Wednesday, October 26, 2022

လူပျို အပျို ဖတ်စာ ( ၁၆ )


 

လူတွေ မှာ မျက်လုံး ပါ လို့ မြင် ကြတာတော့ မှန် ပေမဲ့ အမြင် အာရုံ အနိမ့် အမြင့် တော့ မတူညီ တတ်ကြပါဘူး ။

တချို့တွေ က ကိုယ့် ထက် မြင့်တဲ့ အမြင် ကို မြင် ကြပေမဲ့ တချို့တွေ က နိမ့်နိမ့်ကလေးတွေ ကိုပဲ မြင် တတ်ကြပါတယ် ။ တချို့ က တော့ ကိုယ့် ရဲ့ အမြင် အာရုံ ကို လယ်ဘယ်တန်း လောက် ကို ပဲ ရှုမြင် လေ့ ရှိကြပါတယ် ။

အဲဒီတော့ ဆုံစည်းမှုတွေ ကလည်း မတူညီ ကြတော့ပါဘူး ။

နိမ့်နိမ့်ကလေး က လူ က အမြင့်ကြီး က လူ ကို မြင်တယ် ။ အမြင့်ကြီး က လူ က သာမန် လူ ကို မြင်တယ် ။

ကျွန်တော် ပြော နေတာ လူ ရဲ့အရပ် အနိမ့် အမြင့် ကို ပြောနေတာ မဟုတ်ပါဘူး ။ အရပ် အနိမ့်အမြင့် နဲ့ ပြောရင် ဂျပုတွေ က “ ပု မှ နုတာဟေ့ ”  လို့ ထ အော် နေ ပါဦးမယ် ။ ဘယ်လောက် ပုပု ၊ မုန်လာဥတောင် ကြာ ရင် ရင့် လာပါသေးတယ် ။ ဆိုပါတော့ … အမြင် အာရုံ မတူတဲ့ သူ တွေ ကလည်း ရံဖန်ရံခါ ပျက်စေ ပျောက်စေပြီး ပေါင်းဖက် ရတတ်ပါတယ် ။

တစ်ယောက် က မှန်တယ် ထင် တဲ့ ဟာ ကို တစ်ယောက် က မှားတယ် ။ တစ်ယောက် အမှားကြီး  လို့ ပြောရင် နောက် တစ်ယောက် က အမှန် လို့ သတ်မှတ်တယ် ။ ဆိုပါတော့ ။ အဲဒီ နှစ်ဦး ဟာ အိမ်ထောင်ရက်သား ကျ ပြီ ဆိုရင် ဘာပဲ ပြောပြော တစ်လှေ တည်း စီး ပြီး တစ်ခရီး တည်း သွား ရတော့ မှာ ဖြစ်ပါတယ် ။ တစ်လှေ တည်း စီး တစ် ခရီး တည်း သွား ဆိုပေမဲ့ ဘာ နဲ့ တူ သလဲ ဆိုရင်

“ ဆိုက္ကား စီး သွားတဲ့ လင်မယားလို ပါ ပဲ ”

တစ်ခရီး တည်း သွားတယ် ဆို တာ မှန် ပေမဲ့ တစ်ယောက် က အရှေ့ ကို မြင် ပြီး တစ်ယောက်က အနောက် ကို မြင် တယ် ။ ဒီကြား ထဲ ကလေး တွေ ရ ရင် ပို ဆိုးသေး ။ ဘေးတွဲ က နေ ကန့်လန့်တွေ တိုက် နေတာ ။

ဒါကြောင့် ချစ်သူ ( သို့မဟုတ် ) အိမ်ထောင်ဖက် ရွေးချယ်မယ် ဆိုရင် အမြင် ကလည်း အင်မတန် အရေး ကြီး ပါတယ် ။ တစ်ယောက် နဲ့ တစ်ယောက် အမြင် မတူရင် ရေရှည် ပေါင်းသင်း ရတာ စိတ်ညစ်စရာ အလွန် ကောင်း ပါလိမ့်မယ် ။

ပြောရဦးမယ် ဗျ ။ ကျွန်တော်တို့ အိမ်နား က လူကြီး တစ်ယောက် အိမ်ထောင် ကျ တာ ။ သူ ယူ လိုက်တဲ့  ကောင်မလေး က တစ်မျိုးလေး ဗျ ။ ကြောင်စီစီလေး ။ ကျွန်တော်တို့ က မေးတယ် ။

“ ဘာဖြစ်လို့ ဒီ ကောင်မလေး ကို ရွေးတာတုံး ”

ဆိုတော့ လူကြီး က ပြုံးတယ် ။ ပြီးတော့ ပြောတယ် ။

“ ဒီ ကောင်မလေး အမြင် က ဆန်းတယ် ကွ ၊ ဒါကြောင့် သဘောကျ သွားတာ ”

ဒီလိုနဲ့ အိမ်ထောင် ကျ ပြီး သိပ်မကြာဘူး ။ သူတို့ လင်မယား တကျက်ကျက် ၊ ရပ်ကွက်ထဲ ရန် အဖြစ်ဆုံး လင်မယား ဆု ဆို သူတို့ ချည်း ရမှာ ။ တစ်ချိန်လုံး ရန် ဖြစ်နေတာ ။ ကျွန်တော်တို့ က မေး တာပေါ့ ။

“ ဘာဖြစ်လို့ ဒီလောက် တောင် ရန် ဖြစ်နေတာလဲ ”

ဆိုတော့ လူကြီး က သက်ပြင်း ချတယ် ။

“ အမြင် မတူဘူးကွ ၊ ဒါကြောင့် ညှိ မရတာ ”

ဒါနဲ့ ကျွန်တော် က ပြော တာပေါ့ ။

“ ဟာ ယူတုန်း က အမြင် ဆန်းလို့ သဘော ကျ တာဆို ၊ ခုဘယ်လို ဖြစ် ရတာလဲ ”

ဆိုတော့ လူကြီး က ဒေါသတကြီး နဲ့

“ အမြင် ဆန်း မှာပေါ့ဟ သောက်ရမ်းတွေချည်း ခန့်မှန်း နေတာကိုး ”

အဲလိုလည်း ဖြစ် နေပါဦးမယ် ။

အမြင် မတူ ရင် ခံယူချက် လည်း တူ မှာ မဟုတ်တော့ပါဘူး ။ ခံယူချက် မတူရင် ရည်မှန်းချက် လည်း တူ မှာ မဟုတ်တော့ပါဘူး ။ ရည်မှန်းချက် မတူရင် ဘဝ လည်း တူ တော့မယ် မထင်ပါဘူး ။

ကျွန်တော် ပြော နေတာ မျက်လုံး အမြင် မဟုတ်ပါဘူး ။ အတွင်း စိတ် သဏ္ဌာန် ကို ပြောနေတာပါ ။

မိသားစုတွေ ဟာ  ပေါက်ဖွားမှုပုံစံ မတူ တဲ့ အတွက် ခံယူချက် ( အမြင်တွေ ) မတူကြပါဘူး ။ တချို့ အကြောင်းအရာ တွေ က ညှိ လို့ ရတာ ရှိ သလို ၊ တချို့အကြောင်းအရာတွေ က ညှိလို့ မရပါဘူး ။

တစ်ယောက် နဲ့ တစ်ယောက် အမြင် တွေ က ခန့်မှန်း ရ ခက် ပါတယ် ။ ဆိုပါစို့ ။

“ ပေါ့ပေါ့ပါးပါး နဲ့ ပျော်ပျော် နေတတ်လို့ ပေါတောတောလေး ပဲ ငါ နဲ့ ကိုက်တယ် ” .. ဆိုပြီး ပေါင်းသင်း ကြည့်တယ် ။ “ ဟိုက ပေါတောတော နေတာ မဟုတ်ဘူး ၊ ကျပ် ကို မပြည့်တာ ” အမြင် ချင်း ညှိ လို့ မရလို့ တကျက်ကျက် နဲ့ ဖြစ်နေတဲ့ အိမ်ထောင်ရေးတွေ ကို လေ့လာ ကြည့်ပါ ။

အမြင်ချင်း မတူတဲ့ အခါ …

ကိုယ် မချစ် တဲ့ သူ နဲ့ လက်ထပ်ရ ရင် ပျော်နိုင်ပါ့မလား မတွေးပါနဲ့ ဦး ။ ကိုယ် ချစ် တဲ့ သူ နဲ့ လက်ထပ်ခဲ့ ရင်တောင် အမြင်ချင်း မတူတဲ့ အခါ ရေရှည် ပျော် နိုင်ပါ့မလား ပဲ တွေးကြည့်ပါ ။

◾အကြည်တော်

#လူပျိုအပျိုဖတ်စာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment