❝ မင်းလူ ( သို့မဟုတ် ) စာရေးဆရာ တစ်ယောက်အကြောင်း ❞
မင်းလူ ဆိုသည် မှာ စာရေးဆရာ တစ်ယောက် ဖြစ်ပါသည် ။ ထိုကဲ့သို့ ကျွန်တော့် ဝါကျ ကို စတင်မည် ဆိုပါက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြလိမ့်မည် ဟု ထင်သည် ။ ဟာ ဘယ့်နှယ် ၊ မင်းလူ က စာရေးဆရာ မှန်း တို့ သိတာပေါ့ ။ ဒီလောက် တိုင်းသိပြည်သိကြီးပဲဟာ ။
ဒီ လူ ဘာတွေ လာ ပြောနေပါလိမ့် ။ ဘာများ ထူးဆန်းတာလိုက်လို့ ဟု ပြောချင်ကြပေလိမ့်မည် ။ ဒါဆို ဒီလိုလေး ထပ် ပြော ကြည့်ရအောင် ။
စာရေးဆရာ ဆို တဲ့ အမည်နာမ အတွက် အကောင်းဆုံး အသင့်လျော်ဆုံး နမူနာ တစ်ရပ် ကို ထုတ်ပြပါ ဟု ဆိုလျှင် ကျွန်တော် တို့ အစ်ကိုကြီး ကိုမင်းလူ ကို ပင် ထုတ် ပြရပါလိမ့်မည် ။ ကျွန်တော်တို့ အစ်ကိုကြီး ဆိုသည် မှာ ကျွန်တော် တို့ စာရေးဆရာများ ၏ အစ်ကိုကြီး ။
စာရေးဆရာ ဆိုသော ဂုဏ်ဒြပ်အား အကောင်းဆုံး ထိန်းသိမ်းသူ ။
စာရေးဆရာ ဆိုသည့် သိက္ခာတရား အတွက် အကောင်းဆုံး ပြယုဂ် ။
ယခု ထို စာရေးဆရာစစ်ကြီး တစ်ယောက် ဆုံးပါးခဲ့လေပြီ ။ ကျွန်တော် တို့ စာရေးဆရာများ ရင် ထဲ တွင် စာပေသမား စစ်စစ် ၏ စံပြုပုံစံ အား ဆုံးရှုံးရခြင်း ဟု တသစွာ ခံစား နေရပါလေသည် ။
••••• ••••• ••••• •••••
ကိုမင်းလူ နှင့် ကျွန်တော် စတင် သိကျွမ်းရသည် မှာ ကိုရဲဝင်း ( နီကိုရဲ ) က မိတ်ဆက် ပေး၍ ဖြစ်ပါသည် ။ ကိုမင်းလူ တို့ အိမ် ( သင်္ဃန်းကျွန်း အသင်းတိုက်မှတ်တိုင် ရှိ ယခင်အိမ် ) ကို ကျွန်တော့် အား နီကိုရဲ က ခေါ်ဆောင်သွားခဲ့၏ ။
အဲဒီတုန်း က ကျွန်တော် က ကိုယ်တိုင် ရေးသား ပါဝင်သော စာအုပ်လေး တစ်အုပ် စီစဉ်နေသည့်ကာလ ။
စာအုပ် အမည် က ခေတ်ပေါ် ငါးယောက် တဲ့ ။
ဂျူး ၊ မင်းလူ ၊ ဝင်းဝင်းလတ် ၊ နီကိုရဲ ၊ သွန်းနေစိုး တို့ ၏ စာမူများ ပါဝင်ကြသည် ။
( ဒေါ် ) ဂျူး ဆီ မှ စာမူ ကို ဦးစိုးမြင့်သိန်း မှ တစ်ဆင့် တောင်းရ၏ ။ ကိုရဲဝင်း ( နီကိုရဲ ) နှင့် ( ဒေါ် ) ဝင်းဝင်းလတ် ကိုတော့ ကိုယ်တိုင် ကြိုက်တာ တောင်းသည် ။ ကြိုက်တာ ဆိုသည် က မဂ္ဂဇင်း ပါ သူတို့ စာမူများ မှ ကျွန်တော် ကြိုက်မိသည့် အပုဒ် ကို ထည့်သွင်းဖော်ပြပါရစေ ဟု တောင်းခြင်းဖြစ်သည် ။
အဲဒီတုန်း က ကိုရဲဝင်း မှာ လည်း လုံးချင်း ထွက် ပင် မထွက် ရသေးပါ ။ ကိုမင်းလူ ကတော့ ထို အချိန် ၌ နာမည် ရ စာရေးဆရာကြီး မဟုတ်လား ။ ကိုရဲဝင်း က ကိုမင်းလူ ဆီ က တောင်း ရင်ရော ဘယ်လို နေမလဲဟု အကြံ ပေးသည် ။
“ ဟာ သိပ် ကောင်းတာပေါ့ အစ်ကို ၊ ဒါပေမဲ့ သူ က ပေးပါ့မလား ”
“ ငါ နဲ့ ရင်းနှီးပါတယ်ကွာ ၊ လာ သွား တောင်းကြတာပေါ့ ”
ဒီလိုနှင့် စာမူ သွား တောင်းတဲ့ ဆီ ရောက်ရော ဆိုပါတော့ ။ ကိုရူပ ဦးစီးသော လက်ဖက်ရည်ဆိုင်ကလေး ကို ဖြတ်ပြီး သစ်သားနှစ်ထပ် အိမ် ဆီ ကျွန်တော် တို့ သွား ကြရသည် ။ ထို အိမ်ထောင့် တစ်နေရာ ရှိ သစ်ချောင်းများ ကျဲကျဲ ကာရံထားသော နံရံ နောက် တွင် အမယ်ကြီး တစ်ဦး ထိုင်နေသည် နှင့် စ ဆုံသည် ။
ဆရာသော်တာဆွေ ၏ စာများထဲ တွင် ရင်းနှီး နေခဲ့သော အင်မတန် စိတ်သဘောထား ကောင်း လှသည့် ကျောင်းဆရာမကြီးဟောင်း ဖြစ်သူ ဆရာကြီးဦးသာဓု ၏ ဇနီး ဒေါ်ညို ဖြစ်ပါသည် ။ ကျွန်တော် တို့ ကို မေးမြန်း နှုတ်ဆက်ကာ ရင်းရင်းနှီးနှီး စကားတွေပြော၏ ။ ခဏကြာတော့ ကိုမင်းလူ အတွင်းခန်း တစ်ခု မှ ထွက်လာ၏ ။ ပိန်ပိန်ချောင်ချောင် မျက်နှာ ခပ်ရှည်ရှည် ။ တည်တည်တင်းတင်း လူ တစ်ယောက် ။ ပြုံး လျှင် နှုတ်ခမ်းထောင့် ကွေး ကာ မခို့တရို့ ပြုံးတတ်၏ ။
ကိုရဲဝင်း ကို လှမ်းနှုတ်ဆက် ။ စကား အနည်းငယ် ပြောကာ ကျွန်တော် နှင့် မိတ်ဆက် ပေး တဲ့ ဆီ ရောက် ရော ဆိုပါတော့ ။ စာမူ တောင်းမလို့ ပါ ဆိုပြီး ကျွန်တော် ကြိုက်တဲ့ စာမူ တစ်ပုဒ် အမည် ပြော ပြသည် ။ အဲဒါလေး ကျွန်တော် စာအုပ် ထဲ ထည့် သုံးချင်ပါတယ် ဆိုတော့ -
“ ဟာ ဘယ်ဖြစ်မလဲ ” တဲ့ ။
စစချင်း ဆောက် နဲ့ ထွင်း ၊ တုတ်ထိုး အိုးပေါက် ငြင်း လိုက်ပုံ က ။ ခုနေ ပြန် တွေးကြည့်တော့ ထိုစဉ် က ကျွန်တော် စာမူ တောင်းပုံ မှာ တော်တော် မချေငံတာပဲ ။ ဆရာ စာမူလေး တစ်ပုဒ် ချီးမြှင့်ပါ မဟုတ် ။ ကိုယ် ကြိုက်ရာ စာမူ ကို ရွေး တောင်းသည် ။ ကိုမင်းလူ ဆီ က လိုချင်တာ မရတော့ စိတ်ကောက် လိုက်သေး၏ ။
“ ကိုရဲဝင်း လာဗျာ ၊ ပြန်ရအောင် ”
ကိုရဲဝင်း ကို အသာ လက်တို့ ခေါ်သည် ။ ကိုရဲ က လက် ကို ဆွဲ ထား၏ ။ ကိုမင်းလူ က တော့ ရိပ်မိလိုက်ပုံ မရ ။ တစ်စုံ တစ်ခုအား တွေး နေပုံ ရသည် ။ အဲဒီတုန်းက ကျွန်တော် က ရှိလှ မှ နှစ်ဆယ်ဝန်းကျင်ကလေး ။ တကယ့် ကလေးစိတ် သက်သက်ရယ်ပါ ။ ပြီးတော့ မှ ကိုမင်းလူ က အေးအေး ရှင်းပြပါသည် ။
“ ခင်ဗျား တောင်းတဲ့ စာမူ က အကြိမ်ကြိမ် သုံးပြီး သား ဖြစ်နေတယ် ။ ပရိသတ် အနေ နဲ့ ကျွန်တော့် နာမည် ပါပြီး အဟောင်းကြီး ပြန် ဖတ်ရတာမျိုး မဖြစ်စေချင်ဘူး ”
ကျွန်တော် ဝမ်းသာ သွား၏ ။
“ ဒါဆို အသစ် ရေးပေးပါလား အစ်ကို ”
“ ဟာ ဘယ်ဖြစ်မလဲ ”
လာပြန်ပြီ ဒီစကား ။ ဒီ လူကြီး ဘယ့်နှယ် ပိဿလေး နဲ့ ဘေးပစ်ချည်း ပြော နေရတာလဲ ။ တော်တော် ခွကျတဲ့ လူကြီး ပဲ ။ စာပေ နယ် တွင် ခွဆရာကြီး အဖြစ် နာမည် ကျော် သော ဆရာကြီး ဦးသာဓု ၏ သား ဖြစ်ကြောင်း ကျွန်တော် အခိုက်အတန့် မေ့ နေ မိပါသည် ။
ကျွန်တော် ဘာ ပြောရမှန်း မသိ ဖြစ်နေစဉ် မှာ ပင် ကိုမင်းလူ က တွေးတွေးဆဆ ထပ် မေးသည် ။
“ ခင်ဗျား အချိန် ရလား ”
“ ဟုတ် ရပါတယ် ။ ဒေါ်ဂျူး ဆီ က လည်း စာမူ တောင်းထားတုန်းပါပဲ ။ ဒေါ်ဝင်းဝင်းလတ် က လည်း ရေးတုန်း ပြောတယ် ”
“ ဟုတ်ပြီလေ ဒါဆို ကျွန်တော့်လည်း တစ်လ လောက် အချိန်ပေး မလား ။ ရေးဖို့ စဉ်းစားထားတဲ့ စာမူ တော့ ရှိတယ် ”
“ ဟာ ၊ တစ်လကြီး တော့ မလုပ်ပါနဲ့ ”
ကျွန်တော် ဈေး ဆစ်သည် ။ သို့သော် ကိုရဲဝင်း က ဝင် တွက်ပြ၏ ။ မင်း တခြား သူတွေ ဆီက လည်း စောင့် ရဦးမှာ နဲ့ ကွန်ပျူတာ စီ ရမှာနဲ့ ကြာ မှာပဲတဲ့ ။
တိုတို ပြောရရင် ဒီလိုနဲ့ ကိုမင်းလူ ဆီ က စာမူ တောင်းဖြစ်ခဲ့ရော ဆိုပါတော့ ။ ဒါသည်ပင်လျှင် မင်းလူ ဆိုသော စာရေးဆရာကြီး နှင့် သွန်းနေစိုး ဆိုသော ထိုစဉ်က စာပေရူးကလေး ၏ အတွေ့ ။
ဇာတ်ပျိုး ဆိုပါတော့ …
••••• ••••• ••••• •••••
တကယ်တော့ ကိုမင်းလူ ကို သူ့ဟာသ စာ တွေ က စပြီး ရင်းနှီးနေခဲ့ တာ ဖြစ်သည် ။ အဲဒီတုန်းက ဆရာကောက် ဦးစီးသည့် သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်းကြီး ၏ ရွှေခေတ် ။ အဲဒီ ရယ်စရာရွှေခေတ် မှာ မှ ကိုမင်းလူ က အတောက်ပဆုံး ကြယ် ။
ထို မဂ္ဂဇင်း မှာ ပါသော သူ့ စာမူများ ကို အပတ်တိုင်း ဖတ်ဖြစ်သည် ။ အရမ်းလည်း သဘော ကျခဲ့၏ ။ ဒါပေမဲ့ လူချင်း တွေ့ တော့ သူ က သူ့ စာတွေ လို မဟုတ် ။ တစ်စက်ကလေး မှ မရယ်ရ ။ ဒါပေမဲ့ သူ့ ကို ကျွန်တော် ကြိတ် သတ်မှတ် နေမိတာ ရှိသည် ။ သူ သည် တကယ့် ကို စာရေးဆရာစစ်၏ ။
သူ့ ဝတ္ထုတိုလေး တစ်ပုဒ် စ နှစ်ပုဒ် စ တောင်း ရာ မှ သူ့ စာမူတွေ ကျွန်တော် တော်တော်များများ ကို ထုတ်ဝေ ဖြစ်သော ထုတ်ဝေသူ ဘဝ ရောက်ခဲ့သည် ။ အမှန်အတိုင်း ပြော ရရင် နောက်ပိုင်း တွေ မှာ ကျွန်တော် အနုပညာသင်တန်းတွေ နှင့် အလုပ်တွေ ရှုပ်ပြီး အရှုပ်တွေ လုပ် မိတော့ သူ့ စာမူတွေ ကို ကြပ်ကြပ်မတ်မတ် မလုပ်မိတော့ ။ မန်နေဂျာ တစ်ယောက် နှင့် မျက်နှာ လွှဲထားမိသည် ။
ဘာပဲဖြစ်ဖြစ် ကိုမင်းလူ နှင့်တော့ အထိအတွေ့ တော်တော်များ ခဲ့ပါသည် ။ သူ က စာမူလေး တစ်ပုဒ် ရေးပြီး လျှင် တော်တော် တယုတယ ထားတတ်၏ ။ ဗလာစာအုပ် နှင့် သူ စာ ရေးတတ်သည် ။ ရေးပြီးသွားပြီ ဆို ထို စာမူလေး ကို ဗီရိုထဲ သော့ခတ် သိမ်းပြီး ပီတိ ဖြစ်နေတတ်ကြောင်း သူ ပြောပြဖူး၏ ။
သူ က စာ ရေးတာ ကြာ သည် ။ လေးလ နေ မှ လုံးချင်း တစ်အုပ် လောက် ပြီးသတဲ့ ။ ဝတ္ထု ဆို လျှင် တော့ လုံးချင်း ၏ လေးပုံ တစ်ပုံ လောက် အား ထုတ်ရသည် ဟု ဆိုသည် ။ ထို့ကြောင့် ကျွန်တော် သူ နဲ့ ပထမဆုံး ဆုံခါစ အတိုလေး တစ်ပုဒ် တောင်း တော့ တစ်လ ခန့် အချိန် ယူ ခဲ့ခြင်း ဖြစ်မည် ။
ကိုမင်းလူ ကို ဟာသစာရေးဆရာ ဟု တော်တော်များများ သိ ကြသော်လည်း သူ့အအောင်မြင်ဆုံး ဝတ္ထု တွေ မှာ ဟာသ မဟုတ် တာ လည်း ပါ ပါသည် ။ ငှက်ကလေး လို မျိုး ။ ရင်ထဲ က ဆောင်းရာသီ လို မျိုးတွေ က သူ့ ဂန္ထဝင် လက်ရာများ ဟု ပြောသော် ရနိုင်လိမ့်မည် ထင်၏ ။ သူ ကား အတော် သက်တမ်း ရှည်ခဲ့သော လုံးချင်းဆရာ တစ်ဦး လည်း ဖြစ်ပါသည် ။ ကိုရွှေဘုန်း ( တာရာမင်းဝေ ) တစ်ခါက ပြောပြ ဖူး၏ ။
“ ဘယ်သူ တက်တက် သူ မတက် ၊ ဘယ်သူ ကျကျ သူ မကျဆိုတာ ကိုမင်းလူ ပဲ ကွ ။ သူ့ နေရာလေး မှာ မှန်မှန်မြဲမြဲလေး ရပ်နေတာ ” တဲ့ ။ စောင်ရေ နှင့်ပတ်သက်၍ ပြောချင်းဖြစ်ပါသည် ။ ဝုန်းခနဲ ထိုး တက်သွားတာမျိုး ၊ ဝုန်းခနဲ ထိုး ကျသွားတာမျိုး ကိုမင်းလူ မှာ မရှိ ။ ဆိုရလျှင် ငြိမ်သော တည်တံ့သော ပရိသတ် အခိုင် ရှိသည့် သဘောပင် ။
ကိုမင်းလူ ကို ကျွန်တော် အားကျ မိသည် မှာ ကျွန်တော်တို့ လို စိတ် မထွေပြားခြင်း ဖြစ်ပါသည် ။ ကျွန်တော် တို့ တော်တော်များများ ဗီဒီယို ရုပ်ရှင် ဘက် ကူး ကုန်ကြ၏ ။ ကိုမင်းလူ ကို သူ့ ဝတ္ထုတွေ ဇာတ်ညွှန်း ရေးသည် မှ အပ ရုပ်ရှင်နယ် နှင့် သိပ် ဆက်စပ်တာ မတွေ့ရ ။ ကျွန်တော် သိသလောက် သူ ဒါရိုက်တာ လုပ်တာ ဘာညာ တစ်ခါမှ မကြားခဲ့စဖူးပါ ။ စာရေးဆရာ ဘဝ မှာပင် ရောင့်ရဲ ပျော်မွေ့လှသူ ဟု အင်မတန် အတုယူဖွယ် လူ ပင်တည်း ။
စာမူကလေးတွေ ရေး ပြီးလျှင် အဲဒီ စာမူလေး ဘယ်လို ထုတ် လုပ်မလဲ ။ သူ စဉ်းစား နေတတ်၏ ။ ရင် ထဲ ကဆောင်းရာသီ စာမူ ကို ထုတ်ဝေရန် ပြုစဉ် က အဖုံး အတွက် သူ့စိတ်ကူးကလေး ကောင်းလှသည် ။
ဖိနပ်ကလေး သုံးရန် ပြချင်တယ်ဗျ ။ မိန်းမစီး ဖိနပ် ရယ် ၊ ယောက်ျား စီးဖိနပ် ရယ် ၊ ကလေး ဖိနပ်ရယ် ။ မိန်းမစီး ဖိနပ် နဲ့ ယောက်ျားစီးဖိနပ် က တစ်ဖက် စီ မှာ အစွန်းတွေ ထွက် နေကြပြီး ။ ကလေးစီးဖိနပ်ကလေး က အလယ် မှာ ယိုင်လဲ နေတယ် ။ တစ်ဖက် က ယောက်ျားစီး ဘက် ဦးလှည့်ပြီး တစ်ဖက် က မိန်းမစီး ဘက် ဦးလှည့်နေတယ် တဲ့ ။ အဲဒီ အိုင်ဒီယာ အတိုင်း အဖုံး လုပ်ပေးပြီး စိစစ်ရေး တင်ပါသည် ။
ဟင် စာအုပ်မျက်နှာဖုံး မှာ ဖိနပ်ပုံကြီး တွေ ဆင်ဆာ မပေးဘူး တဲ့ ။ ထို ကာလ က ဆင်ဆာကို ကျွန်တော် တို့ တော်တော် ကြောက် ခဲ့ရပါသည် ။ ကိုမင်းလူ စာအုပ် အတွက် အဖုံးတွေ ဆင်ဆာ နှစ်ကြိမ်လား မသိ ထိဖူး၏ ။ နောက် တစ်ကြိမ် က အသပြာလုလင် အတွက် အဖုံး ။ ဆရာမြင့်မောင်ကျော် ဆွဲပေးသည် ။ ဆင်ဆာ ထိ တော့ နောက် တစ်ကြိမ် ပြန် ဆွဲရသည် ။
ချစ်မြားရှင် အစ ချစ်မြားရှင် အဆုံး ဆိုသော စာအုပ် အတွက် အဖုံး မှာ လည်း သူ့ အိုင်ဒီယာ ပါပဲ ။
မြားနတ်မောင် က လေး နှင့် မြား ကိုင်ကာ ဥခွံ ကို ခွဲပြီး ထွက်လာသော စိတ်ကူး ။ ထိုအဖုံး ကတော့ ဆင်ဆာ လွတ်ခဲ့သည် ။ အဲဒီ ဝတ္ထု က သူ့ ဝတ္ထုလတ် တစ်ပုဒ် ကို ထပ် ဆက်ရေး ခြင်းပါ ။ ဒါတောင် ပရိသတ် အတွက် အဟောင်းများ ဖြစ်နေမလား သူ တွေးပူနေသေး၏ ။ ကျွန်တော် က နားချ ရသည် ။
“ အဟောင်း ဆိုရအောင် ဆယ်စုနှစ် တစ်ခု ကျော် ကြာခဲ့ပြီ အစ်ကို ။ အဲဒီ ဇာတ်လမ်းကလေး က လည်း အဆုံး မသတ် သလို ဖြစ်နေတော့ လုံးချင်း ဖြစ်အောင် ဆက် ရေးသင့်ပါတယ် ။ အမှာ မှာ ဝန်ခံချက် ထည့် လိုက်ပေါ့ ” ဆိုမှ သူ လိပ်ပြာသန့်စွာ ထုတ်ခွင့်ပြုသည် ။
သူ သည် ကား ပရိသတ် အပေါ် စေတနာ ထားလွန်း သလို အားနာ တတ်လွန်း သူ ။ ပရိသတ် အား လုံးဝ မလှည့်ဖျားတတ် သူ ပင် တည်း ။
အမည် မဖော်လိုသူ အချစ် ဆိုသည့် စာမူ ကျတော့ သူ ခေါင်းစဉ် နှစ်ခု ဘာ ရွေးရမှန်း မသိ ဖြစ် နေသည် ။ “ ဖိတ်စာ နှင့် တကွ ကြွပါ ကောင်းမလား ၊ အမည် မဖော်လို သူ အချစ် ဆိုတဲ့ နာမည် ကောင်းမလား စဉ်းစားရ ခက်နေတယ်ဗျာ ” တဲ့ ။
“ ဟာ ဒါများ အစ်ကို ရာ အမည်မဖော်လိုသူ အချစ် က ပို ဆန်းတယ် ။ အဲဒါပဲ လုပ်လိုက် ”
သူ ကား သူ့ စာမူကလေးများ ကို နာမည် ပေး သည် ကအစ တယုတယ ရှိလွန်း လှပါသည် ။ စာ တစ်ကြောင်း တစ်ကြောင်း အသေအချာ တွေး ကာ ရေးတတ်သည် ။ ရေး ပြီးရင် ပြင်စရာ မလိုအောင် ရေးတတ်ကြောင်း သူ ပြောပြ၏ ။ ဒါကြောင့် သူ့ စာမူတွေ မှာ စာလုံးပေါင်း အကျ အပေါက် ကင်းစင် လှသည် ။ လက် နှင့် ရေး သော်လည်း ပြင်ရာ ဖျက်ရာ ကင်းလှ၏ ။ စာရေးခြင်း အတတ် နှင့် ပတ်သက်၍ သူ့ ကို ကျွန်တော် တော်တော်မေးမြန်း ခဲ့သည် ။ စကား စပ်မိတိုင်း ဆိုပါတော့ ။
သူ က ဇာတ်ဆောင် တွေ ၏ လှုပ်ရှားပြုမူပုံ အသေးစိတ် ကို ထည့် ရေးတတ်သည် ။ ဒါကတော့ ရုပ်ရှင် နှင့် နီးစပ်သောကြောင့် ဟု ကျွန်တော် ထင်သည် ။ ဟာသ ဆိုသော်လည်း သူ့ ဟာသ မှာ အရွှင် အသွက် ထက် လေးလေးနက်နက် တွေး ကာ ရေး ထားမှန်း သိသာ ပါသည် ။
“ ငှက်ကလေး မှာ ဇာတ်ဆောင် ဖြစ်တဲ့ ကောင်လေး က ဇာတ်ကြောင်း ပြော သူ နော် ။ အဲဒီမှာ သူ့ ကိုယ် သူ ကိုယ် လို့ သုံးနှုန်းတာ အတော် ထိတယ် အစ်ကို ။ သား လို့ ပြော ရင်လည်း မကောင်းဘူး ။ “ သားကလေ … သားကလေ ” ဆို ကြောင်တောင်တောင်ကြီး ။ ကျွန်တော် လို့ သုံး လည်း ကလေးအရွယ်လေ မဟုတ်ပြန်ဘူး ” ဟု သုံးသပ်မိတော့ သူ ဘာမှ ပြန် မပြောဘဲ ပြုံး ကာသာနေသည် ။
တစ်ခါက သူ့ ကို ကျွန်တော် မေးဖူးသည် ။
ဝတ္ထု တစ်ပုဒ်လုံး ကို ရေးရင်း ရပ် ထားလို့ ရ သလား ဆိုတော့ ရတယ် ၊ ဒါပေမဲ့ စိတ် ထဲ တော့ အမြဲ ထည့် ထားရမယ် တဲ့ ။ ဒါ့ကြောင့်လည်း စာရေးခြင်းအလုပ် ကို Whole Time Job လို့ ခေါ်ကြပေတာပဲ ။ ကျွန်တော့် လုံးချင်းလေးတွေ ထွက်လို့ သူ့ ကို လက်ဆောင် ပေးတော့ သူ တလေးတနက် ယူပါသည် ။ ထွက် လို့ မှ လက်ဆောင် မပေးဖြင်ရင် ပင် ခင်ဗျား မပေးရသေးဘူးနော် ဟု ပြော တတ်၏ ။ ဒါပေမဲ့ စိတ်ထဲ မှာ ကျွန်တော့် လို ကလောင်သစ်လေး ကို သူ တခုတ်တရ ဖတ် ဖြစ်မယ်လို့ မမျှော်လင့်မိ ။ တစ်အုပ် ကျ တော့ ကျွန်တော် စတိုလ် ပြောင်း ရေးသည် ။ ထိုစာအုပ် လက်ဆောင် ပေး ခဲ့ပြီးအပြန် ည ကျတော့ သူ ဖုန်းဆက်ကာ ပြော၏ ။
စာရေးဆရာ ဆိုတာ ကိုယ်ပိုင်ဟန် ရှိသင့်တယ် တဲ့ ။
ဟုတ်ကဲ့ ၊ အမှန်အတိုင်းပြောရလျှင် ကျွန်တော် ထို စာအုပ် မှာ ကိုရွှေဘုန်း ( တာရာမင်းဝေ ) ဟန် ကို ယူ မိပါသည် ။ ဘာပဲဖြစ်ဖြစ် ငါ့ စာလေး သူ ဖတ်သားပဲ ဆိုသော အသိ က ကလောင်ငယ်လေး တစ်ယောက် အဖို့ အား များစွာ ဖြစ်စေခဲ့ပါသည် ။ ဒါပေမဲ့ ကျွန်တော် က အဲဒီ တုန်း က လက် မငြိမ်သေး ဟု ပြောရမည်လား ။
သူ ( ကိုမင်းလူ ) ဟန် ကို ယူရေး ထားတာ လည်း တစ်အုပ် ရှိသေး၏ ။ ဒီ စာ ရေးရင်း မှ ရပ်တန့်ကာ အတိတ် အကြောင်းများ ပြန် တွေးမိခဲ့သည် ။ အာရုံပုံရိပ်တွေ သည် သက်ဝင် ပီပြင်လာသည် သို့ ရှိ ချေ၏ ။ အတိတ် ဆီ ပဲ ကိုယ်တိုင် ပြန်ရောက် သွားခဲ့သလို ။
ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကျော် ။
လက်ဖက်ရည်ဆိုင် ထောင့် စာပွဲပုလေး တွင် တွတ်တွတ်ထိုးနေကြသော စာရေးဆရာကြီး နှင့် စာရေးဆရာငယ်လေး ကျွန်တော် ။ စာရေးဆရာကြီး က မခို့တရို့ ပြုံးလျက် ။ တစ်ခါတလေ လည်း တွေးငေးလျက် ။ တစ်ခါတလေ လည်း စကားတွေ ပြောလျက် ။ ဘောင်းဘီတိုလေး နှင့် တီရှပ်ခပ်ပွပွ ဝတ် ထားသော ချာတိတ်ကလေး က တော့ အားကျစွာ ငေးမော နားထောင်လျက် ။ တကယ့်ကို မနေ့ တစ်နေ့ က လိုပါပဲ ။
ယင်း အဖြစ်များ သည် ပင်လျှင် ဇာတ် အလယ်ပိုင်း ဖြစ် ပေမည် ။
••••• ••••• ••••• •••••
ဇာတ်သိမ်းပိုင်း ကို မူ ဆေးရုံတစ်ခု ၏ မြင်ကွင်း ဖြင့် ခင်းကျင်း ပြသ လိုပါသည် ။
ခေတ်မီဆေးရုံ တစ်ရုံ မှ အခန်းတစ်ခန်း ။
ထို အခန်း ၏ ခုတင် ပေါ် တွင် ပိန်ပိန်လူကြီး တစ်ယောက် မသက်မသာ လဲလျောင်းလျက် ရှိ၏ ။ ပါးစပ် က ဟလိုက် စေ့လိုက် ။ မျက်လုံးများ က မှေးမှေးကလေး စေ့ပိတ်လျက် ။ သူ့ ဝဲဘက် တွင် အမျိုးသမီးကြီး တစ်ဦး ။ သူ့ ခြေရင်း ဘက် တွင်တော့ လူငယ်လေး တစ်ယောက် ။ ယာဘက် က ထိုင်ခုံ ပေါ် တွင် တော့ လူ တစ်ယောက် ထိုင် နေသည် ။ လူငယ်ကလေး နှင့် အမျိုးသမီး က အဝတ်အစားများ လဲ ပေးနေကြ၏ ။ ယာဘက် ရှိ လူ က အနည်းငယ် ဝင် ကူသည် ။ ထိုသူ ၏ မျက်နှာ ထက် တွင် စိတ်မကောင်း ဖြစ်ဟန် အသွင် ကို အထင်အရှား မြင် ရလေ၏ ။ စိတ် မွန်းကျပ်စွာ သက်ပြင်း ကိုသာ အကြိမ်ကြိမ် ချ မိနေလေတော့သည် ။
ကျွန်တော် က ထိုကဲ့သို့ ပင် စိတ် အိုက်လာသည့် အခါ သက်ပြင်းတွေချည်း ချ နေတတ်ပါသည် ။
ကိုမင်းလူ ကို ဒီလိုကြီး မြင် ရတာ ကျွန်တော့် စိတ် ထဲ ဘယ်လိုမှ အဆင်မပြေ ။ ဆေးရုံခန်း ထဲ ကျွန်တော် ရောက်ပြီး မကြာမီ မှာ ပင် ကိုမင်းလူ ခဏ နိုးလာခဲ့၏ ။ မျက်စိ ကို ခပ်မှေးမှေးဖွင့်ကြည့်သည် ။
“ ဩော် ” ဟု အသံ ပြု၏ ။ ပြီးတော့ မှ -
“ မင်း ဘယ် ပျောက်နေတာလဲ ” တဲ့ ။
“ ဟုတ် ဒီလိုပါပဲ အစ်ကို ရာ ”
“ အစ်ကို ဘာ လိုသေးလဲ အစ်ကို ၊ စားချင်တာတွေ ဘာတွေများ ရှိရင် လဲ ပြောပါနော် ”
ကျွန်တော် ဒီလို ကိစ္စမျိုး မှာ ဘာ မေးရမည်မှန်း နားမလည်ပါ ။ ရင် ထဲ စိတ် မကောင်းမိ တာ သာ ရှိသည် ။ ကိုမင်းလူ ကိုလည်း ကြည့်ပါဦး ။ နဂိုက ခပ်ပိန်ပိန် အသားအရေ မှာ ပို ပိန်လှီလျက် ။ ကင်ဆာဆေးများကြောင့်လား မသိ ။ မျက်နှာပြင် ထက် အရေပြားများ မည်းမည်းမွဲခြောက်ခြောက် ဖြစ်နေသည်ကို မြင် ရသည် ။
“ ဒီလို အချိန် မှာ အစားအသောက် မလိုတော့ပါဘူး ”
အစ်ကို့ အသံ မှာ ယဲ့ယဲ့ကလေး မှ တကယ့် ကို ယဲ့ယဲ့ကလေး ပါပဲ ။ အဝတ်တွေ လဲ ပြီးသွားတော့ ပင်ပန်း သဖြင့် အိပ်မောပြန် ကျ သွားပြန်သည် ။
ယင်း သည်ပင် လျှင် အသက်ရှင်နေသော ကိုမင်းလူ အား ကျွန်တော် နောက်ဆုံး တွေ့ လိုက်ရခြင်း ဖြစ်ပေလိမ့်မည် ။ အိပ်ပျော် နေသော လူနာ နိုးသွားမည် စိုး၍ အခန်း အပြင်ထွက်ကာ ကိုမင်းလူ ၏ အမျိုးသမီး အား အကြောင်းစုံ မေး ကြည့်မိသည် ။ တည်တည်ငြိမ်ငြိမ် ပင် ကိုမင်းလူ ၏ ရောဂါ အကြောင်း ရှင်းပြပါသည် ။
“ သူ ကတောင် ပြော နေသေးတယ် ။ ကိုဝဏ္ဏ တုန်း က ၁၀ လလောက် ခံရင် ငါ့ ကျ ၂ နှစ်လောက် ခံ မှာပေါ့ ” တဲ့ ။
“ ကျွန်မ ကို လည်း ပြောပါတယ် ။ မင်း လည်း ဒီလောက် စာတွေ ဖတ် ထားတာပဲ ။ တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ပါ ကွာ ” တဲ့ ။
စကား တွေ က မကြား တစ်ချက် ကြား တစ်ချက် ။ စိတ်ထား ပြည့်ဝ ရင့်ကျက်သော အမျိုးသမီးကြီး တစ်ဦး ၏ စကားသံများ ကို ကျွန်တော် ကြား နေခဲ့ရပါသည် ။ အတော် အေးချမ်းဖော်ရွေသော ၊ အတော် တည်ကြည်သော အမျိုးသမီးကြီး ပါ ပဲ ။
ကိုမင်းလူ သည် စာရေးဆရာကောင်း ဖြစ်သလို အိမ်ထောင်ရှင်ကောင်း လည်း ဖြစ်မည် ဟု ကျွန်တော် မှတ်ချက် ချလိုက်မိသည် ။
ပြည့်ဝရင့်ကျက်သော အိမ်ရှင်မကောင်း တစ်ဦး ကို သူ ရွေးချယ် ပေါင်းသင်းနိုင်ခဲ့ကာ အောင်မြင်သော မိသားစု ဘဝ တစ်ခု ကို သူ တည်ဆောက် နိုင်ခဲ့သည် ။ အခုဆို သူ့ သမီးလေးတွေ ပင် အရွယ်တွေ ရောက်လို့ အကြီးမလေး က RV စင်တာ မှာ ဆိုလား ။ အငယ်မလေး က တော့ စာပေ ဘက် ပို အားသန်သည် ဟု ကိုမင်းလူ အမျိုးသမီး က ပြော ပြပါသည် ။
ထို အငယ်မလေး အကူအညီ ဖြင့် ဝတ္ထု တစ်ပုဒ် ကို လက်စ သတ်ခဲ့ကြောင်း ကြား ရတော့ ကျွန်တော် တော်တော် အံ့အားသင့်သွားခဲ့သည် ။
“ သူ့ ကိုယ် သူ သိ နေပြီလေ ။ ဒါနဲ့ ဆေးရုံတွေ ပြ နေရင်း ခဏလောက် သက်သာ တုန်း မှာ ရေးလက်စ လုံးချင်းဝတ္ထုလေးက ဆယ်မျက်နှာ လောက် ကျန်နေတာ ကို ပါးစပ် နဲ့ အသံ သွင်းတယ် ။ ယုယ က အဲဒါကို ပြန်ကူး ရေးတာလား ။ သူတို့သားအဖ နှစ်ယောက် လုပ်ကြတာပဲ ။ ငါ သတိ ရှိတုန်းလေး လုပ်သွား ဦးမယ် ဆို ပြီး … ”
ကျွန်တော် ဆက် မကြားဝံ့လောက် အောင် ဖြစ် သွားရသည် ။ အိပ်ရာ ပေါ် ပက်လက် ရောက် လို့ သေကောင်ပေါင်းလဲ ဖြစ် ချိန် ထိ စာပေ့ တာဝန် ကို ကျေပွန် ခဲ့သူပါတကား ။
“ အဲဒီ ဝတ္ထု ပြီး သွားလား အစ်မ ”
“ အင်း ပြီးသွားပြီ လို့ ပြောတယ် ”
ဒါကို မှ စာရေးဆရာ ဟု မခေါ်လျှင် ဘယ်သူ့ ကို စာရေးဆရာ ဟု ခေါ် ပါမည်နည်း ။ ဒါကိုမှ စာပေသမား အစစ် ဟု မခေါ်လျှင် ဘယ်သူ့ ကို စာပေသမားအစစ် ဟု ခေါ် ပါမည်နည်း ။
ကိုမင်းလူ သည် ကား ကျွန်တော် တို့ ခေတ် ၏ အငြင်းပွား စရာ မရှိသော စာပေ့ဝန် ကို ကျေပွန် လှ သူ စာရေးဆရာ စစ်စစ် ပင် တည်း ။
ကိုမင်းလူ နှင့် ပတ်သက်လို့ …
ကျွန်တော့် စိတ် ထဲ မချိတင်ကဲ ဖြစ် နေတာ တစ်ခု ပဲ ရှိသည် ။
“ အစ်ကို ရယ် ၊ ကျွန်တော် နဲ့ စ တွေ့ တုန်းက လို ဟာ ဘယ်ဖြစ်မလဲဗျ … ” လို့ သေမင်း ကို ပိဿလေး နဲ့ ဘေးပစ် ငြင်းပါတော့လား ။ သေမင်း က ခေါ်လေသမျှ ဘယ်ဖြစ်မလဲဗျ လို့ သာ တွင်တွင် ငြင်း ပါတော့လား ။ ကျွန်တော်တို့ စာပေလောက အတွက် ၊ ကျွန်တော်တို့ ခေတ် အတွက် အစ်ကို့ လို လူမျိုး လိုအပ်တယ်လေ ။
ဒါပေမဲ့ တစ်နည်း တော့ လည်း ပြန် တွေးမိပါသည် ။
ကျွန်တော့် တုန်း ကလည်း အစပိုင်း ငြင်းပြီး နောက်ပိုင်း သူ လိုက်လျော ခဲ့တာပဲ ။ သေမင်း ကို လည်း ထိုအတိုင်း သူ လုပ်ခဲ့သည် ထင်၏ ။
ကျွန်တော့် ကို စာမူ ပေး တာကတော့ မျိုးဆက်သစ် အပေါ် မှာ တာဝန် ကျေ ဖို့ စာပေ ပေါ် မှာ တာဝန် ကျေ ဖို့ ။ သေမင်း ကို လိုက်လျောခဲ့တာတော့ လူသား တစ်ယောက် ရဲ့ တာဝန် ကျေပွန်ဖို့ ။
လူ ဆိုတာ က နေ ရမည် ။ ပြီးတော့ သေ ရမည် ။ ကိုမင်းလူ သည် ကား အကောင်းဆုံး နေထိုင်ခဲ့သူ ဖြစ်သလို ဖြောင့်ဖြောင့် သေဆုံး ပြခဲ့သူလည်း ဖြစ်ပါချေတော့သည် ။
◾သွန်းနေစိုး
📖 သို့ .. မင်းလူ .. ဒေဝတာမြို့တော်
#ကိုအောင်နိုင်ဦး
*
No comments:
Post a Comment