❝ ဆေးကျောင်းသူ လာမစမ်းနဲ့ ❞
“ အင်္ဂါသမီး မသန်းဝင်း ဘယ်တော့ စွံမလဲ ၊ လပိုင်း နဲ့ ဆို ဝင်းစုစံ ခေါင်း ကို ရိုက်ပါ ။ နှစ်ပိုင်း နဲ့ ဆို ခင်နွဲ့နွဲ့ ကို ရိုက် ပါ ”
ကြည်ကြည်မြင့် ၊ မြင့်မြင့်နွယ် နှင့် ဘေဘီ ကိုင်ထား သော ဖျာလိပ် သည် ခင်နွဲ့နွဲ့ ခေါင်း ကို ဆယ်ချက် တိတိ ရိုက်လေ၏ ။
“ ဟား ဟား မသန်းဝင်း ရေ သွားပြီ အရိုးရင့် မှ စွံ မယ် ”
“ ကလေး ဘယ်နှစ်ယောက် ရ မလဲ ၊ ရိုက်ပြပါဦး ”
တစ်ခန်းလုံး တခိခိ ၊ တဟားဟား ရယ်သံတွေ လွှမ်း မိုးနေလေသည် ။ အခန်း ထဲ မှာ က လူ စုံသည် ။ မသန်းဝင်း ၊ ဝင်းစုစံ ၊ ခင်နွဲ့နွဲ့ ၊ ကြည်ကြည်မြင့် ၊ မြင့်မြင့်နွယ် ၊ ဘေဘီ နှင့် မြင့်မြင့်ခိုင် ၊ နောက် တစ်ယောက် က စုစုထွေး ။
စုစုထွေး မှ အပ ကျန် အားလုံး ရှင်မအောင်ဖြူ ဖျာလိပ် နတ် ခေါ်သည့် ကဏ္ဍ တွင် ပါဝင် လှုပ်ရှားနေကြသည် ။ သုံးယောက် က ကိုင်သည် ၊ ကျန် လူတွေ က ဝိုင်း ထိုင်သည် ။
သည် အခန်း က စုစုထွေး နှင့် ဝင်းစုစံ ပိုင်သော အခန်း ဖြစ်သည် ။ စာ မကျက်ချင် သော ကာလ ဆို စုဝေး ကာ တစ်ခု ခု လုပ်စမြဲ ။ ခုလည်း ရှင်မအောင်ဖြူ ကို ခေါ်ပြီ ။ ဟုတ် သည် မဟုတ်သည် ကို အပထား ၊ သည်ကိစ္စမျိုး က နှလုံးရွှင်ဖွယ် ကောင်းလှသည် ။
စုစုထွေး က ယောင်ခြောက်ဆယ် မင်းသမီး ။ ကဗျာ လည်း စပ်သည် ၊ ဝတ္ထု လည်း ရေးသည် ၊ ရုပ်ရှင်မင်းသမီး ပဲ လုပ်တော့ မလိုလို သတင်း ပြေး နေသည် ။ ခု လောလောဆယ် မှာတော့ ကဗျာဆရာမ ၊ စာရေးဆရာမ ပေါ့ လေ ။ သူငယ်ချင်းတွေ က အလကား စား ရတိုင်း ပေးထားတဲ့ နာမည် ။ အနှီ စာရေးဆရာမကြီး သည် ရှင်မအောင်ဖြူ ကို စိတ် မဝင်စား ။ အင်္ဂလိပ်ဝတ္ထု တစ်အုပ် ကို သဲကြီးမဲကြီး ဖတ် နေသည် ။ မျက်မှောင် ကုတ်လိုက် ၊ ပါးစပ် စု လိုက် ၊ မဲ့လိုက် ၊ ရွဲ့လိုက် ။
စုစုထွေး က သူမ ၏ ဆရာများ နည်းတူ ဘာသာပြန် ဝတ္ထုတွေ ရေးမည် ဟု မဟာ အကြံ နှင့် ဖတ် နေခြင်း ပင် ။ ညနေ ကတည်း က ဖတ်တာ ယခု စာမျက်နှာ ‘ နှစ် ’ သို့ ရောက် ပြီ ။ တော်တော် လာ သည့် စုစုထွေး ။
“ အရှင်မ ရယ် ဟို ခုတင် ပေါ် မှာ အိုက်တင် နဲ့ လဲ လျောင်း နေတဲ့ စုစုထွေး ဟာ အတန်း ထဲ က ခင်မောင်ထွေး နဲ့ ရ မလား ၊ ဘေဘီ အဆက် သန်းဌေး နဲ့ ရ မလား ၊ ဝင်းစုစံ အဆက် မိုးမြင့် နဲ့ ရ မလား ”
“ ဟေ့ ဟေ့ မလိုဘူး ။ ငါ က အပျိုကြီး လုပ် မှာ ။ စာရင်း ရှုပ် မနေနဲ့ ။ ဒီမှာ ဇာတ်လမ်း ဇာတ်အိမ် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် ဖြစ်အောင် စဉ်းစားနေရတဲ့ အထဲ ”
စုစုထွေး က ခပ်ထည်ထည် ကြိမ်း လိုက်ပြီး ဘယ် နံစောင်း မှ ယာ နံစောင်း သို့ ပြောင်းကာ လဲလျောင်း ပြန်သည် ။
“ အပျိုကြီး နော် .. အရင်ဆုံး ရမယ့် အပျိုကြီး ၊ ဩော် ဒါထက် နင် က ဇာတ်အိမ် ကို ဘယ်လောက် ကြီးကြီး လိုချင် လဲ ။ ငါ့ အတွေး ပြော ပြမယ် ။ နင် လိုက်နာ မလား ”
ဝင်းစုစံ က စိတ်ဝင်တစား အမူအရာ နှင့် ဆိုလာတော့ စုစုထွေး စိတ်ဝင်စား ကာ လှဲ နေရာ မှ ထ ၍ ထိုင်သည် ။
“ ပထမဆုံး လုပ်ရမယ့် အလုပ် က ထီ များများ ထိုး ”
“ ဟင် ဘာဆိုင်လဲ ”
“ တစ်သိန်းဆု ပေါက်တော့ ခြံကျယ်ကျယ် ၊ တိုက် ကြီးကြီး ဆောက် ၊ အဲဒါ ဇာတ်အိမ် ခိုင်ခံ့ ကြီးကျယ်တာပေါ့ ၊ ဟော ပြီးတော့ ဇာတ်လမ်းကလေး က အဆင့်အတန်း မြင့် ချင်သလား ၊ လွယ် သမှ လွယ် ၊ တိုက်ခေါင်မိုး ပေါ် တက် ရေး ”
“ တယ် .. ငါ လေ ”
သည်တစ်စု က တော့ အရွှန်းအပြက်တွေ ချည်း ပင် ဖြစ်သည် ။ စိတ် ကောင်းလေး ဝင် သည့် အခါ တော့ နာမည် အမှန် ကို ခေါ်သည် ။ အများအား ဖြင့်တော့ နာမည် ပျက် ။
မသန်းဝင်း က အသား ဖြူဆွတ်နေသဖြင့် ဘဲလေး ။
ဝင်းစုစံ က ကိုယ်လုံး လှသည် ။ အထူးသဖြင့် တင်ပါးလေး က စွင့်စွင့်ကားကား နှင့် လှသည် ။ ထို့ကြောင့် တင်တင်ကြီး ။
မြင့်မြင့်ခိုင် က မော်လမြိုင်သူ ပီသစွာ ဖြူဖြူဖွေးဖွေး ရေဆေး ငါး ၊ အရပ် ပု သည် ။ ထို့ကြောင့် ပု လုံး ။
မကောင်းဆုံး ကတော့ စုစုထွေး ။ သူ က အသား မည်း သည် ။ အရပ် က လည်း ပုသည် ။ ခါးသေးရင်ချီ လည်း မဟုတ် ။ ထို့ကြောင့် မဲလုံး ။
မဲလုံး တဲ့ လေ ... ကောင်းရော ၊ စာနာစိတ် ရှိသူများ က တော့ အသားတော် ညိုပြာညက် တဲ့ ။ မျက်လုံး မျက်ခုံး လှ သည် တဲ့ ။ ရုပ်ရှင်မင်းသမီး တင်တင်ညိုကလေး တဲ့ ။ ဘာပဲ ပြောပြော စုစုထွေး က တင်တင်ညို နှင့် တူ သည် ဆိုသော အချက် ကို သာ အတည် ပြုသည် ။ မကောင်း လား ။
“ ကဲ ဟေ့ ခုန က ဟာ ဆက်မယ် ။ ဘေဘီ နဲ့ ခင်အောင် နဲ့ ရ မရ မေးမယ် ”
“ အို .. မေး မနေနဲ့ ၊ ခင်အောင် က ဘဲလေး ကို မျက်စိ ကျ နေတာ ။ ပရက်တီကယ် လုပ်ရင် မျက်လုံး က ... ”
“ ဟေ့ ... မလိုဘူး ၊ ငါ့ မှာ ကိုကို ရှိ ပြီးသား ။ သူ က မဲလုံး နဲ့ ရိုးနံဘာ ( Roll Number ) နီး တယ် ။ ဒီတော့ အတွေ့အထိကလေး စ ပြီး ”
မဲလုံး ပါလာပြီ ဆိုတော့ စုစုထွေး မနေနိုင် ။ ခုတင် ပေါ် မှ ဆင်းကာ အုပ်ထဲ ဝင် ထိုင် ရသည် ။
“ ယောက်ျားလေး တွေ အတွက် အလုအယက် ငြင်းခုံ မနေပါနဲ့ကွာ ။ ယောက်ျား တွေ ဆိုတာ ကောင်း တာ မဟုတ်ဘူး ”
“ အင်း .. ဆိုစမ်းပါဦး ၊ ရည်းစား ဆိုတာ အနံ့ တောင် မရှိတဲ့ သူ က ”
“ နင် တို့ ကလည်း ဆေးကျောင်းသူ တွေ လုပ်ပြီး နား ဝေး ပါရော ။ ကလေး မွေး ရတဲ့ ဒုက္ခ မြင် ရတယ် မဟုတ်လား ။ ကိုယ်တိုင် လည်း မွေး ဖူးပြီ ”
“ ဟင် .. ဘယ်လို ”
“ ဪ ... တို့ ကိုယ်တိုင် က လူနာတွေ ကို မွေးပေး ဖူးပြီ မဟုတ်လား လို့ ၊ ဒါ ပြောတာ ”
“ တော်သေးတာပေါ့ ”
“ ကြည့်စမ်း ၊ ဘယ်လောက် ပင်ပန်းလဲ ၊ အော်ရ ဟစ် ရ ၊ တွန့်လိမ်ရ နဲ့ ရှိစု မဲ့စု အလှ တွေ ကုန်ရော ”
“ ဒါ ခဏပေါ့ ကွယ် ။ နောက်တော့ လည်း တစ်သား မွေး တစ်သွေး လှ ပေါ့ ”
ဘေဘီ က စက္ကန့် မဆိုင်း ခွန်းတုံ့ ပြန်လိုက်သည် ။
“ ထားတော့ ၊ ရည်းစား ထား တာတောင် ဘယ်လောက် သောက ရောက်ရသလဲ ။ အိမ်ထောင် ကျ ဖို့တော့ မပြောနဲ့ ။ ဘေဘီ ကို ကြည့် ၊ ရန်ဖြစ် ရ ၊ စိတ်ကောက် ရ ၊ ငို ရ နဲ့ လူ ကို ပိန်ကျ သွားတာ ”
စုစုထွေး စကား မဆုံးသေး မီ မသန်းဝင်း က ကမန်း ကတန်း ဝင် ၍ ..
“ အို ..... ဒါကြောင့် ပိန်တာ မဟုတ်ဘူး ၊ အရင်လ က ဘေဘီ သွေးလှူတယ် ။ အနီးမီးယား ဖြစ်တယ် ။ အဓိက က သူ့ လူ သန်းဌေး က ဖျစ်လွန်းညှစ်လွန်း လို့ ပိန်တာ ၊ မဲလုံး ပြော သလို သောက ကြောင့် မဟုတ်ဘူး ”
ဘေဘီ က မသန်းဝင် အဆို ကို ထောက်ခံ သဖြင့် စုစုထွေး ရှုံး သွားပြန်သည် ။
“ ထားတော့ မင်း တို့ ကြားဖူးတယ် မဟုတ်လား ။ ဣတ္ထိယ ခေါ် ယောက်ျား တို့ သည် .... ”
“ ဘာ .. ဘယ်လို ”
“ ဪ .. မှားလို့ ပုရိသ ခေါ် ယောက်ျား တို့သည် လှေ နှင့် မြင်း လို မယွင်းဘဲ တူညီ ပဲ့ကိုင်ရာ လူ နောက် စီးရာ ကို သာ ပါတတ်သည် ဆိုတာလေ ။ ယောက်ျား ဆိုတာ ဆောင်းလေ ပမာညီ ၊ အတွင်းသဘော မတည်ကြည် ပြောင်းလဲ တတ်သည် ”
စုစုထွေး က သံနေသံထား နှင့် ဆို ပြ၍ မှ မဆုံးသေး ၊ နံပါတ် ရှိ သူငယ်ချင်းတွေ က ခေါင်းယမ်း နေသဖြင့် တစ်ပိုင်း တစ်စ ရပ် ပစ် လိုက်ရသည် ။
“ ဟင်း .. ကောင်မတွေ အစ က တော့ ဆေးကျောင်း သူ လာ မစမ်းနဲ့ ဘာနဲ့ ညာနဲ့ ခုတော့ ပျော့ နေလိုက်ကြ တာ ”
ဟုတ်သည် တက္ကသိုလ် ရောက်စ တုန်း က ဆိုလျှင် သည်အုပ်စု မှာ တစ်ယောက် မှ နံပါတ် မချိတ်သေး ။ သုံး လေးနှစ် အတွင်းမှာ ပင် ဘေဘီ ၊ မသန်းဝင်း ၊ ကြည်ကြည်မြင့် ၊ မြင့်မြင့်နွယ် တို့ က နံပါတ် ချိတ် သွားကြသည် ။ စုစုထွေး ၊ ဝင်းစုစံ ၊ မြင့်မြင့်ခိုင် တို့ ကတော့ လွတ်လွတ် ကင်းကင်း ။
ဒါတောင် ဝင်းစုစံ ဆို သည့် ရေနံချောင်း က သူငယ်မ က အောင်မြင့် နှင့် ကြိုက်ချင် သလိုလို ၊ သူ့ ဖားသားကြီး အရှိန် ၊ စုစုထွေး အရှိန် နှင့် ဘရိတ် အုပ် ထား ရသည်လေ ။
တစ်ခုတော့ ထူးဆန်းသား ။ သူ တို့ အမျိုးသားတွေ က ဆေးကျောင်း မှ မဟုတ် ။ အင်ဂျင်နီယာကျောင်းသား ၊ ကျောင်းဆရာ ၊ ငယ်သူငယ်ချင်း ၊ ကုန်သည် ။
အဲဒါတွေ နဲ့ ပဲ ဖူးစာ ဆုံချင်လို့လား မသိ ။ စာ လာ ပေး ဖူး သော ဆေးကျောင်းသားတွေ ဆို သည် တစ်စု က ခပ်ဖယ်ဖယ် ၊ ခပ်တင်းတင်း ၊ စာ လာ ပေးလျှင် ချက်ချင်း ဖြဲ ၍ ပြန် ပေးသည် ။
တစ်ခါတလေ စကား လိုက် ပြောသော ကောင်လေး ကို သူငယ်ချင်း ရှစ်ယောက် စု ကာ သွား ဖြေရှင်းသည် ။ သည်တုန်းက အဆက်တွေ မရှိကြသေး ။
“ ကျွန်မ မှာ အဆက် ရှိတယ်ရှင့် ”
“ အဲဒါ စာ လည်း မရေး နဲ့ တော့ ၊ လူချင်း တွေ့ ဖို့ လည်း မကြိုးစားနဲ့ တော့ ”
“ နောက် တစ်ခါ ဆို မော်ကွန်းထိန်း ကို အတိုင် ပဲ ”
တစ်ယောက် တစ်ပေါက် ပြော လိုက်သည် မှာ ခံ ရ သော ဆေးကျောင်းသား ခမျာ မသက်သာ ။ နောက်တော့ အဆက်တွေ ရ ကုန်သော အခါ ' ချစ်တာကိုး ' ဟု သုံးလုံး သော စကား နှင့် ကာကွယ်သည် ။ ကောင်းလေစွ ။
“ ဒီမှာ မဲလုံး ၊ နင် သိပ် အသံ ကျယ် မနေနဲ့ ၊ နင့် လက္ခဏာ မှာ ယောက်ျား ရမယ် ။ ဒီ မှာ မြင်လား ။ အကြောင်းကြီး ကို ထင်းလို့ ။ ကလေး က အင်း ... ကလေး က ဆယ်ယောက် ”
“ ဘုရား ... ဘုရား ”
“ ဒါတောင် အမြွာပူး ပါ နိုင်တယ် ။ ဒီမှာ မြင်လား နှစ်ချောင်း ပူး နေတာ ။ အားလုံး ဆယ့်နှစ်ယောက် တောင် ဖြစ် နိုင်တယ် ။ ဟယ် ... ဘဲလေး လာ ကြည့်စမ်း ၊ ဒီနား မှာ ကြယ် လေးနော် ၊ ကလေးတွေ အားလုံး အဖတ်တင်မယ် တဲ့ ”
“ သေဟ ”
မဲလုံး ခေါ် စုစုထွေး ခမျာ နဖူး ကို လက်ဝါး နှင့် ရိုက် မိ တော့သည် ။
“ အမယ် ရှိသေးသဟ ၊ နင့် မှာ အငယ် ထား မယ့် လက္ခဏာ ပါတယ် ”
“ တယ်လေ... ဂန်းနာမတွေ ၊ မကောင်းဆိုးဝါးတွေ ။ ဒီမှာ ဖြင့် ရည်းစား တစ်ယောက် တောင် စစ်စစ်ပေါက်ပေါက် စစ်ဆေး နေ ရတဲ့ ကြားထဲ ။ ခုဆို ကြည့်စမ်း ဆေးကျောင်း ရောက် တာ ငါးနှစ် ရှိပြီ ။ ရည်းစား မရှိသေးဘူး ၊ ဂုဏ်ယူ စရာ မကောင်းဘူးလား ”
“ မကောင်းပါဘူး ၊ အဲဒါ နင် ညံ့လို့ ။ ဒီလောက် ကျောင်းသားတွေ နဲ့ နီးစပ်တာများ ”
“ အို ... ငါ မှ မကြိုက်တာ ”
စုစုထွေး အော် လိုက်သော အသံ က ကျယ်သွား သည် မို့ ခင်ခင်နွဲ့ က စုစုထွေး ပါးစပ် ကို ကမန်းကတန်း လှမ်း ပိတ်သည် ။
“ ချစ်သူ ရှိတယ် ဆိုတာ ကဲ့ရဲ့စရာ မဟုတ်ဘူး ၊ ဂုဏ်ယူ စရာလည်း မဟုတ်ဘူး ။ ကိုယ် က ချစ်တဲ့သူ ၊ ကိုယ့် ကို ချစ်တဲ့ သူ တွေ့ရင် တိုင်းရက်တဲ့ ပက္ကလာ မိုးရွာသည် နှင့် အခန့်သင့် ဆိုသလို မေတ္တာရောင်ခြည် တွေ တလက်လက် ဝင်းဖြာ ပြီး ရင်ထဲ မှာ ... ”
“ အို .. တော်စမ်းပါအေ ၊ သွားတော့ ၊ နင် တို့ ရှင်မအောင်ဖြူ လည်း သိမ်းတော့ ။ ဟော ကျူတာ နောက်တစ် ခေါက် ပြန်လာပြီး တွေ့ သွားရင် ဆူ နေဦးမယ် ။ ငါ နောက်ဆုံး ပြောလိုက်ဦးမယ် ။ ငါ ကတော့ ခုထိ “ လာ မစမ်းနဲ့ ” အထဲ ကပဲ ။ နင်တို့ ဖတ်ပါကော ၊ ဟို ကဗျာ ဟာ လေ ၊ မင်းနေပြည်တော် ၊ လှေလှော်၍ အမှုထမ်း ၊ ဗြဲတရော်သူ လာ မစမ်း နဲ့ ၊ မောင် ဂွပ်ဂွပ်ဂွမ်း တဲ့ ၊ ဒီလိုပဲ ဆေးတက္ကသိုလ်ကျောင်းတော် ၊ စာသင်ဖော် ရွှင်လန်း ၊ ဆေးကျောင်းသူ လာမစမ်း နဲ့ မောင် ဂွပ်ဂွပ်ဂွမ်း လို့ လေ ဟား ဟား ”
“ ကြည့်သေးတာပေါ့ ၊ ကဲ ... ရှင်မအောင်ဖြူ ရေ ဂွတ်နိုက် ။ ခုည ဝင်းစုစံ ၊ စုစုထွေး တို့ နဲ့ အိပ်ပါနော် ရှင်မ ။ အင်း ... အောက်ထပ် က အခန်း ပြန် ရ မှာ ဝေး လှပါလား ။ ကဲ ရွှေမန်းသဘင် က ဆိုင်းဆရာလေး ရေ ၊ ရည်းစား လိုချင်တယ် ဆို တဲ့ ဆိုင်းကလေး နဲ့ အောက်ထပ် ကို ပို့တော် မူစမ်း ”
••••• ••••• ••••• •••••
“ စုစုထွေး ဧည့်သည် ရောက် နေတယ် ”
“ ဟော ... ဧည့်သည် တဲ့ ဟေ့ ။ ဦးလေး မပြော နဲ့ ဘယ်သူ ဆိုတာ ကျွန်မ တို့ သိတယ် ။ ဘယ်သူ ဘယ်အရပ် မှာ ရောက်နေတယ် ဆို တာ ကွန်ပျူတာစက် နဲ့ တွက် ကြည့်စမ်း ။ ကဲ .. ဘဲလေး ရေ ခလုတ်တွေ ဖွင့်စမ်း ၊ ချောက်ဂျက် ၊ ချောက် ဂျက် ”
အခန်း ထဲ တွင် ရောက် နှင့် နေသော မသန်းဝင်း က ဝင်းစုစံ နှင့် အတူ အတွင်း ရှိ မီးခလုတ်တွေ ကို ပါးစပ် မှ အသံ ပြု ကာ ဖွင့် လိုက်သည် ။ ဝင်းစုစံ က သံခုတင် ပေါ် မှ အဖု လေးများကို လျှောက် နှိပ်နေသည် ။
“ ဟော ... ကွန်ပျူတာစက် မှာ ပေါ်လာပြီ ။ တင့်ဝေ တဲ့တဲ့ ။ အာအိုင်တီ က ။ ဒီ အခန်း ကနေ ခြေလှမ်း ရှစ်ဆယ် အကွာ ကုလားထိုင် ပေါ် မှာ ထိုင် နေတယ် ဆိုပဲ ”
“ ညည်းတို့ က လည်း တစ်မှောင့် ။ ငါ က မဆင်းချင်ရတဲ့ အထဲ ”
“ လွယ်ပါတယ် အေ ၊ စကား ပြောရင်း စိတ် မထင်ရင် သိင်္ဂီရွှေစင် ၊ စောကလျာ ကာတွန်းစာအုပ် ထဲ က လို တေဇာ ရောင်ခြည်သေနတ် နဲ့ ပစ်လိုက် ”
စုစုထွေး က တော့ မရယ်နိုင်ဘဲ တစ်စုံတစ်ခု ကို ရှာဖွေနေသည် ။
“ ဪ ... မဆင်းလို့ မဖြစ်ဘူး ၊ မနေ့က နေ မကောင်း ဘူးလို့ ပြောတယ် ။ ဒီနေ့ ဆေး ပေးရမှာ ”
“ အချစ်ဆေးလေး တိုက်ကျွေး လိုက်ပေါ့ကွာ ”
စုစုထွေး ဆင်း လာသည် ကို တွေ့သည် နှင့် တင့်ဝေ မျက်နှာ မှာ ဝမ်းသာအားတက် သွားသည့် ပုံ ။ အမှန်စင်စစ် တင့်ဝေ သည် စုစုထွေး ၏ မေတ္တာ ကို တောင်းခံပြီး ခဲ့ပြီ ။
“ ကိုတင့်ဝေ နေ မကောင်းဘူး ဆို လို့ ”
တင့်ဝေ က စုစုထွေး ကမ်း ပေးသော အထုပ် ထဲ မှ ဆေး လုံးတွေ ကို ယူ ကြည့်သည် ။ ဆေးလုံးတွေ က ချိုချဉ်လုံး နီးပါး ကြီးသည် ။ အရောင် က နီညိုရောင်မှိုင်းမှိုင်း ။ ပြီးတော့ မာ လွန်းလှသည် ။
“ ဒါ ဘာဆေးလဲ ဟင် ၊ ကျွန်တော် တစ်ခါမှ မတွေ့ ဖူးဘူး ”
“ ဒါ နောက်ဆုံးပေါ် ဆေး လေ ၊ သိပ် ရှားတာ ၊ အမေရိကန် က လာတာ ။ စား ကြည့်ဦး ”
တင့်ဝေ က ကိုက်စား ကြည့်သည် မရ ။
“ သိပ် မာတာပဲ ၊ မျို ချ ရမှာလား ၊ အနံ့ က တော့ မွှေးသလိုလို ရှိသား ”
တင့်ဝေ က ပါးစပ် တွင် ငုံ ထားသည် ကို ကြည့်ရင်း စုစုထွေး ရယ်ချင် လာသည် ။
“ မွှေးတာ က တော့ ကျွန်မ က ပေါင်ဒါတွေ ဘာတွေ ဖြန်း ထားလို့ပါ ။ အဲဒါတွေက ကျွန်မ တို့ ခွဲရတဲ့ လူသေတွေ ရဲ့ မျက်လုံး ”
“ လူသေတွေ ရဲ့ မျက်လုံး ထဲက “ လင့် ” လို့ ခေါ်တဲ့ မှန်ဘီလူး လေ ၊ ဒါကြောင့် ဒီလောက် မာ နေတာ ”
“ အမလေး ထွီ ဝေါ့ ”
မှတ်ကရော့ ။ ဆေးကျောင်းသူ လာ မစမ်းနဲ့ ၊ မောင် ဂွပ်ဂွပ်ဂွမ် ရေ့ ။ စုစုထွေး ကား ရည်းစား မရှိပေမဲ့ ခေသူ မဟုတ် ။ သူ့နည်း သူ့ဟန် နဲ့တော့ အလာ သား ။ တစ်ခါက တစ်ယောက် တည်း အဆောင် ကို ပြန် အလာ လူနောက် တစ်ယောက် က လိုက်၍ စကား ပြောသည် ။
ညီမလေး ဘယ်သူလဲ ၊ ဘယ်ဝါလဲ ၊ ခင်ပါရစေ ၊ ဘာ ညာ ပေါ့လေ ။
စုစုထွေး က ရဲဆေး တင် ကာ ထို သတ္တဝါ ဖိတ်ခေါ် သည့် အတိုင်း မုန့်ဆိုင် တွင် ထိုင်ကာ သုံးကျပ်ဖိုး စား ပစ် လိုက်သည် ။ နောက် သူငယ်ချင်း ရှိရာ ဗာစီတီဟောက်စ် ထဲ ဝင်ကာ ဒါ ကျွန်မ အဆောင် ပဲ ဟု နံပါတ်တွေ ဘာတွေ ပေး ခဲ့ သေးသည် ။
ရှာပေဦးတော့ ရေမြေဆုံး သည် အထိ ။
နောက် တစ်ယောက် ရှိသေးသည် ။ ဘမြင့်ထွတ် ။ အစ က တော့ ဘမြင့် ပါ ။ နောက် မှ ဘမြင့်ထွတ် ဖြစ်လာ သည် ။ သူ က ဆေးကျောင်းသား ။
စုစုထွေး ထက် တစ်တန်း ကြီး သည် ။ စုစုထွေး ကို လည်း သဲသဲမဲမဲ လိုက်သည် ။ စုစုထွေး ကို ချစ်သည် ပေါ့ ။ သို့ပေမဲ့ သူ့ ကို ကြည့်မရ ။ စုစုထွေး တို့ တစ်အုပ်လုံး က သဘော မတွေ့ ။
ဆရာဝန် ဖြစ် ဖို့ လက် တစ်လုံး လောက် သာ လိုပါ လျက် ပုံစံ က ထောင့် မကျိုး ။ လမ်းသရဲ ပုံစံ ဂျစ်ကန်ကန် ။ ပုံစံ နှင့် လိုက်လျောညီစွာ လည်း မိုက်သည် ။
အပေါင်းအသင်း တစ်ဖွဲ့ နှင့် ကျောင်းတော် မှာ ရုတ် ရုတ်သဲသဲ နေတတ်သည် ။ ကျောင်းသားတွေ နှင့် ခဏခဏ ရန် ဖြစ်သည် ။ ကျောင်းပြေးလွန်း ၊ ဆူပူလွန်း ၍ မော်ကွန်းထိန်း ထံ ခဏခဏ ရောက်သည် ။
သည်လို လူမျိုး ကို မကြိုက်သည် မှာ မဆန်း ။
ဘမြင့်ထွတ် က ဆိုသည်လေ .. အနုနည်း နဲ့ မရရင် ဆရာဝန် ဖြစ်ပြီးတာ နဲ့ ကား တင်မယ် တဲ့ ။
ဒါပေမဲ့ စုစုထွေး မကြောက် လေ ။ ကြည့် ... ။
နေ့ခင်း စုစုထွေး ထိုင် နေပြီလား ဆို လျှင် အနား ကို ရောက် လာ၏ ။ ဘေး မှာ ထိုင် ကာ မေတ္တာ စကားတွေ ကို ခပ်တည်တည် ပြောသည် ။ စုစုထွေး ဘေး က ဝင်းစုစံ ကို ရှိသည် ဟု ပင် မထင် ။
“ ကဲ ရှင် ပြောစရာ ကုန်ပြီလား ”
“ ဘယ် ကုန်ဦးမလဲ ထွေး ရယ် ၊ ကိုယ် ပြောချင်တာ ရင် ထဲ မှာ အပြည့်ပဲ ။ ထွေး ကို ချစ်ရလွန်း တဲ့ မေတ္တာတွေ က ရင် ထဲ မှာ ပြည့်သိပ်ပြီး .... ”
“ ဟား ဟား ဟား ”
သူ့ စကား မဆုံးခင် စုစုထွေး ရယ် လိုက်သဖြင့် သူ့ စကား ရပ် သွားသည် ။ စုစုထွေး က ထိုင်ရာ မှ ထ သည် ။ သူ က ပါ လိုက် ထ ကာ သူမ ကို ကာဆီးဟန် ပြုသည် ။
“ ကိုယ် ပြောတာလေး မှ နား မထောင်ချင်တော့ဘူး လား ကွယ် ”
“ ကောင်းပါတယ် ၊ ကောင်းပါတယ် ။ ရှင့် လေယူ လေသိမ်း က မဆိုးပါဘူး ။ ဒါပေမဲ့ ကျွန်မ မှာ အရေးတကြီး သွားစရာ ရှိသေးတယ် ရှင့် ”
“ ဘယ်ကိုလဲ ဟင် ”
“ အိမ်သာ ရှင့် ”
ဘမြင့်ထွတ် လှည့် ပြေးလေသည် ။ အာဂ စုစုထွေး တဲ့ နော် ။
••••• ••••• ••••• •••••
“ ဖြစ်နိုင်မယ် ဆိုရင် ကိုယ့် မျက်ရည်တွေ ကို ပုလဲလုံး လေးတွေ လို စီပြီး အချစ် လည်ပင်း မှာ ဆွဲ ပေး ချင်ပါရဲ့ကွယ် တဲ့ ။ ကြိတ်လိုက်ဟ ဘမြင့်ထွတ် ရေ ။ အပြင် မှာ လေကလေး က သဲ သဲ ကလေး တိုက် နေတယ် ။ ကိုယ့် အသည်း လည်း ယဲ့ယဲ့လေး ပဲ ကျန် ပါတော့တယ် အသက် ရယ် ။ ထွေး ရယ် ။ ကိုယ် လေ မစားနိုင် ၊ မအိပ်နိုင် ဖြစ် နေပါတယ် ကွယ် ။ ဟာ့ ဟာ ဟား ”
ဝင်းစုစံ ၏ ကျယ်လောင်သော အသံ က တစ်ခန်းလုံး လွှမ်း သတည်း ။ ဘမြင့်ထွတ် ၏ စာ ကို တစ်ဖွဲ့လုံး ဖတ်နေ ကြ ခြင်းပင် ။ စာ က လျှောက်လွှာ စာရွက် ခြောက်မျက်နှာ ရှိ သည် ။ ဘယ် နှစ်ရက် အချိန်ယူ ရေး ထားရသည် မသိ ။ သနားပါဘိ ဘမြင့်ထွတ် ရယ် ။
“ မစားနိုင် ၊ မအိပ်နိုင်တဲ့ ။ ကဲ တယ်လီဗေးရှင်း နဲ့ ကြည့်။ရအောင် ”
အလိုက် သိသော ကြည်ကြည်မြင့် ၊ မြင့်မြင့်နွယ် နှင့် ဘေဘီ တို့ က အခန်း ထဲ ရှိ မီးခလုတ် ကို ဖွင့်ကာ သေတ္တာအဖုံးတွေ ကို ဂျောက်ဂျက် ဂျောက်ဂျက် မြည်အောင် လုပ် ကြသည် ။ မြင့်မြင့်ခိုင် က တံခါးမကြီး ကို ဖွင့်ချည် ပိတ်ချည် လုပ် လိုက်သည် ။ ထို့ကြောင့် တံခါး ပတ္တာ သံ က တကျွီကျွီ ။
“ ကျွီ ကျွီ ကျွီ ”
“ ဟော ... အံဖုံး တံခါး ပွင့်လာပြီ ။ တယ်လီဗေးရှင်း မှာ ပေါ် လာပြီ ။ အမယ် ဒံပေါက်ထမင်း တို့ ၊ ခရေခေါက်ဆွဲ တို့ ဝ အောင် စားပြီး အိပ် နေတဲ့ ပုံ ပါလားဟေ့ ”
သူငယ်ချင်းတွေ က တခိခိ ရယ်သော်လည်း စုစုထွေး က ဣန္ဒြေ ရရ ပြုံး နေသည် ။ နောက် သူတို့ တစ်စု ကုန်း ကုန်း ၊ ကုန်းကုန်း နှင့် လျှောက်လွှာစာရွက် မှာ ရေးကြသည် ။ ရယ်လိုက် ၊ တွတ်ထိုးလိုက် ၊ ရေးလိုက် ။ အတော်ကြီး ကြာ မှ စုစုထွေး ကို ကမ်းပေးသည် ။ စုစုထွေး က ဖတ် ကြည့်သည် ။ ရေး ထားသော စာ ကား ဤသို့ ...
ဤ စာ သည် အဖွဲ့အနွဲ့ ကောင်း သလို အရေးအသား ထိမိ လှပေသည် ။ ဤ စာ အတွက် စာ ရေးသူ သည် များစွာ အိပ်ရေး ပျက်ခဲ့သည် ဟု ဆိုသည် ။ စာရေးသူ ၏ ပိန်ခြောက် ညှိုးရော် သော မျက်နှာ ကြောင့် မှန်ကြောင်း ထောက်ခံအပ်ပါသည် ။
- ဂျာနယ်ကျော် ကြည်ကြည်မြင့်
ဤ ပေဖူးလွှာ သည် ပျင်းရိဖွယ် ဟု ထင်ရသော် လည်း အမှန်စင်စစ် အဖိုး ထိုက်သည် ။ စက္ကူ ရှားသော ကာလ အိမ်သာ မှာ သုံး နိုင်လေသည် ။
- မြင့်မြင့်ခိုင် ( ရုပ်ရှင်မင်းသမီး မဟုတ် )
ဤ ပေဖူးလွှာ ကို အမျိုးသားစာပေ ဆု ပေးသင့်ပါ သည် ။ သို့မှာသာ ဤ စာပေမျိုး ရေးသား ထုတ်ဝံ့သော သူ များ ရှိပေလိမ့်မည် ။
- အကယ်ဒမီမြင့်မြင့်နွယ်
ပြည်သူတို့ ကြိုဆိုအပ်သော စာပေကောင်း ဖြစ်သည် ။ သုတေသနပညာရှင် တို့ အတုယူ အပ်သည် ဟု ကျွန်မ ဆိုပါ ရ စေလား ။
- မယ်စကြာဝဠာ မသန်းဝင်း
ဖတ်ပြီး သူ တိုင်း အကြိုက် တွေ့စေရမည် ။
- ကောလိပ်ဂျင် ဘေဘီ
နာမည်ကြီး စာရေးသူ မို့ ဂရုတစိုက် ဖတ်မိသည် ။ ကျော် သလောက် ကောင်း ၊ ကောင်း သလောက် ကျော် ပါပေ သည် ။ တိုင်းပြည် ၏ လမ်းသရဲစနစ် ကို အထောက်အကူ ပြုသော စာပေ ဖြစ်သဖြင့် ကျေနပ်မိသည် ၊ အားရမိသည် ။ စာပေဗိမာန်ဆု နှင့် ထိုက်တန်သော စာပေ တည်း ။
- ဝင်းစုစံ ( ကဗျာဆရာမ )
“ ကဲ မဲလုံး နင် ရေးဖို့ ပဲ ကျန် တော့တယ် ။ အားလုံး ရေး ပြီး ရင် ကပ်မယ် ”
“ ကပ်မယ် ဘယ်မှာလဲ ”
“ တစ်နေရာရာ ပေါ့ ၊ နင့် နာမည်တွေ အကုန် ဖျက်ပြီး ဒီ မှတ်ချက် နဲ့ ပါ အတူတူ ကပ်မယ် ”
“ ဟယ် မဟုတ်တာ ၊ သူတို့ က သိပ် မိုက်တာနော် ။ ဓား နဲ့ လာ ထိုး လိမ့်မယ် ။ ငါ က ကာယကံရှင် ဆိုတော့ မကောင်းဘူး ဟ ”
“ အိုး .. ကိစ္စမရှိဘူး ၊ အနား ကပ်လာ ရင် စောကလျာ ကာတွန်းစာအုပ် ထဲ က လို တိုင်းဗုံးမိတ်ကပ်ဘူး ၊ ယမ်း တောင့်နှုတ်ခမ်းနီဘူး နဲ့ ပစ် လိုက်မယ် ။ လုပ်ပါအေ ၊ ညည်း ကို ပေးတဲ့ စာမှန်း လူတိုင်း မသိပါဘူး ”
အများ နှင့် တစ်ယောက် မို့ စုစုထွေး ခမျာ မတတ်သာ တော့ ။
“ ယုဝတီကလောင်ရှင် စုစုထွေး လို့ ထည့် ”
“ အို ... ဟုတ်လည်း ဟုတ်ဘဲ နဲ့ ”
“ ဘာဖြစ်လဲ ၊ ယုဝတီဂျာနယ် က အစ်မကြီးတွေ မသိ ပါဘူး ။ အန်တီဒေါ်ခင်ခင်လေး ရေ ကန်တော့နော် ”
စာပေ သမိုင်း ၊ စာပေ လှုပ်ရှားမှု ၊ စာပေ သဘော တရား ၊ စာပေ အတတ်ပညာ ၊ မြန်မာစာပေ ၊ တိုင်းရင်းသားစာပေ ၊ နိုင်ငံတကာစာပေ တို့ဖြင့် ဝေဆာသော ၊ တော်လှန်သော ၊ ဘဝဂ်ညံသော ၊ လှိုင်းတံပိုး ထန်လောက်သော စာကောင်းပေကောင်း တည်း ။
- ယုဝတီကလောင်ရှင် စုစုထွေး
ထို မှတ်ချက်များ နှင့် တကွ ဘမြင့်ထွတ် ၏ စာလွှာ သည် Notice Board ပေါ် ရောက် သတည်း ။ ဖတ်ပြီး သူ တို့ တခိခိ ၊ တဟားဟား ဖြစ်ချိန် တွင် ဘမြင့်ထွတ် ၏ မည်း သော အသား သည် နီ လာ၍ နီ ရာ မှ ပြာ သတည်း ။ သို့ နှင့် ...
“ ခင်ဗျားတို့ ဘာ လူပါး ဝ တာလဲဟင် ၊ ဘာ လုပ်တာလဲ ”
“ ဘာ လုပ်ရမလဲ ရှင် ကော ကျွန်မတို့ ကို ပဲကြီးလှော် နဲ့ ခဏခဏ ပေါက်တာပဲ လေ ”
“ အရင်အပတ် တုန်း က ကော ကျွန်မ တို့ နဲ့ ထွေး ပလက်ဖောင်း မှာ လျှောက် လာတာ ရှင် အတင်း ဝင် တိုး လို့ ကျွန်မ မြောင်းထဲ ခြေချော် ကျ တာကော ”
“ ကျွန်မ မိုးရေ ထဲ မှာ ချော်လဲ တုန်း က ရှင်တို့ တစ် သိုက် အော် ရယ်ပြီး ကဗျာတွေ စပ် သေးတယ် မဟုတ်လား ၊ ကဲလေ ပြောပါဦး ”
“ ရှင်တို့ ကျွန်မ ကို မီးယပ်ပိန်မီးယပ်ခြောက် လို့ လူ ရှေ့ မှာ ခေါ်တာ ကော ”
သို့နှင့် အရေးတော်ပုံ တွင် စုစုထွေး တို့ နိုင်လေသည် ။ ဘမြင့်ထွတ် တို့ ကလည်း ဘယ် အညံ့ ခံလိမ့်မလဲ ။ ညနေ အဆောင်နား က လမ်းမ တွင် စုစုထွေး တို့ နာမည် ကို တပ် ကာ အော် လေတော့သည် ။ သီချင်းပေါင်းစုံ ဆို တော့သည် ။ ဘေဘီ တို့ ၊ မြင့်မြင့်ခိုင် တို့ ပါ မကျန် ။
မကြာခင် မှာ ပင် ဘမြင့်ထွတ် တို့ တစ်အုပ် မော်ကွန်းထိန်း တို့ ရှေ့ ရောက်လေ သည် ။ သည်တစ်ခါ တော့ ဘမြင့်ထွတ် က သိမ်သိမ်မွေ့မွေ့ ။
“ ကျွန်တော့် သူငယ်ချင်းတွေ ကိုယ်စား ကျွန်တော် တောင်းပန်ပါတယ် ။ ကျွန်တော် အရက် သောက်ပြီး စိတ် လေလွင့် နေတာ ကို သူငယ်ချင်းတွေ က မခံနိုင် ဖြစ်ပြီး သွား အော် ကြတာပါ ။ ကျွန်တော် ခိုင်း လို့ မဟုတ်ပါဘူး ။ နောက် ဒါမျိုး မဖြစ်စေရပါဘူး ”
ထို့ကြောင့်လည်း သူ့ ထံ မှ မေတ္တာစာ တွေ ထပ် လာ သော အခါ စုစုထွေး တုံ့ပြန် မနေတော့ ။ မသိသလို နေလိုက် တော့သည် ။ သို့ပါသော်လည်း ဘေဘီ တို့ ၊ မသန်းဝင်း တို့ က မခံနိုင် ။ သူတို့ ကို ပိန်တာမ ၊ အမဲခြောက် ၊ ဂြိုဟ်ကောင်မ ဟု အခေါ် ခံ ရသည်ကို မမေ့ ။
“ ကြည့်လေ ။ ထွေး သူငယ်ချင်း တွေ ကြောင့် ကိုယ့် အပေါ် ဒီလောက် ရက်စက်နေတယ် ဆိုတာ သိပါတယ် တဲ့ ။ တို့ က ပဲ ကားဆီး နေ သလိုလို ။ နင် မခံ နဲ့ မဲလုံး ။ နင် က ပဲ ကြိုက် သလိုလို ရေး ထား သေးတယ် ။ ဒီကောင် အမှတ် မရှိ ဘူး ။ သွား ပြောစမ်း ၊ ဒီကောင့် ကို ခြေ အောက် က သဲ တစ်မှုန် လောက် တောင် အရေး မစိုက်ဘူး လို့ ”
“ နေပါစေ ၊ ပြဿနာ ရှုပ်တယ် ”
“ ရှုပ် ရင်နေ ၊ တို့ သွား ပြန်ပေးမယ် ”
ဘေဘီ ၊ ဝင်းစုစံ နှင့် မသန်းဝင်း တို့ သည် စာရွက် အစုတ်အပြဲ အပိုင်းအစ များ ဖြင့် ချီတက် လေသည် ။ ဘမြင့်ထွတ် ရှေ့ သို့ စာရွက်စုတ် တွေ စုပုံ ပေး လိုက်သည် ။
“ ရော့ ရှင့် စာတွေ ၊ စုစုထွေး က ပေး လိုက်တာ ။ ကျွန်မ တို့ နဲ့ ဘာမှ မဆိုင်ဘူး ။ ရှင့် လို အကောင် ကို သူ က ကြိုက် မယ်များ ထင်တာ အံ့ပါရဲ့ ”
စာရွက်စုတ် တို့ ဘေး တစ်ဝိုက် ပြန့်ကြဲ လေသည် ။ ထိုစဉ်က မုန့်စား ဆင်းချိန် ၊ လူတွေ က လည်း များ လွန်းလှ ချိန် ၊ ဘမြင့်ထွတ် ၏ အရှက် မြင်းမိုရ်တောင် လောက် ကြီး သတည်း ။ ထိုနေ့ မှ စ၍ ဘမြင့်ထွတ် သည် ငြိမ်ချက်သား ကောင်း သွားတော့သည် ။ လက်လျှော့ သွားသည်လား ၊ ရှက်ရှက် နှင့် ဒေါသ ကြီးစွာ ဆင်ကြံ ကြံ နေသည်လား တော့ မသိ ၊ မသိ ။
••••• ••••• ••••• •••••
မိရွှေကဲ တို့ တစ်သိုက် ဆေးတက္ကသိုလ် နောက်ဆုံးနှစ် အပိုင်း ( က ) သို့ ရောက်သည့် နှစ် မှာ ပင် စုစုထွေး ချစ်သူ ရ လေ သည် ။ ထို သူ ကား ဘမြင့်ထွတ် ။ ထို သတင်း သည် တိုင်းရေး ပြည်ရေး ထက် ပို၍ နာမည် ကျော် ကာ အုံးအုံးကြွက်ကြွက် ဖြစ် သတည်း ။
“ အပျိုကြီး လုပ်မယ် ဆို ၊ ကလေး မွေး ရတာ ကြောက်တယ် ဆို ”
“ ယောက်ျား ဆိုသည် ၊ လှေ နဲ့ မြင်း ပမာ မယွင်းဘဲ တူညီ ဆို ”
“ ဆေးကျောင်းသူ လာမစမ်းနဲ့ ဆို ”
စုစုထွေး သည် ထုံးစံ အတိုင်း ခပ်ထည်ထည် ပြုံး သတည်း ။ နောက် ညင်သာသော အသံ ဖြင့် မိန့်တော် မူလေ၏ ။
“ ငါ့ ကို အပြစ် မဆိုကြနဲ့ ၊ အမှန်တော့ မင်း တို့ ကြောင့် ကွ ။ မင်း တို့ က မညှာမတာ သူ့ ကို အရှက် ကွဲအောင် အတင်း လုပ်ကြံ တော့ ငါ လည်း သနား ပြီး ။ သူ က ကွာ ပုံစံ က သာ မုန်းဖို့ ကောင်းတာ ၊ သူ့ မှာ ချစ်စရာ စိတ်ကောင်းလေး တော့ ရှိတယ် ။ ဘာလဲ ဆိုတော့ ... ”
“ တော်တော် စာရေးဆရာမကြီး ရယ် ၊ ဒီ ည ရှင်မအောင်ဖြူ ခေါ်စို့ ”
ဆေးကျောင်းသူ တို့ ရယ်သံ အခန်း ထဲ တွင် လွှမ်းသတည်း ။
◾မ ( ဟင်္သာတ )
📖 အောင်မြင်ရေး မဂ္ဂဇင်း
၁၉၇၁ ၊ သြဂုတ်လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment