Sunday, October 23, 2022

ချစ်သူ အတွက် အသက် မစွန့်


 

❝  ချစ်သူ အတွက် အသက် မစွန့်  ❞

လောက ၌ မမြင်ဖူးသည် ကို မြင်ရ လျှင် ဆန်းသည် ။ မကြားဖူးသည် ကို ကြား ရလျှင် အံ့အား သင့်ကြသည် ။

လူ တစ်ယောက် ကား တိုက် ခံရသည် ။ ဘတ်စ်ကား အကြိတ် ခံခဲ့ရသည့် သတင်း မျိုး သည် ကြားရဖန် များသော အခါ ရိုးသွား တတ်သော်လည်း လူ တစ်ယောက် မီးရထား ကြိတ်၍ ခါးလယ် မှ ပြတ် သွားခြင်း ဟူသည့် သတင်း သည် အံ့ဩစုပ်သပ်စရာ ဖြစ် လာ ရ ပြန်၏ ။

လူ တစ်ယောက် ရေနစ် သည် မှာ မြစ်ရိုး တစ်လျှောက် နေသူများ အဖို့ မထူးခြား သော် လည်း လူ ၃၀၀ ကျော် ပါ သည့် သင်္ဘော တစ်စီး မြုပ် သွားသည် ဆိုလျှင် တုန်လှုပ်ချောက်ချား ဆန်းပြားသော သတင်း ဖြစ် သွားပြန်၏ ။

မယား ဖြစ် သူ လင်ငယ် နှင့် ဖောက်ပြန် ၍ မယား ကို ဓား နှင့် ခုတ်သတ်သည် ထက် လင် ဖြစ် သူ မယားငယ် ယူ သဖြင့် မယားကြီး က လင် ကို ပုဆိန် နှင့် ပေါက်သတ်ခြင်း သတင်း က အရပ် ထဲ တွင် ပို၍ ပြော အား ကောင်း တတ်၏ ။

ဤသည် တို့ မှာ အများသူငါ သိကြပြီး ၊ ကြားဖူးကြပြီး သတင်းများ ၊ အကြောင်းအရာများ ဖြစ်လျက် ထို့ထက် ဆန်းကြယ်သော အဖြစ်အပျက် တို့ သည် ကမ္ဘာ နှင့်အဝန်း တွင် အနှံ့အပြား ပေါ်ပေါက် နေကြသည် ။

အမေရိကန် တွင် အသက် ၉ဝ ရွယ် ဘိုးဘိုးဘွားဘွား တို့ လက်ထပ် မင်္ဂလာပွဲ များ မကြာခဏ ခြိမ့်ခြိမ့်သဲ နေကြသည် ။ ဤ ကမ္ဘာ တွင် ၁၂ နှစ် သား နှင့် ၁ဝ နှစ် သမီး တို့ ထိမ်းမြားလေ့ ရှိသည့် တိုင်းငယ်ပြည်ငယ်ကလေးများ အကြောင်း လည်း ကြားဖူး ကြမည် ထင်၏ ။

ရုရှားပြည် ၏ အသက် ၁ဝ၁ ကျော် အရွယ် ဇနီးမောင်နှံ တို့ မွှေးမွှေး ပေး နေသည့် ဇနီးမောင်နှံ တို့ ၏ ဓာတ်ပုံ ကိုလည်း မြင်ဖူးသူ ရှိကောင်း ရှိ ပေလိမ့်မည် ။ ( ဤအကြောင်း ခြင်းရာများ ယခု ဖတ်ရ မှ အံ့အားသင့် သူတွေ လည်း ရှိနေချိမ့်မည် )

( ဤ လူ့ဘောင် တွင် မဖြစ်နိုင်သော ဇာတ်ကွက် ဇာတ်လမ်း ဟူ၍ မရှိ )

•••••   •••••   •••••   •••••

အောင်ဒင် အရုပ် ဆိုး သလောက် မြမြ က လှ နေသည် ။ မြမြ သည် ချမ်းသာကြွယ်ဝသော မိဘ တစ်စုံ ၏ တစ်ဦး တည်း သော သမီးလေး ဖြစ်သည့် အတိုင်း ရွှေပေါ်မြတင် နေရ ၊ စားရ သည် ။ တိုက်ထဲ မှ ထွက်လျှင် မော်တော်ကား ထဲ ရောက် ၊ ကား ပေါ် မှ ဆင်းလျှင် ကျောင်း ထဲ ရောက် ၊ ခြေကျင် လျှောက်ခြင်း ဆိုသည် မှာ မြမြ အဖို့ ဒဏ္ဍာရီ လို ဖြစ် နေသည် ။

သို့လျှင် မြမြ ၏ အနေအထား ထည်ဝါ သလောက် အောင်ဒင် ဆင်းရဲ ရှာသည် ။ မိခင် မုဆိုးမကြီး ပဲပြုတ် လည် ရောင်းရမှုအပေါ် တွင် မှီခို အားထား နေရသည် ။ ကျောင်း တစ်ကြိမ် ဖွင့်၍ အတန်း တစ်ခါ တက်ရ လျှင် ကျောင်းစရိတ် အတွက် အောင်ဒင် သွက်သွက် လည် သွားရရှာသည် ။

ငွေရေးကြေးရေး ဤမျှ ကွာခြားသည့် နည်းတူ ရုပ်ရည်ရူပကာယ ချင်း ယှဉ် ပြန်ချေပါကလည်း မြမြ သည် နုနုဖိုင့်ဖိုင့် ရုပ်ရှင်မင်းသမီး ဆွေဇင်ထိုက် တို့ လို အချောစား ။

အောင်ဒင် အသား ညို ၍ သွား အနည်းငယ် ခေါ သည် ။ ကျောက်ပေါက် တရေးရေး ရှိ သည် ။ နှာခေါင်း ပြား ပြီး မျက်ပေါက် မှေး သည် ။ မြမြ နှင့် ရေးရေး မျှ ဘက်မလိုက် ။ သို့သော် သူတို့ နှစ်ယောက် ကြိုက် နေ ကြပြီ ။ ချစ်နေ ကြပြီ ။

•••••   •••••   •••••   •••••

“ ကိုအောင် ”

“ မြ ရယ် ... ပြော စရာ ရှိ မြန်မြန် ပြော ၊ တော်ကြာ ဆရာမ တွေ မိ သွားရင် ”

အောင်ဒင် မှာ စကား ပင် အဆုံး မသတ် နိုင်ရှာဘဲ မျက်ကလဲဆန်ပျာ ဖြင့် ချာချာလည် လှည့် ကြည့် လိုက်သည့် အခိုက် ..

“ ဒီမှာ ကိုအောင် ၊ ဆရာမတွေ မိ မှာ ထက် ပို အရေးကြီး တဲ့ အကြောင်း ပြော မလို့ ”

အောင်ဒင် တုန်လှုပ် သွားသည် ။ ( ဘာများလဲ မြ ရယ် ) ဟူသော အသွင် ဖြင့် မေး ဆတ်ပြသည် ။

“ မြ တို့ ကိစ္စ အိမ် က ရိပ်မိ သွားပြီ နဲ့ တူတယ် ။ ပြီးတော့ မြ ကို ကျောင်း ထုတ် ဖို့ တိုင်ပင်တဲ့ စကားသံ လည်း ရိုးတိုးရိပ်တိတ် ကြား ရတယ် ”

အောင်ဒင် သက်ပြင်း ချသံ ကို မြမြ ကြား လိုက်ရသည် ။

“ အဲဒါ ဒီနေ့ နက်ဖြန် တစ်ခုခု ဆုံးဖြတ် ၊ သန်ဘက်ခါ ဆိုရင်တော့ နောက်ကျ သွား လိမ့်မယ် ကိုအောင် ”

“ ဟင် ”

အောင်ဒင် သက်ပြင်းရှည်ကြီး မှုတ်ထုတ် လိုက်ရာ မှ ..

“ ဘာကို ဆုံးဖြတ်ရမလဲ မြ ရယ် ”

"ဪ .. ကိုအောင် ရယ် ၊ မြ နဲ့ ကိုအောင် နဲ့ လစ်ကြမလား ဆိုတာ ကို ပေါ့ ”

“ လွယ်မလား မြရယ် ၊ ကိုအောင့် ပညာ အရည်အချင်း က နေ့စား လုပ်အားပေး တောင် ရဖို့ ”

“ ဘာလဲ အချစ် အတွက် အသက် ပေးမယ် ဆို ”

“ ဪ မြ ရယ် .. ဒါနဲ့ ဘာ ဆိုင်တာ မှတ်လို့ ”

“ မြ အတွက် ကိုအောင် သိပ် ချစ်ပါတယ် ဆို တဲ့ မြ အတွက် လေ ... ဆိုက်ကား မနင်း ရဲဘူးလား ။ ရေ ထမ်း မရောင်းဝံ့ဘူးလား ။ ဒါတွေဟာ အချစ် အတွက် အသက် စွန့် ရတာ နဲ့ စာရင် ”

“ ကဲ မြ ... ကိုအောင် ဘာ လုပ်ရမလဲ ။ မြ ဆန္ဒ အတိုင်း အကုန် လုပ်မယ် လေ ။ ပြော ”

ထိုနေ့ မှာ ပင် အောင်ဒင် နှင့် မြမြ တို့ လစ်ပြေး ကြလေသတည်း ။

•••••   •••••   •••••   •••••

ပထမ ည က ချောင်ကျကျ မြောက်ဥက္ကလာ ရှိ သူငယ်ချင်း အိမ် တွင် အိပ် ကြသည် ။ နောက်နေ့ ညနေ အောင်ဒင် ၏ သူငယ်ချင်း ပြန် အရောက် သူ ထောက်ခဲ့သော သတင်း ကို ရှင်းပြသည် ။

မြမြ ၏ ဖခင်ကြီး အလွန် ဒေါပွ နေသည် ။ ( အသက် မစေ့သေးသော ) ဟူသည့် အကြောင်းပြချက် ဖြင့် သွေးဆောင် ခိုးယူ ပေါင်းသင်းမှု အရ ရဲရော ၊ မြို့နယ် ၊ ရပ်ကွက်များ ပါ တိုင်ချက် ဖွင့်ထားသည် ။ သူ့ သမီး ပြန်လည် ထိန်းသိမ်းနိုင်ရေး အတွက် နည်းမျိုးစုံ ဖြင့် လုံးပန်းနေသည် ။ အစ ရှိသော အမင်္ဂလာ သတင်း ။

အောင်ဒင် တို့ နှစ်ယောက် စလုံး တုန်လှုပ် သွားသည် ။ အထူးသဖြင့် မြမြ တွင် မျက်နှာ ၌ သွေးဆုတ် သွားသည့် ပမာ တစ်မုဟုတ်ချင်း ဖြူ လာသည် ။

“ မဖြစ်တော့ဘူး ကိုအောင် ၊ ဒီထက် ဝေးဝေး ပြေးကြမှ ပဲ ။ ဖေဖေ့ အကြောင်း မြ သိတယ် ။ သူ တစ်ခုခု လုပ်တော့မယ် ဆိုရင် မရ ရအောင် …. ”

“ နို့ နေပါဦး ၊ ငါ့ တူမ က ကော အသက် ”

“ ၁၇ နှစ် ထဲ မှာ ပါ ဦးလေး ”

အောင်ဒင့် သူငယ်ချင်း ဖခင် ၏ အမေး ကို မြမြ က ဖြေ လိုက်စဉ် ...

“ ကျောင်း အပ် တုန်း က အသက် ကို ပို ပြထားတာများ ဖြစ် နေမလား ကွယ် ။ အေးလေ ။ ရဲ က တော့ တိုင်ချက် အရ တွေ့ရင် ဖမ်း မှာပဲ ။ ဟုတ်တာ မဟုတ်တာ ရုံး ရောက် မှ ရှင်း ။ ပထမ တော့ မင်းတို့ နှစ်ယောက် ခွဲ နေကြရလိမ့်မယ် ထင် ပါရဲ့ကွာ ။ အမှု ဆို တာ က ခက်သားကလား ”

မြမြ နှင့် အောင်ဒင် တို့ တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် မိ ကြရာမှ

“ ဒါလောက်ဆို တော်သေးတယ် ဦးလေး ရယ် ။ ဖေဖေ ဟာ ငွေပေး ပြီး ကိုအောင့် ကို သတ်ခိုင်းရင် မဖြစ်ပါဘူး ။ ကိုအောင် ဒီ ည ပဲ ပြေး ကြပါစို့ ”

•••••   •••••   •••••   •••••

ရွှေလက်ကောက် တစ်ကျပ်သား ရောင်းပြီး ဆက်၍ ထွက်ပြေး လာကြသော အောင်ဒင် တို့ မန္တလေး ရောက်ခဲ့ပြီး ၆ ရက်မြောက် နေ့ တွင် အောင်ဒင့် သူငယ်ချင်း လိုက် လာသည် ။ သူ ရရှိသော သတင်းများ ကို ရှင်း ပြသည် ။ အခြေအနေ ပိုဆိုး လာပြီ ဖြစ်သောကြောင့် အဝေးဆုံး ပြေးကြရန် တိုက်တွန်းသည် ။ ပြေးကြပြန်လေပြီ မြစ်ကြီးနား သို့ ။

ထိုမှ တစ်ဆင့် ဗန်းမော် ၊ နောက် ကျိုင်းတုံ ၊ တာချီလိတ် စသည် ဖြင့် ရန်ကုန် နှင့် ဝေးရန် အထူးသဖြင့် မြမြ ၏ ဖခင်ကြီး နှင့် ဝေးနိုင်သမျှ ဝေးရန် ဟူသော ရည်ရွယ်ချက် ဖြင့် ပြေး လာ ခဲ့ကြသည် ။

တာချီလိတ် အရောက် တွင် မြမြ ၏ လက်ကျန် စိန်ရွှေကလေးများ ထုခွဲ လျက် တစ်ဖက် နိုင်ငံ မှ ကုန်ပစ္စည်းများ အရောင်းအဝယ် လုပ်ရန် အသွား ၊ ထိုမှ ဘက် မှ ပြန်လာ သူ ကုန်သည် တို့ ထဲ တွင် မြမြ ၏ ဖခင် မိတ်ဆွေအချို့ နှင့် ဘွားခနဲ ရင်ဆိုင် တိုး မိကြသည် ။

မြမြ တို့ မည်သည့် နေရာတွင် ရှိသည် ကို သူ့ ဖခင် သိလျှင် နောက်ကြောင်း အေးမည် မဟုတ် ။ ဤသည် ကို နှစ်ယောက် စလုံး သဘော ပေါက်ကြ၏ ။

အကုသိုလ် သည် အဖော် နှင့် လာသည် ဆိုသော စကား သည် အောင်ဒင် တို့ အတွက် တွေးခေါ်ထားခြင်းလေလော မသိ ပါသွားသော ငွေများ လူလိမ် ခံ လိုက်ရ၏ ။

ငွေကလေး အသင့်အတင့် ရှိစဉ်က ငွေ ကို အားကိုး လျက် အရောင်း အဝယ် လုပ် ရန် ကြံစည်ခဲ့ ရာ မှ ယခု ကိုယ့် လက်ရုံး နှင့် ကိုယ့် အစွမ်းအစ ကို အားကိုး ရ ချေတော့မည် ။

“ ကိုအောင် အချစ် အတွက် အသက် စွန့်ဖို့ ဝန်မလေးဘူး ဆို ။ အချစ် အတွက် ဆိုက်ကား မနင်းရဲဘူးလား ၊ ရေထမ်း မရောင်းဝံ့ဘူးလား ”

ထို မည်သော မြမြ ၏ စကား ကြောင့် အောင်ဒင် စွန့်စားခဲ့သည် ။ ယခု အောင်ဒင် တစ်ခု ခု လုပ်ရချေတော့မည် ။ ထိုနယ်မြေ တွင် ငွေ ပေါလှသည် ။ အလုပ် လည်း မရှား ။ အထမ်းသမား လုပ် စားလျှင်ပင် ၁ဝ ရက် လုပ်အား ဖြင့် တစ်လ ထိုင် စားနိုင်သည် ။ သို့သော် ညအိပ် ညနေ ခရီး သွားရမည် ဖြစ်၍ မယားချောလေး အတွက် တစ်ဖက် က စိတ် မချနိုင် ။

ဤတွင် အောင်ဒင် တို့ ငှား နေသည့် အိမ် မှ ဖန်တီးပေးချက် အရ မြမြ တို့ ဇနီးမောင်နှံ တြိဂံနယ်မြေ တည်း ဟူသော ( မြန်မာပြည် ၊ လာအို ၊ ထိုင်း ) ပြည် သုံးပြည် ဆိုင် ရာ ဘိန်းကုန်ကူး သည့် ရွာကြီး သို့ ရောက် လာ ကြတော့၏ ။

အောင်ဒင် ရော မြမြ ပါ ဝမ်းအသာကြီး သာ နေကြသည် ။ ဤနယ်မြေ သို့ လူစိမ်းများ ဝင်ထွက်ရန် မလွယ်ကူ ။ မြမြ ၏ ဖခင် ဆိုပါမူ ထို ရွာ ဖျား ရောက်သည် နှင့် အသက်ပျောက် သွား မည် သေချာသည် ။ ထို တစ်ချက်တည်း က ပင် မြမြ တို့ ၏ လုံခြုံရေး နယ်မြေ ကဲ့သို့ စိတ်လက်တချ ပျော်ရွှင် နိုင်ကြချေတော့မည် ။

ထို မည်သော တြိဂံနယ်မြေ သည် မှောင်ခိုလုပ်ငန်း နှင့် ဘိန်းကုန်ကူးခြင်း သာ မက ဘိန်းဖြူ လည်း ချက်သည် ။ တရားဥပဒေ နှင့် မကင်းသော အလုပ် ဟူ သမျှ တွင်တွင်ကျယ်ကျယ် လုပ်သော နယ်မြေ ဖြစ်သည့် အတိုင်း ရွပ်ရွပ်ချွံချွံ မိုက်မိုက်ကန်းကန်း တစ်ဇွတ်ထိုးသမား တို့ အလွန် စားလမ်း ဖြောင့် ကြသည် ။

အောင်ဒင် ၏ တစ်ခု တည်း သော ရည်ရွယ်ချက် မှာ သူ ချစ်မြတ်နိုးလှသော မြ နှင့် စိတ်အေးချမ်းသာ ပေါင်းသင်း နေရရေး သာ ဖြစ်လျက် ယခု ဆန္ဒ ပြည့်လေပြီ ။ သို့သော် သူ သည် မိုက်ရူးရဲ မဟုတ် ။ သတ္တိ ရှိသည် ။ ထို သတ္တိ ကို လိမ္မာပါးနပ်စွာ အသုံး ချ တတ်သည် ။

အောင်ဒင် အလုပ် စ ဝင်သည် ဆိုလျှင် ပင် ဝန်တင်လားများ ဖြင့် နယ်ခြား ကို ဖြတ်၍ ကုန်များ ပို့ ရသည် ။ ဘိန်း လည်း ပါသည် ။ အပြန် တွင် ရှမ်းပြည် တောင်ကြီးသူ တို့ အကြိုက် အထည်အလိပ် ၊ အလှကုန် နှင့် ဆေးဝါးပစ္စည်းများ ပြန် သယ် လာသည် ။

လမ်းခရီး တွင် ကုန်ပစ္စည်းများ ကြားဖြတ် လုသည့် လူဆိုးဂိုဏ်းများ နှင့် လည်း မကြာခဏ တိုက်ပွဲ ဖြစ် ကြရသည် ။ အောင်ဒင် ၏ သတ္တိ နှင့် ပါးနပ်လိမ္မာမှု တွင် အတွေ့အကြုံ စွက် လိုက် သော အခါ အောင်ဒင် တို့ အဆိုင်း တိုက်တိုင်း အောင် ဖြစ်လာ၏ ။

အောင်ဒင် ၏ စွမ်းရည်သတ္တိ နှင့် ဖျတ်လတ်မှု ကို သူ့ အထက် လူကြီးများ က နှစ်သက် သဘောကျသည် နှင့် အမျှ အောင်ဒင် တို့ တွင် လည်း အခကြေးငွေ အနေ အစား တိုးတက် လာခဲ့၏ ။

“ မြ ... မြ သိပ် ဝမ်းသာမယ့် စကား ပြော ရဦးမယ် ။ ခု ကိုအောင် ခရီး မထွက် ရတော့ဘူး တဲ့ ”

“ ဟာ ... မြ ပျော်လိုက်တာ ။ ဘာလဲ ကိုအောင် ၊ ကိုအောင့် ဆရာ ခွန်လှ ရဲ့ အမိန့် တဲ့ လား ”

“ အင်းပေါ့ ။ သူ က ကိုအောင် တို့ အဆိုင်း ( အုပ်စုခေါင်းဆောင်ပဲ ဟာ ) ”

“ အောင်မလေး ၊ ဆရာခွန်လှ ကျန်းမာချမ်းသာပါစေ ။ အင်း ... မြ အလိုဆန္ဒ လုံးလုံး ပြည့်ဝ တော့တယ် ”

“ ဘာလဲ အချိန် ရှိသရွေ့ ကိုအောင် နဲ့ မခွဲမခွာ နေချင်တဲ့ ဆန္ဒ လား ”

“ ဟာ ... ဟား ၊ ကိုအောင် က ဒီ အချက် ကို တော့ တစ်သက် မမေ့ဘူး ထင်ပါရဲ့ ။ သြ .. အဲဒီ ဆရာခွန်လှ ဆိုတာ မြ တို့ တန်းလျား ဘက် ကို တစ်ခါ မှ မလာဘူး နော် ။ ဘေး သတင်းပဲ ကြား နေရတယ် ။ သိပ် ရက်စက် တယ် ဆိုတာ ဟုတ်လား ကိုအောင် ”

“ ဟုတ်တယ် ။ သူတို့ အလုပ် က ရာဇဝတ် မကင်းတဲ့ အလုပ် ၊ အသက် ဆံဖျား အလုပ် မဟုတ်လား ။ နည်းနည်း မှ အတိမ်းအစောင်း မခံဘူး ။ ပြီးခဲ့တဲ့ အရက် နှစ်ဆယ်လောက် က တောင် ဖြစ်ခဲ့သေးတယ် ။ မြ စိတ်ညစ် မှာ စိုးလို့ မပြောတာ ”

“ ဘာကိုလဲ ကိုအောင် ”

“ ကိုအောင်တို့ အဖွဲ့ က လူ တစ်ယောက် အရက် မူး ပြီး သေနတ် ဖောက် လို့ အဲဒါ အကုန် ဒုက္ခ ရောက်စရာ ရှိ အားလုံး မဟုတ်လား ”

“ အင်းပေါ့ ... မြ တို့ ပါ ခံရမှာ ”

“ အဲဒါ ဆရာခွန်လှ က ခေါ် စစ်ဆေး ပြီး ရုပ်မြင်သံကြား ကြည့် နေရာ က ထ လာတယ် ။ ဆောင့်ကြောင့်ကလေး ထိုင် နေတဲ့ အဲဒီ လူ ခေါင်း ကို သေနတ် နဲ့ တစ်ချက် တည်း ပစ်သတ်လိုက်တယ် ”

“ အဲ ... တချို့က အဲဒီ လူအလောင်း ကို ဆွဲယူသွားကြတဲ့ အချိန် မှာ ကိုအောင် တို့ က ပေကျံခဲ့တဲ့ သွေးတွေ ကို သုတ်ကြ ၊ ဆေးကြပေါ့ မြ ရယ် ။ ဒါပေမဲ့ ဆရာခွန်လှ က တော့ တယ်လီဗီးရှင်း အကြည့် မပျက်ဘူး ”

“ ကြောက်စရာ ကောင်းလိုက်တာ ။ ကိုအောင် လည်း သတိ ထား နေ ။ သတိ ထား လုပ် ပါနော် ”

“ ဒါတော့ စိတ်ချ မြ ရေ ။ ကိုအောင့် အသက် က မြ အတွက် သာ စွန့် ဖို့ ထားတဲ့ အသက် ”

မြ က လှမ်း ဖက်ပြီး အောင်ဒင့် ကို မွှေးမွှေးလေး ဂုဏ်ပြု လိုက်၏ ။

“ ဒါနဲ့ ကိုအောင် ... အဲဒီ ဆရာခွန်လှ ဆိုတာ ဒီလောက်ပဲ ရက်စက်သလား ဟင် ၊ သူ က လူချော ဆို ”

“ ဟုတ်တယ် ။ ဂျပန် ရုပ်ရှင်မင်းသား လို မျက်နှာပေါက် မျိုး မြ ရဲ့ ။ ရုပ်ရည် နဲ့ ကြမ်းတမ်းမှု က တော့ တခြားစီ ပဲ ”

ထိုအခိုက် ဂျစ်ကား တစ်စီး ထိုးဆိုက် လာသည် ။ အသက် သုံးဆယ် ကျော် အရွယ် တရုတ်ကပြား လိုလို တစ်ယောက် ဆင်း လာသည် ။

“ အဲဒါပဲ မြ ၊ ဆရာခွန်လှ ဆိုတာ ”

“ ဟင် ”

ခွန်လှ သည် တည့်တည့်ကြီး ဝင်လာပြီး မြမြ တို့ နှင့် ဖိုခုံလောက်ဆိုင် ထိုင် လိုက်သည် ။ မြမြ အား စူးစူးတွေတွေ စိုက်ကြည့်လိုက်ပြီး မှ အောင်ဒင် အား မျက်ရိပ် ပြ ၍ ခေါ် သွား၏ ။ ပေ ၃ဝဝ ခန့် အဝေး သစ်ပင် ရိပ် တစ်ခု သို့ ရောက်မှ

“ ဒီမှာ မောင်အောင် ငါ ဘာလုပ်လုပ် ၊ ဘာပြောပြော လိုရင်းပဲ ပြတ်ပြတ်တိုတို ပြော တတ်တယ်နော် ။ အေး ခုလည်း တိုတိုရှင်းရှင်း ပြောမယ် ။ မင့် မိန်းမ ကို ငါ ခပ်လှမ်းလှမ်း က ပဲ မြင် ဖူးတယ် ။ အဲဒီ ကတည်း က ငါ့ စိတ် တွေ လှုပ်ရှား လာတာ ခုထိပဲ ”

အောင်ဒင် ကြက်သီး ထ သွား၏ ။

“ ခု မြမြ ကို နီးနီးကပ်ကပ် မြင် ရတော့ ငါ အများကြီး တုန်လှုပ် သွားတယ် ။ ဒါလောက် ပြော ရင် မင်း သိရောပေါ့ ”

“ ဟုတ်ကဲ့ ဆရာ ။ သိပါတယ် ”

ခွန်လှ ငြိမ်နေ ၊ တွေနေ သည် ။ အောင်ဒင် မှာ မူ သွက်သွက်လည်မျှ ဖြစ်ပေါ်လာမည့် အကြောင်းခြင်းရာ ပြဿနာများ ကို တသီကြီး တွေး နေ မိသည် ။

အောင်ဒင် သိ ရသလောက် ခွန်လှ သည် မိန်းမ ထည်လဲ သုံးနေသူ မဟုတ် ။ သူ ယူ လိုက အချောအလှ ရှမ်းတရုတ်မ ၊ ကချင်မ ၊ ဗမာ ၊ ကယား ၊ ကရင် “ ဒင် ” ဆိုသည်များ ကို ရနိုင်သော ရုပ်ရည် ရှိသည် ။ ငွေဆိုကား ပြောစရာ မလို ၊ မှို တက်သည် အထိ ပေါ သူ ဖြစ်၏ ။

အတန်ကြာသော် တိတ်ဆိတ်ခြင်း ကို အောင်ဒင် က ဤသို့ ဖြိုခွင်း လိုက်၏ ။

“ ဆရာ ... ကျွန်တော့် ကို ရန်ကုန် ပြန်ခွင့် ပြုပါတော့နော် ”

ခွန်လှ သည် မျက်လုံးများ ကို အပြူးဆုံး ထား ၍ လှည့်ကြည့် လိုက်သည် မှာ တဝင်းဝင်း တောက် နေ၏ ။

“ ကျွန်တော် တစ်ယောက် တည်း ပြန် မှာ ပါ ဆရာ ”

ခွန်လှ သည် ပြူးနေသော မျက်လုံးများ ပုံမှန် အနေအထား သို့ ပြန် ပြောင်းလာ၏ ။

“ မြမြ ကို ထားခဲ့ မလား ”

“ ဟုတ်ကဲ့ ၊ ဆရာ့ ကျေးဇူးတွေ ကျွန်တော့် မှာ ”

“ ဒါ ကျေးဇူး နဲ့ မဆိုင်ပါဘူးကွာ ။ မင်း လိမ္မာတယ် ၊ ပါးနပ်တယ် ၊ အသိဉာဏ် ရှိတယ် ၊ အတွေးအခေါ် ကောင်းတယ် ။ ဒါကြောင့် မင်း ပြန် ချင်တာ ငါ သိတာပေါ့ ”

အောင်ဒင် သည် မြေကြီး ဆီ တွေ ပြီး ကြည့် နေ၏ ။

“ ဒီလို လုပ် ၊ ဒီ ည ပဲ ခရီး ထွက် ၊ မြမြ ကို ပြော ၊ အရေးပေါ် ကိစ္စလို့ ။ အဲ ... ပြန် မလာနဲ့တော့ ။ ဟိုဘက် က နေပြီး ရန်ကုန် ပြန် ပေါ့ ။ ငါ ငွေ တစ်သိန်း ပေး လိုက်မယ် ”

“ ကျွန်တော် ငွေ မလိုချင်ဘူး ဆရာ ”

“ သေနတ် ၊ ကျည်ဆန် လိုချင်သလား ”

“ ကျွန်တော် တစ်ယောက် တည်း ပြန်မယ် နော် ဆရာ ”

“ ဟိုဘက် နိုင်ငံ အထိ အဖော် တစ်ယောက် ထည့် ပေး လိုက်မယ် ”

“ လမ်း မှာ ကျွန်တော့် အသက် ကို ဖျောက်ဖျက်ပစ်ဖို့ လား ဆရာ ”

“ ဟေ့ အောင်ဒင် ၊ မင်း ခု ပြန် မှာ ဟာ ငါ့ နှလုံးသား အေးချမ်းရေး အတွက် ကူညီခဲ့တဲ့ သဘော ဆိုတာ ငါ နားလည်တယ် ”

အောင်ဒင့် မျက်လုံးများ စိုသယောင် လက် လာသည် ။

“ အေးကွာ … ငါ လည်း ဘာဖြစ်တယ် မသိဘူး ။ အဲ ... ပထမ တော့ မင့် အသက် ကို အရင် ယူ ဖို့ စိတ်ကူးသေးတယ် ။ ဒါပေမဲ့ မင်း ဒီ နယ် ကို ရောက်စ က လုပ်ဖော်ကိုင်ဖက်တွေ ကို ကျိတ်ပြီး ပြော ထားတယ် ဆို ”

“ ဘာကိုလဲ ဆရာ ”

“ မင်း မိန်းမ ကို ကြိုက်ရင် မင့် ကို တော့ သတ်မယူ နဲ့ ၊ လိုချင်ပြော ၊ ကွာပေးမယ် လို့ ”

“ ဟုတ်ကဲ့ ၊ ဒီ နယ် မှာ က ထစ်ခနဲ ဆို သတ်တာ မဟုတ်လား ဆရာ ရဲ့ ။ ကျွန်တော့် မိန်းမ က လည်း ချောချောလှလှလေး ဆို တော့ ”

“ အေး ၊ ဒါ့ကြောင့် ငါ လည်း မင့် ကို ပြောင်ပြောင် ဖွင့် ပြောတာ ။ ကိုင်း အားလုံး ပြေလည် သွားပြီ ။ မင်း စိတ်ချ သွား ၊ လမ်းခရီး မှာ သစ်ကိုင်း ခြစ်ရာ တောင် မပွန်းစေရဘူး ။ နောက်ဆုံး စကား တစ်ခု မှာ လိုက်မယ် ။ မင်း ပြန်လာ ဖို့တော့ ဘယ်တော့ မှ စိတ် မကူးနဲ့ကွာ နော် ”

•••••   •••••   •••••   •••••

အောင်ဒင် ပြန် လာသည် ။ ရန်ကုန် ရောက်ရောက် ချင်း ဥက္ကလာ မှ သူငယ်ချင်း ထံ ပထမ သွား သည် ။ အကြောင်းစုံ ရှင်း ပြော ပြသည် ။ ဆွေးနွေး ကြသည် ။ အမှား အမှန် ဝေဖန်ကြသည် ။

“ ခု ငါ့ အသက် ငါ ပြန် ယူခဲ့ပြီ ။ ပြောစမ်းကွာ ၊ ငါ မှား နေပြီလား ။ ကဲ မြမြ အတွက် အသက် စွန့်ခဲ့ ရင် ကော မှန် မလား ”

◾သာဓု

📖 ရုပ်ရှင်မဂ္ဂဇင်း ၊
      အတွဲ(၃) ၊ အမှတ်(၄)
      ဇူလိုင် ၊ ၁၉၈၂

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment