ တို့ ကို သိပ် အထင် မကြီးကြတော့ ။ စက်တင်ဘာ အကြမ်းဖက်မှု ကို ကြိုတင် မတားဆီး နိုင်ရ ကောင်းလား ဟု အပြစ် တင်ချင် သလို ရှိ၏ ။ ဒါကို အခွင့်ကောင်း ယူပြီး ဒုစရိုက်သမားတွေ က ခေါင်းထောင် ချင် လာသည် ။

ခုခေတ် စုံထောက်တွေ က ခေတ်မီ ပစ္စည်းကိရိယာတွေ အားကိုး လွန်းသည် ။ ကိုယ်ပိုင် ဦးနှောက် ကို သိပ် အသုံး မချ ချင်ကြတော့ ။ လက်ရှိ အခြေအနေ မှာ လူဆိုးတွေ နှင့် ယှဉ်ပြိုင် နိုင်ဖို့ ဆိုတာ အထောက်အကူ ကိရိယာတွေ နှင့် မလုံလောက်တော့ ။ သူတင် ကိုယ်တင် ဉာဏ် ကစား နိုင် မှ ဖြစ်တော့မည် ။

ထို့ကြောင့် ဦးနှောက် စွမ်းအား ကြီးသော ပုဂ္ဂိုလ် တစ်ယောက် ကို ရှာ ရတော့မည် ။ ထို တာဝန် မှာ ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲ ၏ ခေါင်းပေါ်  ပုံ ကျလာသည် ။ သူ သည် လန်ဒန်မြို့ ဘေကာလမ်း ၊ အိမ် အမှတ် ‘၂၂၁ - ဘီ ’ သို့ သွားသည် ။ အခန်း တစ်ခန်း ရှေ့ မှာ ရပ်သည် ။ အခန်းတံခါး က ပိတ် ထား၏ ။ တခြား အိမ်ခန်းတွေ လို လူခေါ် ခေါင်းလောင်းတို့ ၊ အင်တာကွန်း တို့ တပ် မထား ။ ထို့ကြောင့် တံခါး ကို လက် နှင့် ပင် ခေါက်လိုက် ရသည် ။ ထိုအခါ အခန်းထဲ မှ လှမ်း အော် ပြော လိုက်သော အသံ ကို ကြားရ၏ ။

“ တိုနီဘလဲ လား ဟေ့ ၊ ဝင်ခဲ့လေကွယ် ”

တိုနီဘလဲ သည် အလွန် အံ့ဩ သွားရ၏ ။ အခန်း ထဲ ရောက်သော အခါ ဆေးတံကြီး ခဲလျက် ထိုင် နေသော ပုဂ္ဂိုလ်ကြီး ကို သူ က မေး လိုက်သည် ။

“ ကြိုတင် အကြောင်း ကြား ထားတာလည်း မဟုတ်ဘဲ နဲ့ တံခါး ခေါက် တာ ကျွန်တော် မှန်း ဘယ်လို သိ တာလဲ ”

“လွယ်ပါတယ် ၊ တံခါး ကို ခေါက်တဲ့ အခါ သူများ လို ရိုးရိုး မခေါက် ဘဲ မြင်းခွာသံ လို အပြွတ် လိုက် ခေါက် တတ် တာ မင်း ရယ် ၊ အမေရိကန်သမ္မတ ဘုရှ် ရယ် နှစ်ယောက် ပဲ ရှိတယ် ။ အခု သမ္မတ ဘုရှ် က တရုတ်ပြည် သွားနေတယ် ဆိုတော့ တံခါး လာ ခေါက်တဲ့ သူ ဟာ မင်း ပဲ ဖြစ်ရမယ် ဆိုတာ တပ်အပ် သိ တာပေါ့ကွယ် ”

တိုနီဘလဲ မှာ ထို ပုဂ္ဂိုလ်ကြီး ကို တလေးတစား လက်ဆွဲ နှုတ်ဆက် လိုက်ပြီးနောက်...…

“ တော်ပါပေရဲ့ ခင်ဗျာ ၊ တော်ပါပေရဲ့ ၊ ဒါကြောင့်လည်း စုံထောက်ကြီး ရှားလော့ဟုမ်း ရယ် လို့ ကျော်ကြား ပေတာ ကိုး ”

ဟု ပြောလိုက်လေ၏ ။

•••••   •••••   •••••   •••••

မိုက်ကရိုဆော့ဖ် ကုမ္ပဏီသူဌေး ဘီလ်ဂိတ် သည် ကွန်ပျူတာ ဆော့ဖ်ဝဲ တွေ တစ်ခု ပြီး တစ်ခု တီထွင် ထုတ်လုပ်နေသည် ။ အရင် ထုတ် လုပ်ခဲ့သော ဝင်းဒိုး စီးရီးတင် မကတော့ဘဲ စီလင် စီးရီး ၊ ပေါ်တီကို စီးရီး ၊ တွိုင်းလက် စီးရီး တွေ ပါ ထပ် ထွင် သည် ။

ကွန်ပျူတာ မှာ တီဗီ တို့ ဗီစီဒီ တို့ ပါ တွဲပါသည် ။ တီဗီဂိမ်း ကစား နိုင်သည် ။ ဒါတွေက အသေးအဖွဲ  ၊ ဟို အရင် ကတည်း က အဆင့်မြင့် စက် တွေ မှာ ပါပြီးသား ၊ ကွန်ပျူတာ နှင့် တယ်လီဖုန်း တွဲ ပေးထားသည် ။ မော်နီတာ ပေါ် မှာ တစ်ဖက် လူ ရဲ့ မျက်နှာ ကို ပါ မြင် ရသည် ။ ဒါလည်း သိပ် အထူးအဆန်း တော့ မဟုတ် ။ ကီးဘုတ် မပါဘဲ အသံ နှင့် စေခိုင်းလို့ ရသော ကွန်ပျူတာ ၊ ကမ္ဘာ ပေါ် ရှိ ရုပ်ရှင်ရုံ အားလုံး နှင့် ဆက်သွယ် ထားပြီး ပြ နေတဲ့ ဇာတ်ကားတွေ ထဲ က ကြိုက်ရာ ကို အိမ် က ကြည့် နိုင်သော ကွန်ပျူတာ စသည် ဖြင့် ထပ်ထွင်သည် ။

ဒါတွေက သိပ် ပြဿနာ မဟုတ်သေး ။ သူ ထွင် ကိုယ် ထွင် ပြိုင် ကြတာ ဓမ္မတာ ပဲ ။ ဒီ နေရာ မှာ ဘီလ်ဂိတ် က ကွန်ပျူတာ နယ်ပယ် မှာ သာ မက ဘဲ တခြား လုပ်ငန်းတွေ ကို ပါ နယ်ချဲ့ လာသည် ။ မိုက်ကရိုဆော့ဖ် ကက်ဆက် ၊ မိုက်ကရိုဆော့ဖ် ကင်မရာ ၊ မိုက်ကရိုဆော့ဖ် ရေခဲသေတ္တာ ၊ မိုက်ကရိုဆော့ဖ် လေအေးပေးစက် စသည် ဖြင့် ....

ထို့နောက် တစ်စင်းလုံး ကို ကွန်ပျူတာ နှင့် ထိန်းချုပ် မောင်းနှင် သော မိုက်ကရိုဆော့ဖ် ဇိမ်ခံ မော်တော်ကား ကို ထုတ်လုပ် လိုက်ပြန်သော အခါ ကမ္ဘာကျော် ကားကုမ္ပဏီကြီးတွေ မျက်လုံး ပြူး ကုန်သည် ။

ဒါတွင် မကသေး ၊ အရသာ မျိုးစုံ ကို ခံစား စေနိုင်သော ဆော့ဖ်ဝဲ ။တစ်ခု ကို ထပ်မံ တီထွင် လိုက်ပြန်၏ ။ ကွန်ပျူတာ နှင့် ဆက်ထားသော မောက်စ် အသေးစားလေး ကို ပါးစပ် ထဲ ငုံ ထား လိုက်ရုံပင် ဖြစ်၏ ။

ဆေးလိပ် သောက် ချင် သလား ခလုတ် နှိပ်ရုံ ဖြင့် ပါးစပ် ထဲ က မောက်စ်ကလေး က လျှာ ပေါ် ကို ဆေးလိပ် ၏ ခံစားမှုကို ရအောင် လှုံ့ဆော် ပေးလိမ့်မည် ။ ထို့အတူ လက်ဖက်ရည် ၊ ကော်ဖီ ၊ ရေခဲမုန့် ၊ သစ်သီး စသော အရသာ မျိုးစုံ ကို ခံစား စေရမည် ။

ရှေ့ဆက်ပြီး သုတေသန လုပ်နေတာ က တော့ ကွန်ပျူတာ နှင့် လူသား တို့ လက်ထပ် နိုင်သည့် နည်းပညာ ပင် ဖြစ်၏ ။ ထိုကိစ္စ ကို လူပျိုကြီး ၊ အပျိုကြီး တွေ က အလွန် စိတ်ဝင်စားဖွယ် စောင့်မျှော် နေကြသည် ။

ဒီအတိုင်း ဆိုလျှင် သိပ် မလွယ် ၊ နည်းပညာ လောက တစ်ခုလုံး သူ့ လက် သူ့ ခြေ ဖြစ် တော့မည် ။ နေရာတကာ မှာ သူ ချည်း လွှမ်းမိုး လာတော့မည် ။ ထို့ကြောင့် ပြိုင်ဘက် အုပ်စုတွေ ပေါင်းစည်းပြီး ဘီလ်ဂိတ် နှင့် မိုက်ကရိုင်ဆော့ဖ် ကို အန်တု ဘက်ပြိုင် ဖို့ စဉ်းစား ရတော့သည် ။ ဘီလ်ဂိတ် က လည်း နှယ်နှယ်ရရ မဟုတ် ။ တော်ရုံတန်ရုံ လူ က သူ့ ကို မယှဉ်နိုင် ။ နောက်ဆုံးတော့ လူ တစ်ယောက် ကို ရှာတွေ့ကြသည် ။ ထို ပုဂ္ဂိုလ်ကြီး ကို ပြိုင်ဘက် ကုမ္ပဏီအုပ်စု ၏ ဥက္ကဌ အဖြစ် တင်မြှောက် လိုက်ကြသည် ။

ထို သူ ကား ပိုက်သာဂိုးရပ်စ် ပင် ဖြစ်လေ၏ ။

•••••   •••••   •••••   •••••

ယူရီဂလင်း သည် အာကာယာဉ်မှူး တစ်ဦး ဖြစ်၏ ။ သူ သည် မကြာခင် ရက်ပိုင်း အတွင်း မှာ ပင် လ ပေါ် သို့ အာကာသယာဉ် ဖြင့် ခရီး တစ်ခေါက် ထွက်စရာ ရှိနေသည် ။ သူ့ တာဝန် က တော့ လ ပေါ် မှာ နေရောင်ခြည် စွမ်းအင်သုံး အလိုအလျောက် ဓာတ်ခွဲခန်းငယ် တစ်ခု ကို သွားရောက် တည်ဆောက် ပေးရမည် ဖြစ်၏ ။

ထို ခရီးစဉ် အတွက် လေ့ကျင့်မှုတွေ အပြည့်အဝ ပြုလုပ်ခဲ့ပြီး ဆောင်ရွက်ရမည် ကိစ္စတွေ အတွက် လည်း အသေးစိတ် လေ့လာ ပြင်ဆင် ခဲ့ပြီးပြီ ။ ကျန်းမာရေး စစ်ဆေးခဲ့ရာ မှ လည်း ကြံ့ခိုင်သန်စွမ်းမှု အပြည့်အဝ ရှိ ကြောင်း သိရပြီးပြီ ။ အာကာသယာဉ် ကို သယ်ဆောင် သွားမည့် ဒုံးပျံ နှင့် လဆင်းယာဉ် တို့ သည် လည်း အပြစ် အနာအဆာ မရှိ ၊ အားလုံး ပုံမှန် အလုပ် လုပ်နိုင်ကြောင်း စစ်ဆေးပြီးပြီ ။ သူ နှင့် အတူတကွ လိုက်ပါကြမည့် တခြား အာကာသယာဉ်မှူး တို့ သည် လည်း အစစ အရာရာ အဆင့်သင့် ဖြစ် နေကြပြီ ။ ဒီ ခရီးစဉ် သည် ရာနှုန်းပြည့် အောင်မြင်လိမ့်မည် ဟု သက်ဆိုင်ရာ ပညာရှင်များ က ယုံကြည်နေကြသည် ။

သို့ရာတွင် ဒီ ခရီးစဉ် အပေါ် သံသယ မကင်း ဖြစ် နေ သူ က ယူရီဂလင်း ၏ ဇနီး ပင် ဖြစ်၏ ။ ခုတလော အိပ်မက်တွေ သိပ် မကောင်းလှ ။ မနေ့ ည က အိပ်မက် ထဲ မှာ လငပုတ် ဖမ်းပုံ ကို မြင်မက် ခဲ့သည် ။ အတိတ်နိမိတ် တွေ ကလည်း ပြပြနေသည် ။ အိမ် မှာ ပစ္စည်းအကျိုးအပဲ့ အကွဲအရှ များသည် ။ မော်တော်ကား  ပျက်သည် ။ ဒီ ရက်ပိုင်း မှာ စိတ်လက် မကြည်လင် ဘဲ လေးလံထိုင်းမှိုင်း နေသည် ။ ဒီ တစ်ခေါက် သူ့ ယောက်ျား ခရီး ထွက်ရမည့် ကိစ္စ နှင့်ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ် နေမိ၏ ။

ထို့ကြောင့် နက္ခတ္တဗေဒ ဆရာကြီး နော်စထရာဒေးမတ်စ် ထံ သွားပြီး သူ့ ယောက်ျား ၏ ဇာတာ ကို စစ်ဆေးခိုင်းသည် ။ ဆရာကြီး က သူ ၏ လက်စွဲ ဝေဒကျမ်းများ နှင့် တိုက်ဆိုင် ညှိနှိုင်းပြီး နောက်

“ အိမ်း ... ဇာတာရှင် ရဲ့ မွေးနာမ်ဂြိုဟ် က ဗျာရ အိမ် ထဲ ကျနေ တဲ့ အပြင် ရာဟု က လည်း မြင်နေသေးတယ် ဆို တော့ အညံ့ပိုင်း ထဲ ရောက် နေတယ် ကွယ့် ၊ ပြီးတော့ ခရီး ထွက် ရမည့် ရက် ကလည်း ပြဿဒါး ရက်ကြီး ဖြစ်နေတယ် ။ ဒါကြောင့် ဒီ ခရီး မှာ ဥပဒ်အန္တရာယ် ဖြစ်မယ့် ကိန်း မြင် နေရတယ် ”

အမျိုးသမီး မှာ အတော် စိုးရိမ်သွားဟန် ဖြင့်

“ ဒုက္ခပါပဲ ဆရာကြီး ရယ် ယတြာလေး ဘာလေး ချေလို့ မရဘူးလား ”

“ အင်း ... လုပ်ပေးမယ်လေ ၊ တစ်ခု တော့ ရှိတယ် ။ ယတြာ ချေရမယ့် ပစ္စည်း က အတော် ရှားပါးတယ် ။ လွယ်လွယ်ကူကူ ရှာလို့ ရမှာတော့ မဟုတ်ဘူး ။ အဲဒီလို ခဲခဲယဉ်းယဉ်း ရှာရတဲ့ ပစ္စည်း ဖြစ် မှ လည်း အစွမ်း ထက် မှာ ကိုး ”

“ဘာ ပစ္စည်းလဲ ဆိုတာ သာ ပြောပါ ၊ ဘယ်လောက် ခက်ခက် ရအောင် ရှာ ပေးပါ့မယ်”

“ တခြားတော့ မဟုတ်ဘူးကွယ့် ၊ အာဖဂန်နစ္စတန်စစ်ပွဲ သတင်း အကြောင်း လုံးဝ မပါတဲ့ ဂျာနယ် တစ်စောင် ကို ရအောင် ရှာ ရမှာ ကွယ့် ”

အမျိုးသမီး ၏ မျက်နှာ ပေါ် မှာ စိတ်ဓာတ် ကျ သွားပုံ ကို အထင်းသား မြင် လိုက်ရသည် ။

•••••   •••••   •••••   •••••

မော်ဒန်စာပေသမားများ ကို ဆုံးမရန် ဆိုသော ရည်ရွယ်ချက် ဖြင့် ဂန္ထဝင် စာပေဝါဒီများ သည် အင်္ဂလန်နိုင်ငံ ရှိ ‘ စထရက် ဖို့ဒ် အွန် - အဗွန် ’ သို့ စုဝေး ရောက်ရှိ နေကြသည် ။ ဒီ နေရာ ကို ရွေးရတာ က အကြောင်း ရှိ၏ ။ ‘ စထရက်ဖို့ဒ် ’ သည် … ကမ္ဘာကျော် ဂန္ထဝင်စာရေးဆရာကြီး ရှိတ်စပီးယား ၏ ဇာတိမြို့ ဖြစ် နေလို့ပါပဲ ။

ရှိတ်စပီးယား ဆိုလျှင် တော့ မော်ဒန်ကောင်တွေ ကို ကောင်းကောင်း ပညာ ပေး နိုင်လိမ့်မည် ဟု ယူဆ ရသည် ။ ထို့ကြောင့် သူ့ ကို လာ ရှာကြခြင်း ဖြစ်၏ ။ သို့ရာတွင် ရှိတ်စပီးယား သည် ဂန္ထဝင် နှင့် မော်ဒန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲ တက်ရောက် ရန် ပြင်သစ်ပြည် ပါရီမြို့ သို့ ထွက်ခွာ သွားပြီ ဖြစ်သောကြောင့် တွေ့ခွင့် မရကြတော့ပါ ။

◾မင်းလူ

📖 အိုင်ဒီယာ မဂ္ဂဇင်း
     ၂၀၀၂  ၊ ဇွန်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment