❝ တစိုက်မတ်မတ် လုပ်ကြည့်ပါတဲ့ ဗျာ ❞
“ ငါ ဒီကောင်မလေး ကို သဘောကျတယ် ကွ ”
“ ဟာ ... ဦးနားဝေး ၊ စကား ကို ဆင်ဆင်ခြင်ခြင် ပြော ဗျာ ၊ ဘေး က လူတွေ ကြား သွားရင် မကောင်းဘူး ၊ ဘယ့်နှယ်ဗျာ ... ခင်ဗျား အသက်အရွယ်ကြီး နဲ့ မအပ်မရာ ”
“ ဟ ... ငါ သဘော ကျတယ် ဆိုတာ က သူ့ လုပ်ရည်ကိုင်ရည် ကို ပြော တာပါကွာ ၊ တလွဲ မထင် လိုက်ပါနဲ့ ”
“ အစ ကတည်း က အဲသလို ရှင်းရှင်း ပြော ရင် ပြီး နေတာပဲဗျာ ”
ကျွန်တော်တို့ သည် တစ်ခု သော နံနက်ခင်း တွင် အောင်လံမြို့ မော်ကွန်း လက်ဖက်ရည်ဆိုင် တွင် လက်ဖက်ရည် သောက် နေကြ၏ ။ ထိုစဉ် ဟွန်ဒါ ဆူပါကပ် ဆိုင်ကယ် တစ်စီး ဝှီးခနဲ ဖြတ် မောင်းသွား ၍ လှည့်ကြည့် လိုက်ရာ ကုန်စိမ်းသည်မ ဗူးစိ ဖြစ် နေလေ၏ ။
ဗူးစိ ကို ကြည့် ၍ ဦးနားဝေး က သည်ကောင်မလေး ငါ သဘောကျတယ် ဆိုတဲ့ ဂြိုလ် မလွတ် ဂါး မလွတ် သော စကား ကို ပြော ခြင်းဖြစ်ပါ၏ ။
“ မင်း ဗူးစိ ကို သိတယ် မဟုတ်လား ”
“ သိတာပေါ့ ဦးနားဝေး ၊ ၁၉၈၂ ခုနှစ် ကျွန်တော် တော က ပြောင်း လာတော့
မနက် ဈေး သွား ရင် သူ့ ဆိုင် က ခရမ်းချဉ်သီး ငရုတ်သီး ဝယ် နေကျ ပဲ ဟာ ”
ထိုစဉ် အောင်လံမြို့ ဈေးဟောင်း လမ်းမကြီး အနောက်ဘက် က လမ်းမ ပေါ် မှာ ထင်းရှုးသေတ္တောလေး တစ်လုံး ချ ၊ တုတ်ချောင်းလေး ထောင် ၊ ချိန်ခွင်ကလေး ချိတ် ၊ ငရုတ်သီး တစ်ဗန်း ၊ ခရမ်းချဉ် တစ်ဗန်း အမြဲနှယ်နှယ် ရောင်း နေ တတ်၏ ။ မိုးရွာ နေပူ လျှင် ထီးကလေး မိုး လို့ပါ ။
“ အဲဒီ ဗူးစိ ပေါ့ ကွာ ငါ့ ကို ဆုံးမတာ ”
“ ဗျာ ... ဗူးစိ က ဦးနားဝေး ကိုဆုံးမ တယ် ဟုတ်လား ”
“ အေးကွ ... သူ က ငါ့ ကို ပြော တယ် ၊ “ ဦးနားဝေကြီး တောင် ယောင်ယောင်
မြောက် ယောင်ယောင် ယောင် ခြောက်ဆယ် လုပ် မနေနဲ့ တစ်ခုခု ကို စွဲစွဲ မြဲမြဲ လုပ်ဦး ” တဲ့ ကွာ ။
တောင် ယောင်ယောင် မြောက် ယောင်ယောင် လက်ဖက်ရည် ကပ် သောက် ၊ အရက် ကပ် သောက် တက်သော ဦးနားဝေး ကို ဗူးစိ က ကြည့် ရပုံ မပေါ်ပါ ။
“ သူ ကတော့ အပြော နဲ့ အဟော ညီ သားပဲ ဗျာ ”
“ အဲဒါ ငါ ပြော တာပေ့ါ ချမ်းသာ ရာ ၊ သူ က အစ က လမ်းပေါ် မှာ ပျံကျဈေးသည် လေ ကွာ ၊ ဘာ ရောင်းနိုင်တာ မှတ် လို့ ကွာ ကြက်သွန်လေး နည်းနည်း ၊ ငရုတ်လေး နည်းနည်း ၊ ခရမ်းချဉ်သီးလေး နည်းနည်း ရယ် ”
“ နောက် မကြာဘူး ၊ လမ်း အနောက်ဘက် ကွပ်လပ် မှာ မြနန္ဒာဈေး ကို ဆောက်ပြီး ပျံကျတွေ ကို ထည့် လိုက်တော့ သူ က ဆိုင်ခန်း တစ်ခန်း ရ လိုက်တယ် ၊ အဲဒီ တစ်ခန်း က နေ ချဲ့ ချဲ့ လာ လိုက်တာ အခုဆို ဆိုင်ခန်း ငါးခန်းတွဲကြီး တောင် ဖြစ် နေတာ တွေ့ရ သကွ ၊
ဆိုင် ပေါ် မှာ ကုန်စိမ်းတွေ ဟီး လို့ ၊ ပြုံးပြုံး နဲ့ ရောင်းဝယ် တာ တွေ့ရ သကွ ၊ အခု
မင်း မြင်တဲ့ အတိုင်း သိန်းအစိတ် လောက် တန် တဲ့ ဆူပါကပ် နဲ့ တစ်လွှားလွှား သွား နေတာကွာ ”
••••• ••••• •••••
“ မောင် ... ပူတင်း မြည်းဦးမလား ”
“ ဧည့်သည်တွေ ကို ကျွေး ပါကွာ ”
တစ်နေ့ ရန်ကုန် မှ မိတ်ဆွေများလာ သဖြင့် မိသဲ က နနွင်းမကင်း ၊ ပူတင်း နဲ့ ငှက်ပျောသီးပေါင်း ပြေး ဝယ်တယ် ခင်ဗျာ ။ ရေနွေးကြမ်း နဲ့ တည်ဖို့ ။ ကျွန်တော် တို့
အောင်လံမြို့ မှာ တော့ ပုတ်ကြီး နနွင်းမကင်း ဆို တာ နာမည်ကြီး ပဲ ။
ပုတ်ကြီး က နနွင်းမကင်း ဖုတ်တယ် ၊ ငှက်ပျောသီးပေါင်း ဖုတ်တယ် ၊ ပူတင်း လည်း လုပ်တယ် ၊ တစ်နေကုန် ဖုတ် နေတာ ။ ကြာလှပေါ့ ၊ နှစ်ပေါင်း အစိတ် ထက် မနည်း တော့ ဘူး ၊ သူ့ သမီး က တစ်ဆိုင် ၊ သူ့ ချွေးမ က တစ်ဆိုင် ၊ ဈေး ထဲ မှာ ခင်း ရောင်းတယ် ။ အိမ် မှာ လည်း ရောင်းတယ် ။ အချိန်ပြည့် ရောင်းတယ် ။ အရေးပေါ် လက်ဖက်ရည်းကြမ်း ၊ အမြည်း လွယ်တာပေါ့ ၊ အလှုအတန်းများ က အော်ဒါ မှာ ရင်လည်း ဖုတ် ပေးတယ် ။ ဗန်းလိုက် ပို့ ပေးတယ် ။ လိုချင်တဲ့ အချိန် ရစေ့မယ် ။ သားတွေ သမီးတွေ တက္ကသိုလ် ပို့ ။ သူတို့လေး တွေ အိမ်ထောင် ကျ ။ သားအကြီး က ကုန်တင်ကားကြီး ထောင် ၊ သမက် က ကားလေး
အော်ဒါ လိုက် ၊ အိမ် ကို လည်း အကျအန ပြင် ဆောက်ပြီးပြီ ။ သည် နနွင်းမကင်း
လုပ်ငန်း နဲ့ ပဲ ဗျာ ။ အစက ဘာ ရှိတာ မှတ်လို့ ။ သုံးပင်အိမ်ကလေး ဖရိုဖရဲ နဲ့ ပါ ။
“ ဟဲ့ ပုတ်ကြီး ... နင် ဖုတ်နေတုန်း ပဲ လား ၊ တိုက် ဆောက် ကား စီး သူဌေးမကြီး
ဖြစ် နေပြီပဲ ဟာ ”
“ ဟင် ... မောင်ကြီးချမ်းသာ က ပြော ရော့မယ် ၊ ကျွန်မ က ဒါပဲလုပ် တက်တယ် ၊ ဒါလေးကို ပဲ တစိုက်မတ်မတ် လုပ် ခဲ့လို့ ဒီလို နေရ စားရ တာ ၊ ဒါလေး ရပ်ပစ် လိုက်လို့ ဘယ် ဖြစ်ပါ့မလဲ ”
အသား မည်းကြုတ်ကြုတ် ဝတုတ်တုတ် ပုတ်ကြီး ။ ဒါလေး တစိုက်မတ်မတ် လုပ် ခဲ့လို့ သည်လို စား ရပါသတဲ့ ။ “ တစိုက်မတ်မတ် ” တဲ့ ဗျာ ၊ ပြော တတ် လိုက်တာ ။
ဟိုကောင်မ ဗူးစိ ကလည်း ပြော သေးတယ် ။ ဦးနားဝေး တစ်ခုခု ကို စွဲစွဲ မြဲမြဲ လုပ်ပါတဲ့ဗျာ ။
အသားမည်းမည်းမကြီး ပုတ်ကြီး နဲ့ မိန်းမချောလေး ဗူးစိတို့ သည် ကျွန်တော်တို့ လုပ်ငန်း ၏
ရှေ့ဆောင်လမ်းပြများ ဖြစ်ကြပါ၏ ။
ပညာတတ် ဘွဲ့ရ ၊ အရာရှိလူထွက် ဖြစ်သော ကျွန်တော်တို့ သည် မရှက်တမ်း ဝန်ခံ ရလျှင် လမ်းဘေး ဈေးသည် နှင့် မုန့်သည်မ တို့ ထံ မှ နည်း ယူခဲ့ပါ၏ ။ သူတို့ ကို အားကျ ၍ အတု ယူခဲ့ပါ၏ ။ လုပ် ကြည့်ခဲ့ပါ၏ ။ အောင်မြင်ခဲ့ ပါ၏ ။ သူတို့ သင်ကြား ပေးသော ဒဿနများ သည် ကျွန်တော့် ခေါင်း ထဲ စွဲနစ် နေပါ၏ ။
တောင်ခုန် မြောက်ခုန် မလုပ်ချင်ပါနဲ့ ။
တစူးစိုက်စိုက် လုပ်ပါတဲ့ဗျ ။
◾မောင်ချမ်းသာ
📖 မောင်ချမ်းသာ ၏ ချမ်းသာနည်း
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment