Monday, October 24, 2022

ကျွန်တော် ဖောင်းသမား


 

❝ ကျွန်တော် ဖောင်းသမား ❞

ကျွန်တော့် အမည် မောင်ဉာဏ်ထွန်း ပါ ။ အသက် က တစ်ဆယ့် ခြောက်နှစ် ရှိပါပြီ ၊ ဟုတ်ကဲ့ ကျောင်း နေပါတယ် ။ မြိတ်မြို့ ကြောင်ငယ် ရပ်ကွက် က အထက ( ၂ ) ဒသမတန်း မှာ ပညာ သင်ကြား နေပါတယ် ။ တစ်နှစ် မှ စာမေးပွဲ မကျ ဖူးသေးပါဘူး ။ ရည်းစား လား ၊ ဟင့်အင်း ... မရှိသေးပါဘူး ၊ ကျောင်း က မိန်းကလေးတွေ ကို တော့ တစ်ခါတလေ စိတ်ဝင်စား ပါတယ် ။

သူတို့ က လည်း အပျံသားလေးတွေ ခင်ဗျ ။ အခု ပေါ်နေတဲ့ ဒိုင်ယာနာ ပုံ ဆိုလား ဘာ ဆိုလား ၊ အဲဒီ ဆံပင်ပုံကလေးတွေ နဲ့ ရုပ်ရှင် ထဲ က မင်းသမီး ကို ကြည့်မလား ကက်ဆက်ခွေ အဖုံး က အဆိုတော်ပုံ တွေ ကြည့်မလား ၊ ဒီလို ပုံစံ မျိုး ချည်း ဆိုတော့ သူတို့ ဆီ လည်း ကူးစက် လာ တယ် ထင်ပါရဲ့ ။ အင်း ... ရောဂါ .. ရောဂါ ကြောက်စရာ ကူးစက်ရောဂါ ပါ လား ၊ လှတော့ လည်း အလှသားဗျ ။ အောင်မယ်  ... လမ်း သွား ရင်း တစ်ဖက်တည်း ခွဲပြီး သိမ်း ထားတဲ့ ဆံပင် ကို လက်ငါးချောင်း နဲ့သပ် တင်ပြီး ခေါင်းလေး ခါ လိုက်တဲ့ ပုံများ တကယ် မိ တယ် ။ ဒါပေမဲ့ ငြိ လို့ တော့ မဖြစ်ဘူးခင်ဗျ ။ ကျွန်တော် လို ကောင်မျိုး က ရည်းစားစကား သွား ပြောကြည့် “ တော နောက်လယ် မှာ သွား ပြော ” လို့ အပြတ် ဟားပစ် မှာ ။ တော နောက်လယ် ဆိုတာလား ကျွန်တော် တို့ မြိတ် အနောက်မြို့နယ် က ရွာ တစ်ရွာ အမည် ပါ ။ သူတို့ မကြိုက်ဘူး ဆိုရင် ဒီလို အပြတ် လှောင် ပစ်တာ ။

သူတို့ က အနည်းဆုံး ဟွန်ဒါ တတုံးတုံး စီး နိုင်တဲ့ လူမျိုး မှ ကြည် တာ ။ ကျွန်တော် ဟွန်ဒါ မပြော နဲ့ ၊ ဒီနှစ် ဆယ်တန်း အရောက် မှာ ကွန်ပါဘူး အသစ်တောင် ဝယ် မကိုင်နိုင် လို့ ၇ တန်း ကတည်း က ကိုင် လာတဲ့ ဟောင်းနွမ်းပြီး အင်္ဂါ မစုံတော့တဲ့ ဘူး ဟောင်းကလေး ပဲ ပြန် ကိုင်နေရတယ် ။ ဟုတ်တယ် သူများ တွေ ဟွန်ဒါ စီး ပြီး ကျောင်း တက် နိုင်တာ ဟွန်ဒါ ကို အထင် ကြီးတဲ့ မိန်းကလေးတွေ နဲ့ တွဲ နိုင်တာ ကျွန်တော် နဲ့ မဆိုင်ပါဘူး ။ သူတို့ ကြည့် ပြီး စိတ်ကူး ယဉ် လို့ မဖြစ်ဘူးလေ ။ ကျွန်တော် က ဆင်းရဲသား နင်းပြား ပါ ဗျ ။ ရွှံ့ထဲ ဗွက်ထဲ က တက် လာ တဲ့ လူ ၊ ဒီ အရွယ် အထိ ကျောင်း နေနိုင်အောင် အခက်အခဲတွေ တစ်လှေ လောက် ကို ထမ်းပိုး ခဲ့ရတဲ့ လူ ။ လူချင်း မတူပါဘူး ၊ ကျွန်တော် တို့ အစ က တော မှာ နေတာ ခင်ဗျ ။ မြိတ် အရှေ့မြို့နယ် က “ ကုလားတောင် ” ဆိုတဲ့ ရွာကလေး မှာ ။

အဖေ က လယ် လုပ်ပါတယ် ။ အမေ က တော့ ဘာမှ မလုပ်ပါဘူး ။ အဲ ... ကလေး တော့ မွေးတယ် ခင်ဗျ ။

ရိုင်းတယ် မထင်နဲ့နော် ။ ကျွန်တော် က အမှန်အတိုင်း ပြောတာ ၊ ကျွန်တော် တို့ မောင်နှမ အခု လက်ရှိ ၈ ယောက် ရှိတယ် ။ ဒါ သေ သွားလို့  ၊ ပျက်သွားတာ တို့ မပါ သေးဘူး ။ အမေ က တစ်နှစ် တစ်သား  မှန်မှန် မွေး လို့ ရွာ မှာ ရှင်မွေးလွန်း ဘွဲ့ ရ ထားပါတယ် ။ မြို့ မှာ နေတဲ့ ကျွန်တော့် ကြီးမေ (အဖေ ရဲ့ အစ်မကြီး ) က တစ်ခါတလေ ရွာ ကို လာရင် အမေ တစ်ယောက် ကလေးတွေ တစ်ပြုံကြီး နဲ့ ကသီ နေတာ တွေ့ ရင် သူ့ မောင် ကို ...

“ ဟဲ့ မောင်ဘမြိုင် ၊ နင်တို့ ဟာ အားတိုင်း မွေး နေကြတာပဲ ကို ။ ဒီ တစ်ခါ မွေး ရင် သန်းခင် ကို မြို့ မှာ လာ မွေးခိုင်း ။ ဆေးရုံ မှာ သားကြော ဖြတ်လို့ ရတယ် ၊ ငါ လိုက် လုပ်ပေးမယ် ။ နင်တို့ ဟာ တော်ရောပေါ့ ၊ မွေးတိုင်း ကောင်းတာ မဟုတ်ဘူး ” 

လို့ ပြောတတ်တယ် ။

ဒါဆိုရင် ကျွန်တော့် အဖေ က ...

“ ဟာ ...မမ ကလည်း ဗျာ ၊ မဟုတ်တာ ။ ကျွန်တော် တို့ ကို အကုသိုလ် မပေးပါနဲ့ ၊ ဘုရား မကြိုက် နေပါစေ ၊ သားသမီး ဆိုတာ ရတနာပဲ ” 

လို့ ပြန် ပြောလေ့ ရှိတယ် ။

ဒါဆို ကြီးမေ က စိတ်ဆိုးဆိုး နဲ့  ... 

“ အောင်မလေး ဟဲ့ မွေးမွေး .. ရတနာတွေ တဲ့ ။ ငါ ကတော့ “ ရတာ ... နာ ”  လို့ ပဲ မြင်တယ် ။ နင် ရှာ ကျွေးတဲ့ သားသမီး ၊ ကျွန် စုတ်တဲ့ သရက်စေ့ လောက် ပြောင် ရဲ့လား ၊ ဟင်း .. မပြောလိုက်ချင်ဘူး ”

မပြောချင်ဘူး သာ ဆိုတယ် ။ ကြီးမေ က အမေ့ ကို ငယ်နိုင် ပီပီ မကျေ မချမ်းနဲ့ ပါးစပ်သေနတ် ဆက် ပစ် နေသေးတယ် ။ တော်ရုံ နဲ့ မပြီးနိုင်ဘူး ၊ အဖေ က တော့ “ ပြန်မပြော နားမထောင် ”  လုပ်ပြီး ငွေစံပယ် ဆေးပေါ့လိပ် ကို တွင်တွင်ကြီး ဖွာ နေ တော့တယ် ။ ဟုတ်တယ်  ၊ ကျွန်တော် တို့ မိသားစု က များတော့ ရသမျှ အိုးထဲ ချည်း ဝင်ကုန်တယ် ၊ ၀တ်ဖို့ လှဖို့ မစုဆောင်းနိုင် ဘူးပေါ့ ။ လယ် လုပ်တယ် ဆိုပေမဲ့လည်း တာဝန်ကျေ သွင်း ရတာနဲ့ ဘာ နဲ့ ဝမ်းစာ တောင် အနိုင်နိုင် ရယ် ။

ဒါကြောင့် ကျွန်တော် ရှစ်တန်း အောင် တဲ့ နှစ် မှာ ရွာ က လယ်ကလေး ကို ရောင်း ပြီး မြို့ ကို ပြောင်း ခဲ့ကြတယ် ။ 

မြို့ ကို ပြောင်းတဲ့ အကြောင်း ထဲ မှာ ကျွန်တော် ကြောင့် လည်း တစ်ကြောင်း ပါတယ် ခင်ဗျ ။ ကျွန်တော်တို့ ရွာ မှာ အထက်တန်းကျောင်း မရှိဘူးလေ ။ ရွာ မှာ ဆို မူလတန်းကျောင်း ပဲ ရှိတယ် ။ မူလတန်း အောင် တော့ ၁ မိုင် နီးပါး ဝေး တဲ့ အင်္ဂမော်ရွာ အလယ်တန်းကျောင်း ( ယခု တွဲဖက်အခြေခံ ပညာ အဆင့်မြင့်တန်းကျောင်း ဖွင့် ထား ပြီး ) မှာ သွား တက် ရပါတယ် ။

အခု ရှစ်တန်း အောင် တော့ မြို့ကျောင်း ပြောင်း မှ ဖြစ်တော့မယ် မဟုတ် လား ။ အမေ ကတော့ ကျွန်တော့် ကို လယ် ထဲ မှာ ခိုင်းစား ချင်ပြီ ။ လယ် ဆို တာ က လည်း မိဘလက်ငုတ်လက်ရင်း ဖြစ် မို့ ကျွန်တော် နဲ့ စိမ်း မနေပါဘူး ၊ အခုလည်း ကျောင်း အားချိန် တိုင်း လယ် ဆင်း ထွန်တာပဲ ။ ကောက်ရိတ်ချိန် ဆို ကောက် ဆင်း ရိတ်တာပဲ ၊ ကျွဲ ကျောင်း ၊ နွား ကျောင်း ၊ နွားစာစဉ်း ၊ နွားချေးကျုံး ၊ အောက်ခြေသိမ်း ကျွန်တော် ပဲ လုပ် ရတာပဲ ။ ကျွန်တော် က သားအကြီးဆုံး မဟုတ်လား ။

အဖေ ကတော့ ကျွန်တော့် အပေါ် မျှော်လင့်ချက် အတော် ထားတယ် ၊ ကျောင်း ထွက်ပြီး လယ် မလုပ်ရဘူး ။ လုပ်ချင်ရင် ရွာတောင်ပိုင်း က ဘကြီးအောင် သား ကိုထွန်းနိုင် တို့ လို စိုက်ပျိုးရေးကျောင်း က ဆင်းလာ ပြီး မှ လုပ်တဲ့ ။ အဖေ က အရင် ခေတ် က အထက်တန်းပညာလေး လည်း သင် ဖူးတော့ ခေတ် အမြင် ရှိတာပေါ့  ။ တွေ့သမျှ ၊ လက်လှမ်း မီသမျှ ဟိုစာစောင် ဒီစာစောင် တွေ လည်း ဖက်တော့ အမြင် ကျယ်တာပေါ့ ။

ဒါနဲ့ ကျွန်တော် အထက်တန်းပညာ သင်ဖို့ မြို့ ကို ပြောင်းဖို့ စီစဉ်ပါ ရော ။ လယ် ရောင်းတာ ငွေတစ်သောင်း လောက် ရ လိုက်တယ် ။ ကျန်တဲ့ ငွေ ကို အတိုး နဲ့ ဆွဲပြီး မီးသွေးဖောင်း တစ်ခေါင်း ကို တစ်သောင်းကိုးထောင် နဲ့ ဝယ် လိုက်ကြတယ် ။ 

နေတာ က တော့ ကြောင်ငယ်ရပ် ထဲ က ကျွန်တော့် ကြီးမေ အိမ်ဝင်း ထဲ မှာ တဲ ထိုးပြီး နေကြတယ် ၊ ကျွန်တော် ကျောင်း တက် ရမယ့် အထက ( ၂ ) နဲ့ လည်း နီး တော့ အဆင် ပြေတာပေါ့ ။

မီးသွေးဖောင်း လုပ်ငန်း ( မီးသွေး ဖုတ်တဲ့ လုပ်ငန်း ) ဟာ ကျွန်တော် တို့ မိသားစု ရဲ့ မိရိုးဖလာ လုပ်ငန်း မဟုတ်ပါဘူး ။ လယ် ရောင်းပြီး ဖောင်း ဝယ်မယ် ဆို တုန်းက ကျွန်တော် အံ့သြ နေသေးတယ် ။ အဖေ က လည်း သူ့ တွက်ကိန်း နဲ့ သူ ပေါ့ လေ ။ မီးသွေး ဆိုတာ မြိတ်မြို့ ရဲ့ မီးဖိုချောင် ထဲ မှာ မရှိ မဖြစ်တဲ့ ပစ္စည်း မဟုတ်လား ။ မြိတ် မှာ ထင်း နဲ့ ချက်တာ နည်းပါတယ် ။ မီးသွေး ကို ပဲ အသုံး များ တော့ မီးသွေး ရဲ့ အခန်းကဏ္ဍ ဟာ ကျယ်ပြန့် လာပါတယ် ။ တစ်မြို့လုံး သုံး ဖို့ မီးသွေး ထုတ်လုပ်တဲ့ နေရာတွေ က အနှံ့အပြား ရှိပေမဲ့ အဓိက နဲ့ အကြီး အကျယ် ထုတ်လုပ်တဲ့ နေရာ က မြိတ်မြို့ ဘုရားကိုင် အရပ် မှာ ရှိတယ် ။ တောင်စောင်း မှာ မီးခိုး တလူလူ အူ နေတဲ့ မီးသွေးဖောင်းတွေ ကို အဝေး က မြင် နိုင်ပါတယ် ။ ဒီနေရာ မှာ မီးသွေးဖောင်း ၆၄ ခု ရှိပါတယ် ။ မီးသွေး ဖောင်းတွေ နဲ့ ကပ်လျက် ရှိတဲ့ တောင်စောင်း အောက် မှာ စီးခွေ နေ တဲ့ မြစ် လက်တက်ငယ် တစ်ခု ရှိပါတယ် ။ 

ဒီ ချောင်းကလေး က ကျဉ်းမြောင်း ပေမဲ့ ဒီရေ အတက်အကျ လိုက်ပြီး ထင်းလှေ တွေ ဝင် လို့ ရတာမို့ ဖောင်းသမားတွေ အတွက် အားထား စရာ ပေါ့ ၊ ထင်းတင် လှေတွေ ဟာ ချောင်းရိုး အတိုင်း ဝင် လာ ၊ ဒီမှာ တစ်ခါတည်း ဆိုက် တစ်ခါတည်း ဖောင်းထဲ တန်း သွင်း ၊ အချိန် ကုန် လူပန်း လုပ်အားခ များစွာ သက်သာ ပါတယ် ။

မီးသွေး ဖုတ်မယ့် ထင်းလုံးကြီးတွေ ကို ၁၀ ပေ ကျယ် တဲ့ ဖောင်း ထဲ ကို သွင်းတဲ့ အခါ ဒေါင်လိုက် စီ သွင်း ရပါတယ် ။ ပြီးရင် အပြင် က အုတ် စီပြီး အလုံ ပိတ် လိုက် ရတယ် ။ ပြီးတော့မှ မီး ထည့် ပေါက် က မီး မပြတ် ထိုး ပေးရ တယ် ။ မီး ထိုး ရတာ က တော့ ဖောင်း ကြီး ရင် ကြီး သလို ကြာတတ်  တာပါပဲ ။

ကျွန်တော် တို့ ဖောင်း ဆိုရင် ၁၅ ရက် လောက် မီး ထိုး ပေး ရပါတယ် ။ ဒါကြောင့် မီးထိုး ဖို့ အတွက် သီးသန့် လူ ငှား ရပါတယ် ။ မီး ထိုးပြီး အတွင်း မှာ မီးသွေးထင်းခေါင်း တောင်ဆုပ် လောက် ကျန်ပြီ ဆိုရင် မီးထိုးခြင်း အလုပ် ကို ရပ် လိုက်ရပါတယ် ။

ဒါကလည်း အပြင် က အုတ်ရာ ကို ကြည့်ရင် သိပါတယ် ။ လုပ်ငန်း ကျွမ်းကျင်မှု လို့ ဆို ရမှာပေါ့  ။ မီး ထိုး ပြီးရင် ဒုတိယ အဆင့် အနေနဲ့ ရေ ဖျန်းပေး ရပါတယ် ။ ရေ ကို ဖောင်း ရဲ့ ထက်အောက် ဝန်းကျင် အနှံ့ ဖျန်း ပေး ရပါတယ် ၊ ရေ ဖျန်းတယ် ဆိုတာကလည်း အမြင် သာ လွယ်တာ အလုပ် က ပင်ပန်းတာပဲ ။

နောက်ပြီး ဖျန်းတဲ့ ရေ က လည်း ရေငန် မဟုတ်ဘူး ခင်ဗျ ။ ရေချို ဖြစ်ဖို့ လို တယ် ။ ဒါကြောင့် ဖောင်း နား က ရေတွင်း တစ်တွင်း ဟာ မအားရအောင်ဘဲ ၊ ရေ ဖျန်းတဲ့ လူ ကို လည်း တစ်ဖောင်း ကို တစ်ဆယ် နဲ့ အပြတ် ငှား ထားရပါတယ် ။ ရေဖျန်း တဲ့ အခါ ဖောင်း ရဲ့ အပေါ် ကို ရေပုံးကြီး နဲ့ ဆွဲ တင်ပြီး ဖျန်း ရတဲ့ အတွက် ပင်လည်း ပင်ပန်း ၊ ဖောင်း ပေါ် မှာ က ကုန်းကြီး ဖြစ် နေတော့ အသည်း လည်း ယားစရာ ကောင်းပါတယ် ။

ရေ ငါးရက် လောက် ဖျန်း ပြီးတဲ့ အခါ အထဲ မှာ မီး ငြိမ်း သွား တော့တာ ပါပဲ ။ ဒါဆို ဖောင်း ဖွင့်ဖို့ အချိန် ရောက် ပြီပေါ့ ။

ဖောင်း ဖွင့်ပြီဟေ့ ဆိုရင်တော့ အလုပ် များ တော့တာ ပါ ပဲ ။ ဖောင်း ကို ညဘက် ဖွင့်ကြတာ များပါတယ် ။ ည ၁၂ နာရီ ဖွင့် ရင် နံနက် စောစော ၄ နာရီ လောက် မှ လက်စ သိမ်း နိုင်ပါတယ် ။ ဒါကြောင့်လည်း ဖွင့်တဲ့ ည ဆို ရင် အိပ်ရေး လည်း ပျက် ၊ ပျော်စရာ လည်း ကောင်း ပါတယ် ။ 

ဒီနေရာမှာ ဖောင်း ဖွင့်ဖို့ အလုပ်သမား တွေ ငှား ရ ပါသေးတယ် ။ ကိုယ့် မိသားစု လုပ်အား နဲ့ မလုံလောက်ပါဘူး ။ ဖေါင်း ထဲ က ထွက်လာတဲ့ မီးသွေး တွေ ကို ချက်ချင်း အိတ် ထဲ သွတ် ရပါတယ် ။ ကျွန်တော် တို့ ဖောင်း ဆိုရင် အိတ် ၃၀၀ လောက် ထွက် ပါတယ် ။

နံနက် မိုး လင်းရင်တော့ ဖောင်းသည်တွေ ဆီ ပို့ ပေးဖို့ အဆင်သင့် ဖြစ်နေပြီ ။ ငှား ထားတဲ့ ကား ဆီ ကို တစ်အိတ် ဆယ်ပြားနှုန်း နဲ့ ထမ်းထုတ် ခိုင်းပြီး ပို့နေကျ အိမ်တွေ ၊ လက်ဖက်ရည်ဆိုင် နဲ့ အခြား အိမ်တွင်းမှုလုပ်ငန်းတွေ ဆီ ပို့ ပေးရပါတယ် ။ ကျန်တာတွေ ကို ဖောင်း မှာ ပဲ လက်လီ ရောင်း ပါတယ် ။ ဒီနေရာ မှာ မီးသွေး ရောင်း တဲ့ အလုပ် အကြောင်း နည်းနည်း ပြော ချင် သေးတယ် ။ မီးသွေး ကို နံနက် ၊ နေ့လယ် အချိန်တွေ ထက် ညနေပိုင်း ပိုပြီး ရောင်း ရပါတယ် ၊ ဒါကြောင့် ကျွန်တော် ကျောင်း ဆင်းတဲ့ အချိန် နဲ့ မီးသွေး ရောင်း တဲ့ အချိန်ဟာ အံကိုက် ပါပဲ ။ အစ ပထမ တော့ မီးသွေး ရောင်း ရတဲ့ အလုပ် ကို ကျွန်တော် သိပ် မလုပ်ချင်လှဘူး ၊ လူပျိုပေါက်လေး ဖြစ်လာတော့ ဒီလို ပေတူးတူး အလုပ်မျိုး မလုပ်ချင်တာ အမှန်ပဲ ။ တော မှာ လယ် ထွန်ရတာ က တစ်မျိုး လေ ။ တောဓလေ့ စရိုက် အရ သီချင်း တကြော်ကြော် နဲ့ ပျော်စရာ တောင် ကောင်းသေး ။ ဒီမှာ က ဖောင်း က လည်း ခပ် မှောင်မှောင် ၊ မီးသွေးပုံ က မည်းမည်း ၊ လူ က လည်း ခပ်မည်းမည်း ဆိုတော့ .. တွေးတော ကြည့် ပေါ့ဗျာ ။

နောက်ပြီး မီးသွေး လာ ဝယ် တဲ့ ကောင်မလေးတွေ က လည်း ချောချော လေး တွေ ။ မြိတ် မှာ က ကြေးပြားရှင် ( ငွေ ရှိတဲ့ လူ ) တွေ လောက် သာ မီးသွေး အိမ်တိုင်ရာရောက် ဝယ် နိုင်ကြတာ ။ သာမန် လက်လုပ်လက်စားတွေ ကတော့ ခြင်းတွေ ၊ တောင်းတွေ ၊ အိတ်တွေ နဲ့ ကိုယ်တိုင် လာ ဝယ် ကြတာပါပဲ ။ ညနေ ဆို ဒီ  မီးသွေးဖောင်း လမ်းကြား ထဲ မှာ ပွဲတော် ကျ နေတာပါပဲ ။

ကျွန်တော် တို့ တော မှာ ညနေ ဆို ရေခပ် ဆင်းတာ နဲ့ သွား တူ နေပါ တယ် ။ လာ ဝယ်တဲ့ လူ ကလည်း ပျိုပျိုအိုအို အရွယ်စုံ ပါပဲ ။ တချို့ဆို သနပ်ခါး လေး ဘဲကျား ရိုက်လို့ ကျော်ဟိန်း အကြောင်း ၊ မေဝင်းမောင် အကြောင်း ဖောင်ဖောင် ဖောက် လိုက်ကြတာ ဖောင်း ထဲ ရောက်တဲ့ အထိ ပြောတုန်း ။

ကျွန်တော် က လည်း အစ က တော့ ခပ်ရှက်ရှက် ။ လာဝယ်တဲ့ အထဲ မှာ ကျောင်း က ကောင်မလေးတွေ ပါ များ ပါ မလား ၊ ရပ်ကွက် ထဲ မှာ မျက်နှာသိ တွေ နဲ့ တိုး မလား လို့ ထူထူပူပူ ဖြစ် နေ မိသေးတယ် ။ နောက်တော့လည်း အလိုလို အသား ကျ ပြီး ရှက် မနေ အားတော့ပါဘူး ဗျာ ။ ကျွန်တော်တို့ အဖို့ မီးသွေး က ထမင်း ဖြစ် နေတော့ မဟုတ်လား ။ အခု ဆို ရင် တဖြည်းဖြည်း နဲ့ ပျော်တောင် ပျော်လာပြီ ။

“ တို့ အစ်ကို က လည်း ပို ထည့်ပါဦး နော့ ” ဆို ရင် လက် က အလိုလို ပို ပြီးသား ။

“ ငါ့ မောင် .... ဖောင်း က မီးသွေး ကို အစ်ကို တို့ က ဝယ်နေကျ ။ ဟောဒီ ထင်းခေါင်းလေး တော့ ဒီ တစ်ခါ ပို ပေးလိုက်နော် ”  ဆိုရင် ကျွန်တော် က ခေါင်း ညိတ် ပြီးသား ။ အရင် က မီးသွေး ရောင်း ပြီးတာ နဲ့ အနား မှာ ရှိတဲ့ ရေတွင်း မှာ ရေ ပြေး ချိုး ရတာ အမော ။ ပြီးမှ အင်္ကျီ လုံချည် ကျကျနန ဝတ်ပြီး အိမ် ပြန်တယ် ။ အခု ဆိုရင် ရေ ချိုး ဖို့ အာရုံ သိပ် မထားတော့ဘူး ။ ရေတွင်း မှာ လူ များ နေတဲ့ နေ့ ဆိုရင် မီးသွေးမှုန် တွေ ပေ နေတဲ့ ရုပ် နဲ့ ပဲ အိမ် ကို ပြန် လာတော့ တယ် ။

ရယ်ချင် ရယ်လေ ။ ကျွန်တော် က တော့ ခပ်တည်တည် ပဲ ။

မီးသွေးဖောင်း အကြောင်း ပြောမယ် ဆိုရင် မီးသွေးဖောင်း လုပ်သားတွေ ရဲ့ ကဏ္ဍ ကို ချန် ထားလို့ မဖြစ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုရင် မီးသွေးဖောင်း လုပ်ငန်း ဟာ လုပ်သားတွေ ရဲ့ လုပ်အား နဲ့ တည်ဆောက်မွမ်းမံ ထားလို့ပါပဲ ။

တင်း တစ်ချောင်း စ ခုတ်တဲ့ အလုပ် ချိန် က မီးသွေး ဖြစ်ပြီး အသုံးပြုတဲ့ လုပ်သားပြည်သူ လက် ထဲ ရောက်တဲ့ အထိ အလုပ်သမား တွေ ရဲ့ လုပ်အား ဟာ မပြတ် ပါဝင်နေတာ တွေ့ရပါတယ် ။

သူတို့ ရဲ့ လုပ်အား ဟာ အရေး ပါ လှပေမဲ့ သူတို့ ရဲ့ ဘဝ ဟာ မြင့်မား မလာပါဘူး ၊ သူတို့ ၀၀ စားပြီး လှလှ ဝတ်တာ တစ်ခါ မှ မတွေ့ရသေးပါဘူး ၊ သူတို့ ဟာ သူတို့ ထုတ်လုပ် လိုက်တဲ့ မီးသွေး လို ခပ်ပေပေ ခပ်မွဲမွဲ ပဲ ရှိပါသေး တယ် ။ စားဝတ်နေရေး ရဲ့ ထုထောင်း နှိပ်စက်မှု ဒဏ် ကို နေ့ည မပြတ် ကုန်းရုန်း ခံ နေရတယ် ။ ရက်ဆက် ထမင်း စား နိုင်ဖို့ ရန်းကန် နေရာ က လှေ လှော်ရင်း တက် ကျိုး သွား သူတွေ မနည်းပါဘူး ။ အဘ ဦးသာဆိုင် လို လူမျိုးပေါ့ ။

အဘဦးသာဆိုင် ဟာ ကျွန်တော်တို့ မီးသွေးဖောင်း တွေ မှာ အငှား လိုက် တဲ့ ထင်းခုတ်သမားကြီး ပါ ။ မီးသွေးဖောင်း အတွက် ထင်း ခုတ် ပေးခဲ့တာ အနှစ် နှစ်ဆယ် ရှိပါပြီ ၊ မီးသွေးဖောင်း တစ်ခု လောက် ပိုင် ဖို့ မှ မပြော နဲ့ ၊ ခါး က ပုဆိုး တောင် ပြောင်အောင် မဝတ်နိုင်ဘူး ။ ဒါပေမဲ့ “ အဘ စိတ် မညစ်ဘူး လား ” လို့ သွား မေးကြည့် “ ညစ်ပါဘူးကွာ ”  လို့ ဓနိရည်ခါး မူး သံကြီး နဲ့ ဖြေလိမ့်မယ် ၊ ဘယ်လောက်ပဲ ဆင်းရဲ မွဲတေပါစေ ၊ ဦးသာဆိုင် လို လူမျိုးတွေ ဟာ ဖြေ ရာ ဓနိရည်ခါး ရှိ တယ်လေ ။ ပင်ပန်းမှု အစုစု ကို မူးယစ် ရီဝေခြင်း အောက် မှာ မြှုပ်နှံ ပစ် တယ် ထင်ပါရဲ့ ။ ဦးသာဆိုင် က တစ်ကိုယ်တစ်ကာယ သားသမီး မရှိ ၊ မယား မရှိတဲ့ မုဆိုးဖိုကြီး ပါ ။ ဒါကြောင့် ထင်း ခုတ် မသွားတဲ့ အခါမှာ ကြုံရာ စား ပြီး ဖောင်း မှာ အိပ် ပါတယ် ။

ဦးသာဆိုင် အဖို့ ဖောင်းတွေ မှာ အိပ်စရာ နေရာ မရှားပါဘူး ။ အနည်း ဆုံး လူစောင့် တောင် ရသေးရဲ့ မဟုတ်လား ။

အဲ ထင်းခုတ် သွားကြတော့မယ် ဆိုရင်တော့ လှေ ပေါ် မှာ ဆယ်ရက် ဆယ့်ငါးရက် စာ ဆန် နဲ့ ငါးပိ တို့ ကို တင် သွား ရပါတယ် ။ မြိတ်သားတွေ အဖို့ ဆန် နဲ့ ငါးပိ ဟာ အဓိက မို့ မပါ မဖြစ်ဘူး မဟုတ်လား ။ ကျွန်း တွေ ပေါ် ရောက် ရင်တော့ ဟင်းရန် ကိစ္စ မပူရတော့ဘူးလေ ။

ငါး ၊ ပုစွန် ၊ ဂဏန်း တွေ က ကမ်းစပ် မှာ အလျှံပယ် မဟုတ်လား ။ ထင်း ခုတ် တဲ့ ကျွန်းတွေ ဟာ မြိတ်မြို့နဲ့ ဆယ်မိုင် ဆယ့်ငါးမိုင် ပတ်ဝန်းကျင် က ကျွန်းတွေ ပါ ။ အချို့ကျွန်းတွေ မှာ လူ ရှိပြီး အချို့ကျွန်းတွေ မှာ လူ မရှိ တတ်ပါ ဘူး ။ ဘာပဲ ဖြစ်ဖြစ် ထင်း ခုတ်ရတာ ကတော့ ပင်ပန်းတာ ပါပဲ ။

ကျောင်း ပိတ်ရက် နဲ့ ထင်းခုတ်လှေ ထွက် မယ့် ရက် တိုက်ဆိုင် နေရင် ကျွန်တော် လည်း အဖေ နဲ့ အတူ ထင်းခုတ် လိုက် ဖြစ်ပါတယ် ။ အဖေ က ကျွန်တော့် ကို အရာရာ မှာ နှံ့စပ်ကျွမ်းကျင်အောင် လေ့ကျင့် ပေးတဲ့ သဘောပါ ၊ ကျွန်တော် ကိုယ်တိုင် က ဖောင်းပိုင် ဆိုပြီး ထင်းခုတ် မလိုက်နိုင်စရာ မရှိပါဘူး ၊ ဖောင်းပိုင် သာ ဆိုတယ် အလုပ်သမား ခ နဲ့ အတိုး ပေး ရတာနဲ့ ကိုယ့် အတွက် သိပ် မကျန်လှပါဘူး ။ ဒါကြောင့် တစ်ခေါက် ဆို တစ်ခေါက် အလုပ်သမားခ သက်သာ နည်းလား ဆိုပြီး လိုက် နေ ရတာပဲ ။

ဒီလို လိုက် သွားမှ ထင်းခုတ်သမားတွေ ရဲ့ ဘဝ နဲ့ လုပ်အား ကို တန်ဖိုး ထားရ ကောင်း မှန်း ပိုပြီး သိ လာ တတ်ပါတယ် ။ ထင်းခုတ် တဲ့ နေရာမှာ နေပူ မိုးရွာ ရွေး မနေ အားပါဘူး ။ ထင်း တလှေ စာ မြန်မြန် ပြည့်ပြီး ရက်တိုတို နဲ့ ပြန်ဖို့ က အရေး ကြီးပါတယ် ။ ဒါမှလည်း လှေ ပေါ် မှာ ထင်း ငါးရာဖိုး ပါလာ ရင် ထင်းခုတ်သမား ငါးယောက် ဆို တစ်ယောက် တစ်ရာ လောက် စီ မှာ မဟုတ်လား ။

ဒီလို နေပူမိုးရွာ မရှောင် ထင်းခုတ် တဲ့ ဒဏ် ၊ ထင်းချောင်းတွေ ကို သယ် ပိုး တဲ့ ဒဏ်တွေ ဟာ ကျန်းမာရေး ကောင်းသူ နဲ့ ငယ်ရွယ်သူတွေ အဖို့ မထောင်းတာ လှပေမဲ့ အဘဦးသာဆိုင် လို့ အသက်အရွယ် ကြီးရင့်လာတဲ့ သူတွေ အဖို့ ကျန်းမာရေး က စကား ပြော လာပါတယ်  ။

နောက်ပြီး မြိတ် လို မိုး များတဲ့ ဒေသတွေ မှာ ငှက်ဖျား ရောဂါ ဟာ ပေါ်ပင် ရောဂါ တစ်မျိုး ပါ ပဲ ။ ဒီ ရောဂါ က ဦးသာဆိုင် အပါအဝင် ထင်းခုတ် သမား အတော်များများ ကို ဒုက္ခ ပေးတော့ တာ ပါပဲ ။ ထင်းခုတ်သမားတွေ ကို ငှက်ဖျားရောဂါ က နှိပ်စက် တာ ဟုတ်ပါဘူး ၊ ဓားပြတွေ က လည်း ဒုက္ခ ပေး ပါ သေးတယ် ။

ထင်း အပြည့် တင်ပြီး မြို့ကို ပြန်လာ ကြ ပြီ ဆိုရင် မှောင်ခိုလှေတွေ နဲ့ တွက်ခြေ မကိုက် တဲ့ ဓားပြတွေ ဟာ တွေ့ကရာ ထင်းလှေတွေ ကို ဒုက္ခ ပေး တတ် ကြပါတယ် ။ မှောင်ခိုလှေ နဲ့ စာရင် ထင်းခုတ်လှေ ဟာ ဘာမှ တန်ဖိုး မရှိ ပါဘူး ၊ ဒါပေမဲ့ ဓားပြတွေ ဟာ  “ ငါး မရ ရေချိုး ပြန် ”  သဘော နဲ့ ထင်းခုတ်လှေ တွေ ကို တောင် ချမ်းသာ မပေးပါဘူး ။

လှေပေါ် ပါ လာသူတွေ ကို နီးရာကျွန်း တစ်ကျွန်း ပေါ် မောင်း တင်ပြီး လှေ ကို ယူ သွားကြ တော့တာပါပဲ ။ ဒါဆိုရင် လှေပိုင် နှင့် ထင်းခုတ်လာ သူ တွေ ဟာ မထောင်းတာ လှပေမဲ့ လှေ ငှား လာ သူ တွေ အဖို့ တော့ စားစရာ မရှိ တဲ့ အထဲ လျော်စရာ ရှာ ရတဲ့ အဖြစ်ကို ရောက်ပါရော ။ 

အဘဦးသာဆိုင် ဆို ရင် ထင်းခုတ် ရာ က ရ ခဲ့တဲ့ ငှက်ဖျားရောဂါ နဲ့ ပဲ ထင်း ခုတ် မှန်မှန် မလိုက်နိုင်တဲ့ ဘဝ ရောက်ခဲ့ရတယ် ။ အိမ်ရာ အတည်တကျ က လည်း မ ရှိ ၊ ဆေးဝါး သုံးစွဲဖို့ ငွေကြေး ကလည်း မတတ်နိုင် တာ မို့ နောက် ဆုံး မလှမပ နဲ့ ဘဲ ဘဝ နိဂုံး ချုပ် ခဲ့ရတယ် ။

အဘဦးသာဆိုင် ရဲ့ နောက်ဆုံး ခရီး ကို ဘဝတူ ဖောင်း လုပ်သားတွေ က တက်ညီလက်ညီ ပို့ဆောင် ကြပါတယ် ။

ကျွန်တော် တို့ မီးသွေးဖောင်း ကို လုပ် ကတည်း က အခြား သတိပြုမိ သူ တစ်ဦး ရှိပါသေးတယ် ။ သူ ကတော့ ဖောင်းတွေ မှာ ကျပန်း အလုပ် ကို လုပ်တဲ့ အလုပ်သမားကြီး ဒေါ်မြခင် ပါ ပဲ ။

ဒေါ်မြခင် ဟာ ဖောင်း စောင့် ၊ ရေဖျန်း ၊ မီးသွေးအိတ် ရွက် စတဲ့ တောက်တိုမယ်ရ အလုပ် ကြမ်း မှန်သမျှ အကုန် လုပ် ပါတယ် ။

ကလေး ငါးယောက် နဲ့ ဖောင်းနား မှာ ဝါးတဲကလေး ထိုး ပြီး နေပါတယ် ။ ခင်ပွန်းသည် ရှိစဉ် အခါက ရရစားစား နေနိုင်ပေမဲ့ မနှစ်က ဦးငွေအောင် ခမျာ အဘဦးသာဆိုင် လမ်းစဉ် အတိုင်း ငှက်ဖျားရောဂါ နဲ့ ဇာတ် သိမ်း သွားတာ မို့ ဒေါ်မြခင် မှာ ကလေး ငါးယောက် နဲ့ မျက်စိသူငယ် ကျန်ရစ်ခဲ့ ရှာ တယ် ။

သူ့ မှာ ကိုယ်ဝန်ကြီး နဲ့ မို့ လည်း အားလုံး က ကရုဏာ သက် ပြီး အဝတ် အစား က အစ ပေးကြ ကမ်းကြပါရဲ့ ၊ ဒေါ်မြခင် ကိုယ်တိုင် က လည်း စာ က လည်း မတတ် ၊ အသိဉာဏ် က လည်း နုံ့နဲ တာ မို့ အကြီးဆုံး သားကြီး ကျောင်း ထား ချိန် တန် နေပေမဲ့ ကျောင်း ကို ပို့တာ မတွေ့သေးပါဘူး ၊ သူ့ သားကြီး ဟာ ဖောင်း နား က ချောင်း ထဲ မှာပဲ ဖား ရိုက် ငါးရှာ နဲ့ ပဲ အချိန် ကုန် နေပါတယ် ။

ဒီနေရာ မှာ သူတို့ မိသားစု ရဲ့ ကြေကွဲဖွယ် အဖြစ်အပျက်ကလေး ကို ပြောပြ ချင် ပါသေးတယ် ။

ဒေါ်မြခင် ဟာ သူ့ ခင်ပွန်း ကွယ်လွန်ပြီး တဲ့ အခါမှာ ယိုင်နဲ့ နေတဲ့ ဝါးတဲ ကလေး ကို တောင် ပြန် မပြင်နိုင် ရှာတော့ပါဘူး ။ ဖောင်း ထဲ မှာ ပဲ နေရာ ရှာ ပြီး ကလေး ငါးယောက် နဲ့ အိပ် ပါတော့တယ် ။ ကလေး ငါးယောက် ဟာ အ၀တ် ဗလာ နဲ့ ဆော့ သူ ဆော့ ၊ မိခင် အလုပ် လုပ်တဲ့ နောက် လိုက် သူ လိုက် နဲ့ ဖြစ် သလို နေ ကြတာပါပဲ ။

တစ်နေ့ ကျွန်တော် တို့ ဖောင်း ဖွင့်ရက် ဆိုတော့ ဒေါ်မြခင် ထုံးစံ အတိုင်း ညဘက် အိပ်ပျက် တာပေါ့ ။ ကျွန်တော့် အမေ ဆိုရင် ကျွန်တော် နဲ့ အချိန် လဲ ပြီး အိမ်ပြန် အနား ယူ နေပြီ ။ ဒီအချိန် မှာ ဒေါ်မြခင် လည်း သူ အိပ်နေကျ ကွပ်ပျစ် ကလေး မှာ တစ်ရေးတစ်မော အိပ်လို့ ၊ ကိုယ်ဝန် က လည်း ရင့် လာ ပြီမို့ နားချင် ရှာ မှာပေါ့ ။ နို့ညှာ ကောင်လေး ကတော့ သူ့ အမေ အနားမှာ ဆော့ နေလေရဲ့ ၊ အကြီးကောင် က တော့ ခုလောက် ဆို ရွာရိုး ကိုးပေါက် လျှောက် နေရောပေါ့ ။

ကျွန်တော် လည်း အလုပ် က လည်း ပါး ၊ မီးသွေး ဝယ်သူ ကလည်း မရှိ သေး တာ မို့ ပျင်းပျင်းရိရိ နဲ့ ငိုက်မျဉ်း နေတုန်း ရုတ်ရုတ်သဲသဲ ဆူဆူညံသံတွေ ကြား ရ ပါရော ။ ဆူသံအော်သံတွေ ထဲ မှာ ကလေး ၊ ကလေး နဲ့ ကြား တာမို့ ကျွန်တော် လည်း အပြေးအလွှား ရောက် သွားမိတယ် ။ မြင် ရတဲ့ မြင်ကွင်းက ကြေကွဲ စရာပါပဲ ။

စောစော က ကျွန်တော့် မျက်စိ ရှေ့ သူ့ အမေ နား မှာ ဆော့ကစား နေတဲ့ ဒေါ်မြခင် သား နို့ညှာ ကောင်လေး ဟာ ယခု အသက် မဲ့ နေပါလား ။

“ မြခင် အောင့် မထား နဲ့  ၊ ငို ချလိုက် ငို ချလိုက် ”

အနား က အဒေါ်ကြီးတွေ က တိုက်တွန်းပေမဲ့ ဒေါ်မြခင် ဆီ က ငိုသံ ထွက် မလာပါဘူး ။ ခင်ပွန်း ဆုံးစဉ် က မပဋာမြေလူး ဖြစ် ခဲ့တဲ့ ဒေါ်မြခင် ဟာ သား အလှည့်ကျ တော့ ခံနိုင်ရည် ရှိ သွားပြီလား ။ သို့မဟုတ် သည့်ထက် မက ပေါက်ကွဲ ဖို့ အား ယူ နေတာလားတော့ မသိဘူး ။ ငိုသံ ကတော့ ထွက် မလာ တော့ပါဘူး ။ အကျိုးအကြောင်း သိ ရတာကတော့ ..

ပင်ပင်ပန်းပန်းနဲ့ ဒေါ်မြခင် မှေးခနဲ ဖြစ်သွားပြီး နိုး လာချိန်မှာ ပထမဆုံး ချောင်း ထဲ မှာ အဝတ်ထုပ် လိုလို ဘာလိုလို တစ်စုံတစ်ခု မျော လာတာ တွေ့ သတဲ့ ။

ဒါနဲ့ ဘာပါလိမ့် လို့ အိပ်မှုန်စုံမွှား မျက်စိ ကို ပွတ် ကြည့်ဘော့ ကလေး နဲ့ တူ သလိုလို ဖြစ် လာသတဲ့ ၊ ဒီတော့မှ စောစော က အနား မှာ ကစား နေ တဲ့ နို့ညှာကောင် ကို သတိ ရပြီး အနီးအနား မှာ လိုက် ရှာသတဲ့ ။ ဒီအချိန် မှာ ပဲ မျော လာတဲ့ အရာဝတ္ထု က အနီး ကို ရောက်လာပြီး အခြား မဟုတ်ဘဲ သူ့ သား ဖြစ် နေသတဲ့ ။

ကလေး က ဘောင်းဘီပြာ ၊ အင်္ကျီနီလေး နဲ့ ဆိုတော့ ရုတ်တရက် အဝတ်ထုပ် မျောလာတာနဲ့ ဆင်တူ နေတာကိုး ။ ကိုယ့် သား အလောင်း ကို အဝတ်ထုပ် ထင် မိတဲ့ ဒေါ်မြခင် ဟာ တစ်မှေး အိပ် မိ တဲ့ သူ့ ကိုယ် သူ အပြစ် တင် နေမလား ။ ဆိုး လှတဲ့ ကြမ္မာ ကို ယိုးမယ် ဖွဲ့နေမလား ။ မြင်သူတွေ ကတော့ စုတ် တသပ်သပ် နဲ့ ပါ ပဲ ။

ဒေါ်မြခင် အတွက် တော့ လင် အတွက် ပူဆွေးလို့ မပြီးခင် သား အတွက် သောက ဝင် လာရတယ် ။ ဒီ သောက တွေ တောင်ပုံရာပုံ ကြား ထဲ မှာ ပဲ အငယ်ဆုံး ကလေး ကို မွေးဖို့ အချိန် ကျ လာပါတယ် ။ ကျွန်တော်တို့ လည်း ကိုယ့် ကိစ္စ နှင့် ကိုယ်မို့ ဒေါ်မြခင် ကို သိပ်ပြီး သတိ မထားမိတဲ့ အချိန်မှာ ဒေါ်မြခင် က သားနီတာရဲလေး ကို အနှီး မပါ ၊ ပုဆိုးစုတ်ကလေး မလုံ့တလုံ ပတ် ပြီး ဆေးရုံ က ခြေကျင် ဆင်း လာပါရော ။

လက် ထဲ မှာ ဆွဲခြင်း တစ်ဖက် ၊ ကလေးငယ် က တစ်ဖက် နဲ့ လမ်း လျှောက် လာ တဲ့ ဒေါ်မြခင် ကို မြင် တော့ အမေ က အလန့်တကြား  ...

“ ဟို ဟိုမှာ မြခင် မဟုတ်လား ။ မြခင် ... မြခင် လာပါဦး ။ အိမ် ထဲ ဝင်ပါဦး ” 

လို့ အော် ခေါ်ပါရော ။

ဒေါ်မြခင် အိမ် ထဲ ရောက် တော့  ....

“ ဒါ နင် ... ဆေးရုံ က ဆင်း လာတာလား ၊ ကြည့်စမ်း ဟယ် ၊ ကလေး နီတာရဲလေး မလုံ့တလုံ လုပ်လာတယ် ။ နင် က လည်း ကား မခေါ် တောင် ဆိုက်ကားလေး ဘာလေး နဲ့ လာရော ပေါ့ ”

အမေ က ကလေးများသူ ပီပီ သားသမီးချင်း စာနာ ပြီး ပြော ပေမဲ့ ဒေါ်မြခင် မှာ ဆိုက်ကား ခ ပေးဖို့ တောင် မရှိလို့ ဒီလို ပုံစံ ဖြစ်လာတယ် ဆိုတာ အမေ နားလည်ပါတယ် ။ ဒါကြောင့် ကျွန်တော့် တို့ ငယ်ငယ် က သုံးတဲ့ အနှီးတို့ ကလေးအင်္ကျီ တို့ တစ်ထုပ်ကြီး ပေး လိုက် ပါတယ် ။

ကျွန်တော် က တော့ အိမ် မဟုတ်တဲ့ မိုး မလုံတဲ့ ၊ ဖောင်း ထဲ က သူတို့ နေရာလေး မှာ သွေးနုနု သားနုနု နဲ့ ဒေါ်မြခင် ဘယ်လို နေရှာမလဲ လို့ တွေး နေ ပါတယ် ။ ဒါပေမဲ့ ဒေါ်မြခင် ကတော့ ခပ်ပေပေ ပါပဲ ။

ကလေး မွေးပြီး ရက် လေးဆယ် တောင် မပြည့်ခင် မှာ ပဲ ဒေါ်မြခင် ဟာ မီးသွေးအိတ် ထ ရွက် နေပါပြီ ။ စားပေါက်တွေ က တိုး လာပြီ မဟုတ်လား ၊ အများ က ကရုဏာ ဖြစ်ပြီး ပေးကြ ကမ်းကြ ပေမဲ့ မိသားစု ခုနစ်ယောက် အတွက် ဖူလုံတယ် ဘယ် ရှိပါ့ မလဲ ။ ဒါကြောင့် အမေ နဲ့ တခြား အဒေါ်ကြီး တွေ က ...

“ မြခင် သိပ် အတင့်မရဲနဲ့နော် ”  လို့ သတိ ပေးနေတဲ့ ကြား က သူ လုပ်နေ ကျ ဖောင်း က အောက်ခြေသိမ်း အလုပ်တွေ လျှောက် လုပ် နေတော့တာပါပဲ ။

ကျွန်တော်တို့ လည်း သနားရုံ အပြင် ဘာ တတ်နိုင်မှာလဲ ။ ကျွန်တော်တို့ ကိုယ်တိုင် ကို က ကိုယ့် အတိုင်းအတာ နဲ့ကိုယ် ရုန်းကန် နေရတာပဲ မဟုတ် လား ။ သူ များ အကြောင်းတွေ ပြော နေရတာနဲ့ ကိုယ့် အကြောင်း ပြောဖို့ ကျန် နေ ပြီ ။ ကွန်တော် ဒီနှစ် ဆယ်တန်း စာမေးပွဲအောင် တယ်လေ ။ သူ တကာ လို တော့ လွတ်လွတ်ကျွတ်ကျွတ် ဝမ်း မသာမိပါဘူး ။ အကြောင်းက ကျွန်တော် အမြဲ စိတ်ကူးယဉ် အိပ်မက် ခဲ့ တဲ့ တက္ကသိုလ် ကို မတက် နိုင်လို့ပါပဲ ။ ကိုယ့် ဝမ်းနာ ကိုယ်သာ သိ မို့ မိမိ ရဲ့ စီးပွားရေး အခြေအနေ ကို ကျွန်တော် အသိ ဆုံး ပါ ။ ဒီ နှစ် တွေ အတွင်း မှာ မီးသွေးဖောင်း လုပ်ငန်း ဟာ ထင် သလောက် မကိုက် တော့ ပါဘူး ။ ကုန်ကြမ်း က ရှားပါး ၊ အလုပ်သမားတွေ က ဈေး ကြီး တာ နဲ့ သယ်ယူပို့ဆောင်ခ စရိတ်စက တွေ နဲ့ ဆို သိပ်ပြီး မကျန်လှဘူး ။ ငွေ အလုံးအရင်း ကိုင်ပြီး လုပ် ရတာ မဟုတ်တော့ အတိုး ပေး ရတာနဲ့ မလည်ပတ် နိုင်ဘူးလေ ၊ ကျွန်တော့် အောက် က အငယ်တွေ အားလုံး ဟာ ကျောင်းသားတွေ ချည်း ပဲ မို့ အိမ် ရဲ့ စီးပွားရေး တာဝန် ဟာ ကျွန်တော့် အပေါ် ပြို ကျ လာပါတယ် ။ အဖေ က အိမ်စရိတ် အတွက် အပြင် မှာ ထွက် ရှာ ချိန်မှာ ကျွန်တော် က ဖောင်း မှာ အဖေ နေရာ ကို ခြေစုံပစ် ဝင်ခဲ့ရပါတယ် ။

အခု ဆိုရင် ကျွန်တော် ဟာ ဖောင်းသမားကြီး လုံးလုံး ဖြစ်နေပါပြီ ။ ဖောင်း မှာ နေ့ရော ညပါ အချိန် ကုန် လာတော့ ကျွန်တော် တို့ ဖောင်းသမား တွေ ရဲ့ ဘဝ ကို လူ သိအောင် ပြောပြ ချင် လာပါတယ် ။

ခက်တာက ဖောင်း ကို လူတွေ က သိပ် စိတ်မဝင်စားကြဘူးဗျ ။ မီးသွေး ဝယ်ဖို့ လောက်သာ လာ တတ်ကြတာ ။ အင်း ... စာရေး ဆရာတွေ တော့ မြို့ ကို လာ တတ်ပါရဲ့ ။ စာ အကြောင်း ပေ အကြောင်းတွေ ဟောပြော ကြတာပေါ့ ဗျာ ၊ လာ ကြတဲ့ စာရေးဆရာတွေ ကလည်း အမျိုးမျိုး အစားစား ပါပဲ ။

အချို့ စာရေးဆရာတွေ က ပြည်သူ့ ဘ၀ ကို စိတ်ဝင် စားပြီး အချို့ ဆရာတွေ က စိတ် မဝင်စားကြပါဘူး ။ စာရေးဆရာ တစ်ယောက် ဟာ မြိတ် ကို ရောက် လာရင် မြိတ် လူထု က စေတနာ အလျောက် ကျွေးမွေး တဲ့ ငါးပုစွန် ကင်းမွန်ကမာ စတဲ့ စားကောင်းသောက်ဖွယ်တွေ စားပြီး ပြန်ရုံ နဲ့ မလုံလောက်ပါဘူး ။ တစ်ဖက်နိုင်ငံ က ဝင်လာတဲ့ မှောင်ခိုပစ္စည်းတွေ ချည်း ဝယ် ပြီး မလုံလောက်ပါဘူး ၊ မြိတ်ဒေသ ရေလုပ်သား တံငါတွေ ရဲ့ ဘ၀ ၊ ပုလဲငှက်သိုက် စတဲ့ အဖိုးတန် သယံဇာတ ပစ္စည်းတွေ ရှာဖွေ ပေးတဲ့ ရေပျော် ဆလုံတွေ ရဲ့ ဘ၀ ၊ ဦးသာဆိုင် လို ၊ ဒေါ်မြခင် တို့ လို ဖောင်း လုပ်သားဘဝ ကို ထိတွေ့ ဝင် ရောက်စေ ချင် ပါတယ် ။ မနှစ်က လူထုဦးလှ ဒေါ်အမာ တို့ ရောက် လာပြီး မြိတ် က မျှားစကြာ ( ငါးဖမ်းလုပ်ငန်း ) ကနုကမာလုပ်ငန်း တွေ ကို လေ့လာ သွားတယ်လို့ သိရပါတယ် ။ အားတက် ဝမ်းမြောက်စရာပါပဲ ။ အကယ်၍ လူထုဦးလှ သာ မကွယ်လွန်သေးဘူး ဆိုရင် သူ ရေးခဲ့ဖူး တဲ့  “ သံလွင်ဖောင်စီး ”  တို့လို ၊  “ ကျွန်တော် လှေသူကြီး ” တို့ လို စာပေကောင်းတွေ ပေါ်ထွက်လာ မှာ အမှန်ပါပဲ ။ ကျွန်တော် သာ အသက်အရွယ် ကြီးရင့် လို့ စာ ရေး တဲ့ အတတ်ပညာ ကို တတ် မယ် ဆိုရင် အဲဒီ စာရေးဆရာကြီးတွေ ကို အားကျပြီး ကျွန်တော် တို့ မီးသွေးဖောင်း လုပ်သားတွေ ကို ကိုယ်စား ပြုတဲ့ စာအုပ် တော့ ရေးချင် ပါတယ် ။

ကျွန်တော့် စာအုပ် အမည် က ဘာလဲ ၊ သိလား ။

“ ကျွန်တော် ဖောင်းသမား ” တဲ့ လေ ။

◾ မိချမ်းဝေ

📖 မြိတ်မဂ္ဂဇင်း
      ဇန်နဝါရီ ၊ ၁၉၈၁ ခုနှစ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment