Sunday, October 23, 2022

စာ တစ်အုပ် ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသော စာရေးဆရာ


 

❝ စာ တစ်အုပ် ကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရသော စာရေးဆရာ ❞

မောင်ဖေငယ် ဟာ စာရေးဆရာ တစ်ယောက် ဖြစ်ပေမယ့် ကျွန်တော် နဲ့ စာပေလောက မှာ စတင် ထိတွေ့ ရတာ မဟုတ်ဘဲ ထောင် ထဲ ရောက် မှ ခပ်လှမ်းလှမ်း က မြင်တွေ့ ၊ နှုတ်ဆက် ပြီး သိကျွမ်း ခဲ့ရတာပါ ။ ထောင် က လွတ် လာကြ ပြီး တဲ့ နောက် မှ သူ ကွယ်လွန်တဲ့ အထိ ရင်းနှီးတဲ့ ငယ်ပေါင်းတွေ လို ခင်မင် ခဲ့ပါတယ် ။ သူ ဟာ စာ ရေးသားမှု နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံ ခဲ့ရသူ ပါ ။

စာအုပ် ရေး လို့ ၊ သတင်းစာ ထုတ် လို့ ထောင်ဒဏ် ကျခံရတဲ့ နာမည်ကြီး စာရေးဆရာ တွေ က လူထုဦးလှ နဲ့ ဗန်းမော်တင်အောင် တို့ ဖြစ်ပါတယ် ။ လူထု သတင်းစာ မှာ ဖဆပလ အစိုးရ ရဲ့ အုပ်ချုပ်မှု အမှား တွေ ၊ အားနည်းချက် တွေ ကို သတင်းစာ ထဲ ထည့် ရေးခဲ့တာကြောင့် လူထုဦးလှ ကို ထောင် အကြိမ်ကြိမ် ပြစ်ဒဏ် ချခဲ့ပါတယ် ။ ဦးလေးလှ ဟာ ထောင် ထဲ မှာ ပဲ “ ထောင် နဲ့လူသား ” ၊ “ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ ” ၊ “ လေ နဲ့ အတူ ” ၊ “ စစ် ၊ အချစ် နှင့် ထောင် ” စတဲ့ ထောင် နဲ့ ပတ်သက်တဲ့ ဝတ္ထု တွေ အဖြစ်အပျက် တွေ ကို ရေးခဲ့တာ ကြောင့် ပိုမို ထင်ရှားခဲ့တယ် ။ ထောင်ဘဝ နဲ့ ထောင်ကျ လူသားတွေ အကြောင်း အပီပြင်ဆုံး ရေးနိုင်ပြီး ထင်ရှားတဲ့ စာရေးဆရာကြီး ဖြစ်ပါတယ် ။ ဗန်းမော်တင်အောင် က လည်း လင်းယုန်ဂျာနယ် ၊ လင်းယုန်သတင်းစာတွေ ထုတ်ဝေပြီး ဖဆပလအစိုးရ ကို ထိပါးတဲ့ သတင်း တွေ ၊ ဆောင်းပါး တွေ ဖော်ပြခဲ့တာကြောင့် ထောင် ကျ ခဲ့ရ သလို အမေ ၊ ပြည်တော်သာခင်ခင်ဦး ၊ မုန်တိုင်းကထန် စတဲ့ ပြည်တွင်းစစ် ကို ဆန့်ကျင် တဲ့ စာအုပ်တွေ ၊ အဖိနှိပ်ခံ အလုပ်သမား လူတန်းစား အကြောင်း ရေး တဲ့ စာအုပ်တွေကြောင့် ထောင် အကြိမ်ကြိမ် ကျခဲ့ပါတယ် ။ သူ ရဲ့ မြိုင် ဝတ္ထု ဆို ရင် ထောင် ထဲ မှာ ပဲ ရေး ခဲ့တာပါ ။ မြသန်းတင့် ရဲ့ အမှောင်ရိပ်ဝယ် ၊ ၁ဝ ကြိမ်မြောက် အလည် ရောက်ခြင်း စတဲ့ ထောင်ဝတ္ထု တွေ က လည်း စာပေသမိုင်း မှာ ထိပ်ဆုံး မှာ ရှိခဲ့တာပါပဲ ။ ရန်အောင်မောင်မောင် တို့ လို စာရေးဆရာ တွေ က တော့ အဖမ်း ခံရပြီး ထောင် တွင်း အကြောင်း ရေး ကြတာ မဟုတ်ဘဲ ထောင်မှူး ထောင်ပိုင်တွေအဖြစ် တာဝန် ထမ်းဆောင် ရင်း ထောင် အကြောင်း ရေးကြတာ ဖြစ်ပါတယ် ။

စာ ရေး လို့ အမြင့်ဆုံးထောင်ဒဏ် ကျခံ ရ သူ ကတော့ မောင်ဖေငယ် ပါ ။ လူထုဦးလှ ၊ ဗန်းမော်တင်အောင် တို့ က အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် လောက် ပဲ ကျ ပေမယ့် မောင်ဖေငယ် က တော့ တစ်သက်တစ်ကျွန်း ကျတယ် ။ ( ကျွန်တော့် ကို သူ ပြောပြ တာက သူ ရဲ့တစ်သက်တစ်ကျွန်း ပြစ်ဒဏ် က အမြင့်ဆုံး ‘ က ’ အဆင့် ဖြစ်တယ်လို့ ပြောပါတယ် ) ရေး တဲ့ စာအုပ် က လည်း သမိုင်း စာအုပ် ဖြစ်ပါတယ် ။ “ ဖောင်းကားစားမောင်မောင် ” ဆိုတဲ့ ကုန်းဘောင်ခေတ် မင်းဆိုးမင်းညစ် တစ်ပါး အကြောင်း ရေးတာပါ ။ စာရေးဆရာ ဟာ ဖောင်းကားစားမောင်မောင် ကို အကြောင်း ပြုပြီး မဆလခေတ် ကို စောင်း ရေးတယ် ။ ကုန်းဘောင်ခေတ် မင်း ကို ရေး သလိုလို နဲ့ လက်ရှိ မြန်မာ့ဆိုရှယ်လစ်စနစ် ကို တိုက်ခိုက်တယ် ။ ခေါင်းဆောင်တွေ ကို စော်ကားတယ် ဆိုပြီး အမြင့်ဆုံး ပြစ်ဒဏ် ချမှတ် လိုက်တာပါ ။ မောင်ဖေငယ် ရေးတဲ့ ထဲ မှာ “ မယား ပြီး မယား ၊ စပါး ပြီး စပါး ၊ စကား ပြီး စကား ” ဆိုတဲ့အရေးအသား ဟာ ဖောင်းကားစားမောင်မောင်မင်း ကို ရေးသလိုလို နဲ့ လက်ရှိ ခေတ်ခေါင်းဆောင်တွေ ကို စောင်း ရေးတာ ကြောင့် အပြစ် ကြီးတယ် ဆိုပြီး တစ်သက်တစ်ကျွန်း ချ လိုက်တာပါပဲ ။

သူ ထောင်ကျ ပြီးတဲ့ နောက် ၁၉၇၈ ခုနှစ် မှာ စာရေးဆရာ ၊ ကဗျာဆရာတွေ အများအပြား အစုလိုက် အပြုံလိုက် အဖမ်း ခံရပါတယ် ။ တစ်ပြည်လုံး နယ် အသီးသီး ၊ မြို့အသီးသီး က လူ အတော်များများ ကို ပုဒ်မ ၅ ( ည ) နဲ့ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ် ။ အင်းစိန်ထောင် က ကိုယ်တွေ့ အားလုံး မှာ ၅ ( ည ) တွေ နဲ့ ပြည့်ကျပ် နေတာ ကြောင့် အဆောင်တွေ ကို ပို့ ရပါတယ် ။ ၃ - ဆောင် မှာ အများဆုံး ရောက်တာပါပဲ ။

အဲဒီ အချိန် မှာ မောင်ဖေငယ် က ထောင် ကျ ပြီး တောင်ယာ တန်းစီး ဖြစ် နေပါပြီ ။ တောင်ယာ ဆိုတာ က ထောင် မှာ သီးနှံအမျိုးမျိုး စိုက်ပျိုးပါတယ် ။ မုန်လာ ၊ မုန်ညင်း ၊ ဂေါ်ဖီ ၊ ကိုက်လန် စတဲ့ စားပင်တွေ ကို ထောင် ရဲ့ တောင်ယာ စိုက်ခင်း မှာ လည်း စိုက် ပါတယ် ။ ထောင် မှာ အုတ်ရိုး နှစ်ထပ် ရှိ ပါတယ် ။ အပြင် အုတ်ရိုးအမြင့်ကြီး နဲ့ အတွင်း အုတ်ရိုး အနိမ့် နှစ်ခုကြား အတွင်း မှာ စိုက်ခင်းတွေ ရှိပါတယ် ။ မောင်ဖေငယ် က တော့ ၃ ဆောင် စိုက်ခင်း ရဲ့ တောင်ယာ တန်းစီး ပါ ။ တန်းစီး ဆိုတာ က အလုပ် လုပ် ရတဲ့ ထောင်ကျတွေ ကို အုပ်ချုပ် ရတဲ့ အကျဉ်းသား အရာရှိ ကို ခေါ်တာပါ ။

ပျဉ်းမနား က မောင်သင်းခိုင် ၊ ဇော်ဝင်းကို ၊ မြင်းခြံ က မောင်လူမှိန် ၊ မောင်ဝင်းဗိုလ် ၊ တောင်ကြီး က မောင်မြေနီ စတဲ့ ကဗျာဆရာတွေ ၊ ရန်ကုန် က သခွပ်နီ ၊ ပြည်တော်ဦး ၊ မောင်အောင်ပွင့် စတဲ့ ကဗျာဆရာ တွေ ဟာ ထောင် ထဲ အပြုံ လိုက် ရောက် လာ ကြတာပါ ။ သူ့ လို စာရေးဆရာ ၊ ကဗျာဆရာ တွေ ရောက် လာတော့ မောင်ဖေငယ် အဖို့ မျက်နှာ လွှဲ လို့ ဘယ် ရတော့မလဲ ။ ကျွန်တော် တို့ ဟာ ထောင်ဝင်စာ မရှိ ကြတော့ ငတ် ပါတယ် ။ ထောင် က ကျွေးတဲ့ ထမင်း ပဲ စား ရပါတယ် ။

ဒါကြောင့် မောင်ဖေငယ် က သူ့ လူတွေ နဲ့ အတူ ငါးပိ ကြော် ပါတယ် ။ ထောင် ငါးပိ မျိုး မဟုတ်ဘဲ ငရုတ်သီး ၊ ပုစွန်ခြောက် ၊ ငါးခြောက် ၊ စိမ်းစားငါးပိ တွေ ထည့်ပြီး အတတ်နိုင်ဆုံး များများ ထည့်ပြီး ကျွန်တော် တို့ စာပေသမား အားလုံး စား နိုင်အောင် ဒယ်အိုးကြီး နဲ့ ကြော်တာပါ ။ ပြီးတာ နဲ့ ကျွန်တော် တို့ ထံ ပို့ ပေးပါတယ် ။ အသီးအရွက် တွေ ကိုလည်း ကြော် ပေး သလို တို့စရာ အဖြစ် ခရမ်းသီး ၊ ကိုက်လန် ၊ ကန်စွန်းရွက် စတဲ့ တို့စရာ အရွက်တွေ ကို လည်း ပို့ပေး လေ့ ရှိပါတယ် ။ ရာဇဝတ်မှု နဲ့ ထောင်ကျ တွေ ကြား နှစ် နဲ့ ချီပြီး နေလာ ရ တဲ့ မောင်ဖေငယ် ဟာ သူ နဲ့ ဝါသနာ တူ စာရေးဆရာ ၊ ကဗျာဆရာတွေ ရောက် လာတော့ တော်တော်လေး ပျော်ရွှင် သွားတယ် ။ သူ တတ် နိုင်တာတွေ ၊ ကူညီ နိုင်တာတွေ ကို လည်း ကူညီ ချင် ပုံ ရပါတယ် ။ ကျွန်တော် တို့ နဲ့ တွေ့ချင် ပြောချင် ပေမယ့် ပြောခွင့် တွေ့ခွင့်တော့ မရ ရှာပါဘူး ။ မသိမသာ တွေ့ပြီး မိနစ်ပိုင်း လောက် ပဲ စကား ပြော ရတယ် ။ ၅ ( ည ) တို့ ၊ ၁၀ ( က ) တို့ လို ပုဒ်မ နဲ့ လူတွေ ကို တခြားအကျဉ်းသားတွေ က စကား ပြော ခွင့် မရပါဘူး ။

အထူးသဖြင့် ပြစ်ဒဏ် မကျသေးတဲ့ အချုပ်ကာလ ဆိုရင် အဆက်အသွယ် လုပ် လို့ မရပါဘူး ။ မောင်ဖေငယ် က တစ်သက်တစ်ကျွန်း ကျ နေတဲ့ စာရေးဆရာ ဖြစ်ပြီး ၊ ကျွန်တော် တို့ က တော့ အချုပ်ကာလ ပဲ ရှိတာကြောင့် အဆက်အသွယ် မလုပ်ရ ၊ အပေးအကမ်း မလုပ်ရပါဘူး ။ ဒါပေမဲ့ မောင်ဖေငယ် ဟာ အခက်အခဲတွေ ကြား ထဲ က နေ သူ ချစ်တဲ့ စာပေသမား တွေ ကို အကူအညီ ပေးခဲ့တာ ကို ယခု တိုင် သတိ ရ နေပါတယ် ။

မောင်ဖေငယ် ရေး ခဲ့တဲ့ ရနောင်မောင်မောင်တုတ် ၊ ဖောင်းကားစားမောင်မောင် စတဲ့ စာအုပ်တွေ အပြင် သမိုင်း နှင့် ဝိရောဓိဖြစ်ခြင်း စာအုပ် လိုမျိုး သမိုင်းပညာရှင်တွေ ကြား ငြင်းခုံဆွေးနွေးစရာတွေ ရှိတဲ့ စာအုပ် နဲ့ သမိုင်း အမြင် မျိုး က လည်း ရှားပါတယ် ။ မောင်ဖေငယ် ရဲ့ ဖောင်းကားစားမောင်မောင် စာအုပ် နာမည် ကြီးတာ ရော ၊ စာရေးသူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျ သွားတာရော ကြား သိ ခဲ့ရပေမယ့် မသိကျွမ်း ခဲ့ရပါဘူး ။ ထောင် ထဲ ဆုံခဲ့ပေမယ့် လည်း မိတ်ဆွေအဖြစ် နှုတ်ဆက် ရုံ ရှိကြသလို ငတ် နေတဲ့ အချိန် သူ့ ကျေးဇူးကြီး ခဲ့တာ ကို လည်း သတိ ရခဲ့ပါတယ် ။ ဒီလို ထောင် ထဲ နေရင်း ကံကြမ္မာ အလှည့် အပြောင်း ဖြစ် လာပါတယ် ။ ကျွန်တော်တို့ အုပ်စုကြီး ကို လည်း ရုံးတင် တရားစွဲ နေပါပြီ ။ ထောင်ဘူးဝ တရားရုံး ကို ထွက် နေရတာ ကြောင့် ကျွန်တော် တို့ လည်း အိမ် က ပါဆယ် ရ လာကြတယ် ။

ဒါကြောင့် အစောပိုင်း က လို မငတ်ကြတော့ပါဘူး ။ ရုံးထွက် ပြ ရ တာကြောင့် အဆောင် ကနေ တိုက်ခန်းတွေ ဆီ ပြောင်းလဲ တဲ့ အတွက် မောင်ဖေငယ် နဲ့ လည်း ဝေး ခဲ့ကြရပါတယ် ။ အဲဒီ အချိန် မှာ ၂/၈၀ အမိန့် ဆိုတဲ့ အထွေထွေလွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြီး ထွက် လာပါတော့တယ် ။ ဒီ အမိန့် ကြောင့် နိုင်ငံတော်ပုန်ကန်မှု ၊ တောတွင်း နဲ့ ဆက်သွယ်မှု ၊ မတရားသင်းပုဒ်မ ၅ ( ည ) ပုဒ်မ စတဲ့ အမှုတွေ ဟာ အရင်ဆုံး အကျိုး ခံစား ရပါတယ် ။ နိုင်ငံ့ခေါင်းဆောင် တွေ ကို လုပ်ကြံရန် ကြံစည်တာ ကြောင့် သေဒဏ် ကျခံရတော့မယ့် မန်းငွေအောင် ၊ ကျော်ထူး ၊ မန်းဒါဝိတ် စသူ တွေ ဟာ သေဒဏ် က လွတ်မြောက် ရုံ မကဘူး ထောင်ကျ လည်း ချက်ချင်း လွတ် သွားပါတယ် ။ သခင်စိုး လည်း တစ်သက်တစ်ကျွန်း ပြစ်ဒဏ် က လည်း လုံးဝ လွတ်မြောက် သွား ခဲ့သလို မောင်ဖေငယ် ကို လည်း ထောင် က ချက်ချင်း လွှတ် ပေး လိုက်တယ် ။ ကျွန်တော် တို့ လည်း လွတ်မြောက် လာခဲ့ပါတယ် ။

အပြင် ရောက် ကြတဲ့အခါ စာရေးဆရာတွေ ကို မေတ္တာ နဲ့ အခမဲ့ ဆေး ကု ပေးတဲ့ ကျောက်မြောင်း က ဒေါက်တာတင်စံဦး ထံ စာရေးဆရာ တွေ သွားရောက် ပြသရင်း က နေ မောင်ဖေငယ် နဲ့ ပြန် ဆုံ ရပါတော့တယ် ။ ဒီ အချိန် မှာ တော့ ထောင် ထဲ တုန်း ကလို အချုပ်အချယ် နဲ့ မဟုတ်ကြတော့ ပဲ လွတ်လွတ်လပ်လပ် ၊ ပေါ့ပေါ့ပါးပါး တွေ့ ဖြစ်တာပါ ။ မောင်ဖေငယ် က နိုင်ငံရေးသမား မဟုတ်ပါဘူး ။ နိုင်ငံရေးစာပေ ရေး တဲ့ စာရေးဆရာ လည်း မဟုတ်ပါဘူး ။ သမိုင်း စာရေးဆရာ ပါ ။ သမိုင်း ကို အလွန် စိတ်ဝင်စားတဲ့ သမိုင်းပညာရှင် လည်း ဖြစ်ပါတယ် ။ သူ ဟာ ဆရာဦးသုခ ရဲ့ သွေး လည်း ဖြစ် ပါတယ် ။ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ ဦးသုခ ရဲ့ တူ အရင်း ပါပဲ ။ ဦးသုခ က စာပေ ဘက် ဝါသနာ ပါတဲ့ သူ့ တူ ကို မန္တလေး လူထုသတင်းစာ တိုက် မှာ ထား ပေးတယ် ။ မောင်ဖေငယ် ဟာ မန္တလေးသား လည်း ဖြစ်ပါတယ် ။ လူထု မှာ အလုပ် လုပ်ရင်း စာ တွေ ရေး ဖြစ်သလို ပုံနှိပ်ပညာ ၊ သတင်းစာပညာတွေ ကို လက်တွေ့ လုပ်ရင်း ရရှိခဲ့တယ် ။ နောင် စာရေး မယ် ဆိုပြီး ရန်ကုန် ရောက် လာတာပါ ။

ပိန်ပိန်ပါးပါး ၊ ဖြူဖြူချောချောနဲ့ မောင်ဖေငယ် ဟာ စိတ် သဘောထား လည်း အလွန်ဖြူစင် ပါ တယ် ။ ကူညီရိုင်းပင်းစိတ် ရှိတယ် ။ အပေါင်းအသင်း မိတ်ဆွေ တွေ ရဲ့ အနွံအတာ ကို ခံတယ် ။ အကူအညီ လည်း ပေးပါတယ် ။ ခင်မင်စရာကောင်း တဲ့ မောင်ဖေငယ် နဲ့ အပြင် ရောက်တဲ့ အခါ ကျွန်တော် တွဲ ဖြစ်ပါတယ် ။ သူ နဲ့ အတွဲ များ တဲ့ မောင်ခေတ်ထွန်း နဲ့ ပါ ခင်မင်ခဲ့တယ် ။ မောင်ဖေငယ် က သူ မှန် တယ် ထင် ရင် ပြတ်ပြတ်သားသား လုပ်တယ် ။ သူ့ အပေါ်  စီးပိုးတယ် လို့ သူ ယူဆ တဲ့ ထုတ်ဝေသူ တွေ ကို ခပ်ပြတ်ပြတ် ရင်ဆိုင်တယ် ။ သူ ဟာ ရောဂါ ဖြစ် လို့ ဆေး ကုတာ က အစ သူ ထင် သလို လုပ် တတ်တယ် ။ ဒါကြောင့်လည်း အသေ စော သွားတယ် လို့ ပြော ရလိမ့်မယ် ထင်ပါတယ် ။

မောင်ဖေငယ် မှာ ဆီးချိုရောဂါ ရှိပါတယ် ။ အချို မစားရ ၊ အငန် မစားရ ၊ အဆီ မစားရ ဆိုတဲ့ ဆရာဝန် ရဲ့ကန့်သတ်ချက် တွေ ကို သူ က သိပ် မလိုက်နာချင်ပါဘူး ။ ကျွန်တော် တို့ နဲ့ လက်ဖက်ရည်ဆိုင် ထိုင် ရင် အချိုဆုံး ကျောက်ပန်းတောင်း လို့ မှာ ပြီး သောက် တာမျိုး လည်း ရှိတယ် ။ ကျွန်တော် က “ သူငယ်ချင်း ဆီးချို လည်း ရှိတယ် ဆိုပြီး ဘာဖြစ်လို့ ကျောက်ပန်းတောင်း မှ သောက် ရတာလဲ ” လို့ မေးတဲ့အခါ “ ဆီးချို တော့ ရှိတာပေါ့ ။ ဒါပေမဲ့ ဆိုးဆိုးရွားရွားတော့ မဟုတ်ပါဘူး ။ တစ်ခါတလေ အချို ပြင်းပြင်းလေး သောက် ကြည့်ချင်တာပေါ့ ” လို့ ရယ်ကျဲကျဲ နဲ့ ဖြေ ပါတယ် ။ မောင်ဖေငယ် ဟာ ရန်ကုန် မှာ နေရေး နဲ့ စားရေး အတွက် စာ ပဲ ရေးပြီး ရပ်တည် ခဲ့ရတာပါ ။ သူ နောက်ဆုံး နေသွားတာ က ကန်တော်လေး ၊ မန္တလေးလမ်း မှာပါ ။ သူ ဆုံးသွားတာ ကို စာပေနယ် က မသိကြလို့ ဖြစ် ပါလိမ့်မယ် ။ သူ့ အသုဘ မှာ စာရေးဆရာ တွေ သိပ် မတွေ့ရပါဘူး ။ ဘယ်လိုပဲ ဖြစ်ဖြစ် စာ တစ်အုပ် ရေး တာကြောင့် အမြင့်ဆုံး ပြစ်ဒဏ် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံ ရတာ ဟာ ခေတ်သစ် မြန်မာစာပေ လောက မှာ မောင်ဖေငယ် တစ်ဦး တည်း ရှိလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ် ။

◾ထက်မြက်

📖 သံတိုင်ကြား က ဘဝများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment