Thursday, October 27, 2022

သစ်သီး တစ်ခြမ်း


 

❝ သစ်သီး တစ်ခြမ်း ❞

နေရောင် က တရှိန်ရှိန်လောင်မြိုက် နေသည် ။ ချွေးစေး တဖြိုက်ဖြိုက် ကျလျက် တစ်ကိုယ်လုံး ခွန်အား တို့ ဆုတ်ယုတ် ခဲ့ရပြီ ။ ကြည့်လေလေရာ တံလျှပ်ရောင် တလက်လက် ထ နေ သည့် သဲပြင် ။

လေပူကြီး က ဝှေ့ လာပြန်သည် ။ သဲများ ဝှေ့ရမ်း တိုက်ခတ် သွားသည် ။ မျက်လုံးများ ကို မှိတ် လိုက်ပြီး လက်အစုံ နှင့် ကွယ် ထားလိုက်သည့် တိုင် သဲများ က မျက်လုံး ၏ ထောင့်များ ထိ ကပ်၍ ကျန်ရစ်ခဲ့သည် ။ မျက်နှာတစ်ခု လုံး စပ်ဖျဉ်းဖျဉ်း ။

ချွေးတို့ သည် သဲ နှင့် လူးနေ၏ ။ ပါးစပ် ထဲ မှာ လည်း သဲ နှင့် ရှပ်ရှပ် ။ အဝေး ကို လှမ်းမျှော် ကြည့် လိုက် လျှင် နေရောင် က စူးရှလွန်း သဖြင့် မျက်စိများ ပြာဝေ သွား ရသည် ။ သဲရောင် တပြောင်ပြောင် တလက်လက် ။ တံလျှပ်ရောင် လက်လက် ထနေသည် ။ မှိုင်းညို့ညို့ အရိပ်များ က တော့ မျက်စိ သူငယ်အိမ် ထဲ က အရိပ်တွေ ပဲလား ။ အမြင် အာရုံတွေပင် ဝေဝါး လာခဲ့ပြီ ။ ခွန်အား ရှိသမျှ သုံး ပြီး တစ်ကုန်း ပြီး တစ်ကုန်း ကျော်ဖြတ် ခဲ့ရသည် ။ ကျယ်ပြော လွန်းလှသည့် ကန္တာရ ထဲ က မလွတ်နိုင်သေး ။

အပူဒဏ် နှင့် အတူ ဆာလောင်ခြင်း သာ မက ရေ ငတ်ခြင်း က ပါ ဖိစီး လာခဲ့ပြီ ။ ရေဘူး ကိုကြည့် လိုက်တော့ လည်း အာစွတ် ရုံ မျှ အနိုင်နိုင် ။ ရေတွေ လည်း ခြောက်သွေ့ အငွေ့ ပျံ ကုန်လေသလား ။ သူ အာစွတ်ရုံ ... အာစွတ်ရုံ နှင့် တစ်ငုံ ပြီး တစ်ငုံ သောက် ခဲ့ရင်း ပဲ ကုန်ခဲ့ရသလား မမှတ်မိ ။

ခြေထောက် တွေ က တရွတ်ဆွဲနေခဲ့ပြီ ။ နားစရာ ၊ ခိုစရာ မရှိပါ ။ ခန္ဓာကိုယ် တစ်ခုလုံး လည်း မီး ဟုန်းဟုန်း တောက် မျှ ပူလောင် နေခဲ့ပါပြီ ။

ကန်ရေ ကြည်ကြည်အေးအေး ထဲ မှာ သာ ကျွဲ တစ်ကောင် လို တစ်ကိုယ် လုံး နှစ် ၍ စိမ် ပစ် လိုက်ချင်မိသည် ။ ပြီးတော့ ရေ တွေ တဝကြီး သောက် ပစ် လိုက် ချင်မိသည် ။

သည်ခရီး ကို ဘယ်လို စ ခဲ့ပြီး ဘာကြောင့် သည်လို ဆက် လျှောက် နေရသလဲ ဆိုတာကိုပင် မသိလောက် အောင် အာရုံတို့ က ထုံထိုင်း နေခဲ့ပြီ ။

ခရီးဆုံး ကို ရောက်ကော ရောက်နိုင် ပါဦးမလား ။ သဲကုန်း တစ်ခု ကို လွန်လျှင် နောက်ထပ် တစ်ကုန်း ၊ ကုန်းတွေ ကို ကျော် … ကျော် … နောက်ထပ် သဲတောင်ကုန်း များ က စောင့် လျက် ။

လဲပြို ကျ လိုက် ။ ကုန်းရုန်း ထလိုက် ။ ခုလည်း လဲပြို လုလု ။

ဟိုတုန်းက တော့ သည် နေရာတွေ မှာ စိမ်းစိုသော တောအုပ်တွေ ရှိခဲ့ဖူးသည် ထင်သည် ။ သိပ်သည်းသော မြိုင်ကြီး ရဂုံ ဖြစ်ခဲ့ဖူး၏ ။ နေညို လျှင် ဒေါင်းငှက် တို့ တွန်သံ ကို ကြား ရ တတ် သလို ဘုတ်ငှက် တို့ အီသံ ကို လည်း ကြားဖူးသည် ထင်သည် ။ ခုတော့ ပကတိ သဲတောင်ကုန်းများ ချည်း ဆက်တိုက် ဖြတ်သန်း လာ နေရသည် ။ သဲတွေ က ခြေ ကို တုံ့ဆွဲ နေကြသည် ။ စိမ်းသော ယာများ ၊ ချောင်းများ ကို စွန့်ခွာ ခဲ့ရသည်က ကျွဲအုပ် ၊ နွားအုပ်များပမာ မောင်း ထုတ် ခံခဲ့ရပုံများ ကို ရေးရေး သာ သတိ ရတော့၏ ။ ဟိုတုန်း က တော့ ရှေ့မှာ ဘေး မှာ အဖော် တွေ ပါ ခဲ့ကြသေးသည် ။

ပြေး … ပြေး ...

မိုင်းခွဲသံများ ဆက်တိုက်ပေါက်ကွဲသံများ အကြား မှ ပင် မမြင်နိုင်သော ဧရာမ အင်အားကြီး တစ်ခု က သူ တို့ လူအုပ်စု ကို အတင်း ပင် ပြေး အောင် တွန်းထိုး နေလေသည် ။ သူ့ လိုပင် ပြေးခဲ့ကြသူ တွေ ဘယ်ရောက် သွားပါလိမ့် ။ လဲကျ ၍ ပဲ ကျန်ရစ် ခဲ့လေသလား ။ သိုးအုပ် ၊ ဆိတ်အုပ် တွေ လို ကျွဲအုပ် ၊ နွားအုပ် တွေ လို တမောင်း တည်း မောင်းထုတ် ခံခဲ့ကြရသည် ။ သစ်ရိပ်ကလေး မျှ နားစရာ မရခဲ့ ။

ဘေး မှာ ရှေ့ မှာ နောက် မှာ အတူ ပါ လာကြသည့် အဖော်တွေ ကို မမြင်တွေ့ မိတော့ ။ လေပူကြီး အရှေ့ မှာ သဲပွင့်သဲမှုန်တွေ နှင့် အတူ လွင့်ပါ သွားခဲ့လေပြီလား ။ ကောင်းကင် ထက် က မည်းမည်း အရိပ်များ ကြောင့် လက် နှင့် မျက်လုံးတွေ ကို ကွယ်၍ ကြည့် မိသည် ။ မြေ ပေါ် သို့ ဝဲပျံ ဆင်းလာကြသည့် လင်းတများ ။

“ အား ”

သူ အော် လိုက်မိသည် ။

သဲတို့ က ခြေ ကို တုံ့ဆွဲ နေစဉ် မှာ ပင် ရှေ့သို့ အားသွန်၍ လျှောက်ဖို့ ကြိုးစား နေရသည် ။ လင်းတတွေ က သဲပူ ထဲ မှာ ခုန်ဆွ ခုန်ဆွ နှင့် သူ့ ကို စောင့်ကြည့် နေခဲ့ကြသည် ။ ခေါင်းလုံးလုံး ၊ အရုပ်ဆိုးဆိုး လင်းတတွေ က ဝဝဖြိုးဖြိုး ။

ခုတော့ သူ သည် သူ့ လမ်းဆုံး ဘယ် မှာ ဆို တာ ရိပ်စား မိ လာ ရသည် ။ သူ့ အဖော်တွေ ဘယ်မှာလဲ ။ ကျွဲအုပ် ၊ နွားအုပ်တွေ လို မောင်းနှင် ထုတ်ခံရ ၊ ပြေးလွှား ခဲ့ကြရပြီး သဲတောင်ကုန်းများ ပေါ် မှာ အားကုန် လဲကျမယ့် အချိန် ကို စောင့်ကြည့် နေကြသည့် လင်းတများ ။

အားလုံး ကို သူ နားလည် သွားရသည် ။

ဟား ဟား ဟား ဟား

လင်းတများ ကို ကြည့် ၍ အရူးတစ်ယောက် လို ရယ် လိုက် သည် ။ အသံ က ခြောက်သွေ့သွေ့ ခပ်အက်အက် ။ လက် ထဲ က ရေဘူး နှင့် အနီးဆုံး လင်းတ ကို လှမ်းပေါက် လိုက်သည် ။ လင်းတအုပ် ရှဲ သွားပြီး တစ်ကောင် ပြီး တစ်ကောင် မိုးပေါ် သို့ ပျံတက် သွားကြသည် ။ သူ့ မှာ တော့ အား လွန်ပြီး လဲကျ မလိုဖြစ် သွားရသည် ။ နောက်ထပ် ငို ဖို့ ဖြစ်ဖြစ် ၊ ရယ် ဖို့ ဖြစ်ဖြစ် အားအင် မရှိတော့ ။

ထိုစဉ်မှာ ပင် ချုံပင် တစ်ပင် ၏ အရိပ် ကို မျက်လုံး ထောင့် မှာ မြင်တွေ့ လိုက်မိသည် ။ ကိုယ့်မျက်စိ ကိုယ် မယုံချင် ။ သူ့ ကိုယ် သူ ပြန် စမ်း ကြည့်မိသည် ။ ပါးရိုး ငေါငေါ ။ ဖူးရောင်နေသည့် နှုတ်ခမ်းများ ။ ခပ်အန်းအန်း လက်ချောင်းများ ။ ဖူးရောင်ပေါက်ပြဲလျက် တရွတ်ဆွဲ နေသည့် ခြေထောက်များ ။ မသေ လို သေး ။ မသေချင်သေး ။ သူ့ အသွေးအသား တို့ ကို လင်းတ တို့ မစားစေရ ။

ရေ .. ရေ .. ရေ သာ ရှိမည် ဆိုလျှင် …

•••••   •••••   •••••

ရှားစောင်းပင် လို ချုံပင်စုစုကလေးများ ကို စ၍ တွေ့ ရသည် ။ ဆူးဖြင့် ကြမ်းရှရှ အပင်များ ။ အရွက်များ ကို ခူး၍ ဝါးမိသည် ။ လက် တို့ ရှလျက် သွေးဖြင့် နီရဲလျက် ။ ခါးသက်သက် ချွဲကျိကျိ အနှစ်သားများ ကို စား မိသည် ။ ထွီခနဲ ထွေး လိုက်မိသည် ။ အန်ချင် လာသည် ။

နေရောင် က ကျဆင်းစ ပြုလာသည် ။ လေရိုင်း တစ်ချက် ဝှေ့ လာသည် ။ နင်း ရ သည့် သဲများ ပင် နူးညံ့ လာသည် ထင် မိသည် ။ ကျောက်တုံး ကျောက်ဆောင်များ ကြား တွင် မြက်ပင်ရှည်များ ၊ တောပန်းနွယ်ပင်များ ကို တွေ့ လာ ရသည် ။

ရေ … ရေ … ရေ ... ရေ ဘယ်မှာပါလိမ့် ။

မြက်များ ကြား ၌ လဲလျောင်း ၍ ပင် နားချင် မိလာသည် ။ ပန်းရနံ့များ က တော့ စူးရှရှ ။ လျှောက်ရင်း လျှောက်ရင်း မြင့်မား တုတ်ခိုင်သော ဧရာမသစ်ပင်ကြီးများ ကို တွေ့ လာရသည် ။ နေရောင် ပြောက်တိပြောက်ကျား ကျ နေသည့် သစ်ရိပ်များ အောက် သို့ ရောက်လာ ခဲ့ရပြီ ။

တချို့ အပင်များ ပေါ် တွင် အရည် ရွမ်းမည့် ဟန် သစ်သီး တစ်လုံး တလေ တွေ့  ရသည် ။ ဘာပင်ရယ် လို့ တော့ သူ မသိပါ ။ အပင် အောက် မှာ ကြွေကျနေမည့် အသီး တစ်လုံး တလေ တွေ့ ရလေမလား ကြည့် သည် ။ မတွေ့ရ ။ တက် ခူး ဖို့ရာလည်း မဖြစ်နိုင် ။ အပင်များ က မြင့်လွန်း လှသည် ။ တံချူ လုပ်ဖို့ ရာ လည်း ဘာမှ မရှိပါ ။ ကြွေ ပဲ ကြွေ ကျ လာပါတော့ ။ အပင် ပေါ် က အနီရောင် မှည့်ဝင်း နေသည့် အသီး ကို မော့၍ ကြည့်ရင်း သွားရည် များပင် ကျ လာမိသည် ။ အစာ မစား ခဲ့ရသည် မှာ ဘယ်မျှ ကြာခဲ့ပြီလဲ ။

သစ်ပင် ကို မှီ ၍ နားရင်း မျက်လုံးများ ကို မှိတ်ထား လိုက် မိသည် ။ စိတ်ကူး ထဲ မှာတော့ အရည်ရွှမ်းရွှမ်း အသီး ကို တဂျွမ်းဂျွမ်း ကိုက်ဝါးနေမိသည် ။ ချို၍ အေး၍ လာရသည် ။ ပါးစောင် မှ အချိုရည်များ ပင် စီးကျလာသည် ထင် နေမိသည် ။

မျက်လုံး ကို ဖွင့် လိုက်တော့ အသီး က အပင် ပေါ် မှာ ။ တက် ဖို့ လည်း အား က မရှိ ။ ကြွေ ကျပါစေ လို့ ပဲ မျှော်လင့် ရ မည်လား ။ တုတ် တစ်ချောင်း ( သို့ ) သစ်ကိုင်းခြောက် တစ်ခု တလေ မှ လည်း ရှာ လို့ မတွေ့  ။

ထိုအခိုက် မှာ ပင် တခြား အပင်မှ ဖျတ်ခနဲ ကူးလာသည့် မျောက် လိုလို ၊ လူ လိုလို သတ္တဝါ တစ်ကောင် ကို သူ တွေ့ လိုက်ရသည် ။ ထိုသတ္တဝါ က အသီး ကို ခူး ယူ လိုက်ပြီ ။

ငါ့ အသီး ၊ ငါ့ အသီး မခူးပါနဲ့ ။ အသံ က ပီပီသသ မထွက် ။ သတ်နိုင် ဖြတ်နိုင်သည့် ခွန်အားသာ ကျန်နေသေး လျှင် အရုပ်ဆိုးဆိုး သတ္တဝါ လက် ထဲ မှ သစ်သီး ကို လု ယူ လိုက်ချင်သည် ။

“ ပေးပါ … ပေးပါ ၊ ငါ့ ကို ပေးပါ ”

လည်ချောင်း က အက်ကွဲနေသည် ။ သူ လဲကျ သွားခဲ့သည် ။ နား ထဲ မှာ အသံ တစ်သံ က နီး လိုက် ဝေးလိုက် ။

ခေါင်း ထဲ မှာ လည်း နောက်ကျိ နေသည် ။ မျက်လုံး တွေ ကို အားယူ ဖွင့် လိုက်တော့ ကြောက်မက် ဖွယ်ရာ မျက်နှာကြီး ကို မြင်တွေ့ လိုက်ရ၍ ထိတ်လန့် သွားမိသည် ။ အသားတွေ တဆတ်ဆတ် တုန်လာသည် ။ တစ္ဆေ တစ်ကောင် ၏ ဖမ်းဆီးခြင်း ကို ခံ ရလေပြီလား ။ ဒါမှ မဟုတ် သူ သေသွားပြီလား ။ တစ္ဆေကောင် ၏ မျက်နှာ က ပွဖောင်းဖောင်းအန်းအန်း ၊ အရေပြားတွေ က အဖတ် အဖတ် ကွာ ကျ နေခဲ့သည် ။ ခေါင်း ပေါ်  မှာ လည်း အမွှေးအမှင် မရှိ ။ ငယ်ထိပ် က ဖုဖောင်းဖောင်း ။ လက် တွေ က အပိန်းအပိန်း ထနေသည် ။ အရေပြား က သားရေ လို ပြောင်လျက် ညိုပြာပြာအရောင် သန်းနေသည် ။

ထို သတ္တဝါ ၏ လက် ထဲ မှာ စောစော က အသီး ကို စား လက်စ အခြေအနေ ဖြင့် တွေ့ ရသည် ။ လက်သည်း ရှည်များ ဖြင့် အတိ ပြီးသော လက် တစ်ဖက် ဖြင့် သစ်သီး ကို ဆုပ်ကိုင် ထားသည် ။ သူ တုန်လှုပ် သွားရသည် ။ အသီး နှင့် အတူ ရောပြီး သူ့ ကိုပါ စား ပစ် လိုက်မှဖြင့် ...

“ ဟေ့လူ ဟေ့လူ ”

ထို သတ္တဝါ က သူ့ ပခုံး ကို ပုတ်လိုက်သည် ။ လူ လို စကား ပြော တတ်သဖြင့် အံ့သြ သွားရသည် ။ လူး လဲ ထ ဖို့ ကြိုးစားသည် ။

“ ဒီ အသီး ကို စားချင် သလား ”

လက် ထဲ က အသီး ကို သူ့မျက်စိ ရှေ့ မှာ ဝှေ့ရမ်းပြသည် ။ သူ က လု ယူ ဖို့ ပြင်တော့ ထို သတ္တဝါ က တွန်းဖယ် ပစ်သည် ။ ထို သူ ၏ သန်မာသော အင်အားကြောင့် သူ မလှုပ်နိုင်ဘဲ ငေးစိုက် ကြည့် နေရသည် ။

“ အဲဒီ အသီး ကို စားရင် မင်း လည်း ငါ့ လို ပဲ အရုပ် ဆိုးဆိုး ကြီး ဖြစ် သွားမယ် ။ စားချင်သလား ”

“ အင်း စားမယ် ၊ စားချင်တယ် ”

သူ က သွားရည် ကျလုမတတ် လု ယူ ချင်လောက်အောင် တပ်မက်သော မျက်လုံး အစုံ ဖြင့် အသီး ကို ကြည့်နေသည် ။ စားချင် စိတ် ကြောင့် ကြောက်လန့်မှု ကို ပင် မေ့ သွားသည် ။

“ မစားနဲ့ … မစားနဲ့ … မစားချင်နဲ့ ”

ထို အရုပ်ဆိုးဆိုး တစ္ဆေသရဲ ၏ မျက်လုံးများ ထဲ မှ မျက်ရည်များ စီးကျ လာသည် ။

“ ငါ လည်း မင်း လို ပဲ ဟိုက သဲကုန်းတွေ ကို ဖြတ် ပြီး ဒီ တောအုပ် ထဲ ရောက် စ က ဘာမသိ ညာမသိ ဝမ်းသာအားရ နဲ့ ခူးပြီး စားခဲ့ကြ လို့ … ခုလို ”

သူ စဉ်းစား တွေးတောနိုင်စွမ်း ပျောက်လုလု ဖြစ်ခဲ့ပြီ မို့ ရုတ်တရက် နားမလည်လိုက် ။

“ အဆိပ်သီး ကွ ၊ အဆိပ်သီး ”

ပုံပျက်ပန်းပျက် သတ္တဝါ က ကုန်းအော် ပြောလိုက်သည် ။ သူ က စဉ်းစား မနေဘဲ ...

“ စားမယ် ၊ ပေး - ပေး ”

ထို သတ္တဝါ က အသီး ကို လှမ်း မပေး သေးဘဲ သူ့ ကို ကြင်နာစွာ တွဲ ထူ လိုက်သည် ။ ထို သူ က သန်မာ လှသည် ။

“ အခု မင်း သိပ် ငတ်နေလို့ပါ ၊ စား ပြီး မှ ငါ့ လို ဖြစ် သွားရင် ငါ့ကို ရန် လုပ်မှာ စိုးရတယ် ။ မင်း ကို စမ်းချောင်း ထိပ် ကို ခေါ် သွားမယ် ၊ အဲဒီမှာ ခဏ နား ၊ ရေ သောက် ပြီးရင် စား မစား ဆုံးဖြတ်ပေါ့ကွာ ၊ ရေ သောက် ပြီး ရင် မင်း မျက်နှာ လည်း ပုံ မပျက်သေးခင် နောက်ဆုံး မြင် လို့ ရတာပေါ့ ”

ထို သူ ၏ ကရုဏာ သံ ကြောင့် ကြောက်ရွံ့စိတ်များ လျော့ပါး သွားရသည် ။ သို့သော် တစ်နေရာရာ ကို ခေါ် သွားပြီး သူ့ ကို များ သတ်စားလိုက်လေမလား ။

ငါး တစ်ကောင် လို တံစို့ မှာ ကင်ထားမည့် သူ့ ရုပ်ပုံ သူ တွေးမြင် ကြည့်လိုက်မိတော့ ထို သတ္တဝါ လက် က ရုန်း လိုက်သည် ။

ရုန်း ၍ မရ ။ သတ္တဝါ က သူ့ ကိုချုပ်ကိုင်ပြီး ခေါ် လာခဲ့သည် ။ ကျောက်တုံးများ ကို ဖြတ် ၍ ရေစီးသံ ကြား ရသည် ။ ရေစီး သံ က သူ ၏ သွေးကြောများကို လှုပ်နိုး လိုက် သလိုပင်

“ ရေ … ရေ ”

အသီး ကို မေ့လျက် ၊ ရေ ရှိရာ သို့ ခြေလှမ်းများ က ထို သတ္တဝါ ဦးဆောင်မှု နောက် မှာ အလိုက်သင့် ပါလာသည် ။ စမ်းချောင်း အစပ် မှာ သူ့ ကို ညင်သာစွာ လွှတ်ပေး လိုက်သည် ။

“ ကဲ သောက်ချင် သလောက် သောက် ။ ပြီး ရင် မင်း မျက်နှာ ကို လည်း မင်း မှတ်မိအောင် ကြည့် ထားလိုက်ဦး ”

ရေ ကို အငမ်းမရ သောက် လိုက်မိသည် ။ သီး သွား သဖြင့် ခေါင်း တွေ ပူထူ သွားရသည် ။ ဗိုက် ထဲ မှာ ရေ ဖြင့် ပြည့် သွားသည့် တိုင် ၊ ရေ ၏ အေးသည့် အရာ ၊ ချို သည့် အရာ ကို စွဲလမ်း နေမိသည် ။ ရေ ထဲ မှာ သူ့ မျက်နှာ ကို ကြည့်ဖို့ တော့ သတိ မရ ။ သူ့ ဘေး မှာ ထိုင် နေသည့် သတ္တဝါ က

“ စမ်းချောင်း က ဒီ အပိုင်း အထိ အကောင်း ကွ ၊ တောအုပ် ထဲ က ဖြတ်သွားတဲ့ အပိုင်းကျ ရေ က ပါ အဆိပ် သင့် သွားပြီး အဆိပ်သီးတွေ က အမြဲ ကြွေကျ နေတာကိုး ၊ ဘယ်လို အဆိပ် ဖြစ်သွား လဲ တော့ မသိဘူးပေါ့ ကွာ ။ ပထမ တော့ လူတွေ စိုက်ထား ပျိုးထားခဲ့ကြပုံ ရ ပါတယ် ။ ငါတို့ ကို တော့ သတိ ပေး မယ့် သူ မရှိခဲ့ဘူး ပေါ့ ကွာ ၊ ငတ်ငတ် နဲ့ တွယ် လိုက်ကြတာ အရေပြားတွေ အလွှား လွှား ကွာ ကျကုန်တာပဲ ”

သူ က ခေါင်း ကို ပါ ရေ ထဲ စိမ်ထား လိုက်မိသည် ။ ရေစီး အား က သန်လှသည် ။ ထို သူ သာ လက် တစ်ဖက် ဖြင့် ထိန်း ထား မပေးလျှင် ရေစီး ထဲ သို့ ပါလု မတတ် ။ ဆံပင်တွေ က ရေ နှင့် ရွှဲလျက် ။ တခိုက်ခိုက် တုန် လာသည် ။ ခေါင်း ကို ရေ ထဲ မှ ထုတ် လိုက်ပြီး ၊ မျက်နှာ မှ ရေတွေ ကို လက် နှင့် သပ်မိသည် ။

ဘုရား …. ! ! ဘုရား ... ! !

အရေပြားတွေ အလွှာလွှာ ကွာကျ လျက် ဖောသွပ် နီရဲ နေ သည့် မျက်နှာ နှင့် ခြေထောက်တိုတို ၊ ပုကွကွ သတ္တဝါ က သူ့ ကို ဘာလို့ ကရုဏာ စကားတွေ ပြောနေ ပါလိမ့် ။ သူ ဘာတွေ ပြော နေသလဲ ။ တစ်ပိုင်း စီ ၊ တစ်စ စီ ဆက်စပ် စဉ်းစားနေရသည် ။ ဗိုက် ထဲ မှာ ရေ ဖြင့် ပြည့်လျက် ။ ရေ သောက်လိုက်ရသဖြင့် အား ရှိသလို ခံစား ရသည် ။ မျက်လုံး များ ပြန်၍ ကြည်လင် လာသည် ။

“ ရော့ စား ”

ထို သတ္တဝါ က သူ့ လက် ထဲ က စားလက်စ သစ်သီး ‌ကို လှမ်း ပေးသည် ။ ထို သတ္တဝါ ၏ တစ္ဆေသရဲ ပမာ ရုပ်ဆိုး လှသည့် ပုံပျက်ပန်းပျက် ပုံသဏ္ဌာန် ကို ကြည့်ရင်း သူ လက် တွန့်သွားသည် ။ သစ်သီးက ချိုမြိန် မည့် အရသာ ။ မှည့်ဝင်းလျက် ။

“ ယူလေ ... စားလေ ၊ ဟား ဟား ဟား ဟား ”

ထို သတ္တဝါ က သူ တွန့် နေသည်ကို ကြည့်ရင်း ရယ်လေသည် ။

“ ရုပ်ဆိုးတယ် ဆိုတာ ကိုယ့် ကိုယ် ကိုယ် ပြန် မြင် ရတာ မှတ်လို့ ။ မင်း ကိုယ် မင်း စမ်းချောင်း ထဲ မှာ ပြန် မကြည့် ဖြစ်ရင် အိုကေ ပါတယ်ကွ ။ စား စမ်းပါ ။ ငါ တို့ ဘော်ဒါ တိုး တာပေါ့ ။ ငါ မပြောရင် မင်း အဆိပ်သီး မှန်း မသိဘဲ စား ပြီးလောက်ပြီ ပဲ ”

သူ မဖြေနိုင် ။ စား တော့ စား ချင်သည် ။ သည်နေရာ မှာ စားစရာ က သည် အသီး တစ်မျိုးတည်း ဆိုရင်ကော ၊ သူ က စဉ်းစားပြီး ပြန် ဖြေသည် ။

“ ရွေးစရာ မရှိ ရင်တော့ စား ရမှာပေါ့ဗျာ ။ ဘယ်တတ် နိုင်ပါ့မလဲ ။ ခင်ဗျား တို့ တောင် စား သေးတာပဲ ”

ထို တစ္ဆေသရဲ လို လူ က ခွက်ထိုးခွက်လန် ရယ်တော့ သည် ။ ပြီးမှ

“ မင်း ကို မြင် တော့ ငါ မေ့လျော့ နေ တဲ့ လူ စိတ် ဆိုတာ ကြီး ခေါင်း ထဲ ဝင် လာလို့ ကွ ၊ မစား နဲ့ လို့ ပြော မိသွားတာ ၊ တို့ က တော့ သေမထူး နေမထူးပါပဲကွာ ၊ ဟော သစ်သီး က လည်း ချိုသကွ ”

သစ်သီး ကို တဂျွမ်းဂျွမ်း ကိုက်ပြ လိုက်သည် ။ သူ့ မျက်နှာကြီး က ပို၍ နီရဲလာသယောင် ။

“ ဘယ်လိုလဲ ၊ စားမလား ၊ စဉ်းစားချင် လည်း စဉ်းစားဦး လေ ၊ ဟိုဘက် တောစပ် မှာ သူတို့ ကိုယ် သူတို့ သူတော်စင် လို့ ထင် နေတဲ့ ကောင်တွေ ရှိတယ် ။ အဲဒီ ကောင်တွေ က အဆိပ်သီး မစားဘဲ မြေကြီး ထဲ က သစ်ဥ သစ်ဖု ကို တူး ပြီး စားသတဲ့ ၊ ရုပ်တော့ ဆိုး မသွားဘူးပေါ့ ကွာ ။ ဒါပေမဲ့ ငတ်ပြတ် ပိန်လှီ နေတာပဲ ၊ မင်း လည်း အဲဒီ အဖော်တွေ နဲ့ ပေါင်း ချင်ရင် သွား ပေါ့ကွာ ၊ တို့ နဲ့ နေရင်တော့ သစ်သီး နဲ့ ရေ က အဆင်သင့် ရ နေမှာပဲ ၊ သစ်ဥ သစ်ဖု တူး စား ဖို့ရော မင်း မှာ အား ရှိ သေးရဲ့လား ”

သူ ပြန် မပြောနိုင် ။ စမ်းချောင်းဘေး မှာ မှောင်၍ အေး နေသည် ။ လေရိုင်း တိုက် သဖြင့် ဧရာမ သစ်ပင်ကြီးများ ၏ သစ်ကိုင်းများ ကို လေတိုးသံ ကြား ရသည် ။ စမ်းချောင်း ထိပ် ရှိ အပင်များ မှာတော့ စောစော က သူ တွေ့ခဲ့သည့် တောအုပ် ထဲ က အပင်မျိုး ကို မတွေ့ရ ။ စိမ်းမှောင် အုံ့ဆိုင်း နေ ပုံ ၊ လေရိုင်းတို့ ထန်ပြင်း နေ ပုံ က ပင် ချောက်ချားစရာ ။ ငှက်သံ ဆူဆူ ကြားရသည် ။ လင်းတများ နှင့် ရင်ဆိုင် ခဲ့ ရ ပုံ ကို သတိ ရ လာသည် ။ သူ ဆက် မသွားနိုင် ။ မသွားချင်တော့ ။ ဧရာမ သစ်ပင်ကြီးများ ပေါ် တွင် ကန္တာရ ထဲ မှာ သူ တွေ့မြင် ခဲ့ရသည့် လင်းတငှက်တွေ အသိုက် လုပ် ပြီး နေကြ လေသလား ။ ချောက်ချားဖွယ် လှုပ်ရမ်း နေသည့် သစ်ကိုင်းများ ။

အရေပြားတွေ အဖတ်ဖတ် အလွှာလွှာ ကွာကျလျက် ဖောင်းပွပွ ၊ ဖောသွပ်သွပ် သတ္တဝါ က တော့ သူ စား လက်စ သစ်သီး ကို သူ့ ထံ သို့ လက်ကမ်း ပေး နေခဲ့သည် ။

◾ခင်မြဇင်

📖 စုံနံ့သာမဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၂၀၁၄

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment